ဘလော့ လိပ်စာသစ်သို့ ပြောင်းရွှေ့ခြင်း

(၂၀၀၇) ခုနှစ်မှစ၍ ဘလော့စာမျက်နှာအား ဖွင့်လှစ်ခဲ့ရာ ဖတ်ရှုအားပေးကြသော စာဖတ်ပရိသတ်အပေါင်းအား အထူးပင် ကျေးဇူးတင်ရှိပါသည်။

ယခုအခါတွင် ဘလော့ကို ဖွင့်ရန် အချိန်ကြာမြင့်မှုများ ရှိနေကြောင်း၊ စာဖတ်သူအချို့မှ အကြောင်းကြားလာပါသဖြင့် www.khinmamamyo.info တွင် စာမျက်နှာသစ်ကို ဖွင့်လှစ်ထားပါသည်။

စာမျက်နှာသစ်တွင် အချို့သော စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ဆောင်ပါးများနှင့် ရသစာစုများ (နှစ်ရာကျော်ခန့်)ကိုလည်း ကဏ္ဍများခွဲ၍ ပြန်လည်ဖော်ပြထားပါသည်။


ယခုဘလော့စာမျက်နှာကို ဆက်လက်ထားရှိထားမည်ဖြစ်သော်လည်း ယနေ့မှစ၍ ပို့စ်အသစ်များ ထပ်မံ တင်တော့မည် မဟုတ်ပါကြောင်းနှင့် ပို့စ်အသစ်များကို စာမျက်နှာသစ်တွင်သာ တင်တော့မည်ဖြစ်ပါကြောင်း လေးစားစွာ အသိပေး အကြောင်းကြားပါသည်။


စာမျက်နှာသစ်သို့ အလည်လာရောက်ပါရန်ကိုလဲ လှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါသည်။


လေးစားစွာဖြင့်



ခင်မမမျိုး (၁၇၊ ၁၀၊ ၂၀၁၁)

www.khinmamamyo.info

ပြန်လည်ဆန်းသစ်လာတဲ့ တခါက ရှစ်ဆယ့်ရှစ်

Tuesday, September 11, 2007

(စက်တင်ဘာ ၁၊ ၂၀၀၇ခု)

တခါကရှစ်ဆယ့်ရှစ်။

မြန်မာ့နိုင်ငံရေးသမိုင်းကို ဆန်းသစ်စေခဲ့သော၊ လူထု၏ စွမ်းအားကို အဆုံးတိုင် ဖော်ထုတ်ပေးနိုင်ခဲ့သော၊ ကျောင်းသားတို့ ၏ ခွပ်ဒေါင်းအလံကို အမြင့်မားဆုံးလွှင့်ထူနိုင်ခဲ့သော သမိုင်းတကွေ့။


လပိုင်းအတွင်းတွင် အာဏာရှင်သုံးယောက်၊ တယောက်ပြီးတယောက် ပြုတ်ကျသွားခဲ့သည်။ စနစ်တကျ အမြစ်တွယ် ဖွဲ့စည်းထားခဲ့သည့် မဆလပါတီကြီး ပြိုကွဲသွားခဲ့သည်။ အာဏာရှင်ဒေါက်တိုင်များ ပြိုလဲသွားခဲ့သည်။ စစ်အာဏာရှင်တို့အပေါ် ရဟန်းရှင်လူ ပြည်သူအပေါင်းတို့ အောင်နိုင်ခဲ့ကြပါသည်။ ကြားဖြတ်အစိုးရ ဖွဲ့စည်းခြင်း မပြုနိုင်ခဲ့သည့် အားနည်းချက်လေးတခုသာ ရှိခဲ့သည်။ ထိုအားနည်းချက်ကြောင့်ပင် အဆုံးသတ် အောင်ပွဲနှင့် လွဲခဲ့ရသည်။ အသက်၊သွေး၊ချွေးတွေ ထပ်မံစတေးခဲ့ရသည်။


မည်သို့ဆိုစေ ရှစ်ဆယ့်ရှစ်သည် မတရားသည်ကို ခေါင်းငုံ့မခံနိုင်သော ကျောမွဲ မြန်မာတို့၏ အကြီးမားဆုံးသော လူထုတိုက်ပွဲ။ ဖက်ဆစ်စစ်အာဏာရှင်တို့ အာဏာပြန်သိမ်းနိုင်ခဲ့သော်လည်း၊ တော်လှန်ရေးသမားများကို ထောင်ထဲ၊ တောထဲတွန်းပို့နိုင်ခဲ့သော်လည်း၊ ရှစ်ဆယ့်ရှစ်ဆိုသော စကားလုံးလေးသုံးလုံးကို သူတို့  မချေဖျက်နိုင်ခဲ့ကြပါ။


ရှစ်ဆယ့်ရှစ်၏ ရှစ်လေးလုံးမျိုးဆက်၊ ရှစ်လေးလုံးသမိုင်း၊ ရှစ်လေးလုံးစိတ်ဓာတ် များသည် တက်ကြွရှင်သန်နေဆဲ။ ရှစ်လေးလုံး ၀ိညာဉ်များသည် လူထုကြီး၏ ရင်ထဲတွင် ကိန်းအောင်းနေဆဲ။


ဤသည်ကို ယခုသက်သေပြနေပေပြီ။ (၁၉)နှစ်တာ ကြာခဲ့ပြီဖြစ်သည့် ယနေ့ခေတ်ကာလတွင် ရှစ်လေးလုံးလူထုတိုက်ပွဲကြီး ပြန်လည်နိုးထ သက်ဝင်ခဲ့ပြီ။ အိုင်တီခေတ်နည်းပညာ၏ စွမ်းပကားများဖြင့် အသစ်တဖန်ပင် ပြန်လည်ဆန်းသစ်လာခဲ့ပြီ။


နအဖစစ်အာဏာရှင်တို့၏ လောင်စာဆီဈေးနှုန်းမြှင့်တင်မှုသည် လူထုကြီး၏ စားဝတ်နေရေး ပြဿနာကို အဆိုးဝါးဆုံး အခြေအနေသို့ တွန်းပို့လိုက်လေပြီ။ (၁၉)နှစ်တာ ကာလတလျှောက် ရင်ထဲမှ နာကျည်းချက်၊မီးလျှံမုန်တိုင်းများကို မျိုသိပ်သိမ်းဆည်းကာ မတတ်သာလို့ ခပ်ခွာခွာနေခဲ့ရသော လူထုကြီးအား ပိဿလေးနှင့် ခဲပစ်လိုက်သကဲ့သို့ စော်ကားလိုက်လေပြီ။


လတ်တလော မြန်မာနိုင်ငံတွင် ဖြစ်ပျက်နေသည်များသည် ရှစ်လေးလုံး အရေးတော်ပုံကြီး၏ အစောပိုင်းကာလ၊ အခြေအနေများနှင့် ခပ်ဆင်ဆင်တူနေပါသည်။ စည်းလုံးမှု၊ စနစ်တကျရှိမှု၊ နည်းဗျူဟာမှန်ကန်မှု၊ မြေပေါ်မြေအောက် ဟန်ချက်ညီမှုစသည့် အချက်များ ပြည့်စုံပါက အောင်ပွဲသည် လက်တကမ်းသာ လိုပါသည်။


အိုင်တီနည်းပညာကာလဖြစ်နေသည်က ရှစ်ဆယ့်ရှစ် ကာလထက်ပို၍ အားသာချက်ရှိပါသည်။ စစ်အာဏာရှင်တို့၏ ရက်စက်ရမ်းကားမှုများမှာ မိနစ်ပိုင်းအတွင်းတွင်ပင် ကမ္ဘာကြီး တခုလုံးသို့ ပျံ့နှံ့ရောက်ရှိသွားပါသည်။


(၂၁)ရာစု၊ လူ့ယဉ်ကျေးခေတ်သစ်ကြီးတွင် လူသားချင်းစာနာစိတ် ကင်းမဲ့နေသော လုပ်ရပ်များကို ကမ္ဘာကြီးက လက်ပိုက်ကြည့်နေတော့မည် မဟုတ်ပါ။ စစ်အာဏာရှင်တို့ ထင်တိုင်းကြဲနေ၍ မရတော့ပါ။


အဆုံးသတ် တိုက်ပွဲနွှဲရတော့မည့် လူထုတိုက်ပွဲကြီး၏ ပထမခြေလှမ်းကား စတင်ခဲ့လေပြီ။ အလုပ်သမား၊ ကျောင်းသား၊ ရဟန်းရှင်လူ ပြည်သူများလည်း ညီညွတ်နေကြပြီ။ ဖမ်းဆီးရိုက်နှက်မှုများကြားမှပင် တိုက်ပွဲမှာ အနယ်နယ် အရပ်ရပ်သို့ ပျံ့နှံ့နေခဲ့ပြီ။ တိုက်ပွဲများ တရစပ် ဆက်ပွားဖြစ်ပွားနေခဲ့သည်။ လက်ပါးစေများမှာလဲ ဂျပန်ခေတ်က သစ္စာဖောက် စကားပြန်များကဲ့သို့ပင် သူ့စရိတ်နှင့်သူ ပြည်သူ၏ ဒဏ်ခတ်ခြင်းကို ခံကြရတော့မည်။


သို့ဖြစ်၍ OG များမှလည်း OG တာဝန်ကျေ၊ UG များမှလည်း UG တာဝန်ကျေ၊ AF များမှလည်း AF တာဝန်ကျေ၍ တပြေးညီ လှုပ်ရှားသွားကြရင်း လူထုတိုက်ပွဲကို အရှိန်မြှင့်ကြပါစို့ ဟု တိုက်တွန်းလိုက်ရပေသည်။


  © Blogger templates Newspaper II by Ourblogtemplates.com 2008

Back to TOP