ဘလော့ လိပ်စာသစ်သို့ ပြောင်းရွှေ့ခြင်း

(၂၀၀၇) ခုနှစ်မှစ၍ ဘလော့စာမျက်နှာအား ဖွင့်လှစ်ခဲ့ရာ ဖတ်ရှုအားပေးကြသော စာဖတ်ပရိသတ်အပေါင်းအား အထူးပင် ကျေးဇူးတင်ရှိပါသည်။

ယခုအခါတွင် ဘလော့ကို ဖွင့်ရန် အချိန်ကြာမြင့်မှုများ ရှိနေကြောင်း၊ စာဖတ်သူအချို့မှ အကြောင်းကြားလာပါသဖြင့် www.khinmamamyo.info တွင် စာမျက်နှာသစ်ကို ဖွင့်လှစ်ထားပါသည်။

စာမျက်နှာသစ်တွင် အချို့သော စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ဆောင်ပါးများနှင့် ရသစာစုများ (နှစ်ရာကျော်ခန့်)ကိုလည်း ကဏ္ဍများခွဲ၍ ပြန်လည်ဖော်ပြထားပါသည်။


ယခုဘလော့စာမျက်နှာကို ဆက်လက်ထားရှိထားမည်ဖြစ်သော်လည်း ယနေ့မှစ၍ ပို့စ်အသစ်များ ထပ်မံ တင်တော့မည် မဟုတ်ပါကြောင်းနှင့် ပို့စ်အသစ်များကို စာမျက်နှာသစ်တွင်သာ တင်တော့မည်ဖြစ်ပါကြောင်း လေးစားစွာ အသိပေး အကြောင်းကြားပါသည်။


စာမျက်နှာသစ်သို့ အလည်လာရောက်ပါရန်ကိုလဲ လှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါသည်။


လေးစားစွာဖြင့်



ခင်မမမျိုး (၁၇၊ ၁၀၊ ၂၀၁၁)

www.khinmamamyo.info

ဆည်းပူးလေ့လာ၊ နိုင်ငံရေးပညာ (အပိုင်း- ၁)

Saturday, August 29, 2009

အခန်း (၁)

နိုင်ငံရေးဆိုရာဝယ်


နိုင်ငံရေးဆိုတဲ့ စကားလုံးဟာ လူအများကို စိတ်လှုပ်ရှားစေတဲ့ စကားလုံးလေးတခုပဲ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လူတဦးနဲ့တဦး၊ လူ့အဖွဲ့အစည်းတခုနဲ့ တခု၊ လူမျိုးတမျိုးနဲ့ တမျိုး၊ နိုင်ငံတနိုင်ငံနဲ့ တနိုင်ငံတို့အကြားမှာ သဘောမတူညီမှုတွေရှိနေလို့ပါပဲ။ လူ့လောကမှာ ဘယ်လိုနေထိုင်ကြမလဲ၊ ဘယ်သူတွေက ဘာတွေကို ရသင့်သလဲ၊ ပါဝါနဲ့ အရင်းအမြစ်တွေကို ဘယ်လိုခွဲဝေ သုံးစွဲမလဲ၊ လူ့အဖွဲ့အစည်းမှာ ပဋ္ဋိပက္ခတွေ ရှိသင့်သလား၊ ပူးပေါင်းဆောင်ရွက်သင့်သလား၊ ဘယ်သူ့ဆီမှာ ပြောရေးဆိုပိုင်ခွင့်ရှိသလဲ၊ ဆုံးဖြတ်ချက်တွေကို လူတယောက်က ချသင့်သလား၊ လူအများက ချသင့်သလား စတဲ့ အထွေထွေ အကြောင်းအရာမျိုးစုံမှာ တွေးခေါ်မှုတွေ ကွဲပြားပြီး၊ အမြင်မတူမှုတွေ ရှိနေတတ်ပါတယ်။ ဒီလို အမြင်မတူမှုတွေ၊ ဆွေးနွေးငြင်းခုံမှုတွေ၊ ထောက်ပြဝေဖန်မှုတွေကနေ တဆင့် ပိုမိုကောင်းမွန်တဲ့ အတွေးအခေါ်တွေ၊ အကျိုးစီးပွားဖြစ်ထွန်းမှုတွေ ရှိလာနိုင်ပါတယ်။ ဒါကြောင့်လဲ နိုင်ငံရေးတွေးခေါ်ပညာရှင် အရစ္စတိုတယ်က နိုင်ငံရေးဆိုတာ လူသားတွေရဲ့ ဘ၀တိုးတက်မှုကို ဖြစ်ထွန်းစေတဲ့၊ လူ့အဖွဲ့အစည်းကို ကောင်းကျိုးချမ်းသာပေးတဲ့ ကြီးကျယ်မြင့်မားသောသိပ္ပံပညာကြီးတရပ် ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။


ပြီးတော့ နိုင်ငံရေးဆိုတဲ့ သဘောတရားမှာ ဒိုင်ယာလော့ခ်ဆိုတဲ့ သဘောတရားပါဝင်နေပြီး ဖြစ်ပါတယ်။ လူတဦးတယောက်တည်းရှိနေတဲ့အခါမှာ နိုင်ငံရေး မရှိနိုင်ပါဘူး။ လူတဦးတယောက်ဟာ စားဝတ်နေရေးအတွက် ရှာဖွေစားသောက်ရမှာဖြစ်တဲ့အတွက် ရိုးရှင်းတဲ့ စီးပွားရေးအဆောက်အအုံကို တည်ဆောက်နိုင်ပါတယ်။ အနုပညာတွေ ဖန်တီးနိုင်ပါတယ်။ ဒါပေမယ့် နောက်ထပ် လူတဦးထပ်ရောက်လာမှသာ နိုင်ငံရေးအပြုအမူတွေကို ဖန်တီးဆောင်ရွက်လို့ရပါတယ်။ ဒါနဲ့ ပတ်သက်ပြီး နိုင်ငံရေး ပညာရှင်တွေက ရော်ဘင်ဆန် ခရူးဆိုး ဥပမာကို ခိုင်းနှိုင်း ပြောဆိုတတ်ကြပါတယ်။
ရော်ဘင်ဆန်ခရူးဆိုးနှင့် နိုင်ငံရေး

(၁၇၁၉) ခုနှစ်မှာ ရော်ဘင်ဆန်ခရူးဆိုး၏ ဘ၀နှင့် ထူးဆန်းသော စွန့်စားခန်းများ ဆိုတဲ့ စာအုပ်ကို ဒယ်နီရယ်ဒီဖိုး ဆိုသူက ရေးသားထုတ်ဝေခဲ့ပါတယ်။ အဲဒါကတော့ လူသူကင်းမဲ့နေတဲ့ ကျွန်းတကျွန်းပေါ်မှာ ရေမျောကမ်းတင်ဖြစ်နေတဲ့ အင်္ဂလိပ်လူမျိုးတယောက်ရဲ့ ဇာတ်ကြောင်းဖြစ်ပါတယ်။ ကျွန်းပေါ်မှာ အထီးကျန်ဖြစ်နေတဲ့ ရော်ဘင်ဆန်ခရူးဆိုးဟာ နှစ်ပေါင်း (၁၅)နှစ်ကြာအောင် ဘ၀ကို ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်း နေသားတကျဖြစ်အောင် လုပ်ယူခဲ့ရပါတယ်။ အဲဒီ အထီးကျန်ကာလအခြေအနေမှာ ကျွန်းပေါ်မှာ နိုင်ငံရေးဆိုတဲ့ စကားလုံး ပျောက်ကွယ်နေခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်းပေါ်မှာ အသံထွက်စကားပြောနိုင်သူဆိုလို့ ခရူးဆိုးတယောက်ပဲ ရှိလို့ပါ။

ဒီလိုနဲ့နှစ်ပေါင်းများစွာ နေလာရာကနေ တနေ့ကျတော့ ပင်လယ်ကမ်းစပ်တလျှောက်မှာ လမ်းလျှောက်နေရင်း ခရူးဆိုးဟာ လူ့ခြေရာအစုံကို စပြီး တွေ့ခဲ့ပါတယ်။ “ကျွန်ုပ်သည် မိုးကြိုးပစ်ခံလိုက်ရသော လူတယောက်ကဲ့သို့ ရပ်နေမိသည်“ ဆိုပြီး ခရူးဆိုးက ရေးခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး နောင် (၁၃) နှစ်အကြာ ကျွန်းပေါ်မှ လွတ်မြောက်ချိန်အထိ ခရူးဆိုးတယောက် နိုင်ငံရေး ပြဿနာမျိုးစုံကို ရင်ဆိုင်ရပါတော့တယ်။ သူခြေရာတွေ့ခဲ့တဲ့ လူဟာ ဘယ်သူလဲ။ မိတ်ဆွေလား ရန်သူလား။
အဲဒီ အသိနဲ့ သူ့ဘာသာသူ ကာကွယ်စောင့်ရှောက်ရေး အစီအစဉ်သစ်တွေ ပြုလုပ်ရပါတော့တယ်။ ခရူးဆိုးလုပ်ခဲ့တာကတော့ ယနေ့ခေတ်အခေါ် လက်နက်တပ်ဆင်ရေး၊ ကာကွယ်ရေး စီမံချက်ပါပဲ။ ပထမဦးဆုံး သူနေတဲ့နေရာကို ခိုင်မာတောင့်တင်းအောင် ပြုလုပ်တယ်။ နောက်တော့ ပုန်းခိုရာနေရာများ၊ ပြောင်းချောသေနတ်များချထားရန် နေရာများ သတ်မှတ်တယ်။ ရန်သူကို ရင်ဆိုင်တိုက်ခိုက်ရန် အဆင်သင့် ပြင်ထားတယ်။ သူခြေရာတွေ့ခဲ့တဲ့ လူဟာ သူ့အပေါ်ကို အန္တရာယ်ရှိချင်မှရှိမယ်။ မဟုတ်ပဲ အန္တရာယ် ရှိချင်လဲ ရှိလာနိုင်တယ်ဆိုတဲ့ အမြော်အမြင်၊ ဆင်ခြင်တုံတရားနဲ့ ကာကွယ်ရေး မူဝါဒကို ပြဌာန်းထားခဲ့ပါတယ်။

နောက်ပိုင်းမှာ ခရူးဆိုးဟာ ကျွန်းပေါ်မှာ လူတယောက်တည်းတင်မကပဲ လူအများ ရောက်ရှိလာတယ်ဆိုတာကို သဲလွန်စရသွားတယ်။ အဲဒီလူတွေဟာ လူသားစားလူရိုင်းများဖြစ်တာလဲ သိပြီးနောက်ပိုင်း ကိုယ့်ဘက်တင်သာမက အခြားတဘက်ကိုပါ စတင်မေးခွန်းထုတ်လာရတယ်။ သူ့ရဲ့ ကာကွယ်ရေးမူဝါဒ အလုပ်ဖြစ်မလား၊ မဖြစ်ဘူးလား၊ ဖမ်းဆီးစားသောက်ခံရခြင်းကနေ လွတ်မြောက်မှာလား၊ မလွတ်မြောက်ဘူးလားကို သူကိုယ်တိုင် သေချာမသိပါဘူး။ ဒါပေမယ့် အသက်ရှင်ရပ်တည်ရေးအတွက် ကြိုးစားဖို့ သူစိတ်ပိုင်းဖြတ်ထားလိုက်တယ်။ အဲဒီဆုံးဖြတ်ချက်နဲ့ပဲ သူ့ဘာသာသူ ကာကွယ်ရေးနည်းလမ်း များ တိုးတက်လာဖို့ အစွမ်းကုန်ကြိုးစားတယ်။

ခရူးဆိုးမှာ တယောက်တည်းဖြစ်ပြီး၊ လူသားစားလူရိုင်းများကတော့ အများနှင့်ဖြစ်တာကြောင့် ခရူးဆိုးရဲ့ ရပ်တည်ရေးမူက တတ်နိုင်သမျှ အဲဒီလူတွေကို ရှောင်ရှားရန်ဖြစ်တယ်။ ဒီလူတွေရဲ့ အခြေအနေကို လေ့လာစူးစမ်းပြီး၊ မိမိတည်ရှိနေမှုကို မသိအောင် ပုန်းကွယ်နေတဲ့ နည်းနဲ့ တိုက်ခိုက်လာမယ့် အန္တရာယ်ကို ရှောင်ရှားနိုင်ဖို့ဖြစ်ပါတယ်။ ဒါပေမယ့်လဲ ဒီလို လေ့လာစူးစမ်းနေရင်း သူ့မူကို ပြောင်းလဲရတော့မယ့် အခြေအနေတခု ဖြစ်ပွားလာပါတော့တယ်။ အဲဒါကတော့ လူသားစားလူရိုင်းတွေရဲ့ သားကောင်တယောက် အသတ်မခံရမီ လွတ်မြောက်လာတာပဲ ဖြစ်ပါတယ်။

“ကျွန်ုပ်၏ အသိဥာဏ်များလင်းလက်သွားသည်။ ကျွနိုပ်၌ အခိုင်းအစေတယောက်၊ ဖြစ်နိုင်လျှင် အပေါင်းအဖော်တယောက်၊ လက်ထောက်တယောက် ရရှိရန် အချိန်ရောက်လာပြီဟု ယူဆလိုက်သည်။ ထိုယူဆချက်သည် သနားစရာကောင်းသော ထိုသူအား ကယ်ဆယ်ရန် စေ့ဆော်လိုက်သည်“ လို့ သူကဆိုခဲ့တယ်။ အဲဒီစေ့ဆော်ချက်ရှိလာတာနဲ့ ခရူးဆိုးဟာ လက်နက်စွဲကိုင်ပြီး လိုက်လံဖမ်းဆီးသူတွေနဲ့ အလိုက်ခံရသူကြားကို ၀င်ရောက်နေရာယူလိုက်တယ်။ လူသားစားလူရိုင်းတယောက်ကို အလဲထိုးချ လိုက်တော့ နောက်တယောက်က ခရူးဆိုးကို မြှားနှင့်ချိန်ရွယ်လို့ အဲဒီလူကိုပါ သတ်ပစ်လိုက်ရတယ်။

ဒီလိုနဲ့ နောက်ပိုင်းကျတော့ ခရူးဆိုးဟာ လူသားနှစ်ယောက်ပါတဲ့ လူ့အဖွဲ့အစည်းတရပ်ကို ထူထောင်လိုက်တယ်။ လူရိုင်းများလက်က ကယ်တင်လာတဲ့သူကို ဖရိုင်းဒေးလို့ အမည်ပေးလိုက်တယ်။ သူ့ကို သခင်လို့ ခေါ်ဖို့ ခရူးဆိုးက ဖရိုင်းဒေးကို သင်ထားတယ်။ အစပိုင်းမှာ ဖရိုင်းဒေးကို စိတ်ချယုံကြည်မှု အပြည့်အ၀မရှိခဲ့ဘူး။ ညအိပ်ရင် တံခါးပိတ်အိပ်တယ်။ သူ့မျက်စိရှေ့မှာ ရှိနေချိန်ကလွဲရင် ဖရိုင်းဒေးလက်ထဲမှာ လက်နက်တွေ မရှိဖို့ သူသတိထားတယ်။ အဲဒီကနေ တဖြည်းဖြည်းချင်း သူတို့နှစ်ယောက်ကြားမှာ တဦးပေါ်တဦး စိတ်ချယုံကြည်မှုတွေ တိုးတက်လာတယ်။ ဆက်ဆံရေး အခြေအနေမှာ သခင်နဲ့ ကျွန်ဆက်ဆံရေးပဲ ဖြစ်ပေမယ့် အတူတကွ မိတ်ဆွေ၊ အပေါင်းအသင်းလို နေထိုင်ဖို့ သူတို့ နှစ်ယောက် တယောက်ကိုတယောက် စတင်လေ့လာစပြုလာတယ်။

ဒီလိုအခြေအနေမှာ လူသားနှစ်ဦးသာရှိတဲ့ လူ့အဖွဲ့အစည်းထဲကို အခြားလူသားနှစ်ဦး ထပ်မံရောက်ရှိလာတယ်။ လူသားစားလူရိုင်းတွေလက်က ထွက်ပြေးလွတ်မြောက်လာသူတွေပဲဖြစ်တယ်။ “ကျွန်ုပ်၏ ကျွန်းပေါ်၌ လူသားများ တိုးတက်လာသည်နှင့်အမျှ၊ ကျွန်ုပ်၌ တစတစ ပြီးပြည့်စုံလာသည်ဟု ခံစားရသည်။ မိမိကိုယ်ကိုလဲ ရှင်ဘုရင်ကဲ့သို့ ထင်မြင်လာသည်။ ပထမဦးစွာ တိုင်းပြည်တခုလုံးအား ကျွန်ုပ်ပိုင်ဆိုင်သည့် ဥစ္စာပစ္စည်း အဖြစ်သို့ သွတ်သွင်းရသည်။ သို့မှသာ ကျွန်ုပ်၏ အုပ်ချုပ်မှု အာဏာတည်မြဲမည်ဖြစ်သည်။ ထို့နောက် ကျွန်ုပ်၏ နိုင်ငံသားများအလုံးစုံ သစ္စာ ခံစေရန် ဆောင်ရွက်ရသည်။ ကျွန်ုပ်သည်သာ အရှင်သခင်၊ ဥပဒေပြုသူဖြစ်သည်။ ၄င်းတို့သည် အသက်နှင့် ခန္ဓာကို ကျွန်ုပ်ထံ၌ ပေးလှူထားရပြီး၊ ကျွန်ုပ်သည်သာ သက်ဦးဆံပိုင်ဖြစ်သည်“ ဟူ၍ ခရူးဆိုးက ရေးသားခဲ့ပါတယ်။

အဲဒီကျွန်းလေးမှာ ထပ်ဖြစ်လာတဲ့ နောက်တဆင့် နိုင်ငံရေးကြောင့် ခရူးဆိုးလွတ်မြောက်ပြီး အင်္ဂလန်သို့ ပြန်လည်ရောက်ရှိခဲ့ပါတယ်။ ဒီတကြိမ် ကျွန်းပေါ်ကို ထပ်ရာက်လာသူတွေကတော့ အင်္ဂလိပ်သင်္ဘောသားတွေပါ။ လူသားစားလူရိုင်းတွေလိုပဲ သင်္ဘောသားတွေကလဲ နှစ်အုပ်စုကွဲနေတယ်။ စားမည့်သူနဲ့ အစားခံရမည့်သူတွေတော့ မဟုတ်ဘူး။ ပုန်ကန်ဖီဆန်သူများနဲ့ ဓားစားခံဖြစ်နေတဲ့ အရာရှိနှစ်ဦးနဲ့ ခရီးသည်များ ဆိုပြီး အုပ်စုနှစ်စု ကွဲနေတယ်။ အဲဒီ အခြေအနေမှာ ခရူးဆိုးက အရေးနိမ့်သူတွေဘက်က ကူညီဖို့ ဆုံးဖြတ်လိုက်တယ်။

ဒီလိုဆုံးဖြတ်ပြီး ပုန်ကန်သူသင်္ဘောသားတွေ ကျွန်းပေါ်မှာ စူးစမ်းလေ့လာနေတုန်း အရာရှိအုပ်စုကို သူချဉ်းကပ်ပြီး သူ့ရဲ့ အဆိုပြုချက်ကို တင်သွင်းတယ်။ အဲဒီအဆိုပြုချက်က ကမ်းလှမ်းချက်နှစ်ရပ်ကို လိုက်လျောရင် ရန်သူလက်က လွတ်မြောက်ဖို့ အကူအညီပေးမယ်လို့ဆိုတာဖြစ်တယ်။ ကမ်းလှမ်းချက် အမှတ်(၁)က ကျွန်းပေါ်မှာ နေထိုင်စဉ်ကာလတလျှောက် သူ့အာဏာတည်မှုကို မငြင်းဆန်ဖို့နဲ့ ကမ်းလှမ်းချက် (၂)က သင်္ဘောကို ပြန်သိမ်းပိုက်နိုင်ရင် သူနဲ့ သူ့လူတွေကို အင်္ဂလိပ်ရေလက်ကြားကို ပို့ဆောင်ပေးဖို့ဖြစ်တယ်။

ကမ်းလှမ်းချက်ကို လက်ခံတဲ့အတွက် ခရူးဆိုးက သူတို့တွေကို လက်နက်တပ်ဆင်ပေးပြီး ပုန်ကန်သူတွေကို အတူတကွ ၀ိုင်းဝန်းနှိမ်နင်းပြီး ခေါင်းဆောင်ကို ကြိုးပေးသတ်လိုက်တယ်။ ငယ်သားတွေကို လက်နက်ဖြုတ်သိမ်းပြီး ကျွန်းပေါ်မှာ နေရစ်ခဲ့မည်လား (သို့မဟုတ်) သံခြေကျင်းခတ်ကာ အင်္ဂလန်သို့ ခေါ်ဆောင်ပြီး ကြိုးပေးရမည်လား ဆိုပြီး ရွေးချယ်ခိုင်းတယ်။ အသက်ရှင်မှုကို ရွေးချယ်ကြလို့ ကျွန်းပေါ်တွင် ထားရစ်ခဲ့တယ်။ ဒီလိုနဲ့ ခရူးဆိုးနဲ့ သူ့ မဟာမိတ်တွေဟာ အင်္ဂလန်ကို ချောမောစွာ ပြန်ရောက်ခဲ့ကြတယ်။

ဒီဥပမာဟာ ဖရိုင်းဒေးဆိုတဲ့ နောက်ထပ်လူသားတယောက် ပေါ်ထွက်လာချိန်မှာ နိုင်ငံရေး စတင်ပေါ်ထွက်လာခဲ့တာ၊ ရန်သူလား၊ မိတ်ဆွေလား မသိတဲ့ နောက်ထပ်လူတယောက် ကျွန်းပေါ်မှာ ရှိနေပြီလို့ သိလာတဲ့ အချိန်မှာ မိမိကိုယ်ကို ကာကွယ်ရေး မူတွေ ချမှတ်လာတွေ၊ လူအများရောက်လာချိန်မှာ အပေးအယူလုပ်တာတွေ၊ အရေးနိမ့်သူဘက်က ရပ်တည်ပေးရင်း ကိုယ့်အတွက် အကျိုးရှိမယ့် ရလာဒ်ကိုပါ တွက်ချက်စဉ်းစားတာတွေကို မီးမောင်းထိုးပြထားပါတယ်။ ဒါကြောင့် နိုင်ငံရေးဆိုတာ လူတဦးတယောက်ထက် ပိုလာတဲ့ အချိန်အခါမျိုးမှာ ပေါ်ပေါက်လာတာဖြစ်တဲ့အတွက် ဒိုင်ယာလော့ခ်သဘောတရားတွေ၊ အာဏာကျင့်သုံးမှုတွေ ပါဝင်နေပြီးသားလို့ ပညာရှင်တွေက အဆိုပြုထားကြတာ ဖြစ်ပါတယ်။ နိုင်ငံရေးဆိုတဲ့ စကားလုံးရဲ့ သဘောတရားတွေကို လူနှစ်ဦးနှစ်ယောက်ကနေ ကျော်လွန်ပြီး ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ကျက်ကြည့်ကြရအောင်ပါ။

နိုင်ငံရေး အား အဓိပ္ပာယ်ဖွင့်ဆိုခြင်း

နိုင်ငံရေးဆိုတဲ့ စကားလုံးကို အဓိပ္ပာယ်ဖွင့်ဆိုတဲ့အခါမှာ ပြဿနာနှစ်ရပ်နဲ့ ကြုံကြရတယ်လို့ နိုင်ငံရေးပညာရှင် အင်ဒရူးဟေးဝဒ်က ရေးသားခဲ့ဖူးပါတယ်။ ပထမပြဿနာတရပ်ကတော့ နိုင်ငံရေးဆိုတာကို အဓိပ္ပာယ်တမျိုးနဲ့ သဘောပေါက်နေကြတာမျိုးပါ။ တချို့က ဒါကို ပညာရပ်နယ်ပယ်တခုလို့ သဘောထားကြတယ်။ တချို့ကျတော့လဲ နိုင်ငံရေးဆိုတာကို မိမိလိုရာ အမြင်၊ အတွေးတွေနဲ့ ဆွဲယူနားလည်ထားကြတယ်။ ပိုဆိုးတာကတော့ နိုင်ငံရေးဆိုတာကို ညစ်ညမ်းတဲ့ စကားလုံး၊ ရှုပ်ထွေးတဲ့ စကားလုံး အဖြစ် ရှုမြင်သူတွေ ရှိနေတာပါ။ နိုင်ငံရေးဆိုတဲ့စကားလုံးကို ကြားလိုက်တာနဲ့ စစ်ပွဲတွေ၊ ဖမ်းဆီးသတ်ဖြတ်မှုတွေ၊ နိုင်ငံတကာ ပြဿနာတွေ၊ အကျဉ်းထောင်တွေ၊ လိမ်ညာလှည့်ဖျားမှုတွေကိုပဲ ဆက်စပ်တွေးမိနေကြသူတွေ ရှိပါတယ်။ နိုင်ငံရေးဆိုတဲ့ သဘောတရား တွေထဲမှာ ဒီအကြောင်းအရာတွေ ပါဝင်တာမှန်ပေမယ့် တခြားအကြောင်းအရာတွေဖြစ်တဲ့ နိုင်ငံတော်အုပ်ချုပ်ရေး၊ လူအများအကျိုးသယ်ပိုးဆောင်ရွက်ရေး၊ ပြည်သူလူထုအတွက် အကျိုးရှိစေမယ့် ကျန်းမာရေး၊ ပညာရေး၊ ကူးသန်းရောင်းဝယ်ရေး မူဝါဒများ ချမှတ်ရေး စတာတွေနဲ့လဲ ဆက်စပ်နေတာဖြစ်ပါတယ်။ နိုင်ငံရေးပညာရှင် အဒရီယန် လက်ဘ်ဝစ်ခ်ျ ကတော့ နိုင်ငံရေးဆိုတာ စုပေါင်းလုပ်ဆောင်တဲ့ လူမှု လုပ်ငန်းဆောင်တာတွေအားလုံးရဲ့ ဗဟိုချက်မဖြစ်ပြီး၊ မိသားစုတွင်းမှာလဲ မိသားစုနိုင်ငံရေး၊ မိတ်ဆွေသူငယ်ချင်းအုပ်စုမှာလဲ မိတ်ဆွေအုပ်စုနိုင်ငံရေး၊ လူမျိုးတွေမှာလဲ အမျိုးသားနိုင်ငံရေး၊ ကမ္ဘာကြီး တခုလုံးမှာလဲ ကမ္ဘာ့ နိုင်ငံရေး စသဖြင့် အလွှာမျိုးစုံ၊ နေရာစုံမှာ နိုင်ငံရေးဆိုတဲ့ သဘောတရား ပါဝင်ပတ်သက်နေတယ် လို့ ဆိုထားခဲ့ပါတယ်။

နိုင်ငံရေးဆိုတာကို အဓိပ္ပာယ်ဖွင့်ဆိုရာမှာ နောက်ထပ်ကြုံကြတဲ့ ပြဿနာတရပ်ကတော့ နိုင်ငံရေးဆိုတာ ဘာလဲ ဆိုတာနဲ့ ပတ်သက်ပြီး နားလည်မှုအမြင်တွေ အများအပြား ရှိနေတာပဲ ဖြစ်ပါတယ်။ တချို့က နိုင်ငံရေးဆိုတာကို အာဏာကျင့်သုံးမှုလို့ နားလည်ကြတယ်။ တချို့ကကျတော့ အများစုပေါင်းပြီး ဆုံးဖြတ်ချက်များ ချမှတ်မှုလို့ မြင်ကြတယ်။ တချို့ကကျတော့ ရှားပါးတဲ့ အရင်းအမြစ်တွေကို ခွဲဝေအသုံးချမှုလို့ ယူဆကြတယ်။ တချို့ကကျတော့ နိုင်ငံရေးဆိုတာ လိမ်ညာလှည့်ဖျားတဲ့ အနုပညာတရပ်လို့ တွေးမြင်ကြပြန်တယ်။ နိုင်ငံရေးလောကဆိုတာ ရှုပ်ထွေးတယ်၊ ပါးနပ်လိမ်မာမှရမယ်၊ ကွက်ကျော်ရိုက်နိုင်မှ ရမယ်ဆိုတဲ့ အဆိုတွေဟာ ဒီနောက်ဆုံး အတွေးအခေါ်ကနေ မြစ်ဖျားခံလာတာဖြစ်တယ်။ နိုင်ငံတနိုင်ငံက လူအများဆီမှာ ဒီအတွေးအခေါ်၊ အမြင်တွေ ရှိလာရင် သိပ်အန္တရာယ်ကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ နိုင်ငံရေးဆိုတဲ့ စကားလုံးနောက်ကွယ်က လူ့အဖွဲ့အစည်းကို အကျိုးပြုနိုင်စေတဲ့ ကြီးကျယ်မြင့်မြတ်သော သဘောတရားတွေကို မရှုမြင်နိုင်တော့လို့ပဲဖြစ်ပါတယ်။ မျက်စိတဘက်ရဲ့ အလင်းရောင်ကို အမှောင်ဖုံးသွားတာနဲ့ အတူတူပဲ ဖြစ်သွားတတ်တာကြောင့် အဆိုးနဲ့ စမြင်တဲ့အခါ ကောင်းမွန်တာတွေကို မမြင်နိုင်တော့ပါဘူး။ ဘယ်အကြောင်းအရာမှာပဲဖြစ်ဖြစ် မှန်ကန်တဲ့ အချက်အလက်၊ မှန်ကန်တဲ့သဘောတရားကို အဆိုးဘက်ကကော၊ အကောင်းဘက်ကပါ သိရှိနားလည်ဖို့ လိုအပ်လှပါတယ်။

ယေဘုယျအားဖြင့် နိုင်ငံရေးဆိုတဲ့ အနက်အဓိပ္ပာယ်ကို ဖွင့်ဆိုကြရမှာ အမြင်လေးမျိုးကွဲပြားခြားနားပါတယ်။ ပထမတမျိုးကတော့ နိုင်ငံရေးဆိုတာ အစိုးရဖွဲ့စည်းခြင်း၊ အုပ်ချုပ်ခြင်း အနုပညာတရပ်လို့ မြင်ကြတာဖြစ်ပါတယ်။ ဒုတိယတမျိုးကတော့ နိုင်ငံရေးဆိုတာ ပြည်သူ့ရေးရာ (public affairs) လို့ ရှုမြင်ကြတာ ဖြစ်ပါတယ်။ တတိယတမျိုးကတော့ နိုင်ငံရေးဆိုတာ အပေးအယူ၊ အလျှော့အတင်း ပြုလုပ်မှု၊ ညှိနှိုင်းဆောင်ရွက်မှု၊ တနည်းဆိုရင် ဖြစ်နိုင်ချေတွေကို ပြုလုပ်တဲ့ အနုပညာ တရပ်ကို တွေးမြင်ကြတာ ဖြစ်ပါတယ်။ နောက်ဆုံးတမျိုးကတော့ နိုင်ငံရေးဆိုတာ ပါဝါကျင့်သုံးမှုလို့ ရှုမြင်တာဖြစ်ပါတယ်။
(ဆက်လက်ဖော်ပြပါမည်)

ခင်မမမျိုး (၂၄၊ ၈၊ ၂၀၀၉)

မှတ်ချက်။ ။ အရှေ့မိုးကောင်းကင် စာစောင် (www.crystalthinktank.com) တွင် ရေးသားဖော်ပြထားသည့် ဆောင်းပါးဖြစ်ပါသည်။

အပြည့်အစုံဖတ်ချင်ရင်..>>>

ကလေးသူငယ် ပြုစုပျိုးထောင်ခြင်း - ကိုယ်ကာယစွမ်းရည်ဖွံ့ဖြိုးတိုးတက်ရေး

ကလေးသူငယ်များရဲ့ ကိုယ်ကာယစွမ်းရည် ဖွံ့ဖြိုးတိုးတက်မှုဟာ တခြားစွမ်းရည်တွေဖြစ်တဲ့ နားလည်မှု စွမ်းရည်၊ မိမိကိုယ်ကို ယုံကြည်မှုနဲ့ လူမှုဆက်ဆံရေး စွမ်းရည်တွေအပေါ်မှာ အကျိုးသက်ရောက်မှု ရှိပါတယ်။ ကလေးငယ်လေးတွေ စပြီး တွားသွားလာတာ၊ တတောက်တောက်လျှောက်လာတာလေးတွေဟာ သူတို့ရဲ့ အမှီအခိုကင်းကင်းနဲ့ ရပ်တည်လာနိုင်မှုအတွက် ပထမဆုံး ကြိုးပမ်းအားထုတ်တာလေးတွေပါ။ ကလေးငယ်လေး စပြီး တွားသွားလာတာနဲ့ မိဘဆွေမျိုးတွေက ကလေးငယ် ရွေ့လျားနိုင်မယ့် ပတ်ဝန်းကျင်သစ်လေးကို ဖန်တီးပေးရပါမယ်။ အန္တရာယ်ဖြစ်စေနိုင်မယ့် ပစ္စည်းတွေကို ဖယ်ရှားပေးတာ၊ သူ့အတွက် ကစားစရာ နေရာ သတ်မှတ်ပေးတာလေးတွေ ပြုလုပ်ပေးရပါမယ်။ ဒါမှလဲ ကလေးငယ်လေးရဲ့ ကိုယ်ကာယစွမ်းရည် ဖွံ့ဖြိုးတိုးတက်ရေးကို ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။



ကလေးငယ်ရဲ့ ကိုယ်ကာယကြီးထွားမှုနှုံးဆိုတာ ကိုယ်ကာယစွမ်းရည် ဖွံ့ဖြိုးတိုးတက်မှုနဲ့ ကွာခြားပါတယ်။ ကိုယ်ကာယကြီးထွားနှုန်းဆိုတာက ကလေးရဲ့ အရပ်နဲ့ အလေးချိန်ကြီးထွားမှုနဲ့ ဆက်စပ်တာဖြစ်ပြီး၊ ကိုယ်ကာယဖွံ့ဖြိုးတိုးတက်ရေးကတော့ ကိုယ်ခန္ဓာကို ထိန်းချုပ်ရွေ့လျားနိုင်မယ့် စွမ်းရည်နဲ့ ဆိုင်ပါတယ်။ ကလေးငယ်ရဲ့ ကိုယ်ကာယစွမ်းရည် တိုးတက်မှုကို ပညာရှင်တွေက တိုးတက်မှုပုံသဏ္ဍာန်တွေ ခွဲခြားသတ်မှတ်ခဲ့ကြပါတယ်။ ဒီသဏ္ဍာန်တွေကတော့

(၁) ရိုးရှင်းမှုမှသည် ရှုပ်ထွေးမှုဆီသို့
ကလေးငယ်လေးဟာ လမ်းမလျှောက်နိုင်ခင်မှာ မတ်တပ်အရင်ရပ်တာ၊ ခုန်ပေါက်ပြေးလွှားတာတွေ မလုပ်နိုင်ခင်မှာ လမ်းအရင်လျှောက်တာတွေကို ဆိုလိုတာ ဖြစ်ပါတယ်။

(၂) ဦးခေါင်းမှ သည် ခြေဖျားဆီသို့
ကလေးငယ်လေးရဲ့ တိုးတက်မှုက ခေါင်းကနေ စတင်ပါတယ်။ ဦးခေါင်းကို ဘယ်ညာ လှည့်လာတာကနေ လက်ကလေးတွေ လှုပ်တာ၊ ခြေထောက်လေးတွေ လှုပ်လာတာလေးတွေနဲ့ အဆင့်ဆင့် တိုးတက်လာပါတယ်။

(၃) အတွင်းမှ အပြင်သို့
ကလေးငယ်လေးဟာ သူ့လက်လေးတွေကို အသုံးပြုတဲ့အခါမှာ အရာဝတ္ထုပစ္စည်း (ဥပမာ- အရုပ်၊ သော့တွဲ) တခုကို လိုချင်တဲ့အခါ ဒီပစ္စည်းဆီ ရောက်အောင် အရင် လက်က လှမ်းပါတယ်။ နောက်မှ ကောက်ယူနိုင်တဲ့အထိ အဆင့်ဆင့် တိုးတက်သွားပါတယ်။

(၄) ယေဘုယျမှသည် သီးခြားဆီသို့
အရမ်းငယ်တဲ့ ကလေးငယ်လေးတွေဟာ သူတို့ရဲ့ ကျေနပ်ပျော်ရွှင်မှုကို ယေဘုယျတုန့်ပြန် တာလေးတွေဖြစ်တဲ့ မျက်လုံးလေးကျယ်လာတာ၊ လက်ကလေးနဲ့ ခြေထောက်ကလေးတွေကို ဝှေ့ယမ်းတာနဲ့ ပြသပါတယ်။ အရွယ်နည်းနည်း ရလာတဲ့ အခါကျတော့ သူတို့ရဲ့ ပျော်ရွင်မှုကို ပြုံးပြတာ၊ လက်ခုပ်တီးပြတာလေးတွေနဲ့ အခြေအနေ၊ အချိန်အခါအလိုက် ပြုလုပ်တတ်လာပါတယ်။

ဒီလို သဏ္ဍာန်အမျိုးမျိုးနဲ့ ကိုယ်ကာယစွမ်းရည်တိုးတက်မှုမှာ စွမ်းရည်အမျိုးအစားနှစ်မျိုးရှိပါတယ်။ တမျိုးကတော့ အကြမ်းဖျင်း ထိန်းချုပ်ရွေ့လျားမှုစွမ်းရည် (gross motor skills) ဖြစ်ပြီး၊ နောက်တမျိုးကတော့ တိုးမြင့်ကောင်းမွန်တဲ့ ထိန်းချုပ်ရွေ့လျားမှုစွမ်းရည် (fine motor skills) ဖြစ်ပါတယ်။ အကြမ်းဖျင်း ထိန်းချုပ်ရွေ့လျားမှုစွမ်းရည်က ကိုယ်ခန္ဓာရဲ့ ကြီးမားတဲ့ ကြွက်သားတွေကို အသုံးပြုရတဲ့ စွမ်းရည်တွေဖြစ်ပြီး၊ လမ်းလျှောက်တာ၊ ပြေးလွှားတာ၊ အမြင့်ကို တွယ်တက်တာ တွေနဲ့ စပ်ဆိုင်ပါတယ်။ တိုးမြင့်ကောင်းမွန်တဲ့ ထိန်းချုပ်ရွေ့လျားမှုစွမ်းရည်ကတော့ လက်လှုပ်ရှားမှုစွမ်းရည် (အရာဝတ္ထု၊ ဘောလုံးစတာတွေကို လွှင့်ပစ်တာ၊ ဖမ်းယူတာ) တွေနဲ့ လက်ချောင်းလေးတွေရဲ့ လှုပ်ရှားမှုစွမ်းရည် (လက်ညှိုးညွှန်တာ၊ ပုံဆွဲတာ၊ ခရင်းနဲ့ဇွန်းတွေ အသုံးပြုတတ်တာ၊ စာရေးတာ၊ ဖိနပ်ကြိုးချည်တာ) စတာတွေ နဲ့ ဆက်စပ်ပါတယ်။

အခုဆက်လက်ပြီး ကလေးသူငယ်တွေရဲ့ အသက်အရွယ်အလိုက် ကိုယ်ကာယစွမ်းရည် ဖွံ့ဖြိုးတိုးတက်မှုတွေကို တင်ပြပါမယ်။

အသက် (၁၂) လ
အကြမ်းဖျင်းထိန်းချုပ်ရွေ့လျားမှုစွမ်းရည်တွေကတော့ လဲလျောင်းရာကနေ ငုတ်တုတ်ထိုင်နိုင်တာ၊ လူတွေနဲ့ အိမ်သုံးပရိဘောဂတွေရဲ့ အကူအညီမပါပဲ မတ်တပ်ရပ်နိုင်တာ၊ လက်နဲ့ ဒူးကို အသုံးပြုပြီး တွားသွားနိုင်တာ၊ ကြမ်းပြင်ပေါ်မှာ ၀က်ဝံသွားသွားနိုင်တာ၊ တယောက်တည်း အကြာကြီး မတ်တပ်ရပ်နေနိုင်တာ၊ လူတယောက်ရဲ့ လက်တဘက်ကို ကိုင်ပြီး လမ်းစလျှောက်နိုင်လာတာတွေ ဖြစ်ပါတယ်။ အသက် ၁၃ လရှိတဲ့ ကလေးငယ်တ၀က်ကျော်က လမ်းလျှောက်လာနိုင်ပါတယ်။

တိုးမြင့်ကောင်းမွန်တဲ့ ထိန်းချုပ်ရွေ့လျားမှုစွမ်းရည်တွေကတော့ စာအုပ်ရဲ့ စာမျက်နှာတွေကို လှန်လှောနိုင်တာ၊ အရုပ်နဲ့ ပစ္စည်းတွေကို တမင်ပစ်ချတာ၊ လွှင့်ပစ်တာ၊ ကျသွားတဲ့ နေရာကို လိုက်ကြည့်တာ၊ ပစ္စည်းသေးသေးလေးတွေကို လက်မနဲ့ လက်ညှိုးထိပ်လေးကို အသုံးပြုပြီး ကောက်ယူဖို့ ကြိုးစားတာ၊ သူနှစ်သက်တဲ့ ပစ္စည်းလေးတွေကို လက်ညှိုးညွှန်ပြတာ ဖြစ်ပါတယ်။ ဒီအရွယ်လေးတွေမှာ ကလေးတွေက ပစ္စည်းတွေပစ်ချရင် မိဘတွေက ခဏခဏကောက်ပေးရတာကို စိတ်မရှည်ဖြစ်တတ်ကြပါတယ်။ ဒါဟာ ကလေးရဲ့ တိုးတက်မှုဖြစ်ပါတယ်။ ပစ်ချလိုက်၊ ကောက်ပေးလိုက်နဲ့ ကလေးနဲ့ ကိုယ်နဲ့ ကစားနေတဲ့ ကစားပွဲလေးတခုအနေနဲ့ သတ်မှတ်လိုက်ရင် ပျော်စရာကောင်းသွားပါမယ်။

ဆယ့်နှစ်လသားအရွယ်ကလေးငယ်ရဲ့ ကိုယ်ကာယစွမ်းရည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူကြီးမိဘတွေက လုပ်ပေးသင့်တာတွေကတော့ ကလေးငယ်လေး လမ်းလျှောက်တဲ့အချိန်မှာ မိမိကိုယ်မိမိ ယုံကြည်မှုတိုးတက်စေဖို့ ဘီးနဲ့တွန်းလို့ရတဲ့ အရုပ်လေးတွေ ၀ယ်ပေးသင့်ပါတယ်။ သံစုံမြည်တဲ့ ရုပ်ပုံစာအုပ်လေးတွေ ဖတ်ပြသင့်ပါတယ်။ ကလေးရဲ့ လက်ချောင်းလှုပ်ရှားမှု တိုးတက်ဖို့ သစ်သားတုံးလေးတွေ၊ တခုနဲ့ တခု အဆင့်ဆင့် ထပ်လို့ရတဲ့ အရုပ်လေးတွေ ပံ့ပိုးပေးသင့်ပါတယ်။ အရုပ်လေးတွေ မရှိဘူးဆိုရင်လဲ ကတ်ထူစက္ကူပုံးလေးတွေနဲ့ ကိုယ်တိုင်လုပ်ပေးလို့ရပါတယ်။ ကလေးငယ်လေးကို နေ့စဉ်နဲ့အမျှ လုပ်ငန်းဆောင်တာလေးတွေကို ပြောပြရပါမယ်။ ကလေးငယ်လေးက နားမလည်ဘူးဆိုပေမယ့် ဒါဟာ စကားပြောစွမ်းရည်တိုးတက်ဖို့အတွက် အရေးကြီးတာကြောင့် ကလေးကို အချိန်ပေးပြီး စကားပြောရပါမယ်။ သီချင်းလေးတွေ ဖွင့်ပေးရပါမယ်။

အသက် (၁၈) လ
အကြမ်းဖျင်း ထိန်းချုပ်ရွေ့လျားမှုစွမ်းရည်တွေကတော့ ပုံမှန် လမ်းလျှောက်ပြီး၊ ထိုင်ချလိုက်တာ မဟုတ်ပဲ အန္တရာယ်ကင်းကင်းနဲ့ ရပ်တန့်တာ၊ လူကြီးတွေထိုင်တဲ့ ကုလားထိုင်ပေါ်တွယ်တက်ပြီး တက်ထိုင်တာ၊ ငုတ်တုတ်ထိုင်ရာကနေ သူ့ဘာသာသူ မတ်တပ်ရပ်နိုင်တာ၊ လှေကားတွေကို လက်တန်းကိုင်ပြီး တက်နိုင်၊ ဆင်းနိုင်တာ၊ ဒူးထောက်နိုင်တာ၊ ပြေးလွှားနိုင်တာဖြစ်ပါတယ်။

တိုးမြင့်ကောင်းမွန်တဲ့ ထိန်းချုပ်ရွေ့လျားမှုစွမ်းရည်တွေကတော့ ကလေးငယ်လေးရဲ့ အရာဝတ္ထုတွေကို လက်ညှိုးညွှန်ပြတာ၊ သေးငယ်တဲ့ သစ်သားတုံးလေးတွေကို သုံးဆင့်အထိ ထပ်တင်နိုင်တာ၊ အစားအစာကို သူ့ဘာသာသူဇွန်းနဲ့စားတာ၊ တံခါးဘု၊ လက်ကိုင်တွေကို လှည့်တာ၊ ခဲတံကို ဆုပ်ကိုင်နိုင်တာတွေ ဖြစ်ပါတယ်။

ဒီအရွယ်ကလေးငယ်လေးတွေရဲ့ ကိုယ်ကာယစွမ်းရည်တိုးတက်ဖို့အတွက် လူကြီးမိဘတွေ လုပ်ပေးသင့်တာတွေကတော့ သဲတွေ၊ ရေတွေနဲ့ ကစားဖို့ တွန်းအားပေးတာ၊ တွယ်တက်ဖို့အတွက် ခိုင်ခံ့ပြီး နိမ့်တဲ့ ပရိဘောဂတွေ တပ်ဆင်ထားပေးတာ၊ ဘောလုံးလေးတွေ ၀ယ်ပေးပြီး ကန်ဖို့၊ မြှောက်ပင့်ကစားဖို့ လုပ်ပေးတာတွေ ဖြစ်ပါတယ်။ နီးစပ်ရာ အိမ်နီးနားချင်း အရွယ်တူ ကလေးငယ်လေးတွေနဲ့လဲ မိတ်ဆက်ပေးရပါမယ်။ ပွဲတွေ၊ ဈေးတွေလဲ ခေါ်သွားရပါမယ်။ ဒါမှလဲ လူမှုဆက်ဆံရေးစွမ်းရည်ပါတိုးတက်လာပြီး၊ လူအများကြားမှာ အကြောက်အလန့်မရှိ နေတတ်မှာ ဖြစ်ပါတယ်။

နောက်တခုက ဒီအရွယ်မှာ ကလေးငယ်လေးဟာ ပြေးလွှားနိုင်ပေမယ့် သူ့ပြေးလမ်းက အတားအဆီးတွေကို မရှောင်နိုင်ပါဘူး။ တခါတရံ လူကြီးတွေက ထိမိခိုက်မိမှာ စိုးရိမ်ပြီး မပြေးဖို့ ဟန့်တားတတ်ပါတယ်။ အဲဒီလိုဆိုရင်လဲ ကလေးရဲ့ ကိုယ်ကာယစွမ်းရည်တိုးတက်မှုကို ထိခိုက်နိုင်တာကြောင့် ပန်းခြံ၊ ကွင်းပြင်၊ ဘောလုံးကွင်း၊ ကစားကွင်းစတာတွေဆီ ခေါ်သွားပြီး ကလေးငယ်လေး အန္တရာယ်ကင်းကင်းနဲ့ ပြေးလွှားနိုင်မယ့် ပတ်ဝန်းကျင်လေး ဖန်တီးပေးရပါမယ်။

အသက် နှစ်နှစ်
အကြမ်းဖျင်းထိန်းချုပ်ရွေ့လျားစွမ်းရည်တွေကတော့ အန္တရာယ်ကင်းကင်းနဲ့ ပြေးလွှားနိုင်တာ၊ အမြဲတမ်းလှုပ်ရှားတက်ကြွဆော့ကစားနေတာ၊ လက်နဲ့ ဘောလုံးကို ကိုင်ပြီး ပစ်နိုင်တာ၊ ဘီးပါတဲ့ ပစ္စည်းတွေကို တွန်းနိုင်တာ၊ ဆွဲနိုင်တာ၊ လှေကားအတက်အဆင်းကို အကူအညီမလိုပဲ လုပ်နိုင်တာတွေ ဖြစ်ပါတယ်။ တိုးမြင့်ကောင်းမွန်တဲ့ ထိန်းချုပ်ရွေ့လားစွမ်းရည်တွေကတော့ စက်ဝိုင်းလေးတွေနဲ့ လိုင်းလေးတွေ ဆွဲတတ်တာ၊ ပစ္စည်းလေးတွေကို ကောက်ယူနိုင်တာ၊ သစ်သားတုံးလေးတွေကို ခြောက်ဆင့်အထိ တာဝါဆောက်နိုင်တာ၊ စာအုပ်တွေကို နှစ်သက်ပြီး တရွက်ချင်းလှန်ကြည့်လာတာတွေ ဖြစ်ပါတယ်။
ဒီအရွယ်မှာ လူကြီး မိဘတွေက သုံးဘီးစက်ဘီးလေးတွေဝယ်ပေးတာ၊ တွယ်တက်စရာ ပရိဘောဂတွေ ထားပေးတာ၊ ပြေးလွှားဆော့ကစားဖို့ နေရာသတ်မှတ်ပေးတာတွေ လုပ်သင့်ပါတယ်။ အလုပ်နားရက်တွေမှာ ကလေးငယ်လေးကို ပန်းခြံ၊ မြို့ပြနဲ့ ဝေးတဲ့ နေရာတွေခေါ်သွားပြီး သဘာဝပတ်ဝန်းကျင်ကို လေ့လာစေသင့်ပါတယ်။ ပလပ်စတတ်တူ၊ သစ်သားယောင်းမစတာတွေပေးပြီး ဒန်အိုး၊ ဒန်ခွက်စတဲ့ အသံမြည်စေတဲ့ အရာဝတ္ထုတွေကို ခေါက်ခိုင်း၊ တီးခိုင်းရပါမယ်။ ဒါမှလဲ ကလေးငယ်ရဲ့ လက်အသုံးပြုတဲ့ စွမ်းရည် တက်လာမှာဖြစ်သလို၊ အသံလာရာကို လေ့လာစူးစမ်းမှာဖြစ်တဲ့အတွက် ဥာဏ်ရည်ဥာဏ်သွေးကိုလဲ တိုးမြင့်ပေးရာ ရောက်ပါတယ်။
သုံးနှစ်
အကြမ်းဖျင်း ထိန်းချုပ်ရွေ့လျားမှုစွမ်းရည်တွေကတော့ နိမ့်တဲ့အရာဝတ္ထုတွေပေါ်ကနေ မျက်နှာပြင်ပေါ် ခုန်ချနိုင်တာ၊ ခြေဖျားထောက်ပြီးရပ်နိုင်တာ၊ လမ်းလျှောက်နိုင်တာ၊ ခြေထောက်တဘက်တည်းပေါ်မှာ ရပ်နိုင်တာ၊ လှေကားကို လှေကားတထစ်ကို ခြေတလှမ်းနှုန်းနဲ့ တက်နိုင်တာ၊ ဘောလုံးကို မြှောက်ပေးနိုင်တာ၊ ဖမ်းယူနိုင်တာ၊ ဘောလုံးကို အားနဲ့ ကန်နိုင်တာတွေ ဖြစ်ပါတယ်။ တိုးမြင့်ကောင်းမွန်တဲ့ ထိန်းချုပ်ရွေ့လျားမှုစွမ်းရည်တွေကတော့ ခဲတံကို ဆုပ်ကိုင်နိုင်တာ၊ စာရွက်တွေကို ကတ်ကြေးနဲ့ ကိုက်ပြီး ဖြတ်နိုင်တာတွေ ဖြစ်ပါတယ်။

လူကြီး မိဘတွေအနေနဲ့က ဒီအရွယ်မှာ ကလေးနဲ့ ဘောလုံးကစားတာတွေ လုပ်ပေးသင့်ပါတယ်။ တချို့က ဘောလုံးကစားတာ မိန်းကလေးနဲ့ မဆိုင်ဘူးထင်တတ်ပါတယ်။ ဒီလို မဟုတ်ပါဘူး။ ဒီအရွယ်မှာ ခြေ၊လက်အသုံးပြုနိုင်တဲ့ စွမ်းရည်၊ လက်နဲ့ မျက်လုံးတွဲစပ်အသုံးပြုနိုင်မှုစွမ်းရည်တွေအတွက် ဘောလုံး မြှောက်တာ၊ ဘောလုံးကန်တာ၊ ဖမ်းယူတာတွေက အရေးကြီးလှပါတယ်။ ဒီအရွယ်ကစပြီး ကလေးငယ်လေးတွေကို တခြားကလေးတွေနဲ့ ဆော့တတ်အောင် လေ့ကျင့်သင်ကြားပေးရပါမယ်။ တချို့က ကလေးတွေကို အိမ်ထဲမှာပဲ ထားပြီး တခြားကလေးတွေနဲ့ မရောထားချင်ကြပါဘူး။ အဲဒီအခါမှာ ဒီကလေးရဲ့ လူအများနဲ့ ပေါင်းသင်းဆက်ဆံနေထိုင်တတ်မှုစွမ်းရည်လျော့ကျသွားနိုင်ပါတယ်။ ဒီလိုကလေးမျိုးတွေဟာ ကြီးလာတဲ့အခါမှာ တကိုယ်ကောင်းဆန်ပြီး ကိုယ်ကျိုးပဲကြည့်တတ်တဲ့ ကလေးတွေ ဖြစ်လာတတ်ပါတယ်။

ဒီအရွယ်ကလေးလေးတွေဟာ စူးစမ်းလေ့လာတဲ့ အလေ့အထတွေ ရှင်သန်နေတာမို့ ဒါကို မပိတ်ပင်ပဲ အားပေးအားမြှောက်လုပ်ရပါမယ်။ ရေကူးတာ၊ ပန်းခြံခေါ်သွားတာ၊ လမ်းလျှောက်တာတွေ လုပ်စေရပါမယ်။ ရောင်စုံခဲတံတွေ၊ စာရွက်တွေတွေ ၀ယ်ပေးပြီး ကလေးရဲ့ ဆန်းစစ်တီထွင်တတ်တဲ့ စွမ်းရည်ကို မြှင့်တင်ပေးရပါမယ်။ အရုပ်တွေကို ကစားပြီးရင် ပြန်သိမ်းဖို့ သင်ကြားပေးရပါမယ်။ မိမိ အ၀တ်တွေကို ကောင်းကောင်းသိမ်းဆည်းတတ်အောင် လေ့ကျင့်ပေးရမယ်။ ကလေးရဲ့ အမှီအခိုကင်းကင်းနဲ့ ရပ်တည်နိုင်တဲ့ အရည်အချင်းကို တိုးမြင့်လာအောင် နည်းမျိုးစုံနဲ့ သင်ကြားလေ့ကျင့်ပေးရပါမယ်။
လေးနှစ်
အကြမ်းဖျင်းထိန်းချုပ်ရွေ့လျားစွမ်းရည်တွေကတော့ လမ်းလျှောက်တာမှာ ဖြောင့်ဖြောင့် လျှောက်တာ၊ ဘောလုံးကိုဖမ်းယူနိုင်တာ၊ မြှောက်နိုင်တာ၊ ကန်နိုင်တာ၊ ကြမ်းပြင်ပေါ်က ပစ္စည်းတွေကို ခါးကုန်းပြီး ကောက်နိုင်တာ၊ သုံးဘီးတပ်စက်ဘီးကို ကျွမ်းကျွမ်းကျင်ကျင်မောင်းနိုင်တာဖြစ်ပါတယ်။ တိုးတက်ကောင်းမွန်တဲ့ ထိန်းချုပ်ရွေ့လျားစွမ်းရည်တွေကတော့ ခဲတံကို လူကြီးတွေကို ကိုင်နိုင်လာတာ၊ သစ်သားတုံးလေးတွေကို ၁၀ ဆင့်အထိ ထပ်နိုင်လာတာတွေဖြစ်ပါတယ်။

ဒီအရွယ်မှာ လူကြီးမိဘတွေက ကလေးငယ်ရဲ့ ကိုယ်ကာယလှုပ်ရှားမှု လုပ်နိုင်ခွင့်အခွင့်အလမ်းတွေ ဖန်တီးပေးရပါမယ်။ ကလေးရဲ့ အမြင့်တက်နိုင်တဲ့ စွမ်းရည်တိုးတက်အောင် လုပ်ပေးရပါမယ်။ ဆောက်လုပ်ရေးအရုပ်တွေ၊ သစ်သား အပိုင်းအစတွေနဲ့ ဆော့စေရပါမယ်။ သဲတွေ၊ ရေတွေနဲ့ ဆော့ခိုင်းရပါမယ်။ အ၀တ်အစားကို သူ့ဘာသာသူ ၀တ်တတ်အောင် သင်ပေးရပါမယ်။ ရေအိမ်သွားတဲ့အခါမှာ သူ့ဘာသာသူ သွားတတ်အောင် တွန်းအားပေးရပါမယ်။ တချို့ကလေးတွေက ရေအိမ်သွားတိုင်း မိဘကို ခေါ်တတ်ပါတယ်။ ကိုယ့်ဘာသာကိုယ်သွားဖို့ တိုက်တွန်းပြီး သူ့ရဲ့ ကိုယ့်ဘာသာ ကိုယ်အမှီအခိုကင်းကင်း ရပ်တည်နိုင်မှုစွမ်းရည်မြင့်လာအောင် လုပ်ပေးရပါမယ်။ ပန်းချီဆွဲတာ၊ ရောင်စုံခြယ်တာ၊ ကော်ကပ်တာတွေအတွက် လုံလောက်မယ့် ပစ္စည်းပစ္စယလေးတွေ ၀ယ်ပေးထားရပါမယ်။

ငါးနှစ်
အကြမ်းဖျင်း ထိန်းချုပ်ရွေ့လျားမှုစွမ်းရည်တွေကတော့ ကြိုးခုန်တာ၊ ပြေးလွှားတာ၊ အမြင့်တက်နိုင်တာ၊ ခြေဖျားသုံးပြီး ပြေးတာ၊ ဘောလုံးကို ကျွမ်းကျွမ်းကျင်ကျင်ကစားနိုင်တာ၊ ဂီတသံနဲ့ ဟန်ချက်ညီ ကနိုင်တာ၊ ခါးညွှတ်ပြီး ဒူးမကွေးပဲခြေဖျားကို ထိနိုင်တာ၊ ကစားစရာ အမျိုးမျိုး (စီးလျှော၊ ဒန်း၊ climbing frames) တွေကို သူ့ဘာသာ ကစားနိုင်တာတွေ ဖြစ်ပါတယ်။ တိုးတက်ကောင်းမွန်တဲ့ ထိန်းချုပ်ရွေ့လျားမှုစွမ်းရည်ကတော့ ခေါင်း၊ ကိုယ်၊ ခြေ၊ လက်အဂါင်္စုံတဲ့ လူပုံဆွဲနိုင်တာ၊ ခဲတံကို ကောင်းကောင်း ကိုင်နိုင်တာ၊ လက်ချောင်းလေးတွေကို အသုံးပြုပြီး ရေတွက်နိုင်တာတွေ ဖြစ်ပါတယ်။
ဒီအရွယ်မှာ လူကြီးမိဘတွေက အိမ်ပြင်ပမှာ ကလေးတွေ ကစားလို့ရအောင် ဖန်တီးပေးရပါမယ်။ မြို့လယ်တိုက်ခန်းတွေမှာ နေတာဆိုရင် ဘောလုံးကွင်း၊ ပန်းခြံ၊ ကွင်းပြင်တွေ ခေါ်သွားပေးရပါမယ်။ ကလေးကို စက်ဘီးစီးတတ်အောင် သင်ကြားပေးရပါမယ်။ ကလေးငယ်ရဲ့ ကျား၊ မခွဲခြားတဲ့ စိတ်မျိုး မရှိအောင် ယောက်ျားလေးတွေကို ကြိုးခုန်ခိုင်းတာမျိုး၊ မိန်းကလေးတွေကို ဘောလုံးကွင်းမှာ ဘောလုံးကန်ခိုင်းတာမျိုးတွေ လုပ်ပေးရပါမယ်။ ပုံဆွဲတာနဲ့ ပန်းချီဆွဲတာတွေကို အားပေးရပါမယ်။

ခြောက်နှစ်
အကြမ်းဖျင်း ထိန်းချုပ်ရွေ့လျားစွမ်းရည်တွေကတော့ ခုန်ပေါက်ပြေးလွှားဆော့ကစားတာ၊ ဘောလုံးကို ခြောက်မီတာအကွာအဝေးရောက်အောင် ကန်နိုင်တာ၊ စက်ဘီးကို ကျွမ်းကျွမ်းကျင်ကျင်စီးတတ်တာတွေ ဖြစ်ပါတယ်။ တိုးတက်ကောင်းမွန်တဲ့ ထိန်းချုပ်ရွေ့လျားစွမ်းရည်တွေကတော့ ကလေးငယ်ဟာ အက္ခရာစာလုံးတွေ၊ ကိန်းဂဏာန်းတွေကို အရွယ်တူ ရေးတတ်တာ၊ နာမည်ကို ရေးတတ်တာတွေ ဖြစ်ပါတယ်။

လူကြီးမိဘတွေအနဲ့က ဒီအရွယ်ကလေးငယ်တွေကို အားကစားတမျိုးမျိုး ပြုလုပ်အောင် အားပေးရပါမယ်။ ဘောလုံးကန်တာ၊ ဂျုဒိုကစားတာ၊ ရေကူးတာ စတာတွေ လုပ်ခိုင်းရပါမယ်။ ကလေးငယ်လေးရဲ့ စာအရေးအသားစွမ်းရည် တိုးတက်လာအောင် ဈေးဝယ်စာရင်းရွတ်ပြပြီး လိုက်ရေးခိုင်းတာ၊ ဆွေမျိုးမိတ်ဆွေတွေဆီ စာရေးခိုင်းတာ၊ ဟင်းချက်အညွှန်းတွေ လိုက်ကူးရေးခိုင်းတာတွေ လုပ်ခိုင်းလို့ရပါတယ်။

ခုနစ်နှစ်
အကြမ်းဖျင်း ထိန်းချုပ်ရွေ့လျားမှု စွမ်းရည်တွေကတော့ စက်ဘီးကို ကျွမ်းကျွမ်းကျင်ကျင် စီးတတ်တာ၊ ကိုယ်ခံပညာကစားခြင်း၊ ရေကူးခြင်း၊ စကိတ်စီးခြင်း စတာတွေမှာ သက်လုံကောင်းလာတာ၊ ပြေးလွှားရာမှ အရှိန်ထိန်းတတ်တာ၊ ဘောလုံးဖမ်းတာ၊ ပစ်တာတွေကို လက်တဘက်တည်းနဲ့ လုပ်နိုင်တာတွေ ဖြစ်ပါတယ်။ တိုးတက်ကောင်းမွန်တဲ့ ထိန်းချုပ်ရွေ့လျားမှုစွမ်းရည်တွေကတော့ စာရေးသားတဲ့ စွမ်းရည်မြင့်တက်လာတာ၊ အပ်အကြီးကို သုံးပြီး ချုပ်လုပ်တတ်တာတွေ ဖြစ်ပါတယ်။

လူကြီးမိဘတွေက ဒီအရွယ်တွေကလေးတွေကို ပြင်ပမှာ ကစားတာကို အားပေးတာ၊ ရေကူး၊ စကိတ်စီး၊ စက်ဘီးစီး၊ ကခုန်တာတွေကို အားပေးတာနဲ့ ကိုယ်ခံပညာတွေ သင်ကြားပေးတာ ဖြစ်ပါတယ်။

နိဂုံးချုပ်ဆိုရရင် ကလေးသူငယ်လေးတွေရဲ့ ကိုယ်ကာယစွမ်းရည်ဖွံ့ဖြိုးတိုးတက်ရေးဟာ ကျန်းမာပျော်ရွှင်တဲ့ ကလေးလေးတယောက်ဖြစ်စေဖို့အတွက် အလွန်ပဲ အရေးကြီးပါတယ်။ ကိုယ်ကာယစွမ်းရည် ဖွံ့ဖြိုးတိုးတက်ရေးဟာ လူမှုဆက်ဆံရေးစွမ်းရည်၊ ဥာဏစွမ်းရည် ဖွံ့ဖြိုးတိုးတက်ရေး၊ စဉ်းစားတွေးခေါ်ဥာဏ် မြင့်မားရေး၊ မိမိကိုယ်ကို ယုံကြည်မှု မြင့်မားရေးနဲ့ အမှီအခိုကင်းကင်းနဲ့ ရပ်တည်နိုင်ရေး တွေအပေါ် အကျိုးသက်ရောက် ဆက်စပ်မှုရှိတာကြောင့် မိဘလူကြီးတွေအနေနဲ့ ကလေးငယ်လေးရဲ့ ကိုယ်ကာယစွမ်းရည်ဖွံ့ဖြိုးတိုးတက်ရေးကို အားပေးကူညီရင်း၊ ကလေးရဲ့ တိုးတက်မှုတွေကိုလဲ တိုင်းတာ မှတ်တမ်းပြုစုထားသင့်ပါကြောင်း ရေးသားတင်ပြအပ်ပါတယ်ရှင်။

ခင်မမမျိုး (၂၄၊ ၈၊ ၂၀၀၉)

ရည်ညွှန်းကိုးကား။ ။

Meggitt, C. & Walker, J. (2004) An Introduction to Child Care and Education, 2nd edition, Hodder, Oxon

Stoppard, M. (2005) New baby care book: a practical guide to the first three years, Penguin, London

မှတ်ချက်။ ။ အရှေ့မိုးကောင်းကင် စာစောင် (www.crystalthinktank.com) တွင် ရေးသားဖော်ပြထားသည့် ဆောင်းပါးဖြစ်ပါသည်။

အပြည့်အစုံဖတ်ချင်ရင်..>>>

လူကုန်ကူးမှု အကြောင်း တစေ့တစောင်း (အပိုင်း -၁)

Sunday, August 23, 2009

စကားချီး


ဒီနေ့ညနေတုန်းက မတွေ့ရတာ ကြာပြီဖြစ်တဲ့ မိတ်ဆွေဟောင်း တယောက်က ဖုန်းဆက်လာပါတယ်။ သူကျွန်မတို့ မြို့ကို ရောက်နေလို့ လာလည်လို့ ရမလားဆိုတဲ့ အကြောင်းပါ။ ဘာပဲဖြစ်ဖြစ် ဒီလို ဖုန်းဆက်ပြီးမှ၊ အချိန်ချိန်းပြီးမှ လာလည်တဲ့ ဓလေ့ကို ကျွန်မသိပ်နှစ်သက်တာပဲ။ ဆိုင်းမဆင့်၊ ဗုံမဆင့် ကောက်ခါ ငင်ခါဆို တယောက်ယောက်က အလုပ်များနေရင် နှစ်ယောက်စလုံးအတွက် မကောင်းတာ အမှန်ပါပဲ။ တခါတရံတော့လဲ စိတ်လောကြီးပြီး ကျွန်မလဲ ကောက်ခါငင်ခါ သွားမိတတ်တာတွေ ရှိခဲ့ဖူးပါတယ်။ နောက်ပိုင်းတော့ နှစ်ဦးနှစ်ဘက် အဆင်မပြေနိုင်တာကြောင့် အလည်သွားတာတွေတင်မက ဖုန်းပြောရင်တောင် တဘက်က အားရဲ့လားလို့ အရင်မေးပြီးမှ စကားဆက်ပြောတတ်တဲ့ အကျင့်ဖြစ်လာခဲ့ပါတော့တယ်။

ဒါနဲ့ ကျွန်မလဲ လွန်ခဲ့တဲ့ အပတ်က သားလေ ရုတ်တရက်တက်ပြီး သတိလစ်သွားလို့ ဆေးရုံမှာ လေး၊ ငါးရက် ရောက်နေတဲ့အကြောင်း၊ အိမ်ပြန်ရောက်တော့လဲ အလုပ်လုပ်စရာတွေ ရေးထားတဲ့ ဒိုင်ယာရီမှတ်တမ်းကိုတောင် ပြန်လှန်မကြည့်ရဲသေးတဲ့ အကြောင်း၊ လာမယ့် အပတ်မှာ မီးဖိုချောင်နဲ့ ရေချိုးခန်း အသစ်ပြင်ဆင်မှုတွေလုပ်ဖို့ ချိန်းပြီးသားဖြစ်နေလို့ ပစ္စည်းပစ္စယတွေ သိမ်းဆည်းပြင်ဆင်နေရတဲ့ အကြောင်းတွေ ပြောပြဖြစ်ပါတယ်။ သူက လာကူပေးလို့ဖြစ်မလားဆိုလာတာကြောင့် သူများအကူအညီ လက်ခံဖို့ ခဲယဉ်းတဲ့ ကျွန်မလဲ ခြေကုန်လက်ပန်းကျနေချိန်မို့လားမသိ။ ၀မ်းသာအားရနဲ့ လက်ခံမိပါတော့တယ်။ နှစ်ယောက်အတူလုပ်လိုက်တော့လဲ အချိန်ခဏလေးနဲ့ ပြီးသွားပါတယ်။ ဒါနဲ့ ညနေစာကို နီးရာဆိုင်တဆိုင်ကနေ မှာပြီး စားဖြစ်ကြရင်း စကားစမြည် ပြောဖြစ်ကြပါတယ်။

သူနဲ့ ကျွန်မဆိုတာကလဲ Anti- money laundering သင်တန်းတခုမှာ ဆုံခဲ့ကြသူတွေ ဖြစ်လေတော့ စိတ်ဝင်စားမှု နယ်ပယ်တွေချင်းက ဆက်စပ်နေတတ်ပါတယ်။ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ဥပေဒေရေးရာတွေဆိုတာက တခုနဲ့တခု အနည်းနဲ့အများ ဆက်စပ်နေတာတွေချည်းပါပဲ။ သူက နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှု နှိမ်နင်းရေး နယ်ပယ်ထဲရောက်၊ ကျွန်မက စစ်ဗျူဟာလေ့လာရေး၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုင်ရာ လေ့လာသူဖြစ်လာပေမယ့် ဒီနှစ်ခုဟာ အတော်ပဲ ဆက်စပ်နေတာကြောင့် ကျွန်မတို့ စကားဝိုင်းကလဲ ဒါတွေအကြောင်းပဲ ဖြစ်နေပြန်ပါတော့တယ်။ သူက အင်တာပိုက ပြုလုပ်နေတဲ့ အာရှရာဇ၀တ်ဂိုဏ်းတွေကို ပစ်မှတ်ထားတဲ့ ပရောဂျက် အေအိုစီ အကြောင်းတွေ၊ ပင်လယ်ဓားပြတွေကို ပစ်မှတ်ထားတဲ့ ပရောဂျက် ဘာတာ အကြောင်းတွေကို ပြောပြပါတယ်။ ဒီအကြောင်းတွေကတဆင့် အာရှမှာ နာမည်ကြီးနေတဲ့ လူကုန်ကူးမှုအကြောင်းဆီ ရောက်သွားကြပါတယ်။ ဥရောပနိုင်ငံတွေနဲ့ ကနေဒါ၊ အမေရိကန် နိုင်ငံတွေဆီကို အာရှတိုက်ကနေ လူကုန်ကူးမှုတွေ၊ အာရှတိုက်နိုင်ငံအချင်းချင်း လိင် လုပ်ငန်းဆိုင်ရာ လူကုန်ကူးမှုတွေ၊ ကလေးသူငယ်ကုန်ကူးမှုတွေကို ပြောဆိုဖြစ်ကြပါတယ်။ အာရှတိုက်နာမည်ကြီး လူကုန်ကူးမှုလမ်းကြောင်းတွေဖြစ်တဲ့ ယူဘက်ကစ်စတန်လမ်းကြောင်း၊ မလေးရှားလမ်းကြောင်း၊ ထိုင်းလမ်းကြောင်း၊ ဘော်လကန်လမ်းကြောင်းစတာတွေအကြောင်း ပြောနေကြရင်း မြန်မာနိုင်ငံအကြောင်းတွေ ဆက်ပြောဖြစ်ပါတယ်။


သူက လက်ရှိမြန်မာ့အရေးအခြေအနေတွေရယ်၊ မြန်မာပြည်နဲ့ လူကုန်ကူးမှု ပြဿနာတွေရယ်ကို ဆွေးနွေးမေးမြန်းပါတယ်။ ကျွန်မလဲ သိထားတဲ့ သတင်းအချက်အလက်တွေကို ပြောပြရင်း စစ်အာဏာရှင်လက်အောက်က မြန်မာပြည်သူတွေရဲ့ လူမှုရေး၊ စီးပွားရေးအခြေအနေတွေနဲ့ လူကုန်ကူးမှု၊ လိင်ကျေးကျွန်သွတ်သွင်းခံရမှုတွေကိုပါ ထည့်သွင်းပြောဆိုဖြစ်ပါတယ်။ လူကုန်ကူးမှု တားဆီးရေးနဲ့ ပတ်သက်ပြီး လျော့တိလျော့ရဲဖြစ်နေတဲ့ မြန်မာ့ဥပေဒေ ဘက်တော်သားတွေ ၊ တရားစီရင်ရေးစနစ် စတဲ့အကြောင်းကိုပါ ပြောပြရင်း မြန်မာပြည်ကြီး မလွတ်မြောက်သေးသမျှ မြန်မာပြည်သူတွေ ပိုမိုဆိုးဝါးတဲ့ ဘ၀တွေ ခံနေရမှာပဲ လို့ မှတ်ချက်ပေးဖြစ်ပါတယ်။

ဒီတော့ သူက ကျွန်မပြောတဲ့ မှတ်ချက်ကို လက်ခံတယ်။ အာဏာရှင်စနစ်ဆိုးတွေမှာ ဥပဒေဘက်တော်သားတွေဟာ မဆိုင်တဲ့ အလုပ်တွေ ပိုလုပ်နေကြရတယ်။ လူကုန်ကူးမှု၊ ဘိန်းကုန်ကူးမှုတွေကို တိုက်ဖျက်ရေးမှာ သုံးရမယ့် အင်အားတွေကို နိုင်ငံရေးလောက အတွက် ဖြုန်းနေသလို ဖြစ်နေတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဒီကိစ္စတွေဟာ ဒီမိုကရေစီ စနစ်မှာလဲ အခုလို အခြေအနေမဆိုးရင်တောင် ရှိတော့ရှိနေမှာပဲ ဖြစ်တဲ့အတွက် ဒီမိုကရေစီမရခင်ကတည်းက လုပ်နိုင်တာတွေကိုလဲ ကြိုလုပ်ထားဖို့ လိုတယ်လို့ ဆိုပါတယ်။ သူ့စကားက စိတ်ဝင်စားစရာ ကောင်းတာကြောင့် အသေးစိတ်ဆက်ဆွေးနွေးဖြစ်သွားပါတယ်။

သူက လူကုန်ကူးမှုကျူးလွန်သူတွေမှာ သားကောင်ကို စည်းရုံးသူ၊ လမ်းကြောင်းဆက်သွယ်သူ၊ လမ်းကြောင်းတလျှောက် သယ်ယူပို့ဆောင်ပေးသူနဲ့ သားကောင်ကို လက်ခံသူစတာတွေ ပါဝင်ကြောင်း ပြောပြပါတယ်။ ရာဇ၀တ်မှုကျူးလွန်သူ အများအပြားပါဝင်မှု၊ သတင်းအချက်အလက် ရယူနိုင်မှုအားနည်းချက်၊ သတင်းရတဲ့ အချိန်နှောင့်နှေးမှု စတာတွေဟာ ဥပဒေဘက်တော်သားတွေအတွက် အခက်အခဲ ကြန့်ကြာမှုတွေ အများအပြား ဖြစ်စေနိုင်တဲ့ အကြောင်း ရှင်းပြပါတယ်။ နောက်တချက်က သားကောင်အမျိုးအစားပါ။ တချို့က ဒါနဲ့ ပတ်သက်တဲ့ ဗဟုသုတ မရှိတာဖြစ်ပါတယ်။ တချို့ကကျတော့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခက်အခဲတွေကြောင့် ဘယ်လိုပဲကြုံကြုံဆိုပြီး စွန့်စားတာဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လူကုန်ကူးမှုရဲ့ သားကောင်ဘ၀ ကျရောက်ရတဲ့အခါမှာ အသက်သေကြေပျက်စီးမှု၊ ဘ၀ ပျက်မှု၊ ဥပဒေကြောင်းအရ ပြစ်ဒဏ်ကျ အရေးယူခံရမှုတွေ စတဲ့ ဆိုးကျိုးတွေ ကြုံတွေ့ကြရပါတယ်။ ဒါကြောင့် ဒီလိုဆိုးကျိုးတွေနဲ့ လူကုန်ကူးမှုဆိုင်ရာ အချက်အလက်တွေ၊ လူကုန်ကူးမှု ကျူးလွန်တတ်တဲ့ ရာဇ၀တ်သားတွေရဲ့ စည်းရုံးရေး နည်းလမ်းတွေကို လူထုကို ပညာပေးဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။ အဲဒီမှာမှ မြန်မာပြည်လို နိုင်ငံတော်က ပညာပေးမှု အားနည်းတဲ့ တိုင်းပြည်တွေမှာ ပြည်သူမှ ပြည်သူသို့ ပညာပေးခြင်း နည်းလမ်းကို အကောင်အထည်ဖော်လို့ရတဲ့အကြောင်း၊ စာပေ၊ စာနယ်ဇင်းတွေ၊ သီချင်းတွေ၊ ဇာတ်လမ်းတွေ အများအပြား အသုံးပြုသင့်ကြောင်း ဆိုပါတယ်။

ပညာပေးမှုအပြင် လူထုရဲ့ နိုးနိုးကြားကြား သတင်းပေးပို့မှု နည်းလမ်းကိုလဲ ကျင့်သုံးသင့်ကြောင်း သူက အကြံပြုပါတယ်။ နေထိုင်ရာ ရပ်ကွက်၊ ကျေးရွာတွေမှာ အမျိုးသမီးငယ်တွေ၊ ကလေးတွေ၊ ကျောင်းသားတွေကို စည်းရုံးနေတာတွေ တွေ့ရင် တာဝန်ရှိသူတွေကို သတင်းပေးပို့မှုပြုလုပ်တဲ့ နည်းနဲ့ သားကောင်အဖြစ် စည်းရုံးလှုံဆော်ခံရခြင်း လျော့နည်းသွားအောင် လုပ်လို့ရတယ်ဆိုတဲ့ အကြောင်း ပြောရင်း ပြည်တွင်း မြန်မာများသာမက ပြည်ပမြန်မာများမှာပါ တာဝန်ရှိကြောင်း သူက ဆိုလာခဲ့ပါတယ်။ လူကုန်ကူးမှုဆိုတာ နိုင်ငံဖြတ်ကျော်ရာဇ၀တ်မှုဖြစ်တာကြောင့် နိုင်ငံတနိုင်ငံတည်းရဲ့ ရဲတပ်ဖွဲ့မှာတင် တာဝန်ရှိတာ မဟုတ်ပါဘူး။ နိုင်ငံတကာရဲတပ်ဖွဲ့ (အင်တာပို) မှာဆိုရင် နိုင်ငံတွေရဲ့ ရဲတပ်ဖွဲ့အချင်းချင်းအကြားမှာ လုံခြုံတဲ့ ဆက်သွယ်ရေးစနစ်နဲ့ ရာဇ၀တ်မှု သတင်းအချက်အလက် မှတ်တမ်းတင်မှု စနစ်ရှိကြောင်း ပြောပါတယ်။ ဒါကြောင့် ပြည်ပနိုင်ငံတွေမှာ ရောက်နေတဲ့ လူကုန်ကူးမှုသားကောင်ဘ၀ ကျရောက်ခဲ့ဖူးသူတွေ၊ မိမိတို့ရဲ့ ပတ်စ်ပို့၊ ခရီးသွားလက်မှတ်တွေကို ခိုးယူခြင်း၊ လိမ်ညာယူဆောင်ခြင်း ခံထားရသူတွေ အနေနဲ့ သက်ဆိုင်ရာနိုင်ငံက ရဲတပ်ဖွဲ့တွေကို သတင်းပေးပို့ ဖို့ လိုအပ်ကြောင်း သူက ပြောပါတယ်။ ဒါတင်မကပဲ မိမိတို့ လူ့အဖွဲ့အစည်းအတွင်းမှာ တစုံတယောက်က လူကုန်ကူးမှု လုပ်နေတယ်လို့ သိခဲ့ရင် သတင်းပေးပို့သူရဲ့ အမည်ကို ဖော်ပြစရာ မလိုအပ်ပဲ ရာဇ၀တ်မှု ကျူးလွန်သူရဲ့ သတင်းအချက်အလက်ကိုသာ သက်ဆိုင်ရာကို သတင်းပေးပို့လို့ ရတယ်ဆိုတဲ့ အကြောင်းတွေ ရှင်းလင်းပြောပြခဲ့ပါတယ်။

သူပြောတဲ့ အချက်အလက်တွေကို တချို့ကိုလဲ သင်တန်းတွေမှာ သင်ယူဖူး၊ ကြားဖူးပြီးသားဖြစ်ပေမယ့် ဂရုတစိုက် သတိမထားမိခဲ့ပါဘူး။ တခါတရံမှာ လူတွေက ရှေ့ခရီးမှာ တောင်ကြီးတခု ကာဆီးနေရင် ဒီတောင်ကို ဘယ်လိုဖြိုရမလဲ ဆိုတာပဲ စဉ်းစားနေမိတတ်ကြပါတယ်။ တကယ်တော့ ဒီတောင်ကို ဖြိုရင်း တောင်မပြိုခင်မှာ လုပ်နိုင်မယ့် အလုပ်တွေလဲ အများကြီး ရှိပါသေးတယ်။ တခါက ကျွန်မရေးခဲ့ဖူးပါတယ်။ မြန်မာပြည်နဲ့ ပတ်သက်လို့ ကျန်းမာရေး၊ ပညာရေး၊ ဖွံ့ဖြိုးတိုးတက်ရေးကို စိတ်ပါဝင်စားသူတွေက သူစိတ်ဝင်စားတာကို တကယ်သာ လုပ်မယ်ဆိုရင် ဖယောင်းတိုင် အလင်းကို ပေးနိုင်ပါတယ်။ ဒီအလင်းတွေ ပေါင်းစပ်သွားတာနဲ့အမျှ အလင်းရောင်ကလဲ ကျယ်ပြန့်လာမှာပါ။ ဒီလိုပါပဲ။ ဖယောင်းတိုင်နဲ့ပဲ ရေရှည်သွားလို့တော့ မဖြစ်နိုင်တာကြောင့် စနစ်ကို ပြုပြင်ပြောင်းလဲရမှာ ဖြစ်တဲ့အတွက် ဒီအရေးကို စိတ်ဝင်စားသူတွေကလဲ လုပ်စရာတွေကို စဉ်ဆက်မပြတ်ဆက်လုပ်ဖို့ လိုအပ်ပါတယ်။ ဒါမှလဲ အနာဂတ်မြန်မာပြည်အတွက် လျှပ်စစ်မီးအလင်းရောင်လို ရေရှည်တည်တံ့မယ့် ပညာရေး၊ ကျန်းမာရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတွေကို ဆောင်ကျဉ်းပေးနိုင်မှာ ဖြစ်ပါတယ်။ အရေးကြီးတာကတော့ သူလင်းတယ်၊ ငါလင်းတယ်နဲ့ အလင်းထွန်းညှိဖို့ မကြိုးစားပဲ ငြင်းခုံနေတဲ့ အလုပ်ကို ရှောင်ကြဉ်ဖို့ပဲ ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ အချိန်ကြာမြင့်စွာ အမြစ်တွယ်နေပြီဖြစ်တဲ့ နိုင်ငံဖြတ်ကျော်ရာဇ၀တ်မှုတွေ ပပျောက်ရေးမှာလဲ တဘက်တလမ်းကနေ မြန်မာဆိုတဲ့ တာဝန်အသိနဲ့ လုပ်ကြရမှာ ဖြစ်ပါတယ်။ ရောဂါဆိုတာက အချိန်ကြာကြာ မကုပဲထားရင် ပိုပြီး ဆိုးလာတတ်ပါတယ်။ ဒီမိုကရေစီ မရသေးပေမယ့် မရသေးခင်ကတည်းက ဒီမိုကရေစီ နိုင်ငံတော်သစ်မှာ ပေါ်ပေါက်လာမယ့် အခက်အခဲတွေကို ကြိုတင်သိမြင် တွေးထားပြီး၊ အခုအချိန်ကတည်းက ရှင်းလို့ရနိုင်တဲ့ အခက်အခဲတွေကို ကြိုရှင်းထားနိုင်ရင် ပိုကောင်းပါတယ်။ အလုံးစုံကင်းစင် ပပျောက်မှာ မဟုတ်ပေမယ့် (ဒီမိုကရေစီနိုင်ငံကြီးတွေလဲ ဒါကိုတော့ မတတ်နိုင်ကြသေးပါ) တဘက်တလမ်းကနေတော့ နိုင်ငံတော်သစ် တည်ဆောက်ရေးအတွက် အကျိုးရှိနိုင်မှာ ဖြစ်ပါတယ်။

အာဏာရှင်စနစ်ကနေ ဒီမိုကရေစီ စနစ်ကို ကူးပြောင်းတဲ့ နိုင်ငံအများစုရဲ့ အသွင်ကူးကာလတွေမှာ စစ်ပွဲတွေ၊ တရားဥပဒေစိုးမိုးရေး ပြဿနာရပ်တွေ၊ အသစ်တက်လာတဲ့ အစိုးရတွေရဲ့ နိုင်ငံတော်အုပ်ချုပ်ရေး ဆိုင်ရာ ချို့ယွင်းအားနည်းချက်တွေ၊ ဂိုဏ်းဂန အစွဲတွေနဲ့ အကွဲအပြဲတွေ၊ အတိတ်ပဋ္ဋိပက္ခဟောင်းတွေကို အသက်ပြန်သွင်းမှုတွေနဲ့ ပြည့်နှက်နေတတ်ပါတယ်။ အဆိုးဆုံးပြဿနာတွေကတော့ နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှုတွေပါပဲ။ အာဏာရှင်ဟောင်းရဲ့ လက်ကိုင်ဒုတ်တွေ ဖြစ်ခဲ့ဖူးတဲ့ ဥပဒေဘက်တော်သားတွေကိုလဲ အသစ်တက်လာတဲ့ အစိုးရသစ်က အပြည့်အ၀ မယုံကြည်ပါဘူး။ လူထုကလဲ ပူးပေါင်းဆောင်ရွက်မှု နည်းနေတတ်တယ်။ ဒီလိုအချိန်မှာပဲ အာဏာရှင်ဟောင်းလက်ထက်မှာ လာဘ်ပေးလာဘ်ယူမှုတွေကြီးစိုးပြီး ရာဇ၀တ်ဂိုဏ်းသားတွေ အတွက် ထွက်ပေါက်ကြီးတွေ များပြားခဲ့တော့ အသစ်တက်လာတဲ့ အစိုးရရဲ့ governance မှာ ထိခိုက်မှုတွေ အများအပြား ဖြစ်လာပါတော့တယ်။ အသွင်ကူးပြောင်းကာလတွေမှာ အစိုးရသစ်တွေရဲ့ ပြည်ထဲရေး တာဝန်ရှိသူတွေ လုပ်ကြံခံရတာ၊ အသက်အန္တရာယ်ခြိမ်းချောက် ခံရတာတွေဟာ နိုင်ငံများစွာမှာ ဖြစ်ပွားခဲ့ပါတယ်။ ပမာဆိုရရင် စည်းကမ်းကြီးပြီး စာအသင်ကောင်းတဲ့ ဆရာမတယောက် ရောက်လာတာကို ကျောင်းသားကောင်းတွေက သဘောကျပေမယ့် ကျောင်းသားဆိုးတွေက နည်းမျိုးစုံသုံးပြီး ပညာပြကြသလိုပါပဲ။

ဒီလိုအခြေအနေတွေကို ကိုင်တွယ်နိုင်ဖို့အတွက် လူ့စွမ်းအားအရင်းအမြစ်တွေ အများကြီး လိုအပ်ပါတယ်။ စစ်အာဏာရှင်စနစ်ကို ချုပ်ငြိမ်းဖို့ လုပ်တာဟာ စစ်တပ်ကို နိုင်ငံတော်ကာကွယ်ရေးအဖွဲ့နေရာကနေ ဖယ်ရှားတာ မဟုတ်ပါဘူး။ ဒီမိုကရေစီ ရပြီးတဲ့ အခါမှာလဲ တပ်တွင်း ဒီမိုကရေစီ ရှင်သန်ထွန်းကားရေးနဲ့ အရပ်ဘက်၊ စစ်ဘက်ဆက်ဆံရေးတွေကို အကောင်အထည်ဖော်ရမှာ ဖြစ်ပါတယ်။ ဒီလိုပါပဲ။ ရဲတပ်ဖွဲ့ကို ရပ်ရွာတရားဥပဒေ စိုးမိုးရေး တာဝန်ကနေ ဖယ်ရှားပစ်တာ မဟုတ်ပါဘူး။ နိုင်ငံတနိုင်ငံမှာ တရားဥပဒေ စိုးမိုးရေး မရှိလို့ မရပါဘူး။ ဒီလိုပါပဲ။ အရပ်ဘက်၊ စစ်ဘက် ထောက်လှမ်းရေးကိုလဲ ဖယ်ရှားပစ်လို့ မရပါဘူး။ နိုင်ငံတနိုင်ငံရဲ့ ရပ်တည်မှုအတွက် intelligence services လိုအပ်ပါတယ်။ Human intelligence (HUMINT) မရှိတဲ့ နိုင်ငံတနိုင်ငံရဲ့ နိုင်ငံတော်လုံခြုံရေးဆိုတာ ကြောက်ခမန်းလိလိ အခြေအနေဆိုးကြီး ဖြစ်သွားနိုင်ပါတယ်။ ဒါပေမယ့် ဒီမိုကရေစီ စနစ် မတိုင်ခင်မှာကျတော့ ဒီအဖွဲ့အစည်းတွေဟာ အာဏာရှင်လက်ကိုင်ဒုတ်ဘ၀မှာ ပေးတာယူ၊ ကျွေးတာစားနဲ့ တသွေးတသံတမိန့်ကိုသာ နာခံကြရတာကြောင့် လူထုဘက်က မရပ်တည်မချင်း လူထုနဲ့ ပဋ္ဋိပက္ခဖြစ်နေတတ်ပါတယ်။ လူအများက မုန်းတီးကြပါတယ်။ ဒီပဋ္ဋိပက္ခ စိတ်အနာတွေဟာ ဒီမိုကရေစီ အသွင်ကူးပြောင်းကာလ ပြည်သူ့အစိုးရသစ်နဲ့ ဒီအဖွဲ့တွေရဲ့ အကြားမှာ၊ လူထုနဲ့ ဒီအဖွဲ့တွေအကြားမှာ ရံဖန်ရံခါ ပေါ်လာတတ်တာတွေ ရှိပါတယ်။ အဲဒီအခါ ရာဇ၀တ်မှုနှိမ်နင်းရေး ကိစ္စမျိုးတွေ၊ တိုင်းပြည်ရဲ့ အရေးပေါ်ကာလတွေမှာ အခက်အခဲ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ဒီလိုအခြေအနေမျိုးတွေမှာ ကြားကနေ စေ့စပ်ညှိနှိုင်းဖြေရှင်းပေးနိုင်မယ့် သူတွေ လိုအပ်လှပါတယ်။ တခြား လိုအပ်တဲ့ ကဏ္ဍတွေအများကြီးပါပဲ။

အခုဒီဆောင်းပါးမှာကတော့ လူကုန်ကူးမှု နဲ့ ပတ်သက်ဆယ်နွယ်မှုတွေကိုပဲ အခြေခံ သဘောတရားတွေ၊ ရာဇ၀တ်မှု ကျူးလွန်တတ်သူတွေရဲ့ လုပ်ဆောင်တတ်ပုံ နည်းလမ်းတွေ၊ မိခင်နိုင်ငံက တရားဥပဒေ စိုးမိုးရေးမှာ လာဘ်ပေးလာဘ်ယူမှုတွေ ကြီးစိုးနေတဲ့အခါ လူကုန်ကူးမှုဖြစ်စဉ်တလျှောက်မှာ ပါဝင်တဲ့ တခြားနိုင်ငံ ဥပဒေဘက်တော်သားတွေကို ဆက်သွယ်ဆောင်ရွက်နိုင်မှုတွေ၊ ဒီမိုကရေစီ ပြောင်းလဲမှုကာလမှာ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးနဲ့ ပတ်သက်ပြီး ဆောင်ရွက်ဖွယ် နည်းလမ်းစတာတွေကို အသေးစိတ် ရေးသားဖော်ပြမှာဖြစ်ပါတယ်။

(ဆက်လက်ဖော်ပြပါမည်)

ခင်မမမျိုး (၂၂၊ ၈၊ ၂၀၀၉)

အပြည့်အစုံဖတ်ချင်ရင်..>>>

ဦးအောင်တင်နှင့် မခင်မမမျိုးတို့၏ အမျိုးသားရင်ကြားစေ့ရေးဆောင်းပါးနှင့် စပ်လျဉ်း၍ အပြန်အလှန်ဆွေးနွေးချက်

Thursday, August 13, 2009

ဦးအောင်တင်၏ ဆွေးနွေးချက်

Reply to Ma Khin Ma Ma Myo on NC by U Aung Tin


မခင်မမမျိုး၏ ဆွေးနွေးချက်

ဦးအောင်တင်ရှင့်။


ဦးအောင်တင် ရဲ့ ထောက်ပြဆွေးနွေးမှုကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်။ ကျွန်မဆောင်းပါးထဲက အချက်တချို့ကို ဦးအောင်တင်ရဲ့ သဘောထားကွဲလွဲတဲ့ အကြောင်းများနဲ့ ပတ်သက်ပြီး ဆက်လက်ဆွေးနွေးလိုပါတယ်။


() ကြားဖြတ်အစိုးရနဲ့ ဒိုင်ယာလော့ ကိစ္စကို ပြောချင်ပါတယ်။ ကျွန်မက ဒိုင်ယာလော့ဆိုတာကို ကြားဖြတ်အစိုးရတခုခုဖြစ်ထွန်းပြီးမှ ပေါ်လာတဲ့ ဒိုင်ယာလော့ကမှ အောင်မြင်နိုင်တဲ့ ရာခိုင်နှုန်းများခဲ့တယ်ဆိုတာကို ထောက်ပြဆွေးနွေးထားတာဖြစ်ပါတယ်။ စာမျက်နှာ () ဟာ မြန်မာ့အရေးကို ညွန်းထားတာမဟုတ်ပါ။ ဖြစ်ပွားခဲ့တဲ့ နိုင်ငံတကာ ဖြစ်ရပ်များစွာ ရှိပါတယ်။ တောင်အာဖရိကမှာ ကြားဖြတ်အစိုးရပေါ်လာပြီးမှ ပြုလုပ်ခဲ့တဲ့ ဒိုင်ယာလော့ အောင်မြင်ခဲ့ပါတယ်။


သိရိလင်္ကာ တမီးလ်သူပုန်များနဲ့ သိရိလင်္ကာအစိုးရကြားက ဒိုင်ယာလော့က နိုင်ငံတကာအစိုးရများနဲ့ အဖွဲ့အစည်းများက ဦးဆောင်ပြီး ပြင်ပ နိုင်ငံတွေမှာ ကျင်းပပေးခဲ့ပါတယ်။ မအောင်မြင်ခဲ့ပဲ အခုနောက်ဆုံး အပြီးသတ်နီးပါး ချေမှုန်းခံလိုက်ရပါတယ်။


ပါလက်စတိုင်းနဲ့ အစ္စရေးတို့အကြားမှာ ဒိုင်ယာလော့များစွာ ပေါ်ပေါက်ခဲ့ပါတယ်။ လက်ရှိမှာ ပါလက်စတိုင်းတို့ အခြေအနေ ဘယ်လိုဖြစ်နေတယ်ဆိုတာ အားလုံးမျက်မြင်ဖြစ်ပါတယ်။


ယူဂိုစလားဗီးယားနိုင်ငံမှာ တင်းမာမှုတွေ ဖြစ်နေစဉ်တုန်းက ဒိုင်ယာလော့ခ်ပေါင်းများစွာ ရှိခဲ့ပါတယ်။ မအောင်မြင်ခဲ့ပါဘူး။ နောက်ဆုံးမှ ဒီဒေသတွင်း ငြိမ်းချမ်းရေးအတွက် Dayton Peace Accord ထွက်ပေါ်လာပါတယ်။ အဲဒီအချိန်မှာတော့ နိုင်ငံတနိုင်လုံးဟာ အစိတ်စိတ်အမြွာမြွာ ကွဲသွားခဲ့ပြီးသား ဖြစ်နေပါပြီ။



အိုင်ယာလန်မြောက်ပိုင်းမှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲဖြစ်စဉ် ဘာကြောင့် စတင်ခဲ့ပါသလဲ။ အာဏာပိုင်ဘက်ကနေ စတင်ဆက်သွယ်ခဲ့တာဖြစ်ပါတယ်။ အာဖရိက နိုင်ငံများစွာမှာလဲ ဒီလိုပါပဲ။


ဒိုင်ယာလော့ဆိုတာ အာဏာရှင်ဘက်ကနေ ပြုပြင်ပြောင်းလဲမှု လုပ်မယ့် သဏ္ဍာန် (သို့) အလားတူစစ်မှန်တဲ့ ကမ်းလှမ်းမှု(သို့) ဒီလိုပြုလုပ်ဖို့ ဖွဲ့စည်းလိုက်တဲ့ ကြားဖြတ်အစိုးရပဲဖြစ်စေ၊ အတိုက်အခံဘက်က ဦးဆောင်ဖွဲ့စည်းလိုက်တဲ့ ကြာြး့ဖတ်အစိုးရပဲဖြစ်စေ၊ နှစ်ဦးနှစ်ဘက် ပါဝါရှယ်ယာပဲဖြစ်စေ၊ နိုင်ငံတကာက ၀င်ရောက်ပြီး ကြားဖြတ်အစိုးရတခုစတင်ဖွဲ့စည်းပြီးမှဖြစ်စေ အောာင်မြင်မှုရှိနိုင်တာကို ဆိုလိုထားတာပါ။


ဦးအောင်တင်ဆိုလိုထားသလိုပဲ ဒိုင်ယာလော့က ခဏရှင်ရိုက်၊ ပြန်သေသွားလိုက်၊ ပြန်ရှင်သန်အောင်လုပ်လိုက် ရှိတယ်ဆိုတာ လက်ခံပါတယ်။ အောင်မြင်မှုရာခိုင်နှုန်းနည်းပါတယ်။ အချိန်တွေကြာပြီး လူထုက ပေးဆပ်ရမှု နှစ်ပေါင်းများစွာကြာပါတယ်။



အခုဒီအချက်နဲ့ ပတ်သက်ပြီး ဦးအောင်တင်ဆွေးနွေးချက်က ဒိုင်ယာလော့က တရားသေအဆင့်သတ်မှတ်လို့မရ။ ရှိနိုင်တယ်ဆိုတဲ့ stand က ဆွေးနွေးပြီး၊ ကျွန်မက ဒိုင်ယာလော့ဟာ နိုင်ငံရေး အခြေအနေအရ ပြောင်းလဲမှု ပေါ်မှာ အကြိမ်များစွာ ရှိနေနိုင်ပေမယ့် အောင်မြင်မှုနည်းတယ်ဆိုတာကို ဆွေးနွေးတာဖြစ်ပါတယ်။ ဘယ်အချိန်မှာမှ အောင်မြင်မှု ရာခိုင်နှုန်းများမယ်ဆိုတာကို ဆွေးနွေးတာ ဖြစ်ပါတယ်။


ပမာဆိုရရင် ဦးအောင်တင်က စာမေးပွဲဆိုတာ ဘယ်အချိန်ချိန်ပဲ ဖြေဖြေ ဖြေလို့ရတယ်။ ၀င်ဖြေကြည့်လို့ရတယ်။ ၀င်မဖြေဖို့ ပြောရင် လက်တွေ့မကျဘူးလို့ ဆိုလိုထားတာဖြစ်ပြီး၊ ကျွန်မက စာမေးပွဲဆိုတာ ဘယ်လိုကြိုးစားရတယ်။ ပြင်ဆင်ရတယ်။ ဘယ်အချိန်မျိုးမှာ ဖြေရင် စာမေးပွဲအောင်နိုင်တယ်ဆိုတာကို ဆိုလိုတာဖြစ်ပါတယ်။ ဒီတော့ ဦးအောင်တင်က အားပေးမှုဖြစ်ပြီး၊ ကျွန်မက အားထုတ်မှု ကို ဇောင်းပေးတာကြောင့် ကျွန်မတို့နှစ်ယောက် ဒီအချက်အပေါ်မှာ သဘောထားကွဲလွဲတာဖြစ်ပါတယ်။



() စာမျက်နှာ (၁၀) မှာ ဦးအောင်တင် ပြောဆိုထားတဲ့ အချက်မတိုင်ခင်မှာ ”အတိုက်အခံတွေဘက်ကသာ

လူထုတိုက်ပွဲအတွက် ကြိုတင်ပြင်ဆင်ထားမှု၊ နိုင်ငံတကာအပေါ်မှာ အလွန်အကျွံအားကိုးမှုနဲ့ အချိန်အခါမဟုတ်ပဲခေါ်ဆိုထားခ့တဲ့ဲ ဒိုင်ယာလော့ခ်ဆိုတာ မရှိထားခဲ့ရင် ဒီလိုအခြေအနေမျိုးဆိုတာ အတိုက်အခံဦးဆောင်တဲ့ကြားဖြတ်အစိုးရ (သို့မဟုတ်) ပါဝါရှယ်ယာ ကြားဖြတ်အစိုးရ ဖွဲ့စည်းခြင်း၊ ဒိုင်ယာလော့ခ်ပြုလုပ်ခြင်း၊ရွေးကောက်ပွဲကျင်းပခြင်း၊ တိုင်းပြည်တည်ဆောက်မှုနဲ့ အမျိုးသားရင်ကြားစေ့ရေးဖြစ်စဉ်စတင်ခြင်းလုပ်ငန်းစဉ်အဆင့်ဆင့်ကို ဆက်တက်သွားလို့ ရတဲ့ အခြေအနေမျိုးဖြစ်ပါတယ်။ ဒါပေမယ့် ပထမဆုံးလုပ်ရမယ့်

အလုပ်ကိုကျော်ပြီး နအဖကနေ ဒိုင်ယာလော့ခ်ခေါ်မယောင် အသံထွက်လာခဲ့ပါတယ်။” လို့ ဆိုထားပြီးသားဖြစ်ပါတယ်။ ဒါကြောင့် ဦးအောင်တင် ပြောသလို ကျွန်မအနေနဲ့ တကြောင်းမြင်၊ တကြောင်းတွေး သုံးသပ်ထားတာ မဟုတ်ဘူးဆိုတာ ဒီအချက်ကို ကနဦးဖတ်ကြည့်ရင် သိသာနိုင်ပါတယ်။


ဒီအချက်တွေအပြင် တခြားဦးအောင်တင်မြင်တဲ့ အကြောင်းတရားတွေကိုလဲ ထပ်မံဆွေးနွေးပေးပါ။ တိုက်ပွဲငယ်လေးတခုမှာတောင် operation failure ဖြစ်တဲ့အခါ ဘာကြောင့်ဖြစ်လဲဆိုတာတွေကို ရှုံးခဲ့တဲ့ တိုက်ပွဲရဲ့ တပ်မှူးတွေ၊ အထက်အရာရှိတွေ စုပေါင်းပြီး အဖြေရှာကြရပါတယ်။ ကွင်းဆင်းပြီး အောက်ခြေရဲ့ အသံနဲ့ ထင်မြင်ချက်ကိုလဲ အရေးကြီးရင် ကြီးသလို လေ့လာကြရပါတယ်။ ဒီတော့ ဒီလောက်ကြီးမားခဲ့တဲ့ ဖြစ်ရပ်ကြီးမှာ မအောင်မြင်ခဲ့တဲ့ အကြောင်းတရားတွေကို ကျွန်မတို့အားလုံး ၀ိုင်းဝန်းဖော်ထုတ် ထောက်ပြဖို့ လိုအပ်လှပါတယ်။


() စာမျက်နှာ (၁၁) မှာ ဦးအောင်တင် ဆိုထားတဲ့အချက်မှာ ရှေ့မှာပါတဲ့ စကားလုံးဖြစ်တဲ့ “စစ်အာဏာရှင်ဘက်က ကြည့်ရင်တော့ အလွန်ပင် ဟာသ မြောက်စရာကောင်းတဲ့ နိုင်ငံရေးထိုးစစ် ပြက်လုံး“ လို့ ရေးသားထားတာဖြစ်ပါတယ်။ ကျွန်မဘက်ကကြည့်ရင်၊ ဦးအောင်တင်ဘက်က ကြည့်ရင်လို့ ရေးသားထားတာ မဟုတ်ပါဘူး။ ဦးအောင်တင် ဆက်ပြီး ဆိုထားတာက ဦးအောင်တင်ဘက်က အမြင်ကို ဆိုထားတာဖြစ်ပါတယ်။


တိုက်ပွဲတခုကို ထိုးစစ်ဆင်တဲ့အခါ ဥပမာပေါ့ရှင်။ စစ်မဟာဗျူဟာ သင်တန်းလေးတခုမှာတောင် ထိုးစစ်တခုအကြောင်းကို သင်ကြားတဲ့အခါမှာ သင်တန်းသားသုံးပုံတပုံကို ထိုးစစ်စီမံချက်ရေးဆွဲခိုင်းရပါတယ်။ အဲဒီအပေါ်မှာ တခြားသင်တန်းသားသုံးပုံတပုံကို ခံစစ်အနေနဲ့ဆိုရင် ဘယ်လိုကာကွယ်မလဲ။ ဒီထိုးစစ်အပေါ်မှာ ဘယ်လိုမြင်လဲ ဆိုတာကို ဆွေးနွေးခိုင်းရပါတယ်။ ကျန်တဲ့ သင်တန်းသား သုံးပုံတပုံကိုတော့ ဒီနှစ်ဘက်ရဲ့ ဆွေးနွေးမှုတွေကို ဘေးကနေကြည့်ပြီး လိုအပ်ချက်တွေကို ထောက်ပြခိုင်းရပါတယ်။ ဒီတော့မှလဲ complete picture ထွက်ပါတယ်။


ဒီတော့ အခုဒီအဆိုပြုချက်နဲ့ပတ်သက်ပြီး နအဖဘက်က ဘယ်လိုမြင်နိုင်လဲ ဆိုတာ စစ်အာဏာရှင်နေရာမှာ ခေတ္တ၀င်တွေးကြည့်ပြီး ဦးအောင်တင် စဉ်းစားကြည့်ပါ။ ဘယ်လို ထွက်လာပါသလဲဆိုတဲ့ အမြင်ကို ပြန်လည်ဆွေးနွေးပေးဖို့ မေတ္တာ ရပ်ခံပါတယ်။


နောက်တချက်က ကျွန်မ ရဲ့ နောက်ဆုံးစာမျက်နှာမှာ အမျိုးသားရင်ကြားစေ့ရေးဆိုတဲ့ သဘောတရား၊ အဆိုပြုချက်တွေကို ကျွန်မလက်ခံတယ်လို့ ရေးသားပြီးသားဖြစ်ပါတယ်။ ရှေ့ဆုံးစာမျက်နှာမှာလဲ ဒါဟာ ရေရှည်ခံငြိမ်းချမ်းရေးလိုအပ်ချက်လို့ ဆိုထာြး့ပီးဖြစ်ပါတယ်။ ဒါကြောင့် အမျိုးသားရင်ကြားစေ့ရေးရဲ့ လိုအပ်ချက်ကို သဘောပေါက်ပြီးဖြစ်ပါတယ်။ ဒါကို လက်မခံတာမဟုတ်ပဲ ဒီလို အချိန်၊ အခြေအနေမှာမှ ဘာကြောင့် ပေါ်ထွက်လာရသလဲ ဆိုတာကို သုံးသပ်ထားခြင်းဖြစ်ပါတယ်။ ဒါကြောင့် အမျိုးသားရင်ကြားစေ့ရေး ဘာကြောင့် လိုအပ်ရလဲ ဆိုတာထက် အခုအချိန်မှာမှ ဘာကြောင့် ဒီအဆိုပြုချက် ထွက်ပေါ်လာရလဲ ဆိုတာကို ထပ်မံ ဆွေးနွေးပေးဖို့ ဖိတ်ခေါ်ပါတယ်။


ဇယားတွေနဲ့ ပတ်သက်ပြီး ဖြစ်စဉ်အသစ်တွေ ပေါ်လာရင် ဇယားကို ပြန်ပြင်ရမယ်ဆိုတာ ဟုတ်ပါတယ်။ လက်ခံပါတယ်။ သီအိုရီသစ်တွေ ရှိနိုင်မလားဆိုတာအတွက် သုတေသနပြုနေသူတယောက် ဖြစ်လို့ ဒီအချက်ကို လုံးဝ လက်ခံပါတယ်။ ဒီတော့ ဇယားပြန်ပြင်ရလောက်အောင် အောင်မြင်မှု ရာခိုင်နှုန်း မည်ရွေ့မည်မျှ ရှိနိုင်သလဲ ဆိုတာကိုပဲ စောင့်ကြည့်ရပါမယ်။ အခုနအဖဘက်က ဘယ်လို တုန့်ပြန်မလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်တဲ့အတွက် ဒီအချက်ကို ဆက်လက်ဆွေးနွေးဖို့ အချိန်တခု စောင့်ကြရအောင်ပါ။



() စာမျက်နှာ (၁၂) နဲ့ ပတ်သက်တဲ့ ဦးအောင်တင် ဆွေးနွေးမှုမှာလဲ ကျွန်မရေးသားထားတဲ့ စကားလုံးတချို့ကို ချန်ထားပြီးမှ ဆွေးနွေးထားတာ ဖြစ်ပါတယ်။ ဦးအောင်တင်က အချိန်အခါနဲ့ မညီတဲ့ အမျိုးသားရင်ကြားစေ့ရေးမှာ ပါဝင်ရတဲ့ အကြောင်းရင်းသုံးရင်းလို့ပြောထားပါတယ်။ ကျွန်မရေးသားထားတာက အချိန်အခါနဲ့ မညီတဲ့ အမျိုးသားရင်ကြားစေ့ရေး အဆိုပြုချက်ကြီး ထွက်ပေါ်လာမှုအပေါ်မှာ ပါဝင်ရတဲ့ အကြောင်းရင်း သုံးရင်းလို့ ရေးထားတာဖြစ်ပါတယ်။ စကားလုံးတချို့ကို ချန်လိုက်ရင် အဓိပ္ပာယ်က တမျိုးထွက်လာနိုင်ပါတယ်။ ဦးအောင်တင် ပြန်ဖတ်ကြည့်ပေးပါ။ အမျိုးသားရင်ကြားစေ့ရေးဆိုတာကို ကျွန်မလုံးဝကန့်ကွက်ခြင်းမရှိပါ။ အထပ်ထပ်အခါခါပြောပြီးသား ဖြစ်ပါတယ်။ အဆိုပြုချက်ထွက်လာတဲ့ အချိန်အခါ၊ အခြေအနေကိုပဲ ဝေဖန်ပြောဆိုတာ ဖြစ်ပါတယ်။


ဒီအဆိုပြုချက်မှာပါဝင်တဲ့ အုပ်စုတွေရဲ့ ပါဝင်ရခြင်း ဖြစ်နိုင်ချေသုံးရပ်ကို ပြောဆိုထားတာဖြစ်ပါတယ်။ အုပ်စုသုံးစုပါတယ်လို့ ပြောကြားထားတာ မဟုတ်ပါဘူး။ သေချာပြန်ဖတ်ကြည့်ပါရှင်။ အကြောင်းအရာဖြစ်ရပ်တခုကို သုံးသပ်တဲ့အခါမှာ နိုင်ငံရေးလေ့လာသူတယောက်ဟာ ဖြစ်နိုင်ချေကို ဆန်းစစ်ရပါတယ်။ ဒါကြောင့် ဖြစ်နိုင်ချေ သုံးခုကို ပြောပြီး ဖြစ်နိုင်ချေတခုချင်းဆီကို ဆက်လက်ရှင်းလင်းထားပါတယ်။



ဒီတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်ဒီက အမျိုးသားသင့်မြတ်ရေးကို လက်ခံထားသူတွေ ဖြစ်တာမို့ ဘယ်အုပ်စုထဲထားသင့်သလဲဆိုတာ ကူညီသတ်မှတ်ပေးပါ ဆိုလာတဲ့အချက်နဲ့ပတ်သက်ပြီး ဦးအောင်တင်ကို အရင်မေးပါရစေ။


အခုအဆိုပြုချက်ကို ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်ဒီနဲ့က လက်ခံပြီး ပြုလုပ်ထားတာဖြစ်ပါသလား



အမျိုးသားသင့်မြတ်ရေးဆိုတာကို နအဖစစ်အာဏာရှင်အစိုးရက လွဲရင် ဘယ်သူမဆို လက်ခံပါတယ်။ ကျွန်မလဲ ရေးထာြး့ပီးဖြစ်ပါတယ်။ ရင်ကြားစေ့ရေးဆိုတာ ပဋိပက္ခရှိလို့လုပ်ရတယ်။ ဒါကြောင့် ထုတ်ဆီးတိုးရင်း၊ ဘောလုံးကန်ရင်း ရန်ဖြစ်ဖူးတဲ့ ကလေးတောင် ပဋိပက္ခရှိရင် ရင်ကြားစေ့ရေးပြန်လုပ်ရတယ်ဆိုတာ နားလည်တယ်လို့ ရေးထားတာဖြစ်ပါတယ်။


ဒါပေနဲ့ အမျိုးသားရင်ကြားစေ့ရေးကို လက်ခံတာနဲ့ပဲ အခု အမျိုးသားရင်ကြားစေ့ရေး အဆိုပြုချက် ထွက်ပေါ်လာတဲ့ အချိန်အခါ၊ အခြေအနေကို လက်ခံတာနဲ့ က သီးခြားစီပဲဖြစ်ပါတယ်။ ဥပမာဆိုရရင် လူနာတယောက်ဆေးရုံရောက်လာတဲ့အခါ ခွဲဖို့ လိုအပ်တဲ့ လူနာဆိုရင် ခွဲဖို့ လိုအပ်တယ်လို့ ဆရာဝန်တွေအားလုံးက လက်ခံတာပါပဲ။ ဘယ်အချိန်ခွဲမလဲ ဆိုတာကတော့ တဦးနဲ့ တဦး ကွဲပြားနိုင်ပါတယ်။ မေ့ဆေး ဘယ်လိုမှ ပေးလို့ မရနိုင်တဲ့ အချိန်ဖို့ ခွဲဖို့ မဖြစ်နိုင်ကြောင်း မေ့ဆေးဆရာဝန်က ကန့်ကွက်တာကို အဲဒီအခြေအနေ၊ အချိန်အခါကို မစဉ်းစားပဲ ဒီလူနာခွဲဖို့ လိုအပ်တယ်ဆိုတာ နားမလည်ဘူးလားလို့ ပြန်ပြောတဲ့ ခွဲစိတ်ဆရာဝန်တော့ ဆေးလောကမှာ မရှိပါဘူး။


အခုလဲဒီအတိုင်းပါပဲ။ ကျွန်မက အခြေအနေ၊ အချိန်အခါကို ဝေဖန်ထားတာဖြစ်ပါတယ်။ ဦးအောင်တင်က ယေဘုယျရှိနေတဲ့ အမှန်တရားလိုအပ်ချက်ကိုပဲ လိုအပ်ပါတယ်လို့ ထပ်ပြောထားတာဖြစ်ပါတယ်။ ဒီတော့ ဘာကြောင့် အခုအခြေအနေ၊ အချိန်အခါမှာမှ ဒီအဆိုပြုချက် ထွက်ပေါ်လာရလဲဆိုတာကို ဦးအောင်တင် ဘက်က ဆက်ပြီး ဆွေးနွေးပေးဖို့ မေတ္တာရပ်ခံပါတယ်။


လေးစားစွာဖြင့်

ခင်မမမျိုး

အပြည့်အစုံဖတ်ချင်ရင်..>>>

ဦးညွန့်ရွှေနှင့် မခင်မမမျိုးတို့၏ အမျိုးသားရင်ကြားစေ့ရေး ဆိုရာဝယ် ဆောင်းပါးအား အပြန်အလှန် ဆွေးနွေးချက်

အမျိုးသားရင်ကြားစေ့ရေး ဆောင်းပါးနဲ့ ပတ်သက်ပြီး အင်တာနက် စာမျက်နှာပေါ်မှာ အပြန်အလှန်ဆွေးနွေးထားချက်တွေ ဖြစ်ပါတယ်။

ကနဦးအနေနဲ့ ဦးညွှန့်ရွှေရဲ့ ဆွေးနွေးထားမှုကို တင်ပြပါမယ်။

ဦးညွန့်ရွှေ၏ ဆွေးနွေးချက်

မခင်မမမျိုးနဲ့ မိတ်ဆွေအားလုံးခင်ဗျား၊

အချိန်မရတဲ့ကြားက မခင်မမမျိုးရဲ့ “အမျိုးသား ရင်ကြားစေ့ရေး ဆိုရာဝယ်“ ဆိုတဲ့ စာတန်းကို ကျနော် အပြေးအလွှားဖတ်လိုက်ပါတယ်။ မခင်မမမျိုးဟာ နိုင်ငံရေးသိပ်ပံပညာကို အတန်ရင်းနှီးပုံရပါတယ်။ အတော်လေးအားထုတ်ပြီး ရေးထားပုံလဲရပါတယ်။ ဒါပေမဲ့ သတ်တိလေး နဲနဲလိုနေသေးတာရယ်၊ တွေ့ဆုံဆွေးနွေးရေး သဘောတရားအပေါ် အစာမကြေတာရယ် စသဖြင့်တွေ့ရပါတယ်။ အချိန်လဲမရလို့ချုပ်ပြီးပြောရရင်၊
၁။ ဒိုင်ယာလော့ခ်ခေါ်တာ နှစ်ဖက်လက်ခံနိုင်တဲ့ ကြားဖြတ်အစိုးရပေါ်ပြီးမှ ခေါ်ရမှာဖြစ်တယ်။ နိုင်ငံရေးနားမလည်သူတွေသာ အချိန်မကျသေးပဲ ဒိုင်ယာလော့ကို တောင်းတာ။ (ဒေါ်စု၊ အဖွဲ့ချုပ်၊ အင်စီဂျီယူဘီ၊ ကုလအပါအ၀င် အနောက်နိုင်ငံအစိုးရများ အားလုံးမှားတယ်၊ နိုင်ငံရေး နားမလည်ရှာကြဘူးလို့ အဓိပ်ပါယ်ရောက်တယ်။)
၂။ မြန်မာပြည်ရဲ့ အနာဂတ်ကံကြမ်မာကို ဘယ်သူတစ်ဦးတစ်ယောက်၊ ဘယ်ပါတီမှ လက်ဝါးကြီးအုပ် တရားသေ ယူထားလို့မရဘူး၊ (အဖွဲ့ချုပ်ကို ရည်ရွယ်ပုံရတယ်)။
၃။ မြန်မာပြည်သူတွေကို ဘယ်ခေါင်းဆောင် ဘယ်ကယ်တင်ရှင်မှ မမျှော်နဲ့ ကိုယ့်ဖာသာလုပ်ယူ၊ ခေါင်းဆောင်ဟာ တိုက်ပွဲကြားကပေါ်တာလို့ ဆိုတယ်။
၎။ အခုကျင်းပတဲ့ ဂျာကာတာဆွေးနွေးပွဲဟာ အင်စီယူဘီ၊ အင်စီဂျီယူဘီတို့ရဲ့ အနာဂတ်နိုင်ငံရေးအခင်းအကျင်းမှာ မပါရမှာစိုးလို့ သို့မဟုတ် နေရာရအောင်လို့ လောဘ မောဟနဲ့ လုပ်တဲ့ပွဲဖြစ်တယ်။
၅။ အဲဒီအဖွဲ့နှစ်ဖွဲ့မှာ အများထောက်ခံမှု ဘာမှမရှိဘူး။
၆။ အကယ်ရွေ့ ဒိုင်ယာလော့တာ ခေါ်မထားခဲ့ရင် ရွှေဝါရောင်တော်လှန်ရေးတုန်းက ကြားဖြတ်အစိုးရပေါ်လာဖို့ရှိတယ်။ အဲဒီကနေမှ ဒိုင်ယာလော့ လုပ်ရမှာဖြစ်တယ် စသဖြင့်။
မခင်မမမျိုးဟာ ကိုယ်ရေးတဲ့အပေါ်မှာ တကယ်ယုံကြည်မှုအပြည့်အ၀ရှိရင် မြန်မာပြည် နိုင်ငံရေးပဋိပက်ခကို ဒိုင်ယာလော့နဲ့ ဖြေရှင်းမှသာ ရမယ်လို့ တွင်တွင်ကြီးပြောခဲ့သူ၊ ပြောနေသူဟာ ဒေါ်စုပဲဖြစ်တယ်။ ဒေါ်စုမှားတယ်လို့ မပြောရဲပေမဲ့ သူ့စာဖတ်လိုက်ရင် အဲလိုပြောနေတာနဲ့ အတူတူပဲဆိုတာ တွေ့ရလိမ့်မယ်။ ဒေါ်စု အကုန်မမှန်နိုင်ဘူး၊ နေရာတကာ မမှန်နိုင်ဘူးဆိုတာကို ကျနော်သဘောတူပါတယ်။ နောက်တစ်ခုက မခင်မမမျိုးပြောတဲ့ ဒီလိုအခြေအနေမျိုး (အာဏာရှင်က အင်အားကောင်းပြီး အတိုက်အခံက ချည့်နဲ့နေဆဲ) မှာ ဒိုင်ယာလော့ခေါ်လဲ အပိုပဲဆိုတာ မှန်တော့မှန်ပါတယ်။ ဒါပေမဲ့ နည်းပရိယာယ်တစ်ခုအနေနဲ့ အာဏာရှင်ရဲ့ ငါတစ်ကောကောမှုကို ဖွဲ့ချနေတဲ့သဘောအနေနဲ့ အတိုက်အခံက တောက်လျှောက်သုံးနေတာလဲ ဖြစ်နိုင်တယ်။ တစ်ချိန်တည်းမှာ အတိုက်အခံကို ပိုမိုအင်အားတောင့်တင်းအောင်၊ စစ်အစိုးရက ရိုသေခန့်ငြားလောက်အောင် တည်ဆောက်ရမယ်၊ အလုပ်လုပ်ရမယ်ဆိုတာ ထက်ချပ်ပါနေရမှာဖြစ်တယ်၊ အဲလိုမပါလို့ လူထုဦစိန်ဝင်းက တလောလေးကတင် ဘီဘီစီမှာ ဝေဖန်ထောက်ပြသွားတာရှိတယ်။ ဒိုင်ယာလော့ခေါ်တာ မှားတယ်လို့ ဘယ်သူကမှ မပြောဘူး။
မိတ်ဆွေများအနေနဲ့ ကျနော့်ရဲ့ အကျဉ်းချုပ်ကိုဖတ်ပြီး မခင်မမမျိုးကို မဝေဖန်စေချင်ပါ။ သူ့စာကို ဖတ်ပြီး ချင့်ချိန်ပြီးမှသာ ဝေဖန်စေချင်ပါတယ်။ ကျနော်က ဒေါ်စု၊ အဖွဲ့ချုပ်၊ မက်ဒ်ရင်းအဖွဲ့တွေအတွက် ရှေ့နေမလုပ်ပါ။ ကျနော့်အမြင်ကိုသာ ထုတ်ပြတာဖြစ်တယ်။ တစ်ခုသေချာတာကတော့ ဒိုင်ယာလော့ခေါ်မထားလဲ ရွှေဝါရောင်တော်လှန်ရေးဟာ အခြေမှုန်းခံရမှာပါပဲ။ သူ့ထက်ကြီးတဲ့ ရှစ်လေးလုံးတောင် ပြုတ်ထွက်သွားတာပဲ။ မခင်မမမျိုးအနေနဲ့ အန်နာဟားဒင့်ရဲ့ အွန် ဗွိုင်းအိုးလင့်စ်နဲ့ ချားလ်စ်တီလီရဲ့ ကွန်တင်းရှပ်စ် ပေါ်လစ်တစ်ကိုလဲ ဖတ်ဖို့ တိုက်တွန်းလိုက်ပါတယ်။ ပြီးတော့ တောင်ကိုရီးယားစစ်အစိုးရကနေ ဒီမိုကရေစီကို ဘယ်လိုပြောင်းသလဲဆိုတာကိုလဲ နည်းနည်း လေ့လာစေချင်ပါတယ်။ မခင်မမမျိုးတို့ဟာ အရွယ်လဲရှိကြသေးတယ်၊ လေ့လာအားလဲ ကောင်းကြတယ်ဆိုတော့ အနာဂါတ်မြန်မာပြည်အတွက် ဖြည့်စွမ်းနိုင်တာတွေ အများကြီးရှိမယ်လို့ ယုံကြည်ပါတယ်။ သို့ပေမဲ့ အခြေခံ အသိမှန်ဖို့အရေးကြီးတယ်၊ ၀ါဒတစ်ခုခုရဲ့မှိုင်းသင့်နေမယ်ဆိုရင် ပင်ကိုယ်အသိလေးက ပြောချင်တာတောင် ၀ါဒမှိုင်းကို ဖောက်ဖို့ မ၀ံ့လို့ မပြောရဲ ဖြစ်တတ်ပါတယ်။ အကောင်းဆုံးကတော့ အမျိုးသားနိုင်ငံရေးကို ဦးတည်ပါ၊ ဘုရား တရား သံဃာ ဆရာ မိဖတို့ကို မှန်ကန်စွာ သဘောပေါက်ပြီး ဦးထိပ်ထက်ထားပါလို့ အကြံပေး တိုက်တွန်းလိုက်ပါတယ်။

အကြမ်းမဖက် ငြိမ်းချမ်းရေး၊ အမျိုးသားရင်ကြားစေ့ရေး သို့၊

မေတ်တာဖြင့်
ညွန့်ရွှေ


မခင်မမမျိုး၏ ဆွေးနွေးချက်

ဦးညွန့်ရွှေရှင့်။

အခုလို ဝေဖန်ချက်ပေးတဲ့အတွက် အထူးပဲ ကျေးဇူးတင်ရှိပါတယ်။ ဦးညွန့်ရွှေပြောကြားတဲ့ ကျွန်မရဲ့ အမြင် ခြောက်ခုဆိုတာနဲ့ ပတ်သက်ပြီး ပြောကြားလိုပါတယ်။

(၁) ဒိုင်ယာလော့ခ်ခေါ်တာနဲ့ ပတ်သက်ပြီး ကျွန်မ ရေးသားထားတဲ့အချက်က ဒိုင်ယာလော့ခ်ခေါ်တာ မှားတယ်လို့ ဆိုလိုထားတာမဟုတ်ပါ။ အခြေအနေနဲ့ အချိန်အခါ ကြောင့် ရန်သူအသုံးချစရာ လက်နက်တခုဖြစ်သွားခဲ့ရတယ်ဆိုတာကို ဝေဖန်ထောက်ပြထားတာဖြစ်ပါတယ်။ ရွှေဝါရောင်တော်လှန်ရေး ကို ရန်သူနအဖက ချေမှုန်းပြီးစအချိန်မှာ နအဖဘက်က ခြေလှမ်းတွေကို ရေးသားထားတာဖြစ်ပါတယ်။
(ဒီအတွက် ဒေါ်စု၊ အဖွဲ့ချုပ် က နိုင်ငံရေးနားမလည်ဘူးလို့ ပြောဆိုထားခြင်း လုံးဝမရှိပါ။ ဒီအချက်က ဦးညွှန့်ရွှေက ကောက်ချက်ချထားခြင်း ဖြစ်ပါတယ်။)

(၂) မြန်မာပြည်ရဲ့ ကံကြမ္မာကို ဘယ်သူတဦးတယောက်၊ ဘယ်ပါတီကမှ လက်ဝါးကြီးအုပ်တရားသေ ရယူထားလို့ မရဘူးဆိုတာက မြန်မာ့သမိုင်းတလျှောက်မှာဖြစ်ပွားခဲ့တဲ့ နိုင်ငံရေးအပြောင်းအလဲတွေဖြစ်တဲ့ ၀ိုင်အမ်ဘီအေ၊ ဂျီစီဘီအေ၊ နောက်တော့ တို့ဗမာအစည်းအရုံး၊ ဖက်ဆစ်ခေတ်ရောက်တော့ ဖတပလ၊ ဖဆပလ စသဖြင့် သမိုင်းစဉ်တွေ၊ နိုင်ငံတကာသမိုင်း ဖြစ်ရပ်တွေကို ကြည့်ပြီး၊ ဘယ်နိုင်ငံမှာမဆို မှန်ကန်တဲ့ ယေဘုယျသဘောတရားကို ပြောဆိုထားတာပါ။ (အဖွဲ့ချုပ်ကို ရည်ရွယ်ပုံရပါတယ်ဆိုတဲ့ ကောက်ချက်ကို ဘယ်စာကြောင်း၊ စာလုံးကနေ ပေါ်ထွက်လာလို့ ကောက်ချက်ရပါသလဲ)

(၃) မြန်မာပြည်သူတွေကို ဘယ်ခေါင်းဆောင်၊ ကယ်တင်ရှင်မှ မမျှော်နဲ့။ ခေါင်းဆောင်ဟာတိုက်ပွဲကြားက ပေါ်တယ်ဆိုတာလဲ ဖြစ်ပေါ်လေ့ရှိတဲ့ အမှန်တရားကို ဆိုထားတာပဲဖြစ်ပါတယ်။ ၈၈ လူထုတိုက်ပွဲကြီးကနေ ဒေါ်အောင်ဆန်းစုကြည်ဆိုတဲ့ လူထုခေါင်းဆောင်၊ မင်းကိုနိုင်၊ မိုးသီးဇွန်၊ ကိုကိုကြီးစတဲ့ ကျောင်းသားခေါင်းဆောင်တွေ ပေါ်ထွက်လာခဲ့တာ မဟုတ်ပါဘူးလား။

(၄) အခုဂျကာတာနဲ့ ပတ်သက်ပြီး အန်စီဂျီယူဘီ၊ အန်စီယူဘီ တို့ရဲ့ အနာဂတ်နိုင်ငံရေးအခင်းအကျင်းမှာ မပါရမှာစိုးလို့၊ နေရာရအောင်လို့ လောဘ၊ မောဟနဲ့ လုပ်တယ်ဆိုတဲ့ စာကြောင်းမျိုး ကျွန်မ ဆောင်းပါးထဲမှာ လုံးဝထည့်သွင်းထားခြင်း မရှိပါ။ ဆောင်းပါးကို သေချာပြန်ဖတ်ကြည့်ပါ။ နိုင်ငံရေးလေ့လာသူတယောက်ဟာ ဖြစ်ရပ်တခုကို ဆန်းစစ်တဲ့အခါမှာ ဖြစ်စေတဲ့အကြောင်းရင်း ဖြစ်နိုင်ချေတွေကို ထည့်သွင်းစဉ်းစားရပါတယ်။ ဒါကြောင့် ဖြစ်နိုင်ချေတွေကို အချက်အလက်နဲ့ ပြောထားတာ ဖြစ်ပါတယ်။ လောဘ၊ မောဟလို့လဲ မထည့်သုံးထားပါ။ စစ်မှန်တဲ့ နိုင်ငံရေးသမား၊ အဖွဲ့အစည်းတွေလို့ ယူဆချက်ကြောင့် ဒီဖြစ်နိုင်ချေ မဟုတ်ဘူးလို့ မျှော်လင့်ထားတယ်လို့ပါ ထပ်မံ ထည့်သွင်းရေးသားထားပါသေးတယ်။ ဘယ်လိုကနေ ဘယ်လို လောဘ၊ မောဟ ဆိုတဲ့ စကားလုံးတွေကို ဦးညွန့်ရွှေက ထပ်ထည့်လိုက်ရပါသလဲ။


(၅) အဲဒီအဖွဲ့မှာ အများထောက်ခံမှု ဘာမှ မပါဘူးလို့ ဦးညွန့်ရွှေက ပြောထားပါတယ်။ ကျွန်မ ဒီလိုမျိုးရေးထားတဲ့ စာတကြောင်းမှ မရှိပါ။ ပြန်လည်ဖတ်ကြားကြည့်ပါ။ နိုင်ငံရေးအင်အားစုကြီးများလို့ ရေးသားထားပါတယ်။ အင်အားစုဆိုမှတော့ အများထောက်ခံမှုရှိလို့ပဲ မဟုတ်ပါလား။ အများထောက်ခံမှုနဲ့ လူအများကို ကိုယ်စားပြုမှု ရာခိုင်နှုန်း ဆိုတဲ့ သဘောတရားနှစ်ခုကတော့ ကွာခြားပါတယ်။ ဒါကို ကျွန်မ ဆိုထားတာဖြစ်ပါတယ်။

(၆) ရွှေဝါရောင်တော်လှန်ရေး အရှိန် ဘယ်လိုအချိန်၊ ဘယ်လိုကာလမှာ ပြုတ်ကျသွားပြီး ပွဲပြီးမီးသေ ဖြစ်ခဲ့လဲ ဆိုတာ ပါဝင်ခဲ့သူတွေ အသိဆုံးဖြစ်မှာမို့ ဦးညွန့်ရွေပြောကြားတဲ့ ဒီအချက်ကိုတော့ ကျွန်မ ဘာမှ ထပ်မပြောလိုပါ။



နောက်တပိုဒ်မှာကတော့ ကျွန်မဆောင်းပါးရဲ့ သဘောတရားနဲ့ လူထုခေါင်းဆောင်နဲ့ကို မဆီမဆိုင် ဆက်စပ်ပြီး ဦးညွန့်ရွှေဆိုထားတဲ့ ကိစ္စပါ။ နိုင်ငံရေးပဋိပက္ခကို ဒိုင်ယာလော့ခ်နဲ့ ဖြေရှင်းမှရမယ်ဆိုတာကို ဒေါ်အောင်ဆန်းစုကြည်က အများဆုံးပြောကြားခဲ့တာပါ။ ဒီအချက်ကိုလဲ ကျွန်မ လက်ခံကြောင်း ရေးထားပြီးသား ဖြစ်ပါတယ်။ ခေါ်ဆိုတဲ့ အခြေအနေကိုပဲ ကျွန်မ ဝေဖန်ထားတာရှိပါတယ်။ အဲဒီအခြေအနေတွေမှာကလဲ ဒေါ်စုက ခေါ်ဆိုထားတာမဟုတ်ပါ။


နောက်ထပ် ဦးညွန့်ရွှေကောက်ချက်ချထားတဲ့ ”ဒေါ်စုမှားတယ်လို့မပြောရဲပေမယ့် သူ့စာဖတ်ကြည့်ရင် အဲလိုကြီးပဲ တွေ့ရပါလိမ့်မယ်” ဆိုတာကတော့ ဦးညွန့်ရွှေရဲ့ တဘက်သတ်ကောက်ချက်ပဲဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ ရှိနေတဲ့ မည်သူတဦးတယောက်ကိုမဆို မှားတယ်၊ မှန်တယ်ဆိုတဲ့ ကိုယ့်အမြင်ကို လွတ်လွတ်လပ်လပ် သုံးသပ်ဝေဖန်ခွင့်ရှိပါတယ်။ ဒါကြောင့် မပြောရဲစရာ ဘာအကြောင်းမှလဲ မရှိပါ။ ပြောစရာ မရှိလို့ မပြောတာပဲ ဖြစ်ပါတယ်။

ဒိုင်ယာလော့ခ်နဲ့ ပတ်သက်လို့ကတော့ ဂန္ဓီကွန်ဖရင့်မှာ အစိုးရဖွဲ့လိုက်ပြီးမှ ခေါ်တာဆိုရင် ပိုပြီး ထိရောက်မှုရှိခဲ့မှာ အမှန်ပါပဲ။ ဒါကြောင့် အချိန်နဲ့ အခြေအနေကို ဝေဖန်ဆွေးနွေးထားတာဖြစ်ပါတယ်။ အဲဒီအချိန်အခါမှာတုန်းက ဒေါ်စုကလဲ အကျယ်ချုပ်အချိန်ကာလဖြစ်ပါတယ်။ ဒါကြောင့် ဒေါ်စုကို ဘာမှလဲ ပြောစရာမလိုပါ။ ဘာမှလဲ မပြောထားပါပဲ ဦးညွှန့်ရွှေကောက်ချက်ချထားက မဆိုင်တဲ့ အချက်ကို ထည့်သွင်းထားတာနဲ့ တူနေပါတယ်။

နောက်တချက်က ဦးညွန့်ရွှေကောက်ချက်ချမှုနဲ့ ပတ်သက်ပြီး ကျွန်မကို မဝေဖန်စေလိုပါလို့ ဆိုထားပါတယ်။ ဝေဖန်ဆွေးနွေးမှဲုကို ကျွန်မလက်ခံပါတယ်။ စာတမ်းထဲကအချက်တွေနဲ့ ဦးညွှန့်ရွှေကောက်ချက်မှုနဲ့ ကိုက်ညီလား၊ မကိုက်ညီလားဆိုတာကိုတော့ ကနဦးစာတမ်းကို ဖတ်ပြီး သုံးသပ်ပြလို့ရပါတယ်။ ဒါမှလဲ ကျွန်မနဲ့ အမြင်မတူတာတွေဆိုရင် အပြန်အလှန်လေးစားမှုနဲ့ ဆွေးနွေးလို့ရမှာ ဖြစ်ပါတယ်။


နောက်တချက်ဖြစ်တဲ့ ဒေါ်စု၊ အဖွဲ့ချုပ်နဲ့ ပြည်ပအင်အားစုကြီးတွေအတွက် ရှေ့နေမလုပ်ပါ ဆိုတဲ့ စကားကတော့ ကျွန်မရဲ့ စာတမ်းအောက်ဆုံးမှာ ရေးသားထားသလိုပဲ ဘယ်လူပုဂ္ဂိုလ်၊ ဘယ်အဖွဲ့အစည်းကို မှ တိုက်ခိုက်စွပ်စွဲထားခြင်း၊ တရားခံသတ်မှတ်ခြင်း မရှိတာကြောင့် ရှေ့နေလဲ မလိုအပ်ဘူး ထင်ပါတယ်။


စာအုပ်ဖတ်စရာတွေ ရည်ညွန်းပေးတဲ့ အတွက်လဲ အထူးပဲ ကျေးဇူးတင်ပါတယ်။

ဝါဒမှိုင်းမိနေရင် ဖောက်ဖို့ မ၀ံ့မရဖြစ်နေတယ်ဆိုတဲ့ အပိုင်းနဲ့ ပတ်သက်ပြီး ပြောရရင် ဘယ်ဝါဒမှိုင်းကျွန်မ ကို သင့်နေတယ်လို့ ဦးညွန့်ရွှေ ထင်မြင်ပါသလဲ။ ပွင့်ပွင့်လင်းလင်း ဆွေးနွေးမေးမြန်းလို့ရပါတယ်။

အမျိုးသားနိုင်ငံရေးကို ဦးတည်ဖို့ အကြံပေးမှုအတွက်လဲ အထူုးပဲ ကျေးဇူးတင်ပါတယ်။ ကျွန်မလဲ အမျိုးသားနိုင်ငံရေးကို ဦးတည်ဆောင်ရွက်နေတာဖြစ်ပါတယ်။ ဒီတော့ အမျိုးသားနိုင်ငံရေးဆိုတာကို ဦးညွှန့်ရွှေရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ကနဦးဆွေးနွေးပေးပါ။ ကျွန်မဦးတည်နေတဲ့ အမျိုးသားနိုင်ငံရေးနဲ့ ဦးညွှန့်ရွေဦးတည်နေတဲ့ အမျိုးသားနိုင်ငံရေးကြားမှာ ဘယ်လို ကွာခြားချက်ရှိလဲဆိုတာ ထပ်မံ ဆွေးနွေးရအောင်ပါ။


နိဂုံးချုပ်အနေနဲ့ ဦးညွန့်ရွှေရဲ့ စာမှာ မိတ်ဆွေများအားလုံးလို့ ဆိုထားတဲ့အတွက် စာဖတ်မိတ်ဆွေများအားလုံးကိုလဲ တခုပြောကြားလိုပါတယ်။ အခုဒီဆောင်းပါးဟာ မည်သူတဦးတဖွဲ့မှ ရေးသားထားချက်မဟုတ်ပဲ သဘောတရား၊ အချက်အလက်နဲ့ သမိုင်းကြောင်းကို ရေးသားထားချက်သာ ဖြစ်ပါတယ်။ ဒီအချက်အပေါ်မှာ ဦးညွှန့်ရွှေက ကျွန်မအနေနဲ့ ဒေါ်စု၊ အဖွဲ့ချုပ်တို့ကို ပြောတယ်လို့ ထပ်ဆင့် ကောက်ချက်ချပြီး ပြန်လည်ပြောကြားထားခြင်းသာလျှင်ဖြစ်ပါတယ်။ ကျွန်မအနေနဲ့ကတော့ ယေဘုယျအချက်အလက်တွေကို ကိုယ့်အမြင်၊ ကိုယ့်ရှုထောင့်ကနေ လွတ်လပ်စွာ ရေးသားခွင့်ကို လက်ကိုင်ပြုပြီး ရေးသားထားခြင်းသာ ဖြစ်ပါကြောင်း။


လေးစားစွာဖြင့်

ခင်မမမျိုး

အပြည့်အစုံဖတ်ချင်ရင်..>>>

အမျိုးသား ရင်ကြားစေ့ရေး ဆိုရာဝယ်

Wednesday, August 12, 2009

မြန်မာ့နိုင်ငံရေးမှာ ရေပန်းအလွန်စားခဲ့တဲ့ စကားလုံးလေးတွေ ရှိပါတယ်။ နယ်ချဲ့ခေတ်က ရေပန်းစားခဲ့တဲ့ လုံးဝ လွတ်လပ်ရေး၊ ဖဒရယ်ပြည်ထောင်စုအရေး၊ ဒိုင်ယာလော့ခ်၊ အမျိုးသားရင်ကြားစေ့ရေး (၀ါ) အမျိုးသားပြန်လည်သင့်မြတ်ရေး (National Reconciliation) စတဲ့ စကားလုံးလေးတွေပါ။ နယ်ချဲ့ခတ်၊ လွတ်လပ်ရေးရပြီး ခေတ်တွေက စကားလုံးလေးတွေကတော့ အချိန်အခါ၊ အခြေအနေနဲ့ လျော်ညီစွာ ထွက်ပေါ်လာခဲ့တဲ့ စကားလုံးလေးတွေပါ။ စစ်အာဏာရှင်ခေတ်ရောက်တော့ ထွက်ပေါ်လာတဲ့ စကားလုံးတွေက စကားလုံးအနေနဲ့ဆိုရင် အလွန်တန်ဖိုးရှိပေမယ့် အချိန်အခါ၊ အခြေအနေနဲ့ မလျော်ညီပဲ ထွက်ပေါ်လာတဲ့ စကားလုံးတွေ ဖြစ်လာပါတော့တယ်။ အခုဒီဆောင်းပါးမှာ လတ်တလောရေပန်းစားနေတဲ့ အမျိုးသားရင်ကြားစေ့ရေး စကားလုံးနဲ့ ပတ်သက်တဲ့ အခြေခံသဘောတရားနဲ့ စကားလုံးအသုံးပြုရတဲ့ အခြေအနေ၊ အချိန်အခါကို တင်ပြလိုပါတယ်။



အမျိုးသားရင်ကြားစေ့ရေး

အမျိုးသားရင်ကြားစေ့ရေးဆိုတာ ရေရှည်ခံငြိမ်းချမ်းရေးတည်ဆောက်မှု အတွက် အလွန်အရေးကြီးတဲ့ သဘောတရားတခုဖြစ်ပါတယ်။ နိုင်ငံတနိုင်ငံက ပြည်သူလူထု၊ အစိုးရ၊ တပ်မတော်၊ လူမျိုးစုတွေ အချင်းချင်း အကြားမှာ ပဋိပက္ခတွေ ဖြစ်ပွားလာတဲ့အခါ အကြမ်းဖက်မှု၊ တရားမျှတမှုကင်းမဲ့တဲ့ လုပ်ရပ်တွေ ပေါ်ထွက်လာတတ် ပါတယ်။ အင်အားကြီးသူက အင်အားနည်းသူကို အနိုင်ကျင့်နှိပ်စက်သတ်ဖြတ်မှုတွေ ဖြစ်ပွားလာပါတယ်။ ဒီလိုနဲ့ ပဋိပက္ခတွေပြေလည်လာပြီးတဲ့အခါ ပဋိပက္ခဖြစ်ပွားခဲ့တဲ့ ပြည်သူနဲ့ တပ်မတော်အကြား၊ လူမျိုးစု အချင်းချင်းတွေအကြားမှာ တဦးနဲ့တဦးတည်ရှိမှုနဲ့ ရပ်တည်မှုကို အပြန်အလှန် အသိအမှတ်ပြုခြင်း၊ တဦးနဲ့တဦးရဲ့ ကွဲပြားခြားနားမှုတွေ၊ အကျိုးစီးပွားတွေ၊ တန်ဖိုးထားမှုတွေကို အပြန်အလှန်လေးစားခြင်းစတဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ရပါတယ်။ ဒီလိုတွေ့ဆုံဆွေးနွေးမှုတွေဟာ ပဋိပက္ခပေါ်မှာ မူတည်ပြီး ရေတို၊ ရေရှည် အချိန်အတိုင်းအတာ တခု ကြာတတ်ပါတယ်။ ဒီလို တွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်တဲ့ ဖြစ်စဉ်ကို အမျိုးသားရင်ကြားစေ့ရေးဖြစ်စဉ်အဖြစ် ခေါ်ဆိုပါတယ်။

နိုင်ငံရေးအကြမ်းဖက်မှုရဲ့ စိတ်ပိုင်းဆိုင်ရာနောက်ဆက်တွဲပြဿနာတွေကို လေ့လာခဲ့တဲ့ ပညာရှင် Montville ဆိုသူက နိုင်ငံရေးပဋိပက္ခတွေအကြားမှာ အကြမ်းဖက်မှုခံထားရသူများဟာ နောင်မှာ ဒီလိုအကြမ်းဖက်မှုတွေ ထပ်မံဖြစ်ပွားလာမှာကို ကြောက်ရွံ့စိတ်တွေ ရှိနေတတ်ပြီး၊ ဒီိလိုကြောက်ရွံ့စိတ်တွေဟာ သူတို့အပေါ် အကြမ်းဖက်ခဲ့သူတွေအပေါ် ယုံကြည်မှုကို လျော့နည်းစေတတ်တယ်လို့ ဆိုထားပါတယ်။ ဒီလိုယုံကြည်မှု လျော့နည်းနေတာာနဲ့အမျှ စစ်မှန်တဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ တိုင်ပင်ညှိနှိုင်းမှုတွေ ရှိလာမှာ မဟုတ်ပါဘူး။ ဒီအခါမှာ နိုင်ငံတနိုင်ရဲ့ တည်ဆောက်မှုဖြစ်စဉ်ကို ထိခိုက်စေနိုင်ပါတော့တယ်။

ဖိနှိပ်သူတွေနဲ့ ဖိနှိပ်ခံရသူတွေအကြားမှာ စစ်မှန်တဲ့ နားလည်ခွင့်လွှတ်မှုဖြစ်ပေါ်လာရေးမှာ အဆင့် သုံးဆင့်ရှိပါတယ်။ ပထမအဆင့်ကတော့ အသိပေးခြင်းအဆင့် (acknowledgment) ဖြစ်ပါတယ်။ ဒီအဆင့်မှာ ဖိနှိပ်ခဲ့တဲ့ အာဏာရှင်တွေဟာ သူတို့ဘာတွေလုပ်ခဲ့လဲဆိုတာကိုအများပြည်သူကို အသိပေးမှုတွေ ပြုလုပ်ရပါတယ်။ အမှန်တရားကို ဖော်ထုတ်ပြောကြားပြီး၊ နောင်အချိန်မှာ ဒီလို မဖြစ်စေရဘူးဆိုတဲ့ အသိကို လူအများယုံကြည်လာအောင် အသိပေးရပါတယ်။ နောက်တချက်ကတော့ contrition အဆင့်ဖြစ်ပါတယ်။ ဒီအဆင့်မှာ ဖိနှိပ်ချုပ်ချယ်သူအာဏာရှင်တွေဟာ အတိတ်ကဖြစ်ရပ်တွေအတွက် တာဝန်ယူတာ၊ နောင်တရမှုကို ထုတ်ဖော်ပြောကြားတာနဲ့ ခွင့်လွှတ်ဖို့ တိုက်ရိုက်တောင်းပန်မှုတွေ ပြုလုပ်ရပါတယ်။ ဒီအဆင့်မှာ ရိုးသားမှုဟာ အရေးကြီးဆုံးဖြစ်ပါတယ်။ တတိယအဆင့်ကတော့ ခွင့်လွတ်ခြင်းအဆင့် (forgiveness) ဖြစ်ပါတယ်။ ဒီအဆင့်ကတော့ ဖိနှိပ်ခံခဲ့ရသူများက အတိတ်က နာကျည်းချက်များကို သင်ပုန်းချေပြီး နားလည်ခွင့်လွှတ် ပေးတာဖြစ်ပါတယ်။ ဒီအတွက် အချိန်အတိုင်းအတာတခု ကြာမြင့်တတ်ပါတယ်။ ပထမအဆင့်နှစ်ဆင့်မှာ ဖိနှိပ်သူတွေဘက်က ဘယ်လောက်အတိုင်းအတာအထိ ရိုးသားစွာပြင်ဆင်ခဲ့လဲ ဆိုတာပေါ်မှာ အဓိက မူတည်ပါတယ်။

ဒါကြောင့်လဲ မှန်ကန်တဲ့ နားလည်ခွင့်လွှတ်လက်ခံမှုတွေ ဖြစ်လာဖို့ အမျိုးသားရင်ကြားစေ့ရေးဖြစ်စဉ် (national reconciliation process) ဆိုတာ လိုအပ်လာတာ ဖြစ်ပါတယ်။ ဒါမှလဲ အနာဂတ်တိုင်းပြည် တည်ဆောက်မှုကို အရှိန်အဟုန်နဲ့ တိုးတက်အောင် လက်တွဲတည်ဆောက်နိုင်မှာဖြစ်ပါတယ်။ လူနှစ်ယောက်အိမ်ထောင်ပြုမှုမှာတောင် အိမ်ထောင်ဘက်တဦးဆီမှာ သံသယတွေ၊ မယုံကြည်မှုတွေ၊ အနိုင်ကျင့်စော်ကားမှုတွေ ရှိနေမယ်ဆိုရင် ဒီအိမ်ထောင်ဟာ ပြိုလဲခြင်းဖြစ်ရင်ဖြစ်၊ မဖြစ်ရင်လဲ သာယာငြိမ်းချမ်းမှု ရှိနိုင်မှာ မဟုတ်ပါဘူး။ အပြန်အလှန်လေးစားမှု၊ ယုံကြည်မှု၊ ညှိနှိုင်း ဆောင်ရွက်မှုတွေအပေါ်မှာ အခြေတည်မှာ မိသားစုရဲ့ အနာဂတ်ဘ၀ကို ကောင်းကောင်းမွန်မွန် ပျော်ပျော်ရွှင်ရွှင် လက်တွဲတည်ဆောက်လို့ ရနိုင်ပါတယ်။ နိုင်ငံတနိုင်ငံရဲ့ အခြေခံယူနစ်လေးတခုဖြစ်တဲ့ မိသားစုလေးတခု တည်ဆောက်တာမှာတောင် အပြန်အလှန်ယုံကြည်မှု၊ အပြန်အလှန် လေးစားမှု၊ နားလည်ခွင့်လွှတ်မှုဟာ ဒီလောက်အရေးကြီးတယ်ဆိုရင် နိုင်ငံတနိုင်ငံတည်ဆောက်မှုမှာဆိုရင် မည်မျှ အတိုင်းအတာအထိ အရေးကြီးမယ်ဆိုတာ ခန့်မှန်းလို့ရနိုင်ပါတယ်။ ဒီတော့ ဘယ်လိုအခြေအနေမျိုးမှာ အမျိုးသား ရင်ကြားစေ့ရေးဖြစ်စဉ် စတင်လာမလဲ ဆိုတာ လေ့လာကြည့်ရအောင်ပါ။

အခြေအနေနှင့် အချိန်အခါ

အမျိုးသားရင်ကြားစေ့ရေးဆိုတာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခဖြစ်စဉ်နဲ့ နိုင်ငံရေးအခြေအနေ၊ နိုင်ငံရေး အခင်းအကျင်း အချိန်အခါတွေအပေါ်မှာ မူတည်ပါတယ်။ နိုင်ငံရေးအခြေအနေ၊ အချိန်အခါ ကို မသုံးသပ်ပဲ သဘောတရားနဲ့ ဖြစ်စဉ်တွေကို အသုံးပြုလို့ မရပါဘူး။ ဥပမာ- ဒိုင်ယာလော့ခ်ဆိုတဲ့ စကားလုံးကို နမူနာကြည့်နိုင်ပါတယ်။ ဒိုင်ယာလော့ခ်ဆိုတာက ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုအခြေအနေမှာဆိုရင် ကနဦးဒီမိုကရေစီပြုပြင်ပြောင်းလဲမှုဖြစ်စဉ် (Initial Democratization) အရ ကြားဖြတ်အစိုးရ ပေါ်ပေါက်လာပြီးမှ ဒီမိုကရေစီစနစ် အမြစ်တွယ်ခိုင်မာမှု (democratic consolidation) ကို အသွင်ကူးပြောင်းမှု ကာလ (transition period) မှာ ခေါ်ဆိုရတာဖြစ်ပါတယ်။ ဒီကြားဖြတ်အစိုးရဆိုတာမှာ အတိုက်အခံဦးဆောင်တဲ့ ကြားဖြတ်အစိုးရ (opposition-led provisional government) ဒီမိုကရေစီအတိုက်အခံများနဲ့ အာဏာရှင်ဘက်မှ ပြုပြင်ပြောင်းလဲလိုသူများ ပူးတွဲတည်ထောင်တဲ့ ပါဝါရှယ်ယာ ကြားဖြတ်အစိုးရ (power sharing interim government)၊ အာဏာရှင်ဘက်မှ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုပြုလုပ်ရန် ကြေညာဖွဲ့စည်းတဲ့ အိမ်စောင့်အစိုးရ (incumbent-led caretaker government) နဲ့ နိုင်ငံတကာ ကြားဖြတ်အစိုးရ (international interim government)ဆိုပြီး သဏ္ဌာန်လေးမျိုး ရှိပါတယ်။ ဒိုင်ယာလော့ခ်ဆိုတာ ဒီလိုကြားဖြတ်အစိုးရ တခုခုရှိပြီးမှ ခေါ်ယူရတာဖြစ်ပါတယ်။ အဲဒီမှာမှ တွေ့ဆုံဆွေးနွေး အဖြေရှာရင် အမျိုးသားရင်ကြားစေ့ရေးကိုပါ တည်ဆောက်ရတာ ဖြစ်ပါတယ်။

ဒါပေမယ့် တချို့နိုင်ငံတွေမှာကျတော့ ဒီအခြေအနေ၊ အချိန်အခါကို သဘောမပေါက်ပဲ မုန့်ဆီကြော်က ဘယ်နေမှန်းမသိ၊ နှာခမ်းနာနဲ့ တည့်ပါ့မလား ဆိုတဲ့ အဖြစ်မျိုးတွေ ပေါ်လာတတ်ပါတယ်။ ကြားဖြတ်အစိုးရဆိုတာ မပေါ်ပေါက်သေးခင်မှာ ဒိုင်ယာလော့ခ်ကို ခေါ်တတ်ကြပါတယ်။ ရလာဘ်ကတော့ အင်မတန်အနှစ်သာရရှိတဲ့ တွေ့ဆုံဆွေးနွေးအဖြေရှာရေး စကားလုံးဟာ ထပ်ခါတလဲလဲ ပြောစရာတွေဖြစ်ပြီး ဆီသည်မလက်သုတ် ဖြစ်သွားတော့တာပါပဲ။ အာဏာရှင်ဘက်ကကြည့်မယ်ဆိုရင်လဲ အလွန်ကို ဟာသမြောက်စေတဲ့ နိုင်ငံရေးထိုးစစ် ဖြစ်လာစေပါတော့တယ်။ ပမာဆိုရရင် ရပ်ကွက်ထဲရောက်လာတဲ့ ဓားကိုင် အမူးသမားရှေ့မှာ ရပ်ကွက်သူ၊ ရပ်ကွက်သားတွေ ဒူးထောက်ထိုင်ပီး “ဒို့တတွေ ဆွေးနွေးကြရအောင်” လို့ သွားပြောနေတာနဲ့ အတူတူပါပဲ။ အမူးသမားက လူစိတ်ပျောက်နေချိန် ဖြစ်နေလေတော့ ဒီလိုသွားပြောနေရင် အားရပါးရ ဇက်တွေကို ပိုင်းချလိုက်မှာ အသေအချာပါ။ အမှန်တကယ်လုပ်သင့်တာက လူအားနဲ့ အမူးသမားလက်က ဓားကို အထိအခိုက်အနည်းဆုံးနဲ့ ဘယ်လိုပြုတ်ထွက်သွားအောင် လုပ်ရမလဲ ဆိုတာကို စဉ်းစားပြီး ညီညီညာညာ လုပ်သင့်တာမျိုးပါ။ ပြီးမှ အမူးသမားကို ခေတ္တစောင့်ကြည့်ထားပြီး၊ အမူးပြေမှ ဆွေးနွေးမှုလုပ်ရတာမျိုးပါ။ ဆွေးနွေးနိုင်ဖို့ဆိုတာက တဘက်က ခြိမ်းချောက်နိုင်တဲ့ အခြေအနေကို အရင်ထိန်းချုပ်ပြီးမှ လုပ်ရမယ့်အရာသာဖြစ်ပါတယ်။

ဒီလိုမဟုတ်ပဲ အချိန်အခါကို မချင့်ချိန်တတ်ပဲ ကြားဖြတ်အစိုးရကလဲ မပေါ်သေး၊ ယုတ်စွအဆုံး အာဏာရှင်တွေဘက်က ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုလုပ်မယ့် အိမ်စောင့်အစိုးရဖွဲ့မယ်ဆိုတဲ့ အရိပ်အယောင်လေး တွေတောင် မပေါ်သေးခင်မှာ ဒီမိုကရေစီလှုပ်ရှားမှုကို ဦးဆောင်သူများအဖြစ် ပြည်သူလူထုက ရွေးချယ်ထားခဲ့သူတွေ၊ မိမိဘာသာ ဦးဆောင်သူများအဖြစ် တံဆိပ်ကပ်ထားသူတွေက ဒိုင်ယာလော့ခ်ဆိုတဲ့ စကားလုံးကိုသာ တွင်တွင်ကြီး ခရားရေလွှတ် ပြောလာကြတဲ့အခါကျတော့ အာဏာရှင်တွေအတွက်က ဟားစရာဖြစ်လာပါတယ်။ ဟားလို့ကောင်းတဲ့အပြင် ရန်သူ့လက်နက်၊ ကိုယ့်လက်နက်ပါ လုပ်လို့ရလာပါသေးတယ်။ ပြည်သူလူထုရဲ့ လှုပ်ရှားမှုအားကောင်းလာရင်၊ လူထုတိုက်ပွဲတွေ အရှိန်ရလာရင် အတိုက်အခံဦးဆောင်တဲ့ ကြားဖြတ်အစိုးရပေါ်လာပြီး ကနဦးဒီမိုကရေစီပြုပြင်ပြောင်းလဲမှုဖြစ်စဉ်ဖြစ်ပေါ်သွားတတ်ပါတယ်။ ဒါကို အာဏာရှင်တွေက အလွန်ကြောက်ပါ တယ်။ ဒီမိုကရေစီလှုပ်ရှားမှု အချိန်တွေ ကြာမြင့်လာရင်တော့ ဒါကို ကြောက်သူတွေက အာဏာရှင်တွေတင် မဟုတ်တော့ပါဘူး။ မအောင်မြင်တဲ့ ဒီမိုကရေစီတိုက်ပွဲကို ဦးဆောင်ခဲ့သူများထဲက စိတ်ထားမမှန်သူတွေကလဲ သူတို့ရဲ့ status quo ပျောက်သွားမှာ စိုးရိမ်လာကြပါတယ်။

အဲဒီမှာတင် အာဏာရှင်ဘက်ကလဲ လူထုတိုက်ပွဲ အရှိန်ကောင်းလာပြီး ကြားဖြတ်အစိုးရဖွဲ့တဲ့အဆင့်ထိ မတက်လှမ်းခင်မှာ အမြန်အဆန် ဖြိုခွင်း၊ ရန်သူ့လက်နက်၊ ကိုယ့်လက်နက်လုပ်ပြီး ဒိုင်ယာလော့ခ်လုပ်မယ် ကမ်းလှမ်းတော့တာပါပဲ။ ဒါကို status quo ပျောက်မှာ စိုးရိမ်သူတွေကလဲ အလျင်အမြန် လက်ခံတော့တာပါပဲ။ နိုင်ငံတကာအဖွဲ့အစည်းတွေကလဲ ဒီလိုအခြေအနေမျိုးတွေကို ထောက်ခံပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ ခေါင်းပေါ်ကျနေတဲ့ ၀န်ထုပ်ဝန်ပိုးတခု ကျသွားလို့ပါပဲ။ နောက်ဆုံးတော့ ကြားဖြတ်အစိုးရ (သို့) အိမ်စောင့်အစိုးရ တခုပေါ်လာပြီးမှ ထွက်ပေါ်လာရမယ့် ဒိုင်ယာလော့ခ်ဆိုတာကလဲ သီးချိန်တန်သီး၊ ပွင့်ချိန်တိုင်ပွင့်ရမှာ မဟုတ်ပဲ အတင်းသီးခိုင်းနေသလိုဖြစ်တဲ့အတွက် အသီးက မသီးပဲ political deadlock ဖြစ်သွားတော့တာပါပဲ။ အဲဒီလို ရှေ့မတိုး၊ နောက်မဆုတ်ဖြစ်လာတဲ့ အခါကျတော့ ပြည်သူလူထုကလဲ သူတို့ကိုယ်တိုင် ရွေးချယ်ပေးခဲ့တဲ့ နိုင်ငံရေးဦးဆောင်သူတွေ၊ မိမိဘာသာဦးဆောင် တံဆိပ်ကပ်ထားသူတွေကို စိတ်ပျက်လာပါတယ်။ ယုံကြည်မှုမဲ့ လာပါတယ်။ နိုင်ငံရေးလုပ်နေသူတွေအကြားမှာလဲ အမြင်တွေကွဲလာပါတယ်။ ဘေးထွက်ထိုင်နေသူတွေ များလာပါတယ်။ မျိုးဆက်သစ်တွေကလဲ မျိုးဆက်ဟောင်းတွေကို အထင်သေးလာပါတယ်။ ပူးပေါင်းဆောင်ရွက်မှု အားနည်းလာကြပါတယ်။ အဲဒီမှာတင် လူထုနဲ့ ဒီမိုကရေစီတိုက်ပွဲနဲ့ တသားတည်းဖြစ်မှုနဲ့ မျိုးဆက်သစ်မျိုးဆက်ဟောင်းအကြား၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများအကြားမှာ ပူးပေါင်းဆောင်ရွက်မှု လျော့ကျသွား ပါတော့တယ်။ အဖြေကတော့ အာဏာရှင် သက်ဆိုးရှည်သွားစေတာပါပဲ။ အာဏာရှင်တွေ စိတ်တိုင်းကျ လုပ်ချင်ရာ လုပ်လို့ ရသွားစေတော့တာပါပဲ။

အခုဆက်လက်ပြီး အမျိုးသားရင်ကြားစေ့ရေး ဖြစ်စဉ်စတင်တဲ့ အခြေအနေနဲ့ အချိန်အခါကို တင်ပြလိုပါတယ်။ ရင်ကြားစေ့ရေး (၀ါ) ပြန်လည်သင့်မြတ်ရေးလုပ်ရတယ်ဆိုတာက ပဋိပက္ခရှိနေလို့ ပြုလုပ်ရတာ ဖြစ်ပါတယ်။ ပဋိပက္ခရှိနေရင် တချိန်မှာ ပြန်လည်သင့်မြတ်ရေးလုပ်ရတယ်ဆိုတာကတော့ ထုပ်ဆီးတိုးရင်း၊ ဘောလုံးကန်ရင်း ရန်ဖြစ်ဖူးတဲ့ ကလေးကအစ နားလည်ပါတယ်။ ဒါကြောင့် အမျိုးသားရင်ကြားစေ့ရေးဖြစ်စဉ် မည်၍မည်မျှ အရေးကြီးတယ်ဆိုတာကို ရေကြီးခွင်ကျယ် ငြင်းခုန်ဆွေးနွေးနေကြစရာ၊ အစည်းအဝေးပွဲတွေကျင်းပပြီးရှင်းပြနေစရာ မလိုအပ်လှပါ။ ဘယ်လိုအချိန်မှာ အမျိုးသားရင်ကြားစေ့ရေးဖြစ်စဉ် ပေါ်ထွက်အောင်ပြုလုပ်နိုင်သလဲဆိုတာကသာ ပိုပြီး အရေးကြီးတဲ့ ကိစ္စရပ်ဖြစ်ပါတယ်။ အမျိုးသားရင်ကြားစေ့ရေးဆိုတာ ပဋိပက္ခဖြစ်ပွားမှု အဆင့်ဆင့်ရဲ့ Peace and Reconciliation stage မှာ ပေါ်ထွက်ရတာ ဖြစ်ပါတယ်။

ဒါနဲ့ ပတ်သက်ပြီး ပဋိပက္ခဖြစ်ပွားမှုအဆင့်ဆင့်ကို ကြည့်ကြရအောင်ပါ။


နိုင်ငံတခုအတွင်းမှာ ဖြစ်ပေါ်တဲ့ ပဋိပက္ခ (Intrastate conflict) အမျိုးအစားမှာပဲဖြစ်ဖြစ်၊ နိုင်ငံအချင်းချင်းအကြားမှာ ဖြစ်ပေါ်တဲ့ ပဋိပက္ခ (Interstate conflict) မှာပဲဖြစ်ဖြစ် လေ့လာသူပညာရှင်များ၊ မူဝါဒချမှတ်သူများ စတင်ပြုလုပ်ရတာကတော့ ပဋိပက္ခအခြေအနေ၊ အဆင့်ကို ဆန်းစစ်ရတာဖြစ်ပါတယ်။ ဆန်းစစ်မှု နည်းလမ်းအမျိုးမျိုးကွဲပြားမှုရှိပေမယ့် အထက်မှာ ဖော်ပြထားတဲ့ ပုံထဲက ပဋိပက္ခအဆင့်ဆင့်ကို ပညာရှင်အများစုက အသုံးပြုလေ့ရှိပါတယ်။

နိုင်ငံတွေအကြား(သို့မဟုတ်) နိုင်ငံတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ လူမျိုးစုတွေအကြား (သို့မဟုတ်) နိုင်ငံတော်ရဲ့ အစိုးရနဲ့ ပြည်သူလူထုအကြားမှာ ကွဲပြားခြားနားတဲ့ တန်ဖိုးထားမှုတွေ၊ လိုအပ်ချက်တွေနဲ့ အကျိုးစီးပွားတွေ ရှိပါတယ်။ ဒီလိုကွဲပြားခြားနားမှုတွေဟာ ရံဖန်ရံခါမှာ ပဋိပက္ခဖြစ်စေနိုင်တဲ့ အကြောင်းတရားတွေ ဖြစ်လာတတ်ပါတယ်။ ဒီအဆင့်ကို Latent stage လို့ ခေါ်ဆိုလေ့ရှိပါတယ်။ ဒီအဆင့်ကနေ ရှေ့ဆက်ပြီးဖြစ်လာတဲ့ triggering event တခုဟာ ပဋိပက္ခကို ဖောက်ခွဲပစ်လိုက်နိုင်ပါတယ်။ ဥပမာဆိုရရင် ၁၉၆၈ ခုနှစ်မှာ အိုင်ယာလန်မြောက်ပိုင်းက ကက်သလစ်ဘာသာဝင်လူနည်းစုဟာ နိုင်ငံသားဆိုင်ရာ အခွင့်အရေးတောင်းဆိုမှုတွေကို အကြမ်းမဖက် ဆန္ဒပြတဲ့နည်းနဲ့ ပြုလုပ်ခဲ့ကြပါတယ်။ ဒီဆန္ဒပြပွဲကို လူများစု ပရိုတက်စတင့် ဘာသာဝင်တွေက ထိန်းချုပ်တဲ့ အစိုးရက အင်အားသုံးဖြိုခွင်းခဲ့ပါတယ်။ အဲဒီမှာတင် အတိတ်က ရှိခဲ့ဖူးတဲ့ စိတ်ဒဏ်ရာအနာတရတွေ ထွက်ပေါ်လာပါတယ်။ ပြန်ပြောင်းသတိရမှုတွေ ဖြစ်ပွားလာပါတယ်။ နောက်ဆုံးမှာတော့ လွတ်လပ်တဲ့အိုင်ယာလန်နိုင်ငံ တည်ဆောက်ရေး တောင်းဆိုမှု တိုက်ပွဲတွေအထိ ကြီးကျယ်သွားပါတော့တယ်။ ဒီအခြေအနေဟာ conflict emergence အခြေအနေပဲဖြစ်ပါတယ်။ ဒီအဆင့်မှာ လူအများ ပူးပေါင်းပါဝင်လာကြပါတယ်။ လူအများက ရွေးချယ်တဲ့ ခေါင်းဆောင်ပဲဖြစ်ဖြစ်၊ တံဆိပ်ကပ်ခေါင်းဆောင်ပဲဖြစ်ဖြစ် ခေါင်းဆောင်တွေ ပေါ်ထွက်လာပါတယ်။ အဲဒီကနေတဆင့် ပဋိပက္ခဟာ တစတစနဲ့ ကျယ်ပြန့်သွားပါတော့တယ်။ အများက ပူးပေါင်းပါဝင်မှုတွေ ရှိလာပါတယ်။ ပဋိပက္ခဖြစ်ကြတဲ့ နှစ်ဦးနှစ်ဘက်အကြားက အပေါ့စား နည်းဗျူဟာ (light tactic) တွေဖြစ်တဲ့ အပြုသဘောဝေဖန်ဆွေးနွေးငြင်းခုန်မှု၊ ကတိက၀တ်ပြုမှုတွေကနေ အပြင်းစားနည်းဗျူဟာ (Heavy tactic) တွေဖြစ်တဲ့ ခြိမ်းချောက်မှု၊ ပါဝါကစားမှုနဲ့ အကြမ်းဖက်မှုတွေ ဖြစ်လာပါတယ်။ ပဋိပက္ခအရွယ်အစားကြီးလာပါတယ်။ အဖြစ်အပျက်တခုတည်းကို အာရုံစိုက်မှုကနေ ကိစ္စရပ်တွေပိုများလာတယ်။ ပါဝင်တဲ့ ဘက်နှစ်ဘက်မှာ ညှိနှိုင်းဖို့ အဆင့်မဟုတ်တော့ပဲ တဘက်နဲ့ တဘက် အနိုင်ယူဖို့ အဆင့်ဖြစ်လာပါတယ်။ ဒီအခြေအနေကို conflict escalation ဖြစ်လာတဲ့အဆင့်လို့ သတ်မှတ်ကြပါတယ်။

ဒီလိုနဲ့ conflict escalation အဆင့်မှာ အချိန်ကြာလာတဲ့အခါ နှစ်ဘက်စလုံးက နိုင်လဲမနိုင်၊ ရှုံးလဲ မရှုံးတဲ့ အခြေအနေကို ရောက်လာပါတယ်။ နှစ်ဘက်စလုံး ခြေကုန်လက်ပမ်းကျ လာတဲ့ အခြေအနေမျိုးကို ပြောတာပါ။ ဒါပေမယ့် နှစ်ဘက်စလုံးကလဲ ရှုံးတယ်လို့ လက်မခံနိုင်ကြသလို ဘက်တဘက်က အရှုံးပေးလိုက်တယ်ဆိုတာမျိုးလဲ မရှိပါဘူး။ အဲဒီလိုအခြေအနေမျိုးကို Stalemate အဆင့်လို့ သတ်မှတ်ကြပါတယ်။ ဒီလိုနဲ့ အချိန်တွေကြာလာတဲ့အခါမှာ ပဋိပက္ခဆက်ဖြစ်နေရတာဟာ ပေးဆပ်ရတာ သိပ်ကြီးလွန်းတဲ့အခြေအနေ နှစ်ဘက်စလုံးမှာ ဖြစ်လာပါတယ်။ ပဋိပက္ခစတင်ဖြစ်ပွားစဉ်က ရည်မှန်းချက်တွေကလဲ အသွင်ပြောင်းလဲလာပါတယ်။ အများစုကလဲ ထောက်ခံအားပေးမှုလျော့ကျလာပါတယ်။ အဲဒီမှာတင် ဒီင်္ပဋိပက္ခကို ဘယ်လို အဆုံးသတ်သင့်သလဲ၊ ဘယ်လိုအပေးအယူလုပ်သင့်သလဲဆိုတာ နှစ်ဘက်စလုံးက စဉ်းစားလာကြပါတော့တယ်။ ဒီလိုဖြစ်လာတဲ့ အခြေအနေကို conflict de-escalation အဆင့်လို့ သတ်မှတ်ကြပါတယ်။ ဥပမာ- တောင်အာဖရိက သမ္မတ de Klerk ဟာ အမျိုးသားပါတီနဲ့ တောင်အာဖရိက လူဖြူများရဲ့ ရည်မှန်းချက်တွေကို ပြန်လည်ပြုပြင်ပြီး၊ နိုင်ငံသစ်ကို ပြန်လည်တည်ထောင်ဖို့အတွက် ကနဦးဒီမိုကရေစီပြောင်းလဲမှုဖြစ်စဉ်အနေနဲ့ incumbent-led caretaker government ကို စတင်ခဲ့ပါတယ်။ ဒါကြောင့်လဲ ဒိုင်ယာလော့ခ်နဲ့ ပဋိပက္ခဖြေရှင်းမှု (conflict/ dispute settlement) အဆင့်ကို ထပ်ရောက်သွားပြီး၊ ပဋိပက္ခဖြစ်ပွားပြီးနောက်ပိုင်း ငြိမ်းချမ်းရေးတည်ဆောက်မှုနဲ့ အမျိုးသား ရင်ကြားစေ့ရေးဖြစ်စဉ်တွေ ပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။ တောင်အာဖရိကနိုင်ငံက အမျိုသားရင်ကြား စေ့ရေးဖြစ်စဉ်အပြင် တခြားအမျိုးသားရင်ကြားစေ့ရေးဖြစ်စဉ်များဖြစ်တဲ့ အာဂျင်တီးနား၊ ချီလီ၊ ဥရုဂွေး၊ El Salvador၊ Guatemala၊ ချက်ကိုစလိုဗက်ကီးယား၊ အယ်လ်ဘေးနီးယား၊ ဘူလ်ဂေးရီးယား၊ ရိုမေးနီးယား၊ ပိုလန်၊ ဟန်ဂေရီ၊ ဂျာမဏီနဲ့ စပိန်နိုင်ငံများမှာလဲ အမျိုးသားရင်ကြားစေ့ရေးဖြစ်စဉ်ဆိုတာ conflict de-escalation (သို့မဟုတ်) conflict settlement အဆင့်တွေနောက်ပိုင်းမှာမှ ငြိမ်းချမ်းရေးတည်ဆောက်မှုနဲ့အတူ တွဲဖက်ပေါ်လာတာ ဖြစ်ပါတယ်။ ဒီအဆင့်ဆင့်တွေဟာ အဆင့်လိုက်ဖြစ်ပေမယ့် တချို့အဆင့်တွေမှာ ရပ်တန့်နေတာမျိုး၊ နောက်ပြန်ဆုတ်သွားပြီးမှ အရှိန်ယူပြီး တဆင့်ပြန်တက်တာမျိုးတွေလဲ ရှိတတ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် conflict de-escalation မဖြစ်ပြီးသရွေ့ စစ်မှန်တဲ့ အမျိုးသားရင်ကြားစေ့ရေးဆိုတာ ဖြစ်ပေါ်လာမှာ မဟုတ်ပါဘူး။

အခုဆက်လက်ပြီး မြန်မာ့အရေးမှာ လတ်တလော အလွန်ရေပန်းစားနေတဲ့ အမျိုးသားရင်ကြားစေ့ရေးဆိုတဲ့ စကားလုံးဟာ လက်ရှိအခြေအနေ၊ အချိန်အခါနဲ့ ကိုက်ညီမှု ရှိမရှိဆိုတာကို ဆက်လက်တင်ပြပါမယ်။

မြန်မာ့အရေး

မြန်မာနိုင်ငံမှာ သက်ဦးဆံပိုင်ဘုရင်စနစ်ကျင့်သုံးခဲ့စဉ်တုန်းက စနစ်ကြောင့် ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေ ရှိပါတယ်။ ဒါတွေဟာ ဗမာလူမျိုးစုနဲ့ မွန်လူမျိုးစုအကြား၊ ဗမာလူမျိုးစုနဲ့ ရှမ်းလူမျိုးစုအကြား၊ ဗမာလူမျိုးစုနဲ့ ရခိုင်လူမျိုးစုအကြားမှာ ဖြစ်ပွားတဲ့ ပဋိပက္ခတွေမဟုတ်ပါဘူး။ ရှေးခေတ်တပ်မတော်တွေရဲ့ ဖွဲ့စည်းပုံစနစ်၊ တပ်မတော်တွေကို အာဏာတပ်မက်တဲ့ ဘုရင်တွေက ကိုယ်လိုရာဆွဲယူအသုံးချလို့ ရနိုင်တဲ့ သက်ဦးဆံပိုင်ဘုရင်စနစ်တွေကြောင့် အိမ်ကြက်ချင်းအိုးမဲသုတ် အခွပ်ခံခဲ့ရတာ ဖြစ်ပါတယ်။ နယ်ချဲ့ခေတ် ရောက်တော့လဲ ဒီအတိုင်းပါပဲ။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးဟာ နယ်ချဲ့စနစ်ရဲ့ အုပ်ချုပ်ရေး ယန္တရားတည်တံ့ခိုင်မာမှုကို ခြိမ်းချောက်နိုင်တဲ့ အန္တရာယ်ဖြစ်တာကြောင့် နယ်ချဲ့စနစ်က သွေးခွဲအုပ်ချုပ်မှုတွေ ပြုလုပ်ထားခဲ့ပါတယ်။

လွတ်လပ်ရေးရပြီးချိန်ရောက်တဲ့အခါကျတော့လဲ စစ်မှန်တဲ့အမျိုးသားရင်ကြားစေ့ရေး လုပ်ရမယ့် အခြေအနေ ရောက်ချိန်မှာမှ အထွေထွေ ပြဿနာမျိုးစုံကြောင့် မြန်မာ့မြေဟာ စစ်တလင်းပြင် ဖြစ်ခဲ့ရပြန်ပါတယ်။ စစ်တလင်းပြင်မြေမှာ နိုင်ငံတော်ကာကွယ်ရေးအင်အားစုဖြစ်တဲ့ တပ်မတော်ရဲ့ အခန်းကဏ္ဍက တစတစ ကြီးထွားလာတတ်တာ ထုံးစံပါပဲ။ လူ့သဘောသဘာဝဆိုတာက နေရာပေးလွန်းတာခံရရင် သူဟာ မရှိမဖြစ် အရေးပါနေတယ်လို့ ခံစားရတတ်ပါတယ်။ အဲဒီအခါမှာ စိတ်သဘောထားမှန်သူက လုပ်စရာရှိတာ ဆက်လုပ်ပြီး၊ စိတ်သဘောထား မပြည့်သူက လုပ်ပိုင်ခွင့်ကို လိုတာထက် တိုးချဲ့လာတတ်ပါတယ်။ မြန်မာ့တပ်မတော်ရေးရာမှာလဲ ဒီအတိုင်းဖြစ်ခဲ့တော့တာပါပဲ။ မြန်မာ့တပ်မတော်ရဲ့ အဲဒီခေတ်က ခေါင်းဆောင်တွေက စိတ်ထားမမှန်ပါဘူး။ ပြည်တွင်းစစ်အရှိန်ကြောင့် တပ်မတော်ရဲ့ အခန်းကဏ္ဍတိုးမြင့်လာမှုကို အခွင့်ကောင်းယူပြီး၊ နိုင်ငံတော်ကာကွယ်ရေး အင်အားစုအဆင့်ကနေ နိုင်ငံတော်ရဲ့ နိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍကို တိုးမြှင့်နေရာယူပါတော့တယ်။

ဒီလိုတိုးမြင့်နေရာယူလာမှုမှာလဲ ပြည်သူလူထုအကျိုးကို ဦးတည်တဲ့ နိုင်ငံရေးဦးဆောင်မှုကို ပြုလုပ်ခြင်းမရှိတာကြောင့် အစိုးရ၊ တပ်မတော်၊ ပြည်သူဆိုတဲ့ နိုင်ငံတခုမှာ အရေးကြီးတဲ့ တြိဂံသဏ္ဍာန်ဖြစ်တည်မှုက ပျက်သွားပါတယ်။ အစိုးရနေရာကို တပ်မတော်က အပြီးအပိုင် ရယူလိုက်ပါတယ်။ ပြည်သူအကျိုးစီးပွားနဲ့ တိုက်ရိုက်ဆန့်ကျင်တဲ့ လုပ်ရပ်တွေကြောင့် ပြည်သူနဲ့ ဆန့်ကျင်ဘက်ဖြစ်လာပါတယ်။ ပြည်သူနဲ့ စစ်အစိုးရအကြားက ပဋိပက္ခတွေ ပိုမိုပြင်းထန်လာပါတယ်။ စစ်အာဏာရှင်ကို တော်လှန်တဲ့ လူတန်းစားတရပ် ထွက်ပေါ်လာပါတယ်။ အမြော်အမြင်ရှိတဲ့ တော်လှန်ရေးခေါင်းဆောင်များ ဦးဆောင်တဲ့ လူမျိုးစုတွေအချင်းချင်းအကြား ညီညွတ်မှုကို တည်ဆောက်နိုင် လာတာနဲ့အမျှ ဘုံရန်သူကို ဆန့်ကျင်တဲ့ လုပ်ငန်းစဉ်တွေ ထွက်ပေါ်လာပါတယ်။

လွတ်လပ်ရေးရပြီးစဉ်ကာလကနေ ၁၉၈၈ ခုနှစ်အထိ ကာလတလျှောက်မှာ မြန်မာ့တပ်မတော်နဲ့ လူမျိုးစုစစ်တပ်တွေအကြား၊ မြန်မာ့တပ်မတော်နဲ့ ပြည်သူလူထုအကျိုးကို ဦးစားပေးစဉ်းစားတဲ့ မြေပေါ်မြေအောက် အဖွဲ့အစည်းတွေအကြားမှာ စစ်ရေးတိုက်ပွဲ၊ နိုင်ငံရေးတိုက်ပွဲတွေ အများအပြားပေါ်ထွက်ခဲ့ပါတယ်။ ပဋိပက္ခတွေဟာ conflict emergence အဆင့်ကို ရောက်သွားလိုက်၊ conflict escalation အဆင့်ကို ဆက်မတက်သွားပဲ ရပ်တန့်နေလိုက်၊ ရံဖန်ရံခါမှာလဲ latent conflict အဆင့်ကို ပြန်ကျသွားလိုက်နဲ့ ဖြစ်နေခဲ့ပါတယ်။ အခုကျွန်မ ဆန်းစစ်ချက်က တမျိုးသားလုံအဆင့်၊ တနိုင်ငံလုံးအဆင့်ကို ပြောနေတာဖြစ်ပါတယ်။ လူမျိုးစုတစုချင်းအလိုက် သီးခြားဆန်းစစ်မယ်ဆိုရင်တော့ အသွင်သဏ္ဌာန်က တမျိုးဖြစ်ပါလိမ့်မယ်။

ဒီလိုနဲ့ ၁၉၈၈ ခု၊ ဖုန်းမော်အရေးအခင်းဟာ ပြည်သူလူထုနဲ့ အာဏာရှင်အစိုးရအကြားမှာ ရှိနေခဲ့တဲ့ latent conflicts တွေအားလုံးကို ဖောက်ခွဲပစ်လိုက်တဲ့ triggering event ဖြစ်သွားခဲ့ပါတယ်။ အဲဒီမှာတင် conflict emergence အဆင့်ဖြစ်သွားပြီး၊ conflict escalation အဆင့်အထိ ကြီးထွားသွားခဲ့ပါတယ်။ ဒီပဋိပက္ခဟာ တစတစနဲ့ ဆက်ပြီး ကြီးထွားလာလိုက်တာ နှစ်ဘက်စလုံးခြေကုန်လက်ပမ်းကျတဲ့အဆင့် (stalemate) ကို ရောက်လုနီးနီး ဖြစ်ခဲ့ပါတယ်။ စစ်အာဏာရှင်ဘက်ကနေ အမျိုးသားညီလာခံကို ရပ်တန့်ထားရပြီး၊ အတိုက်အခံတွေဘက်ကလဲ မာနယ်ပလော ကျပြီး နောက်ပိုင်း စစ်ရေး၊ နိုင်ငံရေးကျဆင်းလာတဲ့ အခြေအနေကို ခေါ်ဆိုတာဖြစ်ပါတယ်။ ဒါပေမယ့် နှစ်ဘက်စလုံးက မရှုံးမနိုင်အခြေအနေကနေ conflict de-escalation အဆင့်ကို ဆက်သွားဖို့ အကောင်အထည်ဖော်မှုတွေ မရှိခဲ့ပါဘူး။ ဒီအခြေအနေမှာ နှစ်ပေါင်းများစွာရှိနေပြီးမှ အတိုက်အခံဘက်ကလဲ နိုင်ငံတကာစစ်မျက်နှာနဲ့ ထိုးစစ်ပြန်ဆင်လာခဲ့သလို၊ စစ်အာဏာရှင်ဘက်ကလဲ လမ်းပြမြေပုံ ခုနစ်ဆင့်နဲ့ အောင်ပွဲရယူဖို့ ပြန်ပြီး ကြိုးစားလာကြပါတယ်။ Conflict escalation အဆင့်ကို ပြန်ရောက်သွားတာ ဖြစ်ပါတယ်။ ဒါပေမယ့် အတိုက်အခံများရဲ့ နိုင်ငံတကာထိုးစစ်ဖြစ်တဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အရေးယူမှု မပေါက်မြောက်လာတဲ့အခါကျတော့ နှစ်ဘက်အကြား ပဋိပက္ခဟာ latent conflict အဆင့်အထိ ပြန်လျော့ကျသွားပါတယ်။

ဒီအခြေအနေမှာပဲ လောင်စာဆီဈေးနှုန်းတက်မှုနဲ့ ပခုက္ကူသံဃာတော်များ ရိုက်နှက်ခံရမှုတွေဟာ conflict emergence အဆင့်ကို ဖြစ်စေခဲ့တဲ့ triggering events တွေပဲဖြစ်ပါတယ်။ အဲဒီကနေ အရှိန်ယူပြီး conflict escalation အဆင့်ဖြစ်တဲ့ ရွှေဝါရောင်တော်လှန်ရေးကြီး ပေါ်ထွက်လာခဲ့ပါတယ်။ အတိုက်အခံတွေဘက်ကသာ လူထုတိုက်ပွဲအတွက် ကြိုတင်ပြင်ဆင်ထားမှု၊ နိုင်ငံတကာအပေါ်မှာ အလွန်အကျွံအားကိုးမှုနဲ့ အချိန်အခါမဟုတ်ပဲ ခေါ်ဆိုထားခဲ့တဲ့ ဒိုင်ယာလော့ခ်ဆိုတာ မရှိထားခဲ့ရင် ဒီလိုအခြေအနေမျိုးဆိုတာ အတိုက်အခံဦးဆောင်တဲ့ ကြားဖြတ်အစိုးရ (သို့မဟုတ်) ပါဝါရှယ်ယာ ကြားဖြတ်အစိုးရ ဖွဲ့စည်းခြင်း၊ ဒိုင်ယာလော့ခ်ပြုလုပ်ခြင်း၊ ရွေးကောက်ပွဲကျင်းပခြင်း၊ တိုင်းပြည်တည်ဆောက်မှုနဲ့ အမျိုးသားရင်ကြားစေ့ရေးဖြစ်စဉ်စတင်ခြင်း လုပ်ငန်းစဉ်အဆင့်ဆင့်ကို ဆက်တက်သွားလို့ ရတဲ့ အခြေအနေမျိုးဖြစ်ပါတယ်။ ဒါပေမယ့် ပထမဆုံးလုပ်ရမယ့် အလုပ်ကိုကျော်ပြီး နအဖကနေ ဒိုင်ယာလော့ခ်ခေါ်မယောင် အသံထွက်လာခဲ့ပါတယ်။ ဒါကို ဒိုင်ယာလော့ခ်ဖြစ်သွားနိုင်လား၊ မဖြစ်သွားနိုင်ဘူးလားဆိုတဲ့ အခြေအနေနဲ့ အချိန်အခါကို မသုံးသပ်ခဲ့တဲ့ အတိုက်အခံနိုင်ငံရေးအဖွဲ့တွေကလဲ ထောက်ခံကြိုဆိုကြပါတော့တယ်။ အဲဒီမှာတင် ကိုယ့်လက်နက်ဟာ တဘက်က ရန်သူရဲ့ လက်နက်ဖြစ်သွားပါတယ်။ ဒါကိုပဲ အသုံးချပြီး နအဖစစ်အာဏာရှင်ဘက်ကလဲ conflict escalation အဆင့်မှာ သူတို့ဘက်က အနိုင်ရရေးအတွက် လမ်းပြမြေပုံ အဆင့်ဆင့်ကို အမြန်အဆန် အကောင်အထည်ဖော်ပါတော့တယ်။ ဒါကို counter-action လုပ်ဖို့ အတိုက်အခံတွေဘက်မှာ လုပ်ငန်းစဉ် အဆင့်ဆင့် မရှိခဲ့ပါဘူး။ အဲဒီမှာတင် ရွှေဝါရောင်တော်လှန်ရေးနဲ့အတူ မြင့်တက်လာခဲ့တဲ့ ပြည်သူလူထုရဲ့ နိုင်ငံရေး ရေချိန်ဟာ ပြန်လျော့ကျသွားပါတယ်။ latent conflict အဆင့်ကို ပြန်ရောက်သွားပါတယ်။

နအဖဘက်ကလဲ ဒီအခြေအနေကို အခွင့်ကောင်းယူပြီး လမ်းပြမြေပုံကို တဆင့်ချင်းဆက်တိုးပါတယ်။ ဒါပေမယ့်လဲ စစ်တပ်တွင်းက ၇၅- ၂၅ % နဲ့ ပတ်သက်ပြီး မကျေလည်မှုအခြေအနေတွေ၊ လမ်းပြမြေပုံနဲ့ ပတ်သက်ပြီး လူထုရဲ့ မကျေနပ်မှုတွေ၊ ကမ္ဘာ့စီးပွားရေးပျက်ကပ်ရဲ့ ဂယက်ရိုက်မှုတွေ၊ အထွေထွေ ပြဿနာတွေကြောင့် ပဋိပက္ခအဆင့်ဟာ latent conflict ကို ကျော်လွန်ပြီး၊ ပေါက်ကွဲလုလု ဖြစ်လာပြန်ပါတယ်။ ဒီလိုအခြေအနေမှာသာ triggering event ဖြစ်ပြီး conflict emergence ဖြစ်လာတဲ့အခါ conflict escalation အဆင့်ကို ချက်ချင်းကူးပြောင်းသွားနိုင်မယ့် အလားအလာတွေ ရှိနေပါတယ်။ အဲဒီအဆင့်မှာလဲ ပါဝါရှယ်ယာကြားဖြတ်အစိုးရ ပေါ်ထွက်လာနိုင်မယ့် နိုင်ငံရေးအခင်းအကျင်းသဏ္ဍာန်တွေ ထွက်ပေါ်နေပါတယ်။ ဒီလိုသာဖြစ်လာခဲ့ရင် Initial democratization စတင်သွားမှာဖြစ်ပါတယ်။ ဒီလိုစတင်ပြီးမှ ဒိုင်ယာလော့ခ်ခေါ်တာ၊ ရွေးကောက်ပွဲပြုလုပ်တာ၊ အမျိုးသားရင်ကြားစေ့ရေးဖြစ်စဉ်စတင်တာတွေ ဆက်တိုက်ပြုလုပ်လို့ ရလာပါလိမ့်မယ်။ ဒါကြောင့် လက်ရှိနိုင်ငံရေးအခြေအနေဟာ မြန်မာနိုင်ငံအတွက် အလွန်ပဲ အရေးကြီးနေတဲ့ အချိန်အခါ တခုလို့ ဆိုရမှာ ဖြစ်ပါတယ်။ ဒီလိုအခြေအနေနဲ့ အချိန်အခါမှာ conflict emergence အဆင့်အတွက်၊ conflict escalation အဆင့်အတွက်၊ ပါဝါရှယ်ယာကြားဖြတ်အစိုးရဖွဲ့စည်းနိုင်ရေး၊ တပ်မတော်သားများအား စည်းရုံးရေး စတဲ့ လုပ်ငန်းစဉ်အများအပြားကို နိုင်ငံရေးအခင်းအကျင်းသစ်တခုအနေနဲ့ အကောင်အထည်ဖော်ဆောင်ရွက်ပြီး ကြိုတင်ပြင်ဆင်ရတော့မှာ ဖြစ်ပါတယ်။ ဒီလိုပြင်ဆင်မှုတွေ မရှိရင် ရွှေဝါရောင်တော်လှန်ရေးတုန်းကလိုမျိုး ရုတ်တရက်ပေးလာတဲ့ အခွင့်အလမ်းကို လက်ဆုပ်လက်ကိုင် မယူလိုက်နိုင်သလိုမျိုး ဖြစ်သွားမှာဖြစ်ပါတယ်။

ဒါပေမယ့် ကျွန်မတို့ မြန်မာလူမျိုးတွေရဲ့ ထူးခြားဆန်းကြယ်မှုလို့ပဲ ခေါ်ရလေမလား၊ စစ်အာဏာရှင်ဘက်က ကြည့်ရင်တော့ အလွန်ပင် ဟာသမြောက်စရာကောင်းတဲ့ နိုင်ငံရေးထိုးစစ်ပြက်လုံးတခုလို့ပဲ ခေါ်ရလေမလား မဆိုနိုင်တဲ့ အမျိုးသားရင်ကြားစေ့ရေး အဆိုပြုချက်ကြီး ထွက်ပေါ်လာပါတော့တယ်။ အမျိုးသားရင်ကြားစေ့ရေးဖြစ်ရအောင် conflict settlement အဆင့်ကိုလဲ ရောက်သေးတာ မဟုတ်ပါ။ အဲဒီအဆင့်ဝေးလို့ de-escalation အဆင့်တောင် မရောက်သေးပါ။ နောက်ဆုံး နှစ်ဘက်စလုံးက ရှုံးနေတဲ့ အခြေအနေ (stalemate) အဆင့်မှာပင် မရှိပါ။ အသေအချာသာတွေးကြည့်ရင် conflict emergence အဆင့်နဲ့ conflict escalation အဆင့်ကို နအဖစစ်အုပ်စုရဲ့ လမ်းပြမြေပုံ အဆုံးမသတ်ခင်မှာ မတက်လှမ်းနိုင်ပါက latent conflict အဆင့်မှာတင် နောက်ထပ်အနှစ်နှစ်ဆယ်လောက် ဆက်နေရပြီး အနိုင်ရအာဏာရှင်ခြယ်လှယ်သမျှ ခံကြရတော့မယ့် အခြေအနေမျိုးပါ။

အသီးဆိုတာ သီးခိုင်းချင်တိုင်းသီးလို့မရသလို အပွင့်ဆိုတာကလဲ ပွင့်ခိုင်းတိုင်း ပွင့်လို့မရပါ။ Initial democratization အဆင့်ရောက်ပြီးမှ သီးခိုင်းရတဲ့ ဒိုင်ယာလော့ခ်ဆိုတဲ့ အသီးကို တိုက်ပွဲကာလမှာကတည်းက အတင်းသွားသီးခိုင်းနေခဲ့လို့ မြန်မာပြည်ကြီး စစ်ကျွန်ဘ၀မှာ သက်ဆိုးရှည်နေရတာလဲ နှစ်ပေါင်းများစွာ ရှိနေခဲ့ပါပြီ။ အခု အမျိုးသားရင်ကြားစေ့ရေးဆိုတဲ့ အပွင့်ကိုလဲ သူပွင့်ရမယ့် အချိန်လဲမဟုတ်၊ အခြေအနေလဲ မဟုတ်ပဲ သွားပွင့်ခိုင်း၍ မရပါ။ ဘယ်လိုမှ ပွင့်မှာဟုတ်ပါ။ ပွင့်မှာမဟုတ်ပဲ စစ်အာဏာရှင်တွေအတွက် လက်နက်တခုသွားရောက် တပ်ဆင်ပေးသလိုပဲ ဖြစ်လာပါလိမ့်မယ်။ တကယ်လို့ အချိန်တခုမှာ triggering event တခု ဖြစ်ပွားလာတဲ့အခါ ကြားဖြတ်အစိုးရဖွဲ့စည်းရေးအထိ ဦးတည်နိုင်တဲ့ အခြေအနေတခုဖြစ်လာခဲ့ရင် အာဏာရှင်တွေက ဒိုင်ယာလော့ခ်လိုပဲ ဒီစကားလုံးကို ပြန်အသုံးချလာမှာ အသေအချာပါပဲ။ ဒီအခါကျရင် ဒိုင်ယာလော့ခ်ထက် ပိုပြီး အဆမတန်ကြီးမားတဲ့ ထောင်ချောက်ကြီးတခုကို အာဏာရှင်တွေဘက်က ဆင်လို့ရနိုင်မယ့် အခွင့်အလမ်းတွေ အများကြီး ရလာမှာဖြစ်ပါတယ်။ စစ်ရေးလေ့လာသူတယောက်အနေနဲ့ အမျိုးသားရင်ကြားစေ့ရေးဆိုတဲ့ စကားလုံးကြီးကို အသုံးပြုပြီး ဘယ်လိုကြီးမားတဲ့ ထောင်ချောက်ကြီးကို ဘယ်နည်းဘယ်ပုံနဲ့ ဆင်လို့ ရနိုင်သလဲ ဆိုတာကို တွေ့မြင်နေရပါတယ်။ ပြည်သူလူထုအကျိုးစီးပွားကိုပဲ ထာဝရရပ်တည်ဖို့ ရည်သန်တာကြောင့် အာဏာရှင်ကို အားပေးကူညီမှုဖြစ်သွားစေနိုင်တဲ့အတွက် ဒီနည်းလမ်းတွေကို အသေးစိတ်ဆက် မရေးလိုပါ။ ဒါပေမယ့် တဘက်ရန်သူကို ဘယ်တော့မှ လျှော့မတွက်ဖို့နဲ့ ရှေ့မှာ ထောင်ချောက်ကြီးတခု ရှိလာနိုင်တယ်ဆိုတာကိုတော့ ကြိုတင် အသိပေး တင်ပြလိုပါတယ်။

အခုလို အခြေအနေ၊ အချိန်အခါနဲ့ မကိုက်ညီတဲ့ အမျိုးသားရင်ကြားစေ့ရေး အဆိုပြုချက်ကြီး ထွက်ပေါ်လာမှုမှာ ပါဝင်ကြတဲ့ နိုင်ငံရေးအဖွဲ့အစည်းများအနေနဲ့ ပါဝင်ရတဲ့ အကြောင်းရင်း သုံးမျိုးရှိမယ်လို့ ယူဆရပါတယ်။ ပထမတချက်ကတော့ အခြေအနေ၊ အချိန်အခါနဲ့ သဘောတရားကို နားမလည်မှုဖြစ်ပါတယ်။ နောက်တမျိုးကတော့ ၂၀၁၀ ရွေးကောက်ပွဲမှာ ပေါ်ထွက်လာတဲ့ အစိုးရနဲ့ လက်ရှိမှာ အပစ်အခတ်ရပ်စဲထားတဲ့ ငြိမ်းချမ်းရေးအဖွဲ့တွေအကြားမှာ ဒိုင်ယာလော့ခ်များ ဖြစ်လာခဲ့ရင် ကိုယ်မပါလိုက်ရမှာစိုးလို့ ကြိုတင်ပြင်ဆင်ပြထားတဲ့ နိုင်ငံရေးအခင်းအကျင်းလဲ ဖြစ်နိုင်ပါတယ်။ ဒီလိုဆိုရင်တော့ ဒါဟာ ပြည်သူလူထုကို သစ္စာဖောက်တာပဲ ဖြစ်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ စစ်မှန်တဲ့ အမျိုးသားရင်ကြားစေ့ရေးကို ဘယ်လိုမှ ဆောင်ကျဉ်းနိုင်မှာ မဟုတ်တဲ့အတွက် ဒီဖွဲ့စည်းပုံအခြေခံဥပဒေအပေါ်မှာ အခြေတည်ပြီး ပေါ်ထွက်လာတဲ့ အစိုးရဆိုတာကလဲ အာဏာရှင်ရုပ်သေးအစိုးရပဲ ဖြစ်ပါလိမ့်မယ်။ ရုပ်သေးအစိုးရနဲ့ ပြည်သူလူထုအကျိုးစီးပွားကို ဆောင်ကျဉ်းပေးနိုင်မယ့် တိုင်းပြည်နိုင်ငံကို တည်ဆောက်လို့မရပါ။ အမျိုးသားရင်ကြားစေ့ရေး ဖြစ်စဉ်ကို ဆိုရင် ပိုဆိုးပါတယ်။ ဘယ်လိုမှ စစ်မှန်တဲ့ ရေရှည်ခံငြိမ်းချမ်းရေး၊ တန်းတူညီမျှရေးကို တည်ဆောက်လို့ ရမှာ မဟုတ်ပါ။

နောက်ဆုံးဖြစ်နိုင်ချေ တခုကတော့ အကယ်၍ နအဖစစ်အုပ်စုဘက်က လမ်းပြမြေပုံကို အဆုံးသတ်ပြီး ပဋိပက္ခကို အနိုင်နဲ့ ပိုင်းဖြတ်ပစ်ခဲ့ရင် နိုင်ငံတကာ မိသားစုများက ဒီပဋိပက္ခပြီးဆုံးသွားပြီလို့ သတ်မှတ်လာမှာကို စိုးရိမ်မှုပါ။ ဒီလိုသတ်မှတ်ချက်မှာကလဲ ဘဏ္ဍာရေးရာ ထောက်ပံ့မှုတွေနဲ့ ပတ်သက်နေတာကြောင့်၊ ဆက်လက်ရပ်တည်မှု အတွက် လိုအပ်ချက်ဖြစ်နေတာကြောင့်လဲ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် စစ်အုပ်စုဟာ အမျိုးသားရင်ကြားစေ့ရေး လုပ်လိုခြင်းမရှိပါဘူး၊ အတိုက်အခံတွေဘက်က ကမ်းလှမ်းအဆိုပြုချက်ကို လက်မခံပါဘူး ဆိုတဲ့ သဏ္ဍာန်ကို နိုင်ငံတကာမိသားစုများက ကွက်ကွက်ကွင်းကွင်း မြင်လာအောင် ထောင်ချောက်ဆင်မှု တခုလဲ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကိုယ်ဆင်မယ့် ထောင်ချောက်ထဲ ကိုယ်ပြန်မကျသွားအောင် ဘယ်လိုဘယ်ပုံနဲ့ တားဆီးမလဲ၊ ရန်သူက ပြန်ဆင်လိုက်မယ့် ထောင်ချောက်ကြီးထဲ ကျမသွားအောင် ဘယ်လိုပြင်ဆင်ကာကွယ်မလဲဆိုတဲ့ လုပ်ငန်းစဉ်တွေ ဆက်ရှိနေဖို့ လိုအပ်ပါတယ်။ ဆင်နင်းမြင်းကန်ဘ၀ မရောက်သွားအောင် အရံအတားတွေ လုပ်ဖို့ လိုအပ်ပါတယ်။

ဒီလိုဖြစ်နိုင်ချေသုံးရပ်မှာ စစ်မှန်တဲ့ နိုင်ငံရေးသမား၊ နိုင်ငံရေးအဖွဲ့အစည်းတွေလို့ ယူဆတာကြောင့် ပြည်သူလူထုရဲ့ ဆန္ဒကိုပဲ ကိုယ်စားပြုပြီး၊ ပြည်သူလူထုအကျိုးဆိုတဲ့ နှောင်ကြိုးရဲ့ ကြိုးဆွဲမှုကိုပဲ ခံယူလိမ့်မယ်လို့ပဲ မျှော်လင့်မိပါတယ်။ ပြည်သူလူထုကို သစ္စာဖောက်တဲ့ လုပ်ရပ်ဖြစ်တဲ့ ရွေးကောက်ပွဲအပြီး နိုင်ငံရေးအခြေအနေမှာ အာဏာပါဝါ မရမှာစိုးလို့ ကြိုတင်ခင်းကျင်းထားတဲ့ နိုင်ငံရေးအခင်းအကျင်းလို့တော့ မသတ်မှတ်လိုပါ။ စကားလုံးရဲ့ အခြေခံသဘောတရားနဲ့ စကားလုံးအသုံးပြုသင့်တဲ့ အချိန်အခါကို သဘောပေါက်မှုအားနည်းတာ (သို့မဟုတ်) ကွဲပြားစွာ နားလည်သဘောပေါက်တာလဲ ဖြစ်နိုင်ပါတယ်။ ဒီလိုကွဲပြားစွာ သဘောပေါက်တာဆိုရင်တော့ ဒီအချိန်အခါ၊ အခြေအနေဟာ ဘာကြောင့် အမျိုးသားရင်ကြားစေ့ရေး အဆိုပြုချက်ကို ကမ်းလှမ်းဖို့ သင့်လျော်ရလဲ ဆိုတဲ့ အချက်နဲ့ ဒီလိုကမ်းလှမ်းချက်ပြုလုပ်ဖို့ သင့်လျော်တဲ့ အချိန်ဖြစ်ခဲ့တဲ့ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ကာလက နှစ်ဦးနှစ်ဘက်လုံး stalemate ဖြစ်နေတဲ့ ကာလမှာ ဘာကြောင့် မကမ်းလှမ်းခဲ့လဲ ဆိုတဲ့ အချက်ကို ပြည်သူလူထုနဲ့ ရဲဘော်ရဲဘက်တွေကို ရှင်းလင်းတင်ပြဖို့ လိုအပ်လှပါတယ်။
တတိယဖြစ်နိုင်ချေဖြစ်တဲ့ ဘဏ္ဍာရေးဆိုင်ရာနဲ့ ပတ်သက်နေခဲ့ရင်လဲ လူအများကို ပွင့်ပွင့်လင်းလင်း ရှင်းပြဖို့ လိုအပ်ပါတယ်။ ဒီလို transparency နဲ့ honesty မရှိပဲ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုကို ဦးဆောင်နိုင်မယ့် နိုင်ငံရေးဦးဆောင်အဖွဲ့အစည်းများအနေနဲ့ လူထုက အသိအမှတ်ပြုပေးလာမှာ မဟုတ်ပါ။ ပြည်တွင်းပြည်ပ မြန်မာပြည်သူလူထုရဲ့ အသိအမှတ်ပြုမှု၊ လက်ခံမှု မရှိပဲနဲ့လဲ နိုင်ငံရေးဦးဆောင်အဖွဲ့များအမည်ခံပြီး ထင်ရာစိုင်းလို့ ရမှာမဟုတ်ပါ။ အစိုးရဆိုတာ ပြည်တွင်းရွေးကောက်ပွဲ အနိုင်ရပါတီက ဦးဆောင်ဖွဲ့စည်းမှ အများကို ကိုယ်စားပြုတဲ့ အစိုးရဖြစ်မှာဖြစ်ပါတယ်။ မဲအနိုင်ရသူ အချို့ကပဲ လွတ်မြောက်နယ်မြေမှာ ဦးဆောင်ဖွဲ့စည်းတာကတော့ စင်ပြိုင်အစိုးရပဲ ဖြစ်ပါတယ်။ ဒါကြောင့် စင်ပြိုင်အစိုးရကို ပြည်သူလူထုအားလုံးကို ကိုယ်စားပြုတဲ့ အစိုးရလို့ မသတ်မှတ်နိုင်သလို မြန်မာ့ နိုင်ငံရေးဦးဆောင် အစိုးရလို့လဲ အများက လက်ခံထားမှာ မဟုတ်ပါ။ နိုင်ငံတကာစစ်မျက်နှာမှာ အဖွဲ့အစည်းဆိုတာထက် ပိုပြီး ပြယုဂ်ကောင်းတဲ့ အစုအဖွဲ့လေးတခုသာ ဖြစ်ပါတယ်။ တခြား သမိုင်းအစဉ်အလာကြီးမားတဲ့ အဖွဲ့အစည်းများ ပူးပေါင်းဖွဲ့စည်းထားတဲ့ ကောင်စီတွေ၊ အဖွဲ့ချုပ်တွေ ဆိုတာကလဲ နိုင်ငံရေးအင်အားစုကြီးများသာ ဖြစ်ပါတယ်။ မြန်မာ့နိုင်ငံရေးကံကြမ္မာကို အလုံးစုံ ဆုံးဖြတ်လုပ်ပိုင်ခွင့်ကို လူထုတရပ်လုံးက လွှဲအပ်ထားတဲ့ အကြွင်းမဲ့နိုင်ငံရေး ဦးဆောင်အဖွဲ့အစည်းများ မဟုတ်ပါ။ မြန်မာ့နိုင်ငံရေးတလျှောက်မှာ ဂျပန်ခေတ်ကာလ တခုတည်းမှာပဲ ဒီလိုဦးဆောင်အဖွဲ့အစည်းမျိုး ပေါ်ပေါက်ခဲ့ဖူးတာ ဖြစ်ပါတယ်။ ပိုမိုသိသာထင်ရှားတဲ့ အချက်ကတော့ အခု အချိန်မှာ အသက် (၃၈) နှစ်အောက် လူအများဟာ ၁၉၉၀ ရွေးကောက်ပွဲမှာ မဲပေးခဲ့သူများ မဟုတ်သလို ၊ အသက် (၃၅) နှစ်အောက် လူအများဟာလဲ ရှစ်လေးလုံးမှာ တက်တက်ကြွကြွ ပါဝင်ခဲ့သူများ မဟုတ်ပါ။ ဒါကြောင့် မြန်မာ့နိုင်ငံရေးဦးဆောင်အဖွဲ့အစည်းအဖြစ် နေရာယူမှုပြုလုပ်မယ်ဆိုရင် ဒီအသက်အရွယ်အပိုင်းအခြားမှာ ရှိနေတဲ့ လူတွေရဲ့ ယုံကြည်လေးစားမှုနဲ့ ထောက်ခံမှုဟာ မလွဲမသွေလိုအပ်ပါတယ်။ လက်ရှိအမတ်များနဲ့ ခေါင်းဆောင်များဟာ ဒီအသက်အရွယ်အပိုင်းအခြားလူငယ်၊ လူလတ်ပိုင်းက ရွေးချယ်တင်မြှောက်ထားသူတွေ မဟုတ်ပါဘူး။ ဒါကြောင့် မကြာခင်မှာ ကျင်းပတော့မယ့် ဂျကာတာ ကွန်ဖရင့်အပြီးမှ ပြည်သူလူထုကို ပန်ကြားချက်တွေ၊ အခြေအနေရှင်းလင်းတင်ပြမှုတွေ ပြုလုပ်ရမှာပဲဖြစ်ပါတယ်။ ငါ့မြင်းငါစိုင်း၊ စစ်ကိုင်းရောက်ရောက် ဆိုတဲ့ နိုင်ငံရေးစင်မြင့်သဏ္ဍာန်ကို လွတ်လပ်ရေးရပြီးစ နိုင်ငံတခုရဲ့ ပြည်သူလူထုကတောင် လက်မခံခဲ့ဘူးဆိုရင် အာဏာရှင်လက်အောက်မှာ ဆယ်စုနှစ်ပေါင်းများစွာ ဖိနှိပ်ခံခဲ့ရလို့ ခါးသီးမှုတွေနဲ့ ပြည့်နှက်နေတဲ့ ပြည်တွင်း ပြည်သူလူထု၊ နိုင်ငံတကာကို ခြေဦးနဲ့ ကြမ်းပြင်လှည့်ပတ်အလုပ်လုပ်နေကြရတဲ့ ပြည်ပရောက်မြန်မာ အလုပ်သမားထု၊ အတွေးအခေါ်နဲ့ ဆင်ခြင်တုံတရားရှိတဲ့ ပညာတတ်လူလတ်တန်းစားတွေနဲ့ ဖွဲ့စည်းထားတဲ့ ၂၁ရာစု မြန်မာ့လူု့အဖွဲ့အစည်းကဆိုရင် ပိုပြီး လက်ခံနိုင်မှာ မဟုတ်ပါဘူး။

နောက်တချက်က မကြာခင် ကျင်းပမယ့် ဂျကာတာညီလာခံကို မြန်မာ့သမိုင်းရဲ့ အထင်ကရ ပင်လုံညီလာခံနဲ့ ခိုင်းနှိုင်းပြောဆိုနေတာတွေ ရှိလာပြန်ပါတယ်။ အနှစ်သာရချင်း၊ အခြေအနေ၊ အချိန်အခါချင်း ဘယ်လိုမှ ဆက်စပ်နှိုင်းယှဉ်လို့ မရပါ။ ပင်လုံညီလာခံဆိုတာက အောင်ဆန်းအက်တလီစာချုပ်နဲ့ နယ်ချဲ့ဗြိတိသျှနဲ့ မြန်မာတို့အကြားမှာ conflict settlement ရှိပြီးမှ အနာဂတ်လွတ်လပ်တဲ့မြန်မာနိုင်ငံမှာ ရှေးနှစ်များစွာက ရှိခဲ့တဲ့ ပဋိပက္ခ စိတ်အနာဟောင်းတွေ ထပ်မထွက်လာအောင်၊ နယ်ချဲ့တို့ သွေးခွဲအုပ်ချုပ်ခဲ့လို့ ဖြစ်ပေါ်နေတဲ့ လူမျိုးစုအကြား အထင်လွဲမှုတွေ ကြီးထွားမလာအောင် ပြုလုပ်ခဲ့တဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ အမျိုးသားရင်ကြားစေ့ရေးဖြစ်စဉ် ကနဦးညီလာခံဖြစ်ပါတယ်။ ဒီညီလာခံကို ပြည်သူလူထု ထောင်ပေါင်းများစွာက ထောက်ခံအားပေးခဲ့ကြပါတယ်။ ဒါတောင် ကနဦးညီလာခံမှာ မပါဝင်ခဲ့တဲ့ လူမျိုးစုတွေ၊ ကနဦးညီလာခံရဲ့ အမျိုးသားရင်ကြားစေ့ရေးဖြစ်စဉ်ကို ဆက်လက်ဖော်ဆောင်နိုင်ခြင်း မရှိတာတွေကြောင့် နောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေက အများကြီး ရှိပါတယ်။

အခုဂျကာတာ ညီလာခံကျတော့ ပင်လုံလို မြန်မာ့မြေပေါ်မှာ ကျင်းပတဲ့ ညီလာခံလဲမဟုတ်၊ အချိန်အခါ၊ အခြေအနေနဲ့အညီ အမျိုးသားရင်ကြားစေ့ရေးအဆင့်ကို ဖော်ဆောင်နိုင်မယ့် ညီလာခံလဲ မဟုတ်။ အမျိုးသားရင်ကြားစေ့ရေး အဆိုပြုချက်ကို တဘက်ကို တင်ပြရုံ အဆင့်ပဲ ရှိသေးတဲ့ ညီလာခံသာ ဖြစ်ပါတယ်။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးဆိုတာကလဲ ပြည်ပမှာရှိနေတဲ့ တိုင်းရင်းသားအဖွဲ့လေးတွေ ကောက်ခါငင်ခါ ညီလာခံ ထကျင်းပပြီး တည်ဆောက်လို့ရနိုင်တဲ့ သဘောတရားကြီးလဲ မဟုတ်ပါ။ မြန်မာနိုင်ငံအတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသားလူမျိုးစုအားလုံးကို ဘယ်လိုမှ ကိုယ်စားမပြုနိုင်သလို ပြည်ပမှာရှိနေတဲ့ တိုင်းရင်းသားအဖွဲ့အားလုံးပင် စုံစုံလင်လင် တက်ရောက်ခြင်း မရှိသေးပါ။ နိုင်ငံရေးအင်အားစုများက အဆိုပြုချက်တခုကို ညီညီညွတ်ညွတ်ပူးပေါင်းပြုလုပ်တဲ့ ညီလာခံတရပ်သာပဲ ဖြစ်ပြီး၊ မြန်မာ့နိုင်ငံရေးအတွက် အကျိုးရှိနိုင်မလားဆိုတာကလဲ တဘက်စစ်အုပ်စုက ဘယ်လိုတုန့်ပြန်လိုက်သလဲ ဆိုတာပေါ်မှာပဲ မူတည်နေပါသေးတယ်။


နိဂုံး

ဒါကြောင့် နိဂုံးချုပ်အနေနဲ့ ဆိုရရင် နိုင်ငံရေးဦးဆောင်အဖွဲ့ဖြစ်ချင်တဲ့ အဖွဲ့အစည်းများကလဲ ပြည်သူလူထုအပေါ် ရိုးသားသစ္စာရှိဖို့ လိုအပ်ပါကြောင်းပါနဲ့ ပြည်သူလူထုအနေနဲ့ကလဲ ဘယ်လိုနိုင်ငံရေးအဖွဲ့အစည်းကိုမှ အားကိုးအားထား မပြုပဲ၊ မိမိတို့ လုပ်စရာရှိတဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး၊ ပြည်သူ့အာဏာ ပြည်သူထံ ပြန်လည်ရောက်ရှိရေး၊ အမျိုးသားရင်ကြားစေ့ရေးလုပ်ငန်းစဉ်များကို ခေါင်းဆောင်မမျှော်၊ ကယ်တင်ရှင်မမျှော်ပဲ လုပ်ဆောင်ဖို့ လိုအပ်လှပါကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။

”လူထုတိုက်ပွဲတွေဟာ လူထု ခေါင်းဆောင်တွေကို မွေးဖွားပါတယ်။
ဒီကနေ့ခေါင်းဆောင်တွေဟာလဲ မနက်ဖြန်ခေါင်းဆောင်တွေ
ဖြစ်ချင်မှ ဖြစ်လာပါလိမ့်မယ်။
ပြည်သူ့တော်လှန်ရေးကို မည်သည့် လူပုဂ္ဂိုလ်နှင့်
အဖွဲ့အစည်းကမှ မောင်ပိုင်စီးထား၍ မရပါ။
မောင်ပိုင်စီးရန် ကြိုးစားတာ၊ ပုဂ္ဂိုလ်ရေး ကိုးကွယ်မှု ပြုလုပ်တာဟာ
တော်လှန်ရေးကျဆုံးစေတဲ့ လက္ခဏာပဲ ဖြစ်ပါတယ်။
ညီညွတ်ရေးဆိုတာ တိုက်ပွဲရှိမှ တည်ဆောက်လို့ ရပါတယ်။
တွေ့ဆုံဆွေးနွေးရေးဆိုတာ ကြားဖြတ်အစိုးရတခု
ပေါ်ထွက်မှုပြီးတဲ့အချိန်မှာလုပ်မှ အောင်မြင်နိုင်ပါတယ်။
အမျိုးသားရင်ကြားစေ့ရေးဆိုတာ ပဋိပက္ခတွေပြီးဆုံးမှ
ဖော်ဆောင်လို့ ရပါတယ်။
တော်လှန်ရေးသစ္စာဖြင့်
ခင်မမမျိုး (၁၂၊ ၈၊ ၂၀၀၉)
မှတ်ချက်။ ။

ယခုဆောင်းပါးသည် မည်သူတဦးတယောက်၊ မည်သည့် အဖွဲ့အစည်း တခုတလေကို မှ ထိခိုက် ရေးသားခြင်း မဟုတ်ပါ။ အချိန်အခါ၊ အဖြစ်အပျက်၊ အခြေအနေများကို ဒီမိုကရေစီနည်းလမ်းတကျ အပြုသဘောဖြင့် ဝေဖန်ဆန်းစစ် ထားခြင်းသာ ဖြစ်သည်။ အမျိုးသားရင်ကြားစေ့ရေးဆိုသည့် သဘောတရားကို မူအရ ထောက်ခံသည်။ အမျိုးသားရင်ကြားစေ့ရေး ဖြစ်စဉ်စတင်လာပါက မည်သို့မည်ပုံပြုလုပ်မည်ဆိုသည်ကိုကား ဟင်းချက်စရာ ပစ္စည်းမရှိသေးပဲ၊ ၀ယ်ယူဖို့ ပိုက်ဆံလဲ မရှိသေးပဲ တရုတ်ဟင်းချက်မယ်၊ ကုလားဟင်းချက်မယ်၊ ပြင်သစ်စတိုင် ပြင်ဆင်မယ် ငြင်းခုန်နေခြင်းနဲ့ တူသည်ဟု ထင်မှတ်သောကြောင့် ငြင်းခုန် ဆွေးနွေးစရာ ကိစ္စများတွင် ၀င်ရောက်ဆွေးနွေးမည်မဟုတ်ပါ။ ကုလားဟင်းချက်ချင်သူက ကုလားဟင်းချက်နည်း စာအုပ်ကိုင်ထား၍ တရုတ်ဟင်းချက်ချင်သူက တရုတ်ဟင်းချက်နည်း ကိုင်ထားပြီး၊ နားလည်အောင် အရင်ဖတ်သည်က ပို၍ အကျိုးရှိပေလိမ့်မည်။

သို့ဖြစ်ရာ အမျိုးသားရင်ကြားစေ့ရေးသဘောတရားကို ထောက်ခံပြီးဖြစ်ခြင်း၊ အဆိုပါသဘောတရားသည် မြန်မာနိုင်ငံအတွက် မည်မျှအရေးကြီးသည်ကို လက်ခံနားလည်ပြီးဖြစ်ခြင်းတို့ကြောင့် အဆိုပါ အချက်အလက်များကို လက်ကိုင်ပြု၍ လာရောက်ငြင်းခုန်ခြင်းများ လာရောက်မပြုလုပ်ရန် မေတ္တာရပ်ခံသည်။ အချိန်အခါ၊ အခြေအနေများနှင့် ပတ်သက်၍ ဤသဘောတရားအား အဆိုပြုချက်သည် ယနေ့အခြေအနေ၊ အချိန်ကာလအတွက် မည်မျှအကျိုးရှိသည်ဟု ကွဲလွဲသည့် အမြင်ရှိပါက khinmamamyo@gmail.com အီးမေးလ်သို့ ဆက်သွယ်၍ အပြန်အလှန် လေးစားမှုဖြင့် ဆွေးနွေးပေးပါရန် လေးစားစွာ မေတ္တာရပ်ခံအပ်သည်။

သူဘာလဲ၊ ငါဘာလဲ ပြောဆိုမှုများကို လက်ခံ တုန့်ပြန်မည် မဟုတ်ပါ။ စာရေးသူသည် ဘာမှ မဟုတ်ပါ။ မြန်မာနိုင်ငံကို တိုးတက်စေချင်သူ၊ မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော ပဋိပက္ခများကို ပြီးဆုံးစေလိုသူ၊ စစ်မှန်တဲ့ အမျိုးသားရင်ကြားစေ့ရေးဖြစ်စဉ်ကို ဖြစ်ပေါ်စေလိုသူ၊ တန်းတူညီမျှမှု၊ လွတ်လပ်မှုနှင့် အပြန်အလှန် လေးစားမှုအပေါ်တွင် အခြေတည်သည့် မြန်မာ့လူ့ဘောင်တရပ် ထွန်းကားလာစေလိုသူ မြန်မာပြည်သူ တယောက်သာဖြစ်ပါတယ်။

အပြည့်အစုံဖတ်ချင်ရင်..>>>

လူထုခေါင်းဆောင်

နအဖဟာ လူထုခေါင်းဆောင်ကို အမှုဆင် ဖမ်းပြီး
မတရားတဲ့ ပြစ်ဒဏ်ချမှတ်မှုတွေကို ပြုလုပ်နေပြီဖြစ်တယ်။


ဒါဟာ-စစ်အုပ်စုအနေနဲ့၊ တွေ့ဆုံဆွေးနွေးရေးနဲ့ အမျိုးသားသင့်မြတ်ရေးအတွက်

လုပ်ဆောင်လိုစိတ်မရှိဘူးဆိုတာကို သက်သေပြတာပဲဖြစ်တယ်။


ဒါကြောင့် ဖက်ဆစ်စစ်အုပ်စုကို တွေ့ဆုံဆွေးနွေးပါ၊ အမျိုးသားရင်ကြားစေ့ရေးလုပ်ပါလို့

အဆိုပြုနေရုံနဲ့မြန်မာ့နိုင်ငံရေး အတွက် ဘာအကျိုးကျေးဇူးမှ

မရှိဘူးဆိုတာ ထင်ရှားနေပြီဖြစ်ပါတယ်။




တည်ဆောက်ပြင်ဆင်ရင်း လူထုတိုက်ပွဲကို ဖော်ဆောင်ကြစို့။


တူညီလက်တွေနဲ့ အာဏာရှင်စနစ်ကို တိုက်ဖျက်ကြစို့။


ညီညွတ်မှုတွေနဲ့ ကြားဖြတ်အစိုးရကို ဖွဲ့စည်းကြစို့။


အာဇာနည်စိတ်ဓာတ်ကို မွေးကြစို့။



တပ်မတော်သားများ မိဘပြည်သူရင်ခွင်ကို ပြန်လည်ခိုလှုံကြပါ။



ပြည်သူ့အကျိုးအတွက် အာဏာရှင်စစ်အုပ်စုကို ဖယ်ရှားပစ်ပေးမယ့်


စစ်မှန်တဲ့ တပ်မတော်ခေါင်းဆောင်နဲ့ တပ်သားတွေကို


လူထုက လက်ကမ်းကြိုဖို့ အသင့်စောင့်နေကြပြီ။



အပြည့်အစုံဖတ်ချင်ရင်..>>>

အရှုံးကို နှစ်ခြိုက်သူများ

Sunday, August 9, 2009

အခုတလော မြန်မာပြည်မှာတုန်းက စာသင်ပေးခဲ့ဖူးတဲ့ ကလေးမလေးတယောက်ကို သတိသွားရနေမိတယ်။ သူက လူချမ်းသာ မိသားစုထဲမှာ ကြီးပြင်းလာခဲ့တာပါ။ မိဘက စက်ရုံ၊ အလုပ်ရုံတွေ အများကြီး ပိုင်တယ်။ စီးပွားရေးလုပ်ငန်းတွေလဲ အများကြီးပါပဲ။ မြန်မာပြည်မှာ ပိုက်ဆံချမ်းသာတဲ့ မိသားစုတွေက သူတို့သားသမီးတွေကို ပုံစံနှစ်မျိုးနဲ့ မျှော်လင့်ကြတယ်။ ပထမတမျိုးက ဆယ်တန်းကို အမှတ်ကောင်းကောင်းနဲ့ အောင်ပြီး ဆေးတက္ကသိုလ်တက်ဖို့နဲ့ နောက်တမျိုးက နိုင်ငံရပ်ခြားကို မိဘစရိတ်နဲ့ ပညာတော်သင်ပို့ပြီး၊ အချိန်အတိုင်းအတာအရ ပညာတွေတတ်ပြီး လုပ်ငန်းအတွေ့အကြုံရလာတဲ့အခါ မြန်မာပြည်က မိဘလက်ငုတ်လက်ရင်း လုပ်ငန်းတွေကို ပြန်လာဦးစီးဖို့။ ဒီလိုနဲ့ပဲ မိဘမျှော်လင့်ချက် ပထမတမျိုးအရ ဆေးပညာဘွဲ့ရပြီး ဆရာဝန်မလုပ်တဲ့ ဆရာဝန်တွေ မြန်မာနိုင်ငံ အနှံ့အပြားမှာ ပျံ့နှံ့လာခဲ့သလို ဆရာဝန်ဘွဲ့ရပြီးမှ နိုင်ငံခြားထွက်ပြီး ကြုံရာအလုပ် လုပ်နေကြသူတွေလဲ ပေါ်ပေါက်လာခဲ့တယ်။ မိဘမျှော်လင့်ချက် ဒုတိယတမျိုးအရ နိုင်ငံရပ်ခြားမှာ စီးပွားရေးပညာ၊ စီမံခန့်ခွဲမှုပညာ၊ စာရင်းအင်း ပညာ၊ ဈေးကွက်ပညာ၊ အိုင်တီနည်းပညာ လာတက်သူတွေကလဲ နိုင်ငံပေါင်းစုံမှာ အနှံ့ပါပဲ။ မြန်မာပြည်ရဲ့ ပညာရေးဝန်ဆောင်မှုလုပ်ငန်းတွေ၊ နိုင်ငံခြားတက္ကသိုလ်တွေနဲ့ ချိတ်ဆက်ထားတဲ့ သင်တန်းတွေမှာ နိုင်ငံခြားထွက်ဖို့ ကြိုးစားနေကြတဲ့ လူငယ်တွေက ကြိတ်ကြိတ်တိုး ဖြစ်နေကြတယ်။



ကျွန်မ တပည့်မလေးကျတော့ ဥာဏ်ကောင်းပေမယ့် စာသိပ်ကြိုးစားတဲ့ ကလေးမျိုးထဲက မဟုတ်ဘူး။ ဆယ်တန်းစာမေးပွဲတုန်းကတောင် မအောင်ရင် နောက်တနှစ် ထပ်စာကျက်နေရမှာစိုးလို့ အောင်ရုံလေးတွေ ဖြေခဲ့တာဆိုပဲ။ အောင်မှတ်ရလောက်ပြီဆိုတာနဲ့ ဆက်ဖြေချင်စိတ်ကို မရှိတော့တာတဲ့။ ဆယ်တန်းတုန်းက သူများတွေလို ဆေး၊ စက်မှု မှန်းခဲ့ဖူးလားမေးတော့ စိတ်ကို မ၀င်စားတာတဲ့။ ကဲ- ပြီးရော။ တခါတလေလဲ အဲလို ဆယ်တန်းကတည်းက ပြတ်ပြတ်သားသား ရှိတာ အကောင်းသား လို့ တွေးခဲ့မိသေးတယ်။ မြန်မာပြည်ရဲ့ ပညာရေးစနစ်ဆိုတာက အသိပညာနဲ့ အတတ်ပညာကို ညီတူညီမျှ ဦးစားပေးတဲ့ ပညာရေးမျိုး မဟုတ်။ အထက်တန်းအောင်မှတ်ကို ကြည့်ပြီးမှ အမှတ်ကောင်းသူတွေက အတတ်ပညာ ဆရာဝန်၊ အင်ဂျင်နီယာ၊ စာရင်းကိုင်၊ အမှတ်နည်းသူတွေက အသိပညာ ဆုံးဖြတ်ခဲ့တဲ့ ပညာရေးစနစ်။ ဘ၀နဲ့ ပတ်သက်ပြီး လမ်းညွှန်ပြသရမယ့် မိဘဆွေမျိုးသားချင်းဆိုတာကလဲ ဒီပညာရေးစနစ်၊ ဒီပညာရေး အတွေးအခေါ်နဲ့ ခေါက်ရိုးကျိုးနေသူတွေ ဖြစ်လေတော့ ခေတ်မှီတဲ့ နိုင်ငံတကာ အဆင့်မှီ ပညာရေး အတွေးအခေါ်မျိုး ရှိသူတွေက ခပ်နည်းနည်း။ အမှတ်များတဲ့ ဆရာဝန်၊ အင်ဂျင်နီယာလိုင်းကို ၀င်မှ ဂုဏ်ရှိတယ် ထင်တတ်ကြတာမျိုး။ အမှတ်များများရတဲ့ သားသမီးက အသိပညာတွေဖြစ်တဲ့ မနုဿဗေဒ၊ ရှေးဟောင်းသုတေသန၊ သမိုင်း၊ နိုင်ငံတကာဆက်ဆံရေးလို ဘာသာရပ်တွေ တက်မယ်ဆိုရင် သားသမီးနဲ့ မိဘ ပြဿနာတက်ကြစမြဲ။

နိုင်ငံတကာ အဆင့်မှီပညာရေးမှာကျတော့ ဒါမျိုးတွေက မရှိ။ First degree ကိုတော့ ကိုယ်စိတ်ဝင်စားတဲ့ ဘာသာတွေကို တက်လေ့ရှိကြတယ်။ အင်္ဂလန်မှာဆိုရင် အသိပညာကို စိတ်ဝင်စားသူတွေက GCE A level မှာ အသိပညာနဲ့ ပတ်သက်တဲ့ ဘာသာရပ်တွေကို ယူကြပြီး၊ Grade ကောင်းအောင်ကြိုးစားကြတယ်။ ပြီးမှ အဲဒီဘာသာရပ်နဲ့ ပတ်သက်ပြီး နာမည်ကြီးတဲ့ တက္ကသိုလ်တွေကို ၀င်ဖို့ကြိုးစားလေ့ရှိကြတယ်။ လူအများက အောက်စဖို့ဒ်၊ ကင်းဘရစ်၊ လန်ဒန်လို့ အသိများပေမယ့် ဒီတက္ကသိုလ်တွေမှာ မသင်တဲ့ ဘာသာရပ်တွေကလဲ အများအပြား။ ဒီတော့ ရွေးချယ်ရလွယ်ကူအောင် ဘာသာရပ်တခုချင်းစီအရ သင့်လျော်မယ့် တက္ကသိုလ်တွေကို career အကြံပေး တွေ၊ စာအုပ်တွေ၊ အင်တာနက်တွေကနေတဆင့် လမ်းညွှန်ပြသပေးကြတယ်။ ဒီလိုနဲ့ အသိပညာဘွဲ့ရပြီးမှ ဘ၀အသက်မွေးဝမ်းကျောင်းပညာတွေကို ပြန်ရွေးချယ် တက်ရောက်တဲ့ လူတွေရှိသလို အတတ်ပညာဘွဲ့ရပြီးမှ အသိပညာမဟာဘွဲ့ပြန်တက်ပြီး ပါရဂူဘွဲ့အထိ ယူသွားကြသူတွေကလဲ အများအပြား။ မနုဿဗေဒနဲ့ ကျောင်းပြီးပြီးမှ Graduate entry လေးနှစ် ဆရာဝန်ဘွဲ့ကို တက်ပြီး ဆရာဝန်အလုပ်နဲ့ အသက်မွေးသူတွေ ရှိသလို၊ လျှပ်စစ်အင်ဂျင်နီယာဘွဲ့ရပြီးမှ ရှေးဟောင်းသုတေသနဘွဲ့တွေ ထပ်တက်ပြီး ကထိက ဖြစ်နေသူတွေလဲ ရှိတာပါပဲ။ တက်ရောက်ပညာသင်ကြားနေတဲ့ ပညာရပ်ကို အကြောင်းပြုပြီး လူတယောက်ရဲ့ အရည်အချင်းကို ခွဲခြားသတ်မှတ်တာမျိုး နိုင်ငံတကာ အဆင့်မှီ ပညာတတ်တွေရဲ့ အတွေးအခေါ်မှာ မရှိတတ်ကြပါ။ ပညာရပ်တွေကို တန်ဖိုးထားပြီး၊ ပညာရှင်အချင်းချင်း အပြန်အလှန် လေးစားမှုရှိကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လူတယောက်ရဲ့ အတွေးအခေါ်နဲ့ စိတ်ဝင်စားမှုဆိုတာကလဲ အချိန်၊ နေရာတွေအပေါ်မှာ မူတည်ပြီး အမြဲတမ်း ပြောင်းလဲတတ်တာကြောင့် ကိုယ်ပိုင်ရွေးချယ်ဆုံးဖြတ်တာကို အားပေးတဲ့ ပညာရေး စနစ်မျိုး ရှိသင့်တာအမှန်ပါပဲ။

ဒီလိုနဲ့ ဆယ်တန်းကို အောင်မှတ်နည်းနည်းနဲ့ ပွတ်ကာသီကာ အောင်လာတဲ့ ဒီကလေးမလေးဟာ အောင်စာရင်းထွက်ပြီး နောက်ပိုင်းမှာကျတော့လဲ သူ့မိဘရဲ့ ဒုတိယမျှော်လင့်ချက်နဲ့ ရင်ဆိုင်ရပြန်ပါတော့တယ်။ လိုင်းကောင်းကောင်း မရတာကြောင့် နိုင်ငံခြားပို့မယ်ဆိုပြီး သူ့မိဘတွေက စီစဉ်ခဲ့ပါတယ်။ ဒီလိုနဲ့ ဆယ်တန်းမှာတုန်းကလဲ နေ့ဝိုင်းကျူရှင်၊ ညဂိုက်တွေနဲ့ ၀န်းရံနေခဲ့ရတဲ့ ကလေးမလေးဟာ ဆယ်တန်းအောင်ပြီးတဲ့အခါကျတော့လဲ အင်္ဂလိပ်စာသင်တန်း၊ စီးပွားရေး စီမံခန့်ခွဲမှု ဒီပလိုမာသင်တန်းတွေနဲ့ ပိလာပြန်ပါတော့တယ်။ ဒါပေမယ့် ကလေးမလေးကလဲ အင်္ဂလိပ်စာ စာမေးပွဲမှာ နိုင်ငံခြားကောလိပ်တွေမှာ ပညာသင်ခွင့်ရလောက်မယ့် အဆင့်ကို မရဘူး။ စီးပွားရေး စီမံခန့်ခွဲမှု ဒီပလိုမာကိုလဲ မအောင်ပြန်ဘူး။ ဒီလိုနဲ့ပဲ ကျွန်မ လက်ထဲ ရောက်လာတယ်ဆိုပါတော့လေ။ သူ့မိဘကလဲ ကျွန်မကို အတော်အားကိုးတယ်။ ကျွန်မကလဲ သူ့ကို ညီမလေး တယောက်လို ခင်တယ်။ ဒါနဲ့ ဖြစ်စေချင်စိတ်နဲ့ တွန်းတာပေါ့။ နောက်ဆုံး စာမေးပွဲနီးတဲ့ အချိန်မှာ ညဘက် သူနဲ့ တူတူ သွားအိပ်ပြီးတော့ကို အနီးကပ်စောင့်ကြည့် စာကျက်ခိုင်းခဲ့တာ။ ဘာပဲဖြစ်ဖြစ် ဒါလေးတွေတော့ အောင်သွားပါစေတော့ဆိုပြီး၊ မေးခွန်းဟောင်းတွေကို မှတ်စုတွေပါ ထုတ်ပေးခဲ့တာ။

ဒီလိုနဲ့ စာရင်းကိုင်ဘာသာ၊ စီမံခန့်ခွဲမှုဘာသာ၊ စီးပွားဆက်ဆံရေးဘာသာ စတဲ့ ဘာသာရပ်အားလုံးမှာ စာတွေကျက်ခိုင်း၊ mock exam တွေဖြေခိုင်းပြီး သင်ပေးလာခဲ့တာ စာမေးပွဲချိန်ရောက်တော့ ကျွန်မ သူ့ကို လုံးဝ စိတ်ချနေခဲ့ပြီ။ မေးခွန်းလွှာတွေကို ကြည့်ပြီး နောက်ပိုင်းမှာလဲ ပိုသေချာသွားခဲ့တယ်။ ကျွန်မ ပြင်ဆင်ပေးထားခဲ့တာတွေက မေးခွန်းရဲ့ အတိုင်းအတာထက်တောင် ပိုလွန်နေသေးတယ်။ သေချာပေါက်အောင်ကိုအောင်ရမယ်ပေါ့။

ဒါပေမယ့် ကျွန်မရဲ့ တွက်ဆမှုတွေ လုံးဝမှားခဲ့တယ်။ အောင်စာရင်းထွက်လာတဲ့အချိန်မှာ ဘာသာအားလုံးမှာ သူထပ်ကျနေခဲ့ပြန်တယ်။ သူ့ကို အောင်စေချင်တဲ့ စိတ်၊ ငါ့လက်ထဲရောက်လာတဲ့ ကျောင်းသားဆိုရင် စာမေးပွဲအောင်စေရမယ်ဆိုတဲ့ ငယ်ရွယ်တဲ့ ဆရာတယောက်ရဲ့ မာနအတွေးတွေနဲ့ ကျွန်မ တော်တော်ကို ပေါက်ကွဲသွားခဲ့တယ်။ သူ့ကို ခေါ်ပြီး အဖြေကိုမေးလိုက်တော့ ရှင်းပါတယ်။

“မမ။ သမီး စာမေးပွဲမအောင်ချင်ဘူး။ အောင်ရင် နိုင်ငံခြားသွားရမှာ”တဲ့။ ဘယ်လိုပဲ ဖျောင်းဖျဆုံးမပေမယ့် သူက ခေါင်းမာနေခဲ့ပြန်တယ်။ စာမေးပွဲ ခဏခဏကျနေရင် သူ့မိဘတွေကလဲ လက်လျှော့သွားမှာပါတဲ့။ မြန်မာပြည်မှာပဲနေပြီး ကျောင်းတက်၊ အချိန်တန်ရင် ဘွဲ့လေးရတဲ့ ပျော်ပျော်ရွှင်ရွှင်၊ အေးအေးဆေးဆေး ဘ၀ပဲ နေချင်တယ်။ နိုင်ငံခြားရောက်ရင် စာတွေ အရမ်းကျက်နေရမှာပေါ့တဲ့။ ကျွန်မက စာမေးပွဲကျတယ်ဆိုတာ ရှုံးတာနဲ့အတူတူပဲဆိုတော့ သူပြန်ပြောလိုက်တဲ့ စကားက “ မမကလဲ။ သမီးက အဲဒီအရှုံးကိုပဲ လိုချင်တာလေ။ ရှုံးမှ သမီးလိုချင်တဲ့ အခွင့်အရေးတွေ ရမှာလေ” တဲ့။ ကဲ- ဘယ်နှယ့်ရှိစ။

အဲဒီတုန်းက ကျွန်မ အသက်က ၂၂ နှစ်။ သူမ အသက်က ဆယ့်ခုနစ်နှစ်။ စာမေးပွဲဖြေရင် အောင်အောင် ဖြေရမယ်။ ရှုံးသွားရင်လဲ အဲဒီ အရှုံးကို သင်ခန်း စာယူပြီး အောင်အောင် ဘယ်လို လုပ်ရမလဲဆိုတာ စဉ်းစားရမယ် ဆိုတဲ့ အတွေးတွေနဲ့ ၂၂ နှစ်လုံးလုံး လူ့လောကထဲမှာ ရှင်သန်ခဲ့တဲ့ ကျွန်မကို ဆယ့် ခုနစ်နှစ် ကလေးမလေး တယောက်က ပေးလိုက်တဲ့ သင်ခန်းစာလေး တခုပါ။ လူတိုင်းလူတိုင်းမှာ တန်ဖိုးထားတာတွေ မတူဘူးဆိုတာရယ်၊ လူ့ဘ၀ကို ရှုမြင်သုံးသပ်ပုံ မတူဘူးဆိုတာရယ်၊ ကိုယ်တန်ဖိုးထားတဲ့ အခွင့်အရေးတွေ အတွက် အရှုံးပေးရခြင်းကို နှစ်ခြိုက်သူတွေလဲ ရှိနိုင်တယ် ဆိုတာရယ်ကို ပထမဆုံး နဖူးတွေ့၊ ဒူးတွေ့ ကြုံခဲ့ရဖူးတာပါပဲ။

နောက်ပိုင်းတော့လဲ ကျယ်ပြောလှတဲ့ လူ့အသိုင်းအ၀ိုင်းကြီးတွေထဲမှာ သူ့လို လူမျိုးတွေ အများကြီးကို ထပ်တွေ့လာခဲ့ရပါတယ်။ လက်ရှိမှာ ရထားတဲ့ အခွင့်အရေးတွေ၊ နေရာတွေကို လက်မလွှတ်ချင်တာနဲ့ အနိုင်နွှဲလို့ရနိုင်တဲ့ ဘ၀တိုက်ပွဲတွေကို မဆင်နွှဲပဲ ပိုနေမြဲ၊ ကျားနေမြဲနေတတ်သူတွေကိုလဲ အများအပြား တွေ့လာခဲ့ရပါတယ်။ ကိုယ့် အခွင့်အရေးတွေ တည်မြဲဖို့အတွက် အရှုံးပေးတယ်ဆိုတာ ကိုယ်နဲ့ သက်ဆိုင်တဲ့ လုပ်ငန်းဆောင်တာတွေမှာဆိုရင် ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ်မို့ အကြောင်းမဟုတ်ပေမယ့်၊ အများနဲ့သက်ဆိုင်တဲ့ လုပ်ငန်းဆောင်တာ တွေမှာဆိုရင်တော့ အများကို သစ္စာဖောက်ရာရောက်တယ်၊ တကိုယ်ကောင်းဆန်တယ် လို့ ကျွန်မကတော့ တွေးထင်မိပါတယ်။ သေချာတာတခုကတော့ အရှုံးကို နှစ်ခြိုက်သူတွေ၊ အောင်မြင်အောင် မလုပ်လို့ ရလာမယ့် အခွင့်အရေးကိုပဲ တပ်မက်နေသူတွေနဲ့ အောင်ပွဲဆိုတာကို ရအောင် ယူနိုင်မှာ မဟုတ်တာပါပဲ။ အောင်ပွဲဆိုတာ ပိုနေမြဲ၊ ကျားနေမြဲလူတွေ၊ အရှုံးကို နှစ်ခြိုက်သူတွေကို ရှေ့ကပဲ ပိတ်နေနေ၊ ဘေးမှာပဲ ကန့်လန့်ကန့်လန့်တွဲနေနေရှိနေသရွေ့ ရနိုင်မှာ မဟုတ်ပါဘူး။

ဘယ်လိုပဲဖြစ်ဖြစ် အရှုံးကို နှစ်ခြိုက်သူ ကလေးမလေးတယောက်ကို ကျွန်မရဲ့ အချိန်တွေ သုံးလလောက် ပေးခဲ့ဖူးပါတယ်။ သူကိုယ်တိုင်က အရှုံးကို နှစ်ခြိုက်သူ၊ အရှုံးက ရလာမယ့် အခွင့်အရေးတွေကိုပဲ လိုချင်သူဖြစ်နေလေတော့ ကျွန်မရဲ့ အောင်မြင်စေလိုတဲ့စကား၊ အနိုင်ရစေမယ့် လုပ်ရပ်တွေဟာ သဲထဲရေသွန် ဖြစ်ခဲ့ရဖူးပါရဲ့။ ဘ၀ရဲ့ တခြား အစိတ်အပိုင်းတွေမှာကော ဒီလိုဖြစ်ခဲ့သလား၊ ဖြစ်လာမှာလား ဆိုတာ------------------------။

ခင်မမမျိုး (၉၊ ၈၊ ၂၀၀၉)

အပြည့်အစုံဖတ်ချင်ရင်..>>>

  © Blogger templates Newspaper II by Ourblogtemplates.com 2008

Back to TOP