ဘလော့ လိပ်စာသစ်သို့ ပြောင်းရွှေ့ခြင်း

(၂၀၀၇) ခုနှစ်မှစ၍ ဘလော့စာမျက်နှာအား ဖွင့်လှစ်ခဲ့ရာ ဖတ်ရှုအားပေးကြသော စာဖတ်ပရိသတ်အပေါင်းအား အထူးပင် ကျေးဇူးတင်ရှိပါသည်။

ယခုအခါတွင် ဘလော့ကို ဖွင့်ရန် အချိန်ကြာမြင့်မှုများ ရှိနေကြောင်း၊ စာဖတ်သူအချို့မှ အကြောင်းကြားလာပါသဖြင့် www.khinmamamyo.info တွင် စာမျက်နှာသစ်ကို ဖွင့်လှစ်ထားပါသည်။

စာမျက်နှာသစ်တွင် အချို့သော စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ဆောင်ပါးများနှင့် ရသစာစုများ (နှစ်ရာကျော်ခန့်)ကိုလည်း ကဏ္ဍများခွဲ၍ ပြန်လည်ဖော်ပြထားပါသည်။


ယခုဘလော့စာမျက်နှာကို ဆက်လက်ထားရှိထားမည်ဖြစ်သော်လည်း ယနေ့မှစ၍ ပို့စ်အသစ်များ ထပ်မံ တင်တော့မည် မဟုတ်ပါကြောင်းနှင့် ပို့စ်အသစ်များကို စာမျက်နှာသစ်တွင်သာ တင်တော့မည်ဖြစ်ပါကြောင်း လေးစားစွာ အသိပေး အကြောင်းကြားပါသည်။


စာမျက်နှာသစ်သို့ အလည်လာရောက်ပါရန်ကိုလဲ လှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါသည်။


လေးစားစွာဖြင့်



ခင်မမမျိုး (၁၇၊ ၁၀၊ ၂၀၁၁)

www.khinmamamyo.info

ကားပါမစ်ညီလာခံ၊ စစ်ဗိုလ်တမတ်သားကွန်စတီကျူးရှင်းနှင့်ရွှေရည်စိမ်ဒီမိုကရေစီ

Saturday, September 8, 2007



စက်တင်ဘာ (၈)ရက်၊ ၂၀၀၇ခုနှစ်

(၁၄)နှစ်တာ ကျင်းပခဲ့သော နအဖညောင်နှစ်ပင်ညီလာခံကြီး ကား ပြီးဆုံးသွားလေပြီ။ ညီလာခံကြီး အောင်မြင်စွာ ပြီးဆုံးသွားပြီဟု ကျင်းပရေး ကော်မရှင်ဥက္ကဌ ဗိုလ်သိန်းစိန်က မိန့် ခွန်းချွေသည်။ စစ်ဗိုလ်တမတ်သား ကွန်စတီကျူးရှင်းကြီး အတွက် အခြေခံရမည့်မူများနှင့် အသေးစိတ် အခြေခံရမည့်မူများ ချမှတ်နိုင်ခဲ့ခြင်းကိုပင် ပြီးမြောက် အောင်မြင်ပြီဟု ဆိုလေသည်လား။ (သို့ တည်းမဟုတ်) ရွှေရည်စိမ်ဒီမိုကရေစီလမ်းပြမြေပုံ၏ အဆင့်တဆင့် ပြီးစီးသွားသည်ကိုပင် အောင်ပွဲတရပ်ထင်ကာ အောင်မြင်ပြီ ဆိုလေသည်လား။ သေချာသည်ကတော့ ညီလာခံကိုယ်စားလှယ်တော်ကြီးများ သိန်းခြောက်ရာတန် ကားပါမစ်ကိုယ်စီဖြင့် ပျော်ရွှင်သွားကြခြင်းသာ ဖြစ်သည်။

အပြည့်အ၀တော့ မပျှော်နိုင်ကြ။ (၁၉၉၃)ခုကတည်းက တက်ခဲ့သူများကိုသာ ပေးခြင်းဖြစ်သဖြင့်၊ (၂၀၀၃)ခုနှစ် ကိုယ်စားလှယ်များက ပွစိပွစိဖြစ်နေကြပြန်သည်။


ထိုကဲ့သို့ ဖြစ်နေသော ကားပါမစ်ညီလာခံကြီးသည် နိုင်ငံတစ်နိုင်ငံဖြစ်တည်မှု၏ အရေးကြီးဆုံးဟု ဆိုအပ်သော

ဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသစ်ရေးဆွဲရေးအတွက် လိုအပ်သော အခြေခံအုတ်မြစ် မူဝါဒများကို ချမှတ်ခဲ့သည်။ အိမ်တအိမ်တည်တံ့မှုတွင်ပင် အုတ်မြစ်က အရေးပါလှ သည်ဖြစ်ရာ နိုင်ငံတနိုင်ငံ၏ အုတ်မြစ်ဆိုတော့ ပို၍ အရေးကြီးပါသည်။ သန်းပေါင်းများစွာသော လူအများတို့ ၏ ဘ၀နှင့် ကံကြမ္မာကို ကိုယ်စားပြုနေပေသည်။ ယခု ကားပါမစ် ညီလာခံမှ ကားပါမစ်ကိုယ်စားလှယ်တော်များသည်

မည်သို့ သော အုတ်မြစ်မျိုးကို ခေါင်းတော်ညိတ်လက်ခံတော်မူ ခဲ့ကြပါသနည်း။


အဆိုပါမူသဘောထားများအရ ပါလီမန်လွှတ်တော်၏ တမတ်သားနေရာများသည် ရွေးကောက်တင်မြှောက်ထားခြင်း မဟုတ်သော စစ်ဗိုလ်များအတွက် Reserved လုပ်ထားရပါမည်။ နိုင်ငံတော်၏ သမ္မတသည် စစ်မှုထမ်းသက် ရှိပြီးသူသာ ဖြစ်ရပါမည်။ နိုင်ငံတော်၏ အရေးပါသော ၀န်ကြီး ဌာနများ (ဥပမာ- ကာကွယ်ရေး ၀န်ကြီးဌာန၊ ပြည်ထဲရေးဌာနများ)အား တပ်မတော်မှသာ ကွပ်ကဲပါမည်။ တပ်မတော်သည် နိုင်ငံတော်ဘဏ္ဍာငွေသုံးစွဲမှုဘတ်ဂျက်ကို ကိုယ်ပိုင်ချမှတ်နိုင်ပြီး၊ နိုင်ငံတော်အား အရေးပေါ်အခြေအနေ ကြေငြာ၍ လိုအပ်ပါက နိုင်ငံတော်အာဏာအား သိမ်းယူပိုင်ခွင့် ရှိသည်။ အလွန်ပင် စနစ်တကျစီမံထားသည့် နိုင်ငံတော်ရေရှည်လုပ်ကြံမှု စီမံချက်ကြီးပါတကား။


ယင်းသို့ သော တပ်မတော်အာဏာတည်မြဲရေးစီမံချက်ကြီး အောင်မြင်ဖို့ အရေးအတွက် ကားပါမစ်ညီလာခံကြီးအား (၁၄)နှစ် ကြာအောင် ကျင်းပ၍ နိုင်ငံတော်ဘဏ္ဍာများကို အလွဲသုံးစားလုပ်ခဲ့ကြသည်။ အလဟဿဖြုန်းတီးခဲ့ကြသည်။ ပြည်သူတို့ အတွက်ကား မည်သို့ သော အကျိုးကျေးဇူးမှ မရှိ။ အနာဂတ်မြန်မာပြည်ထောင်စုကြီးအတွက်လည်း အကျိုးစီးပွားတခုမှ မဖြစ်ထွန်း။ ပြည်သူတို့ ခံစားနေရသည့် ဒုက္ခဆင်းရဲတွင်းကြီးထဲသို့ နစ်သထက်နစ်စေတော့မည့် စစ်ဗိုလ်တမတ်သား ကွန်စတီကျူးရှင်းကြီးပင် ဖြစ်တော့သည်။


ယင်းသို့ သော စစ်ဗိုလ်တမတ်သား ကွန်စတီးကျူးရှင်းတွင် ပါဝင်ရမည့် မူများချမှတ်ပြီး၊ ညီလာခံကြီး အဆုံးသတ်ခဲ့ပြီဖြစ်သဖြင့် နအဖဒီမိုကရေစီ လမ်းပြမြေပုံကြီး၏ အဆင့်တဆင့် ပြီးမြောက်ခဲ့ပြီ ဟုတော့ ဆိုနိုင်ပါသည်။ စည်းကမ်း ပြည့်ဝသော ဒီမိုကရေစီနိုင်ငံတော်သစ်ကို ဖော်ဆောင်မည့် လမ်းပြမြေပုံဟု ခုနစ်အိမ်ကြား၊ ရှစ်အိမ်ကြား (အာဆီယံကြား၊ ယူအင်ကြား) အော်ဟစ်နေသူ

နအဖတို့ သည် စည်းကမ်းပြည့်ဝခြင်းဆိုသည်ကို ပရမ်းပတာ သတ်ဖြတ်ရိုက်နှက်ခြင်းဟု ထင်မြင်နေကြသည်လားတော့ စာရေးသူ မဆိုတတ်။ သို့ ပေမယ့် လမ်းပြမြေပုံပထမအဆင့် အဆုံးသတ်နေဆဲ ကာလတွင်ပင် ဒီမိုကရေစီနည်းလမ်းတကျ ပေါ်ပေါက်လာသော လောင်စာဆီကျဆင်းရေး လူထုဆန္ဒ ပြပွဲ များအား အရိုးအရင်း ကျွေးကာ မွေးထားသည့် မယက၊ ရယက၊ ကြံ့ဖွတ်၊စွမ်းအားရှင်များသုံးကာ နှိမ်နင်းခဲ့ပါသည်။ နအဖတို့ ဆိုနေသည့် စည်းကမ်းပြည့်ဝသော ဒီမိုကရေစီဆိုသည်မှာ ဤသည်ကို ဆိုသည်ဆိုလျှင်တော့ အစစ်အမှန်ဒီမိုကရေစီမဟုတ်ပါ။ ရွှေရည်စိမ်ဒီမိုကရေစီကြီး သာ ဖြစ်ပါသည်။


သို့ ဖြစ်ပါ၍ ကားပါမစ်ညီလာခံမှ ပေါ်ထွက်လာသော မူများပေါ် တွင် အခြေခံသည့် စစ်ဗိုလ်တမတ်သား ကွန်စတီကျူးရှင်းနှင့် ရှေ.ဆက်သွားမည့် ရွှေရည်စိမ်ဒီမိုကရေစီလမ်းပြမြေပုံကြီး၏ အဆင့်တိုင်း၊ အဆင့်တိုင်းအား လူထုတိုက်ပွဲများနှင့်အတူ တိုက်ခိုက်ရင်း အာဏာရှင်စနစ်ဆိုး၊ မြန်မာ့မြေပေါ်တွင် မတည်မြဲစေရန် ၀ိုင်းဝန်းလုပ်ဆောင်ကြပါစို့ ။

စက်တင်ဘာလ(၈)ရက်၊ (၂၀၀ရ)ခု

  © Blogger templates Newspaper II by Ourblogtemplates.com 2008

Back to TOP