ဘလော့ လိပ်စာသစ်သို့ ပြောင်းရွှေ့ခြင်း

(၂၀၀၇) ခုနှစ်မှစ၍ ဘလော့စာမျက်နှာအား ဖွင့်လှစ်ခဲ့ရာ ဖတ်ရှုအားပေးကြသော စာဖတ်ပရိသတ်အပေါင်းအား အထူးပင် ကျေးဇူးတင်ရှိပါသည်။

ယခုအခါတွင် ဘလော့ကို ဖွင့်ရန် အချိန်ကြာမြင့်မှုများ ရှိနေကြောင်း၊ စာဖတ်သူအချို့မှ အကြောင်းကြားလာပါသဖြင့် www.khinmamamyo.info တွင် စာမျက်နှာသစ်ကို ဖွင့်လှစ်ထားပါသည်။

စာမျက်နှာသစ်တွင် အချို့သော စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ဆောင်ပါးများနှင့် ရသစာစုများ (နှစ်ရာကျော်ခန့်)ကိုလည်း ကဏ္ဍများခွဲ၍ ပြန်လည်ဖော်ပြထားပါသည်။


ယခုဘလော့စာမျက်နှာကို ဆက်လက်ထားရှိထားမည်ဖြစ်သော်လည်း ယနေ့မှစ၍ ပို့စ်အသစ်များ ထပ်မံ တင်တော့မည် မဟုတ်ပါကြောင်းနှင့် ပို့စ်အသစ်များကို စာမျက်နှာသစ်တွင်သာ တင်တော့မည်ဖြစ်ပါကြောင်း လေးစားစွာ အသိပေး အကြောင်းကြားပါသည်။


စာမျက်နှာသစ်သို့ အလည်လာရောက်ပါရန်ကိုလဲ လှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါသည်။


လေးစားစွာဖြင့်



ခင်မမမျိုး (၁၇၊ ၁၀၊ ၂၀၁၁)

www.khinmamamyo.info

မြို့ပြသူပုန် (၀တ္ထုတို)

Sunday, January 31, 2010

(၁)

အချိန်ကား (၁၉၉၉) ခုနှစ်။
နေရာကား- ရှမ်းပြည်တနေရာ။

တောင်ပေါ်ဒေသရဲ့ ဆောင်းတွင်း အအေးဒဏ်ကြောင့် သူမ လက်ဖျား ကလေးများ ထုံနေသလို ခံစားနေရသည်။ သို့ပေမယ့် ချစ်သူနဲ့ တွေ့ရတဲ့ ရှားရှားပါးပါး အချိန်လေးကို အအေးဒဏ်ကြောင့် မကုန်ဆုံးစေချင်ပါ။ တွေ့နေကျ ဒီတောင်ပေါ်ဘုရားလေးပေါ်မှာ ချစ်သူမျက်နှာကို တစိမ့်စိမ့်ကြည့်ရင်း၊ သူပြောသော စကားလေးတွေကို နားထောင်ရတဲ့ အရသာကို သူမဘာနဲ့မှ မလဲနိုင်ပါ။ ချစ်သူပြောသော စကားလေးများက စုံလင်လှသည်။ နိုင်ငံရေး၊ တိုင်းရင်းသား အရေး၊ လက်နက်ကိုင်တော်လှန်ရေး၊ ပညာရေး၊ လူတန်းစားအရေး။ သူမနားလည်သည်များလဲရှိ၊ နားမလည်သည်များလဲရှိ။ သို့ပေမယ့် ချစ်သူပြောသော စကားလုံးလေးတွေမို့ သူမအတွေးထဲမှာ အမြတ်တနိုး သိမ်းရင်း နားထောင်ဖြစ်သည်။



မိသားစု၊ အသိုင်းအ၀ိုင်း၊ မိတ်ဆွေ၊ သူငယ်ချင်း။
အရာရာကို ဆန့်ကျင်ပြီး လျှောက်ဖို့ ကြိုးစားနေရတဲ့ ဒီလမ်းပေါ်မှာ ချစ်သူသည်သာ လမ်းပြကြယ်စင်။ ချစ်သူသည်သာ သူမရဲ့ ဘ၀ဖော်။ အချစ်ကြောင့် ရွေးချယ်ခဲ့သော လမ်းမဟုတ်ပေမယ့် သူမရွေးချယ်ခဲ့သော လမ်းပေါ်မှာ ဆရာဆိုလဲဟုတ်၊ ခေါင်းဆောင်ဆိုလဲဟုတ်၊ ချစ်သူဆိုလဲဟုတ်၊ ဘ၀လက်တွဲဖော်လို့ ရည်မှန်းထားသူ ဆိုလဲဟုတ်တဲ့ ဒီလိုလူတယောက်က အဆင်သင့် ပေါ်လာခဲ့တာ သူမရဲ့ ကံကောင်းခြင်း လက်ဆောင်ပဲ ထင်ပါရဲ့။

“ညီမလေး အရမ်းချမ်းနေပြီလား။ အနွေးထည်က ပါးပါးလေးဝတ်လာတာကိုး။ အစ်ကို့ဂျာကင် ၀တ်ထားလိုက်နော်”
“မလုပ်ပါနဲ့အစ်ကိုရဲ့။ အစ်ကို့က ဂျာကင်ချွတ်လိုက်ရင် ရှပ်အကျီင်္လေးနဲ့ရယ်။ ပိုချမ်းမှာပေါ့”
“ရပါတယ်ညီမလေးရဲ့။ အစ်ကိုက တောင်ပေါ်မှာပဲမွေး၊ တောင်ပေါ်မှာပဲ နေလာတဲ့သူ”
“အောင်မာ။ ညီမလေးလဲ တောင်ပေါ်သူပါပဲနော်”
“ခုတော့ မဟုတ်တော့ဘူးလေ။ မြေပြန့်မှာ ကျောင်းသွားတက်နေတာကိုး။ ခုပဲကြည့်။ အနွေးထည် ထူထူ ၀တ်မလာဘူး”

အစ်ကိုက ဆူသလိုလေး ပြောရင်း ဂျာကင်အကျီင်္လေးကို ၀တ်ပေးသည်။ အသက်ချင်းကလဲ ဆယ်နှစ်ကျော်ကွာတာမို့ ချစ်သူတပိုင်း၊ မောင်နှမ တပိုင်းလို ဖြစ်နေကြသည်။ ဘယ်လိုပဲဖြစ်ဖြစ် အစ်ကို ဂရုဏာဒေါသော အပြောလေးတွေထဲက စိုးရိမ်စိတ်လေးတွေကို သူမသဘောတကျနဲ့ ကြည်နူးနေ တတ်ခဲ့ပြီ။

“မှန်းစမ်း။ လက်တွေက အေးနေတာပဲ။ သွေးပူသွားအောင် လမ်းထလျှောက်ကြရအောင်။ လမ်းသွားရင်း စကားပြောကြတာပေါ့”

အနီးက တောတန်းလေးဘက်သို့ သူမတို့ ဆက်လျှောက်ခဲ့ကြသည်။ အစ်ကိုဆုပ်ကိုင်ထားသော သူမလက်ကလေးက တစတစ ပြန်နွေးလာသလို ပြောနေကြသော စကားလေးတွေကလဲ အရှိန်ရလာသည်။ ဒီရိုးမတောင်တန်းကြီးပေါ်က လက်နက်ကိုင်တော်လှန်ရေးတွေအကြောင်း ကြားရတိုင်း သူမသွေးတွေ ဆူပွက်နေကြ။ ဒီသမိုင်းကြောင်းတွေမှာ ကိုယ်တိုင်ကိုယ်ကျ မပါဖြစ်ခဲ့ရတာအတွက် လူဖြစ်နောက်ကျသလို ခံစားရတတ်စမြဲ။

“ညီမလေး တောခို ချင်တယ်အစ်ကို။ ဒီစကားကို ပြောနေတာလဲ အကြိမ်ပေါင်းများစွာ မကတော့ဘူး။ ဆက်သွယ်ပေးဖို့ အစ်ကို့ကို ပြောတိုင်းလဲ တားနေတာပဲ”

အကြိမ်များစွာ ဖွင့်ခဲ့ဖူးသော ဓာတ်ပြားဟောင်းကိုပဲ သူမပြန်ဖွင့်ဖြစ်သည်။ ခေတ်ကာလအချိန်၊ နိုင်ငံရေး အခြေအနေတွေအရ လက်နက်ကိုင်တော်လှန်ရေး ရေချိန်ကျလာတာတွေကို သူမ မသိလို့တော့ မဟုတ်။ သို့ပေမယ့် လက်နက်ကိုင်တော်လှန်ရေး ခေတ် လုံးဝ ကုန်သွားပြီလို့တော့ သူမ မယူဆမိ။ မရှိမဖြစ် လိုအပ်ချက်တရပ်လို့ သူမစိတ်ထဲ ယုံကြည်ထားမိသည်။

“မြို့ပေါ်မှာ နေလို့ ရသေးသရွေ့တော့ တောခိုတာကို အစ်ကိုက အားမပေးချင်ဘူး။ ဒါကြောင့် ညီမလေးကို မြို့ပေါ်မှာပဲ နေခိုင်းတာပါ။ ပညာဆက်သင်။ လူတွေကို စည်းရုံး၊ စာတွေဖတ်၊ ပြင်ဆင်၊ တည်ဆောက်။ အချိန်အခါစောင့်။ အစ်ကိုက ဒီတာဝန်တွေပဲ ညီမလေးကို ဆက်ယူစေချင်တယ်”
“ညီမလေးကလေ အဲဒီလေ့လာရေးတွေလုပ်၊ ပြင်ဆင်၊ တည်ဆောက်တာတွေကို စိတ်မရှည်တော့သလို ဖြစ်နေတယ်။ တခါတည်း သေနတ်ဆွဲပြီး ရင်ဆိုင်ပစ်ချင်တယ်”

“ကိုယ့်ထက် အဆမတန် အင်အား ကြီးမားတဲ့ ရန်သူကို ရင်ဆိုင်တဲ့အခါ စိတ်လိုက်မာန်ပါ လုပ်လို့ မရတာတွေ အများကြီးပဲ ညီမလေး။ အားကြီးသူကို အားနည်းသူက ထိပ်တိုက်ရင်ဆိုင်ရင် အားကြီးသူက နိုင်မှာပဲ။ ဒီတော့ သွယ်ဝိုက်ပြီး ရင်ဆိုင်ရတယ်။ ဒီလိုရင်ဆိုင်တဲ့အခါမှာ ဥာဏ်ကို လွှာပြီး အသုံးချနိုင်ဖို့ လိုမယ်။ စစ်သုံးစကားနဲ့ ဆိုရင်တော့ ရန်သူက Conventional attack နဲ့ ရင်ဆိုင်လာတဲ့အခါ ကိုယ့်ဘက်က Conventional Defense နဲ့ ပြန်ရင်ဆိုင်ဖို့ လိုသလို ရန်သူရဲ့ Barbarism ကို ကိုယ့်ဘက်က Guerrilla Warfare Strategy သုံးပြီး အနိုင်ယူဖို့ ကြိုးစားရမယ်”

“ဒါကြောင့် အစ်ကို့ကို ညီမလေး ပြောတာလေ။ တောခိုပါမယ်ဆို။ Guerrilla လုပ်ချင်တာ။ သူပုန်လုပ်ချင်တာ”
“ညီမလေးက သူပုန်ဖြစ်နေပြီပဲဥစ္စာ”
“အစ်ကိုကလဲ လုပ်ပြန်ပြီ။ ညီမလေးက ဘယ်မှာ သူပုန်ဖြစ်သေးလို့လဲ။ ဘာလက်နက်မှလဲ ညီမလေးလက်ထဲမှာ မရှိသေးဘူး။ ဘာတိုက်ပွဲမှလဲ မတိုက်ရသေးဘူး။ တိုက်ဖို့နေနေသာသာ တောခိုပါမယ်ဆိုတာလဲ အစ်ကိုက ခွင့်မပြုဘူး”
“ဟားဟားဟားဟား”

သူမစကားအဆုံးမှ အစ်ကိုက တဟားဟား ထရီတာကြောင့် သူမ စိတ်တိုသွားရသည်။
“အစ်ကိုနော်။ လူကို မရီနဲ့။ ဘာလဲ။ ညီမလေးက သေနတ်မကိုင်ရဲဘူး ထင်လို့လား”
“မထင်ပါဘူးဗျာ။ ညီမလေး လုပ်ချင်ရင် မလုပ်ရဲတာ ဘာမှ မရှိဘူးဆိုတာ အစ်ကို ယုံပြီးသား။ ညီမလေးပြောပုံကို သဘောကျလို့ ရီမိတာပါ။ အင်း- တကယ်တော့ အစ်ကို လိုသွားတာ။ သူပုန်ဆိုတာမှာ တောခိုပြီး အခိုင်အမာစခန်းတည်ဆောက်၊ ရန်သူကို ရင်ဆိုင်တဲ့ သူပုန်ရှိသလို မြို့ပြသူပုန်လဲ ရှိတယ်ဆိုတာ ညီမလေးကို အစ်ကို မပြောပြခဲ့မိဘူး”

“မြို့ပြသူပုန်၊ ဟုတ်လား အစ်ကို”

စကားလုံးအသစ်လေးက သူမ နှလုံး ခုန်သံကို ကျယ်လောင်သွားစေခဲ့သည်။

(၂)

“မြို့ပြသူပုန် (urban guerrilla) ဆိုတာကလဲ တောထဲတောင်ထဲမှာ အခြေစိုက် တော်လှန်နေကြသူတွေလိုပဲ ဖိနှိပ်တဲ့ အာဏာရှင်တွေကို တိုက်ပွဲဝင် တော်လှန်နေသူတွေပဲ ညီမလေး။ တခုပဲ ကွာတာက operation area ဖြစ်တဲ့ လှုပ်ရှားနယ်မြေပဲ။ မြို့ပြသူပုန်ရဲ့ တော်လှန်ရေး လှုပ်ရှားနယ်မြေက မြို့ကြီးတွေပဲ”

အစ်ကို ရှင်းပြနေသည်များကို သူမစိတ်ဝင်တစားနှင့် နားထောင်နေမိသည်။ မြို့ပြသူပုန်ဆိုသော စကားလုံးလေးကို ကြားလိုက်ရကတည်းက သူမရင်ထဲက ရင်ခုန်သံတွေ ကျယ်လောင်လာခဲ့ဖူးသည်။ ဒီစကားလုံးလေးက သူပုန်လုပ်ပြီး မတရားမှုကို ပုန်ကန်လိုသော သူမရဲ့ သွေးတွေကို ပွက်ပွက်ဆူနေစေခဲ့သည်။ ဒါကြောင့်လဲ အသေးစိတ်ရှင်းပြဖို့ အစ်ကို့ကို သူမပြောရသည်။ ဒီဇင်ဘာ ကျောင်းပိတ်ရက်ကာလမှာ အစ်ကိုလဲ အားနေသလို သူမလဲ အားနေသည်။ သူငယ်ချင်း အိမ်တွေသွားမယ်ဆိုပြီး အိမ်ကကားမောင်းသမားကို သူငယ်ချင်းတွေအိမ်မှာ ချခိုင်း၊ ရောက်ရာနေရာမှာ ငါးမိနစ်လောက်နေပြီးမှ တက္ကစီနဲ့ တခါပြန်ထွက်၊ လာကြိုမယ့်အချိန်မရောက်ခင် ကြိုပြန်လာရတာမှ လွဲ၍ သူမ ဆီမှာ အခက်အခဲက သိပ်မရှိလှ။ သူမသိချင်၊ လုပ်ချင်ပြီဆိုလျှင် ဒိထက်ခက်တဲ့ အခက်အခဲ ဘယ်လောက်ပဲ ကြုံကြုံ၊ မရရအောင် ကြိုးစားလုပ်ဖို့ ဇွဲခတ်တတ်တာကလဲ သူမရဲ့ ဗီဇစိတ်။
“တောမှာ သူပုန်ထရင် သူပုန်နဲ့ ဓားပြတွေ၊ မှောင်ခိုတွေကို ရောထွေးပြီး အထင်လွဲအောင် အာဏာရှင်တွေက လုပ်တတ်တယ်။ ဒီလိုပဲ မြို့မှာ သူပုန်ထရင်လဲ သူပုန်တွေနဲ့ ရာဇ၀တ်မှု လုပ်နေသူတွေကို ရောထွေးပြီး အထင်လွဲအောင် လုပ်ခံရတတ်တယ်။ ဒါပေမယ့် သူပုန်ဆိုတာမှာက ဘာနဲ့မှ မတူတဲ့ ၀ိသေသ တွေရှိတယ်။ သူပုန်တွေဆိုတာက လူထုကို ထိခိုက်အောင် မလုပ်ဘူး။ သူတို့ရဲ့ ပစ်မှတ်က ဖိနှိပ်တဲ့ အာဏာရှင်တွေနဲ့ အာဏာရှင်ယန္တရားတွေပဲ ဖြစ်တယ်။ သူပုန်တွေမှာ နိုင်ငံရေး ရည်မှန်းချက်ရှိတယ်။ ပြီးတော့ သူပုန်တွေဆိုတာက ဖိနှိပ်တဲ့ အာဏာရှင်တွေကို အဖိနှိပ်ခံ ပြည်သူလူထုဘက်က ရပ်တည်တော်လှန်ပေးသူတွေဖြစ်တယ်။ ဒါကြောင့် မြို့ပြသူပုန်တယောက်ဟာ လိုအပ်လို့ လက်နက်ကိုင်တိုက်ပွဲ ဆင်နွှဲရတဲ့အခါမှာ ရန်သူစစ်အာဏာရှင် စနစ်ကိုပဲ ပစ်မှတ်ထားရမယ်။ မြို့ပြသူပုန်တယောက်ရဲ့ အဓိက ရည်မှန်းချက်တာဝန်ကတော့ ရန်သူစစ်အာဏာရှင်တွေနဲ့ စစ်အာဏာရှင် ဒေါက်တိုင်တွေကို စိတ်ဓာတ်ပိုင်းဆိုင်ရာ ဖရိုဖရဲဖြစ်စေမှု၊ အက်ကြောင်းထစေမှု၊ လူထုနဲ့ တော်လှန်ရေး ပေါင်းစပ်နိုင်အောင် ပြင်ဆင်တည်ဆောက်မှုတွေနဲ့ အာဏာရှင်ယန္တရားကို ဖြိုလဲပစ်နိုင်ဖို့ပဲ ဖြစ်တယ်”

“အဲလိုတွေ ဖြစ်အောင်လုပ်ဖို့ ဘာတွေလိုမလဲအစ်ကို။ ဘာတွေ ပြင်ဆင်ရမလဲ”
စိတ်အားထက်သန်စွာဖြင့် သူမ၀င်မေးမိသည်။

“အရေးကြီးဆုံး လိုအပ်ချက်ကတော့ ကိုယ်ရည်ကိုယ်သွေး အရည်အချင်းပဲ ညီမလေး။ သူပုန်လုပ်မယ့်လူ တယောက်ဟာ သတ္တိရှိရမယ်၊ ဆုံးဖြတ်ချက် ချမှတ်နိုင်စွမ်းရှိရမယ်၊ နယ်မြေကျွမ်းအောင် လေ့လာထားရမယ်။ ကိုယ်လှုပ်ရှားရမယ့် နယ်မြေက ကိုယ့်နယ် မဟုတ်တဲ့အခါ အစစအရာရာ ကြိုတင်ပြင်ဆင်ရမယ်။ ဒီနယ်ရဲ့ ဓလေ့ထုံးစံ၊ လုပ်ရိုးလုပ်စဉ်တွေ၊ နယ်မြေခံလူထု အခြေအနေတွေ၊ နယ်မြေထဲက ရန်သူ့လူအ၀င်အထွက် အနေအထားတွေ၊ ရန်သူ့သတင်းပေးတွေကိုပါ တတ်နိုင်သမျှ လေ့လာ ထားရမယ်။ ဆရာဝန်၊ ကျူရှင်ဆရာ၊ စာရေးဆရာစတဲ့ အသက်မွေးဝမ်းကျောင်း တခုခု ပြထားနိုင်ရင် လျှို့ဝှက်လုပ်ငန်းတွေအတွက် အသုံးဝင်တယ်။ မဟုတ်ရင်လဲ နယ်မြေခံလူထုနဲ့ ရင်းနှီးအောင် ကုန်စုံဆိုင်ဖွင့်တာမျိုး၊ စာအုပ်အငှားဆိုင်ဖွင့်တာမျိုး စတာလေးတွေပေါ့။ မြို့ပြသူပုန်တယောက်မှာ ဆက်သွယ်ရေးကိရိယာ၊ လက်နက်ပစ္စည်းစတွေက အားနည်းတယ်။ အလွယ်တကူ သယ်ယူရွှေ့ပြောင်းလို့လဲ မရဘူး။ ဒါကြောင့် ကိုယ်နေထိုင်တဲ့ နေရာနဲ့ ပတ်သက်ပြီး အ၀င်လမ်း၊ အထွက်လမ်းတွေကို သေချာ ဂရုတစိုက် ရွေးချယ်ရမယ်။ ၀ိုင်းဝန်းပိတ်ဆို့ ဖမ်းဆီးဖို့ အခွင့်အလမ်း နည်းပါးတဲ့ နေရာမျိုး၊ ရန်သူုကို ကိုယ့်ဘက်က ကြိုပြီး လက်ဦးမှု ယူနိုင်မယ့် နေရာမျိုးကို ရွေးချယ်ဖို့ လိုအပ်တယ်။ နောက်တချက်က လက်နက်ပစ္စည်း။ တကယ်သာ အသုံးပြုတတ်ရင် မီးဖိုချောင်က ဓားတချောင်းကလဲ သေနတ်တလက်လို အသုံးဝင်ပါတယ်”

အစ်ကို့စကားကြောင့် သူမ မျက်လုံးပြူးသွားသည်။
“အစ်ကိုပြောသလိုဆို ဓားပေါက်၊ ဓားထိုးနည်းတောင် သင်ထားရမလိုပဲ”
“လိုအပ်ရင် ပြောတာပါ။ ဘာပညာပဲဖြစ်ဖြစ် သင်ထားရင်တော့ မမှားဘူးပေါ့။ မြို့ပြသူပုန်တယောက်ဟာ အရေးကြုံချိန်မှာ အထက်က ညွန်ကြားချက်ကို စောင့်လို့ မရဘူး။ ကိုယ်ကြုံနေရတဲ့ ပြဿနာ အခက်အခဲတွေကို ကိုယ့်ဘာသာကိုယ် အကောင်းဆုံး ရင်ဆိုင်ဖြေရှင်းနိုင်ဖို့ ကြိုးစားကြရတယ်။ ဒီအတွက် ကိုယ်ပိုင်ဆုံးဖြတ်ချက်၊ အတွေးအခေါ်တွေနဲ့ လျင်လျင်မြန်မြန် လှုပ်ရှားနိုင်မှုက အရေးကြီးတယ်။ ဆုံးဖြတ်ချက် ချရမှာကို မကြောက်ရဘူး။ ရန်သူနဲ့ ရင်ဆိုင်ဆုံမိတဲ့အခါ မတွေဝေရဘူး။ အခြေအနေပေါ် မူတည်ပြီး သူပစ်ကိုယ်ပစ်၊ သူသတ်ကိုယ်သတ် လုပ်ရတာလဲ ရှိချင်ရှိမှာပဲ။ အဆိုးဆုံးအခြေအနေတွေနဲ့ ကြုံရတဲ့အခါ သွေးအေးဖို့ လိုတယ်။ သူပုန်တယောက်ဟာ အအိပ်အစားကိစ္စတွေမှာ ဂျီးမများရဘူး။ ဘယ်လိုအခြေအနေမျိုးပဲ ဖြစ်ဖြစ် နေနိုင်ရမယ်။ ရန်သူက မရိပ်မိခင်မှာ တခြားအသက်မွေးဝမ်းကျောင်းတွေ ရှေ့က ပြပြီး နေပြတတ်ဖို့ လိုအပ်သလို ရန်သူက ရိပ်မိသွားချိန်တွေမှာ ပုန်းအောင်းနေထိုင်နည်းတွေလဲ သိရမယ်။ ပင်ပန်းတာ၊ ဆာလောင်မွတ်သိပ်တာ၊ ရာသီဥတုဒဏ်၊ နေထိုင်မကောင်းဖြစ်တဲ့ ဒဏ်တွေမှာလဲ စိတ်ဓာတ်ကို အကျမခံပဲ ကျားကန်နိုင်ရမယ်။ သူပုန်တယောက်အတွက် အရေးကြီးဆုံးက စိတ်ဓာတ်ခိုင်မာမှုပဲ။ ဘာလို့လဲဆိုတော့ ကိုယ်ရင်ဆိုင်ရတဲ့ ရန်သူက ကိုယ့်ထက် အင်အားကြီးတဲ့ ရန်သူ ဖြစ်နေတာကြောင့်ဖြစ်တယ်။ ဒါပေမယ့် ဒီလိုအင်အားကြီးတာကို ဘာမှတွေးပြီး စိုးရိမ်စရာတော့ မလိုဘူး။ ဘာလို့လဲ ဆိုတော့ ရန်သူအာဏာရှင်တွေ ဆိုတာက လူထုကို ဖိနှိပ်နေတဲ့ လူထုရဲ့ ချဉ်ဖတ်တွေ။ သူပုန်တွေဆိုတာကကျတော့ လူထုရှေ့က ရပ်တည်ပေးနေတဲ့၊ အမှန်တရားအတွက် တိုက်ပွဲဝင်နေတဲ့ သူတွေ ဖြစ်လိုပဲ။ တချိန်ကျရင် တရားသောစစ်ကပဲ အနိုင်ရပါတယ် ညီမလေး။ တကမ္ဘာလုံးက စစ်အာဏာရှင်စနစ်တွေ အားလုံး တစတစ ပြိုလဲကျနေပြီပဲ”

“အဲဒါကတော့ ယုံတယ်အစ်ကို။ ညီမလေးဆီမှာ ရန်သူက အင်အားကြီးလို့ အနိုင်ရမှာပဲ ဆိုတဲ့ အတွေးမျိုးတွေ၊ စိုးရိမ်စိတ်တွေ၊ အားငယ်စိတ်တွေ တခါမှ မ၀င်ဖူးဘူး။ အားကြီးတဲ့လူက အားနည်းသူကို အနိုင်ယူနိုင်တယ်ဆိုတာ တိရစ္ဆာန်လောကမှာပဲ ရှိပါတယ်အစ်ကို။ လူ့လောကမှာတော့ ဘယ်လောက် အားကြီးတဲ့ အာဏာရှင်တွေပဲဖြစ်ဖြစ် တရားမျှတတဲ့ ပုန်ကန်မှုတွေကို မနှိမ်နင်းနိုင်ပါဘူး။ တော်လှန်ရေး သမားတွေဆိုတာက ဘိုးဘိုးအောင် ၀လုံးလေးတွေလိုပဲ လို့ ညီမလေးတော့ ယုံတယ်။ တယောက်ကို သတ်ရင် နောက်နှစ်ယောက်ထွက်လာမှာပဲ။ ဆယ်ယောက်ကို ထောင်ချရင် အယောက်တရာ ထပ်ထွက်လာဦးမှာပဲ။ ဘာလို့လဲဆိုတော့ အဖိနှိပ်ခံ ပြည်သူတွေ ဆိုတာက ဖိနှိပ်သမျှ လည်စင်းခံပေးနေမယ့် တိရစ္ဆာန်တွေ မဟုတ်လို့ပဲ။ လူတွေ ဖြစ်နေကြလို့ပဲ။ အားမတန်လို့သာ ခဏမာန်လျှော့ချင်လျှော့ထားကြမယ်။ ရင်ထဲက ပုန်ကန်လိုစိတ်တွေကတော့ အဖိနှိပ်ခံ ပြည်သူတွေရဲ့ ရင်ထဲမှာ ဘယ်တော့မှ ပျောက်ကွယ်သွားမှာ မဟုတ်ဘူး”

“အစ်ကိုလဲ ဒါကို ယုံတယ် ညီမလေး။ အစ်ကိုတို့ ပြည်သူတွေဟာ တခါတရံမှာ ခေါင်းငုံ့ချင် ငုံ့နေကြမယ်။ ဒါပေမယ့် ဒါဟာ အာဏာရှင်တွေကို ကြောက်ရွံ့ပြီး လုပ်သမျှ လည်စင်းခံပေးဖို့ မဟုတ်ဘူး။ ခေါင်းငုံ့ရင်း ဓားသွေးနေကြတာပါ။ ဓားတွေ ထက်လာတဲ့ တနေ့မှာ အာဏာရှင်ယန္တရားတွေကို တစစီ ဖြစ်အောင် ခုတ်ထစ်ခြေမွကြလိမ့်မယ်။ ဒီလို မခြေမွနိုင်သေးချိန်မှာတော့ အစစအရာရာ ကြိုတင်ပြင်ဆင်ပြီးမှ တိုက်ပွဲဝင်ကြရမယ်။ စိတ်ဓာတ်တွေ ကြံ့ကြံ့ခိုင်ထားကြရမယ်။ အာဏာရှင်ဘက်တော်သားတွေဟာ ကိုယ့်ထက် သာလွန်တဲ့ လက်နက်တွေကို ကိုင်ထားနိုင်မှာ အသေအချာပဲ။ ဒါပေမယ့် စိတ်ဓာတ်လက်နက်မှာတော့ အစ်ကိုတို့ သူပုန်တွေကို မမှီဘူး။ သူပုန်တယောက်ရဲ့ အရာရာကို စွန့်ထားရဲတဲ့ စိတ်ဓာတ်ဟာ အာဏာရှင်ဘက်တော်သားတွေရဲ့ ကြေးစားစိတ်တွေထက် အဆမတန် ပိုမြင့်မြတ်တယ်။ ပိုထက်မြက်တယ်။ အစ်ကိုကတော့ ဆုံးဖြတ်ထားပြီးသား။ အစ်ကို့ဘ၀တသက်တာမှာ လူ့အသက်နဲ့ ယုံကြည်ချက်စိတ်ဓာတ် အထဲက တခုကိုပဲ ရွေးရတော့မယ်ဆိုရင် အသက်ကိုပဲ အသေခံမယ်။ စိတ်ဓာတ်ကိုတော့ အသေမခံဘူး။ ကိုယ့်ဝိညာဉ်က အသက်မရှိတဲ့ ကိုယ့်ခန္ဓာကို ပြန်ပြီး အလေးပြုနိုင်စေရမယ်။ ယုံကြည်ချက်သေပြီး အသက်ရှင်နေတဲ့ ခန္ဓာကိုယ်ကြီးကို ကိုယ်မလိုချင်ဘူး။ ရွံရှာစက်ဆုပ်မိလိမ့်မယ်”

“ညီမလေးလဲ အဲလိုပါပဲ။ ညီမလေးရဲ့ ဘ၀မှာ အသက်စွန့်ဖို့ လိုအပ်လာတဲ့ အခြေအနေမျိုးနဲ့ ရင်ဆိုင်ကြုံတွေ့လာရတဲ့အခါ နောက်တွန့်တွေဝေမယ့် သွေးတွေ ညီမလေး သွေးကြောထဲမှာ ရှိမနေစေရဘူး။ တကယ်လို့များ ညီမလေးရဲ့ ကိုယ်ခန္ဓာတထောင့် တနေရာမှာများ ဒီသွေးတွေ ရှိနေခဲ့ရင် ညီမလေးကိုယ်တိုင် ဖောက်ထုတ်ပစ်မယ်”

စကားများ အဆုံးမှာ သူမတို့ နှစ်ယောက် အကြည့်ချင်း ဆုံမိကြသည်။ တူညီသော စိတ်များအတွက် တယောက်ကိုတယောက် လေးစားတန်ဖိုးထားမိကြသည်။ ဆုပ်ကိုင်မိကြသော လက်ဖ၀ါးနှစ်ခုမှသည် တော်လှန်ရေးသစ္စာတရားတို့ အပြန်အလှန် စီးဆင်းသွားခဲ့သည်ဆိုတာကတော့ အသေအချာပင်။

(၃)

“အစ်ကို ညီမလေးကို ဟိုကိစ္စ သင်ပေးမယ်ဆို”
သူမက အားတက်သရောပြောတော့ အစ်ကိုက ပြုံးသည်။ မနေ့က နည်းပညာပိုင်းဆိုင်ရာ ပြင်ဆင်ထားသင့်သည့် အချက်များကို အစ်ကိုက ပြောပြလေသည်။ ရေကူးခြင်း၊ တောလမ်းခရီးသွားခြင်း၊ ကားမောင်းခြင်း၊ ကားစက်ပြင်ခြင်း၊ ရေဒီယိုအသုံးပြုခြင်း၊ တယ်လီဖုန်းသုံးခြင်း၊ မြေပုံဖတ်ခြင်း၊ ဓာတုဗေဒနှင့် အီလက်ထရောနစ် နည်းပညာ အခြေခံများ၊ စာကူးနည်း၊ စာရိုက်နည်းများ၊ တံဆိပ်တုံး လုပ်နည်းများ၊ ရှေးဦးသူနာပြု၊ ဆေးဝါးအခြေခံစသည်များကို တတ်ကျွမ်းထားသင့်ကြောင်း အစ်ကိုက ပြောရင်း မဖြစ်မနေ သိထားသင့်သည့် ကိစ္စတခုကိုလဲ အခြေခံ သင်ပေးမည်ဟု ဆိုလေသည်။
“ပြောသာပြောရတယ်။ ညီမလေးကလေ မီးမလာရင်တောင် ဖယောင်းတိုင်ပဲ ထွန်းတယ်။ မှန်အိမ်မှာ မီးစာကို မီးညှိတာတောင် လုပ်တာ မဟုတ်ဘူး”
သူမက ဆက်ပြောတော့ အစ်ကိုက မပြုံးပဲ ၀ါးလုံးကွဲရယ်လေသည်။
“ဒါပေမယ့်လဲ မတူဘူးလေနော်။ လိုအပ်မှာတွေအားလုံးကို အစ်ကိုသင်ပေးထားသမျှ ညီမလေး ကြိုးစားသင်ထားမှာပါ။ တချိန်မှာ မလိုလာဘူးလို့ မှ ပြောလို့ မရတာပဲနော်”
သူမတို့ ဆရာ၊ တပည့်နှစ်ယောက်က အဲလိုပဲ အတိုင်အဖောက်ညီ ကြပါသည်။ မြို့ပြ တိုက်ပွဲ ပုံဖော်ခြင်း နည်းဗျူဟာများကိုလဲ အစ်ကိုက အသေးစိတ်ရှင်းပြပါသည်။ လူထုတိုက်ပွဲနှင့် ပေါင်းစပ်နိုင်ရေး၊ စည်းရုံးရေး၊ သတင်းထောက်လှမ်းရေးများ မည်မျှ အရေးကြီးကြောင်းကိုလဲ ဆက်ပြောပြသည်။

“အရေးကြီးဆုံးကတော့ လက်ဦးမှု ယူနိုင်ဖို့ပဲ ညီမလေး။ အခြေအနေက ကိုယ့်လက်ထဲမှာ ရှိနေရမယ်။ ရန်သူ့လက်ထဲ မရှိရဘူး။ ရန်သူ့အင်အားကို ကိုယ်သိရမယ်၊ ရန်သူ့နေရာကို ကိုယ်သိရမယ်။ ဒါပေမယ့် ကိုယ့်ကို ရန်သူမသိအောင် တတ်နိုင်သမျှ ဖုန်းကွယ်နေရမယ်။ ကိုယ့်နေရာကို ရန်သူမသိစေရဘူး။ ကိုယ့်အင်အားကို ရန်သူ မသိစေရဘူး။ ဘာပဲလုပ်လုပ် လုံခြုံရေးကို နံပါတ်တစ်အနေနဲ့ စိတ်ထဲမှာ ထားရမယ်။ သတင်းမှားတွေ ပေးရမယ်။ ဗယ်ခြောက်ညာလှမ်းတွေ လုပ်ရမယ်။ နယ်မြေကျွမ်းကျင်အောင် လုပ်ရမယ်။ ကဲ- အခု ညီမလေး မန္တလေးမှာ ကျောင်းသွားတက်တယ်နော်။ ညီမလေး နေတဲ့ ရပ်ကွက်ကို ညီမလေး လေ့လာထားဖို့လိုမယ်။ ပြီးတော့ မြို့အနှံ့။ ပြီးရင် မြို့ဝန်းကျင်။ ကားလမ်းခရီး၊ ကားဂိတ်တွေ၊ တည်းခိုခန်းတွေ။ ဒီတခေါက်ပြန်ရင် ညီမလေး နယ်မြေကျွမ်းအောင် လေ့လာကြည့်ကြည့်ပါလား။ ဒါတွေက မြို့ပြသူပုန်တယောက်အတွက် အရေးကြီးတယ်။ သူပုန်တယောက်ဟာ ကိုယ်လှုပ်ရှားမယ့် နယ်မြေရဲ့ ၀င်လမ်း၊ ထွက်လမ်းတွေ၊ ရဲတွေ ရှိတတ်တဲ့ နေရာတွေ၊ မီးပွိုင့်တွေ၊ လူဝင်လူထွက် နည်းတဲ့အချိန်၊ များတဲ့ အချိန်၊ တယ်လီဖုန်း ရှိတဲ့ နေရာတွေ၊ ဈေးဆိုင်တွေ၊ ကိုယ်ယောင်ဖျောက်နိုင်တဲ့ နေရာတွေကို သိနေရမယ်။ ရှောင်ဖို့ လိုတဲ့အခါ ငွေအင်အားရှိရင် လမ်းမတူတဲ့ ကားလမ်းခရီးတွေကို အချိန်တွေ ခွဲဝယ်ပြီး ရန်သူကို ပြန်လှည့်စားဖို့ လိုမယ်။ ရှောင်မယ့် အချိန်ကာလအတွက် နာမည်မတူတဲ့ နောက်ထပ် ကျောင်းသားကတ်ဖြစ်ဖြစ် တခုခု ကိုင်ထားနိုင်ရင် ပိုကောင်းတယ်။ ဒီအချက်က သတင်းအချက်အလက်နဲ့လဲ ပိုပြီး ဆိုင်လိမ့်မယ်။ ရန်သူကို သတင်းအချက်အလက်မှားတွေ ပေးပြီး အချိန်ဖြုန်းပေးဖို့လိုတယ်။ ရန်သူက ကိုယ်ဘာလုပ်နေလဲ ဆိုတာကို မသိစေဖို့ အထူးလျှို့ဝှက် ထားရမယ်။ ဒါပေမယ့် ရန်သူအကြောင်းကိုတော့ ကိုယ်က သိနေအောင် ကြိုးစားဖို့ လိုအပ်တယ်။ ကိုယ်နေတဲ့ ၀န်းကျင်က ရန်သူ့လူတွေကို ခွဲခြားသိနေနိုင်ရင် ပိုကောင်းတယ်။ သူတို့ခြေလှမ်းတွေကို သိနိုင်တယ်။ နောက်ထပ်အရေးကြီးဆုံး အချက်ကတော့ အချိန်အခါနဲ့ အညီ ဆုံးဖြတ်လုပ်ကိုင်နိုင်တဲ့ အရည်အချင်းပဲ။ ဘယ်လောက်ပဲ စီမံချက်တွေက ကောင်းနေပါစေ၊ လုပ်မယ့်လူရဲ့ ဆုံးဖြတ်လုပ်ကိုင်မှု မကောင်းရင် ကြန့်ကြာမှုတွေ၊ စီမံချက် ပျက်သွားတာတွေ ဖြစ်တတ်တယ်ညီမလေး”

“မြို့ပြသူပုန်ထတဲ့အခါ ဘယ်လိုစီမံချက်တွေ လိုလဲ အစ်ကို”

“ဒါကတော့ ကိုယ်တာဝန်ယူရတဲ့ အခြေအနေ၊ နယ်မြေ၊ တာဝန်အကြီးအငယ်၊ အမာလိုင်း၊ အပျော့လိုင်းအရ ကွာမှာပဲ။ တပ်အပ်ပြောလို့တော့ မရဘူး။ လက်တင်အမေရိက နိုင်ငံတွေမှာကတော့ အများစုကလက်နက်ကိုင်တာဆိုတော့ ချေမှုန်းရေး လုပ်လေ့ရှိကြတယ်။ ဒီလိုချေမှုန်းတာမှာ ပစ်မှတ်နေရာတွေကတော့ အာဏာရှင်တွေရဲ့ ရုံးဌာနတွေ၊ ရဲစခန်း၊ ယာဉ်တန်း၊ ရဲကား၊ စစ်ကား စတာတွေပဲ။ နောက်ထပ်တမျိုးကတော့ အချိန်အတိုင်းအတာတခုအထိ ၀င်ပြီး စီးနင်းတာပဲ။ ညဘက်ဆိုရင်တော့ ပိုထိရောက်တယ်။ အစောင့်အရှောက်နည်းတဲ့ ရုံးတွေကို ညဘက် ၀င်စီးနင်း၊ လျှို့ဝှက်စာတမ်းတွေယူ၊ ကိုယ့်အတွက် အသုံးမလိုတဲ့ ဖိုင်တွေဆို ဖျက်ဆီးပစ်လိုက်တာမျိုးတွေပေါ့။ နောက်တမျိုးကတော့ လူထုတိုက်ပွဲတွေ ဖြစ်လာတဲ့အခါ တချို့နေရာတွေကို သိမ်းပိုက်ထားတာပဲ။ ဥပမာ- စက်ရုံ၊ ကျောင်းဝင်း စတာမျိုးတွေ။ အဲဒီမှာ အရေးကြီးတာက သပိတ်စခန်းနားကို အာဏာရှင် ဒေါက်တိုင်တွေ အလွယ်တကူ မကပ်နိုင်အောင် အရံအတားတွေ လုပ်တာမျိုးပဲ။ ရန်သူ့ယာဉ်တန်းကို သပိတ်စခန်းတွေဆီ မရောက်ခင် ဖြတ်တိုက်တာတွေ၊ ရန်သူ့ဒေါက်တိုင်တွေ စုတတ်တဲ့ နေရာတွေကို ကြိုတင်ပြီး တိုက်ခိုက်တာတွေ၊ သက်ဆိုင်ရာ ရပ်ကွက်၊ မြို့နယ် အစုအဖွဲ့လေးတွေက သူ့နယ်နဲ့သူ ရန်သူ့ဒေါက်တိုင်ဖြိုဖျက်ရေး လုပ်ငန်းဆောင်တာတွေ လုပ်တာမျိုးတွေပေါ့။ ဒါတွေကတော့ အာဏာရှင်ဆန့်ကျင်ရေးမှာ အကြမ်းမဖက် လူထုတိုက်ပွဲပဲ လုပ်မှာလား၊ လူထုတိုက်ပွဲနဲ့ လက်နက်ကိုင်တော်လှန်ရေးကို ပေါင်းစပ်တိုက်ပွဲဝင်မှာလား ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ လုပ်နည်း လုပ်ဟန်တွေပေါ်မှာပဲ မူတည်ပါလိမ့်မယ်။ တော်လှန်ရေးတခုမှာ ခေါင်းဆောင်ရဲ့ လုပ်နည်းလုပ်ဟန် အပေါ် ရွေးချယ် ဆုံးဖြတ်ချက်ဆိုတာက သားသမီးကို ဘာအ၀တ်ဝတ်ပေးမလဲဆိုတဲ့ မိဘနဲ့ ဆုံးဖြတ်ချက်နဲ့အတူတူပဲ။ ကိုယ့်သားသမီး အရွယ်အစားနဲ့ အခြေအနေကို သိပြီး မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်ရင်တော့ အမြင်သင့်တော်ပြီး အောင်မြင်မှာပေါ့။ မရွေးချယ်နိုင်ရင်တော့လဲ ကိုယ့်သားသမီးကို အကျီင်္နီလေး ၀တ်ပေးပြီး နွားသိုးရှေ့ ခေါ်သွားတဲ့ မိဘလိုပဲ ဖြစ်မှာပေါ့။ ဒါကတော့ ခေါင်းဆောင်တွေရဲ့ အရည်အချင်းနဲ့ အတွေးအခေါ်တွေ အပေါ်မှာပဲ မူတည်တာမို့ အစ်ကို သိပ်မပြောတော့ဘူး။ ဘယ်လိုသဏ္ဍာန်နဲ့ပဲဖြစ်ဖြစ် ကိုယ့်တာဝန်ကိုယ် ကျေပြွန်ဖို့ကတော့ မြို့ပြသူပုန် တယောက်အတွက် အရေးကြီးဆုံးပဲ”

“ညီမလေး တခုမေးမယ်နော် အစ်ကို။ လူထုတိုက်ပွဲဖြစ်လာတဲ့အခါ လူတွေအများကြီး လမ်းပေါ် ထွက်လာမှာပဲ။ လူထုစစ်ကြောင်းတွေဖွဲ့ပြီး ချီတက်ဆန္ဒပြမှာပဲ။ အဲဒီမှာ လူထုနဲ့ စစ်တပ်၊ ရဲတွေ ထိပ်တိုက်တွေ့တဲ့အခါ ဘယ်လို လုပ်မလဲ။ ရန်သူက လူစုခွဲခိုင်းမယ်။ ကိုယ့်ဘက်က မခွဲဘူး။ တရားဟောတာတွေ ဘာတွေလုပ်မယ်။ ပစ်တော့မှ ပြေးမယ်။ တနေရာမှာ ပြန်စုမယ်။ အဲလိုမျိုးပဲလား”

“ညီမလေးကို ခုနတုန်းက အစ်ကို ပြောသလိုပဲ။ ဒီကိစ္စက လူထုတိုက်ပွဲကို အကြမ်းမဖက် ဆန္ဒပြတဲ့ အနေနဲ့ပဲ လုပ်မှာလား။ လက်နက်ကိုင် တိုက်ခိုက်မှုနဲ့ ပေါင်းစပ်မှာလား ဆိုတာပေါ်မှာ မူတည်တယ်။ ဥပမာ- ဖိလစ်ပိုင်နိုင်ငံတုန်းကတော့ လူထုအင်အားကိုပဲ လုံးဝ သုံးသွားတယ်။ သံချပ်ကာကားတွေ ပင်မ သပိတ်စခန်းကို ချီတက်လာတဲ့အခါမှာ လူတွေက လမ်းမဖယ်ပေးပဲ ငုတ်တုတ်ထိုင်ချလိုက်ကြတယ်။ နောက်ဆုံး သံချပ်ကာကားတွေ ဆုပ်သွားတယ်။ ဒါက အကြမ်းဖက်မှု လုံးဝမပါပဲ လူထုအင်အားတခုတည်းပဲ သုံးခဲ့တဲ့ပွဲ။ ဘရာဇီးတုန်းကတော့ ဘရာဇီးကျောင်းသားတွေက ပြန်ပြီး ခုခံခဲ့ကြတယ်။ ရဲတွေက ရှေ့တိုးလာပြီး ဆန္ဒပြသမားတွေထဲက ခေါင်းဆောင်လို့ ယူဆသူတွေ၊ အလံကိုင်တွေ၊ ရှေ့တန်းက လူတွေကို ၀င်ဆွဲဖမ်းတဲ့အခါ လူအုပ်က ငြိမ်မနေဘူး။ တိုးလာတဲ့ ရဲတွေကို လူအုပ်ထဲ ကျွံဝင်လာအောင် လုပ်ပြီးမှ ပြန်ဝိုင်းလိုက်ကြတယ်။ တဘက်မှာ ဖရိုဖရဲဖြစ်နေတုန်း၊ အရေးပါတဲ့ ခေါင်းဆောင်တွေကို ဆွဲထုတ်သွားကြတယ်။ ပြီးတော့ ရဲတွေ နေရာယူတတ်တဲ့ နေရာမျိုးတွေကို ကြိုပြီး ခန့်မှန်းတာ၊ သတင်းရယူတာတွေ လုပ်ထားလို့ရတယ်။ အဲဒီအခါ ဆန္ဒပြ စစ်ကြောင်းက ရှေ့နောက်ပိတ်ပြီး ပြန်ဝိုင်းတာမျိုး ဖန်တီးလို့ ရတယ်။ နီးစပ်ရာ အဆောက် အဦးတွေကနေ နေရာကြိုယူုပြီး တိုက်ခိုက်တာတွေ လုပ်လို့ရတယ်။ နောက်တခု အရေးကြီးဆုံးက လူထုအစည်းအဝေးတွေ လုပ်တဲ့အခါ escape plan ရှိဖို့ပဲ။ ဒါတွေ မရှိပဲ ဘယ်တော့မှ လူထုအစည်းအဝေးတွေ မခေါ်ရဘူး။ ချီတက်တဲ့ လမ်းကြောင်းကို ရွေးတဲ့အခါ ဘယ်လိုနေရာမျိုးမှာ ထောင်ချောက် ဆင်ခံရနိုင်တယ်။ ဘယ်လိုနေရာမျိုးမှာ အာဏာရှင် လက်ကိုင်ဒုတ်တွေ စုဝေး ထားနိုင်တယ် ဆိုတာတွေ ကြိုတင်ပြင်ဆင်ပြီးမှ စစ်ကြောင်းတွေ လွှတ်သင့်တယ်။ မလွှတ်ခင် ကတည်းက စစ်ကြောင်းချီတက်ရာ လမ်းတလျှောက်က အားနည်းချက်ရှိနေနိုင်တဲ့ နေရာ တွေကို ကိုယ့်ရှေ့ပြေးတွေ ကြိုလွှတ်ထားသင့်တယ်။ ဒီလို လူထုနဲ့ တွဲပြီး လူထုတိုက်ပွဲထဲမှာ ပါတဲ့ မြို့ပြသူပုန်ကို လက်တင် အမေရိကနိုင်ငံတွေကတော့ မြို့ပြဆန္ဒပြသူပုန်လို့ ခေါ်ကြတယ်”
(၄)
“ဟိုနေ့က အစ်ကိုပြောတဲ့ မြို့ပြဆန္ဒပြ သူပုန်အကြောင်းလေး ဆက်ပါဦးအစ်ကို”
“ မြို့ပြဆန္ဒပြသူပုန်ဆိုတာက လူထုတိုက်ပွဲတွေ ဖော်ဆောင်တဲ့ မြို့ပြသူပုန်ပေါ့။ အစ်ကိုက ဒါကြောင့် ညီမလေးကို ပြောတာလေ။ သူပုန်လုပ်ချင်တယ် ပြောမနေနဲ့။ ညီမလေးကိုယ်တိုင်ကိုက သူပုန်ဖြစ်နေပြီးသား ဆိုတာ။ အဲဒါကို ပြောတာ။ လူထုတိုက်ပွဲဖော်ဆောင်ဖို့ ပြင်ဆင်တာ၊ လှုံ့ဆော်တာ၊ တည်ဆောက်တာ၊ အစုအဖွဲ့သမဂ္ဂတွေ ဖွဲ့စည်းတာတွေ အားလုံးဟာ မြို့ပြဆန္ဒပြသူပုန်တွေရဲ့ လုပ်ငန်းတာဝန်တွေပဲ။ အာဏာရှင်တွေကလဲ ဒါကို သိပ်ကြောက်ကြတယ်။ ဘာကြောင့်လဲ ဆိုတော့ ကြီးမားကျယ်ပြန်တဲ့ လူထုတိုက်ပွဲတွေဟာ အစိုးရအုပ်ချုပ်ရေးယန္တရားကို ရပ်တန့်ပစ်နိုင်လို့ပဲ။ ဒီနေရာမှာ အစိုးရအုပ်ချုပ်ရေး ယန္တရား ရပ်တန့်တာနဲ့ အစိုးရအဖွဲ့ဝင်တွေ တယောက်က တယောက် ပြောင်းသွားတာ မတူဘူး။ အစ်ကိုတို့ ရှစ်လေးလုံးတုန်းက လူထုတိုက်ပွဲနဲ့ အစိုးရအဖွဲ့ဝင်တွေ တယောက်က တယောက် ပြောင်းသွားအောင်တော့ လုပ်နိုင်ခဲ့တယ်။ ရုံးဌာနတွေ တော်တော်များများ သပိတ်တိုက်ပွဲတွေမှာ ပူးပေါင်းပါဝင်ခဲ့ကြတယ်။ ဒါပေမယ့် အစိုးရအုပ်ချုပ်ရေးယန္တရားရဲ့ အသက်ဝင်နေမှုကို မရပ်တန့်နိုင်ခဲ့ဘူး။ အုပ်ချုပ်ရေး ယန္တရားသစ်တခုနဲ့ အစားထိုးပြီး တည်ဆဲ အုပ်ချုပ်ရေးကို အစားမထိုးနိုင်ခဲ့ဘူး။ ဒါကြောင့် အာဏာပြန်သိမ်းခံခဲ့ရတာပဲ”

“ညီမလေးက အဲလိုမသိထားခဲ့ဘူး။ အစိုးရသုံးခုပြုတ်ကျခဲ့တယ်လို့ လူပြောသူပြောတာတွေနဲ့ အောင်မြင်ခဲ့တယ်လို့ပဲ သိထားခဲ့တာ”

“မအောင်မြင်လို့ပဲ ခုညီမလေးတို့၊ အစ်ကိုတို့ ဆက်တိုက်နေရတာပေါ့ ညီမလေးရဲ့။ တော်လှန်ရေး လုပ်တဲ့အခါ အဲဒီ တ၀က်တပျက် အောင်မြင်မှုတွေနဲ့ ကိုယ့်ကိုကိုယ်ပြန်နှစ်သိမ့်ပြီး သာယာမှုတွေကို ရှောင်နိုင်ရမယ်။ ဒီအချက်က တော်တော် အရေးကြီးတယ်။ ဥပမာ- ဆယ်တန်းကျတဲ့လူက ထုတ်ထားတဲ့ အမှတ်စာရင်းကြည့်ပြီး သူဂုဏ်ထူးသုံးခု ရပါတယ်လို့ ကြည်နူးဝမ်းသာ နေသလိုနဲ့ တူတယ်။ အမှတ်စာရင်းအရ ဂုဏ်ထူးသုံးခုပါနေပေမယ့် ခြောက်ဘာသာလုံး မအောင်တော့ ကျတာက ကျတာပဲလေ။ အဲဒီပကတိ အမှန်ကို သိပြီး၊ ကိုယ့်အားနည်းချက်၊ အားသာချက်ကို ပြန်ရှာနိုင်ဖို့ပဲ။ မဟုတ်ရင် အထည်ကြီးပျက်စိတ်တွေ ပေါ်လာတတ်တယ်။ တချိန်က ရွှေထီးဆောင်းခဲ့ရတာကို အရသာခံ စိတ်ကူးယဉ်နေလို့ ဘာမှ မထူးဘူး။ လက်ရှိ မိုးရေထဲမှာ ဖိနပ်မပါပဲ လျှောက်နေရတဲ့ဘ၀ကနေ ဘယ်လို တိုးတက်အောင် လုပ်မလဲဆိုတာက ပကတိအခြေအနေရဲ့ လိုအပ်ချက်တရပ်ပဲ”

“အစ်ကို ပြောလိုက်တော့မှပဲ ညီမလေး သဘောပေါက်သွားတော့တယ်။ ပကတိအခြေအနေကို သဘောပေါက် လက်ခံဖို့လိုတယ်ဆိုတာ။ ဒီစကားက တော်လှန်ရေးအတွက်တင်မဟုတ်ပါဘူး။ လူ့ဘ၀အတွက်လဲ အရေးကြီးတဲ့ စကားတရပ်လို့ မြင်ပါတယ်။ ညီမလေး တသက်လုံး မှတ်ထားမယ် အစ်ကို”

“အရေးကြီးတယ် ညီမလေး။ လူတယောက်ပဲဖြစ်ဖြစ်၊ တော်လှန်ရေးတရပ်ပဲဖြစ်ဖြစ်၊ နောက်ဆုံး နိုင်ငံတနိုင်ငံပဲဖြစ်ဖြစ် ပကတိအခြေအနေကို သိနေဖို့ အရေးကြီးဆုံးပဲ။ မြို့ပြသူပုန်တွေ၊ တော်လှန်ရေးသမားတွေ အတွက်ကတော့ ဒီအချက်ဟာ ကိုယ့်အသက်၊ ကိုယ့်ဘ၀၊ ဒါမှမဟုတ်ရင် ကိုယ့်ရဲဘော်တွေရဲ့ အသက်တွေ၊ ဘ၀တွေနဲ့ပါ ရင်းရလောက်တဲ့အထိ အရေးကြီးတယ်။ လူဆိုတာ ကိုယ့်ပကတိအခြေအနေကို နားလည်ရတယ် ညီမလေး။ ငါဘာလဲဆိုတာ ကိုယ့်ဘာသာ ကိုယ်ပြန်မေးရမယ်။ မြို့ပြသူပုန်လား၊ တော်လှန်ရေးသမားလား၊ စာနယ်ဇင်းသမားလား၊ မြေအောက်ရဲဘော်လား၊ မြေပေါ်နိုင်ငံရေးသမား ဆိုတာ ကိုယ့်ဘာသာကိုယ် ပြန်မေးဖို့ လိုတယ်။ ကိုယ့်အခြေအနေကို ကိုယ်သိဖို့ လိုတယ်။ အဖိနှိပ်ခံ ပြည်သူတွေဘက်က ရပ်တည်ပြီး ဖိနှိပ်တဲ့ အာဏာရှင်ကို တော်လှန်နေတဲ့ တော်လှန်ရေးသမားတယောက်ဟာ ကိုယ့်ရဲ့ နမော်နမဲ့နိုင်မှုကြောင့် ကိုယ့်ရဲဘော်တွေနဲ့ ကိုယ့်ကို ထောက်ခံနေတဲ့ ပြည်သူတွေ ဒုက္ခမရောက်အောင် အတတ်နိုင်ဆုံး စောင့်ထိန်းနိုင်ရမယ်။ စကားသိပ်များတဲ့ လူတွေ ကိုယ့်ကလာဘ်စည်းထဲ ရောက်လာရင် သတိသာ ထားပေတော့။ လျှို့ဝှက်ရမယ့် လုပ်ငန်းဆောင်တာတွေကို လုပ်နေတဲ့ လူတွေနဲ့ မြေပေါ်နိုင်ငံရေးမှာ အစည်းအဝေးတွေ၊ စည်းရုံးရေးတွေ ထင်ထင်ပေါ်ပေါ် လုပ်နေရသူတွေကို သီးခြားခွဲ ပြီး တာဝန်တွေ ပေးသင့်တယ်။ ဘာလို့လဲဆိုတော့ လူ့စိတ်ဆိုတာက ဖောက်လွဲဖောက်ပြန် ဖြစ်တတ်လို့ပဲ။ တခါတရံမှာ ရန်ဖြစ်ငြင်းခုံမှုတွေ ရှိလာတဲ့အခါ လူတွေက သူဘာလဲ၊ ငါဘာလဲ ဆိုတာ ဇာတိပြချင်ကြတယ်။ အဲဒီအခါမျိုးမှာ ငါဘာလဲဆိုတာ ပြနိုင်ဖို့ လျှို့ဝှက် လုပ်ထားတဲ့ လုပ်ငန်းဆောင်တာတွေ ချပြောပြီး ကြွားတတ်ကြတယ်။ လူတွေရဲ့ ပင်ကိုယ်စရိုက်နဲ့ စိတ်ဓာတ်ကို သိချင်ရင် စိတ်ရှုတ်ထွေးအောင် လုပ်ကြည့်လိုက်၊ ရန်ဖြစ် ငြင်းခုံကြည့်လိုက်။ သေချာပေါက် ထွက်လာတယ်”

“ဟုတ်တယ်အစ်ကို။ အဲဒါတော့ အသေအချာပဲ။ ညီမလေး အဲဒါမျိုးနဲ့ ပတ်သက်တဲ့ စာအုပ်တအုပ်ဖတ်ဖူးတယ်။ တခါတလေလဲ အရက်ဝိုင်းမှာ မခံချင်အောင် ဆွပြောပြီးမှ သတင်းနှိုက်ယူတာမျိုးလဲ ရှိတယ်တဲ့”

“အမှန်ပဲ ညီမလေးရ။ အရက်ဆိုတာ လူတွေရဲ့ သိက္ခာနဲ့ စိတ်ဓာတ်ကို ဖရိုဖရဲဖြစ်စေတယ်။ အရက်ဝိုင်းမှာ နိုင်ငံရေးဆွေးနွေးရင် ဘယ်လိုအကျိုးကျေးဇူးမှ ထွက်လာမှာ မဟုတ်ဘူး။ ငြင်းခုန်ပြီးပဲ အဆုံးသတ်မှာပဲ။ မြေပေါ်နိုင်င့ရေးသမားတွေအတွက်တော့ အရမ်းကြီးမားတဲ့ ပြဿနာမရှိပေမယ့် မြေအောက်ရဲဘော်တွေနဲ့ မြို့ပြသူပုန်တွေအတွက်တော့ ဒီကိစ္စဟာ အရမ်းအရေးကြီးတယ်။ ကိုယ်နဲ့ အရမ်းမရင်းနှီးသူတယောက်နဲ့ အတူတူ မသောက်စားမိဖို့ ရှောင်သင့်တယ်။ သောက်စားတာတင် မဟုတ်ဘူး။ ငြင်းခုန်ဆွေးနွေးတာတွေ၊ စကားအများကြီး ပြောရတာတွေကိုပါ မလိုအပ်ရင် ရှောင်နေသင့်တယ်”

“အစည်းအဝေး ဆိုရင်ကော အစ်ကို”

“မြေအောက်ရဲဘော်တွေ၊ မြို့ပြသူပုန်တွေအတွက်က စည်းရုံးရေးနဲ့ ကွန်ယက်ချိတ်ဆက်ရေး တာဝန်တွေ ယူထားတာ မဟုတ်ဘူးဆိုရင် တတ်နိုင်သမျှ လူချင်း မဆုံပဲ အလုပ်လုပ်နိုင်ရင်တောင် ပိုကောင်းတယ်။ ဒီခေတ်ကြီးမှာ တယောက်နဲ့ တယောက် လူချင်းမတွေ့ပဲ လုပ်လို့ ရနေတာတွေ အများကြီးပါ ညီမလေးရယ်။ အစည်းအဝေးဆိုတာ အခန့်မသင့်ရင် ကိုယ့်အဖွဲ့တဖွဲ့လုံး ရန်သူက ရိပ်မိပြီး ထောင်ချောက်ထဲ ရောက်သွားနိုင်တယ်။ မဟုတ်ရင်လဲ ဘယ်သူတွေဆိုတာ ရန်သူက သိသွားပြီး နောက်ယောက်ခံ လိုက်ခံရတာတွေ ဖြစ်နိုင်တယ်။ တချို့က နိုင်ငံရေးလုပ်တယ်ဆိုတာကို အစည်းအဝေးလုပ်၊ ဟိုနားစုစု၊ ဒီနားစုစုလုပ်တာ၊ နိုင်ငံရေးစကားလုံး အကြီးကြီးတွေ ပြောရတာတွေလို့ ထင်နေကြတာ ညီမလေးရ။ မြေပေါ်နိုင်ငံရေးမှာတော့ အထိုက်အလျောက် လိုပေမယ့် မြေအောက်နိုင်ငံရေးမှာ ဒါတွေ ပါသွားရင်တော့ ပြဿနာတွေ တက်မှာပဲ။ မြေအောက်သူပုန် တယောက်ဟာ နောက်ဆုံးတိုက်ပွဲတွေ ဆင်နွှဲပြီးရင်တောင် မလိုအပ်ပဲနဲ့ ဒါကို သူ့လက်ချက်ဆိုတာ လူသိမခံရဘူး။ မြေပေါ်နဲ့ မြေအောက်တော်လှန်ရေးမှာ ပြောင်းပြန်ယူဆရမယ့် အချက်တွေက အများကြီးပဲ။ အရေးပါတဲ့ သော့ချက်တခုကတော့ မြေအောက်တော်လှန်ရေးမှာ လူအများက ကိုယ်လုပ်နေတာတွေကို မသိလေလေ၊ ကိုယ့်အတွက် လုပ်စရာ အခွင့်အလမ်း ပိုများလေလေပဲ။ မြေပေါ်နိုင်ငံရေးကျတော့ လူအများက ကိုယ်လုပ်နေတာကို သိလေလေ၊ ကိုယ့်ကို ၀န်းရံမယ့်လူ များလေလေ၊ လုပ်ငန်းဆောင်တာတွေ ပိုအောင်မြင်လေလေပဲ။ ဒါကြောင့် မြေပေါ်နဲ့ မြေအောက်ကို လိုင်းမပူးပါနဲ့ ဆိုတာကို မြေအောက်ယူဂျီစည်းကမ်း တခုအနေနဲ့ သတ်မှတ်ထားကြတာပေါ့”

“အဲဒီ လိုင်းမပူးဖို့ စည်းကမ်းက အပြောလွယ်သလောက် လက်တွေ့မှာ တော်တော်ခက်တယ်နော်”

“ခက်ပေမယ့် ခံစားချက်ထက် တာဝန်ကို ဦးစားပေးတဲ့ စိတ်ဓာတ်ကို ကိုင်စွဲပြီး လိုက်နာရမယ့် သံမဏိစည်းကမ်း တခုပဲ ညီမလေး။ အဲဒီစည်းကမ်းကို နည်းနည်းလေးပဲ စဖောက်လိုက်မိရင်တော့ ပြဿနာမီးပွားတွေ စတော့တာပဲ။ ယူဂျီလုပ်ငန်း ကျဆင်းရတာတွေထဲမှာ ဒီအချက်က နံပါတ် (၁)ပဲ။ မြေအောက်ရဲဘော်ပဲ ဖြစ်ဖြစ်၊ မြို့ပြသူပုန်ပဲ ဖြစ်ဖြစ် လုံခြုံရေးနဲ့ ပတ်သက်တဲ့ စည်းမျဉ်း၊ စည်းကမ်းတွေကို အတိအကျ လိုက်နာဖို့ လိုအပ်တယ်။ ဒီစည်းမျဉ်း၊ စည်းကမ်းတွေဆိုတာက ပြီးစလွယ်၊ တွေ့ကရာ ချထားတဲ့ စည်းကမ်းတွေ မဟုတ်ဘူး။ လူတွေအများကြီးရဲ့ ဘ၀နဲ့ အသက်တွေနဲ့ ရင်းပြီး ပေးထားခဲ့တဲ့ သင်ခန်းစာတွေ။ ဒီစည်းကမ်းတွေထဲမှာ သွေးတွေ၊ ချွေးတွေ၊ အသက်တွေ အများကြီးပဲ ပေါင်းစပ်ပါဝင်နေတယ်လို့ ဆိုနိုင်တယ်”

“မြို့ပြသူပုန် စည်းကမ်းတွေကကော အစ်ကိုတခါပြောထားတဲ့ ယူဂျီစည်းကမ်းတွေနဲ့ အတူတူပဲလား”

“တာဝန်ပေါ် မူတည်ပြီး ကွဲပြားတာလေးတွေ တချို့တော့ ရှိတာပေါ့ညီမလေး။ ဥပမာ- ချေမှုန်းရေးနဲ့ သပိတ်တိုက်ပွဲဖော်ဆောင်ရေးကတော့ ကွဲပြားမှာပေါ့။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် ယေဘုယျအခြေခံ အချက်တွေက တော့ အတူတူပါပဲ။ လိုင်းတွေ မပူးရဘူး။ မလိုအပ်ပဲ စကားအများကြီး မပြောရဘူး။ လိပ်စာစာအုပ်တွေ၊ တယ်လီဖုန်းမှတ်တမ်းတွေကို အသုံးပြုပြီးတာနဲ့ ချက်ချင်းဖျက်ဆီးပစ်လိုက်ရမယ်။ စာရွက်စာတမ်းတွေ မသိမ်းဆည်းထားရဘူး။ လူနာမည်တွေ၊ ကိုယ်ရေးမှတ်တမ်းတွေ၊ လိပ်စာတွေ၊ မြေပုံကြမ်းတွေ၊ စီမံချက်တွေကို ဦးနှောက်ထဲ စွဲနေအောင် မှတ်ပြီးတာနဲ့ ဆက်စပ်တဲ့ စာရွက်စာတမ်း မှန်သမျှ ဖျက်ဆီးပစ်လိုက်ရမယ်။ ဒါတွေက သိပ်အရေးကြီးတယ်။ ဒီထက် ပိုပြီး အရေးကြီးတာတွေကတော့ ရှောင်ရန် အချက် (၇) ချက်ပဲ။ ပထမ တချက်က ရန်သူကို အထင်သေးတာ။ လျှော့တွက်တာ၊ လုပ်သမျှအားလုံး အဆင်ပြေမယ်လို့ ယူဆပြီး ပေါ့ဆတာတွေပဲ။ ရန်သူရဲ့ ထောက်လှမ်းရေး ဆိုတာက အချိန်တွေ၊ ငွေတွေနဲ့ ရင်းပြီး စနစ်တကျ လေ့ကျင့်ပေးခံထားရတာ။ ဒါကို အထင်ကြီးနေရင်လဲ ကိုယ့်ဘက်က တွန့်ဆုတ်တတ်တယ်။ အထင်သေးပြန်ရင်လဲ ကိုယ့်ဘက်က ပေါ့ဆတတ်တယ်။ ဒီတော့ အထင်လဲ ကြီးစရာ မလိုဘူး။ ဒါပေမယ့် အထင်သေးလို့လဲ မရဘူး။ သဲလွန်စ ဘယ်တော့မှ မကျန်စေနဲ့။ ဒါကို အထူး သတိထားရမယ်။ ဒုတိယအချက်ကတော့ ကြွားတာ။ မြို့ပြသူပုန်ဆိုတာ မြေအောက်တော်လှန်ရေး အသွင်နဲ့ လှုပ်ရှားသူတွေ ဖြစ်တယ်။ အစ်ကိုပြောသလိုပဲ။ ကိုယ်တကယ် ဘာတွေ လုပ်နေလဲဆိုတာ လုတွေ မသိလေ၊ ကိုယ့်အတွက် လုပ်စရာ အခွင့်အလမ်းတွေ ပိုများနေလေလေပဲ။ ဒီအချက်ကို မလိုက်နာပဲ ကိုယ့်ကို လူအထင်ကြီးတာ ခံစေချင်လွန်းလို့ ကိုယ်ဘာလုပ်လိုက်တယ်ဆိုတာ လိုက်ကြွားတာဟာ သိပ်ကြောက်ဖို့ ကောင်းတယ်။ မသိနားမလည်သူတွေကတော့ အထင်ကြီးချင်ကြီးလိမ့်မယ်။ မြေအောက်တော်လှန်ရေးကို နားလည်နေ သူတွေကတော့ အဲလိုလူနဲ့ အလုပ်လုပ်ဖို့ကို တစတစနဲ့ ရှောင်လာကြမှာပဲ။ ဘာလို့လဲဆိုတော့ အဲဒီလိုလူမျိုးဟာ သူ့ကိုယ်သူသာမက သူနဲ့ ပတ်သက်တဲ့ လူတွေကိုပါ ဒုက္ခဖြစ်စေတတ်လို့ပဲ။ တတိယရှောင်ရမယ့် အချက်ကတော့ တပ်ဦးကျွံတာပဲ။ တော်လှန်ရေးဆိုတာ လူတဦး တယောက်တည်း၊ တဖွဲ့တည်းနဲ့ လုပ်လို့ မရဘူး။ တော်လှန်ရေးအင်အားစုတွေအားလုံး စုပေါင်းလုပ်မှသာ အောင်မြင်မှာ ဖြစ်တယ်။ လူထုရဲ့ ရေချိန်၊ တော်လှန်ရေးရဲ့ ပကတိအခြေအနေစတာတွေကို စနစ်တကျ တွက်ချက်လုပ်ရတယ်။ ဒါကို ထည့်သွင်းစဉ်းစားခြင်း မပြုတဲ့ တော်လှန်ရေး ခေါင်းဆောင်တယောက်၊ အစုအဖွဲ့တခု စတာတွေဟာ သူအောင်မြင်မယ်လို့ ထင်တဲ့ လုပ်ငန်းဆောင်တာတွေကို အများနဲ့ မညှိနှိုင်းပဲ တွန်းလုပ်တတ်လေ့ရှိတယ်။ အဲဒီအခါမှာ အခြေအနေနဲ့အညီ ချိန်ကိုက်မထွက်လာပဲ ကျွံထွက်သွားတဲ့ လှုပ်ရှားမှုတွေ ဖြစ်လာပြီး၊ ရန်သူကို သွားဆွပေးလိုက်သလို ဖြစ်လာတာပဲ။ ရန်သူက တကယ်စစ်ဆင်လာတဲ့အခါကျတော့ ပြင်ဆင်ပြီးသား မဖြစ်တဲ့အတွက် တော်လှန်ရေးတခုလုံး ချေမှုန်းခံရတတ်တယ်။ စတုတ္ထအချက်ကတော့ ကိုယ့်အင်အားတွေကို ရှိတာထက် ပိုပြီး မြင်တာပဲ။ အဲဒီလို မြင်လာတဲ့အခါ ရှိတဲ့ လူအင်အား၊ ငွေအင်အားထက် အဆမတန် ပိုပြီး သာလွန်တဲ့ လုပ်ငန်းဆောင်တာကြီးတွေကို လုပ်မိတတ်တယ်။ ပဉ္စမအချက်ကတော့ ကောက်ခါငင်ခါ စိတ်လိုက် မာန်ပါ တိုက်ပွဲဖော်ဆောင်တာပဲ။ လူဆိုတာက ရန်သွားဖြစ်မယ်ဆိုရင်တောင် စိတ်လိုက်မာန်ပါ သွားဖြစ်ရင် ကိုယ်ပဲနာမှာ အသေအချာပဲ။ စောင့်သင့်တဲ့ အချိန်အခါ၊ အခွင့်အလမ်းကို မစောင့်နိုင်ပဲ စိတ်မရှည်ဖြစ်ပြီး၊ ရန်သူကို အလျင်အမြန် ထိပ်တိုက်သွားရင်ဆိုင် မိတာမျိုးတွေ ရှိတတ်တယ်။ အဲဒီအခါမျိုးမှာ အရှုံးနဲ့ ရင်ဆိုင်ရတတ်တယ်။ ဒီအချက်နဲ့ ပတ်သက်ပြီး ညီမလေးကို အစ်ကို သတိထပ်ပေးမယ်နော်။ သူသေကိုယ်သေ သွားချလိုက်ချင်တယ်တို့၊ စိတ်မရှည်တော့ဘူး တို့ ဆိုတဲ့ စကားတွေကို ညီမလေးဆီကနေ အစ်ကို ခဏခဏ ကြားရတယ်။ တော်လှန်ရေးသမားကောင်းဆိုတာ အချိန်အခါ၊ အခွင့်အလမ်းကို စိတ်ရှည်ရှည်နဲ့ စောင့်နိုင်ရတယ်ညီမလေး။ မိုက်ရူးရဲ မဆန်ရဘူး။ စိတ်လိုက်မာန်ပါ ဆုံးဖြတ်ချက်တွေ ချလိုက်တာနဲ့ အန္တရာယ်တွေ့တော့မယ်ဆိုတာကို ညီမလေး အမြဲ တွဲတွေးရမယ်နော်”

သူမ မျက်နှာငယ်လေးနှင့် ခေါင်းညိတ်လိုက်မိသည်။ စိတ်လိုက်မာန်ပါ ဖြစ်တတ်သော သူမရဲ့ အကျင့်ဆိုးတွေကို ပြင်နိုင်ဖို့ တော်တော်ကြိုးစားရပါဦးမည်။

“နောက်တချက်ကလဲ ခုနတုန်းက အချက်နဲ့ ဆက်စပ်တယ်။ ရန်သူကို ဒေါသအရမ်းထွက်နေချိန်မှာ သွားတိုက်ခိုက်တာ။ လူတိုင်းဟာ ဒေါသထွက်နေချိန်ဆို အမှားတွေ လုပ်မိတတ်တယ်။ ဒေါသစိတ်နဲ့ ရမ်း မိတတ်တယ်။ ရန်သူရဲ့ ဟာကွက်တွေကို မမြင်ဘူး။ ဘာအလုပ်ပဲ လုပ်လုပ် သွေးအေးအေးနဲ့ အစီအစဉ်တကျ လုပ်တတ်သူကသာ ယမ်းပုံမီးကျ စိတ်မထိန်းနိုင် ပေါက်ကွဲတတ်သူတွေကို အနိုင်ယူနိုင်တယ်။ ဒေါသနဲ့ အလုပ်တခုကို လုပ်တိုင်း ကိုယ်ရှုံးတော့မယ်ဆိုတာ မှတ်ထားလိုက်တော့။ နောက်ဆုံးတခုကတော့ အလုပ်တွေကို အစီအစဉ်တကျ မလုပ်တာနဲ့ အလျင်စလို လုပ်တတ်တာတွေပဲ။ ဒါတွေဟာ တော်လှန်ရေး သမားတွေရဲ့ အောင်ပွဲကို အဆုံးအဖြတ်ပေးနိုင်မယ့် အချက်တွေပဲ။ တော်လှန်ရေး တခုအောင်မြင်မလား၊ မအောင်မြင်ဘူးလား သိချင်ရင် လူတွေကို ကြည့်လိုက်။ ဒီအချက်တွေကို ရှောင်နိုင်တဲ့လူ များနေရင် အောင်မြင်လိမ့်မယ်။ ဒီလိုမဟုတ်ပဲ ရန်သူကို အထင်သေးပြီး ကိုယ့်ကိုယ်ကို သိပ်ဟုတ်ပြီလို့ ထင်နေကြရင်၊ လျှို့ဝှက်ထားအပ်တဲ့ လုပ်ငန်းဆောင်တာတွေကို ထုတ်ဖော်ကြွားဝါနေကြရင်၊ အခြေအနေနဲ့ အချိန်အခါကို မဆန်းစစ်ပဲ ဟန်ချက်မညီတဲ့ တွန်းအားတွေ ဖြာထွက်နေရင်၊ ကိုယ်လုပ်နိုင်တာထက် ကျော်လွန်နေတဲ့ စီမံချက်တွေကို အကောင်အထည် ဖော်နေကြရင်၊ ဒေါသစိတ်တွေနဲ့ စိတ်လိုက်မာန်ပါ အလုပ်လုပ်နေကြရင် အဲဒီတော်လှန်ရေးဟာ အရှိန်နဲ့ မြောင်းထဲ ထိုးဆင်းနေပြီဆိုတာ ယူဆလို့ရတယ်။ အဲဒီလက္ခဏာတွေ ပေါ်နေရင် ခေါင်းဆောင်တွေ တိုင်ပင်ညှိနှိုင်းပြီး ပြင်သင့်တာပြင်ဖို့ လိုသလို တော်လှန်ရေးသမားတိုင်းကလဲ ကိုယ့်အသိစိတ်နဲ့ကိုယ် ပြန်ပြီး ထိန်းညှိနိုင်ဖို့ လိုအပ်တယ်။ ဒီအချက်တွေကို ညီမလေး သေချာမှတ်ထားပါ။ ရှောင်သင့်တာတွေ ရှောင်နိုင်ဖို့ကို အထူးကြိုးစားရမယ်နော် ညီမလေး”

“ဟုတ်ကဲ့အစ်ကို။ စိတ်ချပါ။ အစ်ကို့ တပည့်မလေးပဲ ဥစ္စာ။ ဆရာ့မျက်နှာကို ဘယ်တော့မှ အိုးမဲ မသုတ်ဘူး”
“အစ်ကိုက သိထားအပ်တာတွေ ပြောတာပါ။ ဆရာလုပ်တာ မဟုတ်ပါဘူးဗျာ”

“ဆရာလုပ်လုပ်၊ မလုပ်လုပ်။ ဒီကိစ္စရေးရာတွေမှာတော့ အစ်ကိုက ညီမလေးရဲ့ ဆရာရင်းပါ။ အစ်ကိုဖတ်ခိုင်းထားတာတွေကိုလဲ ညီမလေး ညတိုင်း ဖတ်ဖြစ်တယ် သိလား။ ကျောင်းစာသာ မဖတ်ချင်နေမယ်။ တခြားစာတွေတော့ နေ့တိုင်းဖတ်ပြီးမှကို အိပ်တာ”

“အဲလိုတော့ မလုပ်ပါနဲ့ ညီမလေးရယ်။ စာမေးပွဲ မအောင်ပဲ နေပါဦးမယ်။ ညီမလေးကို အစ်ကိုက ဘွဲ့ရပညာတတ်လေး ဖြစ်စေချင်တယ်။ ဘွဲ့ယူတယ်ဆိုတာက အောင်လက်မှတ်ကို ယူတာကို ပြောတာမဟုတ်ဘူးနော်။ ပညာကို ယူတာ။ ပညာဆိုတာက ကိုယ့်ဟာကိုယ်လဲ ယူလို့ ရတာမှန်ပေမယ့် ကျွမ်းကျင်တဲ့ ဆရာတွေက စနစ်တကျ သင်ပေးလိုက်တော့ နည်းလမ်းတကျ တတ်မြောက်လွယ်တာပေါ့။ ဆရာမပြရင် ငါးပိဖုတ်တောင် နည်းလမ်းကျဘူးတဲ့ ညီမလေးရဲ့”

“ဟုတ်ကဲ့ပါ ဆရာကြီးရယ်။ ဆရာ့စကားကို မြေ၀ယ်မကျ နားထောင်ပါ့မယ်။ ဒါပေမယ့် ငါးပိဖုတ်တာတော့ သင်ချင်ဘူးနော်။ အစ်ကို ဖုတ်ကျွေးတဲ့ ပဲပုတ်မီးကင်လေးနဲ့ ထမင်းကြော်လေးတော့ စားချင်တယ်။ ဗိုက်ဆာပြီအစ်ကိုရဲ့”

သူမက စပ်ဖြီးဖြီးလေးနဲ့ ပြောတော့ အစ်ကိုက သူမခေါင်းကို လှမ်းထုလေသည်။

“တော်တော်အားကိုးရတဲ့ တပည့်နော်။ ထံနီးလုပ်ကျွေးတဲ့။ တပည့်ကျင့်ဝတ်နဲ့များ ညီပါ့။ ဆရာကတောင် ထမင်းပြန်ကြော် ကျွေးရဦးမယ်”
“ဟဲဟဲ။ ဘေးကနေ ကူလုပ်ပေးမယ်နော်။ စကားလဲ ကူပြောပေးမယ်”

“အင်းပါဗျာ။ ခင်ဗျားလေး အသံလေး ကြားနေရရင်ပဲ တော်ပါပြီ။ ဒီညနေ ထမင်းဝိုင်းလေးကတော့ မြို့ပြသူပုန် သင်တန်းဆင်းပွဲ ထမင်းဝိုင်းလေးပေါ့။ ဟုတ်လား”

“မြို့ပြသူပုန် သင်တန်းဆင်းပွဲ ထမင်းဝိုင်း”

စကားလုံးလေးက ရင်ထဲသို့ တိုးဝင်သွားသည်။ ဒီတညနေ ထမင်းဝိုင်းလေးကို သူမဘယ်လိုမေ့လို့ ရနိုင်ပါမည်တဲ့လဲ။

ခင်မမမျိုး (၃၁၊ ၁၊ ၂၀၁၀)

အပြည့်အစုံဖတ်ချင်ရင်..>>>

ဥရောပ မြန်မာများ၏ အခန်းကဏ္ဍ (အက်ဘီအီး ဖိုရမ်သို့ တင်သွင်းသော စာတမ်း)

Saturday, January 30, 2010

Burmese in Europe by Khin Ma Ma Myo

အပြည့်အစုံဖတ်ချင်ရင်..>>>

သင်းသင်းခိုင် စာကျက်နေသည် (၀တ္ထုတို)

Friday, January 22, 2010

(၁)
အချိန်ကား (၁၉၉၆) ခုနှစ်
နေရာကား တောင်ပေါ်မြေ။

“မိချိုနဲ့ မိသီ။ စကားပြောတာ အသံတွေ လျှော့ကြဦးလေ။ ဟိုမှာ ငါ့သမီးလေး စာကျက်နေတယ်”
အိမ်ရှေ့ခန်းမှ အမေ့အသံ ထွက်ပေါ်လာပြီးနောက်တွင် မကြီးနှင့် မလတ်တို့၏ ရယ်သံများက ရုတ်တရက် တိတ်သွားသည်။ အမေက သူမ စာကျက်ချိန်မှာ အသံတွေ မဆူညံရအောင် ထိန်းပေးနေကျ။ သူမ ဆယ်တန်းရောက်ကတည်းက ညဘက်ဆိုလျှင် အိမ်ရှိလူကုန် တိတ်တိတ်နေပေးကြရသည်။ တနေကုန် ကားမောင်းထားရသော အဖေကတော့ မောပြီးစောစောအိပ်သည်မို့ ကိစ္စမရှိ။ တနေကုန် ဆေးလိပ်လိပ်ထားရသမျှ ညကျမှ ကာတွန်းစာအုပ်လေးဖတ်၊ သီချင်းလေး နားထောင်တတ်လေ့ရှိသော အစ်မ နှစ်ယောက်အတွက်ကတော့ ကိစ္စရှိသည်။ မကျေမနပ်နှင့် ပွစိပွစိ လုပ်ကြပေမယ့် အမေ့လက်သံကို ကြောက်ကြသည်မို့ ဆူဆူပူပူ မလုပ်ရဲကြ။ ပြောမိသာ ပြောရပေမယ့် ရှစ်တန်းထိသာ ကျောင်းနေဖူးသော အဖေ၊ ငါးတန်းထိသာ ကျောင်းနေဖူးသော အမေနှင့် ခုနစ်တန်းတဖုန်းဖုန်းကျပြီး ကျောင်းထွက်ထားကြ ရသော မကြီး၊ မလတ်တို့ အကြားတွင် ဆယ်တန်းကျောင်းသူဖြစ်လာသော သူမအား တအိမ်လုံးက ၀ိုင်းပြီး အလိုလိုက်ထားကြသည်။




ကုန်ဈေးနှုန်းများ တရိတ်ရိတ်တက်နေသော ကာလတွင် အိမ်က ထမင်းဝိုင်းမှာ ဟင်းခွက်လေးတွေ တစတစ နည်းလာပေမယ့် သူမစာမေးပွဲအတွက် လိုအပ်သော အထူးထုတ်စာအုပ်များကိုတော့ ခြစ်ကုတ်ပြီး ၀ယ်ပေးကြသည်။ သူမကလဲ မနေပါ။ စာကြိုးစားပါသည်။ ဆယ်တန်းကို နှစ်ချင်းပေါက် အောင်မြင်အောင် ဖြေလိုက်မည်ဟု စိတ်ထဲ ဆုံးဖြတ်ထားပါသည်။ ဒါကြောင့်လဲ ညဆိုရင် သူမစာကျက်သံလေးများက တအိမ်လုံးမှာ ညံနေသည်။ လက်လုပ်လက်စားများသော ဒီရပ်ကွက်လေးထဲမှာ အထက်တန်းကျောင်းနေနိုင်သူကလဲ နည်းတာမို့ ရပ်ကွက်ထဲက လူများကလဲ သူမကို စောင့်ကြည့်နေကြလေသည်။ တချို့ကလဲ အားပေးကြသည်။ တချို့ကတော့ ဆယ်တန်းအောင်လဲ ဘာမှ မထူးပါဘူး ပြောကြသည်။ တချို့ကလဲ ညဆိုလျှင် သူမ စာအော်ကျက်သံလေး ကြားရတာ နားထောင်ကောင်းသည် ဆိုကြသည်။ ဒီလိုဆိုတော့လဲ သူတို့တွေ ကြားအောင် ပိုအော်ကျက်ပြရသည်ပေါ့။ သူမစာကျက်သံကြားတိုင်း အမေကလဲ ၀မ်းသာအားရ ဖြစ်နေသည်။ တခါတလေ သင်္ချာတွက်နေတုန်းလေး ငြိမ်နေရင်တောင် ဘာများဖြစ်လဲ၊ နေမကောင်းဘူးလားလို့ လာမေးတတ်သည်။ အမေတင်မဟုတ်။ ခြေရင်းအိမ်က ဒေါ်ကြီးပုကလဲ သူမကို အရမ်းဂရုစိုက်သည်။ တလောက ဓာတုဗေဒ ညီမျှချင်းများကို အလွတ်အော်ကျက်တာ များသွားလို့ အသံဝင်သွားတော့ ဒေါ်ကြီးပုက ကြက်ဥအကာထဲ သံပရာရည်ညှစ်ပြီး လာပို့ပေးသည်။ အသံပြန်ထွက်လာအောင်လို့တဲ့။ လူအများကြားမှာ သူမက အဲလောက်အထိ မျက်နှာပွင့်သည်လေ။

(၂)

“ဆယ်တန်း အောင်စာရင်းတွေ ထွက်တော့မယ်တဲ့။ မိသင်းတော့ ဂုဏ်ထူးတွေ အများကြီး ပါမှာပဲ”
“အေးလေ။ သူဒီလောက် စာကျက်ထားတာ။ ငါတို့တော့ အရပ်ထဲမှာ မျက်နှာပွင့်ဦးမယ်”

မကြီးနဲ့ မလတ်တို့ အသံကို ကြားရတော့ သူမ ၀မ်းနည်းသွားသည်။ သူမ အခြေအနေကို သူမသာ အသိဆုံး ဖြစ်သည်လေ။ စာတွေ အများကြီး ကျက်ထားပေမယ့် စာမေးပွဲခန်းထဲ ရောက်တော့ ဟိုဟာလဲ သိသလိုလို၊ ဒီဟာလဲ သိသလိုလိုတွေ ဖြစ်ပြီး ရောနေသည်။ ဘာကိုမှ တိတိပပ မဖြေနိုင်။ ရူပဗေဒ မေးခွန်းများမှာလဲ သူမအလွတ်ကျက်ထားသော မေးခွန်းများက မပါ။ ဓာတုဗေဒ မေးခွန်းတွေကျတော့လဲ ဘာတွေမှန်းမသိ။ ဘိုင်အိုစကားလုံးတွေကိုလဲ မမှတ်မိတော့။ သိပ္ပံတွဲတခုတည်းနှင့်တင် အခြေအနေ လုံးဝမကောင်းမှန်း သူမတပ်အပ်သိပါသည်။ တခြားဘာသာတွေဆိုတာကလဲ တို့ထိတို့နန့် ဖြေခဲ့ရသည်မို့ အောင်မှတ်က သိပ်မသေချာလှ။ ဒုက္ခပါပဲ။ အောင်စာရင်း မထွက်ပါစေနဲ့ဟု သူမဆုတောင်းနေမိသည်။

သို့ပေမယ့် သူမဆုတောင်းက မပြည့်ခဲ့ပါ။ ဆယ်တန်းအောင်စာရင်းက ခါတိုင်းနှစ်တွေထက်ပင် စောပြီး ထွက်လာလိုက်သေးသည်။ သူမသိနေပြီးသား အဖြေပင်ဖြစ်သည်။ ဆယ်တန်းအောင်သော အမည်စာရင်းမှာ သူမနာမည် မပါခဲ့ပါ။ တအိမ်သားလုံး ခဲလေသမျှ သဲရေကျရလေပြီ။ အမေ့မျက်နှာက မကောင်းလှ။ အဖေကတော့ “ဒီနှစ်မအောင်လဲ၊ နောက်နှစ်ပေါ့” လို့ဆိုသည်။ မကြီး၊ မလတ်တို့မှာလဲ မျက်နှာငယ်လေးတွေနှင့်။ ကိုယ့်အခြေအနေကို ကြိုသိပြီးသား ဖြစ်ပေမယ့်၊ ဒီလိုအခြေအနေမျိုးမှာ သူမကြိုကျက်ထားခဲ့တဲ့ စာတွေက မေးခွန်းနဲ့ တလွဲတချော်ဖြစ်ခဲ့တာကို သွားပြော၍ မရ။ သူမ စာကျက်တာကို အထင်ကြီးနေကြရာက အထင်သေးသွားနိုင်သည်။ ဒီတော့ ဟန်ကိုယ်ဖို့ လုပ်ရသည်။ ပြိုင်ပွဲတခုမှာ အောင်မြင်သည့်အခါ ကိုယ်က သိပ်တော်လို့ဟု လက်မထောင်ချင်သူများသည် ဆုံးရှုံးချိန်တွင် ကိုယ်အသုံးမကျလို့ဟု ဘယ်တော့မှ ပြောလေ့မရှိကြ။ ကိုယ့်အမှားကိုလဲ ပြန်ရှာဖွေလေ့မရှိကြ။ တဘက်က ညစ်တာကြောင့်လို့သာ အပြစ်ပုံချပြီး မိမိကိုယ်ကို ကာကွယ်လေ့ရှိကြသည်။ ဒါကလဲ လူ့သဘော၊ လူ့မနော။ သူမသည်လဲ ဘာသားနဲ့ ထုထားသည် မှတ်လို့။ ဒီတော့ မျက်နှာလေးကို မဲ့ပြီး ပြောလိုက်သည်။

“သမီးက အရမ်းကြိုးစားပြီး ဖြေထားတာ။ စာစစ်တဲ့ ဆရာမတွေများ အဖြေလွှာ မှားစစ်လား မသိဘူး”
“အင်းလေ။ ငါ့သမီးလေးက ဒီလောက်တော်တာကိုး။ စာမေးပွဲကျရတယ်လို့။ မဖြစ်နိုင်ပါဘူး”
သူမရဲ့ စကားအဆုံးမှ အမေက ၀င်ပြောသည်။
“အေးလေနော်။ ဆယ်တန်းဖြေတဲ့လူက သိန်းနဲ့ချီနေတာတဲ့။ အဖြေလွှာတွေ ရောသွားလာမှ မသိတာ”

မကြီးကလဲ ဘုမသိ၊ ဘမသိနှင့် ၀င်ပြောလေသည်။

ဒီလိုနှင့် သူမ ဆယ်တန်းကျသည့် ကိစ္စက ပြီးသွားသည်။ သူမကို ၀ိုင်းသနားပြီး ခါတိုင်းထက် ပိုအခွင့်အရေးတွေ ပေးကြသည်။ အစစအရာရာ လိုလေသေးမရှိ။ ထမင်းစားပြီးရင်တောင် ကိုယ့်ပန်းကန် ကိုယ်ဆေးစရာမလို။ ဒီတော့ ရထားတဲ့ အခွင့်အရေးတွေနဲ့ ညီမျှအောင် သူမကလဲ စာတွေ အော်ကျက်ပြပါသည်။ ပြဌာန်းစာအုပ်ထဲမှာ အင်္ဂလိပ်ပုံပြင်တွေကို အလွတ်ကျက်သံကြားတော့ အမေက ပါးစပ်ကြီး ဟပြီး ပြောသည်။

“ငါ့သမီးလေးက တော်လိုက်တာနော်။ ဒီလောက်တော်တဲ့ ငါ့သမီးလေးကိုများ စာမေးပွဲချကြတာ။ အဲဒီဆရာမတွေ ငါ့သမီးလေးလောက် မသိလို့ပဲ ဖြစ်ရမယ်”တဲ့။

အမေ့အသံ အဆုံးမှာ မကြီးနဲ့ မလတ်တို့ကလဲ အထင်ကြီးသည့် မျက်လုံးများဖြင့် ၀ိုင်းကြည့်ကြသည်။ သူမ ဒီမျက်လုံးများကို သိပ်နှစ်ခြိုက်ပါသည်။ သို့ပေမယ့် အရပ်ထဲမှာတော့ သူမ ဆယ်တန်းကျသည်က အတော်ဂယက်ရိုက်သွားသည်။ သူမကို အထင်မသေးကြပေမယ့် ဆယ်တန်းစာမေးပွဲဆိုတာ သိပ်ခက်တဲ့ စာမေးပွဲကြီးပါလားလို့ ထင်သွားကြတာ ဖြစ်သည်။ ဒေါ်ကြီးပုကလဲ ကိုးတန်းတက်နေတဲ့ သူ့သားလေးကို ကျောင်းမှ နှုတ်ပြီး ၀ပ်ရှော့တခုမှာ အလုပ်သွားလုပ်ခိုင်းသည်။ ဒေါ်ကြီးပု ပြောတဲ့စကားက “ဒီလောက်စာကျက်တဲ့ မိသင်းတောင် မအောင်တာ။ နင်ဆိုရင်တော့ ဝေးပြီ” တဲ့။

(၃)

ဒီလိုနှင့် ညစဉ်ညတိုင်း စာအော်ကျက်နေသော သူမ ဘ၀ထဲသို့ မထင်မှတ်ပဲ မနွယ် ရောက်လာခဲ့ပါသည်။ မနွယ်က သူမအဖေ ကားမောင်းသည့် အိမ်မှ အလုပ်ရှင်၏ သမီး။ မန္တလေးမှာ ကျောင်းသွားတက်နေပြီး၊ ကျောင်းပိတ်လို့ ခဏပြန်လာလည်တာတဲ့။ သူမအဖေပြောတာ ကြားရပေမယ့် သူမဆီသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာလိမ့်မယ်လို့တော့ မျှော်လင့်မထားမိ။ သူမနေတဲ့ ရပ်ကွက်လေးမှာက မြေအပို၊ အလိုမရှိအောင်ပင် တဲအိမ်လေးများ ဆက်နေကြသည်။ အောက်ချိုင့်ထဲမှာမို့ ကားနှင့်လာလျှင် လမ်းမကြီးပေါ်မှာ ရပ်ခဲ့ပြီး တဲကြိုတဲကြား လမ်းလျှောက်ပြီးမှ အိမ်သို့ ရောက်သည်။ ဒီလိုနေရာမျိုှးသို့ ရောက်လာတာဆိုတော့ သူမမှာ အံ့သြလိုက်သည်ဖြစ်ခြင်း။

“ဦးလေး ဦးဝင်းမြင့် ပြောကတည်းက ညီမလေးကို အစ်မ စိတ်ဝင်စားနေတာ။ ညီမလေးက စာအရမ်းကြိုးစားတယ်ဆို”

ဖန်ခွက်လုံးလေးထဲမှ အခါးရည် (ရေနွေးကြမ်း)ကို အားရပါးရ မော့သောက်ရင်း မနွယ်က စကားစသည်။ သူမမျက်လုံးကို စူးစူးစိုက်စိုက်ကြည့်ပြီး မေးသည်မို့လဲ အနေရခက်သွားသည်။ သူမစာမေးပွဲကျ ထားတာကို မသိသေးဘူးထင်ပ။

“အဲလောက်လဲ မဟုတ်ပါဘူးအစ်မ။ စာတော့ ကျက်ဖြစ်ပါတယ်”
“အင်း။ ဦးလေးပြောတယ်။ ဦးလေးက ညီမလေးကို စာမေးပွဲ သိပ်အောင်စေချင်တာ။ အစ်မကလဲ စာကြိုးစားတဲ့ ကျောင်းသားလေးတွေကို စာမေးပွဲအောင်စေချင်တာပဲ။ ဒီတော့ ခု အစ်မ ခဏပြန် ရောက်နေတုန်း ညီမလေးနဲ့ စာကူကျက်ပေးမယ်လေ။ စာမေးပွဲဖြေနည်းတွေ သင်ပေးမယ်။ ဘယ်လိုလဲ”

ရေနွေးခွက်လေးကို အသာချရင်း အစ်မက ပြောတော့ သူမအံ့သြသွားလေသည်။ အဖေလဲ အံ့သြသွားပုံရသည်။
“ဒေါက်တာက ခွင့်ပြုပါ့မလား မမလေး”
“ဦးလေးကလဲ လုပ်တော့မယ်။ ကျွန်မတို့ အိမ်မှာ ကားမောင်းတာပဲ ကြာလှပြီ။ ကျွန်မ မှန်တယ်ထင်လို့ လုပ်တဲ့ အလုပ်တွေမှာ ဘယ်တုန်းက မေမေ့ခွင့်ပြုချက် တောင်းဖူးလို့လဲ”

အဖေ့အပြောကို အစ်မက အေးအေးဆေးဆေးပင် ပြန်ပြောသည်။ သိပ်မကြာလိုက်ပါ။ သူမ စာကြည့်စားပွဲဘေးသို့ အစ်မ ရောက်လာခဲ့လေတော့သည်။

(၄)

“ဆယ်တန်းစာမေးပွဲကို ဘာဖြစ်လို့ ဖြေချင်တာလဲ”
စာသင်ပေးဖို့၊ စာကူကျက်ပေးဖို့ ဆိုပြီး ရောက်လာသော အစ်မက စာအုပ်တွေကို ဘာမှမကိုင်ပဲ ဒီမေးခွန်းကို စမေးလာတာမို့ သူမကြောင်သွားသည်။ အဖေပြောတဲ့ သမီးလေးကို ပညာတတ်ဖြစ်စေချင်တယ်ဆိုသော စကားကို သတိရသွားသည်။
“ပညာတတ် ဖြစ်ချင်လို့ပါ အစ်မ”
“ပညာကို တတ်ချင်တာလား။ ပညာတတ်ပါလို့ လူတွေက အသိအမှတ် ပြုတာကို ခံချင်တာလား”
သူမ မျက်လုံးပြူးသွားရုံမက ပါးစပ်ပါ ဟသွားမိသလား မသိ။ ပြီးမှ မေးလိုက်မိသည်။
“အဲဒီနှစ်ခု မတူဘူးလား အစ်မ”
“အစ်မ အမြင်မှာတော့ မတူဘူး။ ပညာကို တတ်ချင်တာက အဲဒီပညာကို နှစ်နှစ်ကာကာ တန်ဖိုးထားပြီး တတ်ချင်၊ သိချင်တာ။ ဒါက တယောက်တည်းနဲ့ ဆိုင်တဲ့ ကိစ္စပေါ့။ ဒါပေမယ့် အဲဒီပညာကို ကိုယ်တယောက်တည်း သိနေ၊ တတ်နေလို့က မပြီးဘူး။ ပြန်ပြီး ဖြန့်ဖြူးရမယ်။ အသုံးချရမယ်။ ဒီလို အသုံးချဖို့အတွက်ကျတော့ ပတ်ဝန်းကျင်ဆိုတာက ပါလာပြီ။ ကိုယ့်ပညာကို အသုံးချရမယ့် ပတ်ဝန်းကျင်ပေါ့နော်။ အဲဒီအခါကျတော့ ကိုယ်ဟာ အဲဒီပညာရပ်ကို တတ်ကျွမ်းနားလည်ပါကြောင်း ပတ်ဝန်းကျင်က အသိအမှတ်ပြုခံရဖို့ လိုအပ်လာတယ်။ စာမေးပွဲအောင်လက်မှတ်တွေ၊ ဘွဲ့လက်မှတ်တွေ လူ့ဘ၀မှာ လိုအပ်တယ်ဆိုတာ အဲဒါပဲ။ ဒါပေမယ့် အဲဒီအောင်လက်မှတ်တွေ ဘယ်လောက်ပဲရှိရှိ ပညာကို တကယ် မတတ်ရင်လဲ ပတ်ဝန်းကျင်က ကြာရင် သိလာတာပဲ။ ဒီတော့ စာမေးပွဲအောင်ဖို့က အရေးကြီးလား၊ ပညာတတ်ဖို့က အရေးကြီးလားလို့ အစ်မကို မေးလာခဲ့ရင် နှစ်မျိုးလုံးအရေးကြီးတယ်လို့ အစ်မကတော့ ဖြေရလိမ့်မယ်။ အခု ညီမလေးက ဆယ်တန်းဖြေဖို့ ကြိုးစားနေတယ်နော်။ အဲဒီမှာ ဆယ်တန်းအဆင့်နဲ့ ညီမျှတဲ့ ပညာကို တတ်ဖို့ လိုလာသလို၊ ဆယ်တန်းကို အောင်ဖို့လဲ လိုလာတယ်။ ဟုတ်ပြီလား”
“ဟုတ်ကဲ့အစ်မ”
“ဒီတော့ စာတွေကို ကျက်မှတ်လေ့လာဖို့ လိုသလို၊ စာမေးပွဲအောင်အောင် ပြင်ဆင်ဖို့ကလဲ လိုတယ်။ ဦးလေးပြောစကားအရ ညီမလေး စာကျက်တယ်ဆိုတာကိုတော့ အစ်မသိထားတယ်။ စာမေးပွဲအတွက် ဘယ်လောက်ပြင်ဆင်ထားခဲ့ဖူးတယ် ဆိုတာကိုတော့ အစ်မ မသိဘူး။ ဒီတော့ ညီမလေး ကျက်ထားပြီးသား စာတွေ၊ ရထားပြီးသား စာတွေကို အစ်မကို အရင်ပြော”

အစ်မရဲ့ စကားအဆုံးမှာ ဘာသာစုံသင်ရိုးစာအုပ်များ၊ အထူးထုတ်မှတ်စုများကို လှန်လှောပြပြီး သူမအာဂုံဆောင်ကျက်ထားခဲ့သမျှကို ပြောပြလိုက်သည်။ အင်္ဂလိပ်စာ အက်ဆေး အပုဒ်နှစ်ဆယ်ကျော် အလွတ်ရကြောင်း ပြောတော့ အစ်မက ပြုံးရင်း အံ့သြဟန်ပြသည်။ သချာင်္ပုစ္ဆာတွေကို အဖြေပါ အလွတ်ရကြောင်းပြောတော့ ပါးစပ်ပါ ဟသွားသည်။ သူမအလွန် ကျေနပ်သွားလေသည်။ ဒါမှငါကွဟု စိတ်ထဲ ကြွေးကြော်လိုက်မိသည်။

“ကဲ-ဟုတ်ပြီ။ ညီမလေး စာတွေ အရမ်းကျက်ထားတယ် အစ်မသိပြီ။ ညီမလေး တကယ်တော်ပါတယ်။ တချို့စာတွေဆို အစ်မတောင် အလွတ်မကျက်ခဲ့ဘူးဘူး။ ဒီတော့ ဘိုင်အိုစာအုပ်ထဲက ညီမလေး စိတ်ထဲမှာ အပိုင်ဆုံးထင်တဲ့ စာတပုဒ်ကို ခဏပြန်နွှေးလိုက်။ ရရင် အစ်မကို ပြော”

အလွယ်လေးပဲဟု သူမတွေးလိုက်သည်။ ယုန်တွေအကြောင်းကို သူမအလွတ်ရပြီးသား။ စာအုပ်ဖွင့်ဖတ်ပြီး စာပြန်နွှေးလိုက်သည်။
“ရပြီအစ်မ”
စာအုပ်အား အစ်မကို ပေးလိုက်သည်။ အလွတ်ဆိုပြမည်ပေါ့။ သို့ပေမယ့် အစ်မက သူမကို အလွတ်မဆိုခိုင်းပါ။

“မေးခွန်းက သုံးနာရီ မေးခွန်းဆိုတော့ ဘိုင်အိုအတွက် တနာရီအချိန်ရတယ်။ ဓာတုနဲ့ ရူပမှာ မြန်မြန်ဖြေနိုင်ရင်တော့ ဘိုင်အိုအတွက် အချိန်နည်းနည်း ခိုးလို့ရတယ်။ ဘယ်လိုပဲဖြစ်ဖြစ်၊ တနာရီနဲ့ပဲ တွက်ကြရအောင်။ ပုံဆွဲဖို့ အချိန်တွေက ကြာတတ်တယ်။ ဒီတော့ အခုညီမလေး ကျက်ထားတဲ့ အပုဒ်သာ စာမေးပွဲမှာ ပါရင် ဆယ့်ငါးမိနစ်အတွင်း အပြီး ရေးချရမယ်။ ကဲ- ရော့။ ဒီဗလာစာအုပ်ထဲမှာ ခုန ကျက်ထားတာကို ချရေးကြည့်ပါဦး။ ဆယ့်ငါးမိနစ် ပြည့်ရင် အစ်မ ပြောမယ်”

အစ်မက ပြောရင်းဆိုရင်း ဗလာစာအုပ်ကို ထိုးပေးလေသည်။ မတတ်သာပြီမို့ ဘောပင်ကိုင်ပြီး စရေးလိုက်မိသည်။ တကယ်ချရေးတော့ နှုတ်က ရွတ်သလို မမြန်တော့ပါ။ စာလုံးပေါင်းတွေကလဲ မသဲမကွဲ။ မနှစ်က စာမေးပွဲဖြေရသလို ပြန်ဖြစ်လာသည်။ စာလုံးပေါင်းများကို ပြန်စဉ်းစားလိုက်တော့ တချို့စာကြောင်း အစများ မေ့သွားပြန်သည်။ ဒီလိုနှင့် ဆယ့်ငါးမိနစ်က ဘာမှ မကြာလိုက်။ သူမရေးထားသည်ကိုများ ဖတ်ရင်း အစ်မက မျက်လုံးဝေ့ပြီး ကြည့်သည်။ စိတ်ထဲ ဘယ်လို ဖြစ်သွားမှန်းမသိ။ ဘာမှ မသိနားမလည်သူများရှေ့မှ တထောင်ထောင် လုပ်ခဲ့ပေမယ့် တကယ်တတ်သိသူရှေ့မှာတော့ တထောင်ထောင် လုပ်လို့ မရကြောင်း သူမသဘောပေါက်သွားပြီ။ အစ်မက မှတ်ချက် တခုပဲ ပေးလေသည်။
“နှုတ်ကနေ တတွတ်တွတ် ရွတ်တတ်ပေမယ့် လက်တွေ့မှာကျတော့ အသုံးတကယ် ၀င်ချင်မှ ၀င်တယ် ဆိုတာကို ညီမလေး နားလည်ပြီလား” တဲ့။

(၅)
“ဒါတွေ ရေးထားတာ ဘယ်လောက်ကြာပြီလဲ”
နံရံပေါ်မှ သူမရေးကပ်ထားသော စာရွက်များကို ကြည့်ပြီး အစ်မက မေးလေသည်။ အစ်မနဲ့ စာကျက်ရတာ သုံးလေးပတ်ဖြစ်လာတော့ သူမတို့နှစ်ယောက်အကြားမှာ ရင်းနှီးမှုက ပိုခိုင်မာ သွားခဲ့သည်။ စာကို ကြက်တူရွေးကျက် မကျက်ပဲ တကယ်နားလည်အောင် အရင်လေ့လာပြီးမှ ကျက်မှတ်သင့်ကြောင်း၊ မေးခွန်းဟောင်းများကို ပြန်လှန်ကျက်မှတ်တာထက် လေ့ကျင့်ဖြေဆိုတာတွေ လုပ်သင့်ကြောင်း၊ အက်ဆေးများကို အလွတ်မကျက်ပဲ သူများရေးထားသည်များကို နမူနာယူပြိး ရေးသားလေ့ကျင့်သင့်ကြောင်း၊ သင်္ချာပုစ္ဆာများကို အဖြေမှတ်မိအောင် ထပ်တလဲလဲ တွက်နေသည်ထက် တွက်နည်းတွက်ဟန်ကိုသာ ပိုင်နိုင်အောင် လေ့ကျင့်သင့်ကြောင်း၊ ဘိုင်အိုများကို ကျက်ပြီးတိုင်း အလွတ်ရေးကြည့်သင့်ကြောင်း စသည့် စာကျက်နည်း၊ ကျက်ဟန်များကို အစ်မက စိတ်ရှည်လက်ရှည် ရှင်းပြခဲ့ပါသည်။ စာမေးပွဲသဏ္ဍာန် မေးခွန်းများကိုလဲ ဖြေဆိုစေခဲ့သည်။ ဒီနေ့လဲ သုံးနာရီကြာ မေးခွန်းများ ဖြေကြည့်နေရတာမို့ အေးအေးဆေးဆေး ခဏသွား နားစေရန် သူမတို့ ညီအစ်မတတွေရဲ့ အိပ်ခန်းလေးထဲ ခေါ်သွားမိတာဖြစ်သည်။ အိပ်ခန်းထဲရောက်တော့ ခေါင်းရင်းမှာ ကပ်ထားသော စာရွက်လေးများကို ကြည့်ပြီး အစ်မက မေးလေသည်။

သူမ ရေးထားသည်က “ဒီနှစ်စာမေးပွဲ အောင်ကို အောင်ရမယ်” အစချီပြီး ယနေ့ မြန်မာစာကျက်ရန်၊ အင်္ဂလိပ်စာကျက်ရန် စသဖြင့် လုပ်ရမည့်အရာများကို ရေးထားတာ ဖြစ်သည်။

သူမ အစ်မကို ကြည့်ရင်း လျှာလေး တစ်လစ် ထုတ်လိုက်မိသည်။ စာများက မနှစ်ကတည်းက ကပ်ထားသည်ကိုး။

“ကြာပြီအစ်မ။ မနှစ်က ကတည်းက”
“ဒီကောင်မလေး။ ဒါကြောင့် မနှစ်က ကျတာ”
အစ်မက ပြောရင်း သူမခေါင်းကို ဖွဖွလေး လှမ်းထုလေသည်။
“အစ်မကလဲ။ ညီမကိုဆို အပြစ်ပဲ ပြောနေတာပဲ”

သူမက မနာပေမယ့် ခေါင်းကို ပွတ်ပြရင်း ချွဲမိပါသည်။ အစ်မကိုလဲ မကြီးတို့၊ မလတ်တို့လိုပဲ စိတ်ထဲ ရင်းနှီးနေမိသည်။

“အပြစ်တင်တာ မဟုတ်ပါဘူး။ အဖြစ်မှန်ကို ပြောနေတာပါ။ အခုညီမလေး ရေးထားတာတွေကို သေချာပြန်ဖတ်ကြည့်နော်။ ထိပ်ဆုံးက အောင်မြင်ရမယ်ဆိုတာက ပန်းတိုင်၊ ဘာတွေ လုပ်မယ် ဆိုတာက ရည်မှန်းချက်။ ဒါပေမယ့် ပန်းတိုင်ကို ရောက်ဖို့ လုပ်ရမယ့် ရည်မှန်းချက်တွေကို ဘယ်လိုလုပ်မယ်ဆိုတဲ့ စီမံချက်တွေ၊ လုပ်နည်းလုပ်ဟန်တွေက တွဲပြီး မရှိခဲ့ဘူး။ ဟုတ်တယ် မဟုတ်လား”

အစ်မရဲ့ စကားကို သူမသေချာ တွေးနေမိသည်။ ဟုတ်သည်ပဲ။ စာမေးပွဲအောင်ဖို့ စာတွေ ကျက်ရမယ်ဆိုတာပဲ သူမသိခဲ့သည်။ ဒီစာတွေကို ဘယ်လိုအချိန်အတိုင်းအတာ သတ်မှတ်ပြီး ဘယ်လိုကျက်ရမယ်ဆိုတာ သူမ မသိခဲ့။ သင်ရိုးတွေကို အလွတ်ရနေဖို့ပဲ သူမအာရုံစိုက်ခဲ့သည်။ စာမေးပွဲမှာ ဘယ်လိုမေးခွန်းလာရင် ဘယ်လို ဖြေရမယ်ဆိုတာကို ကြိုတင် မပြင်ဆင်ခဲ့မိ။

“ညီမလေးက ကိုယ်ဘာလုပ်မယ်ဆိုတာကိုပဲ စတွေးတယ်။ စာမေးပွဲမေးခွန်းတွေရဲ့ သဘောသဘာဝ
တွေကို အရင်မလေ့လာခဲ့ဘူး။ စာမေးပွဲကို ရင်ဆိုင်ဖို့ ညီမလေးမှာ ပြင်ဆင်ထားတာတွေ မပြည့်စုံခဲ့ဘူး။ စာမေးပွဲအောင်ဖို့က အဓိကလား၊ ဘေးပတ်ဝန်းကျင်က လူတွေကို ငါစာကျက်နေတယ်ဆိုတာ သိစေချင်တာက အဓိကလားဆိုတာတွေမှာ မသဲကွဲခဲ့ဘူး။ ဆယ်တန်းစာမေးပွဲအကြောင်းကို ဘာမှ သေချာ မသိတဲ့ ပတ်ဝန်းကျင်က လူတွေက ချီးကျူးအထင်ကြီးနေတာကို သာယာခဲ့တယ်။ အစ်မပြောတာတွေ၊ မှန်လား၊ မမှန်ဘူးလား”

အစ်မကို အံ့သြတကြီးနှင့် ကြည့်လိုက်မိသည်။ သူမဖြစ်ခဲ့တာတွေကို အစ်မဘယ်လိုများ သိနေသလဲ မသိ။

“အစ်မ၊ ဘယ်လိုသိတာလဲ”
“လူတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ သဘောသဘာဝတွေနဲ့ ချိန်ထိုးပြီး ပြောလိုက်တာပါ။ ဒါဟာ လူ့သဘာဝတွေပဲ ညီမလေး။ ညီမလေးတင် မဟုတ်ပါဘူး။ လူတိုင်း ဘ၀မှာ တချိန်မဟုတ်တချိန်တော့ ဒီလိုစိတ်တွေ ၀င်လာတတ်ပါတယ်။ တခုပဲ။ ဒီလိုစိတ်တွေဟာ အကြာကြီး ရှိလို့ ကောင်းတဲ့ စိတ်တွေတော့ မဟုတ်ဘူး။ အချိန်တွေကြာလာတာနဲ့အမျှ စိတ်ဖောက်ပြန်မှုတွေ ဖြစ်လာတတ်တယ်။ ကိုယ့်အားနည်းချက်တွေကို ကိုယ်မမြင်တော့ဘူး။ ဘေးကမြင်လို့ ထောက်ပြရင်လဲ ရန်လိုလာတတ်တယ်။ လက်သင့်မခံနိုင်တော့ဘူး။ ဒီလိုနဲ့ပဲ စိတ်ကူးယဉ်ပန်းတိုင်ဆီကို ရောက်အောင်သွားဖို့ စနစ်တကျ အကောင်အထည်ဖော်ရမယ့် စီမံချက်တွေ မရှိပဲ ဆုပ်ကိုင်ထားတဲ့ ဘာလုပ်မယ်၊ ညာလုပ်မယ် ရည်မှန်းချက်တွေ တပွေ့တပိုက်နဲ့ လမ်းလျှောက်ရင်း လမ်းပျောက်နေကြသူတွေ လူ့လောကမှာ အများကြီးပဲ ညီမလေး။ ဒီလို လူတွေထဲမှာ ညီမလေး ဘယ်တော့မှ မပါသွားစေနဲ့”

အစ်မရဲ့ စကားများက လေးနက်နေတာမို့ သူမငြိမ်ပြီး နားထောင်နေမိသည်။ စာမေးပွဲအတွက်သာမကပဲ ဘ၀တခုလုံးအတွက်ပါ အကျိုးရှိစေမည့် စကားများ ဖြစ်တာကို သူမစိတ်ထဲက အလိုလို သိနေခဲ့သည်။ စိတ်ထဲမှာ ဇဝေဇ၀ါဖြစ်နေသည့် ကိစ္စကိုတော့ မေးမိသည်။

“ဒါဆို လူတွေက စိတ်ကူးမယဉ်သင့်ဘူးလားအစ်မ။ ညီမ ကြားဖူးတာကတော့ စိတ်ကူးယဉ် ရည်မှန်းချက်တွေက ဘ၀ကို တိုးတက်စေနိုင်တယ်တဲ့”

“အစ်မက စိတ်ကူးယဉ် ရည်မှန်းချက်တွေ မရှိရဘူးလို့ မဟုတ်ဘူးနော်။ ဒါပေမယ့် စိတ်ကူးထဲက ပန်းတိုင်တွေကို တမ်းတပြီး စိတ်ကူးယဉ်အိပ်မက်ထဲမှာ အိပ်မနေဖို့ ပြောတာ။ ဥပမာပြောရရင် လှေလှော်တဲ့အခါ လှော်တက်ကို ဆုပ်ပြီး လှော်နေရုံနဲ့ မပြီးဘူးလေ ညီမလေးရယ်။ ကိုယ့်လှေက ပန်းတိုင်ကို ဦးတည်နေသလား၊ လှော်လာတဲ့ လမ်းကြောင်းက မှန်ရဲ့လား၊ လှေက ရှေ့တိုးနေလား၊ ပတ်ချာလည်နေလား ဆိုတာ ပြန်ပြီး ဆန်းစစ်နိုင်ရမယ်လို့ ဆိုလိုတာ။ လက်ထဲမှာ လှော်တက်ရှိတိုင်း ပန်းတိုင်ရောက်အောင် မလှော်နိုင်ဘူး။ လှော်တက်ကို ဘယ်လိုကိုင်ရမယ်ဆိုတာ သိဖို့က အရမ်းအရေးကြီးတယ်လို့ အစ်မမြင်တယ်”

(၆)

“ကိုဝင်းမြင့်။ ရှင်လုပ်ပုံကလဲ မဟုတ်သေးပါဘူး။ မိသင်းလေးကို စာသင်ပေးဖို့ ဆိုပြီး ရှင့်သူဌေးသမီးလေးကို ခေါ်လာတာလေ”

“ဘာဖြစ်လို့လဲဟ”

အဖေနှင့် အမေ ပြောနေသံကြောင့် ဓာတုဗေဒ ညီမျှချင်းများကို နှစ်ဘက်ညီအောင် ညှိနေရင်းမှ သူမနားစွင့်လိုက်မိသည်။

“သူရောက်လာပြီးမှ ကျုပ်သမီးလေးရဲ့ စာကျက်သံတွေ သိပ်မကြားရတော့ဘူးတော့”
“ဒါပေမယ့် စာကြည့်စားပွဲမှာတော့ ထိုင်နေတယ် မဟုတ်လား။ စာကျက်နေမှာပေါ့။ မင်းကလဲကွာ။ ပြဿနာမဟုတ် ပြဿနာလုပ်နေတယ်”

“သိဘူးလေတော်။ ကျုပ်ကတော့ စာကျက်သံ မကြားရရင် စာကျက်နေတယ်လို့ကို မထင်ဘူး”

အမေ့ဘုကျကျ စကားသံကြောင့် သူမ ပြုံးလိုက်မိသည်။

“စာကျက်သံ မထွက်တိုင်း စာကျက်မနေဘူးလို့ ပြောလို့ မရသလို၊ စာကျက်သံတွေ ထွက်တိုင်းလဲ စာမေးပွဲ အောင်အောင် ဖြေနိုင်မယ့် စာကျက်သံတွေ ဖြစ်ချင်မှ ဖြစ်မှာပါ အမေ။ အရေးကြီးတာက စာမေးပွဲအောင်အောင် စာကျက်တတ်ဖို့ပါ။ အမေ့သမီး သင်းသင်းခိုင် စာကျက်နေတယ်ဆိုတာကို အောင်စာရင်းထွက်တဲ့ နေ့ကျရင် အမေသိလာရမှာပါ”

သူမ ရင်ထဲမှ စကားသံများကို မည်သူမှ မကြားချင်လဲ နေပါစေ။ သူမဂရုမစိုက်ပါ။ အခုတော့ သူမ တကယ်ကို စာကျက်တတ်သွားပါပြီ။

ခင်မမမျိုး (၂၁၊ ၁၊ ၂၀၁၀)

အပြည့်အစုံဖတ်ချင်ရင်..>>>

Take action for Hati (Written by Rachel Cernansky)

Sunday, January 17, 2010

Centered 10 miles from the capital Port Au Prince, it was the worst earthquake to hit the region in more than 200 years and the devastation is enormous—thousands of structures have been destroyed, including hospitals and countless homes—people are trapped in the rubble, and we don't even know the full extent of the damage.

Several great lists of how to help are already up and running, including on the Huffington Post, some of whose ideas we borrowed—here are a few more.


•Send a text to "Haiti" to "90999," and a $10 donation will automatically be given to the Red Cross to help with Haiti relief efforts. (The charge will show up on your cell phone bill.)


•Donate to Partners in Health: an awesome organization founded in Haiti by Paul Farmer that has already done so much great work in that country. Louise Ivers, the PIH clinical director in Haiti, sent a plea for help, saying, "Temporary field hospital by us at UNDP needs supplies, pain meds, bandages. Please help us."


•Wyclef Jean is requesting help for the Yele Haiti Foundation, which he started to support development in his home country. Texting "Yele" to 501501 will automatically donate $5 (and charge your cell phone bill), or you can donate through Yele's website.


•Ushahidi, which crowdsources crisis information, has created a map of Haiti to which anyone can submit updates on road conditions, building collapses, etc., by phone, email, or online. Ushahidi, which means "testimony" in Swahili, is an open source project that was started in Africa, but is customizing a response for Haiti. Check out the map that's already up and running, follow them on Twitter, and help them out if you can. (Check their site for the local SMS number, which was not available as of this morning—or use their international number +44 7624802524.) Cell towers and most of the local news stations in Haiti are down, so efforts like these are filling a particularly challenging gap in information.


•The Haiti Earthquake Relief Center is run by the Haitian Alliance, which has been working to make Haiti "green and literate" (including tree-planting efforts), and is coordinating collections and shipments of food, medicine, and temporary shelter (tents, blankets, etc.), to the millions of Haitians affected by the quake.


•Support Mercy Corps, which is sending a team of emergency responders. Donate online, call 1-888-256-1900 or send checks to Mercy Corps Haiti Earthquake Fund; Dept NR; PO Box 2669; Portland, OR 97208.


•Ben Stiller's Stillerstrong, "in recognition of the severity of the earthquake in Haiti," is temporarily sending all donations to emergency relief efforts for earthquake victims.


•Direct Relief is coordinating with in-country partners, including Partners in Health, St. Damien Children's Hospital, and the Visitation Hospital, which are particularly active in emergency response. Donate to Direct Relief online.


•One Day's Wages, which has already committed $5,000 to the relief efforts, is asking for people to consider donating a day's wages (or any other amount, really) to support their partnership with World Concern, which has an office in Port Au Prince. The office is still standing, but they need help to boost their emergency and disaster relief efforts and to support communities affected by the earthquake.


•Follow BBC's Have Your Say's Twitter list dedicated to Haiti. And of course, the whole Twitterverse is abuzz with talk about Haiti

Written by Rachel Cernansky

(Hati မှ သဘာဝ ဘေးအန္တရာယ် ဒုက္ခခံစားနေရသော ကမ္ဘာ့ပြည်သူများအတွက် လူသားချင်းစာနာစိတ်ဖြင့် ၀ိုင်းဝန်းကူညီပံ့ပိုးကြပါစို့)

အပြည့်အစုံဖတ်ချင်ရင်..>>>

ပြည်သူ့တပ်မတော်သားများသို့ ပန်ကြားလွှာ

Thursday, January 14, 2010

Statement by Free Burma Federation (14.1.2010)

အပြည့်အစုံဖတ်ချင်ရင်..>>>

တော်လှန်ရေးဆန်းစစ်ချက်နှင့် BARD O’NEILL’S FRAMEWORK

Sunday, January 10, 2010

(၂၀) ရာစုကာလတလျှောက်ဟာ စစ်ပွဲတွေနဲ့ ပြည့်လွှမ်းနေတဲ့ ရာစုနှစ်ကြီး တခုပါ။ ကမ္ဘာစစ်ကြီးတွေ၊ စစ်အေးတိုက်ပွဲတွေ၊ နယူးကလီးယား ထုတ်လုပ်အားပြိုင်မှုတွေက နိုင်ငံတကာ အဆင့်မှာ ဖြစ်ပွားနေခဲ့သလို၊ ကိုလိုနီနယ်ချဲ့စနစ်ကို ဆန့်ကျင်တဲ့ တော်လှန်ရေးတွေ၊ အာဏာရှင်စနစ် အသွင်အမျိုးမျိုးကို ဆန့်ကျင်တဲ့ လက်နက်ကိုင်တော်လှန်ရေးတွေ၊ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု လှိုင်းလုံးကြီးတွေကနေ ပေါ်ထွက်လာခဲ့တဲ့ လူထုတော်လှန်ရေးတွေကလဲ နိုင်ငံပေါင်းများစွာမှာ ဖြစ်ပွားနေခဲ့ပါတယ်။ ဒီစစ်ပွဲကြီးတွေထဲမှာ လူပေါင်းများစွာရဲ့ သွေးတွေ မြေမှာကျခဲ့ရပါတယ်။ လူသားတွေရဲ့ အသက်တွေဟာလဲ ပန်းပွင့်တွေပမာ တဖြုတ်ဖြုတ်နဲ့ ကြွေကျခဲ့ရပါတယ်။ စစ်ပွဲတွေကြောင့် မြေမှာကျခဲ့တဲ့ သွေးစက်တွေသာ ပေါင်းစုသွားပြီး သမုဒ္ဒရာထဲကို စီးဝင်သွားခဲ့မယ်ဆိုရင် ကမ္ဘာ့အကြီးဆုံး သမုဒ္ဒရာကြီးတွေဖြစ်တဲ့ ပစိဖိတ်၊ အတ္တလန္တိတ်နဲ့ အိန္ဒိယသမုဒ္ဒရာကြီးတွေထဲက ပင်လယ်ရေတွေဟာ ရဲရဲများ နီနေလိမ့်လေမလားလို့ ဆိုရမလိုပါပဲ။



ဘယ်လိုပဲဖြစ်ဖြစ် ကမ္ဘာစစ်ကြီးတွေနဲ့ အင်အားကြီးနိုင်ငံကြီးတွေရဲ့ အားပြိုင်မှုတွေကတော့ ယနေ့ခေတ် အခြေအနေနဲ့ အချိန်ကာလတခုမှာ ခေတ္တငုပ်လျှိုးနေပါပြီ။ ငြိမ်းချမ်းရေးလေ့လာသူတွေက ကမ္ဘာစစ်ကြီးတွေနဲ့ စစ်အေးတိုက်ပွဲလို အားပြိုင်မှုကြီးတွေ ထပ်ပြီး မပေါ်ပေါက်လာအောင် ထိန်းချုပ်နိုင်မယ့် နည်းလမ်းတွေကို လေ့လာဖော်ထုတ်နေကြပါတယ်။ တပြိုင်နက်တည်းမှာပဲ စစ်ရေးလေ့လာသူတွေကတော့ ထွက်ပေါ်နေတဲ့ ခြေလှမ်းတွေနဲ့ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး အားပြိုင်မှုတွေကို အကဲခတ်စောင့်ကြည့်နေကြပါတယ်။ ဒါပေမယ့် ငြိမ်းချမ်းရေးလေ့လာသူတွေ၊ စစ်ရေးလေ့လာသူတွေ၊ ပဋ္ဋိပက္ခရေးရာ ကျွမ်းကျင်သူ ဆိုသူတွေကို ပကတိ အခြေအနေမှာ စိန်ခေါ်နေမှုတွေက ကမ္ဘာစစ်နဲ့ စစ်အေးတိုက်ပွဲတွေ မဟုတ်ပါဘူး။ နိုင်ငံတော်အကြမ်းဖက်မှုတွေ ဖြစ်ပွားနေတဲ့ နိုင်ငံတွေ၊ ဖွံ့ဖြိုးတိုးတက်မှုမရှိပဲ Failed state ဖြစ်နေတဲ့ နိုင်ငံတွေ၊ နိုင်ငံရေး တည်ငြိမ်မှု မရှိတဲ့ အာဏာရှင် နိုင်ငံတွေပဲ ဖြစ်ပါတယ်။ ဒီနိုင်ငံတွေမှာ အင်အားကြီးနိုင်ငံတွေက ပါဝါဂိမ်းတွေ ၀င်ကစားကြပါတယ်။ နိုင်ငံရေးမတည်ငြိမ်မှု အခြေအနေကြောင့် မူးယစ်ဆေးဝါး ကူးသန်းရောင်းဝယ်မှု၊ လူကုန်ကူးမှုတွေစတဲ့ နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှုတွေကလဲ ကြီးစိုးနေကြပါတယ်။ ရာဇ၀တ် ဂိုဏ်းတွေကလဲ အသွင်အမျိုးမျိုးနဲ့ ပေါ်ထွက်နေပါတယ်။ အဖိနှိပ်ခံ ပြည်သူတွေရဲ့ ဘ၀ အခြေအနေတွေကလဲ တနေ့တခြား ဆိုးရွားလာနေကြတယ်။ နိုင်ငံကို စွန့်ခွာထွက်ရသူတွေ၊ နိုင်ငံကနေ ထွက်ပြေးရသူတွေ ပိုပြီး များလာပါတယ်။ အဖိနှိပ်ခံ ပြည်သူတွေထဲကနေ ဖိနှိပ်သူတွေကို တော်လှန်ဖို့ ပေါက်ဖွားလာတဲ့ တော်လှန်ရေးတွေကလဲ ပန်းတိုင်နဲ့ မနီးပဲ ကြန့်ကြာမှုတွေ ရှိနေကြတယ်။ ဒီမိုကရေစီ ကနဦးအသွင်ကူးမှု စပြီးမှ ဒီမိုကရေစီ စနစ် အမြစ်တွယ် ရှင်သန်ခိုင်မာမှု အဆင့်ကို မကူးပြောင်းနိုင်ပဲ ရှေ့မတိုး၊ နောက်မဆုတ် ဖြစ်နေတဲ့ နိုင်ငံတွေကလဲ ရှိနေတယ်။ နောက်ပြန်ဆွဲသွားပြီး အာဏာရှင်စနစ် ပြန်ဖြစ်သွားတဲ့ နိုင်ငံတွေကလဲ ရှိပြန်တယ်။ လူသားတွေရဲ့ ရှင်သန်ရပ်တည်ရမှုအပိုင်းမှာ မတူညီ ကွဲပြားမှုတွေကလဲ တစတစ ပိုကြီးထွားလာနေတယ်။

ကြန့်ကြာနေသော တော်လှန်ရေးများ

အခြေအနေ၊ အမျိုးမျိုးကြောင့် တော်လှန်ရေးကြန့်ကြာနေတဲ့ နိုင်ငံတွေမှာဆိုရင် တော်လှန်ရေး သမားတွေနဲ့ ပြည်သူလူထုဟာ အာဏာရှင်စနစ်ဆိုးရဲ့ ဖိနှိပ်မှုဒဏ်တွေကို စက္ကန့်နဲ့အမျှ ခံစားနေကြရတယ်။ နံနက်မိုးလင်းတာနဲ့ စပြီးကြုံတွေ့ရတဲ့ ရေ၊ မီး ပြဿနာတွေ၊ ကူးသန်းသွားလာရေး ပြဿနာတွေ၊ ပညာရေး အခက်အခဲတွေ၊ ကျန်းမာရေး အခက်အခဲ၊ ပေါင်နှံရောင်းချငွေတိုးပေးရတဲ့ အခက်အခဲတွေ၊ စာရိတ္တပျက်စီးမှုတွေ၊ လာဘ်ပေးလာဘ်ယူမှုတွေ၊ လောင်းကစားဝိုင်းတွေ၊ စတာတွေဟာ ဘ၀အကျိုးပေးတွေကြောင့် မဟုတ်ပဲ အာဏာရှင်စနစ်ဆိုးရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေပဲ ဖြစ်ပါတယ်။ ဒီနောက်ဆက်တွဲ ဆိုးကျိုးတွေကို လူထုကြီး တရပ်လုံး ခါးစည်းခံနေကြရသလို တော်လှန်ရေးသမားတွေမှာလဲ အကျဉ်းထောင်တွေထဲမှာ ငရဲပြည်တမျှ ညှဉ်းပမ်းနှိပ်စက် မှုတွေကို ခံစားနေကြရပြန်ပါတယ်။

တော်လှန်ရေးတွေမှာ အချိန်တိုအတွင်း အောင်မြင်သွားတဲ့ တော်လှန်ရေးတွေ ရှိသလို၊ ဆယ်စုနှစ်ပေါင်းများစွာကြာမှ အောင်မြင်သွားတဲ့ တော်လှန်ရေးတွေ ရှိပါတယ်။ အောင်မြင်ဖို့ဆိုတာမှာ အခြေအနေ၊ အချိန်အခါ၊ နိုင်ငံရေး အခင်းအကျင်း၊ မဟာဗျူဟာ အားသာချက်၊ အဂါင်္ရပ်ပြည့်စုံမှု၊ ခေါင်းဆောင်မှုအရည်အချင်း စတာတွေပေါ်မှာ မူတည်တာ ဖြစ်တာကြောင့် မအောင်မြင်သေးခင်မှာ ခေါင်းဆောင်မှု တခုတည်းကိုပဲ လက်ညှိုးထိုး အပြစ်ပုံချလို့ မရပါဘူး။ မဟာဗျူဟာ တခုတည်းကိုပဲ ပုံချပြီး အပြစ်ဆိုလို့ မရပါဘူး။ ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်းတခုတည်းကိုပဲ လက်ကိုင်ထားပြီး တည်မှီ ဆုံးဖြတ်နေလို့လဲ မဖြစ်ပြန်ပါဘူး။ ဘက်ပေါင်းစုံ အားနည်းချက်တွေ ရှိနေနိုင်လို့ပဲ ဖြစ်ပါတယ်။

အားနည်းချက်တွေ ရှိတာဟာ အပြစ်ဆိုဖွယ်ရာ မဟုတ်ပါဘူး။ ဒါပေမယ့် ရှိတဲ့ အားနည်းချက်တွေကို ဖော်ထုတ်ဆန်းစစ်မှု မရှိတာနဲ့ လိုအပ်တဲ့ ပြင်ဆင်ဖြည့်ဆည်းမှု မရှိဘူးဆိုရင်တော့ ဒါဟာ အပြစ်ဆိုဖွယ်ရာပဲ ဖြစ်ပါတယ်။ သင်္ချာပုစ္ဆာတွေကို မှားပြီး တွက်ထားလို့ စာမေးပွဲကျထားတဲ့ နှစ်ကျကျောင်းသားတယောက်ဟာ ဒီတွက်နည်းတွေကိုပဲ တခါပြန်တွက်နေပြီး၊ အသစ်တက်လာတဲ့ ကျောင်းသားတွေကိုလဲ ငါက ကျောင်းတနှစ် ပိုနေဖူး တာကြောင့် ငါတွက်တာ မှန်တယ်ဆိုတဲ့ ပုံစံနဲ့ တွက်နည်းအမှားတွေပဲ လမ်းညွှန်ပေးနေမယ်ဆိုရင် ဒီကျောင်းသားရဲ့ အနာဂတ်နဲ့ သူပြောတာ ယုံပြီး လိုက်တွက်မိတဲ့ ကျောင်းသားတွေရဲ့ အနာဂတ်ဟာ မတွေးဝံ့စရာ ဖြစ်ပါမယ်။ အမှန်တကယ် နှစ်ကျကျောင်းသား လုပ်သင့်တာကတော့ အသစ်တက်လာတဲ့ ကျောင်းသားတွေကို “ညီလေးတို့၊ ညီမလေးတို့ရေ။ အစ်ကိုတော့ ဒီပုစ္ဆာတွေကို ဒီလိုမှားတွက်မိတယ်။ ဒါကြောင့် စာမေးပွဲကျတာ။ အစ်ကို့တို့ စုပြီး တွက်နည်းအမှန်ကို အဖြေထုတ်ကြည့်ရအောင်။ ဆရာမကို သွားမေးကြည့်ရအောင်” ဆိုတာပဲ ဖြစ်သင့်ပါတယ်။ ဟန်ကိုယ့်ဖို့ ဆိုပြီး၊ တောပြောတောင်ပြောနဲ့ တွက်နည်းအမှားကိုပဲ လက်ဆုပ်လက်ကိုင်ပြုထားတာတွေဟာ အနာဂတ်မှာ ဘယ်သူ့အတွက်မှ အကျိုး မရှိနိုင်ပါဘူး။

စာသင်ခန်းရှေ့က ဆရာခုံမှာ ထိုင်နေတိုင်းလဲ ဆရာမဖြစ်ပါဘူး။ ကျောင်းသားတွေက ဆရာလို့ သတ်မှတ်မှ ဆရာဖြစ်ပါတယ်။ ခေါင်းဆောင်လို့ ထိုင်အော်တိုင်းလဲ ခေါင်းဆောင်မဖြစ်ပါဘူး။ ခေါင်းဆောင်လို့ သတ်မှတ်သူရှိမှ ခေါင်းဆောင်ဖြစ်ပါတယ်။ ပွင့်လင်းမှုနဲ့ အခြေအနေကို အမှန်အတိုင်း မြင်တတ်နိုင်မှုက ဆုံးဖြတ်ချက်ချမှတ်သူတွေအတွက် အရေးကြီးဆုံး အရည်အချင်းတွေပါ။

ဒါကြောင့် တော်လှန်ရေးတခုမှာ တော်လှန်ရေးသမားတွေဟာ ကိုယ်ဘာလဲ၊ ကိုယ်ဘယ်လဲ၊ တော်လှန်ရေး အခြေအနေက ဘယ်အဆင့်ကို ရောက်နေပြီလဲ ဆိုတာကို ဆန်းစစ်ဖို့ လိုအပ်ပါတယ်။ ဆန်းစစ်ချက်တွေကနေ ထွက်ပေါ်လာတဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ လိုအပ်ပါတယ်။ ဘေးက ထိုင်ကြည့်နေသူတွေကလဲ ဘေးထိုင်ဘုပြောလုပ်နေတာထက် ဘယ်လိုအပ်ချက်မှာ ကိုယ်က ပါဝင်ဖြည့်ဆည်းပေးနိုင်မလဲဆိုတာ ကိုယ့်ကိုယ်ကို ပြန်ဆန်းစစ်ဖို့ လိုပါမယ်။ အဖိနှိပ်ခံပြည်သူတွေက ဖိနှိပ်သူတွေကို တော်လှန်တဲ့ တော်လှန်ရေးဆိုတာ လှေလှော်ပြိုင်ပွဲ ကျင်းပနေတာ မဟုတ်ပါဘူး။ နှစ်ဘက်အသင်း ဘောလုံးကန်နေတာ မဟုတ်ပါဘူး။ လေယာဉ်ကြီးတစင်း ပြန်ပေးဆွဲခံထားရတဲ့ အခြေအနေမျိုးပါ။ ပြန်ပေးသမားတွေကို ပြန်တိုက်ခိုက်ဖို့ ကြိုးပမ်းနေသူတွေကို ဝေဖန်ရင်း ကိုယ်ငုတ်တုတ်ထိုင်နေတာကပဲ သူတို့ကြောင့်လိုလို ပြောလိုက်၊ ပြန်ပေးသမားတွေကို ကြောက်ပြီး ပြုံးပြလိုက်၊ ကိုယ်နဲ့ မဆိုင်ဘူးဆိုပြီး သီချင်းလေး နားထောင်လိုက် လုပ်နေလို့ မရပါဘူး။ ပြန်ပေးသမားတွေကို ပြန်ခုခံနေသူတွေမှာ အားနည်းချက်တွေ ရှိမှာလဲ အမှန်ပါပဲ။ ဘယ်လိုဖြည့် ဆည်းပေးမလဲ စဉ်းစားကြည့်ဖို့ လိုပါတယ်။ ပြန်ခုခံနေသူတွေကလဲ ပုံစံတမျိုးနဲ့ မရရင် အားနည်းချက်တွေကို ပြန်ဆန်းစစ်ဖို့ လိုပါမယ်။ သူများတွေ ဝေဖန်ထောက်ပြတဲ့အခါ ပြန်ဆန်းစစ်ပြီး မဟုတ်ရင် လျစ်လျူရှု၊ ဟုတ်နေရင်တော့ ပြင်သင့်ပါတယ်။ ဒါမှလဲ တိုးတက်မှာပါ။ မျက်စိစုံမှိတ်၊ နားပိတ်ပြီး ခုန်ဆွခုန်ဆွ လုပ်နေလို့ မရပါ။

လေယာဉ်ပြန်ပေးဆွဲခံထားရတဲ့အခါ ခုခံမယ်ဆိုရင် လေယာဉ်နောက်ပိုင်းမှာ ခုခံနေသူတွေ ရှိဖို့သလို လေယာဉ်မှူးခန်းထဲကို ဘယ်လိုရအောင် ၀င်ပြီး လေယာဉ်မောင်းတံကို ကိုယ့်လက်ထဲ ရောက်အောင် ဘယ်လိုလုပ်မလဲ။ မြေပြင်နဲ့ ဆက်သွယ်မှုကို ဘယ်လိုပြန်ရအောင်ယူပြီး လေယာဉ်ကြီးကို အထိအခိုက် အနည်းဆုံးနဲ့ မြေပေါ်ဆင်းနိုင်အောင် လုပ်မလဲ ဆိုတာတွေ ကြိုတင်တွက်ချက်ဖို့ လိုပါတယ်။ ခုခံရေးပဲ ဦးစားပေးလုပ်တဲ့အခါ ထိန်းချုပ်ရေးက ကိုယ့်လက်ထဲမှာ မရှိတာကြောင့် နောက်ဆုံး လေယာဉ်ကြီး ပျက်ကျသွားတာမျိုးလဲ ရှိတတ်ပါတယ်။ ခုခံပြီး အရာမထင်တာတွေလဲ ရှိတတ်ပါတယ်။ ဘက်မျှဖို့ လိုပါတယ်။ ပြန်ပေးသမားတွေကို ၀ိုင်းဖမ်းပြီး တရားစွဲတာတွေ ဘာတွေက ကြိုတွေးထားဖို့ လိုပေမယ့် နောက်မှလုပ်ရမယ့် ကိစ္စတွေပါ။ ပြန်ပေးဆွဲခံထားရတဲ့ လေယာဉ်ပေါ်ကနေထိုင်ပြီး ဖုန်းလေးတဂွမ်ဂွမ်နဲ့ ပြန်ပေးသမားတွေကို တရားစွဲပေးနော်လို့ ထိုင်အော်နေလဲ ပြောရုံပဲ အဖတ်တင်မှာပါပဲ။ ကူပါ၊ ကယ်ပါဦး ပြောနေပြန်ရင်လဲ တိုက်လေယာဉ်တွေ ဘေးက ၀န်းရံပြီး တက်လာပေးတာပဲ လုပ်လို့ ရမှာပါ။ ဘေးကနေ တက်လာတဲ့အခါမှာလဲ ဆက်သွယ်ရေးကိရိယာကနေတဆင့် ပြန်ပေးသမားတွေနဲ့ ညှိနှိုင်းမှုတွေ၊ ဖိအားပေးမှုတွေပဲ လုပ်နိုင်မှာပါ။ ပြန်ပေးသမားတွေချည်းကိုပဲ သီးသန့်ပစ်ချလို့ ရသည်ကလဲ မဟုတ်၊ ပြန်ပေးဆွဲခံထားရတဲ့ လေယာဉ်ကြီးထဲ ၀င်လာလို့ကလဲ ရတာ မဟုတ်တာကြောင့် “ပြန်ပေးဆွဲ ခံထားရတဲ့ လူတွေကို သနားပါကြောင်း၊ ကိုယ်ချင်းစာပါကြောင်း” ပဲ ပြင်ပကနေ ပြောနိုင်မှာပါ။ ဒါကို ပြန်ပေးဆွဲခံထားရသူတွေထဲက ဖုန်းရှိတဲ့ လူတွေက “အဲဒီပြန်ပေးတွေလေ၊ ခုပဲ လူတယောက်ကို ရိုက်ပစ်လိုက်ပြန်ပြီ။ ခုပဲ ကိုယ်ဝန်ဆောင်ခရီးသည် မေ့လဲသွားပြီ။ ငါတို့တွေမှာ စားစရာလဲ မရှိဘူးသိလား” လို့ ပြင်ပက လူကို ပြောလိုက်၊ ပြင်ပလူက “ဟုတ်လား။ ငါတို့ ကိုယ်ချင်းစာ သနားပါတယ်လို့ လေယာဉ်ပေါ်က လူတွေကို ပြောလိုက်ပါ” လို့ ပြန်ပြောတဲ့အခါ ၀မ်းသာအားရ ဖြစ်သွားပြီး “ဟေ့။ ငါတို့ဘေးမှာ ပါလာတဲ့ ဟိုလေယာဉ်က လူကလေ ငါတို့ကို သနားတယ်လို့ ပြောခိုင်းလိုက်တယ်” ဆိုပြီး ပြန်အော်ပြောပေးလိုက်နဲ့ လုပ်နေကြလို့ မရပါ။

ဒီကြားထဲ တခြားဘာလုပ်ရမလဲဆိုတာတွေ မစဉ်းစားတော့ပဲ လေယာဉ်မှူးအခန်းထဲမှာ ပိတ်လှောင်ခံထားရတဲ့ ပိုက်လော့ကို အမြန်လွှတ်ပေးပါလို့ ပြန်ပေးသမားတွေကို ပြောသူကပြော၊ လေယာဉ်အပြင်က ၀န်းရံလိုက်လာပေးတဲ့ တိုက်လေယာဉ်တွေကို လေယာဉ်မှူးထုတ်လာပေးဖို့ ပြောပေးပါ ဆိုပြီး ဖုန်းတလုံးနဲ့ အော်နေသူကအော် ဖြစ်တတ်ပြန်ပါတယ်။ ဒီလေယာဉ်မှူးရှိနေရင် ပြန်ပေးဆွဲထားရမှာ အခက်အခဲရှိလို့ ကြိုးတုပ်ပိတ်လှောင်ထားကာမှ လှောင်ထားသူကို လွှတ်ပေးပါလို့ အော်နေတာဟာ လက်တွေ့နဲ့ အပ်စပ်မှု ရှိမရှိ သိဖို့ လိုပါတယ်။

ဒီကြားထဲ “မင်းတို့လဲ ငါတို့နဲ့အတူတူ လေယာဉ်မောင်းရမှာပါကွာ” ဆိုပြီး ပြန်ပေးသမားတွေက လေယာဉ်မောင်းခန်းထဲ ၀င်လာဖို့ ကမ်းလှမ်းတာနဲ့ပဲ ဘယ်ရောက်လို့ ဘယ်ဆိုက်မယ်မှန်းမသိတဲ့ လေယာဉ်ကို ပြန်ပေးသမားတွေနဲ့ အတူမောင်းဖို့ ဖင်တကြွကြွ ဖြစ်နေတတ်သူတွေကလဲ ရှိပါသေးတယ်။ ပြုသင့်တဲ့ လုပ်ငန်းဆောင်တာတွေကတော့ လူတစုက ခုခံရေး လုပ်နေချိန်မှာ လူတစုက လေယာဉ်မှူးခန်းကို ပြန်စီးနင်းပြီး လေယာဉ်မောင်းတံကို လေယာဉ်မှူးလက်ထဲ ရောက်အောင် လုပ်ပေးဖို့၊ လိုအပ်တဲ့ ပြင်ပဆက်သွယ်မှုတွေနဲ့ လေယာဉ်မြေပြင်ဆင်းနိုင်ဖို့ အကူအညီတွေ ရယူဖို့ စတာတွေ ဖြစ်ပါတယ်။

လက်တွေ့ဖြစ်နေတဲ့ အခြေအနေမှန်ကို ပကတိအတိုင်း သိနေပြီး လုပ်သင့်တဲ့အလုပ်တွေကို ဦးစားပေးစနစ်နဲ့ လုပ်ဖို့က တိုက်ပွဲအောင်မြင်ရေးရဲ့ သော့ချက်ပါ။ ဒီလိုမဟုတ်ပဲ ဗျာများပြီး ဟိုဟာစပ်စပ်၊ ဒီဟာစပ်စပ်နဲ့ လူအင်အား၊ ငွေအင်အားတွေကို ဖြန့်ကျဲသုံးနေရင် ဘာမှာမှ မထိရောက်ပဲ အချိန်တွေကြာလာတဲ့အခါ လေယာဉ်ဆီ ကုန်လို့ပဲဖြစ်ဖြစ်၊ ပြန်ပေးသမားတွေရဲ့ စိတ်ဖောက်ပြန်မှု ပိုဆိုးသွားလို့ပဲဖြစ်ဖြစ် လေယာဉ်ကြီးတခုလုံး ပျက်ကျသွားနိုင်ပါတယ်။ ပြင်ပမှာ ပါလာတဲ့ တိုက်လေယာဉ်မှူးတွေကလဲ လေယာဉ်ပေါ်က လူတွေက သနားလွန်းလို့ ၀င်ကယ်ဖို့ လုပ်နေသူတွေချည်းပါလို့ ဘယ်သူမှ အာမမခံနိုင်ပါ။ ပြန်ပေးသမားတွေနဲ့ ညှိနှိုင်းမှု တစုံတရာ ရသွားပြီး၊ ဘယ်လိုအခြေအနေမျိုးတွေကို သဘောတူရင် လေယာဉ်ပေါ်က ခရီးသည်တွေကို လုပ်ချင်တာ လုပ်လို့ ရတယ်။ သတ်ပစ်ချင်သူ သတ်ပစ်လိုက်လို့ ရတယ်၊ မသိချင်ယောင် ဆောင်နေကြမယ် လို့ ဆိုသွားခဲ့ရင်ရော မခက်ပါဘူးလား။ ဒါတွေကို မတွက်ချက်ပဲ လေယာဉ်ပေါ်မှာ ပြန်ပေးဆွဲ ခံထားရသူတွေထဲက ဖုန်းရှိသူတွေဟာ ဖုန်းပြောရတာလေးတွေ၊ နှစ်သိမ့်ခံရတာလေးတွေ ခုံမင်ပြီး ဘာမှန်းမသိတဲ့ ပြင်ပက မရေမရာ အခြေအနေပေါ်မှာ ပုံအပ်ထားကြတဲ့အခါ၊ လေယာဉ်တွင်းမှာ တကယ်ရှိနေသူတွေရဲ့ အင်အားကို မစုစည်းနိုင်ကြတော့တဲ့ အခါ၊ မရနိုင်တဲ့ တောင်းဆိုချက်တွေကို ထိုင်အော်တဲ့ အလုပ်ပဲ လုပ်နေကြတဲ့အခါ ကျရင် ဒီလေယာဉ်ကြီး ပျက်ကျဖို့ ရာခိုင်နှုန်း တော်တော်များနေပြီလို့ ဆိုနိုင်ပါတယ်။

ဒါကြောင့် တော်လှန်ရေး ဆန်းစစ်ချက်နဲ့ လိုအပ်ချက်တွေကို ပြင်ဆင်ဖြည့်ဆည်းမှုဆိုတာတွေက အလွန်အရေးကြီးပါတယ်။ ကိုယ်တိုင်ပါဝင်နေတဲ့ တော်လှန်ရေးရဲ့ အခြေအနေတွေကို ဆန်းစစ်မှုပြုတဲ့အခါမှာပဲ ဖြစ်ဖြစ်၊ တခြားတော်လှန်ရေးတွေကို လေ့လာဆန်းစစ်ချက် ပြုတာမှာပဲဖြစ်ဖြစ် စနစ်တကျ ဆန်းစစ်ချက်ပြုလုပ်ဖို့ အတွက် လိုအပ်တဲ့ Framework တခုကို စစ်ရေးနဲ့ တော်လှန်ရေးစစ်ပွဲတွေကို လေ့လာသူ ပညာရှင် Dr. Bard O’Neill က ဖော်ထုတ်ပေးခဲ့ပါတယ်။

တကမ္ဘာလုံးက စစ်ဦးစီးတက္ကသိုလ်တွေနဲ့ စစ်မဟာဗျူဟာ လေ့လာရေး သင်တန်းတွေတိုင်းမှာ BARD O’NEILL’S FRAMEWORK ဆိုတာ မပါမဖြစ်တဲ့ သက်ရိုးညွှန်းတန်း သင်ခန်းစာ တခုပါ။ တော်လှန်ရေးလုပ်နေသူတွေ အတွက် အရေးကြီးတဲ့ သင်ခန်းစာတခုဖြစ်သလို၊ တော်လှန်ရေးကို နှိမ်နင်းသူတွေအတွက်ကလဲ ဒါကို သုံးပြီး တော်လှန်ရေး အားနည်းချက်ကို ဆန်းစစ်လေ့လာမှုတွေ ပြုလုပ်ကြပါတယ်။ တဘက်နဲ့ တဘက် ဂိမ်းကစားတဲ့အခါ တဘက်ရန်သူကို လျှော့တွက်ပြီး ကိုယ့်ကိုယ်ကို အထင်ကြီးတာဟာ အဆိုးဆုံး အားနည်းချက်ပါပဲ။ သူ့ဗျူဟာအခင်းအကျင်း၊ ကိုယ့်ဗျုဟာအခင်းအကျင်းကို သိအောင် အရင်လုပ်ပြီး ကိုယ့်ဘက်က ဟာကွက်တွေကို သူက ဘယ်ဗျူဟာသုံးပြီး ဆန်းစစ်သွားနိုင်တယ်၊ ဘယ်ဗျူဟာသုံးပြီး ချေမှုန်းသွားနိုင်တယ် ဆိုတာ ကြိုတင်ခန့်မှန်းနိုင်ရင် ကိုယ့်ဘက်က ဟာကွက်တွေကို ကြိုဖြည့်ထားနိုင်ပါတယ်။

BARD O’NEILL’S FRAMEWORK

ဒီ Framework မှာ အရေးကြီးဆုံး အချက်ကတော့ တော်လှန်ရေးရဲ့ သဘောသဘာဝပဲ ဖြစ်ပါတယ်။ တော်လှန်ရေးကို နားလည်ဖို့ တော်လှန်ရေးရဲ့ သဘောသဘာဝကို နားလည်ဖို့ လိုအပ်ပါတယ်။ တော်လှန်ရေးသဘောသဘာဝကို နားလည်ဖို့ တော်လှန်ရေးရဲ့ ပန်းတိုင်၊ အခြေခံရပ်တည်ချက်၊ သုံးသပ်စဉ်းစားချက်၊ တော်လှန်ရေး ဗျူဟာတွေကို တိတိကျကျ သတ်မှတ်ဖော်ထုတ်ပြီး၊ နားလည်သိရှိနေဖို့ လိုပါတယ်။ အခုဖော်ပြမယ့် Framework ဟာ လေ့လာဆန်းစစ်သူတွေကို တော်လှန်ရေးရဲ့ ပန်းတိုင်၊ လမ်းကြောင်း၊ ဗျူဟာပိုင်းဆိုင်ရာတွေထဲက အားသားချက်၊ အားနည်းချက်တွေကို ဖော်ထုတ်ထောက်ပြပေးရုံသာမက တော်လှန်ရေးတခုရဲ့ အောင်မြင်မှု ဖြစ်နိုင်ချေကိုပါ တွက်ချက်ပေးနိုင်ပါတယ်။

တော်လှန်ရေးဆိုတာ အုပ်ချုပ်သူနဲ့ အုပ်ချုပ်သူတွေကို တော်လှန်တဲ့ အင်အားစုတွေအကြားက Political Struggle တခုပါ။ တော်လှန်တဲ့ အင်အားစုတွေဟာ အဖွဲ့အစည်းပိုင်းဆိုင်ရာ ကျွမ်းကျင်မှု၊ ၀ါဒဖြန့်ချိရေးနဲ့ လူထုလှုပ်ရှားမှု စတဲ့ နိုင်ငံရေး အရင်းအမြစ်တွေနဲ့ လက်နက်ကိုင်လှုပ်ရှားမှုတွေကို ပေါင်းစပ်အသုံးပြုပြီး၊ အုပ်ချုပ်သူတွေရဲ့ နိုင်ငံရေး မျက်နှာစာတွေကို ဖျက်ဆီးတာ၊ ရပ်ဆိုင်းတာ၊ ပြောင်းလဲတာတွေ ပြုလုပ်ကြပါတယ်။ ဒီနေရာမှာ နိုင်ငံရေးအရင်းအမြစ်နဲ့ လက်နက်ကိုင်လှုပ်ရှားမှု ပေါင်းစပ်အသုံးပြုမှု လို့ ဆိုထားပါတယ်။ လက်နက်ကိုင်လှုပ်ရှားမှုဆိုတာမှာ တောခိုပြီး ပုန်ကန်လှုပ်ရှားတာတွေအပြင် မြို့ပြပုန်ကန်မှုတွေလဲ ပါဝင်ပါတယ်။ ကမ္ဘာတ၀ှမ်းက တော်လှန်ရေးတွေမှာ လက်နက်ကိုင်လှုပ်ရှားမှု မပါပဲ အောင်မြင်သွားတဲ့ တော်လှန်ရေးတွေလဲ ရှိတတ်ပါတယ်။ ဒါပေမယ့် လှုပ်ရှားမှုတွေကို လူထုတိုက်ပွဲပဲဖြစ်ရမယ်၊ လက်နက်ကိုင်လှုပ်ရှားမှုပဲ ဖြစ်ရမယ် စသဖြင့် ကန့်သတ်လို့တော့ မရပါဘူး။ တော်လှန်ရေး တခုမှာ ပန်းတိုင်က တိကျပြတ်သားရမယ်။ မဟာဗျူဟာက စနစ်တကျ ချမှတ်ရပါမယ်။ နည်းဗျူဟာပိုင်းကျတော့ အသုံးပြုလို့ ရနိုင်တဲ့ နည်းလမ်းမှန်သမျှကို အသုံးပြုနိုင်ရပါတယ်။ ဒီသဘောတရားကို သွေဖည်ပြီး ပန်းတိုင်ကျတော့ ဟိုလိုလို၊ ဒီလိုလိုနဲ့ မသဲမကွဲ၊ မဟာဗျူဟာကျတော့ ရှေ့တိုးမရ၊ နောက်ဆုတ်ခက်၊ နည်းဗျူဟာကျတော့ ဒါမှဒါ လုပ်လို့ အောင်ပွဲနဲ့ ဝေးသွားခဲ့တဲ့ တော်လှန်ရေးတွေ အများအပြားပါပဲ။ ဘာနဲ့ တူလဲဆိုတော့ ဘယ်ပန်းတိုင်ကို ရောက်အောင်သွားမယ်ဆိုတာလဲ မရေမရာ၊ ဘယ်လမ်းကြောင်းနဲ့ သွားမယ်ဆိုတာကလဲ မတိမကျနဲ့ လှေလှော်ရင်တော့ တက်ကို ဘယ်ဘက်မှာ မထားရဘူး။ ညာဘက်မှာပဲ ထားရမယ်လို့ ကန့်သတ်နေတာနဲ့ အတူတူပါပဲ။

နိုင်ငံရေးမျက်နှာစာဆိုရာမှာ အုပ်ချုပ်နေတဲ့ အစိုးရရဲ့ ယန္တရားကို ဆိုလိုပါတယ်။ ဒီယန္တရားမှာ မျက်နှာစာ လေးခုရှိပါတယ်။ နိုင်ငံရေးအသိုင်းအ၀ိုင်း၊ နိုင်ငံရေးစနစ်၊ အာဏာရှင်တွေနဲ့ မူဝါဒတွေ ဖြစ်ပါတယ်။ နိုင်ငံရေးအသိုင်းအ၀ိုင်းထဲမှာ အစိုးရရေးရာ ဆုံးဖြတ်ချက်တွေကို နေ့စဉ်နဲ့အမျှ ချမှတ်အကောင်အထည် ဖော်ပေးနေရသူတွေ ပါဝင်ပါတယ်။ နိုင်ငံရေးစနစ်ထဲမှာ တန်ဖိုး၊ စည်းမျဉ်းဥပဒေနဲ့ အုပ်ချုပ်ရေးယန္တရား ဖွဲ့စည်းထားပုံတွေ ပါဝင်ပါတယ်။ နိုင်ငံရေး စနစ်ဆိုတာမှာ ထုံးတမ်းစဉ်လာ အော်တိုကရေစီ စနစ် (traditional autocracy)၊ ခေတ်မှီအော်တိုကရေစီစနစ် (Modernizing autocracy)၊ အာဏာရှင် စနစ် (authoritarian) နဲ့ Pluralistic စနစ်တွေ ပါဝင်ပါတယ်။

ထုံးတမ်းစဉ်လာ အော်တိုကရေစီ စနစ်ဟာ မွေးရာပါအခွင့်အလမ်းနဲ့ ဘာသာရေးယုံကြည်မှုပေါ် မူတည်ပြီး အုပ်ချုပ်နိုင်တဲ့ ခေါင်းဆောင်ဖြစ်ခွင့် အခွင့်အလမ်းကို တန်ဖိုးထားပါတယ်။ ဥပမာ- ဘုရင့်သားက ဘုရင်ဖြစ်ခွင့် ရှိတာမျိုးတွေ၊ နိုင်ငံရေးမိသားစုကနေ မွေးဖွားလာပြီး နိုင်ငံရေးထဲ ရောက်လာသူတွေအနေနဲ့ နိုင်ငံရေးလောကထဲမှာ အခွင့်အာဏာ ပိုရှိမှုတွေနဲ့ ဘာသာရေး ယုံကြည်ချက်အရ ဘာသာရေးခေါင်းဆောင်အနေနဲ့ နိုင်ငံရေးခေါင်းဆောင်ပါ ဖြစ်လာတာ မျိုးတွေ ဖြစ်ပါတယ်။ ထုံးတမ်းစဉ်လာ အော်တိုကရေစီ စနစ်ရဲ့ တန်ဖိုးတွေကတော့ ရေပေါ်ဆီဖြစ်မှုနဲ့ ပုဂ္ဂိုလ်ရေး ကိုးကွယ်မှုတွေ ဖြစ်ပါတယ်။ ခေတ်မှီသော အော်တိုကရေစီ စနစ်မှာကျတော့ တန်ဖိုးထားမှုက နိုင်ငံတော်အာဏာကို တည်ဆောက်ရယူမှု ဖြစ်ပါတယ်။ အဲဒီမှာ မွေးရာပါ အခွင့်အလမ်း၊ ရေပေါ်ဆီ ဖြစ်မှုနဲ့ ဘာသာရေးခေါင်းဆောင်အနေအထားတွေကို အကြောင်းပြုပြီး နိုင်ငံတော်အုပ်ချုပ်ရေးအာဏာ တရားဝင်ဖြစ်အောင် လုပ်ဖို့နဲ့ အများပြည်သူတွေ အစိုးရထဲမှာ မပါဝင်လာနိုင်အောင် ထိန်းချုပ်ရေးတွေ ပါဝင်ပါတယ်။ အာဏာရှင်စနစ်မှာကျတော့ နိုင်ငံသားတွေရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဘ၀တွေကို ထိန်းချုပ်နိုင်မှုကို တန်ဖိုးထားပါတယ်။ Pluralistic စနစ်မှာကျတော့ တဦးချင်း လွတ်လပ်ခွင့်၊ ညှိနှိုင်းဆောင်ရွက်မှု၊ အပေးအယူရှိမှု၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် စတာတွေကို တန်ဖိုးထားပြီး၊ ဒီတန်ဖိုးတွေကို ဒီမိုကရေစီ အစိုးရသဏ္ဍာန်နဲ့ အကောင်အထည်ဖော် ပြီးမြောက်စေပါတယ်။

နိုင်ငံရေးရဲ့ တတိယမျက်နှာစာကတော့ အုပ်ချုပ်သူတွေ ဖြစ်ပါတယ်။ အုပ်ချုပ်သူတွေ ဆိုတာမှာ အုပ်ချုပ်ရေးအာဏာကို အမိန့်ပေးကျင့်သုံးသူတွေ ပါဝင်သလို၊ အာဏာကို အသက်ဝင်စေတဲ့ ဒေါက်တိုင်တွေလဲ ပါပါတယ်။ အုပ်ချုပ်ခံရတဲ့ ပြည်သူလူထုကနေ အုပ်ချုပ်နေသူတွေဟာ “လာဘ်ပေးလာဘ်ယူမှုတွေ ရှိတယ်၊ တိုင်းပြည်တိုးတက်ရေးကို မဆောင်ကျဉ်းပေးနိုင်ဘူး၊ ပြည်သူလူထုကို ဖိနှိပ်နေတယ်” ဆိုပြီး စဉ်းစားလာတဲ့အခါတွေကျရင် အာဏာဖီဆန်မှုနဲ့ ပုန်ကန်ခြားနားမှုတွေ ထွက်ပေါ်လာနိုင်ပါတယ်။

နိုင်ငံရေးရဲ့ စတုတ္တ မျက်နှာစာကတော့ ပေါ်လစီ မူဝါဒတွေ ဖြစ်ပါတယ်။ ဒီမူဝါဒတွေထဲမှာ အစိုးရရဲ့ ပန်းတိုင်တွေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့ ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်းတွေ၊ စီမံချက်တွေ ပါဝင်ပါတယ်။ ဒီပေါ်လစီတွေဟာ လူမျိုးရေး၊ ဘာသာရေး၊ အသားအရောင်နဲ့ စီးပွားရေး ရပ်တည်မှုတွေမှာ မျှမျှတတ ရေးဆွဲထားခြင်း မရှိပဲ ခွဲခြားသတ်မှတ်ခံရတယ်လို့ အုပ်ချုပ်ခံရတဲ့ ပြည်သူလူထုတွေထဲက လူထု လူတန်းစားတွေ၊ လူမျိုးစုတွေက ယုံကြည်လာတဲ့အခါ တော်လှန်ရေးတွေ စတင်ပေါက်ဖွားလာနိုင်ပါတယ်။

တော်လှန်ရေးတွေ ပေါ်ပေါက်လာတဲ့အခါ တော်လှန်ရေးအင်အားစုတွေ သဏ္ဍာန်အမျိုးမျိုးနဲ့ ထွက်ပေါ်လာပါတယ်။ နိုင်ငံရေးပညာရှင်တွေက တော်လှန်ရေးအင်အားစု အမျိုးအစားတွေကို ခုနစ်မျိုး ခွဲခြား ဖော်ပြခဲ့ပါတယ်။ ပထမလေးမျိုးဖြစ်တဲ့ anarchist, egalitarian, traditionalist, and pluralist သဏ္ဍာန်လေးမျိုးရဲ့ ပန်းတိုင်ကတော့ ရှိနေတဲ့ နိုင်ငံရေးစနစ်ကို လုံးဝ ပြောင်းလဲဖို့ ဖြစ်ပါတယ်။ Anarchist တွေရဲ့ ပန်းတိုင်ကတော့ institutionalized လုပ်ထားတဲ့ နိုင်ငံရေးအစီအမံတွေကို ဖယ်ရှားပစ်ဖို့ ဖြစ်ပါတယ်။ Egalitarian တွေကတော့ distributional equality နဲ့ ဗဟိုထိန်းချုပ်မှု ဖွဲ့စည်းပုံကို အခြေခံပြီး လူမှုအဖွဲ့အစည်းကို ပြောင်းလဲနိုင်မယ့် နိုင်ငံရေးစနစ်သစ်ကို အစားထိုးဖို့ ရည်ရွယ်ပါတယ်။ traditionalist တွေကတော့ လက်ရှိကျင့်သုံးနေတဲ့ နိုင်ငံရေးစနစ်ကို အာဏာရှင်စနစ်နဲ့ စစ်တပ်၊ ဘာသာရေး အသိုင်းအ၀ိုင်း၊ ရေပေါ်ဆီ လူတန်းစားတွေ ထောက်ခံတဲ့ ခေါင်းဆောင်တွေနဲ့ အစားထိုးဖို့ ရည်ရွယ်ပါတယ်။ pluralist တွေကတော့ လွတ်လပ်မှု၊ တရားမျှတမှု၊ အပေးအယူရှိမှုတွေအပေါ်မှာ အခြေတည်တဲ့ နိုင်ငံရေးစနစ်ကို အကောင်အထည်ဖော်ဖို့ ရည်ရွယ်ပါတယ်။ secessionists တွေကတော့ သူတို့နယ်မြေဒေသတွေကို တိုင်းပြည်ကနေ လုံးဝခွဲထွက်ပြီး သီးခြားနိုင်ငံတော်နဲ့ အစိုးရတည်ထောင်ဖို့ ရည်ရွယ်ပါတယ်။ reformists ကတော့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး တိုးတက်မှုနဲ့ အခွင့်အလမ်းတွေ ရရှိဖို့ပဲ မူတည်ပါတယ်။ preservationist တွေကတော့ တော်လှန်ရေး လုပ်နေပေမယ့် လက်ရှိအခြေအနေနဲ့ နိုင်ငံရေးစနစ် ဆက်ပြီး တည်ရှိနေမှုကိုပဲ လိုချင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ နိုင်ငံရေး မတည်ငြိမ်မှု အခြေအနေတွေကနေ အကျိုးအမြတ် ရနေလို့ပဲ ဖြစ်ပါတယ်။ တော်လှန်ရေးတခုမှာ ဒီလိုတော်လှန်ရေးအင်အားစု အမျိုးအစားတွေ တခု (သို့မဟုတ်) တခုထက် မက ပါဝင်နိုင်ပါတယ်။ အမျိုးအစားတွေ ကွဲပြားလေလေ၊ ပန်းတိုင်နဲ့ ရည်မှန်းချက်တွေ ကွဲပြားလေလေ ဖြစ်ပါတယ်။ ညီညွတ်မှု တည်ဆောက်ရေးက အလွန်ခက်ခဲပါတယ်။ ပန်းတိုင်တခုမှာ ညီညွတ်ရေးရဖို့ အချိန်ပေး တည်ဆောက်နေရတဲ့အတွက် တော်လှန်ရေးမှာ အင်အားတွေ စုစည်းပြီး အားမယူနိုင်ပါဘူး။ အင်အားတွေ ဖြာထွက်နေတတ်ပါတယ်။ တော်လှန်ရေးမှာ အဲဒီလို အခြေအနေမျိုးတွေဖြစ်နေရင် အာဏာပိုင်တွေဘက်က မဟာဗျူဟာကျွမ်းကျင်သူတွေအတွက် အခွင့်အလမ်းပါပဲ။ အင်အားစုတွေကို စည်းရုံးသိမ်းသွင်းရန် လွယ်ကူသောအင်အားစု၊ အမြစ်ဖြတ် ချေမှုန်းရန် လိုအပ်သော အင်အားစု၊ ချေမှုန်းရန် မလိုအပ်ပဲ အလိုလို ပြိုကွဲသွားနိုင်သော အင်အားစု၊ နိုင်ငံရေး မတည်ငြိမ်မှုကို အခွင့်ကောင်းယူပြီး ကိုယ်ကျိုးရှာနေသောကြောင့် ပွဲပြီးအောင် မတိုက်ပဲထားနေမည့် အာဏာ တည်မြဲရေးကို တဘက်တလမ်းမှ ထောက်ကူပေးနိုင်သော အင်အားစု စသည်ဖြင့် ခွဲခြားသတ်မှတ်ပြီး တော်လှန်ရေးကို ဖြိုခွဲချပစ်လေ့ရှိပါတယ်။ လူထုနဲ့ တော်လှန်ရေးကို ကွင်းဆက်ဖြတ်ပစ်လေ့ ရှိပါတယ်။ ဒါကြောင့် အမျိုးအစားသဏ္ဍာန်နဲ့ ရည်မှန်းချက် ပန်းတိုင် ကွဲပြားတဲ့ တော်လှန်ရေးအင်အားစု တွေအကြားမှာ တပ်ပေါင်းစု ညီညွတ်ရေး လုပ်ငန်း လုပ်တာဟာ ရေပေါ်မှာ အရုပ်ရေးတာနဲ့ အတူတူပဲ ဖြစ်ပါတယ်။ တော်လှန်ရေး လမ်းကြောင်းကို ချပြပြီး ချိတ်ဆက်လှုပ်ရှားမှုကနေ တဆင့် ကျစ်လျစ်အောင် တည်ဆောက်မှုအပိုင်းပဲ အမြင့်ဆုံးလုပ်လို့ရနိုင်ပါတယ်။

ညီညွတ်ရေးပဲ အာရုံစိုက် လုပ်နေတဲ့ တော်လှန်ရေးတွေ မအောင်မြင်ပဲ ကြန့်ကြာတတ်ပါတယ်။ တဘက်က ညီညွတ်ရေးရဖို့ ခေါင်းဆောင်တွေ ဆွေးနွေးငြင်းခုံနေကြတုန်းမှာ တော်လှန်ရေးတကယ် လုပ်ရမယ့် အချိန်အခါ၊ အခွင့်အလမ်းတွေကို လက်လွတ်ဆုံးရှုံးသွားတတ်လို့ပဲ ဖြစ်ပါတယ်။ ချိတ်ဆက်လှုပ်ရှားမှုကို အကောင်အထည်ဖော်တာက အချိန်အခါနဲ့အညီ ချိန်ကိုက်လှုပ်ရှားမှု လုပ်နိုင်ပါတယ်။ စစ်မဟာဗျူဟာအရတော့ ဒါကို အန်စီဒဗလျူ (Network centric Warfare) လို့ ခေါ်ဝေါ် သုံးစွဲကြပါတယ်။ ဒီသဏ္ဍာန်ကနေ Effects- Based Operations (EBO) ဆိုတဲ့ လုပ်ဆောင်လိုက်တဲ့ လှုပ်ရှားမှုကနေ ထွက်ပေါ်လာမယ့် ရလာဒ်ကို ဦးစားပေးသော အော်ပရေးရှင်းတွေ အကောင်အထည် ဖော်နိုင်လာပါတယ်။ ညီညွတ်မှုကို နှုတ်ကတိတွေ၊ ကြေငြာချက်တွေ၊ ညီလာခံကြီးတွေနဲ့ ရယူတာမဟုတ်ပဲ တော်လှန်ရေး လှုပ်ရှားမှု တခုချင်းဆီက ထွက်ပေါ်လာမယ့် အကျိုးရလဒ်ကို အခြေခံပြီး case by case အနေနဲ့ ပူးပေါင်းဆောင်ရွက်မှု ရယူခြင်းပါ။ အဲဒီကနေ တဆင့် ပူးပေါင်းဆောင်ရွက်လို့ ရလာတဲ့ အကျိုးရလဒ်တွေအတွက် ယုံကြည်မှု တည်ဆောက်မှု အဆင့်ကို ထပ်မံ တိုးတက်အောင် လုပ်ယူသွားလို့ ရနိုင်ပါတယ်။ တော်လှန်ရေးနဲ့ ညီညွတ်ရေးကို တပြိုင်တည်း အကောင်အထည် ဖော်ဆောင်သွားမှု ဖြစ်ပါတယ်။

ဒီလိုနဲ့ တော်လှန်ရေးလှုပ်ရှားမှုတွေ လုပ်တဲ့အခါမှာ အာဏာပိုင် ယန္တရားရဲ့ မျက်နှာစာလေးခုကို ဖယ်ရှားတိုက်ခိုက်တာ၊ အသွင်ပြောင်းယူတာတွေ လုပ်ရပါမယ်။ ဒီလိုလုပ်နိုင်ဖို့အတွက် နိုင်ငံရေးစစ်မျက်နှာနဲ့ စစ်ရေး စစ်မျက်နှာ နှစ်ခုကို ဖွင့်ရပါမယ်။ တချို့ကတော့ နိုင်ငံရေးစစ်မျက်နှာမှာ နိုင်ငံတကာပံ့ပိုးထောက်ကူမှုကို စစ်မျက်နှာတခုအနေနဲ့ ထည့်သွင်း ပြောဆိုတတ်ပါတယ်။ စစ်ရေးစစ်မျက်နှာမှာလဲ မြို့ပြပြောက်ကျားအသွင်နဲ့ အစိုးရအုပ်ချုပ်ရေးယန္တရားကို တတိတိ ဖြိုချမှုတွေ၊ တောတောင်လျှိုမြောင်မှာ လက်နက်လူသူ စုဆောင်းပြီး ပြောက်ကျားပုန်ကန်မှုတွေကနေ တပ်ရင်းတပ်ဖွဲ့တွေ ဖွဲ့စည်းပြီး အာဏာပိုင် တပ်တွေနဲ့ ထိပ်တိုက်ရင်ဆိုင်ထိတွေ့မှုတွေ ဆိုပြီး လူအင်အား၊ လက်နက်အင်အား၊ အခြေစိုက်စခန်း တည်နေရာ စတာတွေပေါ် မူတည်ပြီး အမျိုးမျိုး ကွဲပြားပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ထိရောက်တဲ့ အမိန့်ပေးစနစ်နဲ့ ထိန်းချုပ်မှုတွေ၊ logistics ရေးရာတွေကို ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါတယ်။ လှုပ်ရှားမှုတွေမှာ အမိန့်ပေးစနစ် ဖရိုဖရဲဖြစ်ရင် ဟန်ချက်ပျက်ပါတယ်။ ပစ်မှတ်ကို မထိရင် ကျည်ဆံ တတောင့်သုံးသုံး၊ အတောင့်တရာသုံသုံး အတူတူပဲ ဖြစ်တာမို့ ငွေအင်အား၊ လူအင်အားတွေ သုံးနိုင်ပေမယ့် အမိန့်ပေးစနစ် မကောင်းလို့ အင်အားကျဆင်းသွားတဲ့ တော်လှန်ရေးတွေ အများကြီးပါပဲ။

တော်လှန်ရေးအင်အားစုတွေဟာ တော်လှန်ရေးပန်းတိုင်တွေ ချမှတ်ပြီးတဲ့အခါ (သို့မဟုတ်) ရလဒ်အခြေပြု အော်ပရေးရှင်းတွေ အကောင်အထည်ဖော်မယ်လို့ စဉ်းစားပြီးတဲ့အခါ စစ်မျက်နှာတွေ ဖွင့်ပါတယ်။ ဒီလိုဖွင့်ကြပြီးတဲ့အခါမှာလဲ အောင်ပွဲရဖို့အတွက် ဘယ်လို မဟာဗျူဟာတွေ ချမှတ်မလဲ ဆိုတာက အရေးကြီးပါတယ်။ မဟာဗျူဟာ မဲ့နေတဲ့ တော်လှန်ရေးတခုဟာ တောင်ယိမ်းမြောက်ယိမ်း၊ ရှေ့ယိမ်း၊ နောက်ယိမ်းနဲ့ လမ်းလျှောက်ရင်း လမ်းပျောက်သလို ဖြစ်နေတတ်ပါတယ်။ မဟာဗျူဟာဆိုတာက လှုပ်ရှားမှုကို ကြိုးကိုင်ပေးနိုင်တဲ့ လမ်းညွန်ချက်တွေပဲ ဖြစ်ပါတယ်။ Dr. Bard O’Neill ရဲ့ Framework ထဲမှာ မဟာဗျူဟာ လေးမျိုးကို ဖော်ပြထားပါတယ်။ ပထမ မဟာဗျူဟာက conspiratorial strategy ဖြစ်ပါတယ်။ သေးငယ်၊ လျှို့ဝှက်ပြီး စည်းကမ်းနဲ့ စနစ်တကျရှိတဲ့ အုပ်စုငယ်လေးတခုကို အသုံးပြုပြီး နိုင်ငံတော်အာဏာကို သိမ်းယူတာဖြစ်ပါတယ်။ ပဋ္ဋိပက္ခဖြစ်မှု၊ ထိပ်တိုက်ရင်ဆိုင်ရမှုတွေ နည်းပါးပါတယ်။ စစ်အာဏာရှင် နိုင်ငံတွေမှာ တပ်တွင်း အာဏာပြန်သိမ်းပြီး မှ အာဏာသိမ်းအစိုးရသစ်က အတိုက်အခံတွေနဲ့ ဆွေးနွေးမှုတွေ လုပ်ဖို့ အကောင်အထည်ဖော်တတ်တာတွေ ရှိပါတယ်။ သွေးထွက်နည်းစေတဲ့ တော်လှန်ရေး မဟာဗျူဟာ တရပ်ပါ။

နောက်ထပ် မဟာဗျူဟာ တမျိုးကတော့ protracted popular war strategy ဖြစ်ပါတယ်။ ဒီမဟာဗျူဟာက လူထုထောက်ခံမှုကနေ တော်လှန်ရေးစစ်ပွဲဆီကို ဦးတည်စေပါတယ်။ ဒီမဟာဗျူဟာမှာ အဆင့်သုံးဆင့်ရှိပါတယ်။ ပထမအဆင့်ဖြစ်တဲ့ strategic defensive မှာ တော်လှန်ရေးသမားတွေဟာ လူထုထောက်ခံမှု ရယူခြင်း၊ အဖွဲ့အစည်းများ တည်ထောင်ခြင်း၊ ရန်သူချေမှုန်းရေးစတင်ခြင်းနဲ့ လှုပ်ရှားမှု ခိုင်မာအောင် တည်ဆောက်ခြင်းတွေ ပြုလုပ်ကြပါတယ်။ ဒုတိယအဆင့်ဖြစ်တဲ့ strategic stalemate ကတော့ လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲပြီး အစိုးရကို တော်လှန်တာ ဖြစ်ပါတယ်။ အောင်ပွဲတွေ၊ အဖွဲ့အစည်း တိုးချဲ့မှုတွေ၊ အခြေစိုက်စခန်း တည်ဆောက်မှုတွေ၊ လေ့ကျင့်သင်တန်းပေးမှုတွေ ပြုလုပ်တာကြောင့် ကြာရှည်တည်ဆောက်ရတဲ့ အဆင့်တခုပါ။ အဲဒီကနေမှ strategic offensive အဆင့်ကို တက်ပါတယ်။ ဒီအဆင့်မှာ တော်လှန်ရေးအင်အားစုတွေက open war ဆင်နွှဲတာ ဖြစ်ပြီး နိုင်ငံရေး ဦးတည်ချက်ကတော့ အုပ်ချုပ်နေတဲ့ အစိုးရယန္တရားကို ဖြုတ်ချပြီး အစားထိုးတာဖြစ်ပါတယ်။ စစ်ရေးဦးတည်ချက်ကတော့ တဘက်ရန်သူရဲ့ စစ်တပ်တွေကို ချေမှုန်းတာ ဖြစ်ပါတယ်။ ဒီမဟာဗျူဟာကို မော်စီတုန်းက ကျင့်သုံးဖော်ဆောင်ခဲ့တာဖြစ်ပြီး အဆုံးသတ် အောင်ပွဲကို ရရှိခဲ့ပါတယ်။

နောက်ထပ် မဟာဗျူဟာ တခုကတော့ military-focus strategy ဖြစ်ပါတယ်။ ဒီမဟာဗျူဟာကတော့ စစ်ရေးအရ ချေမှုန်း တိုက်ပွဲဝင်နိုင်ရေးကိုပဲ ဦးစားပေးပါတယ်။ protracted popular war strategy နဲ့ မတူညီတဲ့အချက်ကတော့ လူထုထောက်ခံမှုရဖို့ စနစ်တကျ စဉ်ဆက်မပြတ် ကြိုးပမ်းအားထုတ်မှုမရှိပါဘူး။ လက်ရှိထောက်ခံမှုဟာ လုံလောက်ပြီလို့ ယူဆပြီး၊ စစ်မြေပြင်မှာ အောင်ပွဲရရေးကိုပဲ ဦးတည်ဆောင်ရွက်ပါတယ်။ အမေရိကန် ပြည်တွင်းစစ်တုန်းက Confederacy က ဒီမဟာဗျူဟာကို ကျင့်သုံးခဲ့ပါတယ်။ နောက်ထပ် မဟာဗျူဟာ တခုကတော့ urban-warfare strategy ဖြစ်ပါတယ်။ မြို့ပြမှာ ပြောက်ကျားလှုပ်ရှားမှုတွေ၊ ပုန်ကန်ခြားနားမှုတွေနဲ့ အစိုးရယန္တရားကို တိုက်ခိုက်တာ ဖြစ်ပါတယ်။ တော်လှန်ရေးအများစုမှာ တော်လှန်ရေးသမားတွေဟာ ဒီမဟာဗျူဟာလေးခုလုံးကို ပေါင်းစပ်အကောင်အထည် ဖော်လေ့ရှိကြပါတယ်။ အပျော့အမာလိုင်း၊ အအေး အပူလိုင်းတွေ ကွာခြားပေမယ့် ပေါင်းစပ်နိုင်မှုကတော့ အရေးကြီးပါတယ်။

အခုဆက်လက်ပြီး တော်လှန်ရေးအောင်ပွဲ သော့ချက်များကို တင်ပြပါမယ်။

တော်လှန်ရေး အောင်ပွဲ၏ သော့ချက်များ

Bard O’Neill ရဲ့ Framework မှာ တော်လှန်ရေး အောင်ပွဲကို ဆန်းစစ်နိုင်မယ့် သော့ချက် ခြောက်ချက်ကို ဖော်ပြထားပါတယ်။ လူတယောက်ကိုပဲ ဖြစ်ဖြစ်၊ အဖွဲ့အစည်း တရပ်ကိုပဲ ဖြစ်ဖြစ်၊ တော်လှန်ရေး တခုကိုပဲ ဖြစ်ဖြစ် အောင်မြင်နိုင်မယ့် ရာခိုင်နှုန်းကို ဆန်းစစ်နိုင်မယ့် စံနှုန်းစံထားတွေ၊ တွက်ချက် တိုင်းတာမှုတွေ ရှိပါတယ်။ ဒါတွေကို အသုံးပြုပြီး ဆန်းစစ်လေ့လာလို့ ရပါတယ်။ အလုပ်လုပ်နေတိုင်း ထိရောက်မှု ရှိနေတာ မဟုတ်ပါဘူး။ ထိရောက်နိုင်တဲ့ အလုပ်တွေကို လုပ်မှ ထိရောက်တာ ဖြစ်ပါတယ်။ သင်ရိုးစာအုပ်တခုလုံးကို အာဂုံဆောင်ထားတဲ့ ကျောင်းသားတိုင်း စာမေးပွဲအောင်မယ်လို့ မဆိုနိုင်ပါဘူး။ စာမေးပွဲကို အောင်မြင်အောင် ဖြေတတ်မှ စာမေးပွဲအောင်ပါမယ်။ အင်္ဂလိပ်- မြန်မာ အဘိဓာန်ကြီးကို အလွတ်ကျက်နေသူတွေလဲ တွေ့ဖူးပါတယ်။ အကျိုးမရှိမဟုတ်ပါ။ တစုံတရာတော့ အကျိုးရှိပါလိမ့်မယ်။ ဒါပေမယ့် နိုင်ငံတကာက ကျင်းပတဲ့ အင်္ဂလိပ်စာ စာမေးပွဲတွေကို ၀င်ဖြေရင်တော့ မအောင်ဖို့က များပါတယ်။ အချိန်ကုန်၊ လူပမ်းရုံပဲ ရှိမှာပါ။ တကယ်အရေးကြီးတဲ့ အခြေအနေနဲ့ အချိန်အခါ တခုမှာ ဘာကို လုပ်သင့်သလဲ၊ ဘာကို ဦးစားပေးသင့်သလဲ ဆိုတာ ရွေးချယ်ဆုံးဖြတ်နိုင်ဖို့ လိုအပ်လှပါတယ်။ ကိုယ်လုပ်နေတာတွေ ထိရောက်မှုရှိမရှိ သိနိုင်ဖို့ ပြန်လည်ဆန်းစစ်ချက် လိုအပ်ပါတယ်။ Bard O’Neil ရဲ့ သော့ချက် ခြောက်ချက်ဟာ ကမ္ဘာတ၀ှမ်းများ အောင်မြင်ခဲ့တဲ့ တော်လှန်ရေးတွေကို လေ့လာဆန်းစစ်ပြီး အနှစ်သာရတွေကို ပြန်လည်စုစည်း ပေးထားတာ ဖြစ်တဲ့အတွက် တော်လှန်ရေးတရပ်ရဲ့ နိုင်ငံရေး ထိရောက်မှုနဲ့ မဟာဗျူဟာ ထိရောက်မှုတွေကို ပြန်လည်ဆန်းစစ် အကဲဖြတ်ရာမှာ အသုံးဝင်တဲ့ စံညွှန်းတွေပဲ ဖြစ်ပါတယ်။

(၁) လူထုထောက်ခံမှု

တော်လှန်ရေးတခု အောင်မြင်မှုလမ်းကြောင်းပေါ်မှာ ရှိနေလား၊ မရှိနေဘူးလား ဆိုတာ ဆန်းစစ်တဲ့အခါ တော်လှန်ရေးနဲ့ လူထုကြီးနဲ့ ဘယ်လောက်အထိ နီးကပ်မှု ရှိနေလဲ ဆိုတာ ဆန်းစစ်ဖို့ လိုအပ်ပါတယ်။ ဘယ်တော်လှန်ရေးခေါင်းဆောင်မဆို ပထမဆုံးစဉ်းစားရမယ့် အချက်က လူထုထောက်ခံမှုကို ဘယ်လိုရအောင် ယူမလဲ ဆိုတာပါပဲ။ အာဏာပိုင် အစိုးရဘက်မှာ စစ်တပ်၊ ရဲ၊ ဒေါက်တိုင်အင်အားစု၊ သတင်းပေးတွေနဲ့ တိုင်းပြည်ဘဏ္ဍာတွေကို လိုသလို အသုံးပြုနိုင်မှု စတဲ့ အားသာချက်တွေ ရှိပါတယ်။ ဒီအားသာချက်တွေကို ပါဝါချိန်ခွင်တဘက်ကနေ ထိန်းညှိနိုင်ဖို့က လူထုထောက်ခံမှုပဲ ဖြစ်ပါတယ်။ လူထုထောက်ခံမှု ဆိုရာမှာ လူထုထောက်ခံမှု အမျိုးအစားတွေ၊ ပညာရှင်တွေနဲ့ ပြည်သူလူထုရဲ့ အခန်းကဏ္ဍတွေနဲ့ လူထုထောက်ခံမှု ရဖို့အတွက် တော်လှန်ရေးသမားတွေ အသုံးပြုရမယ့် နည်းလမ်းတွေကို နားလည်ဖို့ လိုအပ်ပါတယ်။

လူထုထောက်ခံမှု အမျိုးအစားမှာ တိုက်ရိုက်ထောက်ခံမှုနဲ့ သွယ်ဝိုက်ထောက်ခံမှုဆိုပြီး အမျိုးအစားနှစ်မျိုး ရှိပါတယ်။ တိုက်ရိုက်ထောက်ခံသူတွေက တော်လှန်ရေးအတွက်ဆိုရင် အသက်တွေ၊ ဘ၀တွေနဲ့ ရင်းပြီး စွန့်စားဖို့အထိ အဆင်သင့် ရှိနေသူတွေဖြစ်ပါတယ်။ သူတို့တွေဟာ တော်လှန်ရေးအတွက် လိုအပ်မယ့် ထောက်လှမ်းရေးသတင်း အချက်အလက်တွေ၊ တော်လှန်ရေးသမားတွေ ပုန်းခိုနိုင်ဖို့ ၀ပ်ကျင်းတွေ၊ ထောက်ပံ့ကြေးတွေ၊ မြေအောက်လှုပ်ရှားမှု နေရာထိုင်ခင်းတွေကို ပံ့ပိုးပေးတတ်ပါတယ်။ တခါတရံမှာ တော်လှန်ရေးသမားအချင်းချင်း ချိတ်ဆက်လှုပ်ရှားမှုတွေအတွက် ဆက်သားတာဝန်တွေကို ထမ်းဆောင်ပေးတတ်ပါတယ်။ သွယ်ဝိုက်ထောက်ခံသူတွေကတော့ တော်လှန်ရေးရဲ့ ရည်ရွယ်ချက်နဲ့ တော်လှန်ရေးသမားတွေရဲ့ လှုပ်ရှားမှုတွေ၊ စွန့်လွှတ်ပေးဆပ်ရမှုတွေကို ကိုယ်ချင်းစာနာပြီး တော်လှန်ရေးကို စိတ်ထဲက ထောက်ခံနေသူတွေဖြစ်ပါတယ်။ သူတို့တတွေဟာ တော်လှန်ရေးကို တိုက်ရိုက်ပံ့ပိုးမှု မရှိပေမယ့် အာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကိုလဲ တတ်နိုင်သမျှ ငြင်းဆန်လေ့ရှိပါတယ်။

ဒီလိုတိုက်ရိုက်ထောက်ခံသူတွေနဲ့ သွယ်ဝိုက်ထောက်ခံသူတွေ တော်လှန်ရေးနဲ့အတူ ရှိနေတာဟာ အာဏာပိုင်တွေရဲ့ တော်လှန်ရေး ဖြိုခွင်းမှုတွေကို ထိရောက်မှုမရှိအောင် တားဆီးနိုင်ပါတယ်။ တော်လှန်ရေးတရပ်မှာ တိုက်ရိုက်ထောက်ခံမှုကော၊ သွယ်ဝိုက်ထောက်ခံမှုပါ အရေးကြီးတယ်ဆိုတာကို ထည့်သွင်းစဉ်းစားဖို့ လိုပါတယ်။ တိုက်ရိုက်ထောက်ခံမှုမရှိသေးပဲ သွယ်ဝိုက်ထောက်ခံနေသူတွေကို တော်လှန်ရေးသမားတွေက မစော်ကားမိစေဖို့ အထူးသတိထားရပါလိမ့်မယ်။ လူထုထောက်ခံမှုဆိုတာ စည်းရုံးရေးနဲ့ ၀ါဒဖြန့်ချိရေး လုပ်ငန်းစဉ်တွေကို စနစ်တကျ အကောင်အထည်ဖော်ပြီး ရယူရတာ ဖြစ်ပါတယ်။ အတင်းအကြပ်ထောက်ခံမှု ယူလို့ ရတာမျိုး မဟုတ်ပါ။ လူထုရဲ့ တိုက်ရိုက်ထောက်ခံမှု၊ သွယ်ဝိုက်ထောက်ခံမှုတွေ ရရှိဖို့နဲ့ တော်လှန်ရေးသမားအဖြစ် တက်တက်ကြွကြွ ပါဝင်လာဖို့အတွက် လူ့အဖွဲ့အစည်းထဲမှာ လက်ရှိဖြစ်ပေါ်နေတဲ့ ယုံကြည်မှုတွေ၊ တန်ဖိုးတွေ၊ အမြင်သဘောထားတွေ၊ စိတ်ခံစားမှုတွေကို လေ့လာဖို့ လိုအပ်ပါတယ်။ တော်လှန်ရေးသမားတွေဟာ လူ့အဖွဲ့အစည်းအတွင်းမှာ အမြစ်တွယ်နေတဲ့ အယူအဆတွေ၊ ဘ၀ အမြင်တွေ၊ ရည်မှန်းချက်တွေကို လေ့လာဖို့လဲ လိုအပ်ပါတယ်။

တော်လှန်ရေးမှာ ပညာရှင်တွေနဲ့ အများပြည်သူတွေရဲ့ အခန်းကဏ္ဍတွေက အရေးကြီးတဲ့ အချက်တွေ ဖြစ်တာမို့ တော်လှန်ရေးအတွက် စည်းရုံးမှုမှာ intelligentsia နဲ့ masses ဆိုပြီး နှစ်ပိုင်းခွဲ စည်းရုံးဖို့ လိုအပ်ပါတယ်။ ကမ္ဘာတ၀ှမ်းက တော်လှန်ရေးတွေမှာ တော်လှန်ရေးသမားတွေဟာ တက္ကသိုလ်ကျောင်းသားတွေနဲ့ အစိုးရယန္တရားအတွင်းက အလယ်အလတ် ရာထူးအဆင့်ရှိသူတွေကို intelligentsia အခန်းကဏ္ဍအနေနဲ့ စည်းရုံးလေ့ရှိကြပါတယ်။ သူတို့တတွေဟာ တော်လှန်ရေး ခေါင်းဆောင်တွေကို မဟာဗျူဟာ အမြင်၊ အဖွဲ့အစည်းရေးရာ အတွေ့အကြုံနဲ့ ပညာရပ်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှုတွေ ပံ့ပိုးပေးနိုင်သူတွေ ဖြစ်တာမို့ သီးခြားပရောဂျက်နဲ့ စနစ်တကျ စည်းရုံးသိမ်းသွင်းမှု လုပ်ဖို့ လိုအပ်ပါတယ်။ Masses ဆိုတဲ့ အများပြည်သူတွေကို စည်းရုံးတဲ့အခါမှာလဲ တော်လှန်ရေးသမားတွေအနေနဲ့ စနစ်တကျ လှေကားချပြီး စည်းရုံးဖို့ လိုပါတယ်။ လူထုရဲ့ နိုင်ငံရေးရေချိန်ပေါ် မူတည်ပြီး အချိန်အခါနဲ့အညီ ချိန်ကိုက်လှုပ်ရှားဖို့ လိုအပ်ပါတယ်။ လူထုထောက်ခံမှု ရရှိဖို့နဲ့ တော်လှန်ရေးသမားတွေ ပေါ်ထွက်လာဖို့ စည်းရုံးလှုပ်ရှားမှုတွေမှာ နည်းလမ်းအမျိုးမျိုး ရှိပေမယ့် အောင်ပွဲအတွက် အသုံးဝင်နိုင်မယ့် နည်းလမ်းခြောက်ခုရှိပါတယ်။

Charismatic attraction ဆိုတဲ့ နည်းလမ်းကတော့ ခေါင်းဆောင်ရဲ့ ကိုယ်ရည်ကိုယ်သွေးကို အသုံးပြုပြီး စည်းရုံးရေး ဖြစ်ပါတယ်။ ခေါင်းဆောင်ဟာ လူထုနဲ့ တသားတည်း ရှိနိုင်ဖို့ လိုပါတယ်။ လူထုရဲ့ အတွေး၊ လူထုရဲ့ အမြင်နဲ့ တထပ်တည်း ကျနေရပါမယ်။ လူထုထဲမှာသာ တော်လှန်ရေးရဲ့ အဆုံးသတ်အောင်ပွဲကို ရယူနိုင်မယ့် အင်အားရှိနေတယ်ဆိုတာ နားလည်နေရပါမယ်။ ခေါင်းဆောင်နဲ့ လူထုအကြားမှာ ကွင်းဆက်မပြတ်ဖို့ လိုအပ်ပါတယ်။ လက်ဆင့်ကမ်းခေါင်းဆောင်မှုကို အကောင် အထည် ဖော်နိုင်ရမယ်။ ဒီလိုမဟုတ်ရင် ကွင်းဆက်ပြတ်သွားပြီး တော်လှန်ရေး ခါးဆက်ပြတ်ပါလိမ့်မယ်။ နောက်ထပ်နည်းလမ်းတခုကတော့ Esoteric appeals ဖြစ်ပါတယ်။ ဒီနည်းလမ်းက ပညာတတ် လူ့အဖွဲ့အစည်းကို အာရုံစိုက်စည်းရုံးမှု ဖြစ်ပါတယ်။ ဒီလိုစည်းရုံးတဲ့အခါမှာ သီအိုရီသဘောတရားတွေနဲ့ အယူအဆ၊ အတွေးအခေါ်တွေ၊ အခြေအနေတွေကို သပ်သပ်ရပ်ရပ်နဲ့ တိတိကျကျ ရှင်းလင်းဖော်ပြဖို့ လိုအပ်ပါတယ်။

Exoteric appeals ဆိုတာကတော့ လူထုထဲမှာ အမှန်တကယ် ခံစားနေရတဲ့ ဘ၀အခြေအနေတွေကို မီးမောင်းထိုးပြပြီး စည်းရုံးလှုံ့ဆော်တာ ဖြစ်ပါတယ်။ လူထုကို စည်းရုံးလှုံ့ဆော်မှုမှာ အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ စားဝတ်နေရေး၊ ကျန်းမာရေး၊ အလုပ်လက်မဲ့ပြဿနာ၊ လာဒ်ပေးလာဒ်ယူမှုတွေ၊ မြေယာပိုင်ဆိုင်မှုရေးရာတွေကို အာရုံစိုက်ရပါမယ်။ intelligentsia စည်းရုံးမှုမှာတော့ အလုပ်အကိုင်အခွင့်အလမ်းရှားပါးမှု၊ အာဏာပိုင်တွေရဲ့ ပညာတတ်တွေကို တန်ဖိုး မထားမှု၊ အသိအမှတ် မပြုမှု စတာတွေကို အာရုံစိုက်ဖော်ပြရပါမယ်။

စတုတ္တနည်းလမ်းကတော့ လှုပ်ရှားမှုတွေကို ပြောက်ကျားတိုက်ပွဲတွေ အနေနဲ့ အကောင် အထည်ဖော်တာ ဖြစ်ပါတယ်။ အာဏာပိုင်တွေအနေနဲ့ တော်လှန်ရေးလှုပ်ရှားမှုတွေကို အမြစ်ဖြတ် နှိမ်နင်းလို့ မရနိုင်ဘူးဆိုတာကို လူထုကြီးကို အသိပေးနိုင်ဖို့လိုအပ်ပါတယ်။ ပဉ္စမ နည်းလမ်းကတော့ အာဏာပိုင်တွေရဲ့ တော်လှန်ရေးအပေါ် ဖိနှိပ်မှုတွေကို မီးမောင်းထိုးပြတာ ဖြစ်ပါတယ်။ နောက်ဆုံးနည်းလမ်းဖြစ်တဲ့ demonstration of potency ကတော့ အရေးကြီးဆုံး အချက်ပဲဖြစ်ပါတယ်။ တော်လှန်ရေးသမားတွေဆီမှာ တိုင်းပြည်အုပ်ချုပ်ရေးကို ဆောင်ရွက်နိုင်မယ့် အရည်အချင်းနဲ့ အလားအလာ ရှိတယ်လို့ လူထုက မယုံကြည်ရင် လက်ရှိနိုင်ငံရေးစနစ်ကို မကျေနပ်ပေမယ့် တော်လှန်ရေးအပေါ်မှာ စိတ်ရောကိုယ်ပါ ထောက်ခံမှု မလုပ်ကြပါဘူး။ တော်လှန်ရေးသမားတွေဘက်က ဒီလိုအရည်အချင်းနဲ့ အလားအလာကို လူထုကို ပြနိုင်ဖို့ လိုပါတယ်။

(၂) ပတ်ဝန်းကျင်အနေအထား

တော်လှန်ရေးအောင်မြင်မှုရဲ့ ဒုတိယ သော့ချက်ကတော့ တော်လှန်ရေးလှုပ်ရှားမှု အခြေတည်နေတဲ့ ပတ်ဝန်းကျင်အနေအထားပဲ ဖြစ်ပါတယ်။ အဲဒီမှာ physical aspect နဲ့ human dimension ဆိုပြီး နှစ်မျိုးရှိပါတယ်။ physical aspect အနေနဲ့ နယ်မြေအနေအထား၊ ရာသီဥတုအခြေအနေ၊ လမ်းပန်းဆက်သွယ်ရေး၊ ဆက်သွယ်ရေးစနစ် တွေ ပါဝင်ပြီး၊ human dimension ကတော့ လူဦးရေ၊ လူမှုအဆောက်အအုံ၊ စီးပွားရေး၊ နိုင်ငံရေးယဉ်ကျေးမှု စတာတွေ ပါဝင်ပါတယ်။

လူမှုအဆောက်အအုံဟာ တော်လှန်ရေးရဲ့ အသက်သွေးကြောဖြစ်ပါတယ်။ လူ့အဖွဲ့အစည်းမှာ ဒေါင်လိုက်စုဖွဲ့မှုနဲ့ အလျားလိုက် စုဖွဲ့မှု သဏ္ဍာန်နှစ်မျိုး ရှိပါတယ်။ ဒေါင်လိုက်အနေနဲ့မှာ လူမျိုးစုနဲ့ ဘာသာရေးကွဲပြားမှုတွေ ရှိပြီး၊ အလျားလိုက် စုဖွဲ့မှုမှာ လူတန်းစားအလွှာ အမျိုးမျိုး ကွဲပြားမှုတွေ ပါဝင်ပါတယ်။ ဒီလိုကွဲပြားမှုတွေနဲ့ Societal cleavages တွေဟာ တော်လှန်ရေးတွေ ထွက်ပေါ်လာရခြင်းရဲ့ ပင်မအကြောင်းတရားတွေပါ။ ၀ါဒဖြန့်ချိရေးနဲ့ အိုင်ဒီယော်လော်ဂျီတွေ လူ့အဖွဲ့အစည်းအတွင်းမှာ စတင်တဲ့အခါ ဒီလိုကွဲပြားမှုတွေကို တခုချင်း အာရုံစိုက်ပြီး သီးခြားဝါဒဖြန့်ချိရေး အစီအစဉ်တွေ လုပ်ဖို့ လိုအပ်ပါတယ်။ အုပ်စုခွဲပြီး ၀ါဒဖြန့်ချိရေး မလုပ်ပဲ အားလုံးကို ခြုံငုံလုပ်လို့ မရပါဘူး။ လူတွေရဲ့ စိတ်ခံစားမှုနဲ့ တုန့်ပြန်မှုတွေကို နားလည်ဖို့ လိုအပ်ပါတယ်။

အီသီးယိုးပီးယားမှာ လူတွေငတ်သေတာ ကြားရရင် ကျွန်မတို့ မြန်မာတွေရဲ့ စိတ်ထဲမှာ သနားသလို ခံစားရပေမယ့် အကူအညီပေးဖို့ စိတ်ဝင်စားချင်မှ ၀င်စားပါမယ်။ ဒါပေမယ့် မြန်မာကလေးလေးတယောက် တောင်းစားနေတဲ့ ဓာတ်ပုံတပုံကြောင့် ရင်ထဲမှာ ဆို့နင့်ပြီး တော်လှန်ရေးသမား ဖြစ်လာသူတွေလဲ အများအပြားပါ။ Human touch ဖြစ်မှ ၀ါဒဖြန့်ချိရေးယန္တရား အောင်မြင်မှာ ဖြစ်ပါတယ်။ ၀ါဒဖြန့်ချိရေးယန္တရားဆိုတာ စနစ်တကျ အကောင်အထည်ဖော်ရတာပါ။ ဒီကဏ္ဍအားနည်းနေတဲ့ တော်လှန်ရေးတွေကတော့ မလွဲမသွေ နှောင့်နှေးကြန့်ကြာမှာ အမှန်ပါပဲ။ Physical aspect တခုဖြစ်တဲ့ ဆက်သွယ်ရေးစနစ်ကို အကောင်အထည်ဖော်ဖို့ပဲ တော်လှန်ရေးသမားတွေက အားသန်လေ့ရှိပါတယ်။ ဆက်သွယ်ရေးစနစ်ရှိပြီး ကိုယ်ပြောချင်တာတွေပဲ စွပ်ပြီးပြောနေ၊ သတင်းအချက်အလက်တွေ ပေးနေရုံနဲ့ အောင်မြင်မှာ မဟုတ်ပါ။ အိုင်တီ နည်းပညာခေတ်မှာ အီးမေးလ်အုပ်စုတွေ၊ ဘလော့တွေ နဲ့ လူထုကြီးကို သတင်းတွေပေးဖို့ အလွန်အားသန်ကြပါတယ်။

ဒီသတင်းစကားတွေဟာ လူဦးရေရဲ့ ရာခိုင်နှုန်း ဘယ်လောက်ကို စီးဆင်းသွားနိုင်မလဲ ဆိုတာရယ်၊ သတင်းစကားကို လက်ခံရရှိသူတွေဆီက active support, passive support ဘယ်လောက်ထိ ရနိုင်မလဲဆိုတာရယ်ကို တွက်ချက်ဖို့ လိုအပ်ပါတယ်။ ဒါမှမဟုတ်ပဲ ၀ါဒဖြန့်ချိရေးနဲ့ သတင်းစကားပေးတာတွေက တော်လှန်ရေးသမားတွေအကြားမှာပဲ ပြန်ပြီး လည်ပတ်နေတာဆိုရင်တော့ အားနည်းချက်ရှိနေပါပြီ။ ဖြည့်ဆည်းရမယ့် အချက်ဖြစ်နေပြီဆိုတာ နားလည်ရပါမယ်။ Human Dimension ဖြစ်တဲ့ လူမှုအဆောက်အအုံကို ထည့်သွင်း မစဉ်းစားရင် တော်လှန်ရေး နှောင့်နှေးပါလိမ့်မယ်။

(၃) အဖွဲ့အစည်း

တော်လှန်ရေးအောင်မြင်မှုရဲ့ တတိယသော့ချက်ကတော့ တော်လှန်ရေးအင်အားစုတွေပဲ ဖြစ်ပါတယ်။ တော်လှန်ရေးအဖွဲ့အစည်းတွေမှာ ဖွဲ့စည်းမှုရေးရာအရ structural dimension တွေဖြစ်တဲ့ Scope နဲ့ Complexity ဆိုတာ တွေရှိပါတယ်။ Scope ဆိုတာက နိုင်ငံရေးလှုပ်ရှားမှုတွေထဲမှာ အရေးပါတဲ့ နေရာတွေကနေ တက်တက်ကြွကြွ လုပ်နေသူတွေဖြစ်တဲ့ ကေဒါတွေ၊ မြေအောက်ယူဂျီအုပ်စုတွေ၊ တောခိုပုန်ကန်နေသူနဲ့ လှုပ်ရှားမှုရဲ့ active supporters တွေပါ။ Complexity ဆိုတာကတော့ တော်လှန်ရေးအဖွဲ့အစည်းရဲ့ စုဖွဲ့မှု သဏ္ဍာန် organizational structure ဖြစ်ပါတယ်။ တော်လှန်ရေးခေါင်းဆောင်တယောက်ဟာ organizational structure နဲ့ ပတ်သက်တဲ့ အရည်အချင်းတွေ ရှိနေဖို့ လိုအပ်ပါတယ်။ လူများအောင် လိုက်စည်းရုံးနေရုံနဲ့ အလုပ်လုပ်လို့ ရတာ မဟုတ်ပါ။ ရှိတဲ့ လူကို ဘယ်ကဏ္ဍတွေမှာ ဘာလုပ်ငန်းဆောင်တာတွေအတွက် ဘယ်လိုတာဝန်တွေပေးမှာလဲ ဆိုတာက အဓိက ကျပါတယ်။ တိုက်ခိုက်ရေးတာဝန်၊ မြို့ပြပြောက်ကျားတာဝန်၊ ဆက်သားတာဝန်၊ သယ်ယူပို့ဆောင်ရေးတာဝန်၊ ထောက်ပံ့ရေးတာဝန်၊ သတင်းရယူစုဆောင်းရေးတာဝန်၊ ပြန်ကြားရေးတာဝန်၊ ၀ါဒဖြန့်ချိရေးတာဝန်၊ ကွန်ယက်ချိတ်ဆက် လှုပ်ရှားမှု တာဝန်၊ မဟာဗျူဟာနဲ့ စီမံကိန်းရေးဆွဲရေး တာဝန်၊ ဘဏ္ဍာရေး တာဝန်၊ တည်ဆောက်စည်းရုံးရေး တာဝန်၊ နိုင်ငံခြားဆက်ဆံရေး တာဝန်တွေမှာ ဘယ်လိုတာဝန်မှာ ဘယ်သူတွေနဲ့ သင့်တော်လဲဆိုတာ ခွဲခြားဆုံးဖြတ်နိုင်စွမ်း ရှိရပါမယ်။

ဒီနေရာမှာ ခေါင်းဆောင်တွေရဲ့ အရည်အချင်းကို သိသိသာသာ တွေ့မြင်နိုင်ပါတယ်။ ခေါင်းဆောင်တယောက်ရဲ့ စီမံခန့်ခွဲနိုင်တဲ့ အရည်အချင်းကို သူဦးဆောင်နေတဲ့ အဖွဲ့အစည်းမှာ ဘယ်လိုရည်မှန်းချက် ပန်းတိုင်တွေ ချမှတ်ထားပြီး၊ ဘယ်လို မဟာဗျူဟာတွေနဲ့ ချဉ်းကပ်ခေါင်းဆောင်နေတယ်ဆိုတာ အကဲဖြတ်လေ့လာကြည့်နိုင်ပါတယ်။ မဟာဗျူဟာ အခင်းအကျင်းနဲ့ ခေါင်းဆောင်မှုမလုပ်ရင် အောင်မြင်မှုအတွက် အားနည်းချက်တွေ ရှိပါတယ်။ urban-warfare strategy နဲ့ conspiratorial strategy ကို အကောင်အထည်ဖော်နေတဲ့ ခေါင်းဆောင်တွေအတွက် Organizational complexity က နည်းနိုင်သမျှ နည်းရပါမယ်။ သေးငယ်ပြီး လျှို့ဝှက်တဲ့ အစုအဖွဲ့လေးတွေကို ဖြန့်ကျဲဖွဲ့စည်းပေးရတဲ့အတွက်ပါ။ Protracted popular နဲ့ military-focus strategies တွေကို အကောင်အထည်ဖော်နေတဲ့ အဖွဲ့အစည်းက ခေါင်းဆောင်တွေကတော့ အဖွဲ့အစည်းရဲ့ သဘောသဘာဝအရ Organization structure ကို ရှင်းရှင်းလင်းလင်း အကောင်အထည် ဖော်နိုင်ရပါမယ်။ ဒီနေရာမှာ မဟာဗျူဟာ မျိုးစုံကို ကိုင်စွဲနေတဲ့ ခေါင်းဆောင်တွေဟာ အားလုံးမရောယှက်ပစ်မိစေဖို့ သတိထားရပါမယ်။

ဥပမာ- Protracted popular strategy ကို ကိုင်စွဲမှုမှာ ပြည်သူ့ဆက်ဆံရေးယန္တရားတွေ အသုံးပြုရပါတယ်။ နည်းပညာတွေ တိုးတက်လာတော့ မီဒီယာတွေကို အသုံးပြုရပါတယ်။ အဲဒီလို အသုံးပြုမှုဟာ ကိုယ့်အဖွဲ့အစည်းက အကောင်အထည်ဖော်ဆောင်နေတဲ့ urban-warfare strategy နဲ့ conspiratorial strategy အရ ဖော်ဆောင်မှုတွေကို အနှောင့်အယှက်၊ အဟန့်အတားတွေ မဖြစ်စေဖို့ လိုအပ်ပါတယ်။ မီဒီယာနဲ့ မြေအောက်လှုပ်ရှားမှုကို ရောစပ်လို့ မရပါ။ ပေါင်းစပ်လိုက်တာနဲ့ သတင်းလုံခြုံရေး ထိခိုက်ပါတယ်။ မလိုလားအပ်တဲ့ ဆိုးကျိုးတွေ အများကြီး ထွက်လာတတ်ပါတယ်။ လူအများက စိတ်ဓာတ်တက်ကြွ ထောက်ခံပြီး တော်လှန်ရေးထဲ ပါဝင်လာဖို့ အတွက် သတင်းတခုကို ထုတ်ပြန်တဲ့အခါနဲ့ လှုပ်ရှားမှုဓာတ်ပုံတပုံကို ထုတ်တင်ပေးတဲ့အခါ ဒီသတင်းနဲ့ ပုံတွေထဲမှာ တခြားမဟာဗျူဟာ ဖော်ဆောင်ရေးကို ထိခိုက်စေမယ့် သတင်းအချက်အလက်တွေ ပါသွားနိုင်မလားဆိုတာကို သတိပြုစဉ်းစားပြီးမှ လုပ်သင့်ပါတယ်။ ဒီအချက်ဟာ ခေါင်းဆောင်တွေအတွက် အလွန်အရေးကြီးတဲ့ စည်းတခုပါ။ ဒီစည်းကို ကျော်ပြီး ခေါင်းဆောင်မှု ရှိတဲ့ တော်လှန်ရေးတိုင်းမှာ strategic conflict ဖြစ်ပါတယ်။ ဒါတွေဖြစ်လာရင် တော်လှန်ရေး ထိရောက်မှုမှာ အားနည်းတတ်ပါတယ်။

တော်လှန်ရေးအဖွဲ့အစည်းတွေအတွင်းမှာ သဘောသဘာဝ ကွဲပြားမှု ရှိနေတဲ့ အခါမှာတော့ တပ်ပေါင်းစုသဏ္ဍာန် ကွန်ယက်ချိတ်ဆက်လှုပ်ရှားမှုနဲ့ စုပေါင်းခေါင်းဆောင်မှုကို အကောင် အထည်ဖော်ရပါတယ်။ ကွန်ယက်ချိတ်ဆက်လှုပ်ရှားမှုလို့ ဆိုထားပါတယ်။ တော်လှန်ရေး အဖွဲ့အစည်းတွေ စုပေါင်းပြီး လှုပ်ရှားမှု လမ်းကြောင်းတခုပေါ်မှာ ရလဒ်အခြေပြု လှုပ်ရှားတာကို ဆိုလိုတာပါ။ အဖွဲ့တွေစုပြီး လုပ်ငန်းဖော်ဆောင်မှုမပါတဲ့ နှုတ်ကတိ၊ ကြေငြာချက် အခြေပြု ညီညွတ်ရေး လှုပ်ရှားမှုကို ဆိုလိုတာ မဟုတ်ပါ။ ညီညွတ်ရေးဆိုတာ တိုက်ပွဲရှိမှ ပေါ်ထွက်လာမှာ ဖြစ်ပါတယ်။ တိုက်ပွဲမဖော်ဆောင်ပဲ ညီညွတ်ရေးပဲ လုပ်နေရင် ခေါင်မိုးတခုပေါ်မှာ ခေါင်မိုးတထပ် ဆင့်ရင်းဆင့်ရင်း ခေါင်မိုးဒဏ်ပိပြီး အဆောက်အဦး ပြိုကျတတ်ပါတယ်။ ခေါင်မိုးတွေနဲ့ အုတ်မြစ်တွေအကြားမှာ တည်ဆောက်ထားတဲ့ framework ကို ထည့်သွင်းစဉ်းစားဖို့ လိုပါတယ်။ ခေါင်မိုးရောင်စုံတွေပဲ ရှိရုံနဲ့ အလုပ်ဖြစ်မှာ မဟုတ်တာကတော့ အသေအချာပါပဲ။ ကွင်းလယ်ခေါင်မှာ ထီးထီးကြီးရှိနေတဲ့ အိမ်ကြီး တလုံးပေါ်မှာ ခေါင်မိုးတွေ တဆင့်ပြီးတဆင့် ထပ်ဖို့ ကြိုးပမ်းမှုထက် မြေလွတ်တဲ့ နေရာတွေမှာ အုတ်မြစ်တွေ ချပြီး၊ အဆောက်အဦးတွေ လိုက်တည်ဆောက်ပေးပြီးမှ ခေါင်းမိုးသစ်တွေ တင်ပေးတာ၊ ခေါင်မိုးတွေအချင်းချင်း ချိတ်ဆက်ပေးတာက လက်တွေ့မှာ ပိုအသုံးဝင်နိုင်ပါတယ်။

တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ပတ်သက်တဲ့ နောက်ထပ် အရေးပါတဲ့ အချက်တခုကတော့ အစိုးရယန္တရားအတွင်းကို ထိုးဖောက်ဝင်ရောက်မှုပါပဲ။ ရန်သူရဲ့ အလယ်အလတ်ခေါင်းဆောင်တွေနဲ့ ဒေါက်တိုင်တွေကို ထိပ်တိုက်ရင်ဆိုင်မှုတွေ လုပ်တာထက် အခွင့်သာသလို စည်းရုံးသိမ်းသွင်းပြီး သူ့လူ ကိုယ့်ဘက်သားဖြစ်အောင် စည်းရုံးနိုင်မှုဟာ အခရာကျပါတယ်။ တော်လှန်ရေးအတွက် အဖိုးမဖြတ်နိုင်တဲ့ critical information ကို ရနိုင်ပါတယ်။ ဒါပေမယ့် ဒီသတင်းအချက်အလက်တွေကို ဘယ်လို စီမံချက်တွေအတွက် အသုံးပြုမှာလဲ ဆိုတာက အရေးကြီးပါသေးတယ်။ တော်လှန်ရေးဆိုတာ “နင်က ငါ့ကို ဖွက်ပြီး လုပ်နေတယ်ပေါ့လေ။ ဘယ်ရမလဲ။ နင်လုပ်တာ ငါသိတယ်။ ငါဘယ်လောက်ထိ သိထားလဲ ပြောရမလား” ဆိုပြီး ရန်ဖြစ်နေကြတဲ့ လေးတန်းကျောင်းသား ကစားပွဲ မဟုတ်ပါဘူး။ သတင်းအချက်အလက်ဆိုတာမှာ ပြည်သူကို ထုတ်ပြန်ပေးရမယ့် သတင်းအချက်အလက်၊ မဟာဗျူဟာ ဆုံြး့ဖတ်ချက်အတွက် အရေးပါတဲ့ သတင်းအချက်အလက်၊ လှုပ်ရှားမှု အကောင်အထည်ဖော်ရေး စီမံချက်တွေမှာ ထည့်သွင်းရေးဆွဲရမယ့် သတင်းအချက်အလက်ဆိုပြီး သီးခြားရှိပါတယ်။ တော်လှန်ရေးအဖွဲ့အစည်းတွေမှာ Strategic Intelligence Process နဲ့ ပတ်သက်တဲ့ မူဝါဒတွေ မရှိပဲ ထင်ရာမြင်ရာ လုပ်နေကြရင် ရန်သူအင်အားစုတွေအကြားမှာ ရေရှည်မြှုပ်နှံထားတဲ့ ကိုယ့်လူတွေကို ထိခိုက်စေနိုင်ပါတယ်။ ဒီလို ထိခိုက်မှုတွေ များလာရင် တော်လှန်ရေးနဲ့ ပူးပေါင်းချင်တဲ့ ရန်သူ့ လူတွေက ယုံကြည်စိတ်ချမှု မရှိတော့ပဲ ရှောင်ဖယ်မှုတွေ လုပ်သွားတတ်ပါတယ်။ သတင်းအချက်အလက်ကို မဟာဗျူဟာ သတင်းအချက်အလက်၊ နည်းဗျူဟာ သတင်းအချက်နဲ့ မီဒီယာသတင်းအချက်အလက် ဆိုပြီး ခွဲခြားနိုင်ဖို့က သတင်းနဲ့ နည်းပညာခေတ်မှာ အရေးကြီးဆုံး ပညာတရပ်ပါ။

သတင်းအချက်အလက် တင်ပြမှုမှာ Source Reliability နဲ့ Data Validity နှစ်ချက်ကိုပဲ အာရုံစိုက်ဖို့ လိုအပ်ပါတယ်။ Intelligence Process မှာ

A. Reliable
B. Usually Reliable
C. Fairly Reliable
D. Not Usually Reliable
E. Unreliable
F. Cannot be Judged
ဆိုတဲ့ သင်္ကေတ အကောင်အထည်ဖော်မှု သဏ္ဍာန်တွေနဲ့ Source Reliabilityကို သုံးလေ့ရှိပါတယ်။

Data Validity ကိုတော့
1.Confirmed
2.Probably True
3.Possibly True
4.Doubtfully True
5.Improbable
6.Cannot be Judged
ဆိုတဲ့ သင်္ကေတတွေနဲ့ သတင်းတင်ပြမှု လုပ်လေ့ရှိကြပါတယ်။

သတင်းတင်ပြမှုမှာ
(၁) သတင်းအမှတ်စဉ်
(၂) Source
(၃) သုံးသပ်ချက်
(၄) အကြောင်းအရာ
(၅) ဖော်ပြချက်
ပြီးဆုံး

ဆိုတဲ့ အချက်အလက်ပုံစံနဲ့ သတင်းပေးမှု၊ သတင်းတင်ပြမှုတွေ လုပ်ကြရပါတယ်။ ဒီတော့ သတင်းကို လက်ခံရရှိသူတယောက်ဟာ သတင်းသုံးသပ်ချက်မှာ 1 (2) ဆိုတဲ့ စာကြောင်းလေးတခုကို တွေ့တာနဲ့ ဒီသတင်းကို ရရှိတဲ့ source က ယုံကြည်စိတ်ချရတယ်၊ သတင်းအချက်အလက်ကတော့ မှန်ကန်နိုင်ချေများတယ် ဆိုတာ ချက်ချင်းသိသွားမှာ ဖြစ်ပါတယ်။ ဘယ်က ဘယ်လိုရတယ်၊ ဘယ်သူက ပြောတယ်၊ ဘယ်လိုအခြေအနေမှာ ပြောတယ် ဆိုတာတွေကို critical information တွေအတွက် အသုံးမပြုသင့်ပါဘူး။ သတင်းနဲ့ပတ်သက်တဲ့ မူဝါဒကို စနစ်တကျ မချရင် ရန်သူယန္တရားမှာ ကိုယ်မြှုပ်နှံထားသူတွေကို ကိုယ်ကပြန်ပြီး ဖော်ကောင်လုပ်ပေးသလို ဖြစ်တတ်ပါတယ်။ ရန်သူယန္တရားထဲက တော်လှန်ရေးကို ပူးပေါင်းလိုသူတွေက တော်လှန်ရေးသမားတွေအပေါ် ယုံကြည်စိတ်ချမှု မရှိပဲ ဖြစ်တတ်ပါတယ်။ သိတာကို သိတယ်လို့ ထားပြီး မိနစ် မဆိုင်းခင် မေ့သွားမယ့် အခြေအနေတခုအတွက် ပေးဆပ်ရမယ့် နောက်ဆက်တွဲတန်ဖိုးတွေကို မထုတ်ပြန်ခင်မှာ သတိထားဖို့ လိုအပ်လှပါတယ်။
(၄) ကွင်းဆက်မပြတ်မှု

တော်လှန်ရေးရဲ့ စတုတ္တ အချက်ကတော့ ကွင်းဆက် မပြတ်မှုပါ။ လူထုနဲ့ ခေါင်းဆောင်အကြား၊ တော်လှန်ရေးဦးဆောင်မှုနဲ့ လှုပ်ရှားမှုအဖွဲ့တွေအကြား၊ လူထုနဲ့ တော်လှန်ရေးအကြားမှာ ကွင်းဆက်ပြတ်ရင် တော်လှန်ရေး ခါးဆက် ပြတ်ပါလိမ့်မယ်။ ကွင်းဆက်ပြတ်ပြီး လှုပ်ရှားလိုင်းတွေ ပူးတာဟာ တပ်ပေါင်းစု ချိတ်ဆက်လှုပ်ရှားမှုမှာ အလွန်ကြောက်စရာကောင်းတဲ့ အခြေအနေတခုပါ။

မြေအောက်လှုပ်ရှားမှု အကောင်အထည်ဖော်ဆောင်တဲ့အခါ ကိုယ်နဲ့ လှုပ်ရှားနေသူထဲက နောက်ထပ်မျိုးဆက်တခုကို သိထားရပါတယ်။ တိုက်ရိုက်ချိတ်ဆက်သူ အဖမ်းခံရရင်၊ ပျောက်ဆုံးသွားရင် ချက်ချင်းအကြောင်းကြားပြီး လိုအပ်တာတွေ ဆက်ပြီး လုပ်ရပါမယ်။ ဒီလိုမဟုတ်ရင် ကြားက ကွင်းဆက်တွေ ပြတ်သွားတဲ့အခါ ကွန်ယက်တွေ ပျက်ကုန်ပါတယ်။ လှုပ်ရှားနေသူတွေကိုလဲ ကိုယ်နဲ့ ဆက်သွယ်လို့ မရတော့တဲ့အခါ၊ ကိုယ်က ဖမ်းဆီးခံရတဲ့အခါ နောက်က မျိုးဆက်တခုကို ချိတ်ဖို့ ပြောထားသင့်ပါတယ်။ မဟုတ်ရင် ကြားထဲမှာ ကွင်းဆက်ပြတ်ပြီး တခြားလှုပ်ရှားမှုလိုင်းတွေကို သွားချိတ်တတ်ကြပါတယ်။ လိုင်းတွေပူးပြီး ရှော့ခ်တွေ မိတတ်ပါတယ်။ ရန်သူရဲ့ ထောင်ချောက်ထဲ တပုံတပင်ကြီး ကျသွားတတ်ပါတယ်။ ကွင်းဆက်မပြတ်ဖို့က တော်လှန်ရေးမှာ အလွန်အရေးကြီးပါတယ်။ ကွင်းဆက်ပြတ်ပြီး လိုင်းပူးတတ်မှုက တော်လှန်ရေးကြီး တခုလုံးကို ဖျက်ဆီးပစ်တတ်ပါတယ်။ တဘက်က လိုင်းပူးလာရင်လဲ အပူးမခံဖို့ အရေးကြီးပါတယ်။ အထူးသဖြင့် မြေအောက်လှုပ်ရှားမှုကို တာဝန်ယူနေတဲ့ ခေါင်းဆောင်တွေ သတိပြုရပါမယ်။ မြေအောက်လှုပ်ရှားမှု လုပ်နေတာဟာ ရုပ်ရှင်မင်းသား လုပ်နေတာ မဟုတ်ပါ။ မိတ်ဆက်လာသမျှ အော်တိုပြန်ရေးပေးနေလို့ မရသလို၊ စာနယ်ဇင်းအင်တာဗျူးပွဲမှန်သမျှ လက်ခံနေလို့ မရပါ။ အထူးသတိပြုရမယ့် အချက်တွေ ဖြစ်ပါတယ်။

(၅) ပြည်ပထောက်ခံမှု

တော်လှန်ရေးတခုရဲ့ အောင်မြင်မှုသော့ချက်တွေထဲမှာ နိုင်ငံတကာထောက်ခံမှုက အရေးကြီးပါတယ်။ နိုင်ငံတကာထောက်ခံမှုဆိုတာမှာ စိတ်ပိုင်းဆိုင်ရာ ထောက်ခံမှု (Moral Support) ၊ နိုင်ငံရေးထောက်ခံမှု (Political Support)၊ ရုပ်ဝတ္ထုပစ္စည်းထောက်ပံ့မှု (Material Support) နဲ့ နယ်မြေဒေသ၊ အခြေစိုက် စခန်း ပံ့ပိုးပေးမှု (Sanctuary Support) တွေ ပါဝင်ပါတယ်။ Moral support ဆိုတာက နိုင်ငံခြားအစိုးရ(သို့မဟုတ်) နိုင်ငံတကာ အဖွဲ့အစည်းတွေက ဒီ တော်လှန်ရေးကို ထောက်ခံမှုကို စတိတ်မင့်တွေ၊ ကြေငြာချက်တွေ တရားဝင် ထုတ်ပြန်ကြေငြာတာ ဖြစ်ပါတယ်။ Political support ဆိုတကာကတော့ နိုင်ငံရပ်ခြား အစိုးရတွေက တော်လှန်ရေးအင်အားစုတွေရဲ့ နိုင်ငံတကာ ရည်မှန်းချက်တွေကို ပြည့်မှီလာအောင် အကူအညီ ပေးတာ ဖြစ်ပါတယ်။ ဥပမာ- ကုလသမဂ္ဂမှာ ဆွေးနွေးပွဲတွေ ဖြစ်လာအောင် ကူညီပေးတာမျိုး စတာတွေပါ။ Material support ဆိုတာကတော့ တော်လှန်ရေးအတွက် ငွေကြေး၊ လက်နက်ပစ္စည်းနဲ့ လေ့ကျင့်သင်ကြားပေးမှုတွေကို ပံ့ပိုးပေးတာပါ။ Sanctuaries ဆိုတာကတော့ တော်လှန်ရေးသမားတွေကို လေ့ကျင့်သင်ကြားပေးရေး၊ လက်နက်များ သိုလှောင်သိမ်းဆည်းရေး၊ အော်ပရေးရှင်းများ စီမံရေးဆွဲရေးနဲ့ ခေတ္တဆုတ်ခွာလာနိုင်မှုတွေအတွက် လိုအပ်မယ့် နယ်မြေဒေသ ပံ့ပိုးပေးထားခြင်းပါ။

တော်လှန်ရေးတခုမှာ ဒီလိုနိုင်ငံတကာထောက်ခံမှုက အရေးကြီးပါတယ်။ ဒါပေမယ့် နိုင်ငံတကာ တော်လှန်ရေးရဲ့ အောင်ပွဲကို နိုင်ငံတကာ ထောက်ခံမှုတခုတည်းနဲ့ ယူလို့ မရပါ။ နိုင်ငံတကာ ထောက်ခံမှုနောက် တကောက်ကောက်လိုက်ရင်း လူထုထောက်ခံမှုနဲ့ ဝေးကွာသွားလို့ ကျရှုံးနေတဲ့ တော်လှန်ရေးတွေ အများအပြားပဲ ဖြစ်ပါတယ်။ ဟင်းတခုမှာ အစပ်အဟပ်တည့်ဖို့ လိုပါတယ်။ ဆားမပါတဲ့ ဟင်းကို အရသာမရှိဘူးဆိုပြီး ဆားတွေအများကြီး ဖြူးလိုက်တော့ စားလို့ မရတော့တဲ့ ဟင်းပဲ ထွက်ပါတယ်။ နိုင်ငံတကာထောက်ခံမှုကို မရှိမဖြစ်ဆိုပြီး၊ နေရာတကာမှာ နိုင်ငံတကာကင်ပိန်းပဲ လုပ်နေကြရင်တော့ ကျန်တဲ့ကဏ္ဍတွေမှာ ဟန်ချက်ပျက်ပြီး၊ ကြန့်ကြာနေတဲ့ တော်လှန်ရေးပဲ ထွက်လာမှာ အသေအချာပါ။

(၆) အာဏာပိုင်တွေရဲ့ တုန့်ပြန်မှုခြေလှမ်းများ

တော်လှန်ရေးတခုရဲ့ အောင်မြင်ရေးသော့ချက်မှာ နောက်ဆုံးအရေးကြီးတဲ့ အချက်ကတော့ အာဏာပိုင်တွေရဲ့ တုန့်ပြန်မှုတွေ ဖြစ်ပါတယ်။ တဘက်ရဲ့ ခြေလှမ်းတွေကို ကြိုပြီး သုံးသပ်လေ့လာနေရပါမယ်။ သားကောင်နဲ့ မုဆိုး အပြန်အလှန် ချောင်းနေကြတာ ဖြစ်ပါတယ်။ သားကောင်ဖြစ်လိုက်၊ မုဆိုးဖြစ်လိုက်၊ ပြေးလိုက်၊ လိုက်လိုက်နဲ့ အသက်နဲ့ ဘ၀တွေကို ထပ်ပြီး ကစားနေကြတဲ့ ပွဲပါ။ တောချောက်တာကို ထပြေးပြီး ထောင်ချောက်ထဲ တိုးဝင်တဲ့ သားကောင်တွေလို ပြုမူလို့ မရပါဘူး။ ဆိုင်းတီးပေးတိုင်း ထကကြရမယ့် မျောက်ကပွဲလဲ မဟုတ်ပါဘူး။ ရန်သူရဲ့ မဟာဗျူဟာ၊ နည်းဗျူဟာတွေ၊ ပရိယာယ်တွေ၊ ခြေလှမ်းတွေကို သေချာသုံးသပ်ပြီးမှ ခြေလှမ်းတလှမ်းချင်းကို သတိနဲ့ တိုးဖို့ လိုအပ်လှပါတယ်။ ရန်သူရဲ့ တုန့်ပြန်မှုတွေ၊ ခြေလှမ်းတွေကို အကဲမဖြတ်နိုင်တဲ့ တော်လှန်ရေးဟာ ကျဆုံးလေ့ရှိပါတယ်။

ရန်သူကို တိုက်မယ်၊ တိုက်မယ်နဲ့ အလံထောင်နေရင်း နောက်လှည့်ကြည့်လိုက်တော့ လူထုထောက်ခံမှုရအောင်လဲ ပြည့်ပြည့်၀၀ မလုပ်ထား၊ ပတ်ဝန်းကျင် အနေအထားကလဲ မဟန်၊ စနစ်တကျ စုဖွဲ့ထားမှုတွေကလဲ မရှိ၊ ကွင်းဆက်တွေကလဲ ပြတ်တောက်၊ နိုင်ငံတကာ ထောက်ခံမှု ဆိုတာကလဲ ဟန်ပြထောက်ခံမှုဆိုသလို ဖြစ်နေတဲ့ တော်လှန်ရေးတွေ ကမ္ဘာတ၀ှမ်းမှာ အများကြီးပါပဲ။

နိဂုံး

နိဂုံးချုပ်ဆိုရရင် အခုဒီဆောင်းပါးဟာ တော်လှန်ရေးတွေရဲ့ အလားအလာ၊ အောင်မြင်မှု အတိုင်းအတာတွေကို ဆန်းစစ်ဖို့အတွက် စစ်ဦးစီးတက္ကသိုလ်တွေ၊ စစ်မဟာဗျူဟာလေ့လာရေး သင်တန်းကျောင်းတွေ၊ စစ်ရေးလေ့လာတဲ့ သုတေသန အဖွဲ့အစည်းတွေမှာ အသုံးပြုတဲ့ BARD O’NEILL’S FRAMEWORK ကို အခြေခံပြီး၊ တော်လှန်ရေးတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အခြေအနေတွေ၊ ဆောင်ရန်ရှောင်ရန်တွေ၊ သင်ခန်းစာယူစရာ အချက်အလက်တွေကို ယေဘုယျအနေနဲ့ ပေါင်းစပ်တင်ပြ ထားတာဖြစ်ပါတယ်။ မည်သည့် တော်လှန်ရေးကိုမှ ဆန်းစစ်လေ့လာချက် ပြုလုပ်ထားခြင်း မရှိပါဘူး။ ဆန်းစစ်လေ့လာချက်တွေလုပ်တဲ့အခါ အားသာချက်၊ အားနည်းချက်တွေကို ဖော်ထုတ်ပြီး အလားအလာကို ကောက်ချက်ချမှတ်ချက်ပေးရပါတယ်။ ဒီမှတ်ချက်တွေ မပေးလိုပါ။ မတရားတဲ့ စနစ်ကို တိုက်ဖျက်နေတဲ့ တော်လှန်ရေးအင်အားစုတွေအတွက် တစုံတရာအကျိုးကျေးဇူး ရှိစေရန်သာ မျှော်လင့်မိပါကြောင်း။

ခင်မမမျိုး (၁၀၊ ၁၊ ၂၀၁၀)
-ရည်ညွှန်းကိုးကား-

Applegate, Melissa (2002) Preparing for Asymmetry: As Seen Through the Lens of Joint Vision 2020. Carlisle, PA: Strategic Studies Institute.

Dubik, James M. (2003) “Effects-based Decisions and Actions.” Military Review, 83: p. 33-36. (January-February 2003.)

Gurr, Ted Robert. (1970) Why Men Rebel. Princeton, NJ: Princeton University Press.

Hatch, Mary Jo.(1997) Organization Theory: Modern, Symbolic, and Postmodern Perspectives. Oxford: Oxford University Press

Mann, Edward C., Endersby, Gary and Searle, Thomas R.(2002) Thinking Effects: Effects-Based Methodology for Joint Operations. Maxwell Air Force Base, AL, Air University Press. (CADRE paper, no. 15).

Mintzberg, Henry. (1994) The Rise and Fall of Strategic Planning. New York: The Free Press.

O’Neill, Bard E. (1990) Insurgency and Terrorism: Inside Modern Revolutionary Warfare. Dulles, VA: Brassey’s Inc.

O’Neill, Bard E., William R. Heaton, Donald J. Alberts, Vincente Collazo-Davila, Richard MacLeod, Don Mansfield, James Miller, and Paul Viotti. (1980) Insurgency in the Modern World. CO: Westview Press, 1980.

Roper, Daniel S. (2004) A Dual-edged Sword: Operational Risk and “Efficiency”-Based Operations (EBO). Fort Leavenworth, KS, School of Advanced Military Studies, 2004, 62 p.

Tse-Tung, Mao. (1961) On Guerilla Warfare. New York, NY: Fredrick A. Praeger Inc., 1961.

U.S. Department of Defense (2003) Military Transformation: A Strategic Approach. Washington, DC: Office of the Secretary of Defense. Fall 2003.




အပြည့်အစုံဖတ်ချင်ရင်..>>>

  © Blogger templates Newspaper II by Ourblogtemplates.com 2008

Back to TOP