ဘလော့ လိပ်စာသစ်သို့ ပြောင်းရွှေ့ခြင်း

(၂၀၀၇) ခုနှစ်မှစ၍ ဘလော့စာမျက်နှာအား ဖွင့်လှစ်ခဲ့ရာ ဖတ်ရှုအားပေးကြသော စာဖတ်ပရိသတ်အပေါင်းအား အထူးပင် ကျေးဇူးတင်ရှိပါသည်။

ယခုအခါတွင် ဘလော့ကို ဖွင့်ရန် အချိန်ကြာမြင့်မှုများ ရှိနေကြောင်း၊ စာဖတ်သူအချို့မှ အကြောင်းကြားလာပါသဖြင့် www.khinmamamyo.info တွင် စာမျက်နှာသစ်ကို ဖွင့်လှစ်ထားပါသည်။

စာမျက်နှာသစ်တွင် အချို့သော စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ဆောင်ပါးများနှင့် ရသစာစုများ (နှစ်ရာကျော်ခန့်)ကိုလည်း ကဏ္ဍများခွဲ၍ ပြန်လည်ဖော်ပြထားပါသည်။


ယခုဘလော့စာမျက်နှာကို ဆက်လက်ထားရှိထားမည်ဖြစ်သော်လည်း ယနေ့မှစ၍ ပို့စ်အသစ်များ ထပ်မံ တင်တော့မည် မဟုတ်ပါကြောင်းနှင့် ပို့စ်အသစ်များကို စာမျက်နှာသစ်တွင်သာ တင်တော့မည်ဖြစ်ပါကြောင်း လေးစားစွာ အသိပေး အကြောင်းကြားပါသည်။


စာမျက်နှာသစ်သို့ အလည်လာရောက်ပါရန်ကိုလဲ လှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါသည်။


လေးစားစွာဖြင့်



ခင်မမမျိုး (၁၇၊ ၁၀၊ ၂၀၁၁)

www.khinmamamyo.info

oppose Than Shwe

Thursday, March 20, 2008


အပြည့်အစုံဖတ်ချင်ရင်..>>>

Reading for Study (part-1)

Wednesday, March 19, 2008

ကျောင်းစာဖတ်ခြင်း (အပိုင်း-၁)

ကျွန်မတို့ငယ်ငယ်တုန်းကဆိုရင် ကျောင်းစာကျက်ခြင်းနဲ့ အပြင်စာဖတ်ခြင်းဆိုတဲ့ စကားစုလေးတွေကိုသာ ရင်းနှီးကျွမ်းဝင်ခဲ့ရပါတယ်။ ကျောင်းစာဖတ်ခြင်းဆိုတဲ့ စကားစုလေးနဲ့ မရင်းနှီးခဲ့ရသလို ကြားဖူးခြင်းတောင် မရှိခဲ့ရပါ။ အကြောင်းရင်းကတော့ မြန်မာ့ပညာရေးစနစ်ဟာ ကြက်တူရွေးစာကျက်တဲ့စနစ်ကို ဦးစားပေးထားလို့ပဲဖြစ်ပါတယ်။

ကိုယ်တွေ့

တကယ်တော့ ကျွန်မတို့ငယ်စဉ်ဘ၀ ပညာသင်ယူခဲ့ရပုံဟာ စဉ်းစားတွေးမြော်မြင်မှု၊ ဖောက်ထွက်တွေးတောမှု၊ ပညာဥာဏ်ဗဟုသုတတိုးပွားမှုတွေ ရရှိဖို့ ထက်စာရင် သည်၊၏ မရွေး အလွတ်ကျက်မှတ်မှုတွေ၊ ဆရာ၊ဆရာမတွေရဲ့ ကြိမ်လုံးတွေ၊ အကြောက်တရားတွေနဲ့ ကြုံတွေ့ခဲ့ရတာက ပိုများပါတယ်။ လူကြီးမိဘအများစုကလဲ `စာကျက်စမ်း`လို့သာ ပြောလေ့ရှိကြပြီး၊ စာဖတ်ဖို့အားပေးတိုက်တွန်းတဲ့ မိဘတွေက အလွန်နည်းပါတယ်။ ကျောင်းကမှတ်စုစာအုပ်လေးကိုမှ မကိုင်ထားရင် ကျောင်းစာလုပ်နေတယ်လို့ အထင်မခံရတော့ပဲ စိတ်လေနေတယ်၊ စာမလုပ်ချင်ဘူးလို့သာ သတ်မှတ်ခံရတတ်ပါတယ်။ ကျောင်းစာနဲ့ဆက်စပ်တဲ့ပြင်ပစာအုပ်တွေ ကိုင်ဖို့နေနေသာသာ သင်ရိုးစာအုပ်ထဲက စာကိုဖတ်ပြီး၊ စာမေးပွဲမှာ ပြန်ရေးမိရင်တောင် ဆရာမပေးထားတဲ့မှတ်စုနဲ့ သည်၊၏ လွဲနေတယ်ဆိုပြီး အမှတ်လျှော့ခံရပြန်ပါရော။

ကျွန်မကတော့ အမေပြောဖူးသလို ငယ်ယ်ကတည်းက သူပုန်စိတ်ပါနေလို့ထင်ပါရဲ့။ အမှတ်ဘယ်လောက်လျော့လျော့၊ နောက်ဆုံးအရိုက်ပဲခံရခံရ၊ ဆရာမများနဲ့ ပြဿနာတက်သည်အထိကို ခေါင်းမာစွာနဲ့ပဲ ကျောင်းစာတွေနဲ့ ပတ်သက်မယ်ထင်တဲ့ ပြင်ပစာအုပ်များကို လိုက်လံရှာဖွေဖတ်လေ့ရှိတယ်။ ကျောင်းစာဆိုတာဖတ်ရမယ်လို့ မသိခဲ့ပေမယ့် အမြဲကျက်မှတ်နေရတာကြီးကို မကြိုက်တာကြောင့်ပါ။ သင်ရိုးစာအုပ်တွေကို ကိုင်ကြည့်မိတိုင်း၊ ဒီစာအုပ်တွေရဲ့လာရာလမ်းကို ကျွန်မစိတ်ဝင်စားနေမိတတ်တယ်။ တကယ်တော့ ဒီစာအုပ်တွေ၊ မှတ်စုတွေဟာ စာအုပ်တွေအများကြီးထဲကနေ ပြန်လည်ထုတ်နှုတ်ဖော်ပြထားတာတွေမှန်း သိရလေလေ၊ မူရင်းစာအုပ်တွေကို ကျွန်မစိတ်ဝင်စားလာလေလေပဲ။ သင်ရိုးစာအုပ်တွေကို ကြည့်မိတိုင်း ရုပ်ရှင်ကားတခုလုံးမကြည့်ရပဲ trailer ပဲကြည့်နေရသလိုလို ခံစားခဲ့ရတယ်။

ဒီလိုနဲ့ဆယ်တန်းအောင်ပြီး ဆေးတက္ကသိုလ်ရောက်တော့ တက္ကသိုလ်ရောက်လာတာမို့၊ နှုတ်တိုက်စာကျက်ရတာတွေ လျော့လာပြီး၊ ဖတ်မှတ်လေ့လာရတာတွေ၊ ဆွေးနွေးအဖြေရှာရတာတွေ ပိုများလာမှာပဲ ထင်မိခဲ့တယ်။ အထင်နဲ့အမြင်ပါစင်အောင် လွဲပုံများကတော့ ကျောင်းသူအဆောင်မှာ ခဏလေးသွားနေမိစဉ်ခဏ၊ စာအလွတ်ရွတ်ပွဲကြီးတွေနဲ့ သွားတိုးနေလို့ ညဘက်တွေမှာ နားဒုက္ခအတော်ကို များခဲ့ရပါလေရော။ စာအလွတ်ရွတ်ပွဲတွေတင်မက ဆယ်တန်းအထိ တငြီးငြီးတညူညူနဲ့တက်ခဲ့ရတဲ့ ကျူရှင်ဆိုတာကြီးနဲ့ပါ ဆေးကျောင်းရောက်တဲ့အထိ သွားတိုးခဲ့ရတာကတော့ ကျွန်မရဲ့ ကံဆိုးမှုပဲထင်ပါရဲ့။ တနေ့လုံးကျောင်းမှာ စာသင်ရတာကိုပဲ မမောနိုင်မပန်းနိုင်၊ အချိန်အားလေးတောင် မထားတော့ပဲ အဆောင်ကျောင်းသူတွေစုပြီး၊ ကျူရှင်ခေါ်သင်ကြတာပါ။ တကယ်ဆို ဆေးကျောင်းမှာ ရည်ညွန်းစာအုပ်တွေ စကိုင်ရတာမို့ ကျောင်းမှာသင်ပြီး၊ အဆောင်မှာ ပြန်စာဖတ်ရင် လုံလောက်ပေမယ့် မြန်မာ့ယိုယွင်းပျက်စီး ပညာရေးစနစ်ဆိုးကြီးကြောင့် ကျောင်းသားတွေဟာ စာဖတ်ခြင်းကို စိတ်မ၀င်စားကြတော့ပဲ ကျူရှင်တက်ပြီး ဆရာမထုတ်ပေးတဲ့မှတ်စုကို အလွတ်ပြန်ကျက်ကြတဲ့ အခြေအနေမျိုးကို ရောက်ကုန်ပါတော့တယ်။သူငယ်ချင်းတွေရှိတဲ့ တခြားတက္ကသိုလ်တွေအကြောင်း စုံစမ်းကြည့်တော့၊ သူတို့လဲ ဒီလိုပုံစံမျိုးနဲ့ပဲဘွဲ့ရအောင် လုပ်နေကြတာတွေ ကြားလာရပြန်တယ်။ အမှန်တကယ်ဖတ်မှတ်လေ့လာနေတဲ့ ကျောင်းသားတွေ ရှိနိုင်ပါတယ်။ ဒါပေမယ့် အများစုကတော့ ဘွဲ့ရရင်ပြီးရောတွေပဲ ဖြစ်ကုန်ကြပါတယ်။

ကျောင်းစာဖတ်ခြင်းဆိုတာ လုပ်ကိုလုပ်ရမယ့် အရာတခုလို့ စတင်သိလာခဲ့ရတာကတော့ ပြင်ပစီမံခန့်ခွဲရေးသင်တန်းတခုကို သွားတက်မိတဲ့အချိန်မှာပါ။ ဘာသာရပ်တိုင်းမှာ assignment ဆိုတာတွေ တင်ရပါတယ်။ အက်ဆေးပုံစံများ၊case studies များဖြစ်တာကြောင့် စာကြည့်တိုက်ထဲက စာအုပ်များကိုမှ မဖတ်ကြည့်ရင် ဘယ်လိုမှ အောင်ဖို့မလွယ်ပါဘူး။ သင်ရိုးစာအုပ်နဲ့လုံးဝမလုံလောက်တော့တာ တွေ့ရပါတယ်။ ဒီလိုနဲ့ ကျွန်မလက်ထဲကို အာဂုံဆောင်ကျက်စရာမလိုပ၊ဲ ဖတ်မှတ်လေ့လာရမယ့် စာအုပ်ကြီးတအုပ်စတင်ရောက်လာခဲ့ပါတယ်။ ရော်ဘင်ရေးထားတဲ့ စီမံခန့်ခွဲရေးစာအုပ်ပါ။ ကျွန်မအတော်ကို နှစ်ခြိုက်သွားပါတယ်။ စာမျက်နှာ တထောင်နီးပါးစာအုပ်ကြီးပါ။ ဒါပေမယ့် စိတ်ဝင်စားစရာအတော်ကောင်းတာမို့ လက်ကမချနိုင်အောင်ပါပဲ။ ဖတ်ရတာ စိတ်ဝင်စားတာမို့ ညအိပ်ရင်တောင် ခေါင်းအုံးဘေးမှာထားပြီး အိပ်ဖြစ်တဲ့အထိပါ။ နံနက်မိုးလင်းတာနဲ့ ဆက်ဖတ်ရမယ့် အကြောင်းအရာတွေအတွက် ကျွန်မရင်ခုန်နေမိတယ်။ အဲဒီကနေစပြီး၊ `ကျောင်းစာဖတ်ခြင်း`ရဲ့ ချိုမြိန်သော အရသာဟာ ကျွန်မကို စွဲမက်သွားစေခဲ့ပါတယ်။ ကျောင်းစာဆိုတာကို အလွတ်ကျက်ရမယ်လို့ သင်ကြားလေ့ကျင့်ပေးခဲ့တဲ့ အစဉ်အလာစနစ်ကြီးကို ကျွန်မမုန်းလာမိတယ်။ စာတွေကို အတင်းသွတ်သွင်းကျက်မှတ်ခဲ့ရတဲ့ ကျွန်မရဲ့ ဦးနှောက်လေးကို သနားလာမိတယ်။ ပြင်ပစာပေတွေမှာ ပျော်မွေ့တဲ့ကျွန်မတယောက် ကျောင်းစာတွေမှာလဲ ပျော်မွေ့သွားတာ ကျောင်းစာကြည့်တိုက်တွေကို အိမ်လို သဘောထားလာမိတဲ့အထိပါပဲ။ စာအုပ်တအုပ်ကိုဖတ်ပြီးတာနဲ့ သူကိုးကားထားတဲ့ စာအုပ်စာရင်းကို မိတ္တူဆွဲ၊ ထပ်ရှာဖတ်နဲ့ မပြီးဆုံးနိုင်တဲ့ ခရီးရှည်ကြီးကို လျှောက်ရသလိုပါပဲ။ စာအုပ်တွေနဲ့ ဘ၀နဲ့က တထပ်တည်း ဖြစ်လာပါတယ်။ `ကျောင်းစာဖတ်ခြင်း`ဆိုတာက အဲဒီလောက်အထိကို ဆွဲဆောင်အားကောင်းပါတယ်။

အဲဒီလိုဆွဲဆောင်အားကောင်းတဲ့ ကျောင်းစာဖတ်ခြင်းနဲ့ပတ်သက်ပြီး ဖတ်ရခြင်းအကြောင်းရင်း၊ ရည်ရွယ်ချက်၊ ဖတ်ခြင်းမှ ရရှိသော အကျိုးကျေးဇူး၊ ဖတ်ပုံဖတ်နည်း၊ စာအုပ်ရွေးချယ်ခြင်း၊ ဖတ်နေစဉ်လေ့လာမှတ်သားခြင်းနဲ့ စာဖတ်နှုန်းမြန်ဆန်အောင်လုပ်ခြင်းတွေနဲ့ ပတ်သက်တဲ့ အကြောင်းအရာများကို နောက်ပိုင်းမှာ ဆက်လက်ဖော်ပြသွားပါမယ်။

ခင်မမမျိုး (၁၉၊ ၀၃၊ ၂၀၀၈)

အပြည့်အစုံဖတ်ချင်ရင်..>>>

oppose SPDC Referendum

Tuesday, March 18, 2008




အပြည့်အစုံဖတ်ချင်ရင်..>>>

ဖယ်ဒရယ်နိုင်ငံတော်သစ်ဆီသို့

Thursday, March 13, 2008

ဖယ်ဒရယ်နိုင်ငံတော်သစ်ဆီသို့

ဖယ်ဒရယ်ပြည်ထောင်စုမြန်မာနိုင်ငံ။

စကားစုလေးကား ထိုမျှသာ။ သို့ပေမယ့် ထိုစကားစုလေးကြားသည်နှင့် ထိုင်မရ ထမရဖြစ်ကာ အရူးမီးဝိုင်းသကဲ့သို့ ဖြစ်နေသော လူတစု ဤကမ္ဘာပေါ်တွင် ရှိသည်ဟုပြောလျှင် စာဖတ်သူတို့ ယုံပါမည်လေစ။ ထိုလူစုကား စာရေးသူတို့ မြန်မာနိုင်ငံကို နှစ်ပေါင်းများစွာ လက်နက်အားကိုး အုပ်ချုပ်နေသော စစ်အာဏာရှင် အုပ်စုအဆက်ဆက်တို့ပင်ဖြစ်တော့သည်။

စစ်အာဏာရှင်တို့ အဘယ်ကြောင့် ဤမျှကြောက်နေရသနည်း။ အဖြေကား ရှင်းပါသည်။ လူလိမ်လူညာတို့ဟူသည် အမှန်တရားပေါ်ပေါက်သွားမည်ကို အလွန်ပင် ကြောက်တတ်ကြပါသည်။နိုင်ငံတော်အာဏာကို ငန်းငန်းတက်ကာ မတရားရယူထားသော အာဏာရှင်တို့သည် “နိုင်ငံတော်ချောက်ထဲကျမည့်အရေး ကယ်တင်ရပါသည်“ ဟူ၍ မည်မျှပင် ဆိုနေစေကာမူ အမှန်တရားကိုတော့ ရင်ထဲမှသိကာ လိပ်ပြာမလုံ ဖြစ်နေကြသောကြောင့် ပင်ဖြစ်ပါသည်။

တိုင်းရင်းသားလူမျိုးပေါင်းစုံဖြင့် ဖွဲ့စည်းတည်ထောင်ထားသော မြန်မာနိုင်ငံတွင် ဖယ်ဒရယ် ပြည်ထောင်စုစနစ် တည်ဆောက်ရန်ကား အလွန်ပင် ရေးကြီးလှသည်။ ခေတ်အဆက်ဆက် ဖြစ်ပွားခဲ့သော စစ်မီးများ၊ ပဋ္ဋိပက္ခများကို ဖယ်ဒရယ်ဟူသော ငြိမ်းချမ်းရေးရေစင်ဖြင့် မငြိမ်းသတ်ပဲ ထား၍မရ။ ရှေးမြန်မာ မင်းအဆက်ဆက်ကပင် အုပ်ချုပ်ရေးညံ့ဖျင်းမှု၊ အာဏာလုမှု၊ လူမျိုးကြီးဝါဒ ဆုပ်ကိုင်မှု၊ နိုင်ငံထောင်ထားခြားနားမှု စသော ချွတ်ယွင်းချက်များ ရှိနေသော နိုင်ငံသည် ကိုလိုနီစနစ်ဆိုး၏ သွေးခွဲမှုနှင့် ထပ်မံကြုံတွေ့ခဲ့ရသောအခါ၌ကား တိုင်းရင်းသားအချင်းချင်း နားလည်မှုလွဲသည့် အချက်ကလေးများမှာ လွတ်လပ်ရေးမရခင်ကပင် ရှိခဲ့သည်။

ယင်းကြောင့်လည်း ဗိုလ်ချုပ်အောင်ဆန်း နှင့်တကွ တိုင်းရင်းသား ခေါင်းဆောင်များက အမြော်အမြင် ကြီးစွာဖြင့်လွတ်လပ်ရေးတပြိုင်နက်တည်း ရယူရန် ရည်သန်လျက် သမိုင်းဝင် ပင်လုံစာချုပ်ကို ချုပ်ဆိုခဲ့ကြခြင်းဖြစ်သည်။ တန်းတူရည်တူ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံနိုင်သည့် ဖယ်ဒရယ်ပြည်ထောင်စု နိုင်ငံတည်ဆောက်ရန် သဘောတူ ဆောင်ရွက်ခဲ့ကြသော်လည်း၊ ကံဆိုးလှသော တိုင်းပြည်လေးခမျာ ဦးစီးပဲ့ကိုင်မည့်သူများအား လုပ်ကြံခံလိုက်ရပြီး၊ လျော့တိလျော့ရဲ၊ ကိုယ့်လှေကိုယ်ထိုး ပဲခိုးရောက်ရောက်၊ ငါ့မြင်းငါစိုင်း စစ်ကိုင်းရောက်ရောက် လုပ်တတ်သူများနှင့်သာ ကြုံခဲ့ရလေတော့သည်။ အားနည်းချက်များ၊ တွေဝေမှုများ၊ မပြတ်သားမှုများ၊ ကိုယ်ကျိုးရှာမှုများ၊ တော်လှန်ရေးအပြီးကာလ လက်နက်များ ပျံ့နှံ့နေမှုများ၊ ကမ္ဘာ့ဝါဒရေးရာ လွန်ဆွဲပွဲများ အားလုံးသည် တပ်မတော်ဆိုသော ကာကွယ်ရေးအဖွဲ့အစည်း တခုကို အုပ်ချုပ်ရေး၊ တိုင်းပြည်ကံကြမ္မာအဆုံးအဖြတ်ပေးရေး ကဏ္ဍထဲသို့ မဆီမဆိုင်တွန်းပို့လိုက်သကဲ့သို့ဖြစ်သွားသည်။ အရူးလက်ထဲ ရွှေခွက်ခ ထည့်ပေးလိုက်သည့်ပမာ ဖြစ်သွားသည်။

ဤသို့သော ကာလမျိုးတွင် ပင်လုံအနှစ်သာရများမှာ အကောင်အထည် ဖော်ဖို့ဝေးစွ၊ လမ်းပေါ်တွင်ပင် မရှိအောင် လွဲချော်နေပြီဆိုသည်ကို အမြော်အမြင်ရှိသော တိုင်းရင်းသားခေါင်းဆောင်များ သဘောပေါက်ခဲ့ကြပါသည်။ မဟာလူမျိုးကြီးဝါဒနှင့် ဖယ်ဒရစ်စနစ်ဆိုသည်က မိုးနှင့်မြေပမာ ကွာခြားလှသည်လေ။ ရောဂါလက္ခဏာပေါ်လာပြီမို့ အချိန်မှီကုသရန် ကြိုးစားခဲ့ကြပါသေးသည်။ သို့ပေမယ့် အကွက်ချောင်းနေသော ရန်သူ့ခြေလှမ်းများက တပန်းသာသွားသည်မို့ ဖယ်ဒရယ်ဆိုသော စနစ်တခုမှာ ခြေရာလဲပျောက်၊ ရေလဲနောက်။ စစ်အာဏာရှင်တို့၏ တရစပ် နည်းမျိုးစုံ ချေမှုန်းရေးများကြားတွင် လည်စင်းခံနေရသည့်ဘ၀။ နှစ်ပေါင်းများစွာပင် ကြာခဲ့ပါပကော။

သမိုင်းဝင်ပင်လုံစာချုပ်လက်မှတ်ထိုးခဲ့ကြသည်မှာကား ယခုဆိုလျှင် အနှစ်ခြောက်ဆယ်ရှိလေပြီ။ ပင်လုံ၏ အနှစ်သာရများမှာ ယခုထိ ပျောက်ကွယ်နေဆဲ။ စစ်အာဏာရှင်စနစ်ကို မဖယ်ရှားနိုင်ပဲ ဒီမိုကရေစီစနစ်၊ ဖယ်ဒရယ်စနစ်ကို အသက်သွင်း၍ မရနိုင်ပါ။ ဤသည်မှာ အဓိကအချက်၊ ယင်းအချက်မှ သွေဖည်သည်နှင့် ရန်သူ့ညွှတ်ကွင်းအတွင်းသို့ ကျရောက်သွားမည်ပင်ဖြစ်သည်။ ကျရောက်သွားခဲ့ရသည့်အဖွဲ့များကလည်း နမူနာရှိနေသည်။ ကျမှန်းသိပြီးမှ ရုန်းထွက်၍ မရတော့ပဲ အံကြိတ်ရင်း ကယ်မည့်သူအလာကို စောင့်နေကြရသည့်ဘ၀သို့ ရောက်နေကြသည်။ ကျန်ရှိနေသည့် မြန်မာ့ဒီမိုကရေစီ အင်အားစုများနှင့် တိုင်းရင်းသားအင်အားစုများ ကျောချင်းကပ်ထားဖို့ အချိန်တန်လေပြီ။

ချုပ်၍ဆိုရသော် ဖယ်ဒရယ် နိုင်ငံတော်သစ်ဆီသို့ မဆုတ်တမ်းခြေလှမ်းများဖြင့် ဆက်လက်လျှောက်လှမ်းရင်း (၅၂) သန်းသော မြန်မာ ပြည်သူလူထု၏ တန်းတူရည်တူ ကိုယ်ပိုင် ပြဌာန်းခွင့်ကို တည်ဆောက်ရန် ကြိုးပမ်းကြပါစို့ ဟု ရေးသားတိုက်တွန်းလိုက်ရပေသည်။

ခင်မမမျိုး (၁၀၊၂၊ ၂၀၀၇)

အပြည့်အစုံဖတ်ချင်ရင်..>>>

No Vote

Monday, March 10, 2008



အပြည့်အစုံဖတ်ချင်ရင်..>>>

ထုံးတမ်းအစဉ်အလာနှင့် စနစ်ဆိုးအောက်က မြန်မာအမျိုးသမီးတို့ဘဝ

Saturday, March 8, 2008



“မယားနေစ၊ ကြောင်သေမှ“

“ကြက်မတွန်လို့ မိုးမလင်း“

“မိန်းမဆိုတာ နှာခေါင်းသာမပါလျှင် အကုန်စားလိမ့်မည်“

“အရိုးကွဲအောက်ရိုက်မှ အသည်းစွဲအောင်ချစ်သည်“

ထိုစကားလုံးများသည် မြန်မာ့လူ့ဘောင်တွင် နေ့စဉ်နှင့်အမျှ သုံးနှုန်းနေသော စကားလုံးများ ဖြစ်သည်။ အစဉ်အဆက် သုံးနှုန်းနေသော စကားလုံးများ ဖြစ်နေသဖြင့် ထိုစကားလုံးများသည် နိုင်ငံတကာ လူ့စည်းကမ်း ဥပဒေများအရ ပြစ်မှုမြောက်စေသော စကားလုံးများမှန်း သိရှိသူနည်းပါးလှသည်။ လူမှုထုံးတမ်းစဉ်လာများတွင်လည်း အမျိုးသားနှင့် အမျိုးသမီးများအားခွဲခြားထားမှုများ ရှိနေပြန်သည်။ “အိမ်တွင်းမှုလုပ်၊ သိမ်းထုတ်သေချာ“ စသော မယားဝတ္တရား သတ်မှတ်မှု၊ လင်ယောက်ျားအား အိမ်ကြီးအရှင်သခင် သတ်မှတ်ကာ ရိုသေကိုင်းညွတ်စေမှုများသည် အမျိုးသမီးများ တန်းတူအခွင့်အရေးရရှိရေး၊ လူအချင်းချင်း အပြန်အလှန်လေးစားရေးများကို ထိခိုက်စေသော အချက်များပင်ဖြစ်သည်။

ယင်းထက်ပိုမိုဆိုးရွားသော အချက်မှာကား အမျိုးသမီးများအား ဥပဒေအရ ကာကွယ်ပေးမှု၊ စောင့်ရှောက်ပေးမှု နည်းပါးခြင်းပင်ဖြစ်သည်။ အမျိုးသမီးများ အကြမ်းဖက်ခံရမှု ပပျောက်ရေးသည် ကမ္ဘာ့လူဘောင်၏ အရေးကြီးသော ကဏ္ဍတရပ်ဖြစ်သည်။

အမျိုးသမီးများ အကြမ်းဖက်ခံရမှုမှ ကင်းဝေးရေးအတွက် မည်သို့သော လုပ်ဆောင်ချက်များသည် အကြမ်းဖက်မှုဖြစ်သည်ကို မြန်မာအမျိုးသမီးများ သိရှိနားလည်ရန် လိုအပ်ပေသည်။ အများအားဖြင့် လိင်ပိုင်းဆိုင်ရာ ပြစ်မှုများကိုသာ အကြမ်းဖက်မှု ဟူ၍ ထင်မြင် ယူဆထားကြလေသည်။

လက်တွေ့တွင်ကား ကိုယ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ ထိခိုက်စေမှုများအားလုံးသည် အကြမ်းဖက်မှု မြောက်ပေသည်။ မိမိအိမ်အတွင်းတွက် လင်ယောက်ျားဖြစ်သူမှ ဆူပူအော်ဟစ်ကြိမ်းမောင်းခြင်း၊ ဝေဖန်ခြင်း၊ အပြစ်တင်ခြင်းမှသည် ပြင်ပတွင် လူယုတ်မာများမှ စော်ကားဖျက်ဆီးမှုများအထိ အကျုံးဝင်ပေသည်။ အဆုံးစွန်ဆိုရလျှင် ချစ်သူဟောင်းများ၊ ပြတ်စဲပြီးသော လင်ယောက်ျားများမှ လိုက်လံနှောင့်ယှက်ခြင်း၊ အိမ်အ၀င်အထွက် ပြုလုပ်ရန် ကြိုးစားခြင်း၊ စာရေးသား ဆက်သွယ်ခြင်း၊ ခြိမ်းချောက်ခြင်းများ စသည်များသည်လည်း သက်ဆိုင်ရာ အမျိုးသမီး၏ စိတ်ပိုင်းဆိုင်ရာကို အနှောင့်အယှက်ဖြစ်စေပါက အကြမ်းဖက်ပြစ်မှုမြောက်ပေသည်။

မြန်မာ့လူ့ဘောင်သည် ဟီရိသြတ္တပ တရားထွန်းကားသော လူ့ဘောင်ဖြစ်သည်။ အရှက်အကြောက်တရားဟူသည် ရှက်သင့်သည်ကိုရှက်ပြီါ်၊ ကြောက်သင့်သည်ကို ကြောက်ရန်သာဖြစ်သည်။ သို့ရာတွင် ထိုရှက်ခြင်း၊ ကြောက်ခြင်းသည် အမှန်တရားဖွင့်လှစ်ပြောဆိုရန် နှောင့်နှေးခြင်း၊ မိမိကံကိုသာ ရိုးမယ်ဖွဲ့ခြင်းများ မဖြစ်သင့်ပါ။ လောကတွင် အမျိုးသမီးများကို မိခင်လောင်းများဟု သဘောမထားတတ်သူ၊ နှမချင်းမစာနာတတ်သူ လူယုတ်မာများကား ဒုနှင့်ဒေး။ ဤသည်ကို ရေငုံနှုတ်ပိတ်ကာ သူတို့စိတ်ကြိုက်ဘ၀တွင် ဆက်လက်နေပါက မိမိတို့ဘ၀ပင် နစ်မွန်းမည်ဖြစ်သည်။ ပတ်ဝန်းကျင်အနေဖြင့်လည်း ထိုသို့သော အမျိုးသမီးများအား ကူညီဖေးမရန် လိုအပ်ပေသည်။

လူမိုက်အားပေးမလုပ်ရ ဆိုသော စကားရှိပေသည်။ ရှေးအခါကဆိုလျှင် လူယုတ်မာများအားဖော်ထုတ်ရန် မကြိုးစားပဲ အမျိုးသမီးများကိုသာ ပြစ်တင်မောင်းမဲခြင်း၊ နောက်ကွယ်အတင်းစကားဆိုခြင်း၊ ရွာပြင်ထွက်နေရန် ခြိမ်းချောက်ခြင်းစသည်တို့ကြောင့် မဆုံးရှုံးသင့်ပဲ အသက်ဆုံးခဲ့ရသည့် သာဓကများစွာ ရှိခဲ့သည်။ မိဘမောင်ဘွားများမှလည်း “တရှက်မှနှစ်ရှက်မဖြစ်ချင်“ဆိုကာ ရေငုံနှုတ်ပိတ်နေတတ်ကြသည်။ ဤနည်းများသည် လူယုတ်မာများအားပိုမိုအတင့်ရဲလာစေရန် အားပေးအားမြှောက်ပြုခြင်းပင်ဖြစ်သည်။

အမျိုးသမီးများက အမှန်တရားကို ရင်ဆိုင်ကာ တရားဖက်ပြိုင်လျှင်လည်း “ငွေများတရားနိုင်“ဟူသော တရားရေးစနစ်နှင့် ကြုံကြရပြန်သည်။ နစ်နာရသူ အမျိုးသမီးများအတွက် နိုင်ငံတော်မှ တရားရေးစရိတ်များ ထုတ်ပေးမှုမရှိသဖြင့် တရားရုံးရောက်ပြီးမှ ကျေအေးလိုက်ရသော အမှုများစွာ ရှိပေသည်။ ရံဖန်ရံခါတွင်လည်း အမျိုးသားဘက်မှ လျော်ကြေးစသဖြင့်ပေးခြင်း၊ တရားရေးဝန်ထမ်းများအား လာဘ်ပေးခြင်းများ ပြုလုပ်ကာ တရားလိုစိတ်ဓာတ်ကျသွားစေရန် ပြုလုပ်ခြင်းဖြင့် ပြီးဆုံးလိုက်ရသည်များ ရှိပေသည်။

ထိုလူယုတ်မာများက အဆုံးသတ်တွင် ပါးစပ်အငြိမ်မနေပဲ ငွေလိုချင်၍ တရားစွဲဆို အမှုဆင်ခံရခြင်းဖြစ်ကြောင်း ပြောဆိုတတ်ကြလေသည်။ ထိုသို့သော အမျိုးသမီးများ ရှိကောင်းရှိမည်ဖြစ်သော်လည်း မြန်မာ့လူ့ဘောင်အခြေအနေအရ အရေအတွက် အချိုးကျ နည်းပါးလှပါသည်။ အမျိုးသားများဘက်တွင် ပိုမိုအလေးသာနေသော တရားရေးစနစ်အတွင်းမှနေ၍ ငွေရရန် ကြိုးပမ်းမှုသည် အလွန်ပင် ခက်ခဲလှသောကြောင့်ပင်ဖြစ်သည်။

အဆိုပါ အစဉ်အလာဓလေ့ဆိုးများ၊ ယိုယွင်းပျက်စီးနေသော တရားရေးစနစ်များတွင် အာဏာရှင်စနစ်ဆိုးက ထပ်မံပေါင်းစပ်လိုက်ပြန်သော အခါတွင်ကား၊ သားကောင်ဖြစ်ရသူ မြန်မာအမျိုးသမီးများ၏ ဘ၀များမှ ဆိုဖွယ်ရာ မရှိတော့။ ပြည်တွင်းစစ်များတွင် ဘ၀ပျက်ခဲ့ရသူများ၊ န၀တ၊ နအဖတို့၏ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို စစ်ဗျူဟာတရပ်အဖြစ် အသုံးပြုမှုတွင် သားကောင်ဖြစ်ခဲ့ရသူများ၊ အာဏာရှင်စနစ်ဆိုးနှင့် အတူတွဲ၍ ရှိနေသော စီးပွားရေး ကပ်ဆိုဒ်မှုများကြောင့် လိင်လုပ်သားများဖြစ်ကာ နည်းမျိုးစုံ အကြမ်းဖက်မှုကို ခံနေကြရသူများ၊ တိုင်းတပါးတွင် အိမ်ဖော်များအဖြစ် နေထိုင်ကာ အလုပ်လုပ်ရင်း အကြမ်းဖက်ခံနေရသူများ၊ စီးပွားရေးရာ အဆင်မပြေမှုများကြောင့် စိတ်ဖိစီးမှုများလာသော လင်ယောက်ျားများမှ စိတ်ဖိစီးမှု ထွက်ပေါက်အဖြစ် သတ်မှတ်ကာ ဇနီးမယားအား အနိုင်ကျင့်နှိပ်စက်လာမှုများ စသည်ဖြင့် မြန်မာအမျိုးသမီးများမှာ နေ့စဉ်နှင့်အမျှ အကြမ်းဖက်မှု နည်းလမ်းပေါင်းစုံကို ခံစားနေကြရပေသည်။

ယင်းအပြင် အချောင်နာမည်ကောင်းယူကာ အမည်နာမအဖြစ်သာရှိနေသော အဖွဲ့အစည်းများကလည်း လက်ရှိမြန်မာနိုင်ငံတွင် ရှိနေပြန်သေးရာ အလွန်ပင် စိတ်ပျက်ဖွယ်ကောင်းလှသည်။ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့၊ အမျိုးသမီးစီးပွားရေး စွမ်းဆောင်ရှင်များအသင်း၊ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေး အဖွဲ့များသည် အမျိုးသမီးအဖွဲ့နာမည်များ တပ်ကာ အမျိုးသမီးအဖွဲ့ဝင်များ ထားရှိပြီး (၁၉၉၅) ဘီဂျင်းညီလာခံကဲံသို့သော အမျိုးသမီးညီလာခံများအား တက်ရောက်ပြီး ဖြစ်ပါလျက် အမျိုးသမီး အခွင့်အရေးများအတွက်လည်း လှုပ်ရှားမှုမရှိ၊ အကြမ်းဖက်ခံရသူ အမျိုးသမီးများအားလည်း ကူညီမှုမရှိ၊ အမျိုးသားများဘက်မှ အလေးသာနေသော တရားရေး စနစ်များကိုလည်း ဝေဖန်ထောက်ပြမှု မရှိပဲ၊ အချိန်တန်လျှင် တူညီဝတ်စုံများဝတ်လျက် နအဖ၀ါဒဖြန့်ချီရေးပွဲများသို့တက်ရောက်ကာ အာဏာရှင်စနစ်တည်မြဲရေးဝါဒဖြန့်နေသည်မှာ အမြင်မတော်ဆင်တော်နှင့် ခလောက်ဆိုသကဲ့သို့ အဖွဲ့နာမည်များနှင့်ပင် မလျော်ညီပေစွတကား။

ချုပ်၍ဆိုရသော် တန်းတူညီမျှမှု၊ လွတ်လပ်မှု၊ တရားမျှတမှု၊ အပြန်အလှန်လေးစားမှု၊ လူ့အခွင့်အရေး အပြည့်အ၀ရှိမှုစသော အကြောင်းတရားများပေါ်တွင် အခြေခံပေါ်ထွက်လာမည့် တိုးတက်သော ဒီမိုကရက်တစ် လူ့ဘောင်အတွက် အမျိုးသမီးများ ဘ၀သာယာလုံခြုံရေး၊ တန်းတူညီမျှ အခွင့်အရေးရရေး၊ အကြမ်းဖက်ခံရမှုပပျောက်ရေး အချက်များသည် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ပါကြောင်း ရေးသားလိုက်ရပေသည်။

ခင်မမမျိုး (၂၅၊၁၁၊ ၂၀၀၆)

အပြည့်အစုံဖတ်ချင်ရင်..>>>

Burma Human Rights Day Poster

Friday, March 7, 2008


အပြည့်အစုံဖတ်ချင်ရင်..>>>

Let's fight against the regime

Thursday, March 6, 2008




အပြည့်အစုံဖတ်ချင်ရင်..>>>

Boycott

Wednesday, March 5, 2008




အပြည့်အစုံဖတ်ချင်ရင်..>>>

Boycott

Monday, March 3, 2008


အပြည့်အစုံဖတ်ချင်ရင်..>>>

SPDC's constitution

အပြည့်အစုံဖတ်ချင်ရင်..>>>

What is referendum


အပြည့်အစုံဖတ်ချင်ရင်..>>>

  © Blogger templates Newspaper II by Ourblogtemplates.com 2008

Back to TOP