ဘလော့ လိပ်စာသစ်သို့ ပြောင်းရွှေ့ခြင်း

(၂၀၀၇) ခုနှစ်မှစ၍ ဘလော့စာမျက်နှာအား ဖွင့်လှစ်ခဲ့ရာ ဖတ်ရှုအားပေးကြသော စာဖတ်ပရိသတ်အပေါင်းအား အထူးပင် ကျေးဇူးတင်ရှိပါသည်။

ယခုအခါတွင် ဘလော့ကို ဖွင့်ရန် အချိန်ကြာမြင့်မှုများ ရှိနေကြောင်း၊ စာဖတ်သူအချို့မှ အကြောင်းကြားလာပါသဖြင့် www.khinmamamyo.info တွင် စာမျက်နှာသစ်ကို ဖွင့်လှစ်ထားပါသည်။

စာမျက်နှာသစ်တွင် အချို့သော စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ဆောင်ပါးများနှင့် ရသစာစုများ (နှစ်ရာကျော်ခန့်)ကိုလည်း ကဏ္ဍများခွဲ၍ ပြန်လည်ဖော်ပြထားပါသည်။


ယခုဘလော့စာမျက်နှာကို ဆက်လက်ထားရှိထားမည်ဖြစ်သော်လည်း ယနေ့မှစ၍ ပို့စ်အသစ်များ ထပ်မံ တင်တော့မည် မဟုတ်ပါကြောင်းနှင့် ပို့စ်အသစ်များကို စာမျက်နှာသစ်တွင်သာ တင်တော့မည်ဖြစ်ပါကြောင်း လေးစားစွာ အသိပေး အကြောင်းကြားပါသည်။


စာမျက်နှာသစ်သို့ အလည်လာရောက်ပါရန်ကိုလဲ လှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါသည်။


လေးစားစွာဖြင့်



ခင်မမမျိုး (၁၇၊ ၁၀၊ ၂၀၁၁)

www.khinmamamyo.info

သင်းသင်းခိုင် စာကျက်နေသည် (၀တ္ထုတို)

Friday, January 22, 2010

(၁)
အချိန်ကား (၁၉၉၆) ခုနှစ်
နေရာကား တောင်ပေါ်မြေ။

“မိချိုနဲ့ မိသီ။ စကားပြောတာ အသံတွေ လျှော့ကြဦးလေ။ ဟိုမှာ ငါ့သမီးလေး စာကျက်နေတယ်”
အိမ်ရှေ့ခန်းမှ အမေ့အသံ ထွက်ပေါ်လာပြီးနောက်တွင် မကြီးနှင့် မလတ်တို့၏ ရယ်သံများက ရုတ်တရက် တိတ်သွားသည်။ အမေက သူမ စာကျက်ချိန်မှာ အသံတွေ မဆူညံရအောင် ထိန်းပေးနေကျ။ သူမ ဆယ်တန်းရောက်ကတည်းက ညဘက်ဆိုလျှင် အိမ်ရှိလူကုန် တိတ်တိတ်နေပေးကြရသည်။ တနေကုန် ကားမောင်းထားရသော အဖေကတော့ မောပြီးစောစောအိပ်သည်မို့ ကိစ္စမရှိ။ တနေကုန် ဆေးလိပ်လိပ်ထားရသမျှ ညကျမှ ကာတွန်းစာအုပ်လေးဖတ်၊ သီချင်းလေး နားထောင်တတ်လေ့ရှိသော အစ်မ နှစ်ယောက်အတွက်ကတော့ ကိစ္စရှိသည်။ မကျေမနပ်နှင့် ပွစိပွစိ လုပ်ကြပေမယ့် အမေ့လက်သံကို ကြောက်ကြသည်မို့ ဆူဆူပူပူ မလုပ်ရဲကြ။ ပြောမိသာ ပြောရပေမယ့် ရှစ်တန်းထိသာ ကျောင်းနေဖူးသော အဖေ၊ ငါးတန်းထိသာ ကျောင်းနေဖူးသော အမေနှင့် ခုနစ်တန်းတဖုန်းဖုန်းကျပြီး ကျောင်းထွက်ထားကြ ရသော မကြီး၊ မလတ်တို့ အကြားတွင် ဆယ်တန်းကျောင်းသူဖြစ်လာသော သူမအား တအိမ်လုံးက ၀ိုင်းပြီး အလိုလိုက်ထားကြသည်။




ကုန်ဈေးနှုန်းများ တရိတ်ရိတ်တက်နေသော ကာလတွင် အိမ်က ထမင်းဝိုင်းမှာ ဟင်းခွက်လေးတွေ တစတစ နည်းလာပေမယ့် သူမစာမေးပွဲအတွက် လိုအပ်သော အထူးထုတ်စာအုပ်များကိုတော့ ခြစ်ကုတ်ပြီး ၀ယ်ပေးကြသည်။ သူမကလဲ မနေပါ။ စာကြိုးစားပါသည်။ ဆယ်တန်းကို နှစ်ချင်းပေါက် အောင်မြင်အောင် ဖြေလိုက်မည်ဟု စိတ်ထဲ ဆုံးဖြတ်ထားပါသည်။ ဒါကြောင့်လဲ ညဆိုရင် သူမစာကျက်သံလေးများက တအိမ်လုံးမှာ ညံနေသည်။ လက်လုပ်လက်စားများသော ဒီရပ်ကွက်လေးထဲမှာ အထက်တန်းကျောင်းနေနိုင်သူကလဲ နည်းတာမို့ ရပ်ကွက်ထဲက လူများကလဲ သူမကို စောင့်ကြည့်နေကြလေသည်။ တချို့ကလဲ အားပေးကြသည်။ တချို့ကတော့ ဆယ်တန်းအောင်လဲ ဘာမှ မထူးပါဘူး ပြောကြသည်။ တချို့ကလဲ ညဆိုလျှင် သူမ စာအော်ကျက်သံလေး ကြားရတာ နားထောင်ကောင်းသည် ဆိုကြသည်။ ဒီလိုဆိုတော့လဲ သူတို့တွေ ကြားအောင် ပိုအော်ကျက်ပြရသည်ပေါ့။ သူမစာကျက်သံကြားတိုင်း အမေကလဲ ၀မ်းသာအားရ ဖြစ်နေသည်။ တခါတလေ သင်္ချာတွက်နေတုန်းလေး ငြိမ်နေရင်တောင် ဘာများဖြစ်လဲ၊ နေမကောင်းဘူးလားလို့ လာမေးတတ်သည်။ အမေတင်မဟုတ်။ ခြေရင်းအိမ်က ဒေါ်ကြီးပုကလဲ သူမကို အရမ်းဂရုစိုက်သည်။ တလောက ဓာတုဗေဒ ညီမျှချင်းများကို အလွတ်အော်ကျက်တာ များသွားလို့ အသံဝင်သွားတော့ ဒေါ်ကြီးပုက ကြက်ဥအကာထဲ သံပရာရည်ညှစ်ပြီး လာပို့ပေးသည်။ အသံပြန်ထွက်လာအောင်လို့တဲ့။ လူအများကြားမှာ သူမက အဲလောက်အထိ မျက်နှာပွင့်သည်လေ။

(၂)

“ဆယ်တန်း အောင်စာရင်းတွေ ထွက်တော့မယ်တဲ့။ မိသင်းတော့ ဂုဏ်ထူးတွေ အများကြီး ပါမှာပဲ”
“အေးလေ။ သူဒီလောက် စာကျက်ထားတာ။ ငါတို့တော့ အရပ်ထဲမှာ မျက်နှာပွင့်ဦးမယ်”

မကြီးနဲ့ မလတ်တို့ အသံကို ကြားရတော့ သူမ ၀မ်းနည်းသွားသည်။ သူမ အခြေအနေကို သူမသာ အသိဆုံး ဖြစ်သည်လေ။ စာတွေ အများကြီး ကျက်ထားပေမယ့် စာမေးပွဲခန်းထဲ ရောက်တော့ ဟိုဟာလဲ သိသလိုလို၊ ဒီဟာလဲ သိသလိုလိုတွေ ဖြစ်ပြီး ရောနေသည်။ ဘာကိုမှ တိတိပပ မဖြေနိုင်။ ရူပဗေဒ မေးခွန်းများမှာလဲ သူမအလွတ်ကျက်ထားသော မေးခွန်းများက မပါ။ ဓာတုဗေဒ မေးခွန်းတွေကျတော့လဲ ဘာတွေမှန်းမသိ။ ဘိုင်အိုစကားလုံးတွေကိုလဲ မမှတ်မိတော့။ သိပ္ပံတွဲတခုတည်းနှင့်တင် အခြေအနေ လုံးဝမကောင်းမှန်း သူမတပ်အပ်သိပါသည်။ တခြားဘာသာတွေဆိုတာကလဲ တို့ထိတို့နန့် ဖြေခဲ့ရသည်မို့ အောင်မှတ်က သိပ်မသေချာလှ။ ဒုက္ခပါပဲ။ အောင်စာရင်း မထွက်ပါစေနဲ့ဟု သူမဆုတောင်းနေမိသည်။

သို့ပေမယ့် သူမဆုတောင်းက မပြည့်ခဲ့ပါ။ ဆယ်တန်းအောင်စာရင်းက ခါတိုင်းနှစ်တွေထက်ပင် စောပြီး ထွက်လာလိုက်သေးသည်။ သူမသိနေပြီးသား အဖြေပင်ဖြစ်သည်။ ဆယ်တန်းအောင်သော အမည်စာရင်းမှာ သူမနာမည် မပါခဲ့ပါ။ တအိမ်သားလုံး ခဲလေသမျှ သဲရေကျရလေပြီ။ အမေ့မျက်နှာက မကောင်းလှ။ အဖေကတော့ “ဒီနှစ်မအောင်လဲ၊ နောက်နှစ်ပေါ့” လို့ဆိုသည်။ မကြီး၊ မလတ်တို့မှာလဲ မျက်နှာငယ်လေးတွေနှင့်။ ကိုယ့်အခြေအနေကို ကြိုသိပြီးသား ဖြစ်ပေမယ့်၊ ဒီလိုအခြေအနေမျိုးမှာ သူမကြိုကျက်ထားခဲ့တဲ့ စာတွေက မေးခွန်းနဲ့ တလွဲတချော်ဖြစ်ခဲ့တာကို သွားပြော၍ မရ။ သူမ စာကျက်တာကို အထင်ကြီးနေကြရာက အထင်သေးသွားနိုင်သည်။ ဒီတော့ ဟန်ကိုယ်ဖို့ လုပ်ရသည်။ ပြိုင်ပွဲတခုမှာ အောင်မြင်သည့်အခါ ကိုယ်က သိပ်တော်လို့ဟု လက်မထောင်ချင်သူများသည် ဆုံးရှုံးချိန်တွင် ကိုယ်အသုံးမကျလို့ဟု ဘယ်တော့မှ ပြောလေ့မရှိကြ။ ကိုယ့်အမှားကိုလဲ ပြန်ရှာဖွေလေ့မရှိကြ။ တဘက်က ညစ်တာကြောင့်လို့သာ အပြစ်ပုံချပြီး မိမိကိုယ်ကို ကာကွယ်လေ့ရှိကြသည်။ ဒါကလဲ လူ့သဘော၊ လူ့မနော။ သူမသည်လဲ ဘာသားနဲ့ ထုထားသည် မှတ်လို့။ ဒီတော့ မျက်နှာလေးကို မဲ့ပြီး ပြောလိုက်သည်။

“သမီးက အရမ်းကြိုးစားပြီး ဖြေထားတာ။ စာစစ်တဲ့ ဆရာမတွေများ အဖြေလွှာ မှားစစ်လား မသိဘူး”
“အင်းလေ။ ငါ့သမီးလေးက ဒီလောက်တော်တာကိုး။ စာမေးပွဲကျရတယ်လို့။ မဖြစ်နိုင်ပါဘူး”
သူမရဲ့ စကားအဆုံးမှ အမေက ၀င်ပြောသည်။
“အေးလေနော်။ ဆယ်တန်းဖြေတဲ့လူက သိန်းနဲ့ချီနေတာတဲ့။ အဖြေလွှာတွေ ရောသွားလာမှ မသိတာ”

မကြီးကလဲ ဘုမသိ၊ ဘမသိနှင့် ၀င်ပြောလေသည်။

ဒီလိုနှင့် သူမ ဆယ်တန်းကျသည့် ကိစ္စက ပြီးသွားသည်။ သူမကို ၀ိုင်းသနားပြီး ခါတိုင်းထက် ပိုအခွင့်အရေးတွေ ပေးကြသည်။ အစစအရာရာ လိုလေသေးမရှိ။ ထမင်းစားပြီးရင်တောင် ကိုယ့်ပန်းကန် ကိုယ်ဆေးစရာမလို။ ဒီတော့ ရထားတဲ့ အခွင့်အရေးတွေနဲ့ ညီမျှအောင် သူမကလဲ စာတွေ အော်ကျက်ပြပါသည်။ ပြဌာန်းစာအုပ်ထဲမှာ အင်္ဂလိပ်ပုံပြင်တွေကို အလွတ်ကျက်သံကြားတော့ အမေက ပါးစပ်ကြီး ဟပြီး ပြောသည်။

“ငါ့သမီးလေးက တော်လိုက်တာနော်။ ဒီလောက်တော်တဲ့ ငါ့သမီးလေးကိုများ စာမေးပွဲချကြတာ။ အဲဒီဆရာမတွေ ငါ့သမီးလေးလောက် မသိလို့ပဲ ဖြစ်ရမယ်”တဲ့။

အမေ့အသံ အဆုံးမှာ မကြီးနဲ့ မလတ်တို့ကလဲ အထင်ကြီးသည့် မျက်လုံးများဖြင့် ၀ိုင်းကြည့်ကြသည်။ သူမ ဒီမျက်လုံးများကို သိပ်နှစ်ခြိုက်ပါသည်။ သို့ပေမယ့် အရပ်ထဲမှာတော့ သူမ ဆယ်တန်းကျသည်က အတော်ဂယက်ရိုက်သွားသည်။ သူမကို အထင်မသေးကြပေမယ့် ဆယ်တန်းစာမေးပွဲဆိုတာ သိပ်ခက်တဲ့ စာမေးပွဲကြီးပါလားလို့ ထင်သွားကြတာ ဖြစ်သည်။ ဒေါ်ကြီးပုကလဲ ကိုးတန်းတက်နေတဲ့ သူ့သားလေးကို ကျောင်းမှ နှုတ်ပြီး ၀ပ်ရှော့တခုမှာ အလုပ်သွားလုပ်ခိုင်းသည်။ ဒေါ်ကြီးပု ပြောတဲ့စကားက “ဒီလောက်စာကျက်တဲ့ မိသင်းတောင် မအောင်တာ။ နင်ဆိုရင်တော့ ဝေးပြီ” တဲ့။

(၃)

ဒီလိုနှင့် ညစဉ်ညတိုင်း စာအော်ကျက်နေသော သူမ ဘ၀ထဲသို့ မထင်မှတ်ပဲ မနွယ် ရောက်လာခဲ့ပါသည်။ မနွယ်က သူမအဖေ ကားမောင်းသည့် အိမ်မှ အလုပ်ရှင်၏ သမီး။ မန္တလေးမှာ ကျောင်းသွားတက်နေပြီး၊ ကျောင်းပိတ်လို့ ခဏပြန်လာလည်တာတဲ့။ သူမအဖေပြောတာ ကြားရပေမယ့် သူမဆီသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာလိမ့်မယ်လို့တော့ မျှော်လင့်မထားမိ။ သူမနေတဲ့ ရပ်ကွက်လေးမှာက မြေအပို၊ အလိုမရှိအောင်ပင် တဲအိမ်လေးများ ဆက်နေကြသည်။ အောက်ချိုင့်ထဲမှာမို့ ကားနှင့်လာလျှင် လမ်းမကြီးပေါ်မှာ ရပ်ခဲ့ပြီး တဲကြိုတဲကြား လမ်းလျှောက်ပြီးမှ အိမ်သို့ ရောက်သည်။ ဒီလိုနေရာမျိုှးသို့ ရောက်လာတာဆိုတော့ သူမမှာ အံ့သြလိုက်သည်ဖြစ်ခြင်း။

“ဦးလေး ဦးဝင်းမြင့် ပြောကတည်းက ညီမလေးကို အစ်မ စိတ်ဝင်စားနေတာ။ ညီမလေးက စာအရမ်းကြိုးစားတယ်ဆို”

ဖန်ခွက်လုံးလေးထဲမှ အခါးရည် (ရေနွေးကြမ်း)ကို အားရပါးရ မော့သောက်ရင်း မနွယ်က စကားစသည်။ သူမမျက်လုံးကို စူးစူးစိုက်စိုက်ကြည့်ပြီး မေးသည်မို့လဲ အနေရခက်သွားသည်။ သူမစာမေးပွဲကျ ထားတာကို မသိသေးဘူးထင်ပ။

“အဲလောက်လဲ မဟုတ်ပါဘူးအစ်မ။ စာတော့ ကျက်ဖြစ်ပါတယ်”
“အင်း။ ဦးလေးပြောတယ်။ ဦးလေးက ညီမလေးကို စာမေးပွဲ သိပ်အောင်စေချင်တာ။ အစ်မကလဲ စာကြိုးစားတဲ့ ကျောင်းသားလေးတွေကို စာမေးပွဲအောင်စေချင်တာပဲ။ ဒီတော့ ခု အစ်မ ခဏပြန် ရောက်နေတုန်း ညီမလေးနဲ့ စာကူကျက်ပေးမယ်လေ။ စာမေးပွဲဖြေနည်းတွေ သင်ပေးမယ်။ ဘယ်လိုလဲ”

ရေနွေးခွက်လေးကို အသာချရင်း အစ်မက ပြောတော့ သူမအံ့သြသွားလေသည်။ အဖေလဲ အံ့သြသွားပုံရသည်။
“ဒေါက်တာက ခွင့်ပြုပါ့မလား မမလေး”
“ဦးလေးကလဲ လုပ်တော့မယ်။ ကျွန်မတို့ အိမ်မှာ ကားမောင်းတာပဲ ကြာလှပြီ။ ကျွန်မ မှန်တယ်ထင်လို့ လုပ်တဲ့ အလုပ်တွေမှာ ဘယ်တုန်းက မေမေ့ခွင့်ပြုချက် တောင်းဖူးလို့လဲ”

အဖေ့အပြောကို အစ်မက အေးအေးဆေးဆေးပင် ပြန်ပြောသည်။ သိပ်မကြာလိုက်ပါ။ သူမ စာကြည့်စားပွဲဘေးသို့ အစ်မ ရောက်လာခဲ့လေတော့သည်။

(၄)

“ဆယ်တန်းစာမေးပွဲကို ဘာဖြစ်လို့ ဖြေချင်တာလဲ”
စာသင်ပေးဖို့၊ စာကူကျက်ပေးဖို့ ဆိုပြီး ရောက်လာသော အစ်မက စာအုပ်တွေကို ဘာမှမကိုင်ပဲ ဒီမေးခွန်းကို စမေးလာတာမို့ သူမကြောင်သွားသည်။ အဖေပြောတဲ့ သမီးလေးကို ပညာတတ်ဖြစ်စေချင်တယ်ဆိုသော စကားကို သတိရသွားသည်။
“ပညာတတ် ဖြစ်ချင်လို့ပါ အစ်မ”
“ပညာကို တတ်ချင်တာလား။ ပညာတတ်ပါလို့ လူတွေက အသိအမှတ် ပြုတာကို ခံချင်တာလား”
သူမ မျက်လုံးပြူးသွားရုံမက ပါးစပ်ပါ ဟသွားမိသလား မသိ။ ပြီးမှ မေးလိုက်မိသည်။
“အဲဒီနှစ်ခု မတူဘူးလား အစ်မ”
“အစ်မ အမြင်မှာတော့ မတူဘူး။ ပညာကို တတ်ချင်တာက အဲဒီပညာကို နှစ်နှစ်ကာကာ တန်ဖိုးထားပြီး တတ်ချင်၊ သိချင်တာ။ ဒါက တယောက်တည်းနဲ့ ဆိုင်တဲ့ ကိစ္စပေါ့။ ဒါပေမယ့် အဲဒီပညာကို ကိုယ်တယောက်တည်း သိနေ၊ တတ်နေလို့က မပြီးဘူး။ ပြန်ပြီး ဖြန့်ဖြူးရမယ်။ အသုံးချရမယ်။ ဒီလို အသုံးချဖို့အတွက်ကျတော့ ပတ်ဝန်းကျင်ဆိုတာက ပါလာပြီ။ ကိုယ့်ပညာကို အသုံးချရမယ့် ပတ်ဝန်းကျင်ပေါ့နော်။ အဲဒီအခါကျတော့ ကိုယ်ဟာ အဲဒီပညာရပ်ကို တတ်ကျွမ်းနားလည်ပါကြောင်း ပတ်ဝန်းကျင်က အသိအမှတ်ပြုခံရဖို့ လိုအပ်လာတယ်။ စာမေးပွဲအောင်လက်မှတ်တွေ၊ ဘွဲ့လက်မှတ်တွေ လူ့ဘ၀မှာ လိုအပ်တယ်ဆိုတာ အဲဒါပဲ။ ဒါပေမယ့် အဲဒီအောင်လက်မှတ်တွေ ဘယ်လောက်ပဲရှိရှိ ပညာကို တကယ် မတတ်ရင်လဲ ပတ်ဝန်းကျင်က ကြာရင် သိလာတာပဲ။ ဒီတော့ စာမေးပွဲအောင်ဖို့က အရေးကြီးလား၊ ပညာတတ်ဖို့က အရေးကြီးလားလို့ အစ်မကို မေးလာခဲ့ရင် နှစ်မျိုးလုံးအရေးကြီးတယ်လို့ အစ်မကတော့ ဖြေရလိမ့်မယ်။ အခု ညီမလေးက ဆယ်တန်းဖြေဖို့ ကြိုးစားနေတယ်နော်။ အဲဒီမှာ ဆယ်တန်းအဆင့်နဲ့ ညီမျှတဲ့ ပညာကို တတ်ဖို့ လိုလာသလို၊ ဆယ်တန်းကို အောင်ဖို့လဲ လိုလာတယ်။ ဟုတ်ပြီလား”
“ဟုတ်ကဲ့အစ်မ”
“ဒီတော့ စာတွေကို ကျက်မှတ်လေ့လာဖို့ လိုသလို၊ စာမေးပွဲအောင်အောင် ပြင်ဆင်ဖို့ကလဲ လိုတယ်။ ဦးလေးပြောစကားအရ ညီမလေး စာကျက်တယ်ဆိုတာကိုတော့ အစ်မသိထားတယ်။ စာမေးပွဲအတွက် ဘယ်လောက်ပြင်ဆင်ထားခဲ့ဖူးတယ် ဆိုတာကိုတော့ အစ်မ မသိဘူး။ ဒီတော့ ညီမလေး ကျက်ထားပြီးသား စာတွေ၊ ရထားပြီးသား စာတွေကို အစ်မကို အရင်ပြော”

အစ်မရဲ့ စကားအဆုံးမှာ ဘာသာစုံသင်ရိုးစာအုပ်များ၊ အထူးထုတ်မှတ်စုများကို လှန်လှောပြပြီး သူမအာဂုံဆောင်ကျက်ထားခဲ့သမျှကို ပြောပြလိုက်သည်။ အင်္ဂလိပ်စာ အက်ဆေး အပုဒ်နှစ်ဆယ်ကျော် အလွတ်ရကြောင်း ပြောတော့ အစ်မက ပြုံးရင်း အံ့သြဟန်ပြသည်။ သချာင်္ပုစ္ဆာတွေကို အဖြေပါ အလွတ်ရကြောင်းပြောတော့ ပါးစပ်ပါ ဟသွားသည်။ သူမအလွန် ကျေနပ်သွားလေသည်။ ဒါမှငါကွဟု စိတ်ထဲ ကြွေးကြော်လိုက်မိသည်။

“ကဲ-ဟုတ်ပြီ။ ညီမလေး စာတွေ အရမ်းကျက်ထားတယ် အစ်မသိပြီ။ ညီမလေး တကယ်တော်ပါတယ်။ တချို့စာတွေဆို အစ်မတောင် အလွတ်မကျက်ခဲ့ဘူးဘူး။ ဒီတော့ ဘိုင်အိုစာအုပ်ထဲက ညီမလေး စိတ်ထဲမှာ အပိုင်ဆုံးထင်တဲ့ စာတပုဒ်ကို ခဏပြန်နွှေးလိုက်။ ရရင် အစ်မကို ပြော”

အလွယ်လေးပဲဟု သူမတွေးလိုက်သည်။ ယုန်တွေအကြောင်းကို သူမအလွတ်ရပြီးသား။ စာအုပ်ဖွင့်ဖတ်ပြီး စာပြန်နွှေးလိုက်သည်။
“ရပြီအစ်မ”
စာအုပ်အား အစ်မကို ပေးလိုက်သည်။ အလွတ်ဆိုပြမည်ပေါ့။ သို့ပေမယ့် အစ်မက သူမကို အလွတ်မဆိုခိုင်းပါ။

“မေးခွန်းက သုံးနာရီ မေးခွန်းဆိုတော့ ဘိုင်အိုအတွက် တနာရီအချိန်ရတယ်။ ဓာတုနဲ့ ရူပမှာ မြန်မြန်ဖြေနိုင်ရင်တော့ ဘိုင်အိုအတွက် အချိန်နည်းနည်း ခိုးလို့ရတယ်။ ဘယ်လိုပဲဖြစ်ဖြစ်၊ တနာရီနဲ့ပဲ တွက်ကြရအောင်။ ပုံဆွဲဖို့ အချိန်တွေက ကြာတတ်တယ်။ ဒီတော့ အခုညီမလေး ကျက်ထားတဲ့ အပုဒ်သာ စာမေးပွဲမှာ ပါရင် ဆယ့်ငါးမိနစ်အတွင်း အပြီး ရေးချရမယ်။ ကဲ- ရော့။ ဒီဗလာစာအုပ်ထဲမှာ ခုန ကျက်ထားတာကို ချရေးကြည့်ပါဦး။ ဆယ့်ငါးမိနစ် ပြည့်ရင် အစ်မ ပြောမယ်”

အစ်မက ပြောရင်းဆိုရင်း ဗလာစာအုပ်ကို ထိုးပေးလေသည်။ မတတ်သာပြီမို့ ဘောပင်ကိုင်ပြီး စရေးလိုက်မိသည်။ တကယ်ချရေးတော့ နှုတ်က ရွတ်သလို မမြန်တော့ပါ။ စာလုံးပေါင်းတွေကလဲ မသဲမကွဲ။ မနှစ်က စာမေးပွဲဖြေရသလို ပြန်ဖြစ်လာသည်။ စာလုံးပေါင်းများကို ပြန်စဉ်းစားလိုက်တော့ တချို့စာကြောင်း အစများ မေ့သွားပြန်သည်။ ဒီလိုနှင့် ဆယ့်ငါးမိနစ်က ဘာမှ မကြာလိုက်။ သူမရေးထားသည်ကိုများ ဖတ်ရင်း အစ်မက မျက်လုံးဝေ့ပြီး ကြည့်သည်။ စိတ်ထဲ ဘယ်လို ဖြစ်သွားမှန်းမသိ။ ဘာမှ မသိနားမလည်သူများရှေ့မှ တထောင်ထောင် လုပ်ခဲ့ပေမယ့် တကယ်တတ်သိသူရှေ့မှာတော့ တထောင်ထောင် လုပ်လို့ မရကြောင်း သူမသဘောပေါက်သွားပြီ။ အစ်မက မှတ်ချက် တခုပဲ ပေးလေသည်။
“နှုတ်ကနေ တတွတ်တွတ် ရွတ်တတ်ပေမယ့် လက်တွေ့မှာကျတော့ အသုံးတကယ် ၀င်ချင်မှ ၀င်တယ် ဆိုတာကို ညီမလေး နားလည်ပြီလား” တဲ့။

(၅)
“ဒါတွေ ရေးထားတာ ဘယ်လောက်ကြာပြီလဲ”
နံရံပေါ်မှ သူမရေးကပ်ထားသော စာရွက်များကို ကြည့်ပြီး အစ်မက မေးလေသည်။ အစ်မနဲ့ စာကျက်ရတာ သုံးလေးပတ်ဖြစ်လာတော့ သူမတို့နှစ်ယောက်အကြားမှာ ရင်းနှီးမှုက ပိုခိုင်မာ သွားခဲ့သည်။ စာကို ကြက်တူရွေးကျက် မကျက်ပဲ တကယ်နားလည်အောင် အရင်လေ့လာပြီးမှ ကျက်မှတ်သင့်ကြောင်း၊ မေးခွန်းဟောင်းများကို ပြန်လှန်ကျက်မှတ်တာထက် လေ့ကျင့်ဖြေဆိုတာတွေ လုပ်သင့်ကြောင်း၊ အက်ဆေးများကို အလွတ်မကျက်ပဲ သူများရေးထားသည်များကို နမူနာယူပြိး ရေးသားလေ့ကျင့်သင့်ကြောင်း၊ သင်္ချာပုစ္ဆာများကို အဖြေမှတ်မိအောင် ထပ်တလဲလဲ တွက်နေသည်ထက် တွက်နည်းတွက်ဟန်ကိုသာ ပိုင်နိုင်အောင် လေ့ကျင့်သင့်ကြောင်း၊ ဘိုင်အိုများကို ကျက်ပြီးတိုင်း အလွတ်ရေးကြည့်သင့်ကြောင်း စသည့် စာကျက်နည်း၊ ကျက်ဟန်များကို အစ်မက စိတ်ရှည်လက်ရှည် ရှင်းပြခဲ့ပါသည်။ စာမေးပွဲသဏ္ဍာန် မေးခွန်းများကိုလဲ ဖြေဆိုစေခဲ့သည်။ ဒီနေ့လဲ သုံးနာရီကြာ မေးခွန်းများ ဖြေကြည့်နေရတာမို့ အေးအေးဆေးဆေး ခဏသွား နားစေရန် သူမတို့ ညီအစ်မတတွေရဲ့ အိပ်ခန်းလေးထဲ ခေါ်သွားမိတာဖြစ်သည်။ အိပ်ခန်းထဲရောက်တော့ ခေါင်းရင်းမှာ ကပ်ထားသော စာရွက်လေးများကို ကြည့်ပြီး အစ်မက မေးလေသည်။

သူမ ရေးထားသည်က “ဒီနှစ်စာမေးပွဲ အောင်ကို အောင်ရမယ်” အစချီပြီး ယနေ့ မြန်မာစာကျက်ရန်၊ အင်္ဂလိပ်စာကျက်ရန် စသဖြင့် လုပ်ရမည့်အရာများကို ရေးထားတာ ဖြစ်သည်။

သူမ အစ်မကို ကြည့်ရင်း လျှာလေး တစ်လစ် ထုတ်လိုက်မိသည်။ စာများက မနှစ်ကတည်းက ကပ်ထားသည်ကိုး။

“ကြာပြီအစ်မ။ မနှစ်က ကတည်းက”
“ဒီကောင်မလေး။ ဒါကြောင့် မနှစ်က ကျတာ”
အစ်မက ပြောရင်း သူမခေါင်းကို ဖွဖွလေး လှမ်းထုလေသည်။
“အစ်မကလဲ။ ညီမကိုဆို အပြစ်ပဲ ပြောနေတာပဲ”

သူမက မနာပေမယ့် ခေါင်းကို ပွတ်ပြရင်း ချွဲမိပါသည်။ အစ်မကိုလဲ မကြီးတို့၊ မလတ်တို့လိုပဲ စိတ်ထဲ ရင်းနှီးနေမိသည်။

“အပြစ်တင်တာ မဟုတ်ပါဘူး။ အဖြစ်မှန်ကို ပြောနေတာပါ။ အခုညီမလေး ရေးထားတာတွေကို သေချာပြန်ဖတ်ကြည့်နော်။ ထိပ်ဆုံးက အောင်မြင်ရမယ်ဆိုတာက ပန်းတိုင်၊ ဘာတွေ လုပ်မယ် ဆိုတာက ရည်မှန်းချက်။ ဒါပေမယ့် ပန်းတိုင်ကို ရောက်ဖို့ လုပ်ရမယ့် ရည်မှန်းချက်တွေကို ဘယ်လိုလုပ်မယ်ဆိုတဲ့ စီမံချက်တွေ၊ လုပ်နည်းလုပ်ဟန်တွေက တွဲပြီး မရှိခဲ့ဘူး။ ဟုတ်တယ် မဟုတ်လား”

အစ်မရဲ့ စကားကို သူမသေချာ တွေးနေမိသည်။ ဟုတ်သည်ပဲ။ စာမေးပွဲအောင်ဖို့ စာတွေ ကျက်ရမယ်ဆိုတာပဲ သူမသိခဲ့သည်။ ဒီစာတွေကို ဘယ်လိုအချိန်အတိုင်းအတာ သတ်မှတ်ပြီး ဘယ်လိုကျက်ရမယ်ဆိုတာ သူမ မသိခဲ့။ သင်ရိုးတွေကို အလွတ်ရနေဖို့ပဲ သူမအာရုံစိုက်ခဲ့သည်။ စာမေးပွဲမှာ ဘယ်လိုမေးခွန်းလာရင် ဘယ်လို ဖြေရမယ်ဆိုတာကို ကြိုတင် မပြင်ဆင်ခဲ့မိ။

“ညီမလေးက ကိုယ်ဘာလုပ်မယ်ဆိုတာကိုပဲ စတွေးတယ်။ စာမေးပွဲမေးခွန်းတွေရဲ့ သဘောသဘာဝ
တွေကို အရင်မလေ့လာခဲ့ဘူး။ စာမေးပွဲကို ရင်ဆိုင်ဖို့ ညီမလေးမှာ ပြင်ဆင်ထားတာတွေ မပြည့်စုံခဲ့ဘူး။ စာမေးပွဲအောင်ဖို့က အဓိကလား၊ ဘေးပတ်ဝန်းကျင်က လူတွေကို ငါစာကျက်နေတယ်ဆိုတာ သိစေချင်တာက အဓိကလားဆိုတာတွေမှာ မသဲကွဲခဲ့ဘူး။ ဆယ်တန်းစာမေးပွဲအကြောင်းကို ဘာမှ သေချာ မသိတဲ့ ပတ်ဝန်းကျင်က လူတွေက ချီးကျူးအထင်ကြီးနေတာကို သာယာခဲ့တယ်။ အစ်မပြောတာတွေ၊ မှန်လား၊ မမှန်ဘူးလား”

အစ်မကို အံ့သြတကြီးနှင့် ကြည့်လိုက်မိသည်။ သူမဖြစ်ခဲ့တာတွေကို အစ်မဘယ်လိုများ သိနေသလဲ မသိ။

“အစ်မ၊ ဘယ်လိုသိတာလဲ”
“လူတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ သဘောသဘာဝတွေနဲ့ ချိန်ထိုးပြီး ပြောလိုက်တာပါ။ ဒါဟာ လူ့သဘာဝတွေပဲ ညီမလေး။ ညီမလေးတင် မဟုတ်ပါဘူး။ လူတိုင်း ဘ၀မှာ တချိန်မဟုတ်တချိန်တော့ ဒီလိုစိတ်တွေ ၀င်လာတတ်ပါတယ်။ တခုပဲ။ ဒီလိုစိတ်တွေဟာ အကြာကြီး ရှိလို့ ကောင်းတဲ့ စိတ်တွေတော့ မဟုတ်ဘူး။ အချိန်တွေကြာလာတာနဲ့အမျှ စိတ်ဖောက်ပြန်မှုတွေ ဖြစ်လာတတ်တယ်။ ကိုယ့်အားနည်းချက်တွေကို ကိုယ်မမြင်တော့ဘူး။ ဘေးကမြင်လို့ ထောက်ပြရင်လဲ ရန်လိုလာတတ်တယ်။ လက်သင့်မခံနိုင်တော့ဘူး။ ဒီလိုနဲ့ပဲ စိတ်ကူးယဉ်ပန်းတိုင်ဆီကို ရောက်အောင်သွားဖို့ စနစ်တကျ အကောင်အထည်ဖော်ရမယ့် စီမံချက်တွေ မရှိပဲ ဆုပ်ကိုင်ထားတဲ့ ဘာလုပ်မယ်၊ ညာလုပ်မယ် ရည်မှန်းချက်တွေ တပွေ့တပိုက်နဲ့ လမ်းလျှောက်ရင်း လမ်းပျောက်နေကြသူတွေ လူ့လောကမှာ အများကြီးပဲ ညီမလေး။ ဒီလို လူတွေထဲမှာ ညီမလေး ဘယ်တော့မှ မပါသွားစေနဲ့”

အစ်မရဲ့ စကားများက လေးနက်နေတာမို့ သူမငြိမ်ပြီး နားထောင်နေမိသည်။ စာမေးပွဲအတွက်သာမကပဲ ဘ၀တခုလုံးအတွက်ပါ အကျိုးရှိစေမည့် စကားများ ဖြစ်တာကို သူမစိတ်ထဲက အလိုလို သိနေခဲ့သည်။ စိတ်ထဲမှာ ဇဝေဇ၀ါဖြစ်နေသည့် ကိစ္စကိုတော့ မေးမိသည်။

“ဒါဆို လူတွေက စိတ်ကူးမယဉ်သင့်ဘူးလားအစ်မ။ ညီမ ကြားဖူးတာကတော့ စိတ်ကူးယဉ် ရည်မှန်းချက်တွေက ဘ၀ကို တိုးတက်စေနိုင်တယ်တဲ့”

“အစ်မက စိတ်ကူးယဉ် ရည်မှန်းချက်တွေ မရှိရဘူးလို့ မဟုတ်ဘူးနော်။ ဒါပေမယ့် စိတ်ကူးထဲက ပန်းတိုင်တွေကို တမ်းတပြီး စိတ်ကူးယဉ်အိပ်မက်ထဲမှာ အိပ်မနေဖို့ ပြောတာ။ ဥပမာပြောရရင် လှေလှော်တဲ့အခါ လှော်တက်ကို ဆုပ်ပြီး လှော်နေရုံနဲ့ မပြီးဘူးလေ ညီမလေးရယ်။ ကိုယ့်လှေက ပန်းတိုင်ကို ဦးတည်နေသလား၊ လှော်လာတဲ့ လမ်းကြောင်းက မှန်ရဲ့လား၊ လှေက ရှေ့တိုးနေလား၊ ပတ်ချာလည်နေလား ဆိုတာ ပြန်ပြီး ဆန်းစစ်နိုင်ရမယ်လို့ ဆိုလိုတာ။ လက်ထဲမှာ လှော်တက်ရှိတိုင်း ပန်းတိုင်ရောက်အောင် မလှော်နိုင်ဘူး။ လှော်တက်ကို ဘယ်လိုကိုင်ရမယ်ဆိုတာ သိဖို့က အရမ်းအရေးကြီးတယ်လို့ အစ်မမြင်တယ်”

(၆)

“ကိုဝင်းမြင့်။ ရှင်လုပ်ပုံကလဲ မဟုတ်သေးပါဘူး။ မိသင်းလေးကို စာသင်ပေးဖို့ ဆိုပြီး ရှင့်သူဌေးသမီးလေးကို ခေါ်လာတာလေ”

“ဘာဖြစ်လို့လဲဟ”

အဖေနှင့် အမေ ပြောနေသံကြောင့် ဓာတုဗေဒ ညီမျှချင်းများကို နှစ်ဘက်ညီအောင် ညှိနေရင်းမှ သူမနားစွင့်လိုက်မိသည်။

“သူရောက်လာပြီးမှ ကျုပ်သမီးလေးရဲ့ စာကျက်သံတွေ သိပ်မကြားရတော့ဘူးတော့”
“ဒါပေမယ့် စာကြည့်စားပွဲမှာတော့ ထိုင်နေတယ် မဟုတ်လား။ စာကျက်နေမှာပေါ့။ မင်းကလဲကွာ။ ပြဿနာမဟုတ် ပြဿနာလုပ်နေတယ်”

“သိဘူးလေတော်။ ကျုပ်ကတော့ စာကျက်သံ မကြားရရင် စာကျက်နေတယ်လို့ကို မထင်ဘူး”

အမေ့ဘုကျကျ စကားသံကြောင့် သူမ ပြုံးလိုက်မိသည်။

“စာကျက်သံ မထွက်တိုင်း စာကျက်မနေဘူးလို့ ပြောလို့ မရသလို၊ စာကျက်သံတွေ ထွက်တိုင်းလဲ စာမေးပွဲ အောင်အောင် ဖြေနိုင်မယ့် စာကျက်သံတွေ ဖြစ်ချင်မှ ဖြစ်မှာပါ အမေ။ အရေးကြီးတာက စာမေးပွဲအောင်အောင် စာကျက်တတ်ဖို့ပါ။ အမေ့သမီး သင်းသင်းခိုင် စာကျက်နေတယ်ဆိုတာကို အောင်စာရင်းထွက်တဲ့ နေ့ကျရင် အမေသိလာရမှာပါ”

သူမ ရင်ထဲမှ စကားသံများကို မည်သူမှ မကြားချင်လဲ နေပါစေ။ သူမဂရုမစိုက်ပါ။ အခုတော့ သူမ တကယ်ကို စာကျက်တတ်သွားပါပြီ။

ခင်မမမျိုး (၂၁၊ ၁၊ ၂၀၁၀)

  © Blogger templates Newspaper II by Ourblogtemplates.com 2008

Back to TOP