ဘလော့ လိပ်စာသစ်သို့ ပြောင်းရွှေ့ခြင်း

(၂၀၀၇) ခုနှစ်မှစ၍ ဘလော့စာမျက်နှာအား ဖွင့်လှစ်ခဲ့ရာ ဖတ်ရှုအားပေးကြသော စာဖတ်ပရိသတ်အပေါင်းအား အထူးပင် ကျေးဇူးတင်ရှိပါသည်။

ယခုအခါတွင် ဘလော့ကို ဖွင့်ရန် အချိန်ကြာမြင့်မှုများ ရှိနေကြောင်း၊ စာဖတ်သူအချို့မှ အကြောင်းကြားလာပါသဖြင့် www.khinmamamyo.info တွင် စာမျက်နှာသစ်ကို ဖွင့်လှစ်ထားပါသည်။

စာမျက်နှာသစ်တွင် အချို့သော စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ဆောင်ပါးများနှင့် ရသစာစုများ (နှစ်ရာကျော်ခန့်)ကိုလည်း ကဏ္ဍများခွဲ၍ ပြန်လည်ဖော်ပြထားပါသည်။


ယခုဘလော့စာမျက်နှာကို ဆက်လက်ထားရှိထားမည်ဖြစ်သော်လည်း ယနေ့မှစ၍ ပို့စ်အသစ်များ ထပ်မံ တင်တော့မည် မဟုတ်ပါကြောင်းနှင့် ပို့စ်အသစ်များကို စာမျက်နှာသစ်တွင်သာ တင်တော့မည်ဖြစ်ပါကြောင်း လေးစားစွာ အသိပေး အကြောင်းကြားပါသည်။


စာမျက်နှာသစ်သို့ အလည်လာရောက်ပါရန်ကိုလဲ လှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါသည်။


လေးစားစွာဖြင့်



ခင်မမမျိုး (၁၇၊ ၁၀၊ ၂၀၁၁)

www.khinmamamyo.info

ဒိန်းမတ် အမျိုးသမီးအခွင့်အရေး

Thursday, April 8, 2010

ဒီမိုကရက်တစ် မြန်မာ့အသံ ပရိသတ်များရှင်။

(၁၉၈၀) ခုနှစ်မှာ ဒုတိယအကြိမ်မြောက် ကမ္ဘာ့အမျိုးသမီးညီလာခံကို ကမ္ဘာ့ကုလသမဂ္ဂက ဦးဆောင်ပြီး ဒိန်းမတ်နိုင်ငံမှာ ကျင်းပခဲ့ပါတယ်။ ဒီလိုကျင်းပခဲ့တာဟာ ဥရောပတိုက်ရဲ့ အမျိုးသမီးလှုပ်ရှားမှုမှာ ရှေ့တန်းကနေ ပါဝင်ခဲ့တဲ့ ဒိန်းမတ်နိုင်ငံကို ဂုဏ်ပြုခဲ့ရုံတင်မကပါဘူး။ လူ့အဖွဲ့အစည်းအတွင်းမှာ ကျား၊ မ တန်းတူညီမျှရေးကို အောင်မြင်စွာ ပုံဖော်နိုင်ခဲ့တဲ့ နိုင်ငံတခုမှာ အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံမှုများအားလုံး ပပျောက်ရေး သဘောတူစာချုပ် (စီဒေါ) ကို စတင် အသက်ဝင်စေခဲ့တာလဲ ဖြစ်ပါတယ်။



ဒိန်းမတ်အမျိုးသမီးများဟာ အမျိုးသမီး တန်းတူညီမျှခွင့်ကို ၁၇၈၉ ခုနှစ် ပြင်သစ်တော်လှန်ရေးကာလ မှာကတည်းက စတင် လှုပ်ရှားတောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။ ၁၇၉၂ ခုနှစ်မှာ ဗြိတိသျှစာရေးဆရာမ မေရီစ၀ိုးလ်စတုန်း ခရဖ်တ် ရေးသားတဲ့ အမျိုးသမီးအခွင့်အရေးစာအုပ်ကို ဒိန်းမတ်ဘာသာကို ပြန်ဆိုခဲ့ကြပါတယ်။ နောက်ပိုင်းမှ ကျတော့ အမျိုးသမီးတွေရဲ့ ဖိနှိပ်ခံရမှုတွေကို စာပေသဏ္ဍာန်နဲ့ အမျိုးသမီး စာရေးဆရာမတွေက ရေးသားဖော်ကျူးခဲ့ကြပါတယ်။ ဒိန်းမတ်ရဲ့ နာမည်ကျော်အမျိုးသမီး စာရေးဆရာမတဦးဖြစ်တဲ့ ဖီဘီဂါရဲ့ ပေးစာ ဆယ့်နှစ်စောင် စာအုပ်ဟာ ဒိန်းမတ်လူ့အဖွဲ့အစည်း အတွင်းမှာ အမျိုးသမီး အခွင့်အရေးနဲ့ ပတ်သက်ပြီး ငြင်းခုန်ဆွေးနွေးမှုတွေ ပေါ်ထွက်လာစေခဲ့ပါတယ်။ နောက်ထပ်ဆယ်စုနှစ်အတွင်းမှာပဲ စာရေးဆရာမ Worm က အမျိုးသမီးများရဲ့ ပညာရေး အခွင့်အလမ်းတွေကို ရေးသားဖော်ပြခဲ့ပါတယ်။ တပြိုင်နက်တည်းမှာတင် နာတလီဆိုတဲ့ အခြားအမျိုးသမီးကနေ မိန်းကလေးကျောင်းများနဲ့ အမျိုးသမီး ဆရာဖြစ်သင်ကျောင်းများကို စတင်ဖွင့်လှစ်ခဲ့ပါတယ်။

၁၈၆၀ နှောင်းပိုင်းကာလများရောက်တော့ ဒိန်းမတ်လူလတ်တန်းစားများနဲ့ တောင်သူလယ်သမားများဟာ သက်ဦးဆံပိုင်ဘုရင်စနစ် ပါဝါလျှော့ချရေး၊ အလုပ်သမားအခွင့်အရေးနဲ့ အမျိုးသမီးအခွင့်အလမ်းများ တိုးမြင့်ရေး စတာတွေကို တောင်းဆိုလာခဲ့ကြပါတယ်။ တက်ကြွတဲ့ ဒိန်းမတ်အမျိုးသမီးများဟာ နိုင်ငံတကာ အမျိုးသမီးလှုပ်ရှားမှုများနဲ့ ကွန်ယက်ချိတ်ဆက်ပြီး၊ ဒိန်းမတ်အမျိုးသမီး လှုပ်ရှားမှုကို ဦးဆောင်လာခဲ့ကြပါတယ်။ ဒိန်းမတ်ပါလီမန်က အမြော်အမြင်ရှိတဲ့ အမျိုးသားနိုင်ငံရေးသမားတွေကလဲ အမျိုးသမီးနိုင်ငံရေး အခွင့်အလမ်းတွေကို ထောက်ခံတဲ့ ဥပေဒေတွေ ပြဌာန်းဖို့ ကြိုးပမ်းခဲ့ကြပါတယ်။

၁၈၇၁ ခုနှစ်ရောက်တော့ ဆွစ်ဇလန် အခြေစိုက် နိုင်ငံတကာ အမျိုးသမီးအသင်းရဲ့ ဒိန်းမတ်ဌာနခွဲဖြစ်တဲ့ ဒိန်းမတ်အမျိုးသမီးအဖွဲ့ချုပ်ကို ဖွင့်လှစ်ခဲ့ပါတယ်။ ၁၈၇၀ ကနေ ၁၈၇၁ ခုနှစ်အထိ ဖြစ်ပွားခဲ့တဲ့ ဖရန်ကို- ပါရှန်း စစ်ပွဲကာလမှာ နိုင်ငံတကာဆိုတဲ့ အသုံးအနှုန်းကို ဒိန်းမတ်မှာ လက်ခံမှုမရှိတဲ့ အခါကျတော့ အမျိုးသမီး လှုပ်ရှားတက်ကြွသူများဟာ ဒိန်းမတ်အမျိုးသမီး အဖွဲ့ချုပ်ကို ဒိန်းမတ်အမျိုးသမီးအဖွဲ့အနေနဲ့ ပြောင်းလဲ ဖွဲ့စည်းခဲ့ပါတယ်။ ဒီအဖွဲ့အစည်းဟာ ဒိန်းမတ်အမျိုးသမီးများရဲ့ စီးပွားရေးနဲ့ ပညာရေးအခွင့်အလမ်းတွေကို တောင်းဆိုလှုပ်ရှားခဲ့ကြပါတယ်။

(၁၈၈၆) ခုနှစ်မှာ ဒိန်းမတ်မှာ မဲပေးပိုင်ခွင့်ကို အမျိုးသားတွေကိုပဲ ပေးအပ်တဲ့ ဖွဲ့စည်းပုံအခြေခံ ဥပေဒသစ်ထွက်ပေါ်လာပါတယ်။ လူအများက ဖွဲ့စည်းပုံအခြေခံ ဥပေဒေသစ် ထွက်ပေါ်လာရင် ဒါဟာ အခွင့်အရေးလှုပ်ရှားမှုတွေရဲ့ နိဂုံးလို့ ယူဆတတ်ကြပါတယ်။ တကယ်တော့ လူသားတွေရဲ့ မွေးရာပါ လူ့အခွင့်အရေးဆိုတာကို ကန့်သတ်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုရင် အဟောင်းပဲဖြစ်ဖြစ်၊ အသစ်ပဲဖြစ်ဖြစ် ဆန့်ကျင်ဖယ်ရှားရမှာဖြစ်ပါတယ်။ ဒီအချက်ကို ဒိန်းမတ်အမျိုးသမီးတွေက ရှင်းရှင်းလင်းလင်း သိမြင်ခဲ့ကြပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပေဒေသစ်ထွက်ပေါ်လာတာဟာ ဒိန်းမတ်အမျိုးသမီးတွေ အတွက်တော့ တော်လှန်ရေးတရပ်ရဲ့ နိဒါန်းတရပ် ဖြစ်လာပါတော့တယ်။ ၁၈၈၆ ခုနှစ်မှာ ဘာဂျားဆိုတဲ့ အမျိုးသမီးရဲ့ စစ်အသုံးစရိတ်ကို လေ့လာဆန်းစစ်ဖို့ တောင်းဆိုချက် ထွက်ပေါ်လာပါတယ်။ အမျိုးသမီးတွေဟာ စစ်မှုရေးရာတွေနဲ့ မသက်ဆိုင်ဘူးလို့ လူ့အဖွဲ့အစည်းတွေက သတ်မှတ်ကြပါတယ်။ ဒိန်းမတ်လူ့အဖွဲ့အစည်းမှာလဲ ဒီအတိုင်းပါပဲ။ ဒီလိုအချိန်မျိုးမှာ ဘာဂျားရဲ့ စစ်အသုံးစရိတ်ဆိုင်ရာ တောင်းဆိုချက်ဟာ လူ့အဖွဲ့အစည်းကို လှုပ်ခါသွားစေခဲ့ပါတယ်။ သူမရေးသားခဲ့တဲ့ “ငါတို့ ဘာလိုချင်တာလဲ“ ဆိုတဲ့ စာအုပ်ဟာ နောင်တချိန်မှာ အမျိုးသမီးသမဂ္ဂများ ပေါ်ထွက်လာစေရေးအတွက် ရှေ့ဆောင်လမ်းခင်းပေးခဲ့တာပဲ ဖြစ်ပါတယ်။

အမျိုးသမီးမဲပေးခွင့်ကို တောင်းဆိုလှုပ်ရှားမှု ပြုလုပ်မှာနဲ့ ပတ်သက်ပြီး ဒိန်းမတ်အမျိုးသမီးအဖွဲ့အတွင်းမှာ ထောက်ခံသူနဲ့ ကန့်ကွက်သူတွေ ကွဲပြားလာခဲ့ပါတယ်။ နိုင်ငံရေး အကွေ့အပြောင်းကာလမှာ သဘောထားကွဲလွဲမှုတွေ၊ တဘက်နဲ့ တဘက် ဝေဖန် တိုက်ခိုက်မှုတွေ ရှိစမြဲပါပဲ။ အရေးကြီးတာက ကိုယ့်ရပ်တည်ချက်ကို စွဲစွဲမြဲမြဲ ဆုပ်ကိုင်ထားနိုင်ဖို့ပဲ ဖြစ်ပါတယ်။ အမျိုးသမီးအဖွဲ့အတွင်းက ခေါင်းဆောင်များနဲ့ သဘောထားကွဲလွဲလာတဲ့အခါ ဘာဂျားနဲ့ တခြားအမျိုးသမီးများဟာ အမျိုးသမီးညီညွတ်ရေးအဖွဲ့အစည်းများကို မြို့တော်တင်သာမက တောနယ်များမှာပါ ပြန့်ပွားလာအောင် ဖြန့်ကျက်တည်ထောင်ခဲ့ပါတယ်။ အလုပ်သမားလူတန်းစားရဲ့ လူမှုရေးနဲ့ အလုပ်သမားရေးရာများကို ကူညီပံ့ပိုးမယ့် အဖွဲ့အစည်းများလဲ ပေါ်ပေါက်လာခဲ့ပါတယ်။ ၁၈၉၇ ခုနှစ်လဲ ရောက်ရော မူလက သဘောထားကွဲလွဲခဲ့တဲ့ ဒိန်းမတ်အမျိုးသမီးအဖွဲ့က အမျိုးသမီးညီညွတ်ရေးအဖွဲ့နဲ့ ပြန်လည် ပူးပေါင်းလာခဲ့ပါတယ်။ သဘောထားကွဲလွဲမှုဆိုတာ ရန်ပြုတာ မဟုတ်ပါဘူး။ နိုင်ငံရေးလောကမှာ အမြဲတမ်းရန်သူ၊ အမြဲတမ်း မိတ်ဆွေဆိုတာ မရှိပါဘူး။ ရည်ရွယ်ချက်တူညီသူ၊ ရပ်တည်ချက်တူညီသူများဟာ အချိန်မရွေး ပြန်လည်ပေါင်းစည်းလို့ရပါတယ်။

ဒီလိုနဲ့ အမျိုးသမီးအဖွဲ့တွေ ပူးပေါင်းပြီး ၁၈၉၉ ခုနှစ်မှာ ဒိန်းမတ်အမျိုးသမီးကောင်စီကို ဖွဲ့စည်းခဲ့ကြပါတယ်။ မကြာခင်မှာပဲ ဒိန်းမတ်အမျိုးသမီး တက်ကြွလှုပ်ရှားသူများဟာ ဒိန်းမတ်အမျိုးသမီးရေးရာသာမက နိုင်ငံတကာအမျိုးသမီးရေးရာနဲ့ ပတ်သက်တဲ့ လှုပ်ရှားမှုများမှာပါ တက်တက်ကြွကြွ ပါဝင်လာကြပါတယ်။ ဆွေးနွေးပွဲအများအပြားကို ဒိန်းမတ်မြို့တော် ကိုပင်ဟာဂင်မှာ ကျင်းပလာခဲ့ကြပါတယ်။ နိုင်ငံတကာ အမျိုးသမီး အစည်းအဝေးများစွာကိုလဲ ပါဝင်တက်ရောက်လုာခဲ့ကြပါတယ်။ အမျိုးသမီးများ တက်ညီလက်ညီ လှုပ်ရှားဆောင်ရွက်လာတာကြောင့် ၁၉၀၃ ခုနှစ်ရောက်တော့ အသက် (၂၅) အထက် အမျိုးသမီးများအားလုံး ဒေသဆိုင်ရာ ကောင်စီရွေးချယ်မှုမှာ မဲပေးခွင့်ရလာပြီး၊ ၁၉၁၅ ခုနှစ်အရောက်မှာ အမျိုးသမီးများအားလုံး ပါလီမန်မှာ မဲပေးခွင့်ရလာပါတယ်။ ၁၉၂၄ ခုနှစ်မှာ Bang ဟာဒိန်းမတ်နိုင်ငံရဲ့ ပညာရေးဝန်ကြီးအဖြစ် ရွေးချယ်တင်မြှောက်ခံခဲ့ရပါတယ်။ သူမဟာ ကမ္ဘာ့သမိုင်းမှာ ပထမဆုံး အမျိုးသမီး ၀န်ကြီးတဦးပဲ ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ ပထမဦးဆုံး အမျိုးသမီး အစိုးရအဖွဲ့ဝင် ၀န်ကြီးဖြစ်တဲ့ ဖရန်စစ် ပါကင်းစ်ဟာ ၁၉၃၃ ခုနှစ်မှာမှ အလုပ်သမားဝန်ကြီးအဖြစ် ရွေးချယ်ခန့်အပ်ခံခဲ့ရတာပါ။ ဒါကြောင့် ဒိန်းမတ်အမျိုးသမီးများရဲ့ လှုပ်ရှားမှုဟာ ကမ္ဘာနဲ့အ၀ှမ်းများ ကနဦး ကြီးကြီးမားမား အောင်မြင်မှုရခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ အခုလို အမျိုးသမီးများရဲ့ နိုင်ငံရေးပါဝင်ပတ်သက်မှု အခန်းကဏ္ဍမှာတင် မဟုတ်ပဲ ပညာရေး၊ မိသားစုရေး၊ ဘာသာရေး၊ ကျန်းမာရေးဆိုင်ရာ အမျိုးသမီး အခွင့်အလမ်းတွေမှာလဲ ဒိန်းမတ်နိုင်ငံဟာ ကမ္ဘာက စံပြုလောက်အောင် တန်းတူညီမျှ အခွင့်အရေးတွေ ပြည့်ဝနေတဲ့ နိုင်ငံတခု ဖြစ်လို့ လာခဲ့ပါတယ်။

ဒီမိုကရက်တစ်မြန်မာ့အသံ ပရိသတ်များရှင်။

ဒိန်းမတ်အမျိုးသမီး အခွင့်အရေးလှုပ်ရှားမှုတွေရဲ့ အစဟာ စာပေနယ်က စတင်ခဲ့တာဖြစ်ပါတယ်။ အဲဒီကနေ ပညာရေး၊ အလုပ်သမားရေးရာ၊ နိုင်ငံရေး ပါဝင်ပတ်သက်မှုတွေကို တစတစ ကျယ်ပြန့်သွားခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် အမျိုးသမီးများအနေနဲ့ မိမိတို့ရဲ့ မိသားစုရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ဆုံးရှုံးနေတဲ့ အခွင့်အလမ်းတွေကို ရေးသားဖြန့်ဝေရင်း အမျိုးသမီးအခွင့်အလမ်းလှုပ်ရှားမှုတွေကို စတင်ခြင်းဟာ အလွန်ပဲ ထိရောက်လှပါကြောင်း တင်ပြလိုက်ရပါတယ်ရှင်။

ခင်မမမျိုး (၂၀၀၉)

  © Blogger templates Newspaper II by Ourblogtemplates.com 2008

Back to TOP