ဘလော့ လိပ်စာသစ်သို့ ပြောင်းရွှေ့ခြင်း

(၂၀၀၇) ခုနှစ်မှစ၍ ဘလော့စာမျက်နှာအား ဖွင့်လှစ်ခဲ့ရာ ဖတ်ရှုအားပေးကြသော စာဖတ်ပရိသတ်အပေါင်းအား အထူးပင် ကျေးဇူးတင်ရှိပါသည်။

ယခုအခါတွင် ဘလော့ကို ဖွင့်ရန် အချိန်ကြာမြင့်မှုများ ရှိနေကြောင်း၊ စာဖတ်သူအချို့မှ အကြောင်းကြားလာပါသဖြင့် www.khinmamamyo.info တွင် စာမျက်နှာသစ်ကို ဖွင့်လှစ်ထားပါသည်။

စာမျက်နှာသစ်တွင် အချို့သော စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ဆောင်ပါးများနှင့် ရသစာစုများ (နှစ်ရာကျော်ခန့်)ကိုလည်း ကဏ္ဍများခွဲ၍ ပြန်လည်ဖော်ပြထားပါသည်။


ယခုဘလော့စာမျက်နှာကို ဆက်လက်ထားရှိထားမည်ဖြစ်သော်လည်း ယနေ့မှစ၍ ပို့စ်အသစ်များ ထပ်မံ တင်တော့မည် မဟုတ်ပါကြောင်းနှင့် ပို့စ်အသစ်များကို စာမျက်နှာသစ်တွင်သာ တင်တော့မည်ဖြစ်ပါကြောင်း လေးစားစွာ အသိပေး အကြောင်းကြားပါသည်။


စာမျက်နှာသစ်သို့ အလည်လာရောက်ပါရန်ကိုလဲ လှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါသည်။


လေးစားစွာဖြင့်



ခင်မမမျိုး (၁၇၊ ၁၀၊ ၂၀၁၁)

www.khinmamamyo.info

ငါ့အာဏာပြန်ပေး

Tuesday, September 11, 2007


(သြဂုတ်လ ၂၅၊ ၂၀၀၇ ခုနှစ်)

”အာဏာသည် ပြည်သူမှ သက်ဆင်းရသည်“ တဲ့။


မြန်မာပြည်အာဏာကတော့ ပြည်သူထံမှ မသက်ဆင်းပဲ ဗိုလ်သန်းရွှေ နှင့်အပေါင်းအပါ စစ်အာဏာရှင်တစုထံမှ သက်ဆင်းနေပါသည်။ ပြည်သူ့အာဏာကို ပြည်သူထံမှ မတရားလုယူထားခြင်း ခံနေရပါသည်။


ပြည်သူက ရွေးကောက်တင်မြှောက်ခြင်းမရှိပဲ၊ ပြည်သူက ကိုယ်စားလှယ်အဖြစ် ရွေးချယ်၍ အာဏာအပ်နှင်းခြင်းမရှိပဲ ဖွဲ့စည်းထားသော အစိုးရသည် ပြည်သူ့အစိုးရ မဟုတ်ပါ။ အာဏာသိမ်းထားသော မတရား အစိုးရသာ ဖြစ်ပါသည်။ အစိုးရလုပ်ချင်လျှင် အစိုးရတာဝန် ယူနိုင်ရပါသည်။


လူပင်အသာထားဦး။ တိရစ္ဆာန်များပင်လျှက် တာဝန်ယူမှု ကိုယ်စီရှိရပါသည်။ အိမ်စောင့်ရှောက်ရန်၊ ညတာလုံရန် အိမ်ရှင်၏ ထမင်းကို စားသော ခွေးသည် ဟောင်သည့်တာဝန်တော့ ယူတတ်ရပသည်။ ကြောင်မှန်လျှင် “ညောင်-ညောင်“ တော့ အော်တတ်မှ ကြောင်အဖြစ် မွေးခြင်းခံရပါမည်။ မိဘဖြစ်ချင်သူသည် မိဘတာဝန် ယူနိုင်ရပါမည်။ ဘုရင်ဖြစ်ချင်လျှင် ဘုရင့်တာဝန် ယူနိုင်ရပါမည်။


နအဖစစ်အုပ်စုသည် မြို့တော်ကို တောထဲပြောင်းကာ နေပြည်တော်ဟု အမည်သမုတ်ကာ ဘုရင်ရူးရူးနေကြသော်လည်း မင်းကျင့်တရားကိုမကျင့်နိုင်၊ မင်းတာဝန်ကိုလဲ မယူနိုင်ကြပါ။ နိုင်ငံအား မင်းကျင့်တရားနှင့်အညီ အုပ်ချုပ်နေပါသည်ဟု ဆီမန်းမန်းသလို ရေရွတ်နေကြသူများသည် “မာတာတ၊ က္ကဿရောမှီတိ၊ အနတ္ထာယ ပတာရယိ၊ က္ကတ္ထိနံ ပုရိသာ နဉ္စ၊ မာတေအသိ၊ ဒုခုဒြယော“ “အစိုးရသည် သတ္တ၀ါတို့ အကျိုးစီးပွား မဖြစ်ခြင်းငှာ အစိုးရဂုဏ်ကို မဖြန့်နှင့်။ မိန်းမတို့၏၄င်း၊ ယောက်ျားတို့၏၄င်း ဆင်းရဲဖြစ်ကြောင်း ဖြစ်တော်မမူပါနှင့်၊ အစိုးရဂုဏ်ဖြင့် သတ္တ၀ါတို့ကို ဆင်းရဲအောင် မလုပ်ပါနှင့်“ ဆိုသည့် မင်းကျင့်တရားကိုကား လိုက်နာခြင်းမရှိကြပါ။


နအဖလက်ထက်တွင် ပြည်သူများသာမက တိရစ္ဆာန်များပင်လျှင် ဒုက္ခပင်လယ် ဝေကြရသည်။ သာလိကာ၊ ကြက်တူရွေး၊ မြွေ၊ မျောက်၊ မိကျောင်း၊ ယုန်ကလေးများပင်လျှင် တရုတ်အားကိုး၊ ပြည်ဖျက်မျိုးရိုး ဗိုလ်သန်းရွှေစစ်အုပ်စု တို့၏ အရှင်သခင် တရုတ်ကြီးများဆီသို့ ဆက်သခြင်းကို ခံနေကြရရှာသည်။


ယခုလဲလာပြန်ချေပြီ။


ပြည်သူတို့ အားထားနေရသော သယ်ယူပို့ဆောင်ရေး၏ အသက်သွေးကြော လောင်စာဆီဈေးနှုန်းများကို အဆမတန် မြှင့်တင်လိုက်လေသည်။ ပြည်ပမှ တင်သွင်းရသည်များကို နိုင်ငံခြားငွေ ဘတ်ဂျက်ကြောင့် နအဖကမစိုက်နိုင်ပဲ နိုင်ငံခြားဈေးနှင့် ညှိသည်တဲ့။ မည်သို့ စိုက်နိုင်ပါမည်လဲ။ အာဏာကုလားထိုင် မပျောက်ရေးအတွက် အာဏာရူးရူးကာ စစ်အင်အား တိုးချဲ့နေကြသည်ကိုး။ မြောက်ကိုးရီးယား၊ တရုတ်၊ အိန္ဒိယတို့မှ စစ်လက်နက်များဝယ်ယူသည့် စရိတ်များသာ လျှော့ချလိုက်လျှင်တော့ စိုက်နိုင်ပေလိမ့်မည်။


ပြည်ပမှ သွင်းရသည်ကို အသာထား။


ပြည်တွင်းမှာထွက်နေသော လောင်စာဆီ စီအင်ဂျီများကို ကျပြန်တော့ ထိုင်းသို့တင်ပို့နေပြန်သည်။ ရသည့်ငွေများ ဘယ်ရောက်သွားသနည်း။ ကတော်ကြီး၊ ကတော်လေးများ၊ သမီးတော်လေးများ၊ အချို့သော (ဒေးဗစ်ဘက်ခန်း ရူးရူးနေသည့်) သားတော်လေးများ၏ နားပေါ်သို့ စိန်တလုံးနားကပ်များအသွင်ဖြင့် ကူးပြောင်းရောက်ရှိသွားလေသည်။


မြန်မာနိုင်ငံမှထွက်သည့် သဘာဝဓာတ်ငွေ့များမှ ရရှိသော နိုင်ငံတော် ဘဏ္ဍာများမှာလည်း မနည်းလှပါ။ စစ်အာဏာရှင်တို့ အိတ်ကပ်ထဲသို့သာ တရဝေါစီးဆင်းနေသဖြင့် ပြည်သူတို့မှာ ခံစားခွင့် မရကြရပါ။ ဒီမြေ၊ ဒီရေပေါ်မှ ထွက်သော သယံဇာတကို ဒီမြေ၊ ဒီရေမှာ နေထိုင်သော လူသားအားလုံးမှ သုံးစွဲပိုင်ခွင့် ရှိရပါမည်။ ဒီမြေ၊ ဒီရေပေါ်မှထွက်သော သယံဇာတများမှ ရရှိသည့် အကျိုးစီးပွားကို ဒီမြေ၊ဒီရေမှာနေထိုင်သော လူသားအားလုံးမှ ခံစားပိုင်ခွင့် ရှိရပါမည်။


ထိုရပိုင်ခွင့်များ၊ ခံစားပိုင်ခွင့်များ၊ သုံးစွဲပိုင်ခွင့်များကို ကျွန်ုပ်တို့ ပြည်သူများ အဘယ်ကြောင့် ဆုံးရှုံးနေရသနည်း။


အဖြေကားရှင်းပါသည်။


“အာဏာသည် ပြည်သူထံမှ မသက်ဆင်းပဲ ဗိုလ်သန်းရွှေ စစ်အုပ်စုထံမှ သက်ဆင်းနေသောကြောင့် ဖြစ်သည်“


သို့ဖြစ်ရာ စစ်အုပ်စုရှိနေသမျှ ကာလပတ်လုံး ကျွန်ုပ်တို့အားလုံး၏ ရပိုင်ခွင့်များ၊ ခံစားပိုင်ခွင့်များ ဆုံးရှုံးနေမည်သာ ဖြစ်သဖြင့် ရဟန်းရှင်လူ၊ ကျောင်းသားပြည်သူများ ပါဝင်သော အထွေထွေသပိတ်ကြီးဖြင့် စစ်အာဏာရှင် စနစ်ဆိုးကို မြေလှန်ပစ်ကာ ပြည်သူ့အာဏာကို ပြန်လည်ရယူကြပါစို့ ဟု တိုက်တွန်းရေးသားလိုက်ရပေသည်။


  © Blogger templates Newspaper II by Ourblogtemplates.com 2008

Back to TOP