ဘလော့ လိပ်စာသစ်သို့ ပြောင်းရွှေ့ခြင်း

(၂၀၀၇) ခုနှစ်မှစ၍ ဘလော့စာမျက်နှာအား ဖွင့်လှစ်ခဲ့ရာ ဖတ်ရှုအားပေးကြသော စာဖတ်ပရိသတ်အပေါင်းအား အထူးပင် ကျေးဇူးတင်ရှိပါသည်။

ယခုအခါတွင် ဘလော့ကို ဖွင့်ရန် အချိန်ကြာမြင့်မှုများ ရှိနေကြောင်း၊ စာဖတ်သူအချို့မှ အကြောင်းကြားလာပါသဖြင့် www.khinmamamyo.info တွင် စာမျက်နှာသစ်ကို ဖွင့်လှစ်ထားပါသည်။

စာမျက်နှာသစ်တွင် အချို့သော စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ဆောင်ပါးများနှင့် ရသစာစုများ (နှစ်ရာကျော်ခန့်)ကိုလည်း ကဏ္ဍများခွဲ၍ ပြန်လည်ဖော်ပြထားပါသည်။


ယခုဘလော့စာမျက်နှာကို ဆက်လက်ထားရှိထားမည်ဖြစ်သော်လည်း ယနေ့မှစ၍ ပို့စ်အသစ်များ ထပ်မံ တင်တော့မည် မဟုတ်ပါကြောင်းနှင့် ပို့စ်အသစ်များကို စာမျက်နှာသစ်တွင်သာ တင်တော့မည်ဖြစ်ပါကြောင်း လေးစားစွာ အသိပေး အကြောင်းကြားပါသည်။


စာမျက်နှာသစ်သို့ အလည်လာရောက်ပါရန်ကိုလဲ လှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါသည်။


လေးစားစွာဖြင့်



ခင်မမမျိုး (၁၇၊ ၁၀၊ ၂၀၁၁)

www.khinmamamyo.info

သြဂုတ်လမျက်ရည်၊ စက်တင်ဘာသွေးစက်မှသည် အောက်တိုဘာအောင်ပွဲဆီသို့

Saturday, September 29, 2007


လမ်းမထက်တွင် သွေးတွေ ထပ်စွန်းခဲ့ပြန်လေပြီ။ အကျဉ်းစခန်းများတွင် လူတွေပြည့်နှက်နေခဲ့လေပြီ။ ရဟန်းရှင်လူ၊ ပြည်သူအများ၏ သွေး၊ချွေး၊ မျက်ရည်စက်များက စစ်အာဏာရှင် စိန်ခေါ်ပွဲကို တကမ္ဘာလုံးသို့ ဖြန့်ချပြလိုက်သည်။ သေနတ်များ၊ ဒိုင်းများ၊ တုတ်၊ ဓားများကိုင်ဆောင်ထားသော လူသတ်သမားများရှေ့မှ ရဲဝံ့သော ဘုရားသားတော်များ၊ ကျောင်းသားများ၊ ပြည်သူများ၏ စွန့်လွှတ်အနစ်နာခံမှုကို တကမ္ဘာလုံးမှ အံ့သြဂုဏ်ပြုခဲ့ကြသည်။ ယုတ်မာသော စစ်ခွေးများ၏ ဇာတိရုပ်ကို တကမ္ဘာလုံးမှ ရွံ့ရှာစက်ဆုပ်ခဲ့ကြသည်။

သြဂုတ်လမှ အစပြုခဲ့သည်။ လောင်စာဆီကျဆင်းရေးအတွက် ငြိမ်းချမ်းစွာ လမ်းလျှောက်သော ကျောင်းသားခေါင်းဆောင်များ၊ ပြည်သူများကို လူမဆန်စွာ ရိုက်နှက်ဖမ်းဆီးခဲ့ကြသည်။ မတရားသော စစ်အာဏာရှင်တို့၏ လူစိတ်ကင်းမဲ့နေသော လုပ်ရပ်များအတွက် လူအများ မျက်ရည်ကျခဲ့ရသည်။ ဘုရားသားတော်များက ဒုက္ခမီးလောင်နေသော မြန်မာပြည်ကြီးအတွက် မေတ္တာပို့ဆုတောင်း လှည့်လည်ခဲ့ကြသည်။ ဤသည်ကိုပင် မနာလိုမရှုဆိမ့်နိုင်သော ဖက်ဆစ်များက လက်အုပ်ချီမိုးရမည့် သံဃာတော်အား ဖိနပ်နှင့် ကန်ကျောက်ကာ ဓာတ်တိုင်တွင် ကြိုးချည်ရိုက်ခြင်းဖြင့် တုန့်ပြန်လိုက်ကြသည်။

သာသနာတော်ကို ဤမျှအထိ စော်ကားမိုက်ရိုင်းခြင်းအပေါ် အချိန် (၁၀)ရက်ပေးကာ တောင်းပန်စေခဲ့သော်လည်း မိစ္ဆာဒိဌိများက အမှန်တရားကို မမြင်ခဲ့ကြ။ အ၀ီစိတိုင်အောင် မိုက်တွင်းနက်နေခဲ့ကြသည်။ အဆိုပါ မိစ္ဆာများအား ဘုရားရှင်ထားခဲ့သည့် ဒေသနာတော်အတိုင်း ကံဆောင်သပိတ် မှောက်ခဲ့ကြသည်။ ဗုဒ္ဓသာသနာတွင် လူပီသသူတိုင်းသည် ကံဆောင်သပိတ်ကို နားလည်ကာ သာသနာတော်အား စော်ကားခဲ့မှုများအတွက် ၀န်ချတောင်းပန်ကြစမြဲ။ သို့ပေမယ့် ဖက်ဆစ်စစ်ခွေးများကတော့ နားမလည်ကြပါ။

နားမလည်ရုံမက ထပ်မံ၍ပင် စော်ကားခဲ့ကြလေပြီ။ ဗုဒ္ဓဘာသာ၊ ပြည်မြန်မာ၏ မြို့တော်ရန်ကုန်ဆီမှ ရွှေတိဂုံဘုရားပေါ်တွင်ပင် ၀တ်ပြုနေသည့် ဘုရားသားတော်၏ ခေါင်းကို ရိုက်ခွဲကာ သာသနာဖျက်မင်းဆိုးမင်းညစ်များ ဖြစ်ကြောင်း သက်သေထူလိုက်ကြသည်။ မျက်ရည်ယိုဗုံးများ၊ သေနတ်သံများ၊ လူသတ်တုတ်များအကြားတွင် ရဟန်းရှင်လူပြည်သူအများ၏ သွေးစက်တွေ မြေခခဲ့ရသည်။ သွေးပင်လယ် ဝေခဲ့ရသည်။

ဖက်ဆစ်စစ်အာဏာရှင်တို့သည် ကျွန်ုပ်တို့ ပြည်သူများအပေါ်တွင် သမိုင်းကြွေးတင်နေကြလေပြီ။ လမ်းမထက်သို့ ကျခဲ့ရသော သွေးစက်များသည် ဖက်ဆစ်လက်ပါးစေ စွမ်းအားရှင်များ မည်သို့ပင် ရေနှင့်ဆေးကြောကာ ဖျောက်ဖျက်နေစေကာမူ၊ သံဃာတော်များအား ရိုက်နှက်ဖမ်းဆီးစဉ်က ငွေကြာယံကျောင်းတိုက်ကြီးထဲတွင် စွန်းပေခဲ့ရသော သံဃာ့သွေးစက်များအား မည်မျှပင် သဲလွန်စဖျောက်ဖျက်နေစေကာမူ၊ ပျောက်ပျက်ကာ သွားမည် မဟုတ်ပါ။ မြန်မာပြည်ကြီးတွင် သွေးမုန်တိုင်းတိုက်ခိုက်လာပေတော့မည်။

အောက်တိုဘာလ အထွေထွေသပိတ်ကြီးအတွက် လူအများ ညီညွတ်နေကြလေပြီ။ အောက်တိုဘာ အဆုံးသတ်တိုက်ပွဲတွင် ကျရာနေရာမှ ပါဝင်ဆင်နွှဲကြပါစို့ဟု ရေးသားလိုက်ရပေသည်။

(29/09/2007)

  © Blogger templates Newspaper II by Ourblogtemplates.com 2008

Back to TOP