( စက်တင်ဘာ ၂၁ ရက်၊ ၂၀၀၇ခု )
ဗုဒ္ဓဘာသာ ပြည်မြန်မာဝယ် ဘုရားသားတော်ရဟန်းသံဃာများမှ စစ်အာဏာရှင်တို့အား ပတ္တနိက္ကုဇ္ဇနကံဆောင်သပိတ် မှောက်လိုက်ကြလေပြီ။ ရဟန်းတော်များ၏ မေတ္တာပို့ ဆုတောင်းသံများကားမြန်မာပြည်အနယ်နယ် အရပ်ရပ် လမ်းမများပေါ်တွင် ထွက်ပေါ်လို့လာနေပါသည်။ မီဒီယာများ၊ ဘလော့ဂါများ၏ စွမ်းပကားများကြောင့် ပြည်ပရောက် မြန်မာများမှလည်း
ကြည်ညိုဖွယ် ဖူးမြင်နေရပါသည်။ ဘုရားသားတော်များနှင့်အတူ ကျောင်းသားများ၊ ပြည်သူလူထုများမှလဲ တစတစ ပူးပေါင်းပါဝင်၍ စစ်အာဏာရှင်တို့အား သပိတ်မှောက်နေကြလေပြီ။
ဤပတ္တနိက္ကုဇ္ဇနကံ ဆောင်ရွက်မှုကို မြတ်စွာဘုရားရှင်လက်ထက်မှစတင်၍ ယနေ့အချိန်အထိ (၆)ကြိမ်မျှသာ သံဃာတော်များက ကံဆောင်ခဲ့ရာ၊ စစ်အာဏာရှင်တို့ မင်းမူရာကာလတွင်းတွင်ပင် နှစ်ကြိမ်ရှိနေသည်ကို ထောက်ရှုခြင်းအားဖြင့် မြန်မာပြည်မှ မတရားအစိုးရသည် မည်၍မည်မျှအထိ ဆိုးသွမ်းယုတ်မာကြောင်းကို တွေ့မြင်နိုင်ပေသည်။
ဝိနည်းဒေသနာတော်တွင် မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးက ကံဆောင်သပိတ်မှောက်သင့်ကြောင်း အင်္ဂါရှစ်ချက်ကို ဟောကြားထားသည်မှာ
(၁)ဘိက္ခူနံ အလာဘာယ ပရိသက္ကတိ (ရဟန်းတို့အား လာဘ်တိတ်အောင်၊ လာဘ်မရအောင် ပြုလုပ်ခြင်း
(၂) ဘိက္ခူနံ အနတ္ထာယ ပရိသက္ကတိ (ရဟန်းတို့အား အကျိုးမဲ့အောင်ပြုခြင်း)
(၃) ဘိက္ခူနံ အ၀ါသာယ ပရိသက္ကတိ (ရဟန်းတို့အား နေမြဲကျောင်းကန်၌ မနေနိုင်အောင်ပြုခြင်း)
(၄) ဘိက္ခူနံ အက္ကောသတိ ပရိဘာသတိ (ရဟန်းတို့အား ဆဲရေးတိုင်းထွာခြင်း)
(၅) ဘိက္ခူ ဘိက္ခူဟိ ဘေဒေတိ (ရဟန်းတော်များအား ဂိုဏ်းကွဲအောင် ပြုလုပ်ခြင်း)
(၆) ဗုဒ္ဓဿ အ၀ဏ္ဏံ ဘာသတိ (ဘုရားရှင်၏ ဂုဏ်ကျေးဇူးမဲ့ကို ပြောဆိုခြင်း)
(၇) ဓမ္မဿ အ၀ဏ္ဏံ ဘာသတိ (တရားတော်၏ ဂုဏ်ကျေးဇူးမဲ့ကို ပြောဆိုခြင်း)
(၈) သံဃာဿ အ၀ဏ္ဏံ ဘာသတိ (သံဃာတော်၏ ဂုဏ်ကျေးဇူးမဲ့ကို ပြောဆိုခြင်း) ဟူ၍ ဖြစ်ပါသည်။
ယနေ့စစ်အာဏာရှင်တို့သည် အာဏာကို စတင်ရယူစဉ်မှစ၍ သာသနာတော် ပျက်စီးရာ ပျက်စီးကြောင်းကို အစဉ်တစိုက် လုပ်ဆောင်ခဲ့ကြသူများဖြစ်သည်။ ၁၉၆၅ခုနှစ်တွင် သာသနာတော်တွင်း ၀ါဝါ၀င်းစစ်ဆင်ရေး ဆိုသည်ကို ပြုလုပ်၍ သာသနာ့အာဇာနည်များအား ရာဇ၀တ်သားဘ၀သို့ တွန်းပို့ခဲ့သော အာဏာရှင်ဘိုးအေကြီး နေ၀င်း၏ အရိုက်အရာကို ဆက်ခံကာ ခြေရာတထပ်တည်း လိုက်နေကြသူများ ဖြစ်သည်။ ယင်းဘိုးအေကြီး၏ ကာလ၀ိပါက် နောက်ဆုံးခရီးကို တွေ့မြင်နေပါလျက် အသိတရားမဲ့ကာ မီးကိုမှ ဆက်တိုးနေသည့် ပိုးဖလံမျိုးများသာဖြစ်သည်။
လွန်ခဲ့သော (၁၉)နှစ်မှစ၍ သံဃာတော်များ ကြွချီရာလမ်းဝယ် တပ်နှင့်ပိတ်လိုပိတ်၊ သေနတ်နှင့် ပစ်လိုပစ်၊ ဘုရားသွားကျောင်းတက် လူအများကုသိုလ်ယူရာ နေရာများကို လူသတ်လက်နက်သေနတ်များ ကိုင်ဆောင်ကာ ၀ိုင်းလိုဝိုင်း၊ ဖိနပ်မစီးရသည့် နေရာများတွင် စစ်ဖိနပ်များဖြင့် သံစုံမြည်လိုမြည်၊ ရှိခိုးဦးချရမည့် သံဃာတော်များကို ဦးမချပဲ တုတ်နဲ့ချလိုချ၊ ဒူးတုပ်ရမည့် ခြေထောက်များက ဆန့်ထွက်ပြီး ဖိနပ်များဖြင့် ကန်လိုကန်၊ စစ်ကြောရေးခန်းထဲခေါ်၍ သွေးမြေကျအောင်နှိပ်စက်လိုနှိပ်စက်၊ အကျဉ်းထောင်ထဲထည့်၍ အတင်းအဓမ္မ လူဝတ်လဲ စသည်ဖြင့် လူမဆန်သော စော်ကားမှုမျိုးစုံကို အာဏာရှင်တို့ ကျူးလွန်ခဲ့ကြလေသည်။ ထိုမျှမကသေး၊ ဆရာဒကာစီမံချက်များဖြင့် သံဃာဂိုဏ်းကလဲ ခွဲလိုက်သေးသည်။ မိုက်ရိုင်းမှုများကား မီးကုန်ယမ်းကုန်ပင်။
ဤသို့သော အရိုင်းအစိုင်း မိစ္ဆာကောင်များသည် စက်တင်ဘာ(၅)ရက် နေ့တွင်ကား သူတို့၏ မိစ္ဆာသရုပ်ကို အဆုံးစွန်အထိ လှစ်ပြကြတော့သည်။ မကွေးတိုင်း၊ ပခုက္ကူမြို့တွင် ဘုရားသားတော်များအား လူပုံအလယ် ဓာတ်တိုင်တွင် ကြိုးတုပ်ကာ ရိုက်နှက်လိုက်ခြင်း သတင်းသည် မြန်မာပြည် အရပ်ရပ်တွင်သာမက ကမ္ဘာတ၀န်းလုံးသို့ပင် တမုဟုတ်ချင်း ပျံ့နှံ့သွားတော့သည်။ အမျိုး၊ဘာသာ၊ သာသနာကို တန်ဖိုးထားသူအားလုံး၏ ရင်အစုံကို ဆောင့်ကန်လိုက်သကဲ့သို့ပင်ဖြစ်သည်။
စက်တင်ဘာ (၉)ရက်ရောက်တော့ သံဃာတော်များအား စော်ကားခြင်းနှင့် ပတ်သက်၍ တောင်းပန်ရန် အချက်လေးချက်ကို သံဃာများက တောင်းဆိုသည်။ အချိန် (၁၀)ရက်ပေးသည်။ စစ်အစိုးရ တုတ်တုတ်မျှ မလှုပ်။ နအဖပိုင် မီဒီယာများမှနေ၍ သံဃာတုများ ရှိနေသယောင်ပင် ဆိုလိုက်သေးသည်။ ကျောင်းတိုက်ကြီးများသို့ စစ်တပ်များ၊ ကြံ့ဖွတ်များမှ လှူဒါန်းသည့်သတင်းတွေ ဆက်တိုက်ထည့်လာသည်။
(၁၀)ရက်ပြည့်ရန်တရက်အလို စက်တင်ဘာလ(၁၆)ရက်နေ့တွင်ကားရန်ကုန်၊ မန္တလေးအပါအ၀င် မြို့ကြီးများ၌ လုံခြုံရေးတင်းကြပ်စွာ ချသည်။ ပဲခူးတွင် သံဃာတော်များ ဆွမ်းခံမကြွရန်ပင် တားမြစ်သည်။ သို့ပေမယ့် ဘုရားသားတော်ပီသစွာ ၀ိနည်းအတိုင်း ကံဆောင်သပိတ်စတင် မှောက်လိုက်ကြသည်။ စက်တင်ဘာ(၁၆)ရက်နေ့တွင် မြင်းခြံကြံ့ဖွတ်ဆက်ကပ်လှူဒါန်းသော ဆွမ်းကို မြင်းခြံကိုးဆောင်ကျောင်းတိုက် သံဃာများက ဆွမ်းမပေးပဲ သပိတ်မှောက် ကံဆောင်လိုက်သည်။ စက်တင်ဘာ (၁၇)ရက် နံနက် (၆)နာရီတွင် ကျောက်ပန်းတောင်းမှ သံဃာတော်များက မေတ္တာပို့လမ်းလျှောက်ကာ သပိတ်မှောက်ကြသည်။ စက်တင်ဘာ (၁၈)ရက်နေ့တွင် ချောက်၊ အောင်လံ၊ပခုက္ကူ၊ ပဲခူး၊ ရန်ကုန်၊ စစ်တွေမြို့များတွင် မေတ္တာပို့ ဆန္ဒပြပွဲများ ဆက်လက်ဖြစ်ပွားသည်။ ထိုမှသည် မြန်မာပြည် အနယ်နယ် အရပ်ရပ်တွင် ဆန္ဒပြပွဲများ နေရာအနှံ့ ပေါ်ပေါက်လာသည်။ ကျောင်းသားနှင့် ပြည်သူများ ပူးပေါင်းပါဝင်လာသည်။
ယခုဆိုလျှင် စစ်အာဏာရှင်တို့ ဗျာများနေလေပြီ။ မီဒီယာကို မီဒီယာနှင့်တိုက်မည် ကြွေးကြော်ထားသော်လည်း အဓမ္မ မီဒီယာသည် ဓမ္မမီဒီယာကို မကျော်လွှားနိုင်။ အာဏာပိုင်သတင်းစာများတွင် သူတပါးအလှူကိုပင် ကိုယ့်အလှူလုပ်ကာ သံဃာတော်များအား လှူဒါန်းနေပုံများ မည်သို့ပင် ထည့်သွင်းထားစေကာမူ၊ သတင်းမှန်များကို မည်သို့ပင် လိမ်ညာဖုံးကွယ် နေကြစေကာမူ ပြည်သူလူထုကား အမှန်ကို သိမြင်နေကြလေပြီ။ အမှန်တရားကို ဖော်ထုတ်၍ မတရားမှုများအား ဖော်ထုတ်ရန်ကိုသာ တာစူနေကြလေပြီ။ စက်တင်ဘာ (၂၀)မှ စ၍ နိုင်ငံရေးအရ အရေးပါသော လမ်းကြောင်းကို ဖော်ဆောင်လိုက်ကြလေပြီ။
အာဏာရှင်လက်ပါးစေတပ်များ၊ စွမ်းအားရှင်၊ ကြံ့ဖွတ်များအတွက်ကား ယခုအချိန်သည် အမှားကို ၀န်ချတောင်းပန်၍ သံဃာနှင့် ပြည်သူများ၏ မေတ္တာရိပ်ကို ခိုလှုံကာ စစ်အာဏာရှင်စနစ် အမြစ်ဖြုတ်ရေးတွင် ပါဝင်ရန် နောက်ဆုံးအခွင့်အရေး အချိန်ဖြစ်သည်။ ထိုသို့မဟုတ်ပဲ အာဏာရှင်ခိုင်းသမျှသာ လိုက်ပါဆောင်ရွက်နေပါက ဒေ၀ဒတ်လမ်းစဉ်လိုက်သည့် အဇာတသတ်ကဲ့သို့ ကိုယ်ကျိုးနည်းပေလိမ့်မည်။ ယနေ့လို သတင်းနှင့် နည်းပညာ ခေတ်သစ်ကြီးတွင် အင်အားသုံးမတရားဖြိုခွဲမှုများအား ခေါင်းညိမ့်လုပ်ကိုင်မိပါက အမိန့်ပေးသူ ဆရာကြီးများနှင့်အတူ နိုင်ငံတကာရာဇ၀တ် ခုံရုံးများသို့ ရောက်ရဖွယ် ရှိပေလိမ့်မည်။ အချိန်မှီစဉ်းစားဆုံးဖြတ်ကြစေလိုပါသည်။
ချုပ်၍ဆိုရသော် ပတ္တနိက္ကုဇ္ဇနကံဆောင်တော်မူကြသော သံဃာတော်များ၏ မေတ္တာတရားကား မြန်မာပြည်ကြီးတခုလုံးအပေါ်တွင် အုပ်မိုးဖြန့်ကျက် ထားလေပြီဖြစ်၍ များမကြာမီသော အချိန်ကာလတစ်ခုဆိုလျှင် မြန်မာပြည်ကြီးသည် မိစ္ဆာအာဏာရှင်စနစ်ဆိုး၏ ဘေးရန်အပေါင်းမှ လွတ်ငြိမ်းတော့မည် ဖြစ်ပါကြောင်း။