ဘလော့ လိပ်စာသစ်သို့ ပြောင်းရွှေ့ခြင်း

(၂၀၀၇) ခုနှစ်မှစ၍ ဘလော့စာမျက်နှာအား ဖွင့်လှစ်ခဲ့ရာ ဖတ်ရှုအားပေးကြသော စာဖတ်ပရိသတ်အပေါင်းအား အထူးပင် ကျေးဇူးတင်ရှိပါသည်။

ယခုအခါတွင် ဘလော့ကို ဖွင့်ရန် အချိန်ကြာမြင့်မှုများ ရှိနေကြောင်း၊ စာဖတ်သူအချို့မှ အကြောင်းကြားလာပါသဖြင့် www.khinmamamyo.info တွင် စာမျက်နှာသစ်ကို ဖွင့်လှစ်ထားပါသည်။

စာမျက်နှာသစ်တွင် အချို့သော စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ဆောင်ပါးများနှင့် ရသစာစုများ (နှစ်ရာကျော်ခန့်)ကိုလည်း ကဏ္ဍများခွဲ၍ ပြန်လည်ဖော်ပြထားပါသည်။


ယခုဘလော့စာမျက်နှာကို ဆက်လက်ထားရှိထားမည်ဖြစ်သော်လည်း ယနေ့မှစ၍ ပို့စ်အသစ်များ ထပ်မံ တင်တော့မည် မဟုတ်ပါကြောင်းနှင့် ပို့စ်အသစ်များကို စာမျက်နှာသစ်တွင်သာ တင်တော့မည်ဖြစ်ပါကြောင်း လေးစားစွာ အသိပေး အကြောင်းကြားပါသည်။


စာမျက်နှာသစ်သို့ အလည်လာရောက်ပါရန်ကိုလဲ လှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါသည်။


လေးစားစွာဖြင့်



ခင်မမမျိုး (၁၇၊ ၁၀၊ ၂၀၁၁)

www.khinmamamyo.info

အရှုံးကို နှစ်ခြိုက်သူများ

Sunday, August 9, 2009

အခုတလော မြန်မာပြည်မှာတုန်းက စာသင်ပေးခဲ့ဖူးတဲ့ ကလေးမလေးတယောက်ကို သတိသွားရနေမိတယ်။ သူက လူချမ်းသာ မိသားစုထဲမှာ ကြီးပြင်းလာခဲ့တာပါ။ မိဘက စက်ရုံ၊ အလုပ်ရုံတွေ အများကြီး ပိုင်တယ်။ စီးပွားရေးလုပ်ငန်းတွေလဲ အများကြီးပါပဲ။ မြန်မာပြည်မှာ ပိုက်ဆံချမ်းသာတဲ့ မိသားစုတွေက သူတို့သားသမီးတွေကို ပုံစံနှစ်မျိုးနဲ့ မျှော်လင့်ကြတယ်။ ပထမတမျိုးက ဆယ်တန်းကို အမှတ်ကောင်းကောင်းနဲ့ အောင်ပြီး ဆေးတက္ကသိုလ်တက်ဖို့နဲ့ နောက်တမျိုးက နိုင်ငံရပ်ခြားကို မိဘစရိတ်နဲ့ ပညာတော်သင်ပို့ပြီး၊ အချိန်အတိုင်းအတာအရ ပညာတွေတတ်ပြီး လုပ်ငန်းအတွေ့အကြုံရလာတဲ့အခါ မြန်မာပြည်က မိဘလက်ငုတ်လက်ရင်း လုပ်ငန်းတွေကို ပြန်လာဦးစီးဖို့။ ဒီလိုနဲ့ပဲ မိဘမျှော်လင့်ချက် ပထမတမျိုးအရ ဆေးပညာဘွဲ့ရပြီး ဆရာဝန်မလုပ်တဲ့ ဆရာဝန်တွေ မြန်မာနိုင်ငံ အနှံ့အပြားမှာ ပျံ့နှံ့လာခဲ့သလို ဆရာဝန်ဘွဲ့ရပြီးမှ နိုင်ငံခြားထွက်ပြီး ကြုံရာအလုပ် လုပ်နေကြသူတွေလဲ ပေါ်ပေါက်လာခဲ့တယ်။ မိဘမျှော်လင့်ချက် ဒုတိယတမျိုးအရ နိုင်ငံရပ်ခြားမှာ စီးပွားရေးပညာ၊ စီမံခန့်ခွဲမှုပညာ၊ စာရင်းအင်း ပညာ၊ ဈေးကွက်ပညာ၊ အိုင်တီနည်းပညာ လာတက်သူတွေကလဲ နိုင်ငံပေါင်းစုံမှာ အနှံ့ပါပဲ။ မြန်မာပြည်ရဲ့ ပညာရေးဝန်ဆောင်မှုလုပ်ငန်းတွေ၊ နိုင်ငံခြားတက္ကသိုလ်တွေနဲ့ ချိတ်ဆက်ထားတဲ့ သင်တန်းတွေမှာ နိုင်ငံခြားထွက်ဖို့ ကြိုးစားနေကြတဲ့ လူငယ်တွေက ကြိတ်ကြိတ်တိုး ဖြစ်နေကြတယ်။



ကျွန်မ တပည့်မလေးကျတော့ ဥာဏ်ကောင်းပေမယ့် စာသိပ်ကြိုးစားတဲ့ ကလေးမျိုးထဲက မဟုတ်ဘူး။ ဆယ်တန်းစာမေးပွဲတုန်းကတောင် မအောင်ရင် နောက်တနှစ် ထပ်စာကျက်နေရမှာစိုးလို့ အောင်ရုံလေးတွေ ဖြေခဲ့တာဆိုပဲ။ အောင်မှတ်ရလောက်ပြီဆိုတာနဲ့ ဆက်ဖြေချင်စိတ်ကို မရှိတော့တာတဲ့။ ဆယ်တန်းတုန်းက သူများတွေလို ဆေး၊ စက်မှု မှန်းခဲ့ဖူးလားမေးတော့ စိတ်ကို မ၀င်စားတာတဲ့။ ကဲ- ပြီးရော။ တခါတလေလဲ အဲလို ဆယ်တန်းကတည်းက ပြတ်ပြတ်သားသား ရှိတာ အကောင်းသား လို့ တွေးခဲ့မိသေးတယ်။ မြန်မာပြည်ရဲ့ ပညာရေးစနစ်ဆိုတာက အသိပညာနဲ့ အတတ်ပညာကို ညီတူညီမျှ ဦးစားပေးတဲ့ ပညာရေးမျိုး မဟုတ်။ အထက်တန်းအောင်မှတ်ကို ကြည့်ပြီးမှ အမှတ်ကောင်းသူတွေက အတတ်ပညာ ဆရာဝန်၊ အင်ဂျင်နီယာ၊ စာရင်းကိုင်၊ အမှတ်နည်းသူတွေက အသိပညာ ဆုံးဖြတ်ခဲ့တဲ့ ပညာရေးစနစ်။ ဘ၀နဲ့ ပတ်သက်ပြီး လမ်းညွှန်ပြသရမယ့် မိဘဆွေမျိုးသားချင်းဆိုတာကလဲ ဒီပညာရေးစနစ်၊ ဒီပညာရေး အတွေးအခေါ်နဲ့ ခေါက်ရိုးကျိုးနေသူတွေ ဖြစ်လေတော့ ခေတ်မှီတဲ့ နိုင်ငံတကာ အဆင့်မှီ ပညာရေး အတွေးအခေါ်မျိုး ရှိသူတွေက ခပ်နည်းနည်း။ အမှတ်များတဲ့ ဆရာဝန်၊ အင်ဂျင်နီယာလိုင်းကို ၀င်မှ ဂုဏ်ရှိတယ် ထင်တတ်ကြတာမျိုး။ အမှတ်များများရတဲ့ သားသမီးက အသိပညာတွေဖြစ်တဲ့ မနုဿဗေဒ၊ ရှေးဟောင်းသုတေသန၊ သမိုင်း၊ နိုင်ငံတကာဆက်ဆံရေးလို ဘာသာရပ်တွေ တက်မယ်ဆိုရင် သားသမီးနဲ့ မိဘ ပြဿနာတက်ကြစမြဲ။

နိုင်ငံတကာ အဆင့်မှီပညာရေးမှာကျတော့ ဒါမျိုးတွေက မရှိ။ First degree ကိုတော့ ကိုယ်စိတ်ဝင်စားတဲ့ ဘာသာတွေကို တက်လေ့ရှိကြတယ်။ အင်္ဂလန်မှာဆိုရင် အသိပညာကို စိတ်ဝင်စားသူတွေက GCE A level မှာ အသိပညာနဲ့ ပတ်သက်တဲ့ ဘာသာရပ်တွေကို ယူကြပြီး၊ Grade ကောင်းအောင်ကြိုးစားကြတယ်။ ပြီးမှ အဲဒီဘာသာရပ်နဲ့ ပတ်သက်ပြီး နာမည်ကြီးတဲ့ တက္ကသိုလ်တွေကို ၀င်ဖို့ကြိုးစားလေ့ရှိကြတယ်။ လူအများက အောက်စဖို့ဒ်၊ ကင်းဘရစ်၊ လန်ဒန်လို့ အသိများပေမယ့် ဒီတက္ကသိုလ်တွေမှာ မသင်တဲ့ ဘာသာရပ်တွေကလဲ အများအပြား။ ဒီတော့ ရွေးချယ်ရလွယ်ကူအောင် ဘာသာရပ်တခုချင်းစီအရ သင့်လျော်မယ့် တက္ကသိုလ်တွေကို career အကြံပေး တွေ၊ စာအုပ်တွေ၊ အင်တာနက်တွေကနေတဆင့် လမ်းညွှန်ပြသပေးကြတယ်။ ဒီလိုနဲ့ အသိပညာဘွဲ့ရပြီးမှ ဘ၀အသက်မွေးဝမ်းကျောင်းပညာတွေကို ပြန်ရွေးချယ် တက်ရောက်တဲ့ လူတွေရှိသလို အတတ်ပညာဘွဲ့ရပြီးမှ အသိပညာမဟာဘွဲ့ပြန်တက်ပြီး ပါရဂူဘွဲ့အထိ ယူသွားကြသူတွေကလဲ အများအပြား။ မနုဿဗေဒနဲ့ ကျောင်းပြီးပြီးမှ Graduate entry လေးနှစ် ဆရာဝန်ဘွဲ့ကို တက်ပြီး ဆရာဝန်အလုပ်နဲ့ အသက်မွေးသူတွေ ရှိသလို၊ လျှပ်စစ်အင်ဂျင်နီယာဘွဲ့ရပြီးမှ ရှေးဟောင်းသုတေသနဘွဲ့တွေ ထပ်တက်ပြီး ကထိက ဖြစ်နေသူတွေလဲ ရှိတာပါပဲ။ တက်ရောက်ပညာသင်ကြားနေတဲ့ ပညာရပ်ကို အကြောင်းပြုပြီး လူတယောက်ရဲ့ အရည်အချင်းကို ခွဲခြားသတ်မှတ်တာမျိုး နိုင်ငံတကာ အဆင့်မှီ ပညာတတ်တွေရဲ့ အတွေးအခေါ်မှာ မရှိတတ်ကြပါ။ ပညာရပ်တွေကို တန်ဖိုးထားပြီး၊ ပညာရှင်အချင်းချင်း အပြန်အလှန် လေးစားမှုရှိကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လူတယောက်ရဲ့ အတွေးအခေါ်နဲ့ စိတ်ဝင်စားမှုဆိုတာကလဲ အချိန်၊ နေရာတွေအပေါ်မှာ မူတည်ပြီး အမြဲတမ်း ပြောင်းလဲတတ်တာကြောင့် ကိုယ်ပိုင်ရွေးချယ်ဆုံးဖြတ်တာကို အားပေးတဲ့ ပညာရေး စနစ်မျိုး ရှိသင့်တာအမှန်ပါပဲ။

ဒီလိုနဲ့ ဆယ်တန်းကို အောင်မှတ်နည်းနည်းနဲ့ ပွတ်ကာသီကာ အောင်လာတဲ့ ဒီကလေးမလေးဟာ အောင်စာရင်းထွက်ပြီး နောက်ပိုင်းမှာကျတော့လဲ သူ့မိဘရဲ့ ဒုတိယမျှော်လင့်ချက်နဲ့ ရင်ဆိုင်ရပြန်ပါတော့တယ်။ လိုင်းကောင်းကောင်း မရတာကြောင့် နိုင်ငံခြားပို့မယ်ဆိုပြီး သူ့မိဘတွေက စီစဉ်ခဲ့ပါတယ်။ ဒီလိုနဲ့ ဆယ်တန်းမှာတုန်းကလဲ နေ့ဝိုင်းကျူရှင်၊ ညဂိုက်တွေနဲ့ ၀န်းရံနေခဲ့ရတဲ့ ကလေးမလေးဟာ ဆယ်တန်းအောင်ပြီးတဲ့အခါကျတော့လဲ အင်္ဂလိပ်စာသင်တန်း၊ စီးပွားရေး စီမံခန့်ခွဲမှု ဒီပလိုမာသင်တန်းတွေနဲ့ ပိလာပြန်ပါတော့တယ်။ ဒါပေမယ့် ကလေးမလေးကလဲ အင်္ဂလိပ်စာ စာမေးပွဲမှာ နိုင်ငံခြားကောလိပ်တွေမှာ ပညာသင်ခွင့်ရလောက်မယ့် အဆင့်ကို မရဘူး။ စီးပွားရေး စီမံခန့်ခွဲမှု ဒီပလိုမာကိုလဲ မအောင်ပြန်ဘူး။ ဒီလိုနဲ့ပဲ ကျွန်မ လက်ထဲ ရောက်လာတယ်ဆိုပါတော့လေ။ သူ့မိဘကလဲ ကျွန်မကို အတော်အားကိုးတယ်။ ကျွန်မကလဲ သူ့ကို ညီမလေး တယောက်လို ခင်တယ်။ ဒါနဲ့ ဖြစ်စေချင်စိတ်နဲ့ တွန်းတာပေါ့။ နောက်ဆုံး စာမေးပွဲနီးတဲ့ အချိန်မှာ ညဘက် သူနဲ့ တူတူ သွားအိပ်ပြီးတော့ကို အနီးကပ်စောင့်ကြည့် စာကျက်ခိုင်းခဲ့တာ။ ဘာပဲဖြစ်ဖြစ် ဒါလေးတွေတော့ အောင်သွားပါစေတော့ဆိုပြီး၊ မေးခွန်းဟောင်းတွေကို မှတ်စုတွေပါ ထုတ်ပေးခဲ့တာ။

ဒီလိုနဲ့ စာရင်းကိုင်ဘာသာ၊ စီမံခန့်ခွဲမှုဘာသာ၊ စီးပွားဆက်ဆံရေးဘာသာ စတဲ့ ဘာသာရပ်အားလုံးမှာ စာတွေကျက်ခိုင်း၊ mock exam တွေဖြေခိုင်းပြီး သင်ပေးလာခဲ့တာ စာမေးပွဲချိန်ရောက်တော့ ကျွန်မ သူ့ကို လုံးဝ စိတ်ချနေခဲ့ပြီ။ မေးခွန်းလွှာတွေကို ကြည့်ပြီး နောက်ပိုင်းမှာလဲ ပိုသေချာသွားခဲ့တယ်။ ကျွန်မ ပြင်ဆင်ပေးထားခဲ့တာတွေက မေးခွန်းရဲ့ အတိုင်းအတာထက်တောင် ပိုလွန်နေသေးတယ်။ သေချာပေါက်အောင်ကိုအောင်ရမယ်ပေါ့။

ဒါပေမယ့် ကျွန်မရဲ့ တွက်ဆမှုတွေ လုံးဝမှားခဲ့တယ်။ အောင်စာရင်းထွက်လာတဲ့အချိန်မှာ ဘာသာအားလုံးမှာ သူထပ်ကျနေခဲ့ပြန်တယ်။ သူ့ကို အောင်စေချင်တဲ့ စိတ်၊ ငါ့လက်ထဲရောက်လာတဲ့ ကျောင်းသားဆိုရင် စာမေးပွဲအောင်စေရမယ်ဆိုတဲ့ ငယ်ရွယ်တဲ့ ဆရာတယောက်ရဲ့ မာနအတွေးတွေနဲ့ ကျွန်မ တော်တော်ကို ပေါက်ကွဲသွားခဲ့တယ်။ သူ့ကို ခေါ်ပြီး အဖြေကိုမေးလိုက်တော့ ရှင်းပါတယ်။

“မမ။ သမီး စာမေးပွဲမအောင်ချင်ဘူး။ အောင်ရင် နိုင်ငံခြားသွားရမှာ”တဲ့။ ဘယ်လိုပဲ ဖျောင်းဖျဆုံးမပေမယ့် သူက ခေါင်းမာနေခဲ့ပြန်တယ်။ စာမေးပွဲ ခဏခဏကျနေရင် သူ့မိဘတွေကလဲ လက်လျှော့သွားမှာပါတဲ့။ မြန်မာပြည်မှာပဲနေပြီး ကျောင်းတက်၊ အချိန်တန်ရင် ဘွဲ့လေးရတဲ့ ပျော်ပျော်ရွှင်ရွှင်၊ အေးအေးဆေးဆေး ဘ၀ပဲ နေချင်တယ်။ နိုင်ငံခြားရောက်ရင် စာတွေ အရမ်းကျက်နေရမှာပေါ့တဲ့။ ကျွန်မက စာမေးပွဲကျတယ်ဆိုတာ ရှုံးတာနဲ့အတူတူပဲဆိုတော့ သူပြန်ပြောလိုက်တဲ့ စကားက “ မမကလဲ။ သမီးက အဲဒီအရှုံးကိုပဲ လိုချင်တာလေ။ ရှုံးမှ သမီးလိုချင်တဲ့ အခွင့်အရေးတွေ ရမှာလေ” တဲ့။ ကဲ- ဘယ်နှယ့်ရှိစ။

အဲဒီတုန်းက ကျွန်မ အသက်က ၂၂ နှစ်။ သူမ အသက်က ဆယ့်ခုနစ်နှစ်။ စာမေးပွဲဖြေရင် အောင်အောင် ဖြေရမယ်။ ရှုံးသွားရင်လဲ အဲဒီ အရှုံးကို သင်ခန်း စာယူပြီး အောင်အောင် ဘယ်လို လုပ်ရမလဲဆိုတာ စဉ်းစားရမယ် ဆိုတဲ့ အတွေးတွေနဲ့ ၂၂ နှစ်လုံးလုံး လူ့လောကထဲမှာ ရှင်သန်ခဲ့တဲ့ ကျွန်မကို ဆယ့် ခုနစ်နှစ် ကလေးမလေး တယောက်က ပေးလိုက်တဲ့ သင်ခန်းစာလေး တခုပါ။ လူတိုင်းလူတိုင်းမှာ တန်ဖိုးထားတာတွေ မတူဘူးဆိုတာရယ်၊ လူ့ဘ၀ကို ရှုမြင်သုံးသပ်ပုံ မတူဘူးဆိုတာရယ်၊ ကိုယ်တန်ဖိုးထားတဲ့ အခွင့်အရေးတွေ အတွက် အရှုံးပေးရခြင်းကို နှစ်ခြိုက်သူတွေလဲ ရှိနိုင်တယ် ဆိုတာရယ်ကို ပထမဆုံး နဖူးတွေ့၊ ဒူးတွေ့ ကြုံခဲ့ရဖူးတာပါပဲ။

နောက်ပိုင်းတော့လဲ ကျယ်ပြောလှတဲ့ လူ့အသိုင်းအ၀ိုင်းကြီးတွေထဲမှာ သူ့လို လူမျိုးတွေ အများကြီးကို ထပ်တွေ့လာခဲ့ရပါတယ်။ လက်ရှိမှာ ရထားတဲ့ အခွင့်အရေးတွေ၊ နေရာတွေကို လက်မလွှတ်ချင်တာနဲ့ အနိုင်နွှဲလို့ရနိုင်တဲ့ ဘ၀တိုက်ပွဲတွေကို မဆင်နွှဲပဲ ပိုနေမြဲ၊ ကျားနေမြဲနေတတ်သူတွေကိုလဲ အများအပြား တွေ့လာခဲ့ရပါတယ်။ ကိုယ့် အခွင့်အရေးတွေ တည်မြဲဖို့အတွက် အရှုံးပေးတယ်ဆိုတာ ကိုယ်နဲ့ သက်ဆိုင်တဲ့ လုပ်ငန်းဆောင်တာတွေမှာဆိုရင် ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ်မို့ အကြောင်းမဟုတ်ပေမယ့်၊ အများနဲ့သက်ဆိုင်တဲ့ လုပ်ငန်းဆောင်တာ တွေမှာဆိုရင်တော့ အများကို သစ္စာဖောက်ရာရောက်တယ်၊ တကိုယ်ကောင်းဆန်တယ် လို့ ကျွန်မကတော့ တွေးထင်မိပါတယ်။ သေချာတာတခုကတော့ အရှုံးကို နှစ်ခြိုက်သူတွေ၊ အောင်မြင်အောင် မလုပ်လို့ ရလာမယ့် အခွင့်အရေးကိုပဲ တပ်မက်နေသူတွေနဲ့ အောင်ပွဲဆိုတာကို ရအောင် ယူနိုင်မှာ မဟုတ်တာပါပဲ။ အောင်ပွဲဆိုတာ ပိုနေမြဲ၊ ကျားနေမြဲလူတွေ၊ အရှုံးကို နှစ်ခြိုက်သူတွေကို ရှေ့ကပဲ ပိတ်နေနေ၊ ဘေးမှာပဲ ကန့်လန့်ကန့်လန့်တွဲနေနေရှိနေသရွေ့ ရနိုင်မှာ မဟုတ်ပါဘူး။

ဘယ်လိုပဲဖြစ်ဖြစ် အရှုံးကို နှစ်ခြိုက်သူ ကလေးမလေးတယောက်ကို ကျွန်မရဲ့ အချိန်တွေ သုံးလလောက် ပေးခဲ့ဖူးပါတယ်။ သူကိုယ်တိုင်က အရှုံးကို နှစ်ခြိုက်သူ၊ အရှုံးက ရလာမယ့် အခွင့်အရေးတွေကိုပဲ လိုချင်သူဖြစ်နေလေတော့ ကျွန်မရဲ့ အောင်မြင်စေလိုတဲ့စကား၊ အနိုင်ရစေမယ့် လုပ်ရပ်တွေဟာ သဲထဲရေသွန် ဖြစ်ခဲ့ရဖူးပါရဲ့။ ဘ၀ရဲ့ တခြား အစိတ်အပိုင်းတွေမှာကော ဒီလိုဖြစ်ခဲ့သလား၊ ဖြစ်လာမှာလား ဆိုတာ------------------------။

ခင်မမမျိုး (၉၊ ၈၊ ၂၀၀၉)

  © Blogger templates Newspaper II by Ourblogtemplates.com 2008

Back to TOP