သြဂုတ်လ (၁၈)ရက်၊ ၂၀၀၇ ခုနှစ်
များမကြာမီရက်ပိုင်းအတွင်းက “ခေတ်မှီဖွံ့ဖြိုးသော နိုင်ငံတော်သစ်ဆီသို့“ ဟူသော စကားလုံးများကို အိပ်မက်ယောင်လျှင်ပင် ထည့်သွင်းရေရွတ်နေသည် လား ထင်ရလောက်အောင် တစာစာ အော်ဟစ်နေသော နအဖစစ်အာဏာရှင်တို့ သည် ကူးသန်းရောင်းဝယ်ရေး၏ အဓိကပင်မဖြစ်သော ဓာတ်ဆီဈေးနှုန်းများကို နှစ်ဆမှ ငါးဆအထိ တိုးမြှင့်ခဲ့လေသည်။ တကမ္ဘာလုံးတွင် စွမ်းအင်ပြဿနာများ ပေါ်ပေါက်နေသော ကာလမို့ အထိုက်အလျောက် ဈေးနှုန်းမြင့်တက်ခြင်းကို မဆန်းဟုဆိုနိုင်သော်လဲ မြန်မာပြည်တွင် ခုန်တက်သွားပုံမျိုးကတော့ မည်သည့် နိုင်ငံတွင်မှ ဖြစ်ပွားခြင်း မရှိပါ။ မဖြစ်စေရန်လဲ နိုင်ငံတော်အုပ်ချုပ်သူများမှ စီမံခန့်ခွဲမှုများ ပြုလုပ်ရမည့် တာဝန်ရှိပါသည်။
ဖွံ့ဖြိုးတိုးတက်နေဆဲနိုင်ငံများတွင်သာမက အဆမတန်ဖွံ့ဖြိုးပြီးသော အဆင့်မြင့်နိုင်ငံများတွင်ပင် မရှိမဖြစ်လိုအပ်သော ကုန်ပစ္စည်းများ ကမ္ဘာ့ဈေးကွက်တွင် ဈေးနှုန်းထိုးတက်သွားပါက စီးပွားရေးပေါ်လစီ ပြန်လည်ညှိယူမှုများ ပြုလုပ်ရပါသည်။ မိမိနိုင်ငံသားတို့၏ လိုအပ်ချက်နှင်အညီ သင့်လျော်သော မူများကို ချမှတ်ရေးဆွဲ အကောင်အထည် ဖော်ရပါသည်။ အစိုးရဘဏ္ဍာခွဲဝေသုံးစွဲမှုများကို လိုတိုးပိုလျှော့ လုပ်သင့်သည့် နေရာများတွင် လုပ်ယူရပါသည်။ နိုင်ငံတစ်ခုတွင် အစိုးရသည် ပြည်သူများကို ကိုယ်စားပြုရမည် ဖြစ်သောကြောင့် ပြည်သူများ၏ လိုအပ်ချက်ကို သင့်တင့်သလို ဖြည့်ဆည်းပေးရပါသည်။ စားသုံးသူများသို့တိုက်ရိုက်ဖြစ်စေ၊ အခွန်နှုန်းထားများ ပြုပြင်သော သွယ်ဝိုက်နည်းများဖြင့်ဖြစ်စေ၊ ၀င်ငွေနည်းသော မိသားစုများသို့ တိုက်ရိုက်ဖြစ်စေ နည်းလမ်းအသွယ်သွယ်ဖြင့် လူသုံးကုန်အား လူအများသုံးနိုင်အောင် ပြုလုပ်ပေးရပါသည်။
သို့ပေမယ့် မြန်မာပြည်မှ စစ်အာဏာရှင်များကတော့ ဤသို့မဟုတ်ပါ။ ဆီဈေးများတက်သွား၍ အခြားလူသုံးကုန်များ ထိုးတက်သွားသည်ကိုလဲ ဂရုမစိုက်ကြပါ။ မော်တော်ယာဉ်လိုင်းအချို့ ရပ်တန့်သွားသဖြင့် ပြည်သူအများ ကျောင်းအလုပ်ရှိရာသို့ လမ်းလျှောက်သွားကြရသည်ကိုလဲ သူတို့နှင့် မဆိုင်ဘိသကဲ့သို့။ လမ်းပန်းဆက်သွယ်ရေးသည် နိုင်ငံတော်၏ အသက်သွေးကြော။ လမ်းဖွင့်ပွဲလုပ်၊ တံတားဖွင့်ပွဲများ လုပ်ရုံနှင့် မြန်မာပြည် တိုးတက်နေပြီ ပြော၍မရပါ။ ထိုလမ်းတံတားပေါ်တွင် စီးဆင်းသော ကုန်ပစ္စည်းများသည် ကောင်းမွန်ချောမွေ့စွာ လည်ပတ်စီးဆင်းနိုင်မှု ရှိရပါမည်။ ပြည်သူများ၏ စားဝတ်နေရေး ဖူလုံပြည့်စုံ ချောင်လည်မှုရှိမှသာ ဆင်းရဲနွမ်းပါးမှု ရာခိုင်နှုန်း နည်းပါးပါမည်။
သို့မှသာလဲ နိုင်ငံတော်တရပ် ဖွံ့ဖြိုးတိုးတက်သည်ဟု ယေဘုယျ ဆိုနိုင်ပါသည်။ သို့ဖြစ်၍ အပြည်ပြည်ဆိုင်ရာ တိုင်းပြည်များမှ အုပ်ချုပ်သူများသည် တိုင်းပြည် ဖွံ့ဖြိုးရေး ရှေးရှုနေချိန်ဝယ် မြန်မာပြည် စစ်အာဏာရှင်များကတော့ သူတို့အာဏာတည်မြဲရေးကို ကျားကန်ပေးမည့် သတ်မတော်ကြီး ဖွံ့ဖြိုးရေးကိုသာ ဆောင်ရွက်နေကြပါသည်။
ကျွန်ုပ်တို့ ပြည်သူများ ဘ၀ကား အဘယ်သို့နည်း။
ခေတ်မှီဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်သစ်ဆီသို့ ခြေကျင်လျှောက်ကာ သွားရတော့ မည်လား။