ဘလော့ လိပ်စာသစ်သို့ ပြောင်းရွှေ့ခြင်း

(၂၀၀၇) ခုနှစ်မှစ၍ ဘလော့စာမျက်နှာအား ဖွင့်လှစ်ခဲ့ရာ ဖတ်ရှုအားပေးကြသော စာဖတ်ပရိသတ်အပေါင်းအား အထူးပင် ကျေးဇူးတင်ရှိပါသည်။

ယခုအခါတွင် ဘလော့ကို ဖွင့်ရန် အချိန်ကြာမြင့်မှုများ ရှိနေကြောင်း၊ စာဖတ်သူအချို့မှ အကြောင်းကြားလာပါသဖြင့် www.khinmamamyo.info တွင် စာမျက်နှာသစ်ကို ဖွင့်လှစ်ထားပါသည်။

စာမျက်နှာသစ်တွင် အချို့သော စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ဆောင်ပါးများနှင့် ရသစာစုများ (နှစ်ရာကျော်ခန့်)ကိုလည်း ကဏ္ဍများခွဲ၍ ပြန်လည်ဖော်ပြထားပါသည်။


ယခုဘလော့စာမျက်နှာကို ဆက်လက်ထားရှိထားမည်ဖြစ်သော်လည်း ယနေ့မှစ၍ ပို့စ်အသစ်များ ထပ်မံ တင်တော့မည် မဟုတ်ပါကြောင်းနှင့် ပို့စ်အသစ်များကို စာမျက်နှာသစ်တွင်သာ တင်တော့မည်ဖြစ်ပါကြောင်း လေးစားစွာ အသိပေး အကြောင်းကြားပါသည်။


စာမျက်နှာသစ်သို့ အလည်လာရောက်ပါရန်ကိုလဲ လှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါသည်။


လေးစားစွာဖြင့်



ခင်မမမျိုး (၁၇၊ ၁၀၊ ၂၀၁၁)

www.khinmamamyo.info

ကွန်ကရက်ကျူရေးရှင်း (သို့မဟုတ်) ရက်ဗလူးရှင်း

Thursday, September 13, 2007


သြဂုတ်လ (၆)ရက်၊ ၂၀၀၇ခု

နအဖတို့၏ ညောင်နှစ်ပင် အမျိုးဖျက်ညီလာခံကြီးကား ပြီးဆုံးတော့မည် ဖြစ်ပေသည်။ ညီလာခံကြီးပြီးသည်နှင့် နအဖတို့ စိတ်တိုင်းကျ ရေးဆွဲထားသည့် ကွန်စတီကျူးရှင်း ခေါ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမူကြမ်းကြီးလဲ ထွက်ပေါ်လာပေမည်။ တဖန် နအဖတို့ လွန်ခဲ့သော ဆယ်စုနှစ်ကျော် ကာလကတည်းကပင် ကြိုတင်ပြင်ဆင် ဖွဲ့စည်းတည်ထောင်ထားခဲ့သော လက်ကိုင်တုတ်အဖွဲ့အစည်းများကို ခေါ်ယူကု ပြည်သူ့ဆန္ဒခံယူပွဲကျင်းပ၍ ထိုမူကြမ်းကြီးအား အတည်ပြုကြပေလိမ့်မည်။ နအဖတို့၏ ထိုအောင်ပွဲသည် ပြည်သူလူထုက ၀မ်းသာအားရ ဂုဏ်ပြုစကား၊ ကွန်ကရက်ကျူရေးရှင်း ပြောသင့်သည့်အရာလား၊ ရက်ဗလူးရှင်းတော်လှန်ရေးလုပ်ကာ တုံ့ပြန်ချေမှုန်းသင့်သည့်အရာလား ဆိုသော အဆိုနှစ်ချက်ကို လေ့လာကြည့်ကြပါစို့။

နအဖတို့ ကျူးလွန်ခဲ့၊ ကျူးလွန်ဆဲ၊ နောင်သမိုင်းအဆက်ဆက် ကျူးလွန်လတံ့ ဖြစ်လာဦးမည့် လူသတ်ပွဲများ၊ ထောင်သွင်းအကျဉ်းချမှုများ၊ ဖမ်းဆီးနှိပ်စက်မှုများကို ခဏထား၍ ကွန်စတီကျူးရှင်းကြီးကိုပင် စတင်လေ့လာကြည့်ပါက နအဖတို့ရေရွတ်နေသည့် ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ ဦးတည်နေသည်မဟုတ်ပဲ အာဏာရှင်စနစ် တည်တံ့ခိုင်မြဲ ရေးကိုသာ ဖော်ဆောင်ထားကြောင်း တွေ့ရလေသည်။

ဥပဒေနှင့် နိုင်ငံရေး သိပံပညာရှင် လူးဝစ်ဟဲကင်း ဆိုသူက ဒီမိုကရေစီနည်းလမ်း ကျသော ဖွဲ့စည်းပုံတွင် ပါဝင်ရမည့် အခြေခံအချက်များကို သုတသနပြုလုပ်ခဲ့ရာ အရေးပါသော အချက်(၉)ချက်ကို လေ့လာတွေ့ရှိခဲ့လေသည်။ ယင်းတို့မှာ

၁။ ကွန်စတီကျူးရှင်းမှ ပြဌာန်းသောအစိုးရ

၂။ အာဏာခွဲဝေမှု

၃။ လူထုနှင့် ဒီမိုကရေစီအစိုးရလက်ဝယ်တွင်ရှိသော အချုပ်အခြာအာဏာ

၎။ ဖွဲ့စည်းပုံဥပေးပါ ပြဌာန်းချက်များအား ပြန်လည်ဝေဖန်သုံးသပ်မှု

၅။ လွတ်လပ်သော တရားစီရင်မှု

၆။ အာဏာအသုံးပြုမှုကို ကန့်သတ်ချက်ရှိသောအစိုးရ

၇။ ရဲတပ်ဖွဲ့အားထိန်းချုပ်မှု

၈။ အရပ်ဘက်၊နယ်ဘက်မှနေ၍ စစ်တပ်ကို ထိန်းချုပ်နိုင်မှုနှင့်

၉။ ဖွဲ့စည်းပုံဥပဒေ၏ လည်ပတ်မှု ယန္တရားကို ရပ်တန့်နိုင်သော အာဏာရပ်များ ကင်းမဲ့မှု စသည်တို့ဖြစ်ကြသည်။

အဆိုပါအချက်များအား ဒီမိုကရေစီစနစ် တည်ဆောက်ထွန်းကားသည့် မည်သည့်နိုင်ငံ၏ ကွန်စတီကျူးရှင်းတွင်မဆို ထည့်သွင်းဖော်ပြကြလေသည်။

ယင်းတို့အနက် အာဏာရှင်စနစ်၏ ဘေးရန်ကို အလူးအလဲခံခဲ့ရသော တောင်အာဖရိကနိုင်ငံ၊ဖိလဟ်ပိုင်နိုင်ငံစသည်တို့၏ ကွန်စတီကျူးရှင်းများတွင်ကား စစ်တပ်၏ အခန်းကဏ္ဍမကြီးထွားစေရန် အရပ်သားနယ်ဘက်မှ ထိန်းချုပ်နိုင်ရမည့်အချက်ကို နိုင်ငံတော်၏ အရေးကြီးသော စည်းမျဉ်းတခုမနေဖြင့်ပင် ထည့်သွင်းထားကြလေသည်။

သာမန်အားဖြင့်ကြည့်လျှင်ပင် ဤအချက်မှာ အရေးကြီးပါသည်။ လူနှစ်ယောက်စကားများသည် ဆိုပါစို့၊ လက်နက်ကိုင်ထားသောလူသည် အခြားလူတစ်ယောက်အတွက် အန္တရာယ်ပင် မဟုတ်လော။ လက်နက်ကိုင်ထားသောလူက ယုတ်မာကောက်ကျစ်လျှင်ကား ပို၍သာ ဆိုးတော့သည်။ တိရစ္ဆာန်များပင်လျှင် ခွန်အားကြီးသူများက အနိုင်ယူချင်၊ အနိုင်ကျင့်ချင်တတ်သည့် စိတ်များရှိကြသည်။ အားကိုးရာမဲ့သည့် အခါများတွင်လဲ အားကိုးရာရှာတတ်ကြသည်။

ကမ္ဘာစစ်ကြီးနှစ်ခု၏အပြီးကာလ၊ ကိုလိုနီစနစ်မှ လွတ်မြောက်စ တိုင်းပြည်မငြိမ်မသက်ကာလများတွင် အားကိုးရာမဲ့နေသူ ပြည်သူများက ခွန်အားကြီးသူ စစ်တပ်များကို အားကိုးခဲ့ကြသည်။ မြန်မာပြည်သူများတင် မဟုတ်ပါ။ အာဖရိကတိုက်၊ အရှေ့ဥရောပ၊ လက်တင်အမေရိက၊ အာဖရိက နိုင်ငံပေါင်းစုံတွင် ဖြစ်ခဲ့ပါသည်။

ကြာတော့အားကိုးမိသူများက စိတ်ကြီးဝင်လာသည်။ သွေးနားထင်ရောက်လာသည်။ အဆုံးမတော့ “ကျားကြောက်လို့ရှင်ကြီးကိုး၊ ရှင်ကြီးကျားထက်ဆိုး“ ဘ၀သို့ရောက်ကြရတော့သည်။ နိုင်ငံအနှံ့ စစ်အာဏာ သိမ်းပွဲများ တစထက်တစ ပေါ်ပေါက်များပြားလာခဲ့ရသည်၊ ကြာလောတော့ ပြည်သူများသဘောပေါက်လာသည်။ စစ်တပ်သည် နိုင်ငံတော် ကာကွယ်ရေး တာဝတ်ယူသူသာဖြစ်၍ နိုင်ငံတော်အုပ်ချုပ်ရေးနှင့်ကား အမြင်မတော် ဆင်တော်နှင့် ခလောက်ဆိုဘိသကဲ့သို့။ စစ်အာဏာရှင်စနစ် အုပ်စိုးသော နိုင်ငံများသည် ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံများ ဘ၀သို့ ကူးပြောင်းသွား ကြရတော့သည်။ အဆုံးမတော့ ကြပ်တည်းဆင်းရဲမှုများကို သည်းမခံနိုင်သော လူထုများက လူထုတိုက်ပွဲများဖန်တီးကာ စစ်တပ်ကို စစ်တန်းလျားပြန်ပို့၍ ဒီမိုကရက်တစ် နိုင်ငံတော်သစ်ကို တည်ထောင်ကြရတော့သည်။

ဤသည်ကား နိုင်ငံအများစု၏ သမိုင်းကြောင်း။ သို့ပေမယ့် စာရေးသူတို့ မြန်မာပြည်ကြီးကား သမိုင်းနောက်ပြန် သွားနေလေပြီ။ မြတ်စွာဘုရား၊ နိုင်ငံတော်အကြီးအကဲသည် စစ်သက်အတွေ့အကြုံ (၁၀)နှစ် ရှိရမည်တဲ့၊ အစိုးရဖွှဲ့စည်းပုံ အဆင့်ဆင့်တွင် စစ်ဗိုလ်တမတ်သား ရှိရမည်တဲ့။ မူကြမ်းပင် မပြီးသေး၊ ထိုကွန်စတီကျူးရှင်းနှင့်သာ နိုင်ငံတော်တည်ဆောက်လိုက်လျှင်တော့ နိုင်ငံတော်ကြီး ချောက်ထဲမက အ၀ီစိသို့အင် ထိုးဆင်းပေတော့မည်။

ဒီမိုကရေစီအစိုးရဟူသည် လူထုကသာ ထောက်ခံမဲပေး၍ ရွေးချယ်ထားသူများ ပါဝင်သည့် အစိုးရကိုသာ ခေါ်ခြင်းဖြစ်သည်။ လုပ်ကြံဖန်တီးထားသော အယောင် ဆောင် ကွန်စတီကျူးရှင်းကြီး ကိုင်ဆောင်၍ “ငါကစစ်ဗိုလ်၊ ငါပါခွင့်ရှိတယ်“ ဆိုကာ အတင်းနေရာဝင်ယူသူများ ပါဝင်သည့် အစိုးရတရပ်ကို ဒီမိုကရေစီအစိုးရဟု မခေါ်တွင်နိုင်ပါ။

သို့ပါ၍ စစ်အာဏာရှင် လက်ကိုင်တုတ်များဖြစ်ကြသော ကြံ့ဖွတ်၊ စွမ်းအားရှင်၊ မိခင်နှင့်ကလေး၊ အမျိုးသမီးရေးရာ၊ အမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင်၊ ကုန်သည်ကြီးများအသင်း စသည်များက နအဖကွန်စတီကျူးရှင်းကြီးအား ကွန်ကရက်ကျူရေးရှင်းလုပ်ကာ ထောက်ခံနေစဉ်ဝယ် ကျွနိုပ်တို့ပြည်သူများကလဲ ရက်ဗလူးရှင်းတော်လှန်ရေးများ လုပ်ကြပါစို့ ဟု တိုက်တွန်းလိုက်ရပါကြောင်း။


  © Blogger templates Newspaper II by Ourblogtemplates.com 2008

Back to TOP