(၁)
အချိန်ကား (၁၉၉၇) ခုနှစ်။
နေရာကား အထက်မြန်မာပြည် မန္တလေးမြို့။
နံနက် မိုးလင်းကတည်းက သူမ စိတ်တွေ လန်းဆန်းတက်ကြွနေသည်။ အနှစ်နှစ်၊ အလလ မက်ခဲ့ရတဲ့ သူမရဲ့ အိပ်မက်လေးတခုက ဒီမနက်ခင်းမှာ အကောင်အထည် ပေါ်လာပေတော့မည်။ နံနက်ခုနစ်နာရီခွဲ မှာ အဆင်သင့်ဖြစ်နေရန် မမကြီးက ပြောထားတာမို့ အစောကြီးထပြီး ၀တ်စားပြင်ဆင်ထားရသည်။ မမကြီးက အချိန်မတိကျလျှင် မကြိုက်။ ကိုယ့်အချိန်ကို မနှမြောရင်တောင် သူတပါးရဲ့ ရှားရှားပါးပါး အချိန်လေးတွေကိုတော့ လေးစားဖို့လိုတယ်လို့ ငယ်စဉ်ကတည်းက အပြတ်ပြောပြီး လေ့ကျင့်ပေး ထားပြီးသားမို့ သူတပါးအချိန်ကို အကျိုးမရှိပဲ မဖြုန်းမိစေရန် သူမသတိထား နေတတ်သွားခဲ့သည်။
နံနက်စာဆင်းစားတော့ အတူစားနေပေမယ့် မမကြီး မျက်နှာက အနည်းငယ် တည်နေသည်။ ခါတိုင်းလို စကားသိပ်မပြော။ ဒေါ်ကြီးသေးသေး ချက်ထားပေးသော မုန့်ဟင်းခါးကို မတို့တတို့ စားရင်း မမကြီးကို လှမ်းကြည့်နေမိသည်။ ဘာများဖြစ်လို့ပါလိမ့်။
“စားလို့ မကောင်းဘူးလား မျိုးမျိုး”
“ကောင်းပါတယ် မမကြီး။ ပထမဆုံး အလုပ်ဝင်ရမယ့်နေ့ ဆိုတော့လေ စိတ်တွေများ နည်းနည်း လှုပ်ရှားနေသလားလို့”
“အင်း- ဖြစ်တတ်ပါတယ်။ ဒါပေမယ့် လုပ်ငန်းခွင်မှာ သိသင့်သိထိုက်မယ့် အချက်တွေကိုလဲ မမကြီး ပြောပြထားတယ်လေ။ လိုအပ်တဲ့ အသိပညာတွေကိုလဲ အစပျိုးလေ့လာခိုင်းထားတယ်။ ကျန်တာတွေ ကတော့ လုပ်ငန်းခွင်မှာ သင်ရင်းလုပ်ရင်းပေါ့”
“ဟုတ်ကဲ့ပါ မမကြီး”
“ကဲကဲ- အဆင်သင့်ပြင်တော့။ ရှစ်နာရီအိမ်က ထွက်မယ်”
“အားလုံး အဆင်သင့်ဖြစ်ပြီးမှ မျိုးမျိုး ဆင်းလာတာပါ”
မမကြီးက သူမလက်ကို လှမ်းကြည့်သည်။
“ညာဘက်လက်က ဟမ်းဒ် ချိန်းရယ်၊ လက်စွပ်ရယ်ကို သွားချွတ်လိုက်ပါ။ ပွဲလမ်းသဘင် သွားတာမဟုတ်ဘူး။ လုပ်ငန်းခွင်သွားတာမှာ ရတနာပစ္စည်းအဆောင်အယောင်တွေ အများကြီး ဆင်ယင်သွားဖို့ထက် ကိုယ့်ကိုယ်ကို ယုံကြည်မှုနဲ့ တွေးခေါ်ဆုံးဖြတ်တတ်တဲ့ ဦးနှောက်ယူသွားဖို့က ပိုအရေးကြီးတယ်”
မမကြီးပြောတော့မှ သူမလက်လေးကို သတိထားကြည့်မိပြီး၊ အပေါ်ထပ်သို့ ပြန်တက်လာလိုက်သည်။ စိတ်ထဲမှာတော့ သိပ်မကျေနပ်လှ။ ဒီနေ့မှ အလုပ်ဝင်မယ့် မန်နေဂျာအသစ်စက်စက်လေး တယောက်အနေနဲ့ ရှိုးလေးတော့ နည်းနည်းပေးချင်သေးတာပေါ့။
“လူငယ်တွေကို ဘာမှလဲ နားမလည်ပေးဘူး။ အဲဒါကြောင့် အပျိုကြီးဖြစ်နေတာ”
မကျေမနပ်နှင့် ရေရွတ်လိုက်မိသည်။ ညီအစ်မ နှစ်ယောက်တည်းရှိပေမယ့် အသက်က ဆယ်နှစ်ကျော်ကွာတာမို့ အမကြီး အမိအရာဆိုသလို ငယ်ငယ်ကတည်းက မမကြီးလက်ပေါ်မှာ ကြီးခဲ့ရသည်။ မိဘတွေ မရှိတဲ့ နောက်ပိုင်းကျတော့ ဒီအစ်မကြီးတယောက်ကိုပဲ အားကိုးတွယ်တာ ရတော့သည်။ သို့ပေမယ့် မမကြီးက သူမကို ဘယ်တော့မှ မျက်နှာသာ ပေးလေ့မရှိ။ ဆယ်တန်းဖြေပြီးစမှာ သူမဘ၀နဲ့ ပတ်သက်ပြီး ဘာလုပ်ချင်လဲ မေးသည်။ သူမကလဲ ဘာဖြေရမှန်းမသိ။ မမကြီးက ကုမ္ပဏီမှာ ဦးဆောင်ဒါရိုက်တာဆိုတော့ ဒါရိုက်တာနဲ့ တွဲပြီး လုပ်ဖို့ဆို မန်နေဂျာပဲ လို့ တွေးမိတာမို့ “မန်နေဂျာကြီး လုပ်ချင်တယ်”လို့ ဖြေလိုက်လေသည်။ မမကြီးက စီစဉ်ပေးမယ်ဆိုတော့ သူမမှာ ပျော်လိုက်သည်ဖြစ်ချင်း။ သူငယ်ချင်းတွေကို ဖုန်းဆက်ပြီး ကြွားရသည်။
“ဟဲ့။ ငါ့အစ်မက ငါမန်နေဂျာလုပ်ဖို့ စီစဉ်ပေးမယ်တဲ့”
ရန်နောင်က “နင်က ဘာလုပ်တတ်လို့လဲ” လို့ ပြန်မေးသည်။ သူမကလဲ အားရပါးရ ပြန်ပက်လိုက်ပါသည်။
“ဟဲ့။ ငါ့အစ်မက အမ်ဒီပဲဥစ္စာ။ ငါဘာသိဖို့ လိုသေးလို့လဲ”
တကယ်တမ်းကျတော့ သူမထင်သလို မဖြစ်လာခဲ့ပါ။ မမကြီးက သူမကို လုပ်ငန်းခွင်ဆီ မခေါ်သွားပဲ လက်နှိပ်စက်တလုံးနှင့် လက်နှိပ်စက်သင်သော ဆရာမတယောက်ကို ခေါ်လာခဲ့လေသည်။ ကွန်ပျူတာခေတ်မှာ လက်နှိပ်စက်စသင်ရတာကို သူမက မကျေမနပ်ဆိုတော့ အချို့ဌာနဆိုင်ရာ ရုံးများ၊ လုပ်ငန်းများဆီ ခေါ်သွားသည်။ သုံးနေသော လက်နှိပ်စက်များကို ပြပြီး ပြောသည်က
“ခေတ်မီတာနဲ့ ခေတ်လွန်တာ မတူဘူး မျိုးမျိုး။ ခေတ်နဲ့အညီ လိုက်လျောညီထွေတဲ့ ပညာတွေကို သင်ထားရမယ်၊ သိထားရမယ်။ ဒါပေမယ့် လက်တွေ့အသုံးချမှုမှာ ဘယ်လောက်အထိ ကိုယ့်လူ့အဖွဲ့အစည်းအတွင်းမှာ ပြန်ပြီးအသုံးပြုနိုင်မလဲဆိုတဲ့ အတိုင်းအတာကိုလဲ တွက်ချက်ရမယ်။ ဒီလို မတွက်ချက်ပဲ ကိုယ်လုပ်ချင်တာပဲ လုပ်နေရင် လူ့အဖွဲ့အစည်းနဲ့ ကင်းကွာသွားတတ်တယ်။ ခေတ်လွန်သွားတတ်တယ်။ မြို့က ဟော်တယ်မှာ ကျင်းပတဲ့ မင်္ဂလာဆောင်မှာ လှလှပပ၊ ကြွကြွရွရွလေးဝတ်ပြီး ရေခဲမုန့်တဇွန်းနှစ်ဇွန်း ဟန်ပြစား၊ ကိတ်မုန့်လေး တဖဲ့နှစ်ဖဲ့စားတာဟာ ခေတ်မီတာဖြစ်တယ်။ ဒီလိုအသိုင်းအ၀ိုင်းထဲမှာ ဒီလိုမလုပ်လို့လဲ မရဘူး။ ဒါပေမယ့် တောက တရွာလုံးမီးခိုးတိတ် ကျွေးတဲ့ အလှူပွဲမှာလာပြီး လက်ရေတပြင်တည်း စားဖို့ကို တွန့်ဆုတ်နေရင်တော့ ဒါဟာ ခေတ်လွန်တာပဲ ဖြစ်လိမ့်မယ်။ ခေတ်မီတာ မဟုတ်တော့ဘူး။ တချိန်မှာ ရုံးလုပ်ငန်းဆောင်တာတွေအားလုံးမှာ ကွန်ပျူတာတွေ ဖြစ်ချင်လဲ ဖြစ်လာမှာပါ။ ကွန်ပျူတာခေတ် ဖြစ်လာပြီကိုး။ ဒါပေမယ့် လက်ရှိပကတိ အခြေအနေမှာတော့ လက်နှိပ်စက်တွေပဲ သုံးနေကျသေးတယ်။ ဒီတော့ တချိန်မှာမှ အသုံးဝင်မယ့် ကွန်ပျူတာကိုလဲ သင်ဖို့ လိုအပ်သလို လက်ရှိမှာ မရှိမဖြစ် သုံးဖို့ လိုနေတဲ့ လက်နှိပ်စက်ကိုလဲ သင်ရမှာပဲ”
ဒီတုန်းက မမကြီးကိုင်နေတဲ့ ကွန်ပျူတာကို ကြည့်ပြီး၊ လက်နှိပ်စက် တဂျောက်ဂျောက်ရိုက်နေရတာကို စိတ်ဆိုးလိုက်သည်ဖြစ်ခြင်း။ ဘာပဲဖြစ်ဖြစ် လက်နှိပ်စက်လေးရိုက်တတ်လာတော့ မမကြီးက ရုံးစာအရေးအသား၊ စာအမှတ်တွဲပုံ တွေကို စနစ်တကျ ပြန်သင်ပေးလေသည်။ မမကြီးက ဒီလောက်နဲ့ မပြီးသေး။ သမ၀ါယမကျောင်းမှာ ဖွင့်တဲ့ စာရင်းကိုင်သင်တန်းကို သွားတက်ခိုင်းပြန်သည်။ လန်ဒန်က ကျင်းပတဲ့ အယ်လ်စီစီအိုင် စာရင်းကိုင်သင်တန်းတွေ ဒီလောက်နာမည်ကြီးနေတဲ့ အချိန်မှာ သူမမှာတော့ တကုတ်ကုတ်နှင့် မြီစား၊ မြီရှင် ခေါင်းစဉ်တပ်ပြီး စာရင်းများကို တွက်ချက်နေရလေသည်။ မန်နေဂျာလုပ်မယ်လို့ ကြွားထားမိတဲ့ သူငယ်ချင်းတွေကတော့ အယ်လ်စီစီအိုင် အဆင့် (၂) စာမေးပွဲမှ Balance Sheet စာရင်းများပြောပြီး သူမကို လှောင်ကြတော့သည်။ မမကြီးကို စိတ်ဆိုးလိုက်သည်ဖြစ်ချင်း။ လေးလကြာစာရင်းကိုင်သင်တန်းကို သူမ ဆက်မတက်ချင်တော့ဘူးပြောတော့ မမကြီးက အလုပ်ထဲမှ စာရင်းများကို ယူလာပြသည်။ မြို့ကြီးလုပ်ငန်းများနှင့် ပတ်သက်သည့် ငွေစာရင်း၊ နိုင်ငံတကာ ကုန်သွယ်ရေးနှင့် ပတ်သက်သည့် ငွေစာရင်း၊ နယ်ပွဲရုံများနှင့် ပတ်သက်သည့် ငွေစာရင်း။
“မျိုးမျိုးပြောတော့ လုပ်ငန်းကြီးတခုလုံးရဲ့ မန်နေဂျာလုပ်မယ်ဆို။ ကိုယ့်လုပ်ငန်းရဲ့ ဘဏ္ဍာရေး စာရင်းတွေကိုတောင် ဘယ်လိုရေးဆွဲထားမှန်း၊ ခေါ်ဝေါ်သုံးစွဲမှန်း မသိပဲ ဘယ်လိုပုံစံနဲ့ စီမံခန့်ခွဲမှာလဲ”
“၀န်ထမ်းတွေခန့်ထားတာပဲ မမကြီးရဲ့။ သူတို့ကို ပြန်မေးလိုက်မှာပေါ့”
“မျိုးမျိုးဆိုလိုတာက ၀န်ထမ်းတွေကိုပဲ လွှဲထားပြီး အားလုံးလုပ်ခိုင်းလိုက်မယ်။ ပြီးရင် သူတို့ကို ပြန်တင်ပြခိုင်းမယ်။ သူတို့ လုပ်ထားတာတွေလဲ ဘာတွေမှန်း မသိပဲ ကိုယ်ကတောင် ပြန်မေးဦးမယ်လို့ ဆိုလိုတာလား။ အဲလိုဆိုရင် လုပ်ငန်းတွေမှာ မန်နေဂျာတွေ၊ ဒါရိုက်တာတွေတောင် လိုပါဦးမလား ငါ့ညီမရဲ့။ မန်နေဂျာဆိုတာ စီမံခန့်ခွဲသူ။ စီမံခန့်ခွဲရေး လုပ်ငန်းဆောင်တာတွေ လုပ်ရမယ်။ စီမံခန့်ခွဲရေး လုပ်ငန်းဆောင်တာတွေဆိုတာက စီမံကိန်းတွေ ချရမယ်၊ ကိုယ်တာဝန်ယူထားတဲ့ အဖွဲ့အစည်းကို ဦးဆောင်ရမယ်၊ လုပ်ငန်းဆောင်တာတွေကို စနစ်တကျဖြစ်အောင် ပြင်ဆင်ဆောင်ရွက်ရမယ်၊ ပြီးမြောက်ထားတဲ့ အလုပ်တခုရဲ့ အရည်အသွေး၊ ကိုယ့်အဖွဲ့က လူတွေရဲ့ အရည်အချင်းတွေကို စဉ်ဆက်မပြတ် အကဲဖြတ်နေရမယ်၊ လိုအပ်တဲ့ ထိန်းချုပ်မှုနဲ့ ကွပ်ကဲမှု ရှိရမယ်။ စီးပွားရေးပဲဖြစ်ဖြစ်၊ နိုင်ငံရေးပဲဖြစ်ဖြစ်၊ လူမှုရေးပဲဖြစ်ဖြစ် စီမံခန့်ခွဲရေးကို နိုင်နင်းတဲ့ ခေါင်းဆောင်တွေလိုအပ်တယ်။ စီမံခန့်ခွဲရေးဆိုတာဟာ လူအများစုစည်းပြီး ချမှတ်ထားတဲ့ ရည်မှန်းချက်ပန်းတိုင်ရောက်အောင် လုပ်ဆောင်ရမယ့် လုပ်ငန်းဆောင်တာတွေကို စုစည်းဆောင်ရွက်စေတာ ဖြစ်တယ်။ မန်နေဂျာစီမံခန့်ခွဲသူ တွေဟာ ကိုယ့်အစုအဖွဲ့ထဲမှာရှိတဲ့ လူတွေရဲ့ ကျွမ်းကျင်မှု အရည်အချင်းတွေကို လုပ်ငန်းဆောင်တာတွေ ပြီးမြောက်စေဖို့ စုစည်းပေါင်းစပ်ပေးရသူတွေပဲဖြစ်တယ်။ ဒီအတွက် ရည်မှန်းချက်ပန်းတိုင်ရောက်အောင် ရေတိုလုပ်ရမယ့် လုပ်ငန်းဆောင်တာတွေ၊ ရေရှည်လုပ်ရမယ့် လုပ်ငန်းဆောင်တာတွေ၊ အလုပ်ခွဲဝေမှု သဏ္ဍာန်တွေဟာ တိတိကျကျ ရှိနေဖို့ စီမံခန့်ခွဲသူတွေက ကြိုးပမ်းကြရမယ်။ လူအင်အားရှိတိုင်း အလုပ်ပြီးမြောက်တာ မဟုတ်ဘူး။ ဘေးမှာ လူတွေအများကြီး ခြံရံနေပြီးမှ ဒီလူတွေကို ဘယ်လိုလုပ်ငန်း ဆောင်တာတွေအတွက် ဘယ်သူတွေကို တာဝန်ခွဲဝေပေးရမှန်း မသိလို့ ရည်မှန်းချက် ပန်းတိုင်နဲ့ ဝေးကွာနေတဲ့ လုပ်ငန်းကြီးတွေ အများကြီးပဲ။ ဒီခေတ်ကြီးဟာ ရုပ်ပြခေါင်းဆောင်ခေတ် မဟုတ်တော့ဘူး ညီမလေး။ ရုပ်ပြခေါင်းဆောင်လိုအပ်တယ် ဆိုရင်တောင် သူနဲ့အတူ စီမံခန့်ခွဲရေးနိုင်နင်းတဲ့ ခေါင်းဆောင်တွေ တွဲပြီး ရှိနေဖို့ လိုအပ်တယ်။ မဟုတ်ရင် အဖွဲ့အစည်းကြီးတခုလုံးရဲ့ လုပ်ငန်းလည်ပတ်မှု ယန္တရားတွေ နှောင့်နှေးမယ်၊ Efficiency ပိုင်းမှာ အားနည်းချက်တွေရှိမယ်။ အလုပ်တွေက လုပ်လိုက်တာတွေပဲ ရှိနေပြီး ထိရောက်မှု (Effectiveness) ရှိမှာ မဟုတ်ဘူး။ ဒီလိုတွေဖြစ်လာမှတော့ ရည်မှန်းချက်ပန်းတိုင်ကို ဘယ်ရောက်ပါတော့မလဲ။ ဘယ်လိုလုပ်ပြီး အောင်မြင်ပါတော့မလဲ။ ဒါကြောင့် စီမံခန့်ခွဲသူ တယောက်ဟာ ကိုယ်တာဝန်ယူထားတဲ့ လုပ်ငန်းထဲမှာ ဘယ်လိုလုပ်ငန်းဆောင်တာတွေရှိမယ် ဆိုတာကို သိနေရမယ်၊ လုပ်ငန်းလည်ပတ်မှု ယန္တရားကြီး တခုလုံးကို ကျွမ်းကျွမ်းကျင်ကျင် လေ့လာထားရမယ်။ ဘယ်ကဏ္ဍမှာ ဘယ်လို အရည်အချင်းရှိတဲ့ လူတွေကို တာဝန်ခွဲပေးရမယ်ဆိုတာလဲ သိရမယ်”
မမကြီးဆီက ဒီစကားများကြားပြီးသည့်နောက်ပိုင်းမှာ မမကြီး တက်ခိုင်းတဲ့ သင်တန်းတွေ၊ အိမ်မှာ ဆရာတွေ ခေါ်ပြီး သင်ပေးတာတွေကို သူမ ကလန်ကဆန် မလုပ်ဖြစ်တော့။ ဘဏ္ဍာရေး၊ စီမံခန့်ခွဲရေး၊ စာရင်းအင်းပညာ၊ စီးပွားရေးရာ ဆက်သွယ်မှု၊ အဖွဲ့အစည်းရေးရာ စိတ်ပညာ၊ စီးပွားရေး ဥပေဒေ စတာတွေကို ခေတ်နဲ့လဲ အမှီဖြစ်၊ ခေတ်ကိုလဲ မလွန်သွားစေရန် လက်တွေ့နှင့် ပေါင်းစပ်ပြီး မမကြီးက လမ်းညွန်ပေးခဲ့သည်။ နေ့လည်ပိုင်းမှာ သူမလေ့လာရသည်က ဆုံးဖြတ်ချက်ချမှတ်ခြင်း (Decision-Making) အကြောင်းဖြစ်လျှင် ညဘက်တွင် မမကြီးက လုပ်ငန်းထဲမှာ အမှန်တကယ်ဖြစ်ပျက်ခဲ့သည့် အခြေအနေများနှင့် ယှဉ်ပြီး သူမကို ဆုံးဖြတ်ခိုင်းသည်။ မှားယွင်းမှုများ၊ လိုအပ်ချက်များကို ပြန်ဆွေးနွေးပေးသည်။ စနေ၊ တနင်္ဂနွေဆိုလဲ သူမမှာ မနားရ။ သုတဖြစ်ဖြစ်၊ ရသဖြစ်ဖြစ်၊ ဂျာနယ်မဂ္ဂဇင်းဖြစ်ဖြစ် စနေဆိုလျှင် မြန်မာလိုရေးထားတဲ့စာ၊ တနင်္ဂနွေဆိုလျှင် အင်္ဂလိပ်လို ရေးထားတဲ့ စာဖတ်ရမည်ဆိုတာကြောင့် စာအုပ်နဲ့ မျက်နှာ မခွာရပြန်။ ကြာတော့လဲ အလိုလိုနေရင်း စာအုပ် ကောက်ကိုင်မိသွားပါတော့သည်။ သူများတတွေက သင်တန်းလေးတွေ အပျော်တက်လိုက်၊ ဟိုသွားလည်၊ ဒီသွားလည် လုပ်နေချိန်မှာ သူမမှာတော့ အပျော်သင်တန်းများ တက်နေရတာ မဟုတ်ပဲ မမကြီးဆွဲပေးထားသည့် တနေ့တာ အချိန်ဇယားများဖြင့် ပြည့်နေသည့်ဘ၀။ ဘာများတတ်နိုင်ပါမည်လဲ။ မန်နေဂျာကြီး လုပ်ချင်တယ်လို့ ပြောခဲ့မိသည်ကိုး။
“သမီးရေ။ သမီး မမကြီးက ခေါ်ခိုင်းလိုက်တယ်။ သွားမယ်တဲ့”
အတွေးများဖြင့် အတိတ်ကို ပြန်တူးဆွမိနေသော သူမသည် အခန်းပြင်မှ ဒေါ်ကြီးသေးသေး အသံကြားတော့မှ သတိပြန်ဝင်ပြီး အောက်ထပ်သို့ အမောတကော ပြေးဆင်းလာခဲ့ပါတော့သည်။
(၂)
“ဟယ်၊ ဘယ်သူမှလဲ မရောက်သေးဘူး”
သူမရဲ့ မနေနိုင်၊ မထိုင်နိုင် တိုးတိုးလျလျ အသံကြားတော့ မမကြီးက လှည့်ကြည့်လေသည်။ သူမရဲ့ မန်နေဂျာစိတ်ကူးယဉ် ဇာတ်လမ်းထဲတွင်တော့ ကားကကုမ္ပဏီရှေ့မှာရပ်၊ ၀န်ထမ်းတယောက်က တံခါးလာဖွင့်၊ ၀င်သွားတာနဲ့ ဧည့်ကြိုဝန်ထမ်းက မတ်တပ်ရပ်ကြို၊ အမ်ဒီရုံးခန်းနဲ့ ဂျီအမ်ရုံးခန်းထဲ ဖြတ်အ၀င်မှာ ရုံးသူရုံးသားတွေက မတ်တပ်ရပ်ကြ၊ မမကြီးက သူမကို ၀န်ထမ်းတွေနဲ့ မိတ်ဆက်ပေး၊ အမ်ဒီညီမ ဂျီအမ်အသစ်စက်စက်လေးအနေနဲ့ သူမက ဟန်ဆောင်မူကာပို အပြုံးလေး ပြုံးပြလို့။
“မျိုးမျိုး။ မျက်နှာက ပြုံးစိစိနဲ့၊ ဘယ်လိုဖြစ်နေတာလဲ။ ကုနြေ္ဒရရ နေစမ်း”
သူမအတွေးနဲ့ ပြုံးလိုက်မိလား မသိ။ မမကြီးက လှမ်းမာန်လေသည်။
“ဒီနေ့ လုပ်စရာ ကိစ္စတွေ မှတ်မိတယ်နော်။ နံနက်ပိုင်းမှာ ၀န်ထမ်းမိတ်ဆက်ပွဲရှိတယ်။ ပြောမယ့်စကားတွေ အကုန်လေ့ကျင့်ပြီးပြီလား။ ဒါရိုက်တာ အစည်းအဝေးတုန်းကလို ပေါက်တီးပေါက်ရှာတွေ မလုပ်နဲ့နော်။ ဒီတကြိမ်ဆိုရင်တော့ ခွင့်လွှတ်မှာ မဟုတ်ဘူး။ ဌာနခွဲတွေ၊ လူနာမည်တွေကော မှတ်မိပြီလား။ ဟိုမှာ Organization Structure ဖိုင်ရှိတယ်။ သေချာ ပြန်သွားကြည့်။ အုပ်ချုပ်ရေးမှာ လည်ပတ်နေတဲ့ ယန္တရားပုံစံက အရေးကြီးဆုံးပဲ။ ဒါတွေကို သေချာမသိပဲ ခေါင်းဆောင်လုပ်ဖို့ ဘယ်တော့မှ မစဉ်းစားနဲ့”
မမကြီးက ဖိုင်တွဲတွေဘက်သို့ သူမကို မေးငေါ့ပြသည်။ အကြိမ်ကြိမ် ကြည့်ပြီး အလွတ်ရပြီးသားမို့ သူမ စိတ်မ၀င်စားမိ။ ဒီအတွက်များ အစောကြီး လာစရာ မလိုပါဘူးလို့ စိတ်ထဲတွေးလိုက်မိသည်။
“၀န်ထမ်းတွေလဲ မလာကြသေးဘူးနော်”
“သူတို့ အလုပ်ချိန်မှ မစသေးတာပဲ။ အလုပ်ချိန်က ကိုးနာရီက ငါးနာရီလေ”
“သူတို့တောင် ကိုးနာရီမှ စတာ။ မမကြီးက ဘာလို့ အစောကြီး လာရတာလဲ”
“မမကြီးက ဒီလိုပဲ အလုပ်အစောကြီး လာတတ်တာပဲလေ။ မျိုးမျိုးလဲ သိရဲ့သားနဲ့။ ဘာလို့ ခုမှ လာမေးနေတာလဲ”
“ဘာမှ မဟုတ်ပါဘူး။ အရင်က သေချာ သတိမထားလိုက်မိလို့ပါ။ အခုလိုမျိုးဘယ်သူမှလဲ မရှိသေးပဲ အရင်ကြိုရောက်နေတော့ ဘယ်သူမှလဲ ကြိုမယ့်လူ မရှိ”
“ဘယ်လို- ဘယ်လို”
မမကြီးက မျက်မှောင်ကြုတ်ကြည့်လိုက်ပေမယ့် ပေါက်ပြီးနဖူး မထူးပြီမို့ သူမဆက်ပြောလိုက်လေသည်။
“ဟိုလေ- ဘယ်သူမှလဲ ကြိုမယ့်လူမရှိဘူး”
မမကြီး ဆူမည်ကိုတော့ စိုးရိမ်မိသား။ သို့ပေမယ့် မမကြီးက မဆူပါ။ သူမခေါင်းကိုသာ ခပ်ဖွဖွလေး လှမ်းထုလေသည်။
“မြတ်မျိုးနွယ်ရဲ့ ညီမ ဖြစ်နေပြီး ဒီလောက်တောင် ညံ့ရလား ညီမလေးရယ်”တဲ့။
သူမအား ညံ့တယ်လို့ ပြောလိုက်တော့ စိတ်တိုသွားမိသည်။
“မညံ့ပါဘူး။ မမကြီးကလဲ။ မယုံရင်စောင့်ကြည့်ပေါ့။ နောက်တစ်နှစ်အတွင်း ဒေါ်မြတ်မျိုးနွယ် ညီမက အလာကြီးပါလားဟေ့ လို့ လူတွေက ပြောလာစေရမယ်”
သူမဘောက်ဆတ်ဆတ်နှင့် ပြန်ပြောတော့ မမကြီးက ပြုံးသည်။
“မမကြီးကတော့ ဒေါ်မြတ်မျိုးနွယ်ညီမ ဒေါ်ထက်မျိုးနွယ်က သူ့အစ်မထက်တောင် စွမ်းသေးတယ် ဆိုတဲ့ အသံတွေကိုပဲ ကြားချင်တယ်”
မမကြီးက တွေးတွေးဆဆနှင့် ပြောတာမို့ သူမမျက်နှာလေးကိုလဲ တည်လိုက်ရသည်။ သူမစိတ်ထဲ ရှိနေသည့် အကျိုးအကြောင်းကို ရှင်းပြမိလေသည်။
“အဲဒီလို မတ်တပ်ရပ်နှုတ်ဆက်ကြတာတွေဟာ လုပ်ငန်းအတွက် ဘာအကျိုးကျေးဇူး ရှိတယ်လို့ မျိုးမျိုး ထင်သလဲ။ ဧည့်ကြိုကတော့ ထားတော့။ သူ့အလုပ်။ ပြုံးပြမယ်။ နှုတ်ဆက်စကားပြောမယ်။ ဖုန်းလာရင်ကိုင်မယ်။ လိုတဲ့ နံပတ်ကို ပြန်ချိတ်ပေးမယ်။ ဒါပဲ။ တခြားလူတွေကကျတော့ ကိုယ့်တာဝန်နဲ့ကိုယ်၊ ကိုယ့်အလုပ်ကိုယ် လုပ်နေကြတာလေ။ အမ်ဒီဝင်လာတာတွေ၊ ဂျီအမ်ဝင်လာတာတွေ သတိထားမိချင်မှ သတိထားမိမယ်။ အလုပ်ထဲမှာ အာရုံစိုက်လုပ်နေရတာ။ ဒါကို လုပ်ငန်းပိုင်ရှင်ဝင်လာရင်၊ အမ်ဒီဝင်လာရင် မတ်တပ်ရပ်နှုတ်ဆက်ရမယ်ဆိုတော့ မ၀င်လာခင် ကတည်းက အာရုံက မထွေပြားဖူးလား။ ၀င်လာပြီး မမကြီးရုံးခန်းထဲ ရောက်တဲ့အချိန်အထိဆို နှစ်မိနစ်ကြာတယ်။ နှစ်မိနစ်ဆိုတာ အချိန်ဟာ မကြာလှပေမယ့် အာရုံထွေပြားတာ၊ အာရုံက တခုစီ ရောက်သွားတာ၊ ပြီးမှ ပြန်အာရုံစိုက်ရတာတွေက အချိန်အတိုင်းအတာ တခုကြာတယ်။ ဒါတွေဟာ အလကားသက်သက် ကုန်သွားတဲ့ အချိန်တွေပဲ။ အလုပ်ချိန်မှာ ဒီလို Waste of Time တွေပါလာတော့ နောက်ဆုံးဘယ်သူပဲ နစ်နာလဲ။ လုပ်ငန်းပဲ နစ်နာတာနော်။ နောက်တချက်။ အမ်ဒီတွေ၊ ဂျီအမ်တွေ ဆိုတာကလဲ လုပ်ငန်းထဲမှာ ရှယ်ယာအများကြီး ပိုင်ထားလို့ပဲဖြစ်ဖြစ်၊ ဒါရိုက်တာအဖွဲ့က တိုက်ရိုက်ခန့်အပ်ထားလို့ဖြစ်ဖြစ်၊ ပိုင်ရှင်ဖြစ်နေလို့ပဲဖြစ်ဖြစ်။ လုပ်ငန်းကို ဦးဆောင်ပြီး စီစဉ်ညွန်ကြားဖို့၊ စီမံခန့်ခွဲဖို့ တာဝန်ကို ရယူထားရသူတွေဖြစ်တယ်။ ၀န်ထမ်းတွေ မတ်တပ်ရပ်နှုတ်ဆက်ပြီး အရိုအသေပေးတာခံဖို့ ဒီရာထူးတွေ ပေါ်လာတာမဟုတ်ဘူး။ ကိုယ့်တာဝန်ကို ကိုယ်ကျေပြွန်အောင် လုပ်ဖို့နဲ့ အပြန်အလှန် လေးစားမှု ရှိဖို့ပဲ လိုတယ်။ ရာထူးယစ်မူးတာတွေ၊ မလိုအပ်ပဲ အချိန်ဖြုန်းတာတွေ၊ အထက်ဖား၊ အောက်ဖိ လုပ်တာတွေ ဒီလုပ်ငန်းထဲမှာ မရှိဘူး။ မမကြီးကတော့ အားလုံးကို မျှမျှတတနဲ့ လေးလေးစားစားပဲ ဆက်ဆံတယ်။ အလုပ်တာဝန်ချွတ်ယွင်းမှုရှိလာရင်လဲ တိတိကျကျ အရေးယူတယ်။ ဘယ်ဝန်ထမ်းကိုမှ လိုတာထက် ပိုတဲ့ အခွင့်အရေး မပေးသလို၊ ဘယ်ဝန်ထမ်းရဲ့ လိုတာထက်ပိုတဲ့ နီးကပ်မှုမျိုးကိုမှလဲ ခွင့်မပြုဘူး။ လူတွေအများကြီးနဲ့ အလုပ်လုပ်တဲ့အခါ ပုံမှန်ဆက်ဆံရေးပဲ ကောင်းတယ် ညီမလေး။ ဆရာမွေး၊ တပည့်မွေး စိတ်ဓာတ်တွေဟာ အဖွဲ့အစည်းကြီး တခုလုံးကို ရိုက်ချိုးဖျက်ဆီးပစ်လိုက်နိုင်တယ်။ ညီမလေး ဒီအချက်ကို ဘ၀တလျှောက်လုံး မှတ်ထား။ ဘယ်တော့မှ ဆရာမမွေးမိစေနဲ့။ မမွေးမိလို့ အခွင့်အရေးတွေ ဆုံးရှုံးရင်လဲ ဆုံးရှုံးခံလိုက်။ ပတ္တမြားမှန်ရင် ဘယ်တော့မှ နွံမနစ်ဘူး။ လူဆိုတာက ဘယ်သူမှ Perfect မဖြစ်ဘူးလေ။ ဆရာမွေးတဲ့ စိတ်ဓာတ်ရှိသူဟာ သူ့ဆရာ လုပ်သမျှ အကောင်းပဲလို့ တွက်ထားတတ်တယ်။ အဲဒီမှာ အားနည်းချက်တွေ မြင်လာရင် စိတ်ပျက်သွားပြီး ဆက်ဆံရေး ထိခိုက်တတ်တယ်။ မဟုတ်ရင်လဲ ကိုယ့်ဆရာကို မျက်စိမှိတ်ယုံ၊ နားပိတ်ပြီး အားနည်းချက်ထောက်ပြသူတွေနဲ့ ရန်ဖြစ်ငြင်းခုံမိတတ်တယ်။ ဘယ်သူ့ကိုပဲဖြစ်ဖြစ် အကောင်းကြီးပဲ မမျှော်လင့်ထားနဲ့။ ကောင်းတာတွေလဲ ရှိသလို၊ ဆိုးတာတွေလဲ ရှိမှာပဲလို့ ကြိုပြီးမြင်ထားလိုက်။ ကောင်းတာတွေကနေ ပညာယူ၊ ဆိုးတာတွေကနေ သင်ခန်းစာယူ။ လက်တွဲလုပ်လို့ ရနိုင်တဲ့ အချိန်အတိုင်းအတာတခုအထိ လက်တွဲ။ လက်တွဲဖြုတ်ခဲ့ရပြီးရင်လဲ သူ့ဆီကနေ ကိုယ်ပညာယူခဲ့တာတွေအများကြီး ရှိတယ်။ ဒီတော့ ကိုယ်နဲ့ အတွေးအခေါ် မတူညီတဲ့အခါ အတွေးအခေါ်ကိုပဲဝေဖန်၊ လမ်းကြောင်း မတူညီတဲ့အခါ လမ်းကြောင်းကိုပဲ ဝေဖန်၊ လူကို ပုဂ္ဂိုလ်ရေး မဝေဖန်နဲ့။ တပည့်မွေးတယ် ဆိုတာမှာလဲ အဲဒီအတိုင်းပဲ။ ဘယ်တော့မှ တပည့်မမွေးနဲ့။ လုပ်စရာရှိတာကို လုပ်။ သင်စရာရှိရင် သင်ပေးလိုက်။ လူ့စိတ်ဆိုတာက မျောက်စိတ်နဲ့ တူတယ်။ ဖောက်လွဲဖောက်ပြန်ဖြစ်တတ်တယ်။ လိုတမျိုး၊ မလိုတမျိုး ဖြစ်တတ်တယ်။ ဒီတော့ ကိုယ်တာဝန်ရှိတဲ့အတိုင်းပဲလုပ်၊ “သူကတော့ ငါ့လူယုံလုပ်လို့ ရမှာပဲ။ သူ့ကိုတော့ ဒီအခွင့်အရေးတွေ ပေးလိုက်ရင် ငါနဲ့ပဲ တသက်လုံး လက်တွဲတော့မှာပဲ။ သူကတော့ ငါ့ကိုဆို ရိုရိုကျိုးကျိုးလေး ဆက်ဆံတယ်။ ဟိုတယောက်ကကျတော့ ဘောက်ဆတ်ဆတ်နဲ့။ ငါသူ့ဘေးက လျှောက်သွား တာတောင် ငါ့ကို အရိုအသေ မပေးဘူး” စတာမျိုးတွေ ခေါင်းဆောင်စိတ်ထဲ ၀င်လာရင် အဖွဲ့ထဲမှာ မျှမျှတတ အုပ်ချုပ်မှုတွေ မရှိတော့ပဲ ဟန်ချက်တွေ ပျက်တတ်တယ်။ အပြန်အလှန် လေးစားမှုကို အခြေမတည်တော့ပဲ သူ့လူ၊ ကိုယ့်လူတွေ ဖြစ်လာတယ်။ ကိုယ်မွေးထားတဲ့ တပည့်ကလဲ အများကြားထဲမှာ သူကတော့ ဘယ်သူ့လူဆိုပြီး အခွင့်အရေးယူ မောက်မာပြတတ်လာတယ်။ ကြာတော့ မျှမျှတတနဲ့ မဆက်ဆံတတ်တဲ့ ခေါင်းဆောင်ကို လူတွေက မကျေမနပ်ဖြစ်လာတတ်တယ်။ လုပ်ငန်းခွင်တခုရဲ့ အရေးကြီးဆုံး Motivation ကျသွားမယ်။ နောက်ဆုံး လုပ်ငန်းကြီးတခုလုံး ရပ်ဆိုင်းသွားမှာပဲ။ ဒါကြောင့် တပည့်မွေး၊ ဆရာမွေး စိတ်ဓာတ်တွေ၊ ရာထူးယစ်မူးလိုတဲ့ စိတ်တွေကို မျိုးမျိုးလျှောက်ရမယ့် ဘ၀ခရီးတလျှောက် ဘယ်တော့မှ မသယ်သွားမိစေနဲ့။ ကဲ- မမကြီးလဲ ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်လိုက်ဦးမယ်။ စီမံခန့်ခွဲနေသူတွေ၊ ဦးဆောင်နေသူတွေဟာ သူများထက် ပိုပြီး ၀ီရိယရှိရတယ် ငါ့ညီမရဲ့။ အလုပ်ခွင်ကို စောရောက်ပြီး တနေ့တာ လုပ်ငန်းအတွက် လိုအပ်ချက်တွေကို ကြိုတင်ပြင်ဆင်ထားရတယ်။ အလုပ်ခွင်ကနေလဲ နောက်ကျမှ ပြန်ပြီး တနေ့တာ လုပ်ငန်းဆောင်တာတွေကနေ တင်ပြလာတဲ့ အစီရင်ခံစာတွေ၊ စာရင်းဇယားတွေ၊ မှတ်တမ်းတွေ၊ ရည်မှန်းချက် ပြည့်မီမှု ရှိမရှိတွေကို သေချာဆန်းစစ်ရတယ်။ အိမ်မှာ အချိန်ပို လုပ်ဖို့ လိုအပ်တာ ရှိမရှိကို ထည့်သွင်း စဉ်းစားရတယ်။ အဖွဲ့အစည်းတခုရဲ့ အနာဂတ်ကို သိချင်ရင် ခေါင်းဆောင်ကို လေ့လာလိုက်။ အားလုံးထက် နောက်ကျပြီးမှ ရောက်လာ၊ ဘာမှ ကြိုတွေးလာတာ မရှိပဲ ဟိုလူဒီလူကိုမေး၊ ဆုံးဖြတ်ချက်တွေကို လွယ်လွယ်ချပေးလိုက်၊ တနေ့တာ အလုပ်တွေအားလုံး ဘယ်သူမှ မပြီးသေးခင် စောစောပြန်၊ အစည်းအဝေးတွေ လုပ်ရင် နောက်ကျမှ လာတက်၊ ဖိုင်တွဲတွေကို ရောက်မှ ကောက်ဆွဲ၊ ကောက်ခါငင်ခါ ဆုံးဖြတ်ချက်တွေချ။ အဲဒါတွေ တွေ့ရင် မလွဲမသွေ ကောက်ချက်ချလိုက်တော့။ အဲဒီအဖွဲ့အစည်း ဘယ်တော့မှ မတိုးတက်ဘူး။ ဒီတော့ နက်ဖြန်ကစပြီး မျိုးမျိုးလဲ မမကြီးနဲ့တူတူ ရုံးကို အစောကြီးလာရမယ်၊ နောက်ကျမှ ပြန်ရမယ်။ ကြားလား”
“ဟုတ်ကဲ့ပါ မမကြီး”
မန်နေဂျာကြီး လုပ်ချင်သော သူမ တယောက် ခပ်သွက်သွက် ခေါင်းညိတ်လိုက်ရုံမှ တပါး ဘာများ တတ်နိုင်ပါဦးမည်နည်း။
(၃)
“မမကြီးရေ။ မျိုးမျိုး ဒီည အပြင်ထွက်လို့ရမလား”
ဘုရားသိကြားမလို့ အလုပ်တာဝန်တွေ ချောချောမွေ့မွေ့ ပြီးသွားပြီး အိမ်ပြန်ရောက်တော့မှ မမကြီးကို စကားစရသည်။ စမ်းကြူတို့၊ နီလာတို့တွေက သူမ မန်နေဂျာဖြစ်ခြင်း အထိမ်းအမှတ်အနေနဲ့ တ၀ိုင်းကျွေးဖို့ ပြောထားသည်။ မျိုးမင်းအောင်ကလဲ မူစယ်၊ ရွှေလီဘက်တက်ပြီး စီးပွားရေးလုပ်နေတာကနေ ခဏပြန်ရောက်နေ၊ ခင်မောင်မြင့်တို့ကလဲ ဖားကန့်ဘက် တက်မယ် ဆိုတော့ ဘာပဲဖြစ်ဖြစ် တခေါက်တော့ ဆုံဖို့သင့်သည်။ တက္ကသိုလ်တွေ ပိတ်ထားတာကြောင့် သူမတို့တတွေလဲ အသက်ဆယ့်ကိုး၊ နှစ်ဆယ်နဲ့ စီးပွားရေး လောကထဲ ရောက်နေကြပြီ။
“ဘာကိစ္စလဲ။ စတိတ်ရှိုးရှိလို့လား”
“မဟုတ်ပါဘူး မမကြီး။ မျိုးမင်းအောင်လဲ ပြန်ရောက်နေတယ်၊ ခင်မောင်မြင့်ကလဲ ဖားကန့်ဘက် သွားတော့မှာ၊ ရန်နောင်ကလဲ နိုင်ငံခြား ထွက်မလိုလို၊ စမ်းကြူနဲ့ နီလာတို့ကလဲ သူငယ်ချင်းတွေ အားလုံး ဆုံချင်တယ် ဆိုလို့”
“သူငယ်ချင်းတွေ ဆုံတာကတော့ ကောင်းပါတယ်။ ဒါပေမယ့် စနေ၊ တနင်္ဂနွေကျမှ နေ့လည်ပိုင်းတွေ ဆုံလို့ ရသားပဲ”
“မမကြီးရယ်။ အားလုံးချိန်းပြီးသား ဖြစ်နေလို့ပါ။ ဒီတခါလေးပဲ ခွင့်ပြုပါနော်”
“ညဘက်ဆိုတော့ မမကြီး စိုးရိမ်တယ်”
“မစိုးရိမ်ပါနဲ့ မမကြီးရဲ့။ နီလာတို့တွေလဲ ပါတာပဲကိုး”
“အေး။ ပါလို့ ပိုစိုးရိမ်တာ။ ရှင်တို့ ပေါက်ကျော်မသုံးယောက်လေ။ ကျုရှင်လစ်ပြီး တောင်သမန်က စားသောက်ဆိုင်မှာ ထန်းရည် ခိုးသောက်ဖို့ လုပ်ကြတာ။ ကျုပ်နဲ့ ဆုံသွားလို့ မဟုတ်ဘူးလား”
မမကြီး ပြောမှ ဆယ်တန်းတုန်းက ကျူရှင်ပြေးပြီး တောင်သမန်ဘက် အလည်ရောက်သွားကြတာကို သတိရမိသည်။ ကံဆိုးချင်တော့ ဒီတုန်းက မမကြီးနဲ့ တည့်တည့်တိုးသွားခဲ့ဖူးသေးသည်။
“မမကြီးကလဲ မျိုးမျိုးက အဲလိုတွေ မလုပ်တော့ပါဘူး။ ကလေးမှ မဟုတ်တော့တာ။ ခုပဲ ဂျီအမ် လုပ်နေပြီ”
“အင်းလေ။ ကိုယ့်ဘာသာကိုယ် အာမခံချက် ပေးနိုင်တယ်ဆိုရင် သွားလို့ရတယ်။ ည ကိုးနာရီ ထက်တော့ ပြန်လာတာ နောက်မကျစေနဲ့။ မမကြီးက မျိုးမျိုးကို ယုံကြည်လို့ အခွင့်အရေး ပေးလိုက်ပြီနော်။ အလွဲသုံးစား မလုပ်နဲ့။ ဟုတ်လား”
“မလုပ်ရဲပါဘူး မမကြီးရယ်။ မမကြီး ခွင့်ပြုပေးတာပဲ ၀မ်းသာလှပါပြီ။ ပိုပြီး ၀မ်းသာရအောင် မုန့်ဖိုးလေးပါ ထပ်မစပေးပါလား။ ဟဲဟဲ”
“ဒီကောင်မလေးတော့လေ။ ငါလုပ်ရင် နာတော့မယ်။ သွားသွား။ ဘီဒိုထဲမှာ သွားယူ”
“ဘယ်လောက် ယူရမလဲ မမကြီး”
မမကြီးက လက်တချောင်းထောင်ပြတော့ သူမ ခေါင်းခါပြလိုက်သည်။ လက်နှစ်ချောင်းထောင်သည်။ မရသေး။ သုံးချောင်းထောင်တော့မှ ၀မ်းသာအားရ ပြေးထွက်လာခဲ့သည်။ ဂျီအမ်ပေါက်စလေးအနေနဲ့ ငွေကို ရေလိုသုံးပြီး ဒကာ ခံလိုက်ဦးမည်။
နီလာ့အိမ်မှာ ကနဦးဆုံဖြစ်ကြသည်။ နီလာ့မိဘတွေက ဂျာမဏီမှာ နေသည်။ နီလာ့ကို ဆယ်တန်းအောင်ကတည်းက ခေါ်ကြပေမယ့် နီလာက မသွား။ အဖွားနဲ့ နေပြီး လုပ်ချင်ရာ လုပ်နေရသည်က ပိုလွတ်လပ်တယ်လို့ ဆိုသည်။ သူမကတော့ နီလာ့ကို တခုခု လုပ်ဖို့ တိုက်တွန်းဖြစ်လေသည်။ ပညာလဲ မရှာ၊ ဥစ္စာလဲ မရှာပဲ အချိန်တွေ အလဟဿကုန်သွားရင် နှမျောစရာကြီးလို့ ပြောဖြစ်သည်။ မကြာပါ။ စမ်းကြူလဲ ရောက်လာသည်။ သူကတော့ ဆရာဝန်ပဲ ဖြစ်ချင်သူ။ ဘယ်တော့မှ ဖွင့်လာမယ် မသိသည့် ဆေးကျောင်းကို ထိုင်စောင့်ရင်း ဂိုက်ဆရာမလေး လုပ်နေသည်။ သုံးယောက်သား ထိုင်စကားကောင်းနေတုန်း ခင်မောင်မြင့်နှင့် ရန်နောင်တို့ပါ ရောက်လာကြသည်။ မျိုးမင်းအောင်ကတော့ နောက်ဆုံးပေါ်ကားသစ်ကြီး မောင်းပြီး နောက်ဆုံးမှ ရောက်လာသည်။
လူစုံတော့ ပျော်ပျော်ပါးပါးနဲ့ မျိုးမင်းအောင်ကားပေါ် စုပြီး ရွှေဘဲစားသောက်ဆိုင်ကို ဦးတည်ကြသည်။ သူမတို့ မြို့မှာက အသားကင်ဆိုင်တွေ အများအပြား။ သို့ပေမယ့် ညပိုင်းမှာ စည်ဘီယာနဲ့ အသားကင်ကို အမြီးကောင်းသူများတွေ ပြည့်နှက်နေတတ်တာမို့ ရွှေဘဲကိုပဲ ရွေးချယ်လိုက်ကြသည်။ အချိုရည်များ မှာကြတော့ မျိုးမင်းအောင်က စဖောက်သည်။ ဒီလိုညမျိုးမှာ အချိုရည်သောက်ရတာ အရသာမရှိလို့ ဘီယာပဲ မှာမယ်ပြောသည်။ နိုင်ငံခြားထွက်မယ့် ရန်နောင်နဲ့ ဖားကန့်တက်မယ့် ခင်မောင်မြင့်တို့ကိုလဲ ဟိုရောက်ရင် လူရာဝင်အောင် အရက်သောက်ကျင့်ထားဖို့ ဆိုသည်။ ပြောဆိုနေကြဆဲမှာပင် စမ်းကြူက မျက်နှာတွေ ပျက်နေပြီ။ ထိုင်မရ၊ ထမရ။ နီလာကတော့ ဒါမျိုးတွေ ရိုးနေလောက်ပြီထင်သည်။ ရန်နောင်နှင့် ခင်မောင်မြင့်တို့ကို ယောက်ျားတွေဖြစ်ပြီး အရက်တောင် မသောက်ရဲဘူး ပြောကာ ဘီယာမှာပြလိုက်လေသည်။ ရန်နောင်နှင့် ခင်မောင်မြင့်တို့လဲ ဘယ်ခံချင်မည်လဲ။ နောက်ဆုံးတော့ မြှားဦးက သူမဆီပါ လှည့်လာပြီ။ နိုင်ငံခြားနဲ့ ဆက်စပ်လုပ်ကိုင်နေတဲ့ လုပ်ငန်းကြီး တခုရဲ့ ဂျီအမ်အသစ်စက်စက်။ ဧည့်ခံပွဲတွေမှာ အချိုရည် ဖန်ခွက်လေး တကိုင်ကိုင်နဲ့ နေတော့မလား ဆိုလာတော့ သူမ စိတ်ေ၀၀ါးလာပြီ။ မမကြီးကို ကြောက်ပေမယ့် သူငယ်ချင်းတွေကို ဒီလိုဖွင့်ပြောလို့ မဖြစ်။ သူမလဲ အသက် ဆယ့်ကိုးနှစ် ရှိပြီပဲ။ အရွယ်ရောက်လာလို့ လုပ်ငန်းတာဝန်တောင် ယူနိုင်နေပြီးမှ အစ်မကိုကြောက်လို့ ဆိုတဲ့ အကြောင်းပြချက်က အဓိပ္ပာယ် သိပ်မရှိလှ။ ဒီလိုနဲ့ ခေါင်းညိတ်ဖြစ်သွားသည်။ အရက်ဆိုသည်က လူရဲ့ ဆင်ခြင်တုံတရားတွေ၊ အသိဥာဏ်တွေကို ကျွမ်းထိုးမှောက်ခုံ ဖြစ်တတ်စေတဲ့အရာ။ ခုပဲကြည့်- စားသောက်ဆိုင်က ပြန်ထွက်လာပြီး မျိုးမြင့်အောင်က ရန်ကင်းတောင်ဘက် သွားရအောင် ဆိုလာတော့ ကန့်ကွက်သူက စမ်းကြူတယောက်သာရှိသည်။ အားလုံးက အပျော်လွန်နေကြပြီ။ မမကြီးက ကိုးနာရီအရောက်ပြန်လာဖို့ မှာထားတာလဲ သတိမရတော့။
တခါမှ မသောက်ဖူးတာကြောင့် လူက မူးဝေနေသည်။ တကိုယ်လုံးပူနေသလိုလဲ ခံစားရသည်။ ညဘက် ဆောင်းလေလေးက အေးတမြမြ။ ဆိုင်ကယ်တွေ မယူလာမိတာတောင် နောင်တရမိသည်။ စဉ်းစားရင်း လေပိုရစေရန် ကားမှန်တံခါးဘက်သို့ နည်းနည်း ယိမ်းထိုင်လိုက်တော့ ဘေးမှ ယှဉ်လိုက်လာသော ကားကို တွေ့ရသည်။ အော်နေသံတွေလဲ ကြားရသည်။
“ဟဲ့။ မျိုးမင်းအောင် ဘာတွေလဲဟ။ ကားရပ်ခိုင်းနေတယ်”
“ကျောင်းတော်က ရန်စတွေပါ။ ထားလိုက်”
မျိုးမင်းအောင်က ကားကို အရှိန်မြှင့်ရင်း ဆိုသည်။
“ဟဲ့။ နင်တို့တွေ ရန်မဖြစ်ကြနဲ့နော်”
စမ်းကြူက ကြောက်ကြောက်လန့်လန့်နှင့် ၀င်အော်သည်။ ဒီလိုအချိန်၊ ဒီလိုအခြေအနေမှာ ဒီလိုမူးနေသူတွေ ဆုံကြရင် ရန်ဖြစ်ကြတာက ထုံးစံမဟုတ်လား။
ရန်မဖြစ်နဲ့နော် အသံကြားတော့ သူမခေါင်းထောင်မိသည်။ မဖြစ်။ လုံးဝမဖြစ်။ မြတ်မျိုးနွယ် လီမီတက်က ဒုတိယ တာဝန်အကြီးဆုံး လူတယောက် ဆိုတဲ့ အသိက ပြန်ဝင်လာသည်။ လူငယ်ချင်း ရိုက်ပွဲတွေမှာ ပါပြီး ရုံးရောက်၊ ဂတ်ရောက်လို့ကတော့ မမကြီးက သူမကို အမှုန့်ချေပစ်လိမ့်မည်။
“ဟဲ့၊ မျိုးမင်းအောင်။ ကားရပ်ပေးလိုက်ဟာ။ ပြေပြေလည်လည်နဲ့ ညှိမယ်”
သူမပြောစကားကို နားထောင်သည်လား၊ အခြေအနေက မရပ်ပေးရင် မရလို့ပဲလား ဆိုတာတော့ မသိ။ မကြာခင်မှာ မျိုးမင်းအောင်က ကားရပ်ပေးလေသည်။ တဘက်ကားက သူမတို့အရွယ် လူငယ်များလဲ ဆင်းလာသည်။
“ဟေ့ကောင် မျိုးမင်းအောင်။ ရွှေလီမှာတုန်းက ငါတို့ဝယ်လက်ကို မင်းဖြတ်ခုတ်သွားတာ။ ခု-ဘယ်လိုရှင်းမလဲ”
“မကျေနပ်ရင်လဲ ရဲစခန်းသွားပြီး အမှုဖွင့်လိုက်လေကွာ။ လိမ်လည်မှုနဲ့”
“ဟေ့ကောင်- လုပ်လို့ မရတဲ့ ပစ္စည်းတွေမို့ပေါ့ကွ။ လုပ်လို့ရရင် မင်းပြောစရာတောင် မလိုဘူး”
တဘက်စကားကြောင့် မျိုးမင်းအောင်ကို လှမ်းကြည့်ပြီး တိုးတိုးတိတ်တိတ် မေးမိသည်။
“ဟဲ့။ နင်က ဘာတွေအရောင်းအ၀ယ် လုပ်နေတာလဲ”
“ထားလိုက်ပါ။ နင့်ကိစ္စ မဟုတ်ပါဘူး။ တနှစ်ကျော်အတွင်း ငါ့အခြေအနေ ဒီလောက်တိုးတက်လာမှတော့ နင့်ဘာသာ စဉ်းစားကြည့်ပေါ့”
သူမ မျက်လုံး ပြူးရလေပြီ။ စမ်းကြူနဲ့ နီလာလဲ မျက်လုံးအ၀ိုင်းသား။ သာလိကာလို စကားပြောတတ်တဲ့ နီလာတယောက် ပါးစပ်ပင် မဟရဲ။ ရန်နောင်နဲ့ ခင်မောင်မြင့်တို့ကတော့ အခြေအနေကို စောင့်ကြည့်နေကြသည်။ မျက်မှန်တ၀င်းဝင်းနဲ့ ခင်မောင်မြင့်တယောက် မျက်မှန်ကိုတောင် ချွတ်ထားလိုက်ပြီဆိုတော့ အဆင်သင့် ပြင်ထားပုံ ပေါ်သည်။
“မျိုးမင်းအောင်။ နင်တို့ ကိစ္စတွေ နောက်မှ ရှင်းကြဟာ။ ဒီက အစ်ကိုတို့။ ဒီညမှာ ကျွန်မတို့တွေလဲ နည်းနည်းမူးနေတယ်ရှင်။ အစ်ကိုတို့လဲ သောက်ထားမှန်း သိသာတယ်။ ဒီလိုအချိန်မှာ ပြဿနာ မဖြေရှင်းသင့်ဘူး။ ကျွန်မတို့တွေ နောက်ရက်ကျမှ အေးအေးဆေးဆေး ရှင်းကြရအောင်နော်။ ကျွန်မတောင်းပန်တယ်”
တင်းမာနေတဲ့ အခြေအနေကို ပြေလျော့သွားအောင် သူမ၀င်ပြောလိုက်မိသည်။
“လျှာရှည်ကြချည်လားကွ။ နေစမ်းပါဦး။ ဘယ်သူများလဲ မှတ်တယ်။ ထိတ်ထိတ်ကျဲ ဒေါ်မြတ်မျိုးနွယ်ရဲ့ တဦးတည်းသော ညီမလေးပါလား။ ဟေ့ကောင်- မင်းထက်။ မင်းဦးလေးရဲ့ မိတ်ဆွေဟောင်းကြီး”
ပြေလည်မလားလို့ ၀င်ပြောမိကာမှ ပြဿနာတခုကပါ ထပ်တက်လာပြန်ပြီမို့ သူမ စိတ်ညစ်သွားမိသည်။ မမကြီးမှာ ကျောင်းတုန်းက ချစ်သူတယောက် ရှိခဲ့ဖူးတာကိုတော့ သူမ သိထားခဲ့ပါသည်။ မာနတွေပြိုင်ပြီး ကွဲခဲ့ကြသည်တဲ့။ မမကြီးချစ်သူက လက်ထပ်ပြီးလျှင် မိသားစုနှစ်စုရဲ့ စီးပွားကို တစီးပွားထဲ ပေါင်းပြီး အလုပ်လုပ်ဖို့ ဆိုလေသည်။ မမကြီးကလဲ မိန်းမတွေဟာ အိမ်ထောင်ကျတာနဲ့ ကိုယ့်မိဘ လက်ငုတ်လက်ရင်းတွေကို ယောက်ျားလက်ထဲ လုံးဝ ထည့်ပေးလိုက်ရမှာကို သဘောမကျကြောင်း၊ ကိုယ့်စီးပွား၊ သူ့စီးပွားကို သပ်သပ်စီပဲ ထားသင့်ကြောင်း၊ ဒါမှ တဘက်က အခြေအနေမကောင်းရင် တခြား တဘက်နဲ့ ပြန်ထိန်းလို့ရသည်လို့ ဆိုခဲ့လေသည်။ မမကြီး ချစ်သူက အကြောင်းပြချက်ကို သဘောမပေါက်။ ဒီလိုနဲ့ သူတို့ ကွဲခဲ့ကြဖူးသည်။ မမကြီးဘက်က ဘာမှ မဟုတ်ပေမယ့် တဘက်ကတော့ မမကြီးကို အင်မတန် မာနကြီးသော မိန်းမဆိုပြီး ရန်ညှိုးထား ပြိုင်ဆိုင်မှုတွေ ရှိခဲ့ဖူးပါသည်။
“မှန်းစမ်း။ သြော်- မဟာမ၀ါဒီ မျိုးဆက်နဲ့ လာဆုံနေတာကိုး။ မင်းတို့ မိန်းမတွေကလေ။ ယောက်ျားတွေနဲ့ တန်းသိပ်ညှိချင်ကြတယ်။ မင်းအစ်မနဲ့ ပြိုင်ပွဲမှာ ငါ့ဦးလေး ရှုံးခဲ့ဖူးတယ်။ အခုငါ့အလှည့်။ မင်းကို အနိုင်ပြန်ယူပြမယ်။ စိန်ခေါ်တယ်ကွာ။ ပြိုင်မလား”
စိန်ခေါ်သံကြားတော့ သူမ သွေးတွေ ဆူပွက်လာသည်။ စနေ ဇာတိက ပြပြီ။
“ဘယ်လို ပြိုင်မှာလဲ။ ရတယ်လေ။ စိန်ခေါ်တာကို ဘွာခတ်မယ့် လူမျိုးထဲမှာ ကျွန်မ မပါဘူး”
“ဟဲ့။ ထက်ထက်။ ဘာတွေ လျှောက်ပြောနေတာလဲ”
စမ်းကြူက အလန့်တကြားတားသည်။ ရန်နောင်က သူမကို မျက်ရိပ်မျက်ချေပြသည်။ ဆက်မပြောနဲ့ ဆိုတဲ့ သဘော။
“ညလေးကလှတယ်ကွာ။ ကားလမ်းတွေကလဲ ကောင်းတယ်။ မင်းတို့တွေ ကားခေါင်းချင်းဆိုင် ကြည့်ကြပါလား။ အရေးပေါ် အချိန်မှာ မိန်းမတွေနဲ့ ယောက်ျားတွေ ဘယ်သူတွေက ပိုပြီး သွေးအေးလဲ ဆိုတာ သိရတာပေါ့ကွာ။ အရှိန်ပြင်းပြင်းနဲ့ ကားနှစ်စီး မောင်းလာရမယ်။ ကျုံး ထိပ်တဘက်စီကနေ။ ဆုံတဲ့အချိန်မှာ ခေါင်းချင်းဆိုင်ရမယ်။ ဒါပေမယ့် မတိုက်မိစေရဘူး။ တိုက်မိတဲ့ ဘက်က အရှုံး။ ကဲ- ဘယ်လိုလဲ”
မင်းထက်တို့ဘက်မှ တယောက်က ပြောလေသည်။ သူမ စဉ်းစားချိန်ပင်မရတော့။ မျိုးမင်းအောင် လက်ထဲမှ ကားသော့ကို ဆွဲယူပြီး ကားပေါ် တက်သည်။ ထက်မျိုးနွယ်ကို ဒီလိုလာစမ်းလို့ ဘယ်ရပါ့မလဲ။ မျိုးမင်းအောင်က အလန့်တကြား လှမ်းအော်သည်။
“ထက်ထက်။ ငါ့ကားက ဘရိတ်မကောင်းဘူး”
ကျုံးတဘက်ထိပ်ဆီကို ကားမောင်းလာရင်း မျိုးမင်းအောင်တယောက် တော်တော်သွေးကြောင်တာပဲလို့ သူမတွေးနေမိသည်။ သူ့ကားက အသစ်ကြီးပဲ။ ဘာမကောင်းစရာရှိလဲ။ သူမ ဒီတိုက်ပွဲကို မနွှဲဖြစ်အောင် လှမ်းခြောက်တာပဲ ဖြစ်မည်။ ချွတ်ယွင်းချက်တွေရှိနေလို့ အောက်ဈေးနဲ့ ထုတ်တာကို နှိုက်လာတာမှန်းသာ သူမကြိုသိခဲ့ပါရင်----။
(၄)
ဒီလိုနဲ့ မန္တလေးက ကျုံးဘေး လမ်းမကြီး တခုပေါ်မှာ ၀ုန်းဆိုသော အသံကျယ်ကြီး တခု ထွက်ပေါ်လာခဲ့သည်။ ဒီအသံကြီး ထွက်လာတော့ ကားပေါ်မှ ဆင်းပြီး အိမ်သို့ အမြန် ပြန်ပြေးလာခဲ့ရသည်။ ဟိုဘက်လူက သေလား၊ ရှင်လား မသိ။ ပြေးမှရမည်။ မမကြီးကို ခြံရှေ့ထွက်ပြီး မျှော်နေတာ တွေ့လိုက်ရလေသည်။ မမကြီး ပုံစံက အလွန်အမင်း စိုးရိမ်နေသည့်ပုံ။ မျိုးမျိုး ပြန်လာပါပြီ မမကြီးရ။ စိတ်မပူပါနဲ့တော့။ မမကြီးဆီ အရောက်လှမ်းနေရင်း သူမတီးတိုး ရေရွတ်လိုက်မိသည်။
“ဒီကောင်မလေးတော့လေ။ နာရင်းကို နာနာတီးပစ်ဦးမယ်”
သူမရှေ့မှာ ရောက်လာတာ သိလို့ တမင် ပြောနေတာပဲလို့ တွေးလိုက်မိသည်။ မမကြီး တကယ်မလုပ်ပါဘူး။ လုပ်မယ်ဆိုရင် ခုဆို မမကြီး လက်သံကြောင့် သူမ ကြယ်မြင်လမြင် ဖြစ်သွားမှာပေါ့။
“ညသန်းခေါင်နီးနေပြီ။ ခုထိ ပေါ်မလာသေးဘူး။ ဒုက္ခပါပဲ”
“အမ်”
မမကြီး ဆက်ပြောသံကြားတော့ သူမကြောင်သွားသည်။ လူတယောက်လုံး ရှေ့မှာ ရပ်နေတာကိုများ မမြင်ရဘူး ရယ်လို့။
“သမီးရေ။ ဖုန်းလာတယ်”
အိမ်ထဲက ဒေါ်ကြီးသေးသေး အသံထွက်လာတော့ မမကြီး ကပျာကယာ ပြေးဝင်သွားသည်။ သူမလဲ လိုက်ပြေးဝင်သည်။ သို့ပေမယ့် ၀င်လို့ မရ။ တစုံတရာက တားဆီးနေသလိုလို။
သူမစိတ်ညစ်သွားသည်။ အိမ်ထဲ ၀င်မရမှတော့ ရုံးကို သွားမည်ပေါ့။ ဒီည ရုံးမှာပဲ အိပ်တော့မည်။ မနက် မမကြီး ရုံးကို လာတော့မှ အားရပါးရ ပြေးဖက်ပြီး အထုအထောင်း ခံလိုက်တော့မည်။ အိမ်ထဲမှာက မမကြီး စိတ်မထင်ရင် မထင်သလို ကောက်ဆွဲတတ်သည့် ကြက်မွေးလေး တချောင်း ရှိသေးသည်။ ရုံးမှာက မမကြီးလက်ထဲကို ဒီလိုအရာတွေ အလွယ်တကူ မရောက်နိုင်။ ပြီးတော့ အမ်ဒီက ဂျီအမ်ကို ရိုက်တယ်ဆိုရင် လူကြားမကောင်း၊ သူကြားမကောင်း။
ဒီလိုနဲ့ သူမရုံးဘက်သို့ ဆက်လျှောက်လာလိုက်သည်။ အရက်ရှိန်ကြောင့်လား မသိ။ လူက တော်တော် ပေါ့ပေါ့ပါးပါး ဖြစ်နေသည်ပဲ။ ရုံးထဲ ၀င်ဖို့ကျတော့ အခက်အခဲက သိပ်မရှိလှ။ သော့မရှိပဲ ဘယ်လို ၀င်လာခဲ့မိတယ် မသိ။ ရောက်တော့ ရောက်လာခဲ့တာ အသေအချာ။ နံနက်ပိုင်း ၀န်ထမ်းတွေနဲ့ မိတ်ဆက်ပွဲပြီးကတည်းက တနေ့လုံး ထိုင်လာခဲ့တဲ့ မန်နေဂျာထိုင်ခုံလေးပေါ်ကို တက်ထိုင်လိုက်သည်။
“အင်း။ နက်ဖြန်ကျရင် လုပ်မယ့်အလုပ်တွေကို ကြိုစဉ်းစားထားမှ။ မုံရွာက ပွဲရုံစာရင်းတွေ စစ်ရမယ်။ ဘုရင့်နောင်ပွဲရုံကိုလဲ ဖုန်းခေါ်ရဦးမယ်။ နိုင်ငံခြား ဖက်စ်တွေ ၀င်စရာရှိတယ်လို့လဲ မမကြီး ပြောတယ်။ အလုပ်တော့ ရှုပ်ဦးမှာပဲ။ ဘာပဲဖြစ်ဖြစ် စာရင်းတွေ ကြိုစစ်ထားရင် မမကြီး စိတ်ဆိုးပြေသွားမှာပါ”
ဒီလိုနဲ့ မြတ်မျိုးနွယ် လီမီတက်၏ အထွေထွေ မန်နေဂျာ ရုံးခန်းထဲတွင်တော့ အသစ်စက်စက် မန်နေဂျာမလေး ဒေါ်ထက်မျိုးနွယ် တယောက် အလုပ်ကိစ္စတွေ စဉ်းစားရင်း ထိုင်နေပါသည်။ နောက်တနေ့ နံနက်မှာ နာရေးကိစ္စကြောင့် အမ်ဒီ ဒေါ်မြတ်မျိုးနွယ် တယောက် ရုံးလာတက်မှာ မဟုတ်ဘူးဆိုတာကိုတော့ သူမ သိနိုင်ပါမည်တဲ့လား။
ခင်မမမျိုး (၅၊ ၁၊ ၂၀၁၀)
ဘလော့ လိပ်စာသစ်သို့ ပြောင်းရွှေ့ခြင်း
(၂၀၀၇) ခုနှစ်မှစ၍ ဘလော့စာမျက်နှာအား ဖွင့်လှစ်ခဲ့ရာ ဖတ်ရှုအားပေးကြသော စာဖတ်ပရိသတ်အပေါင်းအား အထူးပင် ကျေးဇူးတင်ရှိပါသည်။
ယခုအခါတွင် ဘလော့ကို ဖွင့်ရန် အချိန်ကြာမြင့်မှုများ ရှိနေကြောင်း၊ စာဖတ်သူအချို့မှ အကြောင်းကြားလာပါသဖြင့် www.khinmamamyo.info တွင် စာမျက်နှာသစ်ကို ဖွင့်လှစ်ထားပါသည်။
စာမျက်နှာသစ်တွင် အချို့သော စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ဆောင်ပါးများနှင့် ရသစာစုများ (နှစ်ရာကျော်ခန့်)ကိုလည်း ကဏ္ဍများခွဲ၍ ပြန်လည်ဖော်ပြထားပါသည်။
ယခုဘလော့စာမျက်နှာကို ဆက်လက်ထားရှိထားမည်ဖြစ်သော်လည်း ယနေ့မှစ၍ ပို့စ်အသစ်များ ထပ်မံ တင်တော့မည် မဟုတ်ပါကြောင်းနှင့် ပို့စ်အသစ်များကို စာမျက်နှာသစ်တွင်သာ တင်တော့မည်ဖြစ်ပါကြောင်း လေးစားစွာ အသိပေး အကြောင်းကြားပါသည်။
စာမျက်နှာသစ်သို့ အလည်လာရောက်ပါရန်ကိုလဲ လှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါသည်။
လေးစားစွာဖြင့်
ခင်မမမျိုး (၁၇၊ ၁၀၊ ၂၀၁၁)
www.khinmamamyo.info
ယခုအခါတွင် ဘလော့ကို ဖွင့်ရန် အချိန်ကြာမြင့်မှုများ ရှိနေကြောင်း၊ စာဖတ်သူအချို့မှ အကြောင်းကြားလာပါသဖြင့် www.khinmamamyo.info တွင် စာမျက်နှာသစ်ကို ဖွင့်လှစ်ထားပါသည်။
စာမျက်နှာသစ်တွင် အချို့သော စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ဆောင်ပါးများနှင့် ရသစာစုများ (နှစ်ရာကျော်ခန့်)ကိုလည်း ကဏ္ဍများခွဲ၍ ပြန်လည်ဖော်ပြထားပါသည်။
ယခုဘလော့စာမျက်နှာကို ဆက်လက်ထားရှိထားမည်ဖြစ်သော်လည်း ယနေ့မှစ၍ ပို့စ်အသစ်များ ထပ်မံ တင်တော့မည် မဟုတ်ပါကြောင်းနှင့် ပို့စ်အသစ်များကို စာမျက်နှာသစ်တွင်သာ တင်တော့မည်ဖြစ်ပါကြောင်း လေးစားစွာ အသိပေး အကြောင်းကြားပါသည်။
စာမျက်နှာသစ်သို့ အလည်လာရောက်ပါရန်ကိုလဲ လှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါသည်။
လေးစားစွာဖြင့်
ခင်မမမျိုး (၁၇၊ ၁၀၊ ၂၀၁၁)
www.khinmamamyo.info
မန်နေဂျာကြီး လုပ်ချင်တယ် (၀တ္ထုတို)
Tuesday, January 5, 2010
Posted by
Khin Ma Ma Myo
Labels:
ဝတ္ထုတိုစာစုများ