ဖယ်ဒရယ်နိုင်ငံတော်သစ်ဆီသို့
ဖယ်ဒရယ်ပြည်ထောင်စုမြန်မာနိုင်ငံ။
စကားစုလေးကား ထိုမျှသာ။ သို့ပေမယ့် ထိုစကားစုလေးကြားသည်နှင့် ထိုင်မရ ထမရဖြစ်ကာ အရူးမီးဝိုင်းသကဲ့သို့ ဖြစ်နေသော လူတစု ဤကမ္ဘာပေါ်တွင် ရှိသည်ဟုပြောလျှင် စာဖတ်သူတို့ ယုံပါမည်လေစ။ ထိုလူစုကား စာရေးသူတို့ မြန်မာနိုင်ငံကို နှစ်ပေါင်းများစွာ လက်နက်အားကိုး အုပ်ချုပ်နေသော စစ်အာဏာရှင် အုပ်စုအဆက်ဆက်တို့ပင်ဖြစ်တော့သည်။
စစ်အာဏာရှင်တို့ အဘယ်ကြောင့် ဤမျှကြောက်နေရသနည်း။ အဖြေကား ရှင်းပါသည်။ လူလိမ်လူညာတို့ဟူသည် အမှန်တရားပေါ်ပေါက်သွားမည်ကို အလွန်ပင် ကြောက်တတ်ကြပါသည်။နိုင်ငံတော်အာဏာကို ငန်းငန်းတက်ကာ မတရားရယူထားသော အာဏာရှင်တို့သည် “နိုင်ငံတော်ချောက်ထဲကျမည့်အရေး ကယ်တင်ရပါသည်“ ဟူ၍ မည်မျှပင် ဆိုနေစေကာမူ အမှန်တရားကိုတော့ ရင်ထဲမှသိကာ လိပ်ပြာမလုံ ဖြစ်နေကြသောကြောင့် ပင်ဖြစ်ပါသည်။
တိုင်းရင်းသားလူမျိုးပေါင်းစုံဖြင့် ဖွဲ့စည်းတည်ထောင်ထားသော မြန်မာနိုင်ငံတွင် ဖယ်ဒရယ် ပြည်ထောင်စုစနစ် တည်ဆောက်ရန်ကား အလွန်ပင် ရေးကြီးလှသည်။ ခေတ်အဆက်ဆက် ဖြစ်ပွားခဲ့သော စစ်မီးများ၊ ပဋ္ဋိပက္ခများကို ဖယ်ဒရယ်ဟူသော ငြိမ်းချမ်းရေးရေစင်ဖြင့် မငြိမ်းသတ်ပဲ ထား၍မရ။ ရှေးမြန်မာ မင်းအဆက်ဆက်ကပင် အုပ်ချုပ်ရေးညံ့ဖျင်းမှု၊ အာဏာလုမှု၊ လူမျိုးကြီးဝါဒ ဆုပ်ကိုင်မှု၊ နိုင်ငံထောင်ထားခြားနားမှု စသော ချွတ်ယွင်းချက်များ ရှိနေသော နိုင်ငံသည် ကိုလိုနီစနစ်ဆိုး၏ သွေးခွဲမှုနှင့် ထပ်မံကြုံတွေ့ခဲ့ရသောအခါ၌ကား တိုင်းရင်းသားအချင်းချင်း နားလည်မှုလွဲသည့် အချက်ကလေးများမှာ လွတ်လပ်ရေးမရခင်ကပင် ရှိခဲ့သည်။
ယင်းကြောင့်လည်း ဗိုလ်ချုပ်အောင်ဆန်း နှင့်တကွ တိုင်းရင်းသား ခေါင်းဆောင်များက အမြော်အမြင် ကြီးစွာဖြင့်လွတ်လပ်ရေးတပြိုင်နက်တည်း ရယူရန် ရည်သန်လျက် သမိုင်းဝင် ပင်လုံစာချုပ်ကို ချုပ်ဆိုခဲ့ကြခြင်းဖြစ်သည်။ တန်းတူရည်တူ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံနိုင်သည့် ဖယ်ဒရယ်ပြည်ထောင်စု နိုင်ငံတည်ဆောက်ရန် သဘောတူ ဆောင်ရွက်ခဲ့ကြသော်လည်း၊ ကံဆိုးလှသော တိုင်းပြည်လေးခမျာ ဦးစီးပဲ့ကိုင်မည့်သူများအား လုပ်ကြံခံလိုက်ရပြီး၊ လျော့တိလျော့ရဲ၊ ကိုယ့်လှေကိုယ်ထိုး ပဲခိုးရောက်ရောက်၊ ငါ့မြင်းငါစိုင်း စစ်ကိုင်းရောက်ရောက် လုပ်တတ်သူများနှင့်သာ ကြုံခဲ့ရလေတော့သည်။ အားနည်းချက်များ၊ တွေဝေမှုများ၊ မပြတ်သားမှုများ၊ ကိုယ်ကျိုးရှာမှုများ၊ တော်လှန်ရေးအပြီးကာလ လက်နက်များ ပျံ့နှံ့နေမှုများ၊ ကမ္ဘာ့ဝါဒရေးရာ လွန်ဆွဲပွဲများ အားလုံးသည် တပ်မတော်ဆိုသော ကာကွယ်ရေးအဖွဲ့အစည်း တခုကို အုပ်ချုပ်ရေး၊ တိုင်းပြည်ကံကြမ္မာအဆုံးအဖြတ်ပေးရေး ကဏ္ဍထဲသို့ မဆီမဆိုင်တွန်းပို့လိုက်သကဲ့သို့ဖြစ်သွားသည်။ အရူးလက်ထဲ ရွှေခွက်ခ ထည့်ပေးလိုက်သည့်ပမာ ဖြစ်သွားသည်။
ဤသို့သော ကာလမျိုးတွင် ပင်လုံအနှစ်သာရများမှာ အကောင်အထည် ဖော်ဖို့ဝေးစွ၊ လမ်းပေါ်တွင်ပင် မရှိအောင် လွဲချော်နေပြီဆိုသည်ကို အမြော်အမြင်ရှိသော တိုင်းရင်းသားခေါင်းဆောင်များ သဘောပေါက်ခဲ့ကြပါသည်။ မဟာလူမျိုးကြီးဝါဒနှင့် ဖယ်ဒရစ်စနစ်ဆိုသည်က မိုးနှင့်မြေပမာ ကွာခြားလှသည်လေ။ ရောဂါလက္ခဏာပေါ်လာပြီမို့ အချိန်မှီကုသရန် ကြိုးစားခဲ့ကြပါသေးသည်။ သို့ပေမယ့် အကွက်ချောင်းနေသော ရန်သူ့ခြေလှမ်းများက တပန်းသာသွားသည်မို့ ဖယ်ဒရယ်ဆိုသော စနစ်တခုမှာ ခြေရာလဲပျောက်၊ ရေလဲနောက်။ စစ်အာဏာရှင်တို့၏ တရစပ် နည်းမျိုးစုံ ချေမှုန်းရေးများကြားတွင် လည်စင်းခံနေရသည့်ဘ၀။ နှစ်ပေါင်းများစွာပင် ကြာခဲ့ပါပကော။
သမိုင်းဝင်ပင်လုံစာချုပ်လက်မှတ်ထိုးခဲ့ကြသည်မှာကား ယခုဆိုလျှင် အနှစ်ခြောက်ဆယ်ရှိလေပြီ။ ပင်လုံ၏ အနှစ်သာရများမှာ ယခုထိ ပျောက်ကွယ်နေဆဲ။ စစ်အာဏာရှင်စနစ်ကို မဖယ်ရှားနိုင်ပဲ ဒီမိုကရေစီစနစ်၊ ဖယ်ဒရယ်စနစ်ကို အသက်သွင်း၍ မရနိုင်ပါ။ ဤသည်မှာ အဓိကအချက်၊ ယင်းအချက်မှ သွေဖည်သည်နှင့် ရန်သူ့ညွှတ်ကွင်းအတွင်းသို့ ကျရောက်သွားမည်ပင်ဖြစ်သည်။ ကျရောက်သွားခဲ့ရသည့်အဖွဲ့များကလည်း နမူနာရှိနေသည်။ ကျမှန်းသိပြီးမှ ရုန်းထွက်၍ မရတော့ပဲ အံကြိတ်ရင်း ကယ်မည့်သူအလာကို စောင့်နေကြရသည့်ဘ၀သို့ ရောက်နေကြသည်။ ကျန်ရှိနေသည့် မြန်မာ့ဒီမိုကရေစီ အင်အားစုများနှင့် တိုင်းရင်းသားအင်အားစုများ ကျောချင်းကပ်ထားဖို့ အချိန်တန်လေပြီ။
ချုပ်၍ဆိုရသော် ဖယ်ဒရယ် နိုင်ငံတော်သစ်ဆီသို့ မဆုတ်တမ်းခြေလှမ်းများဖြင့် ဆက်လက်လျှောက်လှမ်းရင်း (၅၂) သန်းသော မြန်မာ ပြည်သူလူထု၏ တန်းတူရည်တူ ကိုယ်ပိုင် ပြဌာန်းခွင့်ကို တည်ဆောက်ရန် ကြိုးပမ်းကြပါစို့ ဟု ရေးသားတိုက်တွန်းလိုက်ရပေသည်။
ခင်မမမျိုး (၁၀၊၂၊ ၂၀၀၇)