ဘလော့ လိပ်စာသစ်သို့ ပြောင်းရွှေ့ခြင်း

(၂၀၀၇) ခုနှစ်မှစ၍ ဘလော့စာမျက်နှာအား ဖွင့်လှစ်ခဲ့ရာ ဖတ်ရှုအားပေးကြသော စာဖတ်ပရိသတ်အပေါင်းအား အထူးပင် ကျေးဇူးတင်ရှိပါသည်။

ယခုအခါတွင် ဘလော့ကို ဖွင့်ရန် အချိန်ကြာမြင့်မှုများ ရှိနေကြောင်း၊ စာဖတ်သူအချို့မှ အကြောင်းကြားလာပါသဖြင့် www.khinmamamyo.info တွင် စာမျက်နှာသစ်ကို ဖွင့်လှစ်ထားပါသည်။

စာမျက်နှာသစ်တွင် အချို့သော စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ဆောင်ပါးများနှင့် ရသစာစုများ (နှစ်ရာကျော်ခန့်)ကိုလည်း ကဏ္ဍများခွဲ၍ ပြန်လည်ဖော်ပြထားပါသည်။


ယခုဘလော့စာမျက်နှာကို ဆက်လက်ထားရှိထားမည်ဖြစ်သော်လည်း ယနေ့မှစ၍ ပို့စ်အသစ်များ ထပ်မံ တင်တော့မည် မဟုတ်ပါကြောင်းနှင့် ပို့စ်အသစ်များကို စာမျက်နှာသစ်တွင်သာ တင်တော့မည်ဖြစ်ပါကြောင်း လေးစားစွာ အသိပေး အကြောင်းကြားပါသည်။


စာမျက်နှာသစ်သို့ အလည်လာရောက်ပါရန်ကိုလဲ လှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါသည်။


လေးစားစွာဖြင့်



ခင်မမမျိုး (၁၇၊ ၁၀၊ ၂၀၁၁)

www.khinmamamyo.info

တိုင်းပြည်အုပ်ချုပ်မင်းလုပ်နေဆဲ ရာဇ၀တ်ကောင်များ

Saturday, September 15, 2007

တိုင်းပြည်အုပ်ချုပ်မင်းလုပ်နေဆဲ ရာဇ၀တ်ကောင်များ

စက်တင်ဘာ (၁၅)ရက်၊ ၂၀၀၇ခု။

“ကြမ်းပိုးကလိပ်ဖြစ်”၊ “သူခိုးကလူလူဟစ်” ဆိုသော ရှေးမြန်မာစကားများသည် အလဟဿတော့ မပေါ်ခဲ့တန်ရာ။ ထိုသို့ဖြစ်စေရန် ဖန်တီးတတ်သူများ၊ ဖြစ်ပွားလာသည့် အခြေအနေများ ရှိ၍သာ ပေါ်ပေါက်လာခဲ့ဟန် တူပါသည်။ ကျွန်ုပ်တို့ မြန်မာပြည်ကြီးသည်လဲ သူခိုးက လူဟစ်နေသည့် အခြေအနေမျိုးသို့ ဆိုက်ရောက်နေရသည်မှာ (၁၉)နှစ်ပင် ကြာခဲ့လေပြီ။ ပြစ်မှုကျူးလွန်သူ ရာဇ၀င်ကောင်များက တိုင်းပြည်အုပ်ချုပ်နေကြပြီး၊ ကျူးလွန်ခံရသူများက ပြစ်ဒဏ်ထပ်ခံကြရပြန်သည်မှာ လူအများပင် ကြား၍မလျော်ညီ၊ မည်မျှ ဆိုးဝါးလိုက်သည့် အခြေအနေပါနည်း။

ယခုလာမည့် စက်တင်ဘာ (၁၈)ရက်နေ့ ဆိုလျှင် ဖက်ဆစ်စစ်အာဏာရှင်တို့မှ မြန်မာလူမျိုးတို့၏ ပြည်သူ့အာဏာကို သိမ်းပိုက်ထားခဲ့သည်မှ (၁၉)နှစ် တင်းတင်းပြည့်ခဲ့လေပြီ။ စတင်အာဏာသိမ်းပြီးသည်နှင့် ဖက်ဆစ်ပီသစွာ ပထမဆုံးပြုလုပ်ခဲ့သည်ကတော့ လူသတ်ပွဲများဖြစ်လေသည်။ သာသနာရောင်ဝါ ထွန်းလင်းသော မြန်မာ့မြို့တော် မဟာရန်ကုန်၏ မြို့လယ်ခေါင် ဆူးလေဘုရားရှေ့တွင် အလောင်းများ တောင်လိုပုံ ခဲ့ရသည်။ သွေးစက်များ ရဲရဲနီခဲ့ရသည်။

”ပြစ်မှုတစ်ခုကို ကျူးလွန်ဖူးသူသည် ပြစ်မှုများ ထပ်မံကျူးလွန်ရန် ၀န်မလေးတတ်” ဟူသော အဆိုအမိန့်သည် အမှန်ပင် ဖြစ်ပါသည်။ ကိုယ့်အမှားကိုယ် နောင်တရကာ ပြုပြင်ပြောင်းလဲတတ်သူများ ရှိတော့ရှိပါသည်။ သို့ပေမယ့်အလွန်ပင် ရှားပါသည်။ ပြုပြင်ပြောင်းလဲရေးဟူသည် ပြောင်းလဲချင်စိတ် ရှိသူအပေါ်ကိုသာ လုပ်ယူ၍ ရပါသည်။ သွေးစုပ်ရန် သားကောင်လိုက်ရှာနေသည့် သွေးစုတ်ဖုတ်ကောင်ကို ငြိမ်းချမ်းရေး သံလွင်ခက် သွားပြ၍ မရပါ။ ချေမှုန်းစရာလိုလျှင် ချေမှုန်းပစ်ရပါမည်။ ရပ်ကွက်ထဲမှ ခွေးလေခွေးလွင့်ကို သနား၍ ဒီအတိုင်းလွှတ်ထားသည်မှာ ဘဘာဝကျပေမယ့် ခွေးရူးကိုတော့ ဒီအတိုင်း လွှတ်ထား၍ ရသည်မဟုတ်ပါ။ အန္တရာယ် အလွန်ကြီးလှပါသည်။ ယခု (၁၉)နှစ်ကြာအောင် န၀တ၊ နအဖစစ်အာဏာရှင်တို့ ရမ်းကားကျူးလွန်ခဲ့သော ရာဇ၀တ်မှုများသည် ခွေးရူးကြီးတစ်ကောင် လွတ်မြောက် ရမ်းကားနေသည်နှင့် အလွန်ပင် တူလှပါသည်။

(၁၉၉၈)ခုနှစ်က ရောမတွင် ကျင်းပခဲ့သော Diplomatic Conference ကြီးသည် နိုင်ငံတကာရာဇ၀တ်မှုများအား ကိုင်တွယ်ဖြေရှင်းမည့် အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်မှုတရားရုံး (International Criminal Court) ကို တည်ထောင်ပေးနိုင်ခဲ့ပါသည်။ ထိုတရားရုံးသည် လူသားများအား အစုလိုက် အပြုံလိုက် မျိုးဖြုတ်သတ်ဖြတ်မှု၊ လူသားမျိုးနွယ်တရပ်လုံးအပေါ်တွင် ကျူးလွန်သော ရာဇ၀တ်ပြစ်မှုနှင့် စစ်ရာဇ၀တ်မှုများကို ကိုင်တွယ်ဖြေရှင်းရပါသည်။ အဆိုပါ Rome Statute of the International Criminal Court ၏ အခန်း (၇)၊ အပိုင်း (၁)တွင် လူသားမျိုးနွယ် တရပ်လုံးအပေါ် ကျူးလွန်သော ရာဇ၀တ်ပြစ်မှုများ၌ အောက်ပါပြစ်မှုများပါဝင်ကြောင်း ဆိုခဲ့ပါသည်။ ယင်းတို့မှာ-

၁။ သတ်ဖြတ်မှု

၂။ သုတ်သင်ရှင်းလင်းခြင်း

၃။ ကျွန်ဇာတ်သွင်းခြင်း

၎။ နေရပ်ရင်းမှ အတင်းအဓမ္မ ရွှေ့ ပြောင်းမောင်းထုတ်ခံရမှု

၅။ နိုင်ငံတကာ ဥပဒေအရ လိုက်နာရမည့် အခြေခံနည်းလမ်းများကို သွေဖည်၍ ထောင်သွင်းအကျဉ်းချမှု (သို့မဟုတ်) ရုပ်ပိုင်းဆိုင်ရာ လွတ်လပ်ခွင့်အား ပိတ်ပင် တားဆီးမှု

၆။ ညှဉ်းပန်းနှိပ်စက်မှု

၇။ စော်ကားဖျက်ဆီးမှု၊ လိင်ကျွန်ပြုမှု၊ အတင်းအကြပ် ပြည့်တန်ဆာအဖြစ် သွတ်သွင်းမှု၊ အတင်းအကြပ် ကိုယ်ဝန်ဆောင်၊ ကိုယ်ဝန်ဖျက်ချစေခြင်း၊ အစီအစဉ်တကျမဟုတ်ပဲ သားကြောဖြတ်စေမှု နှင့် အခြားသော အလားသဏ္ဍာန်တူ လိမ်ပိုင်းဆိုင်ရာ ပြစ်မှုများ ကျူးလွန်မှု

၈။ အုပ်စုတစု (သို့မဟုတ်) လူအများစုအား ၄င်းတို့၏ နိုင်ငံရေးဆိုင်ရာ၊ လူမျိုးရေးဆိုင်ရာ၊ လူမျိုးစုရေးဆိုင်ရာ၊ ယဉ်ကျေးမှုဆိုင်ရာ၊ ဘာသာရေးဆိုင်ရာ၊ လိင်ကွဲပြားမှုဆိုင်ရာ အချက်များပေါ်တွင် အခြေခံ၍ နှိပ်ကွပ်မှု၊ ဖမ်းဆီးမှု။

၉။ အတင်းအကြပ်ပျောက်ဆုံးစေမှု

၁၀။ apartheid ရာဇ၀တ်မှု

၁၁။ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအား ထိခိုက်စေမည့် ကြီးစွာသော နာကျင်စေမှု၊ ပြင်းထန်သော ဒဏ်ရာအနာတရဖြစ်စေမှုဆိုင်ရာနှင့် အလားတူ လူမဆန်သော အပြုအမူများအား ကျူးလွန်မှု

စသည်တို့ဖြစ်ကြသည်။

သို့ဖြစ်ရာ ကုန်လွန်ခဲ့သော (၁၉)နှစ်တာကာတလျှောက်တွင် စစ်အာဏာရှင် အဆက်ဆက်တို့သည် အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်မှု တရားရုံးမှ သတ်မှတ်ထားသော ရာဇ၀တ်မှုမျိုးစုံအား စနစ်တကျ ထပ်တလဲလဲ ကျူးလွန်ခဲ့ကြောင်း သိသာ ထင်ရှားလှပေသည်။

လတ်တလောအခြေအနေတွင်ပင် လောင်စာဆီတိုးမြင့်မှုနှင့် ပတ်သက်၍ ငြိမ်းချမ်းစွာ ဆန္ဒပြ ထုတ်ဖော်ကြသော ပြည်သူလူထုအား စစ်ကျွန်များအသုံးပြု၍ အကြမ်းဖက်နှိမ်နင်းဖမ်းဆီးမှုများ ပြုလုပ်ခဲ့လေသည်။ န၀တ၊ နအဖစစ်အာဏာရှင်များသာမက အကြမ်းဖက်မှုတွင် ပါဝင်ခဲ့သော ကြံ့ဖွတ်၊ စွမ်းအားရှင်များသည်လည်း နိုင်ငံတကာ ဥပဒေများကို ဖောက်ဖျက်ကျူးလွန် နေသည့် ရာဇ၀တ်ကောင်များသာ ဖြစ်ပါသည်။

တရားနတ်စောင့်သည် ဟူသည့် အဆိုရှိပါသည်။

ရာဇ၀တ်ဘေးဟူသည် ပြေးလွတ်ရိုး ထုံးစံမရှိပါ။

အချိန်အတိုင်းအတာ ကာလတစ်ခုတွင်ကား ရာဇ၀တ်ကောင်များသည် ရာဇ၀တ်သားတို့ သွားရာလမ်းသို့ ကြွမြန်းရစမြဲသာ ဖြစ်ပါသည်။

ချုပ်၍ဆိုရသော် မြန်မာပြည်မှ စစ်အာဏာရှင်များနှင့် နောက်တော်ပါများ အနေဖြင့် နူရင်ဘတ်စစ်ခုံရုံး၊ အိုက်ခမန်း trial ၊ Former ယူဂိုဆလားဗီးယားနှင့် ရ၀မ်ဒါ ဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်မှု ခုံရုံးများ၊ အီရတ်အာဏာရှင်ကြီး ဆဒမ်ဟူစိန်၏ နောက်ဆုံးခရီးစသည်တို့ကို ရှုမြင်သင့်ကြပြီ ဖြစ်ပါကြောင်း။

  © Blogger templates Newspaper II by Ourblogtemplates.com 2008

Back to TOP