ဘလော့ လိပ်စာသစ်သို့ ပြောင်းရွှေ့ခြင်း

(၂၀၀၇) ခုနှစ်မှစ၍ ဘလော့စာမျက်နှာအား ဖွင့်လှစ်ခဲ့ရာ ဖတ်ရှုအားပေးကြသော စာဖတ်ပရိသတ်အပေါင်းအား အထူးပင် ကျေးဇူးတင်ရှိပါသည်။

ယခုအခါတွင် ဘလော့ကို ဖွင့်ရန် အချိန်ကြာမြင့်မှုများ ရှိနေကြောင်း၊ စာဖတ်သူအချို့မှ အကြောင်းကြားလာပါသဖြင့် www.khinmamamyo.info တွင် စာမျက်နှာသစ်ကို ဖွင့်လှစ်ထားပါသည်။

စာမျက်နှာသစ်တွင် အချို့သော စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ဆောင်ပါးများနှင့် ရသစာစုများ (နှစ်ရာကျော်ခန့်)ကိုလည်း ကဏ္ဍများခွဲ၍ ပြန်လည်ဖော်ပြထားပါသည်။


ယခုဘလော့စာမျက်နှာကို ဆက်လက်ထားရှိထားမည်ဖြစ်သော်လည်း ယနေ့မှစ၍ ပို့စ်အသစ်များ ထပ်မံ တင်တော့မည် မဟုတ်ပါကြောင်းနှင့် ပို့စ်အသစ်များကို စာမျက်နှာသစ်တွင်သာ တင်တော့မည်ဖြစ်ပါကြောင်း လေးစားစွာ အသိပေး အကြောင်းကြားပါသည်။


စာမျက်နှာသစ်သို့ အလည်လာရောက်ပါရန်ကိုလဲ လှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါသည်။


လေးစားစွာဖြင့်



ခင်မမမျိုး (၁၇၊ ၁၀၊ ၂၀၁၁)

www.khinmamamyo.info

လက်ခုပ်သံတွေကြားရတော့မှာပါ

Saturday, September 8, 2007

စက်တင်ဘာ (၇)ရက်၊ ၂၀၀၇ခုနှစ်


လက်ခုပ်သံတွေကြားရတော့မှာပါ

”ကျွန်မသမီးလေးရဲ့ ငိုကြွေးသံဟာပေါ့နော်၊ ပြည်သူတွေရဲ့ လက်ခုပ်သံ အဖြစ် ကျွန်မ ကြားချင်တယ်”


ဒီမိုကရက်တစ် မြန်မာ့အသံကနေ ထွက်ပေါ်လာတဲ့ မနီလာသိန်းရဲ့ စကားသံဟာ ကျွန်မရဲ့ နားစည်ကနေ နှလုံးသားထဲကို စီးမျောဝင်သွားတယ်။ ဆို့ နင့်လာတဲ့ ကြေကွဲမှု၊ ၀ဲတက်လာတဲ့ မျက်ရည်စတို့ နဲ့ အတူ ကျွန်မရဲ့ ရင်ခွင်ထဲမှာ ရှိနေတဲ့ ခြောက်လသားအရွယ် သားငယ်လေးကို တင်းကျပ်စွာ ဖက်လိုက်မိတယ်။


လေးလသားအရွယ် သမီးငယ်၊ သားဖွားပြီးကာစ သွေးနုသားနု မိန်းမသား၊ အဆပေါင်းများစွာ ခုန်တက်သွားတဲ့ လောင်စာဆီ ဈေးနှုန်း၊ လူထုရဲ့ ဆန္ဒကို အသက်နဲ့ စတေး၊ ဘ၀နဲ့ စတေးပြီး ကိုယ်စားပြု ဖော်ထုတ်ပေးခဲ့တဲ့ ရှစ်ဆယ့်ရှစ်မျိုးဆက်ကျောင်းသားများ၊ လူမဆန်အောင် ရက်စက်တဲ့ ရိုက်နှက် ဖမ်းဆီးမှုများ၊ အမျိုးသမီးတွေကို မြို့ လယ်ခေါင်မှာ ထမီဆွဲချွတ်တဲ့ မိုက်ရိုင်းစော်ကားမှုများ။


အတွေးစတွေက ၀ရုန်းသုန်းကားနဲ့  ပေါ်ပေါက်လာကြတယ်။


မွန်းကြပ်လာတဲ့ စိတ်အစုံကြောင့် တောက်တချက်ခေါက်လိုက်မိတော့ ရင်ခွင်ထဲက သားငယ်လေးက သူ့ အမေကို မော့ကြည့်တယ်။ ခွင့်လွှတ်ပါသားလေးရယ်။


သားလေးတို့ လို အင်မတန် နူးညံ့တဲ့ ကလေးငယ်လေးတွေရှေ့ မှာ ဒီလို မဖြစ်သင့်ဘူးဆိုတာ မေမေသိပါတယ်။ ဒါပေမယ့် မေမေ့ရင်ထဲမှာ မခံမရပ်နိုင် ဖြစ်လာလွန်း လို့ ပါ၊ တချိန်သားကြီးလာရင် ဒီကိစ္စတွေကို မေမေပြောပြမယ်နော်လို့  တိုးတိုးလေး ရေရွတ်လိုက်မိတယ်။ ဘာမှ မသိရှာတဲ့ သားငယ်လေးကတော့ သူ့ ကိုစကားတတွတ်တွတ်ပြောနေတဲ့ အမေဖြစ်သူကို ရယ်ပြနေရှာတယ်။


လသားကလေးငယ်လေးတွေနဲ့ မိခင်တွေကြားက နှောင်ဖွဲ့ မှုကို ကိုယ်တိုင် ခံစားနေမိရင်း မြန်မာပြည်တနေရာဆီက လေးလသား သမီးငယ်လေးကို သွားသတိရမိတယ်။ ဒီအချိန်ဆိုရင် သမီးငယ်လေး ဘာလုပ်နေမှာပါလိမ့်။ နို့ ဆာပြီးပဲ ငိုနေမလား၊ မိခင်ကိုပဲ တမ်းတ ရှာဖွေနေမလား။


လသားအရွယ် ကလေးငယ်လေးတွေဆိုပေမယ့် သူတို့ ရဲ့ ခံစားနားလည်နိုင်စွမ်းတွေက အင်မတန် ထက်မြက်ကြတာကလား။ အမေရဲ့ အနံ့ နဲ့  အသံကိုလဲ မယုံကြည်စရာကောင်းလောက်အောင်ကို မှတ်မိသိရှိနေတတ်ကြတယ်။


မိခင်ဘ၀မရောက်ခင်က ကလေးငယ်လေးတွေငိုရင် နို့ ဆာလို့ ပဲလို့  ကျွန်မထင်ခဲ့ဖူးတယ်။ တကယ်မိခင်ဖြစ်လာတော့မှ နို့ ဝပြီဆိုရင်တောင် အမေရဲ့နို့ ကို ငုံထားချင်၊ စုပ်ထားချင်တဲ့ သူတို့ ရဲ့ သဘာဝလေးတွေကို သတိထားမိလာခဲ့ရတာ။ အမေ့ရဲ့ ရင်ခွင်ထဲမှာ နေရတာကိုလဲ

သူတို့ လေးတွေက သိပ်နှစ်သက်ကြတာ။ အမေနို့ ကနေ နို့ ဗူး ပြောင်းတိုက်တာကလဲ ချက်ချင်းကြီး ရော့-အင့် လုပ်လို့ ရတာ မဟုတ်။ တဖြည်းဖြည်းချင်း လျှော့သွားရတာ။


သားငယ်လေးဆိုရင်

နို့ ဗူးစတိုက်စဆို ငိုလိုက်တာ ကြွက်ကြွက်ညံပါရော။ သြော်-ဒီအချိန်ဆိုရင် အဖွားဖြစ်သူဖျော်ထားတဲ့ နို့ ဗူးလေးနဲ့  မနီလာ ကလေးလေး ဘယ်လိုများ ဖြစ်နေမှာပါလိမ့်။ နို့ ဗူးစို့ ရင်း အမေ့

နို့ ချိုကိုပဲ တမ်းတနေရှာမလား။


ကိုယ်ချင်းစာမိတဲ့ အတွေးလေးတွေနဲ့ အတူ ကျွန်မ ပါးပြင်ပေါ်မှာ မျက်ရည်တွေ စီးကျလာတာ သတိထားမိတယ်။ သားလေးပေါ်မရောက်အောင် လက်ဖမိုးနဲ့  အသာ သုတ်လိုက်မိတယ်။


ရှေးအခါက ကြားဖူးတယ်။ မိဘတွေဟာသားသမီးပေါ်

မှဲ့ တပေါက်တောင် အစွန်းမခံနိုင်ကြဘူးတဲ့။ ဟုတ်မှာပါ။ ကျွန်မရဲ့ သားလေးကိုယ်ပေါ်ကို မျက်ရည်စက်လေးတစက် ကျဆင်းသွားမှာ တောင် ကျွန်မ မလိုလား။ မနီလာခမျာလဲ ဒီလိုပဲ ခံစားနေရရှာမှာ။ သမီးငယ်လေးရဲ့ ကျန်းမာရေးအခြေအနေကြောင့် အိမ်အပြန်ပို့ အပြီး၊ လွတ်ဟာနေတဲ့ လက်အစုံကို မနီလာ ဘယ်လိုခွန်အားတွေနဲ့ များ ရင်ဆိုင်ခဲ့ပါလိမ့်။ သမီးလေးကို နို့ မတိုက်ရလို့  တင်းလာတဲ့

နို့ အုံတွေကို သူဘယ်လိုများ ခံစားခဲ့ပါလိမ့်။ တစိမ့်စိမ့်ထွက်နေတဲ့

နို ရည်လေးတွေဟာ သူ့ မျက်ရည် စက်လေးတွေနဲ့ များ အပြိုင်ဖြစ်နေလေရော့သလား။


ပြည်သူတွေအတွက် ကိုယ်စားပြုပြီး အမှန်တရားကို ထုတ်ဖော်ပြောဆိုလို့  မတရားတာကို ဆန့် ကျင်ဆန္ဒပြတာကို ဖမ်းဆီးဖို့ ဆိုပြီး စစ်ဆင်ရေးတခုလိုသတ်မှတ်လို့ အသည်းအသန် လိုက်လံရှာဖွေနေကြတဲ့ ယောက်ျားကြီးတွေရဲ့ လက်ထဲကနေ လွတ်မြောက်ဖို့  ပုန်းအောင်းပြေးလွှားနေရတဲ့ သွေးနုသားနု မိန်းမသားတယောက်ရဲ့ ဘ၀မှာ သမီးလေးကို တမ်းတပြီး၊ ပေါက်ကွဲထွက်လာတဲ့ ခံစားမှုတွေအတွက် အသံထွက် ငိုကြွေးခွင့်တောင် ရရှာပါ့မလား။


ကျွန်မဘ၀ တနေ့ တာရဲ့အစ အလုပ်ခွင် မသွားခင်မှာ သားငယ်လေးကို ကလေးထိန်းအိမ်သွားပို့ ပြီးရင် အဲဒီအိမ်ကနေ လှမ်းထွက်တဲ့ ကျွန်မခြေလှမ်းလေးတွေ နှေးကွေးနေတာ၊ စားစားသွားသွား သူ့ မျက်နှာလေးကိုပဲ မြင်ယောင်နေမိတာ၊ အပြန်ဆိုရင် ကျွန်မရဲ့ ခြေလှမ်းတွေ အလိုအလျောက် မြန်ဆန်နေမိတာ၊ သားလေးနဲ့ တွေ့ လို့  ဖက်ရမ်းနမ်းရှုတ်လိုက်တာနဲ့ 

သူ့ မျက်နှာလေး ပြုံးယောင်သန်းလာတာတွေကို သတိရမိတယ်။ ဒါတွေအားလုံးဟာ မိခင်တယောက်ရဲ့ ရင်ထဲ၊ နှလုံးသားထဲက တေးသွားလေးတွေပါ။ အခု မနီလာတယောက် ဒီတေးသွားလေးတွေ

နဲ့  ဝေးနေရရှာတယ်။ တိုင်းပြည်နဲ့  လူမျိုးအတွက် နှလုံးသားကို စတေးထားရတယ်။ ဂုဏ်ယူတယ် မနီလာ။ ပြုနိုင်ခဲတဲ့ စွန့် လွှတ်အနစ်

နာခံမှု၊ ရွေးချယ်မှု ပြုလုပ်နိုင်ခဲ့သူ တယောက်ကို ရင်ထဲ၊ အသည်းထဲကကို လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုပါတယ်။


ကျွန်မရဲ့အတွေးတွေကမကြာသေးခင်ကမှ မြေးသစ်လေး တယောက်ရထားတဲ့ စစ်အာဏာရှင်ကြီးဆီကို ရောက်သွားပြန်တယ်။


တကယ်လို့ များ သူ့ သမီးသာ ဒီလိုအခြေအနေမျိုးတွေ

တွေ့ နေရမယ်ဆိုရင်၊ သူ့ မြေးလေးသာ အခုသမီးလေးလို လသားကလေးငယ်ဘ၀မှာ အမေ့ရင်ခွင်၊ အမေ့နို့ ရည်ချိုလေးတွေ

နဲ့ ဝေးကွာနေရမယ်ဆိုရင် သူကြည့်ရက်နိုင်ပါ့မလား။


အတ္တမကြီးကြစမ်းပါနဲ့  စစ်အာဏာရှင်တို့ ရယ်။

ကိုယ့်အာဏာတည်မြဲဖို့ ၊ ကိုယ့်ဆွေမျိုးသားသမီးတွေ

ကောင်းစားဖို့ အရေး သူတပါး မျက်ရည်စက်တွေကို ခြေဆေးပစ်နေရတာ၊ သူတပါး အသည်းနှလုံးတွေကို

နင်းခြေဖျက်ဆီး ပစ်ရတာ၊ သူတပါးအသွေးအသားတွေကို

ဖောက်ထုတ်ပစ်ရတာ ဂုဏ်ယူဖွယ်ရာများထင်နေသလား။

အောင်ပွဲခံစရာများ အောက်မေ့နေလေသလား။


သိပ်မှားနေပြီ၊ အာဏာရှင်တို့ ရေ။

လူသားပီသမှုဆိုတဲ့ စံနှုန်းတခုနဲ့ တင် ခင်ဗျားတို့ တွေ ရှုံးနေကြပြီ။


အာဏာရှင်တို့ ကို ပြောချင်တဲ့ စကားသံတွေက ကျွန်မ အတွေးထဲကို ဆက်ဝင်လာတာမို့ နောက်တကြိမ် တောက်မခေါက်မိအောင် အချိန်မှီ ထိန်းလိုက်ရတယ်။


မနီလာသိန်းရေ။

မနီလာတို့ ရဲ့ ကိုယ်ကျိုးစွန့် မှု၊ အနစ်နာခံမှု၊ ရဲရင့်ပြတ်သားမှု၊ ရိုးသားဖြောင့်မတ်မှုတွေဟာ စစ်အာဏာရှင်တို့ ရဲ့ ကိုယ်ကျိုးရှာမှု၊ စာနာစိတ် ကင်းမဲ့မှု၊ ရက်စက်ယုတ်မာမှုနဲ့  ကောက်ကျစ်မိုက်ရိုင်းမှုတွေကို အနိုင်ရသွားမှာပါ။


များမကြာမီတဲ့ အချိန်တခုဆိုရင် အာဏာရှင်စနစ်ဆိုးအောက်က လွတ်မြောက်လာတဲ့ ပြည်သူလူထုရဲ့ အောင်ပွဲရလက်ခုပ်သံတွေ မိုးလုံးပြည့် ညံ ကြားရတော့မှာပါ ဆိုတာ ယုံကြည်ရင်း။

စက်တင်ဘာလ (၇)ရက်၊ ၂၀၀၇ခု

  © Blogger templates Newspaper II by Ourblogtemplates.com 2008

Back to TOP