ဘလော့ လိပ်စာသစ်သို့ ပြောင်းရွှေ့ခြင်း

(၂၀၀၇) ခုနှစ်မှစ၍ ဘလော့စာမျက်နှာအား ဖွင့်လှစ်ခဲ့ရာ ဖတ်ရှုအားပေးကြသော စာဖတ်ပရိသတ်အပေါင်းအား အထူးပင် ကျေးဇူးတင်ရှိပါသည်။

ယခုအခါတွင် ဘလော့ကို ဖွင့်ရန် အချိန်ကြာမြင့်မှုများ ရှိနေကြောင်း၊ စာဖတ်သူအချို့မှ အကြောင်းကြားလာပါသဖြင့် www.khinmamamyo.info တွင် စာမျက်နှာသစ်ကို ဖွင့်လှစ်ထားပါသည်။

စာမျက်နှာသစ်တွင် အချို့သော စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ဆောင်ပါးများနှင့် ရသစာစုများ (နှစ်ရာကျော်ခန့်)ကိုလည်း ကဏ္ဍများခွဲ၍ ပြန်လည်ဖော်ပြထားပါသည်။


ယခုဘလော့စာမျက်နှာကို ဆက်လက်ထားရှိထားမည်ဖြစ်သော်လည်း ယနေ့မှစ၍ ပို့စ်အသစ်များ ထပ်မံ တင်တော့မည် မဟုတ်ပါကြောင်းနှင့် ပို့စ်အသစ်များကို စာမျက်နှာသစ်တွင်သာ တင်တော့မည်ဖြစ်ပါကြောင်း လေးစားစွာ အသိပေး အကြောင်းကြားပါသည်။


စာမျက်နှာသစ်သို့ အလည်လာရောက်ပါရန်ကိုလဲ လှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါသည်။


လေးစားစွာဖြင့်



ခင်မမမျိုး (၁၇၊ ၁၀၊ ၂၀၁၁)

www.khinmamamyo.info

အာဏာရှင်စနစ် ဘယ်အချိန်ပြိုလဲသလဲ

Tuesday, September 11, 2007


သြဂုတ်လ (၂၄)ရက်၊ ၂၀၀၇ ခုနှစ်

အာဏာရှင်စနစ် တည်မြဲနေသည်မှာ

· ဘာသာရေးခေါင်းဆောင်များမှ အာဏာရှင်တို့အား အသိအမှတ် ပြုနေခြင်း

· ၀န်ထမ်းများမှ အာဏာရှင် ယန္တရား လည်ပတ်ရေးတွင် ပူးပေါင်းပါဝင်နေခြင်း

· ငွေရေးကြေးရေး၊ သယ်ယူပို့ဆောင်ရေး၊ ဆက်သွယ်ရေး ဆိုင်ရာ နယ်ပယ်များ လည်ပတ်စီးဆင်းမှု ရှိနေခြင်း

· စစ်တပ်နှင့်ရဲများမှ အာဏာရှင်တို့၏ အမိန့်ကို နာခံကာ ဖိနှိပ်မှုတွင် ပါဝင်ဆောင်ရွက်ခြင်း

· ပြည်သူလူထုမှ အာဏာရှင်များ၏ ခြိမ်းချောက်ဖမ်းဆီးမှုများအပေါ်တွင် အကြောက်တရားရှိနေခြင်း

· နာခံခြင်းနှင့် ရိုသေကိုင်းရှိုင်းခြင်းကို ဇောင်းပေးသော ဘာသာရေးဆိုင်ရာ၊ လူမှုရေးဆိုင်ရာ ယုံကြည်မှုများ ရှိနေခြင်း

စသည်တို့ကြောင့်ဖြစ်သည်။

ထိုအရာများ တစတစပျောက်ကွယ်သည်နှင့် အာဏာရှင်စနစ်လည်ပတ်ရေး ယန္တရားများ ရပ်ဆိုင်းသွားနိုင်သည်။

အာဏာရှင်စနစ် ပြိုလဲခြင်းနှင့် ပတ်သက်၍ အကြမ်းမဖက်သော လူထုလှုပ်ရှားမှုများဖြင့် အာဏာရှင်စနစ်အား ရင်ဆိုင်ခြင်းဆိုင်ရာ ကျွမ်းကျင်ပညာရှင် ဂျင်းရှပ်က အောက်ပါနည်းလမ်းများအား ဖော်ပြခဲ့သည်။

· လူ့အဖွဲ့အစည်းအတွင်းရှိ ဘာသာရေးခေါင်းဆောင်များမှ အာဏာရှင်များအား တရားမ၀င်အုပ်ချုပ်သူများအဖြစ်ကြေငြာခြင်း

· အများပြည်သူလူထုမှ အာဏာရှင်တို့ချမှတ်ထားသော အမိန့်နှင့် အာဏာကို ဖီဆန်၍ အာဏာရှင်တို့နှင့် ပူးပေါင်းဆောင်ရွက်ရန် ငြင်းဆန်ခြင်း

· စာနယ်ဇင်းနှင့် သတင်းသမားများမှ အာဏာရှင်တို့ တည်ထောင်ထားသော စိစစ်ရေးစနစ်ကို ကျော်လွန်၍ ကိုယ်ပိုင်စာပေများ၊ သတင်းပရိုဂရမ်များ ဖန်တီးခြင်း

· သယ်ယူပို့ဆောင်ရေး ယန္တရားသည် ဒီမိုကရေစီ အင်အားစုများ၏ လိုအပ်ချက်နှင့်အညီသာ လည်ပတ်မှုရှိခြင်း

· ပြည်သူ့ဝန်ထမ်းများမှ အာဏာရှင်တို့၏ မူဝါဒနှင့် စည်းမျဉ်းစည်းကမ်းများကို လျစ်လျူရှုခြင်း၊ ရုံးများသို့မသွားပဲ သပိတ်မှောက်ခြင်း

· ရဲတပ်ဖွဲ့ဝင်များမှ ဒီမိုကရေစီ လှုပ်ရှားသူများအား ဖမ်းဆီးရန် ငြင်းဆိုခြင်း

· ပြည်သူ့တပ်မတော်သားများ လူထုနှင့် ပူးပေါင်းပါဝင်လာကာ တပ်မတော်မှ သပိတ်မှောက်ခြင်း

အထက်ပါအခြေအနေများ ဖြစ်ပွားလာသည်နှင့် အာဏာရှင်စနစ်တခုလုံး ပြိုလဲသွားမည်ဖြစ်ရာ ရဟန်းတော်များ၊ တပ်မတော်သားများ၊ ကျောင်းသားများနှင့်အတူ ပြည်သူတရပ်လုံးမှ ပူးပေါင်းပါဝင်၍ အာဏာရှင်စနစ်ဆိုးအား မြန်မာ့ မြေပေါ်မှ မြေလှန်ပစ်ကြပါစို့။


  © Blogger templates Newspaper II by Ourblogtemplates.com 2008

Back to TOP