ဘလော့ လိပ်စာသစ်သို့ ပြောင်းရွှေ့ခြင်း

(၂၀၀၇) ခုနှစ်မှစ၍ ဘလော့စာမျက်နှာအား ဖွင့်လှစ်ခဲ့ရာ ဖတ်ရှုအားပေးကြသော စာဖတ်ပရိသတ်အပေါင်းအား အထူးပင် ကျေးဇူးတင်ရှိပါသည်။

ယခုအခါတွင် ဘလော့ကို ဖွင့်ရန် အချိန်ကြာမြင့်မှုများ ရှိနေကြောင်း၊ စာဖတ်သူအချို့မှ အကြောင်းကြားလာပါသဖြင့် www.khinmamamyo.info တွင် စာမျက်နှာသစ်ကို ဖွင့်လှစ်ထားပါသည်။

စာမျက်နှာသစ်တွင် အချို့သော စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ဆောင်ပါးများနှင့် ရသစာစုများ (နှစ်ရာကျော်ခန့်)ကိုလည်း ကဏ္ဍများခွဲ၍ ပြန်လည်ဖော်ပြထားပါသည်။


ယခုဘလော့စာမျက်နှာကို ဆက်လက်ထားရှိထားမည်ဖြစ်သော်လည်း ယနေ့မှစ၍ ပို့စ်အသစ်များ ထပ်မံ တင်တော့မည် မဟုတ်ပါကြောင်းနှင့် ပို့စ်အသစ်များကို စာမျက်နှာသစ်တွင်သာ တင်တော့မည်ဖြစ်ပါကြောင်း လေးစားစွာ အသိပေး အကြောင်းကြားပါသည်။


စာမျက်နှာသစ်သို့ အလည်လာရောက်ပါရန်ကိုလဲ လှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါသည်။


လေးစားစွာဖြင့်



ခင်မမမျိုး (၁၇၊ ၁၀၊ ၂၀၁၁)

www.khinmamamyo.info

အမျိုးသမီးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး

Thursday, April 8, 2010

အခုတပတ် အမျိုးသမီးအခွင့်အလမ်း အစီအစဉ်မှာ ကမ္ဘာတ၀ှမ်းလုံးမှာ ယနေ့ရင်ဆိုင်နေရတဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတွေရဲ့ အမျိုးသမီးများအပေါ် သက်ရောက်မှုတွေနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းဆောင်တာတွေမှာ အမျိုးသမီးများရဲ့ အခန်းကဏ္ဍကို စီစဉ်တင်ဆက်မှာ ဖြစ်ပါတယ်။



ယနေ့ခေတ်ကမ္ဘာမှာ ကြုံတွေ့နေရတဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာပြဿနာတွေကို ပညာရှင်တွေက ရေ၊ မြေ၊ လေ ဆိုပြီး၊ အမျိုးအစားသုံးမျိုး ခွဲခြားဖော်ပြလေ့ရှိပါတယ်။ လေထုနဲ့ ပတ်သက်တဲ့ ပြဿနာတွေကတော့ ကမ္ဘာကြီး ပူနွေးလာမှု၊ ရာသီဥတုပြောင်းလွဲ ဖောက်ပြန်မှု၊ လေထုညစ်ညမ်းမှု၊ အက်ဆစ်မိုး၊ အိုဇုန်းလွှာပါးလွှာမှု စတာတွေ ဖြစ်ပါတယ်။ ရေ နဲ့ ပတ်သက်တဲ့ ပြဿနာတွေကတော့ ညစ်ညမ်းရေ၊ စိုစွတ်မြေလျော့နည်းမှု၊ စနစ်တကျမရှိတဲ့ ငါးဖမ်းမှုတွေကြောင့် ဖြစ်ပွားရတဲ့ ပင်လယ်သတ္တ၀ါများ မျိုးပြုန်းမှုအန္တရာယ် စတာတွေ ဖြစ်ပါတယ်။ မြေထုနဲ့ ပတ်သက်တဲ့ ပြဿနာတွေကတော့ သစ်တောပြုန်းတီးမှု၊ အစားအစာထုတ်လုပ်မှုမှာ ကြိုးကိုင်ချယ်လှယ်မှု၊ ခြောက်သွေ့မြေပြုန်းတီးမှု စတာတွေပဲ ဖြစ်ပါတယ်။ ဒီပြဿနာတွေအပြင် အဆိပ်သင့်စေတတ်တဲ့ ဓာတုပစ္စည်း အန္တရာယ်တွေ၊ နယူးကလီးယားလက်နက်၊ နယူးကလီးယား ပါဝါတို့ရဲ့ အန္တရာယ်တွေကလဲ ၂၁ ရာစုကမ္ဘာကြီးကို တစတစ ခြိမ်းချောက်လာပါတယ်။

ယနေ့ခေတ်ကမ္ဘာမှာ ရာသီဥတု ပြောင်းလွဲဖောက်ပြန်မှုတွေဟာ တစတစ များပြားလာပါတယ်။ ရေကြီးမှု၊ မိုးခေါင်ရေရှားမှု၊ မုန်တိုင်းကျရောက်မှုတွေဟာ လူသားတွေရဲ့ အသက်ဇီဝိန်တွေကို ဖျက်ဆီးပစ်ရုံသာမက အသက်ရှင် ကျန်ရစ်နေတဲ့ လူသားတွေရဲ့ ကျန်းမာရေး၊ ပညာရေး၊ အစာအာဟာရ ဖူလုံရေးတွေကို ထိခိုက်စေခဲ့ပါတယ်။ ပညာရှင်များရဲ့ ခန့်မှန်းချက်အရ ပင်လယ်ရေ မျက်နှာပြင်မြင့်တက်လာမှုနဲ့ ရာသီဥတုပြောင်းလွဲဖောက်ပြန်မှုတွေကြောင့် လူဦးရေ (၃၄၄) သန်းဟာ ဆိုင်ကလုန်းမုန်တိုင်းဒဏ်ကို ခံစားရနိုင်ဖွယ် ရှိနေပါတယ်။

ဒါကြောင့် သဘာဝပတ်ဝန်းကျင်ရေးရာ ပြဿနာတွေဟာ လူ့အဖွဲ့အစည်းရဲ့ ရှင်သန်ဖြစ်တည်မှုကို တိုက်ရိုက်ခြိမ်းချောက်နေတဲ့ အရေးကြီး ပြဿနာဖြစ်ပါတယ်။ အပြည်ပြည်ဆိုင်ရာ စွမ်းအင်အေဂျင်စီမှ ထိပ်တန်းဘောဂဗေဒပညာရှင် Faith Birol က သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်တဲ့ ပြဿနာတွေကို ကိုင်တွယ်ဖို့ လိုအပ်တဲ့ မူဝါဒတွေကိုသာ အလျင်အမြန် မချမှတ်ခဲ့ရင်၊ အခုလက်ရှိဖြစ်ပေါ်နေတဲ့ ပြဿနာတွေထက် နှစ်ဆပိုကြီးတဲ့ ပြဿနာကြီးတွေကို ရင်ဆိုင်ရဖွယ် ရှိနိုင်ကြောင်း သုံးသပ်ပြောဆိုခဲ့ပါတယ်။

ဒီလို သဘာဝပတ်ဝန်းကျင်ပြဿနာတွေရဲ့ ဆိုးကျိုးတွေကို အများဆုံးရင်ဆိုင်ကြရတာကတော့ အမျိုးသမီးများ ဖြစ်ပါတယ်။ ပညာရှင် မာဆာက ရာသီဥတုပြောင်းလွဲမှုကြောင့် ဖြစ်ပွားခဲ့တဲ့ ဘေးအန္တရာယ်ကြီးတွေနဲ့ ပတ်သက်ပြီး လေ့လာခဲ့ရာမှာ သေဆုံးသူများရဲ့ (၈၅) ရာခိုင်နှုန်းကျော်ဟာ အမျိုးသမီးများဖြစ်ကြောင်း ထောက်ပြပြောကြားခဲ့ပါတယ်။ အာရှဆူနာမီမှာလဲ သေဆုံးသူအများစုဟာ အမျိုးသမီးများ ဖြစ်ခဲ့ပါတယ်။ တခြားပြဿနာတွေဖြစ်တဲ့ သစ်တောပြုန်းတီးမှု၊ သန့်ရှင်းရေ မရရှိမှု၊ ချက်ပြုတ်သုံးစွဲရန် စွမ်းအင်ရှားပါးမှု စတာတွေလဲ အိမ်မှုကိစ္စရေးရာများမှာ အများဆုံးတာဝန်ရှိနေတဲ့ အမျိုးသမီးများအတွက် ကြီးစွာသော အခက်အခဲတွေဖြစ်နေပါတယ်။

အချို့သော ဒေသက အမျိုးသမီးများမှာဆိုရင် သောက်သုံးရေ ရရှိဖို့ ငါးနာရီလောက် အချိန်ပေးကြရပါတယ်။ သဘာဝပတ်ဝန်းကျင်ပြဿနာများနဲ့ ဆင်းရဲနွမ်းပါးမှုဟာ တိုက်ရိုက်ဆက်နွယ်နေတာကြောင့် တကမ္ဘာလုံး ဆင်းရဲနွမ်းပါးသူများရဲ့ ခုနစ်ဆယ်ရာခိုင်နှုန်းကို ကိုယ်စားပြုနေတဲ့ အမျိုးသမီးများကို ပိုမိုထိခိုက်မှု ရှိနေပါတယ်။ “တိတ်ဆိတ်သောဆူနာမီ”လို့ ခေါ်ဝေါ်ပြောဆိုလေ့ရှိကြတဲ့ အစာရေစာရှားပါးမှု ပြဿနာဆိုးရဲ့ ဒဏ်ကို အများဆုံးခံနေကြရသူများဟာလဲ အမျိုးသမီးနဲ့ ကလေးများပဲ ဖြစ်ပါတယ်။ ဓာတုဗေဒ ဘေးထွက်ဆိုးကျိုးများဟာ အမျိုးသားများထက်စာရင် အမျိုးသမီးများအပေါ် ပိုမိုထိခိုက်မှုရှိတာကြောင့် စက်မှုဇုန်များမှာ နေထိုင်သူ၊ အလုပ်လုပ်ကိုင်သူ အမျိုးသမီးများရဲ့ ကျန်းမာရေးကို ထိခိုက်စေပါတယ်။

ဒီလိုသဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများရဲ့ ဆိုးကျိုးတွေကို အများဆုံးခံစားရင်ဆိုင်နေကြရတာဟာ အမျိုးသမီးများ ဖြစ်နေတာကြောင့်၊ ဒီပြဿနာတွေကို ဖြေရှင်းဖို့၊ သဘာဝပတ်ဝန်းကျင်ကို စီမံခန့်ခွဲဖို့၊ ထိန်းသိမ်းစောင့်ရှောက်ဖို့ အရေးတွေမှာ အမျိုးသမီးများပါဝင်ဆောင်ရွက်ခွင့်၊ ဆုံးဖြတ်ချက်ချမှတ်နိုင်ခွင့် အခွင့်အလမ်းတွေဟာ အလွန်ပဲ အရေးကြီးလှပါတယ်။

တကယ်တော့ လူ့အဖွဲ့အစည်းရဲ့ သဘာဝအရင်းအမြစ်များ အသုံးပြုမှု၊ အခြေခံ စားသောက်ကုန် သုံးစွဲမှုများမှာ အဓိက လုပ်ဆောင်နေသူများက အမျိုးသမီးများသာ ဖြစ်ပါတယ်။ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုမှာ အရေးကြီးတဲ့ဖြစ်စဉ်တခုဖြစ်တဲ့ အလေအလွင့်နဲ့ ပိုလျှံသုံးစွဲမှုများကို လျှော့ချရေး၊ ပြန်လည်အသုံးပြုရေး၊ ပြန်လည်ထုတ်လုပ်ရေး (reduce, reuse, recycle) ဖြစ်စဉ်ကို ပိုမိုထိရောက်စေဖို့အတွက် အမျိုးသမီးများရဲ့ နားလည်သိရှိမှုနဲ့ ဆုံးဖြတ်လုပ်ကိုင်မှုတွေ လိုအပ်လှပါတယ်။

သဘာဝအရ လူသားတွေမွေးဖွားရှင်သန်စေမှု၊ ထိန်းသိမ်းစောင့်ရှောက်မှုကို စွမ်းဆောင်နိုင်သူများဖြစ်တဲ့ အမျိုးသမီးများဟာ သဘာဝပတ်ဝန်းကျင်ရေးရာ ပြဿနာများကို ကမ္ဘာနဲ့အ၀ှမ်း သိရှိနားလည်စေရေးအတွက်လဲ အဓိကနေရာကနေ ကြိုးပမ်းလုပ်ဆောင်ခဲ့ကြပါတယ်။ (၁၉၆၈) ခုနှစ်မှာတုန်းက ဆွီဒင်သံတမန် အင်ဂါတော်စ်စန်ဟာ သဘာဝပတ်ဝန်းကျင်ရေးရာ ပြဿနာများနဲ့ ပတ်သက်တဲ့ ညီလာခံတခုကျင်းပဖို့ ကုလသမဂ္ဂကို အကြံပြုခဲ့ဖူးပါတယ်။ ဒီလိုအကြံပြုချက်အပေါ်မှာ မြန်မာနိုင်ငံသား ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဦးသန့်က အသိအမှတ်ပြု နားထောင်ပြီး၊ (၁၉၇၂) ခုနှစ်မှာ စတော့ဟုမ်းကုလသမဂ္ဂ လူမှုပတ်ဝန်းကျင်ညီလာခံကို ကျင်းပဖို့ စီမံဆောင်ရွက်ခဲ့ပါတယ်။ ဒီစတော့ဟုမ်း ညီလာခံကြောင့် ကမ္ဘာ့ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ် ပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။

ယနေ့ခေတ်ကာလမှာဆိုရင် အမျိုးသမီးများဟာ သဘာဝပတ်ဝန်းကျင်ရေးရာတွေမှာ စည်းရုံးလှုံ့ဆော်သူများ၊ တက်ကြွလှုပ်ရှားသူများ၊ သိပ္ပံပညာရှင်များ၊ သဘာဝပတ်ဝန်းကျင်ရေးရာ ဘောဂဗေဒပညာရှင်များတွင်သာမက ဒေသဆိုင်ရာအဆင့်၊ နိုင်ငံတော်အဆင့်၊ နိုင်ငံတကာအဆင့် ဆုံးဖြတ်ချက်ချမှတ်သူများအဖြစ်ပါ ဦးဆောင်ပါဝင်နေကြပြီဖြစ်ပါတယ်။ သဘာဝပတ်ဝန်းကျင်နဲ့ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ကုလသမဂ္ဂညီလာခံများကလဲ သဘာဝပတ်ဝန်းကျင်ရေးရာတွေမှာ အမျိုးသမီးနဲ့ အမျိုးသားများ တန်းတူရည်တူ ဘက်ပေါင်းစုံ ပါဝင်ဆောင်ရွက်ခွင့်မရှိရင် ရေရှည်မှာ အောင်မြင်ဖို့ ခဲယဉ်းကြောင်း အသိအမှတ်ပြုလက်ခံပြီး၊ ၂၁ရာစု ပတ်ဝန်းကျင်ရေးရာ စီမံခန့်ခွဲမှုအဆင့်တိုင်းမှာ အမျိုးသမီးများ ပါဝင်ခွင့်ရရှိရေးကို ကမ္ဘာနဲ့အ၀ှမ်း ဦးစားပေးဆောင်ရွက်နေပြီဖြစ်ပါတယ်။

ကျွန်မတို့ မြန်မာပြည်မှာဆိုရင် (၁၉၈၉) ခုနှစ်တုန်းက မြန်မာ့ရေမြေသဘာဝရဲ့ (၇၅) ရာခိုင်နှုန်းကျော်ဟာ သစ်တောများဖြစ်ပေမယ့်၊ စစ်အုပ်စုအစိုးရလက်ထက်မှာ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကို စနစ်တကျ ဆောင်ရွက်ဖို့ အားနည်းတာတွေ၊ လူအများကို ပညာပေးတဲ့ အစီအစဉ်များ ထိထိရောက်ရောက် မလုပ်တာတွေ၊ သစ်ထုတ်လုပ်မှုကို ရေရှည်ထိန်းသိမ်းထုတ်လုပ်မှု စီမံချက်အကောင် အထည်ဖော်ဆောင်ရွက်မှုမရှိပဲ ရေတိုမှာ အရေအတွက် များလာဖို့ စစ်အာဏာရှင်အသိုင်းအ၀ိုင်းနဲ့ ဆက်စပ်သူများရဲ့ သစ်လုပ်ငန်းများမှ ၀င်ငွေတိုးပွားဖို့ဆိုတာတွေကိုသာ အာရုံစိုက်တာတွေ စတဲ့ အထွေထွေ အားနည်းချက်များကြောင့် အခုဆိုရင် မြန်မာ့ရေမြေရဲ့ သစ်တောများဟာ (၅၀) ရာခိုင်နှုန်းအောက်ကို လျော့နည်းသွားခဲ့ပြီဖြစ်ပါတယ်။ တခြားသော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများဖြစ်တဲ့ ရေကြီးတာ၊ မိုးခေါင်ရေရှားတာ၊ ရာသီဥတု ပြောင်းလွဲဖောက်ပြန်တာ၊ မုန်တိုင်းကျတာ၊ စိုက်ပျိုးဖြစ်ထွန်းတဲ့ မြေဧက လျော့နည်းလာတာ စတဲ့ ပြဿနာများလဲ ဖြစ်ပွားနေပါတယ်။

ဒီလို ပတ်ဝန်းကျင်ရေးရာပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့အတွက် မြန်မာအမျိုးသမီးရဲ့ ပူးပေါင်းပါဝင်မှု၊ ပြဿနာများကို သိရှိနားလည်မှုတွေ လိုအပ်လှပါတယ်။ ဒါပေမယ့်လဲ နိုင်ငံတော်အုပ်ချုပ်သူများဟာ လူ့အဖွဲ့အစည်းရဲ့ လွတ်လပ်စွာစုဝေးခွင့်၊ ဟောပြောခွင့်တွေကို ပိတ်ပင်ထားတာကြောင့်၊ ပတ်ဝန်းကျင်ရေးရာ တက်ကြွလှုပ်ရှား အမျိုးသမီးများရဲ့ ပြည်သူလူထုကို အသိပညာပေးမှု အခွင့်အလမ်းကို ပိတ်ပင်တားဆီးထားသလို၊ အမျိုးသမီးများရဲ့ ပတ်ဝန်းကျင်ရေးရာ သိရှိနားလည်ခွင့် အခွင့်အလမ်းဟာလဲ လျော့ကျသွားပါတယ်။

ပတ်ဝန်းကျင်စီမံခန့်ခွဲမှုရေးရာတွေမှာလဲ အမျိုးသားများကသာ ဆုံးဖြတ်လုပ်ကိုင်နေကြပြီး၊ လူဦးရေရဲ့ တ၀က်ကျော်ကို ကိုယ်စားပြုနေတဲ့ အမျိုးသမီးများကို ပါဝင်ဆုံးဖြတ်လုပ်ကိုင်ခွင့်ကို ကန့်သတ်ထားပါတယ်။ တကယ်တော့ သဘာဝပတ်ဝန်းကျင်ရေးရာတွေနဲ့ ပတ်သက်တဲ့ အမျိုးသမီးအခွင့်အလမ်းဆိုတာ အခုစစ်အုပ်စု လုပ်ပြနေသလို အမျိုးသမီးရေးရာအဖွဲ့က ဦးစီးကျင်းပတဲ့ သစ်ပင်စိုက်ပွဲလေးကို ဆိုလိုတာ မဟုတ်ပါဘူး။ ဒါကြောင့် သဘာဝပတ်ဝန်းကျင်ရေးရာတွေနဲ့ ပတ်သက်ပြီး အမျိုးသမီးများကို ပညာပေးမှုအားနည်းတာ၊ ပါဝင်ဆောင်ရွက်ခွင့်မပေးတာ၊ ဆုံးဖြတ်လုပ်ကိုင်ခွင့် မပေးတာတွေဟာ အမျိုးသမီးများရဲ့ အခွင့်အလမ်းကို ပိတ်ပင်တားဆီးနေတာဖြစ်သလို၊ စစ်အုပ်စုလက်ထက်မှာ နိုင်ငံတော်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို နှောင့်နှေးစေတဲ့ အချက်တခုလဲ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်ရှင်။

ခင်မမမျိုး (၂၀၀၉)

  © Blogger templates Newspaper II by Ourblogtemplates.com 2008

Back to TOP