ဘလော့ လိပ်စာသစ်သို့ ပြောင်းရွှေ့ခြင်း

(၂၀၀၇) ခုနှစ်မှစ၍ ဘလော့စာမျက်နှာအား ဖွင့်လှစ်ခဲ့ရာ ဖတ်ရှုအားပေးကြသော စာဖတ်ပရိသတ်အပေါင်းအား အထူးပင် ကျေးဇူးတင်ရှိပါသည်။

ယခုအခါတွင် ဘလော့ကို ဖွင့်ရန် အချိန်ကြာမြင့်မှုများ ရှိနေကြောင်း၊ စာဖတ်သူအချို့မှ အကြောင်းကြားလာပါသဖြင့် www.khinmamamyo.info တွင် စာမျက်နှာသစ်ကို ဖွင့်လှစ်ထားပါသည်။

စာမျက်နှာသစ်တွင် အချို့သော စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ဆောင်ပါးများနှင့် ရသစာစုများ (နှစ်ရာကျော်ခန့်)ကိုလည်း ကဏ္ဍများခွဲ၍ ပြန်လည်ဖော်ပြထားပါသည်။


ယခုဘလော့စာမျက်နှာကို ဆက်လက်ထားရှိထားမည်ဖြစ်သော်လည်း ယနေ့မှစ၍ ပို့စ်အသစ်များ ထပ်မံ တင်တော့မည် မဟုတ်ပါကြောင်းနှင့် ပို့စ်အသစ်များကို စာမျက်နှာသစ်တွင်သာ တင်တော့မည်ဖြစ်ပါကြောင်း လေးစားစွာ အသိပေး အကြောင်းကြားပါသည်။


စာမျက်နှာသစ်သို့ အလည်လာရောက်ပါရန်ကိုလဲ လှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါသည်။


လေးစားစွာဖြင့်



ခင်မမမျိုး (၁၇၊ ၁၀၊ ၂၀၁၁)

www.khinmamamyo.info

songs for May Day

Friday, April 30, 2010






အပြည့်အစုံဖတ်ချင်ရင်..>>>

လက်နက်ကိုင်တော်လှန်ရေးနှင့် အကြမ်းဖက်မှု ဆိုင်ရာ အငြင်းပွားမှုများ

Tuesday, April 27, 2010

နိဒါန်း


နိုင်ငံရေးအကြမ်းဖက်မှုလေ့လာရေး သုတေသနလောကမှာ ကနဦးအနေနဲ့ အကြမ်းဖက်သမားတွေရဲ့ စိတ်ထဲကို မြင်အောင်ကြည့်ပြီး၊ ဒီလို အကြမ်းဖက်မှုတွေ ကျူးလွန်လာရခြင်းရဲ့ အခြေခံ လှုံ့ဆော်မှုတွေကို ထိန်းချုပ်နိုင်မှသာ အကြမ်းဖက်မှုနှိမ်နင်းရေးကို ထိထိရောက်ရောက် အကောင်အထည် ဖော်နိုင်မယ်လို့ အဆိုရှိကြပါတယ်။ စိတ်ပညာရှင်တဦးဖြစ်တဲ့ Kicklighter က အကြမ်းဖက်မှုဆိုတာကို လူအများက လက်မခံပေမယ့် အကြမ်းဖက်သမားတွေနဲ့ သူတို့အပေါ် ထောက်ခံသူတွေရဲ့ စိတ်ထဲမှာတော့ ကောင်းမွန်တယ်လို့ ယူဆထားချက်တွေ ရှိနေနိုင်တယ်လို့ ဆိုထားပါတယ်။ ဒီလိုယူဆထားချက်တွေဟာ မှားယွင်းနေတယ်ဆိုတာကို အသိပညာပေးမှုတွေ မလုပ်နိုင်မချင်း အကြမ်းဖက်မှုတွေကို ထိထိရောက်ရောက် နှိမ်နင်းနိုင်မှာ မဟုတ်ဘူးလို့ သူက ဆိုခဲ့ပါတယ်။ သူ့အဆိုကို လက်ခံပြီး အကြမ်းဖက်မှုတွေ ဖြစ်ပွားလာစေခြင်း၊ ထောက်ခံအားပေးလာစေခြင်းတွေကို လှုံ့ဆော်ပေးတဲ့ ယူဆချက်တွေကို ပညာရှင်အများအပြားက ထပ်မံလေ့လာခဲ့ကြပါတယ်။

နိုင်ငံတကာမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်လုပ်ရပ်များစွာကို လေ့လာကြည့်ကြရာမှာ တွေ့ရှိခဲ့တဲ့ အချက်တွေကတော့ အကြမ်းဖက်မှုတွေဟာ နိုင်ငံရေး အတွေးအခေါ် အစွန်းရောက်မှု၊ ဘာသာရေးယုံကြည်ချက် အစွန်းရောက်မှုနဲ့ နိုင်ငံရေးအရ ထွက်ပေါက်ပိတ်မှုတွေကြောင့် ဖြစ်ပေါ်လာရခြင်း ဆိုတာပါပဲ။ ဒီလိုအကြမ်းဖက်မှုတွေကို ကျူးလွန်သူတွေထဲမှာ နိုင်ငံတော်အစိုးရတွေဖြစ်တဲ့ state-actors တွေနဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေဖြစ်တဲ့ Non-state actors တွေပါ ပါဝင်နေကြပါတယ်။ ဒီမိုကရေစီ စနစ် ကျင့်သုံးခြင်းမရှိတဲ့ အာဏာရှင်နိုင်ငံတွေမှာ အစိုးရကိုယ်တိုင်က နိုင်ငံတော်အကြမ်းဖက်မှု (State Terrorism) ကို ကျူးလွန်တတ်မှုတွေ ရှိသလို၊ နိုင်ငံရေးတည်ငြိမ်မှု မရှိတဲ့ နိုင်ငံတွေမှာ တော်လှန်ရေး အဖွဲ့အစည်းတွေက လက်နက်ကိုင်တော်လှန်ရေး စည်းဘောင်ကို ကျော်လွန်ပြီး အကြမ်းဖက် လုပ်ရပ်တွေဆီကို ဦးတည်သွားတတ်တာမျိုးတွေလဲ ရှိပါတယ်။ ပြည်တွင်းရေး ပဋိပက္ခကနေ ဘောင်ကျော်ပြီး နိုင်ငံတကာ ပြည်သူတွေရဲ့ အာရုံစိုက်မှု ခံလာရစေရေးအတွက် ကျူးလွန်တဲ့ Media Terrorism ဆိုတဲ့ အမျိုးအစားကလဲ ရှိပါသေးတယ်။

၁၉၆၈ ခုနှစ်တုန်းက E1 A1 လေကြောင်းလိုင်းတွေကို ပါလက်စတိုင်း တော်လှန်ရေးသမားတွေက ပြန်ပေးဆွဲမှုတွေ ဖြစ်ပွားခဲ့ပါတယ်။ ပါလက်စတိုင်း တော်လှန်ရေးသမားတွေဘက်က ကြည့်ရင် နိုင်ငံတကာ ပြည်သူတွေရဲ့ အာရုံစိုက်ခံရအောင်ပြုလုပ်တဲ့ နည်းလမ်းတခု ဖြစ်ပေမယ့် ဒီလိုပြန်ပေးဆွဲမှုတွေမှာ အပြစ်မဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ရမှုတွေ ပါဝင်လာတဲ့အတွက် နိုင်ငံတကာ လူ့အဖွဲ့အစည်းက တော်လှန်ရေးသမားတွေအနေနဲ့ အသိအမှတ် မပြု ခဲ့ပဲ အကြမ်းဖက်သမားတွေအဖြစ်သာ သတ်မှတ်ခဲ့ကြပါတယ်။

အကြမ်းဖက်မှုတွေထဲမှာ ဘာသာရေးအစွန်းရောက်မှု၊ နိုင်ငံရေးအတွေးအခေါ် အစွန်းရောက်မှုတွေ ကနေ ထွက်ပေါ်လာတဲ့ အကြမ်းဖက်မှုတွေလဲ အများအပြား ရှိပါသေးတယ်။ ဒီလိုအကြမ်းဖက်မှုတွေကို နိုင်ငံတော်အစိုးရတွေကိုယ်တိုင်က နောက်ကွယ်ကနေ ပံ့ပိုးပေးနေတဲ့ state-sponsored terrorism အမျိုးအစားတွေလဲ ရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အကြမ်းဖက်မှုတွေ ဖြစ်ပွားလာခဲ့တာနဲ့ လူအများ သေကြေပျက်စီးရုံမက လူတွေအကြားမှာ အကြောက်တရားပျံ့ပွားလာတာတွေ ဖြစ်လေ့ရှိပါတယ်။ အကြမ်းဖက်မှုကို ထောက်ခံအားပေးသူတွေနဲ့ ဆန့်ကျင်သူတွေအကြား နိုင်ငံရေး လိုအပ်ချက် ဆိုတာပေါ် အခြေခံတဲ့ အငြင်းပွားမှုတွေ ဖြစ်လေ့ဖြစ်ထ ရှိပါတယ်။




လူတယောက်တည်းမှာတင် အသက် သုံးနှစ်အရွယ် ကလေးတယောက်ရဲ့ မီးဆိုတာ ပူတယ်၊ မကိုင်ရဘူး ဆိုတဲ့ အသိနဲ့ အသက် သုံးဆယ်အရွယ် လူတယောက်ရဲ့ မီးဆိုတာ ဘယ်လို အသုံးချရမယ်၊ မီးဘေးအန္တရာယ်မဖြစ်အောင် ဘယ်လို ကာကွယ်ရမယ်၊ မီးဘေးသင့်လာရင် ဘယ်လို စီမံဆောင်ရွက်ရမယ် ဆိုတဲ့ အသိတရားတွေ မတူပါဘူး။ ဒီတော့ အတွေးအခေါ်ရေချိန်၊ အယူအဆရေချိန်၊ ပညာအရည်အချင်းရေချိန်၊ အလုပ်အကိုင် နဲ့ တာဝန်ယူမှု ရေချိန်၊ ဘ၀ဖြတ်သန်းမှု ရေချိန်တွေမှာ အမျိုးမျိုး ကွဲပြားခြားနားနေတဲ့ လူတွေအတွင်းမှာ အငြင်းပွားမှုတွေ ဖြစ်တတ်ကြတာ ထုံးစံတခုပါပဲ။ အကြမ်းဖက်မှုဆိုတာနဲ့ ပတ်သက်ပြီး ပါလီမန်တွေ၊ တက္ကသိုလ်ကျောင်းတွေကနေ လမ်းဘေး အရပ်သားစကားဝိုင်းတွေအထိ အငြင်းပွားမှုတွေ ရှိတတ်ပါတယ်။

အငြင်းပွားမှုများ

အငြင်းပွားမှုတွေထဲမှာ လက်နက်ကိုင်တော်လှန်ရေး (Armed Struggles) ဆိုတာနဲ့ အကြမ်းဖက်မှု (Terrorism) ကို ကွဲကွဲပြားပြား နားမလည်သူတွေက ဒီနှစ်ခုကို ရောထွေးပြီး ငြင်းခုန်လေ့ရှိပါတယ်။ ဒီလိုရောထွေးပြောဆိုမှုတွေဟာ တော်လှန်ရေးတရပ်ရဲ့ လူထုစည်းရုံးရေး လုပ်ငန်းစဉ်ကို သွေဖည်ရာ ရောက်သလို လူထုထောက်ခံမှု စွမ်းအား ကျဆင်းလာအောင် ပြုလုပ်တာနဲ့ အတူတူပါပဲ။ ကမ္ဘာတ၀ှမ်းလုံးက ပြည်သူလူထုရဲ့ လက်နက်ကိုင်တော်လှန်ရေးနဲ့ အကြမ်းဖက်မှုတွေကို ရှုမြင်ပုံတွေ လုံးဝ မတူညီပါဘူး။

လက်နက်ကိုင်တော်လှန်ရေးဆိုတာကို မြို့ပြပျောက်ကျားစစ်အနေနဲ့ ဆင်နွှဲတာပဲ ဖြစ်ဖြစ်၊ ကျေးရွာအခြေခံပြီး မြို့ကို သိမ်းတာပဲ ဖြစ်ဖြစ် ဘယ်လိုပုံသဏ္ဍာန်နဲ့ ဆင်နွှဲသည်ဖြစ်စေ တရားသော တော်လှန်ရေးဖြစ်ရင် လူထုက ထောက်ခံပါတယ်။ နိုင်ငံတကာကလဲ ထောက်ခံပါတယ်။ ဒါပေမယ့် အကြမ်းဖက်မှုဆိုတာကိုတော့ ပြည်သူလူုထုက မထောက်ခံပါဘူး။ နိုင်ငံတကာကလဲ မထောက်ခံပါဘူး။ ဒီလိုအခြေအနေတွေကို လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ဆက်စပ်မဟာမိတ် အဖွဲ့ အစည်းတွေ အနေနဲ့ သေသေချာချာ သဘောပေါက် နားလည်ဖို့ လိုပါတယ်။

လက်နက်ကိုင် တော်လှန်ရေးနဲ့ အကြမ်းဖက်မှုအကြားမှာ ခြားထားတဲ့ စည်းဘောင်ဟာ အပြစ်မဲ့ ပြည်သူတွေကို သတ်ဖြတ်ခြင်း ဖြစ်ပါတယ်။ ကျေးလက်ဒေသမှာ ချီတက်လာတဲ့ စစ်ကြောင်းတခုကို မိုင်းဆွဲတိုက်ခိုက်မှု၊ မြို့ပြမှာ စစ်လက်နက်ပစ္စည်း သိုလှောင်ရုံကို ဗုံးခွဲမှုဆိုရင် ဒါဟာ လက်နက်ကိုင်တော်လှန်ရေး ဖြစ်ပါတယ်။ ဒီလိုမဟုတ်ပဲ ပြည်သူလူထုအကြားမှာ ပစ်မှတ်ကို တိုက်ခိုက်မှုဆိုတာကျတော့ indiscriminate killings ဖြစ်သွားပါတယ်။ ဒါကို အမှန်တရားပါလို့ ဘယ်လိုပဲ Justification လုပ်လုပ် အကြမ်းဖက်မှုဖြစ်သွားပါတယ်။ တော်လှန်ရေးတခုရဲ့ စည်းဘောင်ကို ကျော်သွားပြီး တော်လှန်ရေးသမားတယောက် ထားရှိရမယ့် ကျင့်ဝတ်ကို ချိုးဖောက်လိုက်တာနဲ့ အကြမ်းဖက်သမား တယောက်ဖြစ်သွားပါတယ်။ ဒီလိုလုပ်ရပ်မျိုးတွေကို တော်လှန်ရေး အသိုင်းအ၀ိုင်းကလဲ ပြတ်ပြတ် သားသား ဆန့်ကျင်ကန့်ကွက်ကြရမှာဖြစ်ပါတယ်။

Justification လိုက်လုပ်ပေးရင် လုပ်သူတွေကို အကြမ်းဖက်မှုကို ထောက်ခံအားပေးသူတွေ ဖြစ်သွားပါတယ်။ ဒီထက် ပိုဆိုးတာက တော်လှန်ရေးလှေကို ပင်လယ်ပြင်မှာ ၀မ်းဗိုက်ဖောက်လိုက်တာနဲ့ အတူတူပါပဲ။ လှေမှောက်တတ်ပါတယ်။ ကမ္ဘာပေါ်မှာ တော်လှန်ရေးစည်းဘောင်ကို ကျော်ပြီး အကြမ်းဖက်လုပ်ရပ်တွေ လုပ်လိုက်လို့ အမှန်က အမှားဖြစ်ပြီး ရစရာမရှိအောင် ကြေမွကျဆုံးသွားခဲ့ရတဲ့ တော်လှန်ရေးတွေ အများကြီးပါပဲ။

ကမ္ဘာတ၀ှမ်းလုံးမှာ လက်နက်ကိုင် တော်လှန်ရေးနဲ့ အကြမ်းဖက်မှုကို ရောထွေး ပြောဆိုတတ်သူ လူနှစ်မျိုး ရှိပါတယ်။ တမျိုးက ကွဲပြားခြားနားမှုကို နားမလည်သူတွေဖြစ်ပါတယ်။ တမျိုးကတော့ နိုင်ငံရေးအစွန်းရောက် အတွေးအခေါ်တွေကြောင့် အကြမ်းဖက်မှုမှန်း သိပါလျက်နဲ့ ဒါကိုထောက်ခံ အားပေးပြီး Terrorist Propaganda of Justification ကို လုပ်ဆောင်နေသူတွေပါ။

ပထမအမျိုးအစားကိုတော့ ကွဲပြားခြားနားမှုကို ရှင်းလင်းပြောဆို အသိပညာပေးရပါမယ်။ ဒုတိယအမျိုးအစားကိုတော့ သူတို့ Justification လုပ်နေတဲ့ အယူအဆတွေဟာ မှားယွင်းကြောင်း အသိပညာပေးခြင်းနဲ့ လိုအပ်လာရင် နှိမ်နင်းအရေးယူခြင်းတွေ ပြုလုပ်ရပါမယ်။ ဒီလိုမဟုတ်ရင် လူ့အဖွဲ့အစည်းအတွင်းမှာ အကြမ်းဖက်မှုကို ထောက်ခံတဲ့ သဘောတရားတွေ ပျံ့နှံ့သွားပြီး၊ လူ့အဖွဲ့အစည်း လုံခြုံရေး (Societal Security) ကို ထိခိုက်စေပါတယ်။ အာဏာရှင်နိုင်ငံတွေရဲ့ လူ့အဖွဲ့အစည်းအတွင်းမှာ တော်လှန်ရေးသဘောတရားတွေ ပျံ့နှံ့သွားရင် အောင်ပွဲကို ဦးတည်စေ ပါတယ်။ အကြမ်းဖက်မှု သဘောတရားတွေ ပျံ့နှံ့သွားရင်တော့ ကျရှုံးခြင်းကို ဦးတည်စေတဲ့အပြင်၊ အာဏာရှင်စနစ် ကျဆုံးပြီး နောက်ပိုင်းကာလတွေရဲ့ တိုင်းပြည် တည်ဆောက်ရေး ကိုပါ အကြီးအကျယ် ထိခိုက်စေနိုင်ပါတယ်။ တခါတရံမှာ conflict escalation ဖြစ်ပြီး ကမ္ဘာတ၀ှမ်းလုံးကိုပါ ပျံ့သွားတတ်ပါသေးတယ်။

တကယ်တော့ Global Terrorism ထွက်ပေါ်လာရခြင်းရဲ့ အခြေခံ source ဟာ intra-state conflicts တွေပဲ ဖြစ်ပါတယ်။ အဲဒီမှာ နိုင်ငံတော်အစိုးရတွေက state-terrorism ကျူးလွန်မှုတွေ ရှိလာလို့ နိုင်ငံတကာက ၀င်ရောက်ဖြေရှင်းပေးဖို့ ကြိုးပမ်းနေရမှုတွေ ရှိနေသလို၊ တပြိုင်နက်တည်းမှာပဲ Non-State actors တွေဖြစ်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက political frustration ဖြစ်ပြီး အကြမ်းဖက်မှုတွေ မလုပ်လာအောင်ကိုလဲ စောင့်ကြည့်အကဲခတ်မှုတွေ၊ အသိပညာပေးမှုတွေ လုပ်လာကြရပြန်ပါတယ်။ အကြမ်းဖက်မှုနဲ့ ပတ်သက်နေတဲ့ တော်လှန်ရေး အဖွဲ့အစည်းတွေရဲ့ စာရင်းတွေကို နိုင်ငံတကာ ပညာရှင်တွေက ရှာဖွေပြုစုပြီး၊ ဒီအဖွဲ့အစည်းတွေကို တော်လှန်ရေး အဖွဲ့အစည်းတွေကနေ အကြမ်းဖက်အဖွဲ့အစည်းတွေဖြစ်အောင် တွန်းအားပေး လှုံ့ဆော်လိုက်တဲ့ အတွေးအခေါ်၊ အယူအဆတွေ၊ ခေါင်းဆောင်တွေရဲ့ လွှမ်းမိုးမှုတွေကို လေ့လာဆန်းစစ်နေကြပါတယ်။

အကြမ်းဖက် အတွေးအခေါ်ရှိတဲ့ ခေါင်းဆောင်တွေ တော်လှန်ရေးခေါင်းဆောင်တွေ ဖြစ်လာရင် အလွန်အန္တရာယ် ကြီးမားတဲ့အတွက် ဒီခေါင်းဆောင်တွေကို စုံစမ်းရှာဖွေ ဖော်ထုတ်ပြီး ၄င်းတို့ရဲ့ ငွေကြေးအလွှဲအယူများကို လေ့လာစောင့်ကြည့်ရေး၊ ၄င်းတို့ ဦးဆောင်တဲ့ အဖွဲ့အစည်းများရဲ့ တော်လှန်ရေးလမ်းစဉ်ကို ဆန်းစစ်လေ့လာရေး၊ နောက်လိုက် အဖွဲ့ဝင်များအတွင်းမှ အကြမ်းဖက်မှုကို ထောက်ခံအားပေးနိုင်ဖွယ် ရှိသူများကို ဖော်ထုတ်ရေး စတဲ့ လိုအပ်တဲ့ လုပ်ငန်းဆောင်တာတွေ ဆက်လုပ်ဖို့ ကိုလဲ နိုင်ငံတကာ လုံခြုံရေးအဖွဲ့အစည်းများက ကြိုးပမ်း ဆောင်ရွက် နေကြရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သေချာတာတခုကတော့ အကြမ်းဖက် တော်လှန်ရေး အဖွဲ့အစည်းတွေရဲ့ အမည်တွေဟာ တိုးပွားလာတာသာ ရှိပြီး၊ လျော့နည်းသွားတာ မရှိတဲ့အတွက် အကြမ်းဖက်မှုကို လက်နက်တခုအဖြစ် အသုံးချလိုက်တဲ့ တော်လှန်ရေး အဖွဲ့အစည်းတွေ တိုင်းဟာ အောင်ပွဲနဲ့ ဝေးကွာသွားခဲ့ကြတယ် ဆိုတာပါပဲ။ ဒါကြောင့် လက်နက်ကိုင်တော်လှန်ရေးနဲ့ အကြမ်းဖက်မှုဆိုတာကို ကွဲကွဲပြားပြား နားလည်သဘောပေါက်ဖို့ လိုအပ်ပါတယ်။


လက်နက်ကိုင်တော်လှန်ရေးနှင့် အကြမ်းဖက်မှု

လက်နက်ကိုင်တော်လှန်ရေး (A/S)၊ တော်လှန်ရေးစစ်ပွဲ Guerrillas Warfare (GW)၊ သူပုန်ထမှု Insurgency၊ တော်လှန်ရေး (Revolution) အမျိုးသားလွတ်မြောက်ရေး (National Liberation) စတာတွေအားလုံးဟာ Political Violence အမျိုးအစားတွေပဲ ဖြစ်ပါတယ်။ Political Violence ဆိုတာက လူသားသမိုင်းနဲ့ အတူမွေးဖွားလာခဲ့တာဖြစ်ပါတယ်။ မတရားမှုတွေက ဥပဒေဖြစ်လာတဲ့အခါ တော်လှန်ပုန်ကန်မှုဆိုတာ လူ့တာဝန်တရပ် ဖြစ်လာပါတယ်။ ဒီတာဝန်ကို ကမ္ဘာတ၀ှမ်းလုံးက ပြည်သူ လူထုကြီးက အသက်နဲ့ရင်းပြီး ထမ်းဆောင်ခဲ့ကြပါတယ်။ မတရားတဲ့ အာဏာရှင် အစိုးရများစွာဟာ လူထုကြီးရဲ့ Political Violence တွေကြောင့် အာဏာကို စွန့်လွှတ်ခဲ့ကြရပါတယ်။ Political Violence တွေကြောင့် အမေရိကန်တော်လှန်ရေးကြီး ဖြစ်ပွားလာခဲ့ပါတယ်။ Thomas Jefferson က တော်လှန်ပုန်ကန်မှုဆိုတာ အစိုးရတရပ်ရဲ့ ကျန်းမာရေးတိုးတက်ကောင်းမွန်မှုအတွက် လိုအပ်တဲ့ ဆေးဝါး ဖြစ်တယ်လို့ ဆိုထားခဲ့ဖူးပါတယ်။

utilitarianism နဲ့ ပတ်သက်ရင် ဆရာတဆူဖြစ်တဲ့ John Stuart Mill ကလဲ political violence ဆိုတာကို ဖြစ်ပေါ်လာတဲ့ အခြေအနေတရပ်မှာ ကျင့်ဝတ်အားဖြင့် ဘယ်လောက်မှန်ကန်တယ်ဆိုတဲ့ balance of reason ပေါ်မှာ မူတည်ပြီး justify လုပ်နိုင်ကြောင်း ဆိုခဲ့ပါတယ်။ တကယ်လို့ အစိုးရတရပ်ဟာ ပြည်သူလူထုရဲ့ လွတ်လပ်စွာ ရေးသားထုတ်ဝေခွင်နဲ့ လွတ်လပ်စွာ ပြောဆိုခွင့်တွေကို ပိတ်ပင်နေပြီဆိုရင်၊ လူထုရဲ့ အမြင်နဲ့ သဘောထားတွေကို လျစ်လျူပြုနေပြီဆိုရင် ဒီလို အခြေအနေမျိုးမှာ လူထုအနေနဲ့ political violence ကို အသုံးပြုပြီး တော်လှန်ရမှာဖြစ်တယ်ဆိုတဲ့ သဘောတရားကို ပေါ်လွင်အောင် ရေးသားထားခဲ့ပါတယ်။ Political Violence ကို အသုံးပြုရာမှာ တရားမျှတမှုရှိမရှိ ဆိုတဲ့ အချက်နဲ့ အောင်ပွဲအတွက် ဖြစ်နိုင်ချေရှိမှု နှစ်ခုကို ကြည့်ပြီး justify လုပ်ဖို့ ဆိုထားခဲ့ပါတယ်။

Commentator Robert Audi ကတော့ တခြားငြိမ်းချမ်းရေးနည်းလမ်းများကို ဘယ်လိုမှ အသုံးပြုလို့ မရနိုင်တော့တဲ့အဆုံးမှာ Political Violence ကို နောက်ဆုံးနည်းလမ်းအနေနဲ့ အသုံးပြုဖို့ လိုအပ်တယ်လို့ ဆိုထားခဲ့ပါတယ်။ သူက နိုင်ငံရေးအဖွဲ့အစည်းတခုဟာ တောင်းဆိုမှု၊ အသနားခံမှုတွေ ဘာမှကို ထပ်လုပ်လို့ မရနိုင်တော့တဲ့ အခြေအနေ၊ တောင်းဆိုချက်မှန်သမျှကို လျစ်လျူရှုခံနေရတဲ့ အခြေအနေ၊ ငြိမ်းချမ်းစွာ ဆန္ဒပြမှုတွေကို အကြမ်းဖက်နှိမ်နင်းခံလိုက်ရတဲ့ အခြေအနေတွေမှာ လက်နက်ကိုင်တော်လှန်ရေးတွေ၊ ပုန်ကန်တော်လှန်မှုတွေ ပြုလုပ်တဲ့ တော်လှန်ရေး လမ်းကြောင်းတခုပေါ်ကို တက်ရောက်မှသာ အောင်ပွဲခံနိုင်မယ်လို့ ဆိုထားခဲ့ပါတယ်။ အာဏာရှင် အစိုးရတွေကို သံတမန်နည်းလမ်း၊ သာမန် တောင်းဆိုချက် နိုင်ငံရေးနည်းလမ်းတွေနဲ့တော့ အောင်မြင်အောင် ဆန့်ကျင်နိုင်မှာ မဟုတ်ကြောင်း ရေးသားဖော်ပြခဲ့ပါတယ်။

ဒီလိုတွေးခေါ်ပညာရှင်တွေအပါအ၀င် ကမ္ဘာ့ပြည်သူလူထုဟာ Political Violence အမျိုးအစားတွေဖြစ်တဲ့ လက်နက်ကိုင်တော်လှန်ရေးတွေ၊ သူပုန်ထမှုတွေ၊ အမျိုးသားလွတ်မြောက်ရေး တိုက်ပွဲတွေ၊ လူထုတိုက်ပွဲတွေကို အဖိနှိပ်ခံပြည်သူတွေက ဖိနှိပ်တဲ့ အာဏာရှင်တွေကို ပုန်ကန်မှုတွေအနေနဲ့ တခဲနက် ထောက်ခံအားပေးခဲ့ကြပါတယ်။ အဖိနှိပ်ခံရတဲ့ ပြည်သူတွေဘက်က ရပ်တည်တဲ့ Non-State actors တော်လှန်ရေးအဖွဲ့အစည်းတွေကို ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကူညီပံ့ပိုးပေးမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ ဒါပေမယ့်လဲ နိုင်ငံရေးအမြော်အမြင် မရှိတဲ့ တော်လှန်ရေး အဖွဲ့အစည်း တချို့ဟာ မကျူးလွန်သင့်တဲ့ ရာဇ၀တ်မှုတွေကို စတင် ပြုလုပ်လာကြပါတော့တယ်။ မိမိတို့ သက်ဆိုင်ရာ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို တိုက်ရိုက်ထိပါးစေတဲ့ ဗုံးဖောက်ခွဲမှုတွေ၊ ပစ်ခတ်သတ်ဖြတ်မှုတွေ၊ စစ်ပွဲမှာတောင် ရှောင်ရှားရမယ့် ပစ်မှတ်တွေဖြစ်တဲ့ ဆေးရုံ၊ ကျောင်းစတာတွေကို စီးနင်းမှုတွေ၊ အများပြည်သူ အသုံးပြုတဲ့ လေကြောင်း၊ ရေကြောင်း၊ ကုန်းကြောင်း ပို့ဆောင်ဆက်သွယ်ရေး လုပ်ငန်းတွေကို တိုက်ခိုက်မှုတွေ ဖြစ်ပွားလာပါတယ်။

ဒီလို လုပ်ဆောင်လာမှုတွေမှာ Political Frustration ကြောင့် ပေါ်ထွက်သွားတဲ့ တိုက်ခိုက်မှုတွေသာမက အဖွဲ့အစည်းရဲ့ အမည်ကို လူသိထင်ရှားဖြစ်စေလိုမှု၊ ခေါင်းဆောင်အမည် နာမည်ကျော်ကြားလိုမှုနဲ့ ဒီလို မတည်မငြိမ်ဖြစ်မှုတွေကနေ အုပ်ချုပ်ရေးယန္တရားကို ပျက်ယွင်းစေလိုမှု စတဲ့ ရည်ရွယ်ချက်တွေပါ ပါဝင်လာကြပါတယ်။ ဒါတွေဟာ (၁၉၇၀) နှောင်းပိုင်း ကာလတွေမှာ ကမ္ဘာနဲ့အ၀ှမ်းမှာ ဖြစ်ပွားခဲ့တဲ့ စစ်အာဏာသိမ်းမှုတွေ၊ လက်နက်ကိုင်တော်လှန်ရေး ရေချိန် နိမ့်တုန်မြင့်တုန် ဖြစ်ကုန်မှုတွေနဲ့ တော်လှန်ရေးလမ်းစဉ်တွေကို လူထုက အပြည့်အ၀ ထောက်ခံ ပါဝင်မှု လျော့ပါးလာမှုတွေရဲ့ နိဒါန်း အစပါပဲ။ တော်လှန်ရေးနဲ့ အကြမ်းဖက်မှုကို ဝေေ၀၀ါးဝါး နဲ့ နားလည်မှုတွေ ရှုပ်ထွေးကုန်ကြပါတယ်။ တော်လှန်ရေးသမားတွေကို အကြမ်းဖက်သမားတွေလို့ တံဆိပ်ကပ် ချေမှုန်းနိုင်ခွင့်ကို အာဏာရှင်တွေကို သွားပေးလိုက်သလို ဖြစ်ကုန်ပြီး၊ အာဏာရှင်တွေက ဦးဆောင်ပြုလုပ်တဲ့ ရွေးကောက်ခံ အာဏာရှင်စနစ် (electoral authoritarianism) တွေ သက်ဆိုးရှည်ရေးအတွက် အထောက်အကူ ပေးလိုက်သလိုတွေ ဖြစ်ကုန်ပါတော့တယ်။

တချို့တော်လှန်ရေးအဖွဲ့အစည်းတွေကျတော့ Media attention ရအောင်ဆိုပြီး နိုင်ငံတကာ လေကြောင်းလိုင်းတွေက လေယာဉ်တွေကို ပြန်ပေးဆွဲတာတွေ၊ သံရုံးတွေကို ၀င်ရောက်စီးနင်းမှုတွေ၊ တိုက်ခိုက်မှုတွေကိုပါ ပြုလုပ်လာကြပြန်ပါတော့တယ်။ ဒီလုပ်ရပ်တွေဟာ တော်လှန်ရေးတရပ်ရဲ့ ခြေလှမ်းတွေကို တခါတည်း တုံ့ဆွဲလိုက်သလို ဖြစ်သွားပါတယ်။ အိမ်တအိမ်မှာ အဖေက အရက်မူးပြီး သောင်းကျန်းနှိပ်စက်တဲ့ ဒဏ်ကို နှစ်ပေါင်းများစွာ ခံနေရတဲ့ အမေကို လူတွေက ကိုယ်ချင်းစာ သနားကြစမြဲပါပဲ။ ဒါပေမယ့် ဒီအမေက အဖေ့ဒေါသအောက်မှာ ပြားပြားဝပ်နေတဲ့ မျက်စိသူငယ်၊ နားသူငယ် ကလေးလေးကို မဆီမဆိုင် သွားရိုက်တဲ့အခါ ဒီဖြစ်ရပ်အပေါ်မှာ ရှုမြင်သူ နှစ်မျိုးပေါ်ထွက်လာပါတယ်။ ဒါကို အမေ့ရဲ့ အမှားလို့ တွက်သူက တွက်ပြီး၊ အမေက ဘယ်လောက်ခံစားနေရလဲ ဆိုတာကိုကော နားမလည်ပေးနိုင်ဘူးလားလို့ ယူဆသူတွေက ယူဆတာမျိုးပါ။ အမေ့ရဲ့ ဒုက္ခကို လူတွေက ခံစားနားလည်ပေးပြီး အဖေဖြစ်သူရဲ့ အမှားလို့သာ လူတွေက တွက်ဆနေချိန်မှာ အမေဖြစ်သူရဲ့ တာဝန်က အဖေ့ဒေါသ စက်ကွင်း ကလေးငယ်လေးဆီ မကျရောက်အောင် တတ်နိုင်သမျှလေး ကာကွယ်ပေးရမယ့် အခြေအနေမျိုးပါ။

ဒါကို အမေမပီသပဲ မိမိရဲ့ ဒုက္ခကို ကလေးဆီကိုပါ ထပ်မျှဝေပေးလိုက်တာကတော့ အမေ့အမှား ဖြစ်သွားပါပြီ။ ဒါကြောင့် အဖေ့လုပ်ရပ်ကိုလဲ ဆန့်ကျင်သလို အမေ့အမှားကိုလဲ ကန့်ကွက်ရှုတ်ချရမှာပဲ ဖြစ်ပါတယ်။ ဒီကြားထဲ အမေဖြစ်သူက သူ့ရဲ့ ဒုက္ခတွေကို လူအများသိစေဖို့ လမ်းမပေါ်ထွက်ပြီး တုတ်တချောင်းနဲ့ တွေ့သမျှကလေး လိုက်ရိုက်နေရင်တော့ ရပ်ကွက်အနေနဲ့က အဖေ့လုပ်ရပ်တွေ ဆန့်ကျင်ရေးထက် အမေ့ကို နှိမ်နင်းထိန်းချုပ်ရေးကိုပဲ ဦးစားပေးလာတော့မှာ ဖြစ်ပါတယ်။ နိုင်ငံတကာမှာ အကြမ်းဖက်မှုနှိမ်နင်း တိုက်ဖျက်ရေးကို ဦးစားပေး လုပ်ငန်းဆောင်တာ အဖြစ် ထည့်သွင်းလာကြတာဟာ ဒီသဘောပါပဲ။ ဒါကြောင့် အမှန်ကနေ အမှားမဖြစ်သွားစေဖို့ တော်လှန်ရေးအဖွဲ့အစည်းခေါင်းဆောင်တွေအပါအ၀င် တော်လှန်ရေးသမားတိုင်းမှာ တာဝန်ရှိပါတယ်။

တော်လှန်ရေးသမားတယောက်ဟာ အရပ်သား ပြည်သူလူထုကို တိုက်ခိုက်ပြီဆိုတာနဲ့ အကြမ်းဖက်သမား ဖြစ်သွားပါတယ်။ လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်း တရပ်ဟာ ပြည်သူလူထုကို ပစ်မှတ်အဖြစ် ထားပြီး တိုက်ခိုက်တာတွေ၊ ရန်သူချေမှုန်းရေးမှာ ပြည်သူအများ သေကြေပျက်စီးစေနိုင်တဲ့ နည်းလမ်းတွေကို အသုံးပြုတာနဲ့ ဒီတော်လှန်ရေးအဖွဲ့အစည်းဟာ အကြမ်းဖက်အဖွဲ့အစည်း ဖြစ်သွားပါတယ်။ ဒီလိုပါပဲ။ အစိုးရတရပ်ဟာလဲ ပြည်သူလူထုကို သတ်ဖြတ်နှိပ်စက်တာ၊ လူထုတိုက်ပွဲတွေကို အကြမ်းဖက် နှိမ်နင်းတာနဲ့ ဒီအစိုးရဟာ နိုင်ငံတော်အကြမ်းဖက်မှုတွေ ကျူးလွန်တဲ့ အကြမ်းဖက် အစိုးရဖြစ်သွားပါတယ်။ ဒီလို အကြမ်းဖက် တော်လှန်ရေးအဖွဲ့အစည်းတွေ၊ အကြမ်းဖက် နိုင်ငံတော်အစိုးရတွေကို စစ်မှန်တဲ့ တော်လှန်ရေးသမားတွေ အပါအ၀င် ပြည်သူလူထု တရပ်လုံးက ဆန့်ကျင်ကြရမှာ ဖြစ်ပါတယ်။ အခုဆက်လက်ပြီး Terrorist Propaganda of Justification အကြောင်းကို ဆက်လက် တင်ပြပါမယ်။

Terrorist Propaganda of Justification

နိုင်ငံရေးပညာရှင် ဒေါက်တာ မောရစ်တာ့ခ်ဝဲလ် ဆိုသူက ကမ္ဘာတ၀ှမ်းမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေနဲ့ ဆက်စပ်နေတဲ့ အကြမ်းဖက်သမားတွေနဲ့ အကြမ်းဖက်မှုကို ထောက်ခံသူတွေ သုံးလေ့ရှိတဲ့ ၀ါဒဖြန့်ချိရေးတွေကို လေ့လာကြည့်ရာမှာ အကြမ်းဖက်လုပ်ရပ်တွေအပေါ် justification လုပ်ပြတဲ့ အချက်သုံးချက်ကို တွေ့ရှိဖော်ထုတ်နိုင်ခဲ့ပါတယ်။ ဒီအချက် သုံးချက်ကတော့
တို့တတွေဟာ တော်လှန်ရေးသမားတွေဖြစ်တယ်။ ပြည်သူလူထုရဲ့ လွတ်မြောက်ရေးကို ဆောင်ကျဉ်းပေးနိုင်ဖို့ ပြည်သူ့ရန်သူတွေကို နှိမ်နင်းနေတာဖြစ်တယ်။ ဒီအတွက် တော်လှန်ရေး လှုပ်ရှားမှုကာလမှာ ပြည်သူ့ရန်သူတွေကို ချေမှုန်းတဲ့ ဘယ်လို လုပ်ငန်းစဉ်မျိုးကို မဆို လူထုက ထောက်ခံရမှာ ဖြစ်တယ်။
တို့တတွေဟာ ပြည်သူ့ရန်သူနဲ့ အပေါင်းအပါတွေကို တော်လှန်တိုက်ပွဲဝင်နေတာ ဖြစ်တယ်။ ဒီလို တော်လှန်ရေးမှာ လူထုတရပ်လုံးက ပူးပေါင်းပါဝင်ရမယ်။ ရန်သူတွေကို ပေါင်းသင်းဆက်ဆံရေး မလုပ်ရဘူး။ ရန်သူကို ချေမှုန်းရင်းနဲ့ ရန်သူ့အသိုင်းအ၀ိုင်းနဲ့ နီးစပ်သူတွေပါ ထိခိုက်သွားရင် တာဝန်မယူဘူး။
တို့တတွေဟာ ဖိနှိပ်တဲ့ အာဏာရှင်ကို တော်လှန်တိုက်ခိုက်နေကြတာ ဖြစ်တယ်။ ဒါကြောင့် ကြားနေတာကို လက်မခံနိုင်ဘူး။ ငါတို့နဲ့ ပူးပေါင်းပြီး ရန်သူကို တိုက်ရမယ်။ ငါတို့နဲ့ မပူးပေါင်းရင် ရန်သူ့လူလို့ သတ်မှတ်မယ်။ ရန်သူကို မတိုက်ပဲ ကြားမှာ နေသူတွေကို တော်လှန်ရေးအပေါ် မထောက်ခံသူတွေလို့ သတ်မှတ်မယ်။ ဒီလိုလူတွေ တော်လှန်ရေးအပေါ် ကိုယ်ချင်းစာနာစိတ်ရှိလာအောင်၊ ခံစားနားလည်တတ်လာအောင် အကြမ်းဖက်နည်းလမ်းတွေနဲ့ နှိုးဆွပေးဖို့ လိုတယ်။

ဒီအချက်သုံးချက်ဟာ တော်လှန်ရေးသမားတွေ အကြမ်းဖက်မှုကို လက်ခံကျူးလွန် လာစေတဲ့ အတွေးအခေါ်၊ အယူအဆမှားတွေ ဖြစ်ပါတယ်။ နိုင်ငံရေးပညာရှင် Paul Wilkinson ဆိုသူကလဲ တတိယအချက်ဖြစ်တဲ့ ရန်၊ ငါ ပြဿနာဟာ တော်လှန်ရေးသမားတွေကို လူထုအပေါ် အညှာအတာမရှိ အကြမ်းဖက်မှုကျူးလွန်အောင် လှုံ့ဆော်ပေးလိုက်တဲ့ ပြဿနာဖြစ်ကြောင်း ရေးသားဖော်ပြခဲ့ပါတယ်။

အကြမ်းဖက်သမားတွေနဲ့ အကြမ်းဖက်မှုကို ထောက်ခံသူတွေက ဒီ ရန်၊ ငါဆိုတဲ့ စကားလုံးကို Terrorist Propaganda of Justification အနေနဲ့ အသုံးပြုတတ်ကြပါတယ်။ တော်လှန်ရေးသမားတွေက ပြုလုပ်တဲ့ အကြမ်းဖက်မှုတရပ်မှာ ပြည်သူလူထုကို ထိခိုက်စေတာ မှန်ပေမယ့် တဘက်ရန်သူကို နှိမ်နင်းနိုင်တယ်ဆိုရင် အောင်ပွဲလို့ သတ်မှတ်ရမယ်၊ ပြည်သူလူထုကြီးအနေနဲ့ ဒီလိုထိခိုက်မှုတွေ ဆက်မဖြစ်စေချင်ရင် တော်လှန်ရေးထဲ ပါလာရမယ် ဆိုတဲ့ အယူအဆတရပ်ပါ။ ဒီအယူအဆဟာ အလွန်အန္တရာယ်ကြီးမားပြီး တော်လှန်ရေးလှေကို ၀မ်းဗိုက်ကနေ ထိုးခွဲချ၊ မြှုပ်ပစ်လိုက်နိုင်တဲ့ အယူအဆမျိုးပါ။ တော်လှန်ရေးတရပ်ရဲ့ လူထုထောက်ခံမှု မဏ္ဍိုင်ကို ရိုက်ချိုးဖျက်ဆီးပစ်လိုက် နိုင်ပါတယ်။

တော်လှန်ရေးသမားဆိုတာကလဲ အဖိနှိပ်ခံ ပြည်သူလူထုထဲကနေမှ မွေးဖွားလာတာ ဖြစ်ပါတယ်။ အဖိနှိပ်ခံ ပြည်သူဘက်ကနေ ရပ်တည်ပြီး ဖိနှိပ်တဲ့ အုပ်ချုပ်ရေးယန္တရားကို ပြည်သူလူထုနဲ့အတူ လက်တွဲတော်လှန်ဖို့ တော်လှန်ရေးသမား လူတန်းစားတရပ် ထွက်ပေါ်လာ တာဖြစ်ပါတယ်။ လူထုကို ဒီလို အကြမ်းဖက်မှုတွေနဲ့ အကြောက်တရားသွင်းပြီး စည်းရုံးရေး လုပ်လို့ မရပါ။ ဒီလုပ်ရပ်တွေဟာ လူထုနဲ့ တော်လှန်ရေးကို ကင်းကွာသွားစေနိုင်ပါတယ်။

ပြည်သူလူထုရဲ့ အနာဂတ်ကြမ္မာကို ဖန်တီးပေးနိုင်မယ့် တော်လှန်ရေးဆိုတာ ရေကန်ထဲမှာ ပွင့်လန်းလာတဲ့ ကြာပန်းလေးတပွင့်ပါ။ ဒီလိုအခါမှာ ဒီရေကန်ကို ခန်းခြောက်အောင် လုပ်သူတွေ၊ဒီရေကန်ကို ညစ်နွမ်းအောင်၊ သွေးစွန်းအောင် လုပ်သူတွေဟာ တော်လှန်ရေးသမားတွေရဲ့ ရန်သူတွေပဲ ဖြစ်ပါတယ်။ ရန်၊ ငါ စည်းပြတ်ရမယ်ဆိုတာ တော်လှန်ရေးသမား အချင်းချင်း ပုလင်းတူ၊ ဘူးစို့ လုပ်ပြီး၊ အချင်းချင်း ကာကွယ်ပေးဖို့ကို ဆိုလိုတာ မဟုတ်ပါ။ ပြည်သူလူထုကို ဒုက္ခပေးမယ့် ရန်သူတွေကို ပြတ်ပြတ်သားသား ဆန့်ကျင်ရဲတဲ့ တော်လှန်ရေးသစ္စာတရားရှိခြင်းကို ဆိုလိုပါတယ်။ တော်လှန်ရေး သစ္စာတရားဆိုတာ တော်လှန်ရေးသမား အချင်းချင်း သစ္စာစောင့်သိမှုကို ဆိုတာမဟုတ်ပါ။ ပြည်သူလူထုအပေါ်မှာ ထားရှိတဲ့ တော်လှန်ရေးသစ္စာတရားကို ဆိုလိုတာ ဖြစ်ပါတယ်။ ပြည်သူလူထုကို အန္တရာယ်ဖြစ်စေတဲ့ လုပ်ရပ်ဆိုရင် တော်လှန်ရေးသမားတယောက်ဟာ ရန်ငါ စည်းပြတ်ပြီး ပြတ်ပြတ်သားသား ကန့်ကွက်ရမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ရန်၊ ငါ စည်းဆိုတဲ့ စကားလုံးကို Terrorist Propaganda of Justification အနေနဲ့ အသုံးချလာတဲ့အခါ ဒါကို လူထုရှေ့က ရပ်တည်တဲ့ တော်လှန်ရေးသမားတွေက ကန့်ကွက်ရှုတ်ချရမှာပဲ ဖြစ်ပါတယ်။

အကြမ်းဖက်မှုနဲ့ ပတ်သက်တဲ့ justification တွေမှာ အကြမ်းဖက်မှုဆိုတာကို တော်လှန်ရေး သမားတွေနဲ့ လူထုက လက်ခံလာအောင် ဒီလိုနည်းတွေနဲ့ justification လုပ်နေတာတွေ ရှိသလို၊ တော်လှန်ရေးသမားတွေ ကိုယ်တိုင်က အကြမ်းဖက်မှုဆိုတာ တော်လှန်ရေးတရပ်ရဲ့ Political Ends အတွက် အသုံးပြုရမယ့် Means တရပ်အနေနဲ့ လက်ခံကျင့်သုံးလာစေတဲ့ Justification တွေလဲ ရှိပါသေးတယ်။ ပညာရှင်အများစု အာရုံစိုက်တာကတော့ Thrasymachan Justification ပဲ ဖြစ်ပါတယ်။ တော်လှန်ရေးသမားတွေကို သင်ကြားပို့ချတဲ့ နိုင်ငံရေးသဘောတရားရေးရာ သင်တန်းတွေအထိ ပါဝင်နေတတ်တာ ဖြစ်တဲ့အတွက် အထူးသတိထားရမယ့် အချက်တရပ်ပါ။ လက်ခံ အသုံးချမိတာနဲ့ တော်လှန်ရေးရဲ့ political goals တွေနဲ့ တစတစ ဝေးကွာသွားစေနိုင်သလို၊ အပြစ်မဲ့ ပြည်သူအများကိုလဲ ဒုက္ခရောက်စေတော့တာပါပဲ။

Thrasymachan Justification for Terrorism
နိုင်ငံရေး၊ ဘာသာရေး အစွန်းရောက်နေသူတွေဟာ ဥပဒေကြောင်းအရ၊ ကိုယ်ကျင့်တရားအရ အကြမ်းဖက်မှုကို ကန့်ကွက်ဆန့်ကျင်တာတွေကို လက်ခံစဉ်းစားလေ့မရှိကြပါဘူး။ သူတို့က ဒါတွေကို ရန်သူကို ထောက်ခံနေသူတွေကသာ အကြမ်းဖက်မှုကို ဆန့်ကျင်တယ်လို့ အထင်ရောက်တတ်ကြပြီး အကြမ်းဖက်မှုကို ကန့်ကွက်ဆန့်ကျင်သူတွေကို ရန်သူ့ဘက်တော်သားတွေအနေနဲ့ သတ်မှတ် စွပ်စွဲတတ်ကြပါတယ်။ အကြမ်းဖက်မှုကြောင့် လူအများကြားမှာ climate of fear ပျံ့နှံ့လာပြီး နိုင်ငံရေးအကျပ်အတည်းတွေကို ဖောက်ထွက်နိုင်မယ့် political outrage ကို ဖန်တီးနိုင်မယ်လို့လဲ ယူဆထားလေ့ရှိကြပါတယ်။ ဒါကြောင့် အကြမ်းဖက်မှုကို ဆန့်ကျင်တာဟာ ဒီလို political outrage ဖန်တီးနိုင်မယ့် အခွင့်အလမ်းတွေကို နှောင့်နှေးအောင် လုပ်တာလို့ ထင်မြင်စွပ်စွဲတတ်ကြပါတယ်။ ဒီလို တွေးခေါ်ယူဆချက်တွေ၊ ထင်မြင်စွပ်စွဲမှုတွေဟာ Thrasymachan Justification အပေါ်မှာ သက်ဝင်ယုံကြည်နေလို့ပဲ ဖြစ်ပါတယ်။ နိုင်ငံရေးသင်တန်းတွေ၊ ခေါင်းဆောင်တွေရဲ့ နှုတ်မြွက်စကားတွေမှာ Thrasymachan Justification သဏ္ဍာန်တွေ ပါဝင်လာပြီဆိုရင် ကြောက်မက်ဖွယ်ရာ သမိုင်းနိဒါန်းတွေ စလာတော့မယ်လို့ ဆိုနိုင်ပါတယ်။ Thrasymachan Justification မှာ သဏ္ဍာန်ကြီးနှစ်ခု ရှိပါတယ်။ ပထမသဏ္ဍာန်က အကြမ်းဖက်မှုဆိုတာ တော်လှန်ရေး ရှိနေကြောင်းကို ဖော်ကျူးနေတဲ့ ပြယုဂ်တခုဖြစ်တယ်။ တော်လှန်ရေးကို လူအများက သိရှိလာဖို့၊ လက်ခံယုံကြည်လာဖို့၊ လူအများရဲ့ စိတ်ဓာတ်တွေ နိုးကြားတက်ကြွလာဖို့အတွက် လူအများသတိပြုမိနိုင်မယ့် အချိန်ကာလတွေ၊ နေရာတွေမှာ အကြမ်းဖက်လုပ်ရပ်တွေကို ပြုလုပ်ဖို့ လိုအပ်တယ်။ ဒီလို လုပ်လိုက်ခြင်းအားဖြင့် ရန်သူကို အားပျော့သွားအောင်၊ စိတ်အနှောင့်အယှက် ဖြစ်အောင်၊ ရန်သူရဲ့ အားနည်းချက်ကို လူအများသိလာအောင် လုပ်နိုင်မယ်။ လူတွေအကြားမှာ အကြောက်တရားတွေ ပျံ့နှံ့လာပြီး ၊ ဘက်တခုမှာ ရပ်တည်မှ ဖြစ်တော့မယ်လို့ ယူဆချက်တွေ ပေါ်ထွန်းလာမယ်၊ တော်လှန်ရေးနဲ့ ပူးပေါင်းလာကြမယ် ဆိုတဲ့ သဏ္ဍာန်ပါ။ ရန်သူရဲ့ အုပ်ချုပ်ရေးယန္တရားကို မဖြိုဖျက်နိုင်ခင်မှာ ရေတိုအနေနဲ့ အကြမ်းဖက်မှုတွေ သုံးဖို့ လိုအပ်တယ်လို့ ဒီသဏ္ဍာန်ကို လက်ခံသူတွေက ပြောဆိုစည်းရုံးတတ်ပါတယ်။

ဒုတိယသဏ္ဍာန်ကတော့ ပိုပြီး ကြောက်မက်ဖွယ်ကောင်းပါတယ်။ အကြမ်းဖက်မှုဆိုတာကို တော်လှန်ရေးရဲ့ လက်နက်တခုအနေနဲ့ အသုံးပြုခြင်း ဖြစ်ပါတယ်။ တဘက်ရန်သူဟာ အားသာပြီး၊ တော်လှန်ရေးသမားတွေက အားနည်းသူတွေဖြစ်တဲ့အတွက် အကြမ်းဖက်မှုကို စစ်ပွဲရဲ့ လက်နက်တခုအနေနဲ့ အသုံးပြုရမှာဖြစ်ပြီး၊ ဒီလိုအကြမ်းဖက်မှုမှာ သေဆုံးသွားသူတွေဟာလဲ စစ်ပွဲရဲ့ ဘေးထွက်ဆိုးကျိုးသာ ဖြစ်တယ်ဆိုတဲ့ သဏ္ဍာန်တခုပါ။

ဘယ်လိုပဲ ဖြစ်ဖြစ် တော်လှန်ရေးသမားတွေဟာ ဒီသဏ္ဍာန် တမျိုးမျိုးကို လက်ခံလာပြီဆိုတာနဲ့ အကြမ်းဖက် စည်းဘောင်ကို ကျော်ဖို့ ၀န်မလေးတော့ပဲ ဖြစ်လာတတ်ပါတယ်။ ဒါတွေဟာ လူ့အဖွဲ့အစည်းက လက်မခံနိုင်တဲ့ အတွေးအခေါ်တွေဖြစ်ပါတယ်။ ဒီအတွေးအခေါ်တွေ လူထုကြားကို ပျံ့နှံ့လာတဲ့အခါ လူထုဟာ သူတို့ဘာသာ သူတို့ သားကောင်ဘ၀ကို ရောက်နေသူတွေလို့ ထင်မြင်ယူဆတတ်သွားပါတယ်။ တော်လှန်ရေးသမားတွေကို လူထုအတွက် ရှေ့ကနေ မားမားမတ်မတ် တိုက်ပွဲဝင်နေသူတွေလို့ မယူဆတော့ပဲ အာဏာရရှိရေးအတွက် နှစ်ဘက်အဖွဲ့အစည်း တိုက်ခိုက်နေကြတာမှာ လူထုက မြေစာပင်တွေဖြစ်လာတယ်လို့ ထင်မြင်သွားပါတော့တယ်။ အဲဒီအခါမှာ လူထုနဲ့ တော်လှန်ရေး ဝေးကွာသွားပါတယ်။

တော်လှန်ရေးမှာလဲ အစွန်းရောက် (radicals) တွေနဲ့ moderates တွေ ကွဲထွက်သွားပါတယ်။ radicals တွေက အင်အားကြီးမားနေတဲ့အခါ moderates တွေ ဘေးထွက်ထိုင်ကြပါတော့တယ်။ တော်လှန်ရေး အင်အားစုတွေ စတင်ပြိုလဲကုန်ပါတယ်။ လူထုစည်းရုံးရေး လုပ်ငန်းစဉ်ကို ထိခိုက်လာပါတယ်။ ဒါကြောင့်လဲ အကြမ်းဖက်မှုကို ရေတိုပြယုဂ်အနေနဲ့ အသုံးပြုလိုက်တဲ့ တော်လှန်ရေးပဲဖြစ်ဖြစ်၊ ရေရှည် လက်နက်တခုအနေနဲ့ ကိုင်စွဲထားတဲ့ တော်လှန်ရေးပဲဖြစ်ဖြစ် မူလတော်လှန်ရေး ရည်မှန်းချက်ဖြစ်တဲ့ အာဏာရှင်စနစ် ဖယ်ရှားရေး (သို့မဟုတ်) ကျူးကျော်တဲ့ အစိုးရ ပြန်ထွက်သွားရေး (သို့မဟုတ်) လူမျိုးရေး၊ ဘာသာရေး တန်းတူညီမျှခွင့် ရရှိရေး စတာတွေကို ထိထိရောက်ရောက် အကောင်အထည်မဖော်နိုင်ပဲ ဖြစ်သွားကြတော့တာ ဖြစ်ပါတယ်။

Thrasymachan Justification ရဲ့ အရေးကြီးဆုံး အားနည်းချက်တခုကတော့ အကြမ်းဖက်မှုဆိုတာကို တော်လှန်ရေးနဲ့ တွဲစပ်ထားခြင်းပါပဲ။ အကြမ်းဖက်မှုမပါပဲ ဆင်နွှဲနိုင်ခဲ့တဲ့ လူထုတိုက်ပွဲတွေ၊ လက်နက်ကိုင်တော်လှန်ရေးတွေ၊ အထွေထွေသပိတ်ကြီးတွေကြောင့် တော်လှန်ရေး ရည်မှန်းချက်တွေ ပြည့်ပြည့်၀၀ အကောင်အထည်ဖော်နိုင်ခဲ့တာတွေ ကမ္ဘာမှာ အများကြီးပဲ ဖြစ်ပါတယ်။ အကြမ်းဖက်မှုကို တွဲစပ်လိုက်မှသာ တော်လှန်ရေးသမားတွေဟာ hostes humani generis တွေ ဖြစ်ကုန်ကြတာပါ။ ဘယ်လို လူ့အဖွဲ့အစည်းမျိုးကမဆို ဒီလို scourge ကို ဆန့်ကျင်ကြပါတယ်။

နိဂုံး

ချုပ်၍ ဆိုရရင် အကြမ်းဖက်မှုဆိုတာက အပြစ်မဲ့ ပြည်သူတွေကို ထိခိုက်ပျက်စီးစေခြင်း၊ တဘက်ရန်သူ အပြစ်ရှိသူတွေကို ချေမှုန်းတယ်ဆိုရာမှာလဲ အပြစ်မဲ့ ပြည်သူလူထုကိုပါ ဘေးထွက်ဆိုးကျိုးအဖြစ် ထိခိုက်စေခြင်း၊ လူထုအကြားမှာ အကြောက်တရား ပျံ့ပွားလာစေပြီး လူ့အဖွဲ့အစည်း လုံခြုံရေး (Societal Security)ကို ခြိမ်းချောက်ခြင်းစတဲ့ သဘောလက္ခဏာတွေ ဆောင်တာ ဖြစ်တဲ့အတွက် လူတွေရဲ့ ကြောက်ရွံ့ခြင်းမှ လွတ်ကင်းရေး (Freedom from fear) လူ့အခွင့်အရေးကို တိုက်ရိုက်ခြိမ်းချောက်မှုလို့ ဆိုနိုင်ပါတယ်။ ဒါကြောင့် လူထုနဲ့ တသားတည်းရှိနေတဲ့ တော်လှန်ရေးသမားတွေဟာ လူ့အခွင့်အရေးကို ခြိမ်းချောက်လာတဲ့ အကြမ်းဖက်မှုကို ရေတိုလှုံ့ဆော်ရေးယန္တရား၊ ရေရှည်တော်လှန်ရေးလက်နက်တွေအနေနဲ့ အသုံးပြုမှုကို ရှောင်ကြဉ် ကြရမှာ ဖြစ်ပါတယ်။

တခါတရံမှာ အာဏာရှင်အစိုးရတွေက အကြမ်းဖက်မှုတွေကို တမင်ပြုလုပ်ပြီး လူထုနဲ့ တော်လှန်ရေးကို အဆက်ပြတ်သွားအောင် ပြုလုပ်လာတာတွေလဲ ရှိတတ်ပါတယ်။ ဒီလိုပြုလုပ်မှုတွေမှာ ရန်သူ့လူတွေ ထိခိုက်မှုတွေကို အကြောင်းပြုပြီး အကြမ်းဖက်မှုတွေကို Justification သွားမလုပ်မိဖို့ကိုလဲ တော်လှန်ရေးသမားတွေက အထူးပဲ ရှောင်ကြဉ်ရပါမယ်။ ဒီလို လုပ်လိုက်တာနဲ့ ရန်သူကျင့်သုံးတဲ့ COIN (Counter-Insurgency) ကင်ပိန်းကို အထောက်အကူ ပေးရာရောက်ပြီး ရန်သူ့ထောင်ချောက်ထဲကို ကျသွားတတ်လေ့ရှိပါတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ် တော်လှန်ရေးဆင်နွှဲတယ်ဆိုတာ လမ်းဘေးမှာ အရက်မူးနေတဲ့ အရက်သမားနှစ်ယောက် ရန်ဖြစ်နေတာ မဟုတ်ပါဘူး။ တဘက်နဲ့ တဘက် အပြန်အလှန် ခွပ်နေကြတာကို လက်ခုပ်လက်ဝါးတီးပြီး ထိုင်အော်နေရမယ့် ကြက်ပွဲလဲ မဟုတ်ပါဘူး။ မတရားမှုတွေ ဥပဒေဖြစ်လာတာကို တော်လှန်ပုန်ကန်ကြရင်း တော်လှန်ရေးအင်အားစုတွေဟာ ပြည်သူထဲကနေ ပေါ်ပေါက်လာကြတာ ဖြစ်ပါတယ်။ ပြည်သူလူထုဟာ တော်လှန်ရေးဆိုတဲ့ ကြာပန်းရဲ့ ရေပြင်ဖြစ်ပါတယ်။ ရေပြင်မှာ သွေးရောင်လွှမ်းတာကို ရန်သူက လုပ်တာဆိုရင် ဆန့်ကျင်မယ်၊ တော်လှန်ရေးသမားက လုပ်တာဆိုရင် Justification လုပ်မယ်ဆိုတဲ့ အတွေးအခေါ်၊ အပြုအမူတွေဟာ တော်လှန်ရေး ကြာပန်းကို တစထက်တစ ညှိုးနွမ်းအောင် လုပ်ဆောင်ချက်တွေသာ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် အကြမ်းဖက်မှုတွေကို တော်လှန်ရေးသမားများ အပါအ၀င် လူ့အဖွဲ့အစည်းတရပ်လုံးက ညီညီညွတ်ညွတ် ကန့်ကွက်ဆန့်ကျင်ကြရ မှာ ဖြစ်ပါကြောင်း တင်ပြရေးသားလိုက်ရပါတယ်။

ခင်မမမျိုး (၂၇၊ ၄၊ ၂၀၁၀)

ရည်ညွှန်းကိုးကား။ ။

Lee Anderson, The Evil in Terrorists’ Minds, Chattanooga Times Free Press B7 (Dec. 3, 2002)

Robert Audi, On the Meaning and Justification of Violence, in Violence 87 (Jerome Schaffer ed., McKay 1971).

Albert Camus, The Rebel: An Essay on Man in Revolt 11 (Anthony Bower trans., Random H. 1956)

John Alan Cohan, Formulation of a State’s Response to Terrorism and State-Sponsored Terrorism, 14 Pace Intl. L. Rev. 77, 87 n. 48 (2002).

Robert Friedlander (ed.) Terrorism, Documents of International and Local Control (Dobbs Ferry, NY: Oceana Publications, 1979).

Bruce Hoffman, The Mind of the Terrorist: Perspectives from Social Psychology, in Essential Readings on Political Terrorism 62 (Harvey W. Kushner ed., Richard Altschuler & Assocs., Inc. 2002).

Margo Hammond, Writing on Sept. 11, St. Petersburg Times 4D (Sept. 8, 2002)

Kirk Kicklighter, Terrorist Mind Dark, but Not Unfathomable, Atlanta J.-Const. 7A (Sept. 13, 2001).

John Stuart Mill, The Contest in America, in Essays on Equality, Law, and Education XXI, 137 (John M. Robson ed., U. of Toronto Press 1984).

Maurice Tugwell, 'Revolutionary Propaganda and Possible Counter-Measures', Ph.D. Thesis, King's College, University of London, 1978.

Geraint Williams, J.S. Mill and Political Violence, 1 Utilitas 102, 103 (1989).

Paul Wilkinson, Political Terrorism 12–13 (Macmillan Press Ltd. 1974).

Paul Wikinson, 'Ethical Defence of Terrorism-Defending the Indefensible', Terrorism and Political Violence, 1 (1) (January 1989)

Robert Young, Revolutionary Terrorism, Crime and Morality, 4 Soc. Theory & Prac. 287, 297 (Fall 1977).

အပြည့်အစုံဖတ်ချင်ရင်..>>>

အကြမ်းဖက်မှုများအား ဆန့်ကျင်ကန့်ကွက်ကြပါစို့

Saturday, April 17, 2010

(၂၀၁၀) ခုနှစ်၊ ဧပြီလ (၁၅) ရက်နေ့။
မြန်မာသင်္ကြန် အကြတ်နေ့။

သင်္ကြန်အခါသမယ ဟူသည် မြန်မာ တမျိုးသားလုံး၏ နေ့ထူးရက်မြတ် အချိန်အခါ သမယ။ ကုသိုလ်ကောင်းမှုများ ပြုကြသည့် ကာလ။ ကုန်ဆုံးခဲ့သော တနှစ်တာကာလ၏ ကိုယ်စိတ်နှစ်လုံး ပင်ပန်းနွမ်းနယ်ရမှုများ၊ အညစ်အကြေးများကို သင်္ကြန်ရေဖြင့် ဆေးကြောကြသည့်ကာလ။ ဒီလို အခါကြီး၊ ရက်ကြီးအချိန်တွင် ပြည်သူအများ သေကြေပျက်စီးခြင်း၊ ထိခိုက်ဒဏ်ရာရခြင်းများကို ဖြစ်ပွားစေသော ဗုံးပေါက်ကွဲမှုများကို ပေါ်ထွက်လာလိမ့်မည်ဟု မည်သူမျှ ကြိုတင်ထင်မြင်ထားကြ လိမ့်မည် မဟုတ်။ အိပ်မက်ပင် မက်ဖူးကြလိမ့်မည် မဟုတ်။ သို့ပေမယ့် ဤအဖြစ်ဆိုးများက မြန်မာ့မြေပေါ်တွင် အမှန်တကယ်ပင် ဖြစ်ပွားသွားခဲ့ပါသည်။ ကြုံတွေ့ခံစားရသူများအတွက်ကား လောကငရဲတွင်းထဲ အရှင်လတ်လတ် ရောက်သွားခဲ့ကြရသည်။ သတင်းကြားသူအပေါင်းကလဲ နာကျင် ကြေကွဲ ခံစားကြရသည်။

“မြန်မာလူမျိုးဖြစ်လာရတာ ၀ဋ္ဋ်ကြွေး ပါလာလို့” ဟု အချို့က ဆိုကြဖူးသည်။ မျိုးဆက်တခုပြီး တခု ကိုလိုနီနယ်ချဲ့စနစ်၊ ဖက်ဆစ်စနစ်၊ ပြည်တွင်းစစ်မီးနှင့် စစ်အာဏာရှင်စနစ် အစရှိသော စနစ်ဆိုး အဖုံဖုံတို့၏ ဖိနှိပ်ချုပ်ချယ်မှုများကို ခံစားခဲ့ကြရသည်။ မွေးဖွားလာသည့် အချိန်မှစ၍ မွေးရာပါ လူ့အခွင့်အရေးများဖြစ်သော လွတ်လပ်စွာ ပြောဆိုခွင့်၊ လွတ်လပ်စွာ ရေးသားခွင့်၊ ပညာရေး၊ ကျန်းမာရေး အခွင့်အရေးများကို အပြည့်အ၀ မခံစားခဲ့ကြရ။ အကြောက်တရားနှင့် ဖိနှိပ်မှုများအကြားတွင် လူ့ဂုဏ်သိက္ခာများ ညှိုးနွမ်းခဲ့ကြရသည်။ ဘ၀အနာဂတ်များ ပျောက်ဆုံးခဲ့ကြရသည်။

အခြေအနေအမျိုးမျိုးနှင့် ပြည်ပသို့ ရောက်လာပြန်တော့လဲ နှလုံးသားထဲတွင် မိမိကိုယ်ကို မြန်မာဟု ခံယူထားသည်ဆိုလျှင်၊ ပြည်တွင်းတွင် ကျန်ခဲ့သော မြန်မာပြည်သူလူထုအား သွေးသားရင်းချာ မောင်ရင်းနှမသဖွယ် စိတ်ထဲ ရှိသည်ဆိုလျှင် အိပ်မက်ဆိုးများ၊ စိတ်ဒဏ်ရာများက ပြီးဆုံးသွားမည် မဟုတ်သေး။ နေ့စဉ်နှင့်အမျှ ကြားနေရသော သတင်းဆိုးများက အိပ်စက် နားနေချိန်များကို ခိုးယူသွားတတ်ပြန်သည်။ ဘယ်နေရာမှာ လူတွေကို ဖမ်းသွားပြန်ပြီ၊ ဘယ်မှာတော့ လူကို ရိုက်သတ်လိုက်ပြန်ပြီ၊ ဘယ်မှာတော့ ကလေးငယ်လေးတွေ ဆာလောင်မွတ်သိပ်မှုဒဏ်ကြောင့် သေဆုံးရပြန်ပြီ၊ ဘယ်မှာတော့ တောင်းစားသူ ကလေးငယ်များ ပိုများလာပြီ၊ ဘယ်ရွာက အမျိုးသမီးတွေ မုဒိမ်းကျင့် သတ်ဖြတ်ခံရပြန်ပြီ၊ ရွာ ဘယ်နှစ်ရွာ ဖျက်ဆီးခံလိုက်ရပြန်ပြီ၊ နိုင်ငံရေး ဒုက္ခသည်တွေ ပိုများလာပြန်ပြီ အစရှိသည့် သတင်းဆိုးများမှသည် မြန်မာနိုင်ငံရဲ့ ငွေကြေးဖောင်းပွမှုနှုန်းက မည်မျှအထိ မြင့်တက်နေပြီ၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးက မည်မျှအထိ နောက်ကျကျန်ရစ်နေသည်၊ သယံဇာတ အရင်းအမြစ်များက မည်မျှအထိ လက်ဝါးကြီးအုပ် အရင်းရှင်များ၏ လက်ထဲသို့ ရောက်နေသည်၊ ဆင်းရဲချမ်းသာ ကွာဟမှုနှုန်းက မည်မျှအထိ မြင့်မားနေသည် အစရှိသော အစီရင်ခံစာများ အထိ သတင်းဆိုးများက စုံပဲ စုံလွန်းလှသည်။

နိုင်ငံတိုင်း၊ နိုင်ငံတိုင်းတွင် စီးပွားရေး၊ လူမှုရေး ပြဿနာမျိုးစုံ ရှိနေသည် ဆိုသော်လည်း အာဏာရှင်စနစ်ဆိုး၏ အုပ်ချုပ်ရေးယန္တရား ပျက်ယွင်းမှုများ၊ အားနည်းချက်များကြောင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အဆောက်အအုံများ အလုံးစုံ ပျက်စီးနေသည့် မြန်မာပြည်လို နိုင်ငံမျိုးက ကမ္ဘာတ၀ှမ်းမှာ နိုင်ငံအနည်းငယ်သာ ကျန်ရစ်ပါတော့သည်။ လူသားတယောက်အဖြစ် တကမ္ဘာလုံးက လူအများ တွေ့ကြုံနေရသည့် ဒုက္ခဆိုးများကို ခံစားနားလည်မိသော်လည်း ကိုယ်ခန္ဓာထဲတွင် လည်ပတ်စီးဆင်းနေသော သွေးများက မြန်မာသွေးဖြစ်သည်မို့ မြန်မာဆိုလျှင်တော့ ပိုမို ခံစားနေရသည်လား မသိ။ သတင်းဆိုးများက “ငါ့တိုင်းပြည်၊ ငါ့လူမျိုးအတွက် ငါဘာလုပ်ပေးရမလဲ” ဆိုသော စဉ်းစားတွေးခေါ်ချက်များကို စိတ်အစဉ်မှာ စွဲမြဲလာအောင် လှုံဆော်လျက်ရှိသည်ကတော့ အမှန်ပင်ဖြစ်သည်။

မြန်မာတယောက်အတွက် ဒီလိုနေ့စဉ် သတင်းဆိုးများနှင့်ကလဲ မပြီးသေး။ မြန်မာ့သမိုင်းကို သွေးနှင့် ရေးခံထားရသော အဖြစ်ဆိုးကြီးများကလဲ ရှိသေးသည်။ စာရေးသူ ပြည်ပသို့ စတင်ရောက်ရှိချိန်က ၂၀၀၂ ခုနှစ် နှစ်ကုန်ပိုင်းကာလ။ ရောက်ပြီး သိပ်ပင်မကြာလိုက်ပါ။ တုန်လှုပ်ဖွယ် သတင်းဆိုးကြီးတခုက ထွက်ပေါ်လာတော့သည်။ ယဉ်ကျေးသော လူသားမျိုးနွယ်များဆီမှာ ဖြစ်ပွားခဲ့သည်ဆိုခြင်းကို မည်သို့မျှပင် ယုံစားစရာ မရှိ။ လက်နက်ဆို၍ အပ်တစင်းမျှပင် ပါမသွားခဲ့သော တရားဝင် နိုင်ငံရေး ပါတီ တခု၏ ယာဉ်တန်းကို စောင့်ကြို တိုက်ခိုက်ပြီး လူအများကို ရိုက်နှက် သတ်ဖြတ်သည်တဲ့။ အမျိုးသမီးများကို လမ်းမပေါ်တွင်ပင် မုဒိမ်းကျင့် သတ်ဖြတ်သည်တဲ့။ ဒီလို လုပ်ရပ်မျိုးကို နိုင်ငံတော်အစိုးရက ဦးဆောင်ပြီး လက်သပ်မွေးထားသော အရိုးအရင်း ကိုက်ရသူများက အကွက်ချ စီမံ ကျူးလွန်ခဲ့ကြသည်တဲ့။ သတ်ဖြတ်သူများကို အရေးမယူပဲ အကြမ်းဖက် သတ်ဖြတ်မှုများ၏ သားကောင်များဘ၀ ကျရောက်ပြီး အသက်မသေ ကျန်ရစ်ခဲ့သူများကို ထောင်ချပစ်သည်တဲ့။ ၂၁ ရာစုသစ်၏ တိုးတက်သော လူ့သမိုင်း ယဉ်ကျေးမှုကို မြန်မာနိုင်ငံက ခေတ်နောက်ပြန်ဆွဲ ပြလိုက်လေတော့သည်။ နိုင်ငံတော် အစိုးရကိုယ်တိုင် ဦးဆောင်ကျူးလွန်ခဲ့သည့် နိုင်ငံတော် အကြမ်းဖက်မှု ပြယုဂ် တခု။ ပြည်တွင်းပြည်ပ မြန်မာတမျိုးသားလုံး၏ နှလုံးသားထဲတွင် ကျန်ရစ်ခဲ့သော စိတ်ဒဏ်ရာကြီး တခု။

ဤမျှနှင့်ကား မပြီးသေး။ ၂၀၀၇ ခုနှစ်ရောက်ပြန်တော့ ဗုဒ္ဓဘာသာ နိုင်ငံဆိုသည့် အချက်ကိုမှ မထောက်။ တိုင်းပြည်ငြိမ်းချမ်းရေးအတွက် ဆုတောင်းမေတ္တာပို့ လှည့်လည်ကြသော ရဟန်းသံဃာတော်များကို လူအများ မြင်ကွင်း လမ်းများပေါ်တွင်ပင် ရက်ရက်စက်စက် ရိုက်နှက် သတ်ဖြတ်လိုက်ကြပြန်သည်။ မြန်မာပြည်သူများသာမက တကမ္ဘာလုံး တုန်လှုပ်သွားခဲ့ကြရသည်။ ကမ္ဘာ့လူသမိုင်းကို အရုပ်ဆိုး အကျည်းတန်စေခဲ့သည်။ ဒီမြင်ကွင်းများကို ကြည့်ရင်း လက်သီးဆုပ် မျက်ရည်ကျခဲ့ကြရသော မြန်မာလူမျိုးများ တကမ္ဘာလုံးတွင် မည်မျှ ရှိခဲ့လေသနည်း။ မည်မျှ ယူကျုံး မရ ဖြစ်ကြရမည်နည်း။ မည်သို့ပဲဖြစ်စေ ဤမျှကြီးမားသော နိုင်ငံတော်အကြမ်းဖက်မှုကြီးကတော့ မြန်မာနိုင်ငံမှာ ဖြစ်ပွားသွားခဲ့ပြန်ပါသည်။

ဤမျှနှင့် ပြီးပြီလားဆိုတော့လဲ မပြီးသေးပြန်။ ၂၀၀၈ ခုနှစ်၊ နာဂစ်မုန်တိုင်းကြောင့် သန်းနှင့်ချီသော ပြည်သူအများ ဒုက္ခရောက်နေကြချိန်တွင် နိုင်ငံတကာ ကူညီထောက်ပံ့မှုများကို ငြင်းဆန်ပြီး လူအများ ပိုမို အတိဒုက္ခရောက်စေသော ရာဇ၀တ်မှုကြီးကို ကမ္ဘာသိပင် ပြောင်ပြောင်တင်းတင်း ကျူးလွန်ပြလိုက်ပြန်ပါတော့သည်။ အလောင်းများက ပျံ့ကျဲနေသည်။ မနေနိုင်သည့် လူမှုရေး စိတ်ရှိသူများက ကူညီဖို့ ကြိုးစားသည်။ သတင်းသမားများက သတင်းယူသည်။ ဒါကိုပင် မနာလို မရှုစိမ့်နိုင်။ အလောင်းများကို မြေမြှုပ်သဂြိုလ်ပေးသူများကို ဖမ်းဆီးထောင်ချသည်။ သတင်းသမားများကို ဖမ်းဆီးသည်။ ရပ်သိရွာသိ၊ ကမ္ဘာသိ ကျူးလွန်လိုက်သည့် နိုင်ငံတော်အကြမ်းဖက်မှုများ။

နိုင်ငံတော် အစိုးရဟူသည် ပြည်သူအများ၏ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရန် အဓိက တာဝန်ရှိသည့် အဖွဲ့ဖြစ်သည်။ သို့ပေမယ့် နိုင်ငံတော်အစိုးရကိုယ်တိုင်က အကြမ်းဖက်မှုများကို စိတ်ပါလက်ပါ ကျူးလွန်နေသည့်အခါ ပြည်သူအများမှာ တောင်ပြေးမြောက်ပြေး ဖြစ်နေကြရတော့သည်။ လူဆိုသည်က သံယောဇဉ်နှောင်ထုံးများနှင့် အသက်ရှင် ရပ်တည်နေကြသူများ။ မွေးဖွားရာ အမိမြေကို မဆိုထားနှင့်။ နေထိုင်ကြီးပြင်းခဲ့ရာ မိသားစု အိမ်လေးကိုပင် သံယောဇဉ်တွယ်တတ်ကြသည်။ ရေမြေရပ်ခြားတွင် “အမေ့အိမ်” ဆိုသော သီချင်းသံလေးကို ကြားလျှင် ငိုင်သွားတတ်သူများကြီးသာ။ ဤမျှအထိ သံယောဇဉ်ကြီးတတ်ကြပါသည်။ အမိမြန်မာပြည်ဆိုလျှင်တော့ ပိုဆိုးသည်ပေါ့။

ပြီးတော့ မြန်မာ့မြေ၊ မြန်မာ့ရေကိုကလဲ သံယောဇဉ်လေးများကို ဖြစ်ထွန်းစေတတ်သည်လား မသိ။ လွန်ခဲ့သော လေးနှစ်ခန့်က သြစတြီးယား မှ ထုတ်ဝေသော မဂ္ဂဇင်းလေးတခုတွင် ရှမ်းမောမြေကို လွမ်းဆွတ်သည့် စာလေး တပုဒ်ရေးခဲ့ဖူးသည်။ ဒါကို ကနေဒါတွင် နေထိုင်သော အသက် ကိုးဆယ်အဖွားအို တယောက်က ဖတ်မိပြီး အယ်ဒီတာမှ တဆင့် စာရေးသူဆီ ဆက်သွယ်လာသည်။ သူက ဆယ့်လေးနှစ်အထိ ကလောတွင် နေခဲ့ဖူးသည်တဲ့။ မိတ်ဆက်လာခြင်းဖြစ်သည်။ နောက်ပိုင်းခင်မင်ရင်းနှီးသွားတော့ မြန်မာပြည်ကို သူမည်မျှ သံယောဇဉ်ရှိကြောင်း၊ စစ်အစိုးရ ပြုတ်ကျမှ သွားလည်မည်ဆိုပြီး စောင့်နေသည်မှာ ကြာပြီဖြစ်ကြောင်း၊ သူ့အသက်ရှင်နေတုန်းမှာ ရောက်ချင်သေးကြောင်း ပြောသည်။ မြန်မာလူမျိုးပင် မဆိုထားနှင့်။ မြန်မာပြည်တွင် ခေတ္တ နေခဲ့ဖူးသူတောင်မှ အာဏာရှင်စနစ်ဆိုးအကြောင်းကို နားလည်သည်။ ကန့်ကွက်ဆန့်ကျင်သည် ဆိုသည့်အချက်ကို အသက် ကိုးဆယ်အရွယ် လူမျိုးခြား အဖွားအိုတယောက်ထံမှ ရှင်းရှင်းလင်းလင်း သိခဲ့ရသောအသိ။ ထိုစဉ်က “မြန်မာပြည်မှာ စစ်အာဏာရှင် စနစ် ချုပ်ငြိမ်းရင် ကိုယ်တိုင်အလည်လာခေါ်မယ်” လို့ ကတိပေးခဲ့ဖူးသည်။ သူစောင့်နေမည်တဲ့။ ပြောသလိုပင် အဖွား “ကက်သရင်း” တယောက် အခုထိ စောင့်နေဆဲပါ။ မြန်မာပြည်ကား ဤမျှအထိ လူ့နှလုံးစိတ်အာရုံကို ဆွဲဆောင်နိုင်စွမ်း ရှိပါသည်။

မြန်မာတမျိုးသားလုံးကို အကြမ်းဖက်မှုများ၊ ဖိနှိပ်ချုပ်ချယ်မှုများ၊ အနိုင်ကျင့်စော်ကား သတ်ဖြတ်မှုများမှ ကင်းဝေးစေချင်သည်မှာ အဖွားကက်သရင်းတို့လို ကမ္ဘာ့ပြည်သူများအပါအ၀င် မြန်မာလူမျိုးအားလုံး၏ စိတ်ဆန္ဒ။ ဒီစိတ်ဆန္ဒတွေက ပြည်တွင်းတွင် စစ်အာဏာရှင်စနစ်ဆိုးဒဏ်ကို ခံစားနေကြရသည့် အလုပ်သမား၊ လယ်သမား၊ ကျောင်းသား၊ ရဟန်းသံဃာ၊ အသိပညာရှင်၊ အတတ်ပညာရှင်၊ ဘာသာရေးခေါင်းဆောင်များ၊ တိုင်းရင်းသား လူမျိုး ခေါင်းဆောင်များ အားလုံး၏ ရင်ထဲတွင် ကိန်းဝပ်နေပါသည်။ အခြေအနေအမျိုးမျိုးကြောင့် ပြည်ပတွင် အခြေစိုက် နေထိုင်နေကြရသည့် မြန်မာလူမျိုး အလုပ်သမား၊ ကျောင်းသား၊ အသိပညာရှင်၊ အတတ်ပညာရှင်များ၏ နှလုံးသားထဲတွင်လည်း ဖြစ်တည်နေပါသည်။ အာဏာရှင်များ၏ လက်ကိုင်တုတ်များ အန္တရာယ်ကြောင့် ပြေးလွှားပုန်းအောင်းရင်း အနာဂတ်မဲ့နေကြရသော Internally Displaced Persons (IDP) လူဦးရေ တသန်းကျော်၏ ရင်ထဲက ဆန္ဒမှန်လဲ ဖြစ်ပါသည်။

သို့ပေမယ့် ဤဆန္ဒမှန်များ ပြည့်ဝလာမည့် ရွှေရောင်နေ့ရက်များနှင့်ကား ဝေးကွာနေကြရဆဲ။ ဝေးကွာနေရုံတင်မက နိုင်ငံတော်အစိုးရမှ ပြည်သူလူထုအပေါ် ကျူးလွန်သည့် အကြမ်းဖက်မှုများ အပါအ၀င် အကြမ်းဖက်မှုများ၏ အန္တရာယ်များကလဲ လူထု၏ စိတ်နှလုံးကို ခြောက်လှန့်နေကြဆဲ။

ခုလဲ- ထွက်ပေါ်လာပြန်ပါပြီ။ မြန်မာ့ရိုးရာ အခါသင်္ကြန်ကာလမှာ ပေါ်ထွက်လာသည့် ဗုံးသံများ။ ဗုံးသံများ၏ နောက်မှာ သေနတ်သံများ ပေါ်ထွက်လာဦးမည်လား။ စိုးရိမ်ဖွယ် အလွန်ပင် ကောင်းနေပါပြီ။ ဤ အကြမ်းဖက်မှုနှင့် ပတ်သက်၍ အပြန်အလှန် စွပ်စွဲမှုများနှင့် ပြောဆို ငြင်းခုန်မှုများက တောမီးပမာ ပျံ့နှံ့ပေါ်ထွက်နေပါသည်။ ပေါ်ထွက်လာသော အသံများ၏ ရှစ်ဆယ်ရာခိုင်နှုန်းကတော့ ဒါကို စစ်အာဏာရှင်အစိုးရ၏ နိုင်ငံတော် အကြမ်းဖက်မှု ပုံစံသစ် တခုအနေဖြင့် ကောက်ချက်ချ သတ်မှတ်ကြပါသည်။ ကောက်ချက်ချနိုင်ဖွယ် နိုင်ငံရေး အကျပ်အတည်းများကလဲ အာဏာရှင် အစိုးရတွင် ဖြစ်ပေါ်နေပါသည်။

အာဏာရှင် အစိုးရက သူတို့အလိုကျ စိတ်တိုင်းကျရေးဆွဲပြီး အတင်းအကြပ် အတည်ပြုထားသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကိုင်စွဲကာ ရွေးကောက်ပွဲ ကျင်းပဖို့ ပြင်ဆင်သည်။ သို့ရာတွင် ဤ ပြင်ဆင်ချက်က ဒီမိုကရေစီ အသွင်ကူးပြောင်းမှု (democratic transitions) ကို ဦးတည်ခြင်း မဟုတ်ပဲ ရွေးကောက်ခံအာဏာရှင်စနစ် (electoral authoritarianism) ထွန်းကားလာစေရေးကို သာ ဦးတည်နေသည်။ ဒါကို သိမြင်သော တပ်ဦးနိုင်ငံရေးပါတီက ရွေးကောက်ပွဲဝင်ရန် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခြင်းကို ငြင်းဆန်ထားသည်။ မြန်မာနိုင်ငံ၏ အနာဂတ်နိုင်ငံရေး အခြေအနေကို မှန်မှန်ကန်ကန် အကဲဖြတ်နိုင်သော တိုင်းရင်းသား လူမျိုး ခေါင်းဆောင်များကလဲ သက်ဆိုင်ရာ အဖွဲ့အစည်းအလိုက် စစ်အာဏာရှင်တို့၏ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး၊ ရွေးကောက်ပွဲဝင်ရေး စီမံချက်များကို ငြင်းဆန်ထားသည်။ သို့ဖြစ်ရာ အာဏာရှင် အစိုးရမှာ အရူးမီးဝိုင်းသလို ဒုက္ခရောက်နေသည်။ နိုင်ငံတကာ အသိအမှတ်ပြုမှုကို လိုချင်၍ ဒီမိုကရေစီ အမည်ခံထားသည့် ရွေးကောက်ခံ အာဏာရှင်စနစ်ကို မလိမ့်တပတ် အကောင်အထည်ဖော်ရန် ကြိုးပမ်းကာမှ “မခိုးမီက လူမိ” သည့် အခြေအနေကို ဆိုက်နေသည်။

ဤအခြေအနေမျိုးတွင် တပ်ဦးနိုင်ငံ ရေး ပါတီ ခေါင်းဆောင်များကို ဗြောင်သွားဖမ်းလို့ကလဲ မရ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို သေနတ်သံသွားပေးလို့ကလဲ မရ။ လူထုက လက်ခံမည်မဟုတ်။ ယင်းအတွက် လူထု၏ စိတ်အာရုံကို လှည့်စားရန်နှင့် လူထု လေးစားသော အဖွဲ့အစည်းများကို လူထုနှင့် ခွဲထုတ်ရန် အခြေအနေကြီးတခု ဖန်တီးဖို့ ယင်းတို့အတွက် လိုအပ်နေသည်။ ဒီအတွက် အကြမ်းဖက် တိုက်ခိုက်မှုများကို လူအများစုဝေးသွားလာတတ်သော နေရာများတွင် ဖန်တီးလိုက်ခြင်း ဖြစ်နိုင်သည်။ ယင်းသို့ လုပ်လိုက်ခြင်းဖြင့် ၄င်းတို့ ပစ်မှတ်ထားသော ခေါင်းဆောင်များ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများကို အကြောင်းပြ ဖမ်းဆီးနိုင်သည်။ (သို့မဟုတ်) တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို စစ်ဆင်ရေးများဖြင့် စတင်တိုက်ခိုက်နိုင်လာသည်။ စစ်ရေးလေ့လာသူများက ဤသို့သော မဟာဗျူဟာကို (Winning the Hearts and Minds of People) ဟု ခေါ်တွင် သုံးစွဲလေ့ရှိပြီး၊ ဤမဟာဗျူဟာကို အာဏာရှင် အစိုးရများက တလွဲဆံပင်ကောင်း အသုံးချတတ်လေ့ရှိသည်။ ဤသည်ကား သုံးသပ်ချက်သာဖြစ်သည်။ စွပ်စွဲချက်မဟုတ်။

အချို့ကလည်း ဤဖြစ်ရပ်ကို တော်လှန်ရေးသမားများ လက်ချက်ဟု ဆိုကြသည်။ လူထုတော်လှန်ရေးဆိုသည်မှာ လူထုထဲတွင် တပ်ဖျောက်ပြီး၊ လူထုနှင့် တသားတည်းရှိမှသာ အောင်မြင်သည်။ လူထုနှင့် တော်လှန်ရေး အဆက်ပြတ်လို့ မဖြစ်။ တော်လှန်ရေးသမား တယောက်အတွက် ပြည်သူလူထုသည်သာ အဖ၊ ပြည်သူလူထုသည်သာ အမိဖြစ်သည်။ လူထုက လက်ခံနေသရွေ့ကာလပတ်လုံး အာဏာရှင်အစိုးရက အသိအမှတ်ပြုသည် ဖြစ်စေ၊ မပြုသည်ဖြစ်စေ တော်လှန်ရေး ရှိနေမည်ဖြစ်သည်။ တော်လှန်ရေးသမားက လူထု၏ ဒုက္ခဆင်းရဲကို တွေ့မြင်ပြီး လူထုကြီးရှေ့က မားမားမတ်မတ်ရပ်တည်ကာ အာဏာရှင်ကို ဆန့်ကျင်သည်။ လူထုကြီးကလဲ တော်လှန်ရေးသမားများကို ငွေအား၊ လူအား၊ စိတ်ဓာတ်အင်အားဖြင့် ပံ့ပိုးသည်။ အပြန်အလှန် အမှီသဟဲ ပြုနေကြသည် ဖြစ်သည်။

အဆိုပါ အမှီသဟဲ ပြုနေသည့် တော်လှန်ရေးသဘောသဘာဝကို စိတ်ပေါ့သွမ်း ရူးသွပ်နေခြင်း မရှိသည့် တော်လှန်ရေးသမား တိုင်း နားလည်သည်။ အာဏာရှင် လက်ကိုင်တုတ်များက အမိအဖနှင့်တူသော ပြည်သူလူထုကြီး၏ ထမင်းကျွေးသော လက်ကို ပြန်ကိုက်တတ်ပေမယ့် စစ်မှန်သော တော်လှန်ရေးသမားများတွင် ဤသို့ ကိုက်လေ့ကိုက်ထ ထုံးစံမရှိ။ သို့ပေမယ့် အထက်တွင် ဆိုထားသလို ပြည်သူလူထုကို အသုံးချ အမြတ်ထုတ်လိုသော စိတ်ပေါ့သွမ်း ရူးသွပ်သူများလဲ မရှိဘူးဟု မဆိုနိုင်။ ဤကား သုံးသပ်ချက်သာ ဖြစ်သည်။ စွပ်စွဲချက် မဟုတ်။

မည်သို့ဆိုစေ အပြန်အလှန် စွပ်စွဲနေရုံနှင့်လဲ ပြီးမည်မဟုတ်။ ဟိုထင်၊ ဒီထင် ထင်ကြေးများ ပေးနေကြရုံနှင့်လဲ ပြီးမည့် အရာ မဟုတ်။ အောက်တန်းကျသော၊ လူမဆန်သော လုပ်ရပ်များကို ပြုလုပ်သူများအတွက်ကတော့ ဘယ်သူသိသိ၊ မသိသိ၊ ကိုယ့်ဘာသာကိုယ် အသိဆုံးပင် ဖြစ်ပေလိမ့်မည်။ သံသရာ အဆက်ဆက်တွင် တူသောအကျိုးကို ခံစားကြရပေလိမ့်မည်။

လက်ရှိတွင် မြန်မာတမျိုးသားလုံးအတွက် အရေးကြီးသည့် စဉ်းစားမှုကား “နိုင်ငံတော် အကြမ်းဖက်မှုအပါအ၀င် ယခု အဖြစ်ဆိုးကဲ့သို့သော အကြမ်းဖက်မှု သတင်းဆိုးများကို မည်မျှအထိ ခံနိုင်ရည်ရှိရှိ ဆက်လက် နားဆင်လိုနေကြသေးသနည်း” ဆိုသည်ပင် ဖြစ်သည်။ ဘယ်သူလုပ်သည်ဆိုသည်ထက် ဘာကြောင့် ဒီလို ဖြစ်ရသည်ဆိုသည်ကို ဖောက်ထွက် တွေးတောကြဖို့ လိုအပ်လာပြီဖြစ်သည်။ ပြဿနာ အရင်းခံမှာ နိုင်ငံရေး မတည်ငြိမ်မှုပင် ဖြစ်သည်။ သို့ဆိုလျှင် ဤသို့သော နိုင်ငံရေး မတည်ငြိမ်မှုမှာ ဘာကြောင့် ဖြစ်ရသနည်း။ စစ်အာဏာရှင်စနစ်ဆိုးကြောင့် ဖြစ်နေရခြင်း ပင်ဖြစ်သည်။ စစ်အာဏာရှင် စနစ် မရှိသည့် နိုင်ငံများတွင်ကော အကြမ်းဖက် တိုက်ခိုက်မှုများ မရှိဖူးလားလို့ မေးလိုသူက မေးလိုပေလိမ့်မည်။ ရှိသည်ဟုပင် ဖြေရပေမည်။

သို့ပေမယ့် အကြမ်းဖက်မှု အသွင်သဏ္ဍာန်ပုံစံများက ကွဲပြားခြားနားသည်။ လွတ်လပ်မှု၊ တရားမျှတမှုနှင့် အမျိုးသားညီညွတ်ရေး အပေါ်တွင် အခြေတည်ထားသော ဒီမိုကရေစီ စနစ် ကျင့်သုံးသော နိုင်ငံများတွင် နိုင်ငံတော်အစိုးရမှ ကျူးလွန်သည့် နိုင်ငံတော် အကြမ်းဖက်မှု (state terrorism) အမျိုးအစားများ မရှိသလောက်ရှားသည်။ ပြည်တွင်းစစ်ကြောင့် ပေါ်ထွက်လာနိုင်သော အကြမ်းဖက်မှုများ နည်းပါးသည်။ဘာသာရေး၊ နိုင်ငံရေး အစွန်းရောက် အဖွဲ့များဖြစ်သော Transnational actors များကြောင့် ဖြစ်ပွားရသော အကြမ်းဖက်မှု အန္တရာယ်မှ လွဲလျှင် အခြားသော အကြမ်းဖက်မှု အမျိုးအစားများ၏ အန္တရာယ်ကို ကြုံတွေ့ရမှု နည်းပါးသည်။ ဖြစ်ပွားမှုကို ထိန်းချုပ်ကာကွယ်နိုင်သည့် နည်းလမ်းများက လည်း နိုင်ငံရေး တည်ငြိမ်မှုကြောင့် ပိုမို ထိရောက်သည်။ လူထုနှင့် အစိုးရအကြားတွင် ရှင်းလင်းသော ဆက်ဆံရေး ရှိခြင်းကြောင့် အမျိုးသားအကျိုးစီးပွားကို ပြည်သူလူထု၊ လုံခြုံရေး တာဝန်ရှိသူများနှင့် အစိုးရ သုံးဦးသုံးဖလှယ် ပူးတွဲ ကာကွယ်စောင့်ရှောက်နိုင်သည်။ မြန်မာနိုင်ငံတွင်ကား နိုင်ငံတော်အစိုးရကိုယ်တိုင်က အကြမ်းဖက်မှုများကို ကျူးလွန်နေသဖြင့် အကြမ်းဖက်မှု နှိမ်နင်းရေးကို ထိထိရောက်ရောက် မည်သို့မှ ပူးတွဲအကောင်အထည်ဖော်နိုင်မည်မဟုတ်ပေ။

သို့ဖြစ်ရာ “ရွှေသမင်ဘယ်ကထွက်၊ မင်းကြီးတာကထွက်” ဆိုသကဲ့သို့ အကြမ်းဖက်မှုများ၏ မြစ်ဖျားခံရာသည် စစ်အာဏာရှင် စနစ်ဆိုးကြောင့် ဖြစ်ပွားနေသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး မတည်ငြိမ်မှု ပြဿနာများသာလျှင် ဖြစ်တော့သည်။ အဆိုပါ ပြဿနာများကို ဖြေရှင်းရန်ကလည်း စစ်အာဏာရှင်စနစ်ဆိုး ချုပ်ငြိမ်းရန် လုပ်ဆောင်ရုံမှ တပါး အခြားနည်းလမ်းက မရှိ။ အုတ်မြစ် မခိုင်၍ ယိုင်နေသော အဆောက်အအုံကို ဟိုနားနည်းနည်း၊ ဒီနားနည်းနည်း ပြုပြင်ပြီး ရေရှည်တည်တံ့ ခိုင်မြဲအောင် ပြုလုပ်၍ မရပါ။ လိုအပ်လျှင် အဆောက်အအုံ တခုလုံးကို ဖြိုချပြီး အုတ်မြစ် အသစ် ချတန်လျှင် ချရပေလိမ့်မည်။

သို့ပါ၍ ပြည်တွင်းပြည်ပ မြန်မာတမျိုးသားလုံး အတူတကွ လက်တွဲကာ “နိုင်ငံတော်အကြမ်းဖက်မှု အပါအ၀င် အကြမ်းဖက်မှု သဏ္ဍာန်မျိုးစုံ အား ဆန့်ကျင်ကန့်ကွက်၍၊ ခြစား ယိုယွင်းနေသော စစ်အာဏာရှင် အုပ်ချုပ်ရေးယန္တရားကြီးကို ဖြိုလှဲကာ၊ လူသားလုံခြုံရေး (Human Security) နှင့် လူ့အဖွဲ့အစည်း လုံခြုံရေး (Society Security) ကို ဆောင်ကျဉ်းပေးနိုင်သော မြန်မာ့ လူဘောင်သစ်ကို တည်ဆောက်ကြပါစို့” ဟု တိုက်တွန်း ရေးသား လိုက်ရပေသည်။

ခင်မမမျိုး (၁၆၊ ၄၊ ၂၀၁၀)

(စာရေးသူသည် ဗြိတိန်နိုင်ငံ၊ Aberdeen တက္ကသိုလ်၊ ဘုရင့်ကောလိပ်မှ နိုင်ငံရေးဘောဂဗေဒအထူးပြု ဘောဂဗေဒ မဟာဝိဇ္ဇာဘွဲ့၊ စစ်မဟာဗျူဟာလေ့လာရေးပညာ မဟာသိပ္ပံဘွဲ့များ ရရှိထားပြီး၊ အကြမ်းဖက်မှုနှင့် နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှုနှိမ်နင်းရေး၊ စစ်ရေး၊ နိုင်ငံရေး ဆိုင်ရာ လေ့လာသူ သုတေသီတဦး ဖြစ်ပါသည်။ နိုင်ငံတကာ လေ့လာရေးအသင်းကြီး၏ အပြည်ပြည်ဆိုင်ရာ လုံခြုံရေး (SIG) အဖွဲ့ဝင်ဖြစ်ပြီး၊ လက်ရှိတွင် အကြမ်းဖက်မှုနှိမ်နင်းတိုက်ဖျက်ရေးဆိုင်ရာ နိုင်ငံတကာ အင်စတီကျူတခုမှ အကြမ်းဖက်မှု တိုက်ဖျက်ရေးနှင့် အမျိုးသားလုံခြုံရေးဆိုင်ရာ သုတေသနစာတမ်းများ လေ့လာရေးသားခြင်းနှင့် သင်ကြားရေး တာဝန်များကို ထမ်းဆောင်နေပါသည်။)

အပြည့်အစုံဖတ်ချင်ရင်..>>>

အခြေအမြစ် မခိုင်လုံသော သတင်းများအား တုန့်ပြန်ချက်

Thursday, April 15, 2010

 



ရက်စွဲ။ ။ ဧပြီလ (၁၅) ရက်၊ ၂၀၁၀ ခုနှစ်


အခြေအမြစ် မခိုင်လုံသော သတင်းများအား တုန့်ပြန်ချက်


(၁) ရန်ကုန်မြို့၊ ကရ၀ိတ်အနီး ကန်တော်ကြီးစောင်း ရေကစားမဏ္ဍပ်တွင် ဗုံးများ ပေါက်ကွဲပြီး လူအများသေကြေ ထိခိုက်ဒဏ်ရာ ရမှုနှင့် ပတ်သက်၍ Aung Zaw အမည်ခံသူ မှ အီးမေးလ်အား အသုံးပြုကာ (ဗုံးဖောက်ခွဲသော အဖွဲ့အစည်းမှာ ပြည်ပ အခြေစိုက် NCUM ( www.ncum.info ) အဖွဲ့ မှ ဖြစ်ကြောင်း သိရသည်။ ဖောက်ခွဲရေး သမား (၅) ဦးအား မဲဆောက်မှ တဆင့် ရန်ကုန်သို့ ၁၃/၄/၂၀၁၀ နေ့တွင်စေလွှတ်ကြောင်း မဲဆောက် နိုင်ငံရေး အသိုင်း အ၀ိုင်းမှ ပြောကြား ပါသည်။ NCUM အဖွဲ့ရဲ့ လုပ်ရပ်ကို ကန့်ကွက် ရှုတ်ချကြပါ) ဟူသော သတင်းအား 8888peoplepower@yahoogroups.com အပါအ၀င် အီးမေးလ်အုပ်စုများသို့ လိုက်လံဖြန့်ဝေလျက် ရှိပါသည်။

(၂) အထက်ပါ သတင်းအချက်အလက်တွင် ပါဝင်သော ပြည်ပ အခြေစိုက် NCUM ဆိုသည်မှာ မှန်ကန်ခြင်း မရှိပါ။ မြန်မာအမည်ဖြင့် ပြည်ထောင်စုအမျိုးသားကောင်စီ- မြန်မာနိုင်ငံ ဟု အမည်တွင်သော National Council of the Union of Myanmar (NCUM) အဖွဲ့အစည်းသည် ပြည်တွင်းအခြေစိုက် အဖွဲ့အစည်းဖြစ်ပြီး၊ ပြည်ပတွင် အလုပ်မှုဆောင်အဖွဲ့ငယ်သာ ထားရှိသည့် အဖွဲ့ဖြစ်သည်။

(၃) NCUM အဖွဲ့ စတင် ပေါ်ပေါက်လာချိန်မှစတင်၍ အဖွဲ့အစည်း၏ Manifesto ကို ကြေငြာထားခဲ့ရာတွင် ဥယျောဇဉ်၌ “မည်သို့သော အကြမ်းဖက်မှုနှင့် ဖိနှိပ်ချုပ်ချယ်မှု သဏ္ဍာန်မျိုးစုံကိုမဆို ကန့်ကွက်ဆန့်ကျင်သည်” ဟု ပါရှိပြီး ဖြစ်ရာ အကြမ်းဖက်မှုကို ဆန့်ကျင်သော အဖွဲ့အစည်း၏ ရပ်တည်ချက်မှာ ကွက်ကွက်ကွင်းကွင်း ရှင်းလင်းလျက်ရှိသည်။

(၄) ကိုအောင်ဇော်၏ စွပ်စွဲချက်တွင် ပါဝင်သော အချက်ဖြစ်သည့် ဖောက်ခွဲရေးသမား (၅) ဦးဆိုသည်နှင့် ပတ်သက်၍ မိမိတို့ အဖွဲ့အစည်းသည် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ထိခိုက်စေတတ်သော ဖောက်ခွဲရေးနှင့် အကြမ်းဖက်ရေးကို ဆန့်ကျင်သည့် အဖွဲ့ဖြစ်သဖြင့် မည်သည့် ဖောက်ခွဲရေးသမားများ ကိုမှ လေ့ကျင့်သင်တန်းပေးခြင်းနှင့် ပြည်တွင်းသို့ စေလွှတ်ခြင်းများ မရှိကြောင်း အခိုင်အမာ ပြောကြားလိုသည်။

(၅) ထို့အပြင် ကိုအောင်ဇော်၏ စွပ်စွဲချက်အား ကိုးကားထားသော မဲဆောက်နိုင်ငံရေး အသိုင်းအ၀ိုင်းဆိုသည်မှာ မည်သူမည်ဝါဟု သတင်းအပြည့်အစုံ ဖော်ပြထားခြင်း မရှိသဖြင့် အခြေအမြစ် မရှိသော ကောလဟလ သတင်း တရပ်သာ ဖြစ်သည်။

(၆) သို့ဖြစ်ရာ အခြေအမြစ် မရှိသော ကောလဟလ သတင်းများကို အခြေခံ၍ အွန်လိုင်းပေါ်တွင် သတင်းများဖြန့်ဝေသော ကိုအောင်ဇော် အမည်ခံသူ၏ လုပ်ရပ်သည် မိမိတို့အဖွဲ့အစည်း၏ နိုင်ငံရေး ရပ်တည်ချက်နှင့် ဂုဏ်သိက္ခာကို တိုက်ရိုက်ထိပါး စော်ကားခြင်းဖြစ်သည်။ အခြေအမြစ်မရှိသော သတင်းများဖြင့် လူပုဂ္ဂိုလ်ကိုသော်လည်းကောင်း၊ အဖွဲ့အစည်းတရပ်ကိုသော်လည်းကောင်း စွပ်စွဲမှုများ ပြုလုပ်ခြင်းသည် ဥပဒေကြောင်းအရ အရေးယူ တရားစွဲဆိုနိုင်သော ပြစ်မှုများ ဖြစ်သဖြင့် ရပ်တန်းက ရပ်ရန်နှင့် မိမိတို့အဖွဲ့အစည်းသည် နိုင်ငံရေးရပ်တည်ချက်နှင့် ဂုဏ်သိက္ခာကို ထိခိုက်စော်ကားလာသည့် မည်သို့သော လုပ်ဆောင်ချက်မျိုးကိုမဆို လက်ခံမည် မဟုတ်ကြောင်း အသိပေး အကြောင်းကြားအပ်ပါသည်။

ရွှေစင်ထွန်း
ပြည်ပတာဝန်ခံကိုယ်စားလှယ်
ပြည်ထောင်စုအမျိုးသားကောင်စီ (မြန်မာနိုင်ငံ)
Tel: (+1) 301-523-9292

ခင်မမမျိုး
ညွှန်ကြားရေးမှူး (မဟာဗျူဟာနှင့် မူဝါဒရေးရာဌာန)
ပြည်ထောင်စုအမျိုးသားကောင်စီ (မြန်မာနိုင်ငံ)
Tel: (+44) 778-406-3636

www.ncum.info

အပြည့်အစုံဖတ်ချင်ရင်..>>>

Strategic Interaction အကြောင်း တစေ့တစောင်း

Sunday, April 11, 2010

အင်အားကြီးသူများနှင့် အင်အားနည်းသူတို့ ယှဉ်ပြိုင်ကြရာတွင် အင်အားကြီးသူကသာ အနိုင်ရမည်ဟု လူအများက ထင်တတ်ကြသည်။ သို့ရာတွင် အနိုင်အရှုံးဆိုသည်မှာ အင်အားတခုတည်းအပေါ်တွင် တည်မှီသည်မဟုတ်။ နှစ်ဘက်ခေါင်းဆောင်များ၏ Strategic Interaction ပေါ်တွင် မူတည်သည်။ စစ်အာဏာရှင်စနစ်အား ဆန့်ကျင်တော်လှန်ကြရာတွင် အာဏာရှင်နှင့် ဒေါက်တိုင်များကို အားကြီးသူ (strong actor) ဟု သတ်မှတ်၍ တော်လှန်ရေးသမားများဘက်မှ အားနည်းသူ (weak actor) အဖြစ်သတ်မှတ်ပြီးမှသာ တိုက်ပွဲဝင် နည်းပရိယာယ်များကို မှန်မှန်ကန်ကန် သုံးသပ်ချမှတ်နိုင်မည် ဖြစ်သည်။



အချို့တော်လှန်ရေး ခေါင်းဆောင်များက အဆိုပါ သတ်မှတ်ချက်ကို လက်ခံလိုခြင်း မရှိကြ။ အင်အားကြီးသူဘက်က စစ်တပ်၊ ရဲ အပါအ၀င် ဒေါက်တိုင်များ ရှိသကဲ့သို့ တော်လှန်ရေးသမားများ ဘက်တွင်လည်း လူထုအင်အား အလိုလို ရှိနေပြီးသား ဖြစ်၍ အားနည်းသည့် ဘက်ဟု သတ်မှတ်စရာ မလိုဟုဆိုတတ်ကြသည်။ သို့ပေမယ့် လူထုနှင့် တော်လှန်ရေး တသားတည်း ရှိရန် ကနဦးစည်းရုံးမှုများ ပြုလုပ်ထားရသည်ကို အမှတ်တမဲ့ နေမိတတ်ရာ လှုပ်ရှားမှုများပေါ်ထွက်လာချိန်တွင်မှ တော်လှန်ရေးသမား များကသာ ရှေ့ကျွံပြီး လိုအပ်သည်ထက် ပိုမိုဆုံးရှုံးနစ်နာမှုများ ဖြစ်လာတတ်လေသည်။ တော်လှန်ရေး သဘောသဘာဝ၊ ရန်သူ့အင်အား၊ မိမိအင်အား၊ ရန်သူ့ပရိယာယ်၊ မိမိပရိယာယ် များကို မတွက်ပဲ စိတ်ထဲပေါ်ရာ ထလုပ်နေတတ်သော စိတ်ကူးယဉ်တော်လှန်ရေးသမား ခေါင်းဆောင်များကြောင့် မဆုံးရှုံးသင့်ပဲ ဆုံးရှုံးသွားခဲ့ရသော တော်လှန်ရေးများ ကမ္ဘာတ၀ှမ်းတွင် အမြောက်အမြား ရှိပါသည်။ အခြေအနေနှင့် အချိန်အခါ၊ လူထု၏ တော်လှန်ရေး ရေချိန် အနိမ့်အမြင့်ကို ထည့်သွင်းမစဉ်းစားတတ်သော သူများသည် သူရဲကောင်းဖြစ်တတ်သော်လည်း ခေါင်းဆောင်ကောင်းဖြစ်လေ့မရှိ။ တော်လှန်ရေး ခေါင်းဆောင်ဟူသည် အခြေအနေမှန်ကို လက်ခံစဉ်းစား သုံးသပ်နိုင်သူများ ဖြစ်မှသာ အောင်မြင်သော တော်လှန်ရေးတခုကို ဦးဆောင်ဆင်နွှဲနိုင်သူများ ဖြစ်လာမည် ဖြစ်သည်။

စစ်ရေး၊ နိုင်ငံရေး လေ့လာသူများက ၁၉ရာစု နှောင်းပိုင်း လက်နက်ကိုင်တော်လှန်ရေးလှုပ်ရှားမှုများ၊ မြေပေါ်မြေအောက်လှုပ်ရှားမှုများနှင့် အကြမ်းမဖက်လှုပ်ရှားမှုများကို လေ့လာကြည့်ကြရာတွင် အင်အားကြီး သူများနှင့် အင်အားနည်းသူများအကြားမှ Strategic Interaction များကို ဖော်ထုတ်နိုင်ခဲ့ကြပြီး၊ အရေးပါသော hypothesis များ ထွက်ပေါ်လာခဲ့ပါသည်။

လက်နက်ကိုင်တိုက်ပွဲဖြစ်စေ၊ လူထုတိုက်ပွဲဖြစ်စေ၊ မည်သည့်သဏ္ဍာန်ကိုမဆို အသွင်ဆောင်ထားသော တော်လှန်ရေးလှုပ်ရှားမှုများ၏ အရေးပါသော သော့ချက်သည် ချမှတ်ထားသော ဗျူဟာမှန်ကန်မှုဖြစ်သည်။ ဗျူဟာများတွင် တိုက်ရိုက်ဗျူဟာများနှင့် သွယ်ဝိုက်ဗျူဟာများ ဟူ၍ ရှိသည်။ အင်အားကြီးသော အာဏာရှင်များနှင့် ကျူးကျော်သူများ (strong actors) ကို တော်လှန်သော တော်လှန်ရေးများတွင် တော်လှန်ရေးသမားများသည် weak actors များဖြစ်သည်ဆိုသည့် တော်လှန်ရေးသဘောသဘာဝကို ပဏာမ လက်မခံပဲ ထိရောက်သော တော်လှန်ရေးဗျူဟာများ ချမှတ်လို့မရ။ သို့မဟုတ်လျှင် ရန်သူကို လျှော့တွက်ပြီး မိမိကိုယ်ကို အဟုတ်ကြီးထင်နေတတ်သော စိတ်ကူးယဉ်တော်လှန်ရေးကိုသာ ဦးတည်သွားတတ်သည်။ ဖရိုဖရဲနှင့် မိုက်ရူးရဲ လုပ်ဆောင်မှုများသာ ပေါ်ထွက်နေတတ်သည်။ သို့ဖြစ်ရာ တော်လှန်ရေးသဘောသဘာဝကို မှန်မှန်ကန်ကန် လက်ခံနိုင်ရန် လိုအပ်လှပေသည်။ အဆိုပါ အင်အားကြီးသူနှင့် အင်အားနည်းသူအကြား ယှဉ်ပြိုင်ကြရာတွင် ပေါ်ထွက်လာနိုင်သည့် Strategic action လေးမျိုးရှိတတ်သည်။

(၁) တိုက်ရိုက်ထိုးစစ်နှင့် တိုက်ရိုက်ခံစစ်

အာဏာရှင်မှ တော်လှန်ရေးကို ချေမှုန်းရာတွင် တိုက်ရိုက်ထိုးစစ်ကို အသုံးပြုပြီး တော်လှန်ရေးသမားများ ဘက်မှ တိုက်ရိုက်ခံစစ်ကို အသုံးပြုခြင်းဖြစ်သည်။ လက်နက်ကိုင်အဖွဲ့ဖွဲ့စည်းပြီး ဆင်နွှဲသည့် တော်လှန်ရေးတွင် နှစ်ဘက်စလုံး အကျအရှုံးများသည်။ တော်လှန်ရေးသမားများဘက်မှ ခြေကုပ်ယူ စခန်းများ တခုပြီးတခု ကျဆုံးတတ်သည်။ ကျေးလက်မြို့ပြများတွင် နိုင်ငံရေးပါတီများ၊ အဖွဲ့များဖွဲ့စည်းပြီး ထိပ်တိုက်ရင်ဆိုင်သည့် တော်လှန်ရေးတွင်မူ တတိတိနှင့် အတိုက်အခံ အဖွဲ့အစည်း အဖွဲ့ဝင်များ အမှည့်ချွေခံရတတ်လေ့ရှိသည်။ လူဖမ်းပွဲများ ထွက်ပေါ်လာတတ်ပြီး၊ အောင်ပွဲ၏ အဆုံးအဖြတ်မှာ လူထုတော်လှန်ရေး ရေချိန်အပေါ်တွင် မူတည်သည်။ တော်လှန်ရေးသမားများ အနေဖြင့် လူထုနှင့်တသားတည်း မဖြစ်သေးပဲ ဤ strategic interaction ကို ရွေးချယ်ပါက တော်လှန်ရေးအရှိန် ပြုတ်ကျပြီး အချိန်အတော်ကြာအောင် ပြန်လည်တည်ဆောက်ယူရတတ်သည်။

Hypothesis: အင်အားကြီးမားသူကသာ အနိုင်ရခြင်း (သို့မဟုတ်) တော်လှန်ရေး ကြန့်ကြာနေခြင်းများ ဖြစ်တတ်သည်။

(၂) တိုက်ရိုက်ထိုးစစ်နှင့် သွယ်ဝိုက်ခံစစ်

အင်အားကြီးသောဘက်မှ တိုက်ရိုက်ထိုးစစ်ကို အသုံးပြုပြီး၊ အင်အားနည်းသူဘက်မှ သွယ်ဝိုက်ခံစစ်ကို အသုံးပြုခြင်းဖြစ်သည်။ သွယ်ဝိုက်ခံစစ်ဆိုသည်မှာ မြေအောက်လှုပ်ရှားမှုအသွင်သဏ္ဍာန်ဆောင်သည်။ မြေအောက်လှုပ်ရှားမှု (UG) ဆိုသည်ကို လက်နက်ကိုင်တော်လှန်ရေး A/S နှင့် ရောထွေးပြောနေတတ်ကြသည်။ မြေအောက်ဆိုသည်မှာ လျှို့ဝှက်မှု အသွင်ဆောင်ခြင်းကို ဆိုလိုခြင်း ဖြစ်သည်။ သေးငယ်သော အစုအဖွဲ့လေးများအပေါ်တွင် အခြေခံပြီး ပြောက်ကျားလှုပ်ရှားမှုဖြစ်သည်။ အဆိုပါမြေအောက် လှုပ်ရှားမှုတွင် လူထုအားလျှို့ဝှက်စည်းရုံးရေး၊ ၀ါဒဖြန့်ချိရေး၊ သတင်း အချက်အလက်များ စုဆောင်းရေး၊ ပြောက်ကျားလူထုတိုက်ပွဲများ အကောင်အထည်ဖော်ရေး စသည်များ ပါဝင်သည်။ လက်နက်ကိုင်တော်လှန်ရေးနှင့် လူထုတိုက်ပွဲပေါင်းစပ်ရေးကို အခြေခံထားပါက လက်နက်ကိုင်တွယ်နည်း သင်တန်းပေးခြင်း၊ လက်နက်များ သယ်ဆောင်ပံ့ပိုးရေး၊ ရန်သူအားချေမှုန်းရေး စသည့် အမာလိုင်းလုပ်ငန်းများလဲ ပါဝင်မည်ဖြစ်သည်။ Non-violent resistance ဖြစ်ပါက လက်နက်ကိုင်တွယ်မှုဆိုင်ရာ လုပ်ငန်းများ ပါဝင်မည်မဟုတ်။ သို့ဖြစ်ရာ မြေအောက်ဆိုသည်ကို လက်နက်ကိုင်တော်လှန်ရေးနှင့် မရောထွေးမိစေရန် အရေးကြီးသည်။ သွယ်ဝိုက်ခံစစ်သည် လူထုထဲတွင် အခြေခံပြီး တပ်ဖျောက်ထားခြင်း ဖြစ်သည့်အတွက် အထိအရှိ၊ အဖမ်းအဆီးကြုံရမှုနည်းသည်။ လူထုနှင့် ထိတွေ့မှုပိုများသည်။ လိုအပ်သော sanctuary support နှင့် social support ကိုသာ ရရှိပါက လူထုတိုက်ပွဲများ ဖော်ဆောင်နိုင်ရေးအတွက် အသင့်တော်ဆုံး ဗျူဟာဖြစ်သည်။
Hypothesis: အင်အားကြီးသူမှ အင်အားနည်းသူကို တိုက်ရိုက်ထိုးစစ်ဖြင့် တိုက်ခိုက်သည့်အခါတွင် အင်အားနည်းသူက လူထုထဲတွင် တပ်ဖျောက်ပြီး မြေအောက်လှုပ်ရှားမှုအသွင်ဖြင့် သွယ်ဝိုက်ခံစစ် ပြုလုပ်နိုင်ပါက လူထုကလဲ ထောက်ခံမည်ဆိုလျှင် အင်အားနည်းသူများဘက်မှ အနိုင်ရသည်။ သို့ဖြစ်ရာ အာဏာရှင်အစိုးရများသည် မြေအောက်အဖွဲ့အစည်းများကို မြေပေါ်အဖွဲ့များထက် ပိုပြီးကြောက်လေ့ ရှိကြသည်။

(၃) သွယ်ဝိုက်ထိုးစစ်နှင့် တိုက်ရိုက်ခံစစ်

အင်အားကြီးသူဘက်မှ သွယ်ဝိုက်ထိုးစစ်အသုံးပြုပြီး၊ အင်အားနည်းသူဘက်မှ တိုက်ရိုက်ခံစစ် အသုံးပြုခြင်းဖြစ်သည်။ အင်အားနည်းသူများကို တိုက်ရိုက်တိုက်ခိုက်ခြင်း မပြုပဲ သပ်လျှိုဖြိုခွဲခြင်း၊ လူထုနှင့် ရန်တိုက်ပေးခြင်း စသည်များဖြစ်သည်။ ယင်းသို့ပြုလုပ်ရာတွငက် ၀ါဒဖြန့်ချိရေးမှာ အသက် သွေးကြောဖြစ်သည်။ အင်အားနည်းသူများဘက်မှ အဆိုပါဝါဒဖြန့်ချိမှုများကို တန်ပြန်တိုက်ခိုက်မှုများ ပြုလုပ်ရမည်။

Hypothesis: အားနည်းသူများဘက်မှ တိုက်ရိုက်ခံစစ် သုံးနေချိန်သည် အားကြီးသူများအတွက် အခါကောင်းအခွင့်ကောင်းအချိန်ဖြစ်သည်။ အဆိုပါအခြေအနေတွင် တိုက်ရိုက်ထိုးစစ်မလုပ်ပဲ သွယ်ဝိုက်ထိုးစစ်များနှင့်သာ အချိန်ဖြုန်းနေပါက အားကြီးသူများဘက်မှ ရှုံးတတ်လေ့ရှိသည်။

(၄) သွယ်ဝိုက်ထိုးစစ်နှင့် သွယ်ဝိုက်ခံစစ်

နှစ်ဘက်စလုံးမှ ထိပ်တိုက်ရင်ဆိုင်ခြင်း မပြုပဲ သွယ်ဝိုက်တိုက်ခိုက်ကြခြင်းဖြစ်သည်။
Hypothesis: အားကြီးသူများဘက်တွင် လူအင်အား၊ ငွေအင်အား၊ နည်းပညာအားများ အစစအရာရာ သာလွန်တတ်သည်ဖြစ်ရာ ရေရှည်တွင်အားကြီးသူများဘက်မှ အနိုင်ရလေ့ရှိသည်။


နိဂုံး

မည်သည့်ပဋိပက္ခများတွင်မဆို နှစ်ဘက်စလုံးတွင် စီမံချက်များ၊ လူအင်အား၊ ငွေအင်အား၊ နိုင်ငံတကာ ထောက်ခံမှု ဆိုင်ရာ မျှော်မှန်းချက်များ ရှိလေ့ရှိသည်။ အင်အားကြီးသူနှင့်အင်အားနည်းသူတို့အကြားမှ ယှဉ်ပြိုင်မှုများတွင် လူအင်အား၊ ငွေအင်အားသာလွန်သည့်ဘက်မှ အနိုင်ရမည်ဟု ယူဆတတ်လေ့ရှိကြသည်။ သို့ရာတွင် အနိုင်အရှုံးမှာ နှစ်ဘက်စလုံးမှ ချမှတ်သော မဟာဗျူဟာများ၏ strategic interaction များအပေါ်တွင် မူတည်နေကြောင်းကို ကမ္ဘာတ၀ှမ်း တော်လှန်ရေးများမှ ထုတ်နှုတ်ထားသော Hypotheses များမှ သက်သေခံနေလျက်ရှိပါကြောင်း တင်ပြလိုက်ရပေသည်။

(မှတ်ချက်။ ။ မြန်မာ့တော်လှန်ရေးတွင် ဤသဘောတရားများ သုံးရန်၊ မသုံးရန် အချက်များကို ထည့်သွင်းထားခြင်း မရှိပါ။ သဘောတရားသည် လက်တွေ့နှင့် ပေါင်းစပ်မှ အသုံးဝင်မည်ဖြစ်ပြီး၊ သဘောတရားမပါသော လက်တွေ့များသည်လည်း မျက်မမြင်ပုဏ္ဍားများ ဥပမာလို ဖြစ်တတ်သောကြောင့် တင်ပြခြင်းဖြစ်ပါသည်။)

ခင်မမမျိုး (၁၁၊ ၄၊ ၂၀၁၀)

အပြည့်အစုံဖတ်ချင်ရင်..>>>

နီပေါအမျိုးသမီးများရဲ့ လူ့အခွင့်အရေးတိုက်ပွဲ

Thursday, April 8, 2010

ဒီမိုကရက်တစ်မြန်မာ့အသံ ပရိသတ်များရှင်။
အခုတပတ်အမျိုးသမီးအခွင့်အလမ်းအစီအစဉ်မှာ နီပေါအမျိုးသမီးများရဲ့ လူ့အခွင့်အရေးတိုက်ပွဲ အကြောင်း ကို စီစဉ်တင်ဆက်မှာဖြစ်ပါတယ်။ နီပေါနိုင်ငံဟာ အိန္ဒိယနဲ့ တရုတ်နိုင်ငံအကြားမှာ တည်ရှိ တဲ့နိုင်ငံငယ်လေးတခုပါ။ ၁၈ ရာစုမှာ စစ်ဘုရင်နရယန်ရှာက အကွဲကွဲအပြားပြားဖြစ်နေတဲ့နိုင်ငံငယ်လေးတွေ ကို စုစည်းပြီး နီပေါနိုင်ငံကို ထူထောင်ခဲ့ပါတယ်။ ၁၈၄၇မှာ မြေရှင် ရာနာစ့်က ဘုရင်ဆီက အာဏာသိမ်းယူပြီး နီပေါကို အုပ်ချုပ်ခဲ့ပါတယ်။ နောင်နှစ်ပေါင်းများစွာကြာတဲ့အထိ ရာနာစ့်မျိုးနွယ်စုအဆက်ဆက်ကပဲ ဘုရင်အဖြစ် တိုင်းပြည်ကိုအုပ်ချုပ်ခဲ့ကြပါတယ်။ ၁၉၅၁ကျတော့ ပြည်သူလူထုက ဘုရင်ကို ပုန်ကန်တော်လှန်ပါတယ်။ ဒီမိုကရေစီပြောင်းလဲမှုတွေကို ဘုရင်က လက်ခံလိုက်ရပြီး ၁၉၅၉ခုမှာ အထွေထွေရွေးကောက်ပွဲထွက်ပေါ်လာပါတယ်။ နီပေါပြည်သူလူထုဟာ ပထမဆုံးအနေနဲ့ နိုင်ငံကို အုပ်ချုပ်မယ့်အစိုးရကို ရွေးချယ်ခွင့်ရခဲ့ကြတယ်။



ဒါပေမယ့်လဲ နိုင်ငံရေးတိုးတက်မှုအရှိန်က အချိန်မကြာလိုက်ပါဘူး။ နှစ်နှစ်အတွင်းမှာပဲ အသစ်တက်လာတဲ့ဘုရင်သစ်က အစိုးရအဖွဲ့နဲ့ပါလီမန်ကို ဖျက်သိမ်းပါတယ်။ နိုင်ငံရေးပါတီတွေအားလုံးကို ဖျက်သိမ်းလိုက်ပါတယ်။ ဒါပေမယ့် လက်နက်ကိုင်တော်လှန်ရေးတွေ၊ လူထုလှုပ်ရှားမှုတွေကတော့ မရပ်တန့်ခဲ့ပါဘူး။ ဖိနှိပ်မှုဆိုတာရှိနေသရွေ့ အဖိနှိပ်ခံပြည်သူတွေရဲ့ တော်လှန်ရေးဟာလဲ ရှိနေစမြဲပါ။ ဘာကြောင့်လဲဆိုတော့ မတရားမှုတွေဟာ ဥပဒေဖြစ်နေသရွေ့ တော်လှန်ပုန်ကန်ခြင်းဟာ တာဝန်တရပ် ဆိုတာကို ပြည်သူလူထုက နားလည်ပြီးသားဖြစ်နေလို့ပါပဲ။ (၁၉၈၀)မှာ နီပေါကျောင်းသားတွေရဲ့ အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုကြီး ထွက်ပေါ်လာပါတယ်။ နိုင်ငံရေးတင်းမာမှုတွေဖြေလျှော့ဖို့ ဘုရင်က ပြည်သူ့ဆန္ဒခံယူပွဲလုပ်ပါတယ်။ ဘုရင်အုပ်ချုပ်တဲ့စနစ်နဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို ရွေးချယ်ခိုင်းပါတယ်။ ပြည်သူ့ဆန္ဒခံယူပွဲကို အာဏာရှင်က ခြိမ်းချောက်ပြုလုပ်တဲ့အခါ အာဏာရှင်လက်ကိုင်တုတ်တွေရဲ့ အန္တရာယ်တွေ၊ မဲခိုး၊ မဲလိမ်တာတွေကြောင့် လူထုရဲ့ ဆန္ဒမှန် ထွက်ပေါ်လေ့မရှိပါဘူး။ နီပေါမှာလဲ ဒီအတိုင်းပါပဲ။ လူထုရဲ့ဆန္ဒမှန်ကို အလိမ်ခံခဲ့ရပါတယ်။ ဒါပေမယ့် ပြည်သူလူထုရဲ့ ဆန္ဒ သဘောထားတွေကတော့ မပျောက်ကွယ်သွားပါဘူး။ ၁၉၈၉မှာ နီပေါလူထုလှုပ်ရှားမှုကြီး ပေါ်ပေါက် လာပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ထွက်လာပါတယ်။ အစိုးရသစ်တက်လာပါတယ်။ အစိုးရသစ်နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ပြည်သူလူထုအတွက် တရားမျှတမှုအခွင့်အလမ်းတွေ အပြည့်အ၀ ခံစားခွင့်ရှိလာအောင် မဆောင်ကျဉ်းပေးနိုင်ခဲ့ပါဘူး။ ဒါကြောင့် (၁၉၉၆) မှာ နီပေါကွန်မြူနစ်ပါတီက ဦးဆောင်ပြီး ဒီမိုကရေစီတ်ာလှန်ရေးသစ် လူထုစစ်ပွဲကို ဆင်နွှဲခဲ့ရပါတော့တယ်။

နီပေါအမျိုးသမီးတွေဟာ ဒီမိုကရေစီ တော်လှန်ရေးသစ်မှာ တက်တက်ကြွကြွပါဝင်ခဲ့ကြပါတယ်။ အဲဒီအချိန်က နီပေါပြည်သူလူထုရဲ့ ၈၈ ရာခိုင်နှုန်းဟာ ကျေးလက်ပြည်သူတွေဖြစ်ပြီး၊ ၈၁ ရာခိုင်နှုန်းဟာ လယ်ယာစိုက်ပျိုးရေးလုပ်ကိုင်ကြပါတယ်။ ချမ်းသာကြွယ်ဝတဲ့ မြေပိုင်ရှင်တွေရဲ့ ဆယ်ရာခိုင်နှုန်းက မြေယာရဲ့ ၆၅ ရာခိုင်နှုန်းကို ပိုင်ဆိုင်ပြီး၊ ဆင်းရဲသား လယ်သမားတွေရဲ့ ၆၅ ရာခိုင်နှုန်းက မြေယာဆယ်ရာခိုင်နှုန်းကိုသာ ပိုင်ဆိုင်ကြပါတယ်။အမျိုးသမီးတွေဟာ မိဘရဲ့ မြေယာအမွေအနှစ်ကိုတောင် ပိုင်ဆိုင်ခွင့်မရှိပါဘူး။ တချို့ဒေသတွေမှာဆိုရင် အမျိုးသမီးတွေဟာ လုပ်အားခေါင်းပုံဖြတ်တာကို ခံရရုံတင်မကပဲ လယ်ပိုင်ရှင်တွေရဲ့ လိင်ကျေးကျွန်ဘ၀ကို ကျရောက်နေကြပါတယ်။ အမျိုးသားနဲ့အမျိုးသမီး တန်းတူရည်တူလုပ်ခလဲ မရကြပါဘူး။ မြို့ပြစက်ရုံတွေမှာလဲ အမျိုးသမီးတွေဟာ ဗျူရိုကရက်အရင်းရှင်တွေရဲ့ ခေါင်းပုံဖြတ်တာကို ခံစားနေကြရပါတယ်။ ဒီလိုစီးပွားရေးဖိနှိပ်မှုသာမက လူမှုရေးဖိနှိပ်မှုတွေလဲ ခံစားကြရပါတယ်။ အမျိုးသားတွေကသာ အမျိုးသမီးတွေထက် ပိုမိုမြင့်မြတ်တယ်၊ အမျိုးသမီးဆိုတာ ဖခင်တွေကို မှီခိုနေရတဲ့ သမီးတွေ၊ လင်ယောက်ျားတွေကို မှီခိုနေရတဲ့ ဇနီးတွေ၊ သားတွေကို မှီခိုနေရတဲ့ မိခင်တွေသာဖြစ်တယ်ဆိုတဲ့ အယူအဆတွေကလဲ လူ့အဖွဲ့အစည်းအတွင်းမှာ အမြစ်တွယ်နေပါတယ်။ ဖခင်တွေက သမီးတွေထက် သားတွေကို ပိုလိုချင်ကြပါတယ်။ ဇနီးသည်တွေကို သားယောက်ျားလေး မမွေးမချင်း အတင်းအကြပ်ကိုယ်ဝန်ဆောင်ခိုင်းပါတယ်။ သားယောက်ျားမမွေးတဲ့ ဇနီးတွေကို စွန့်ပစ်တာ၊ ဇနီးနှစ်ယောက် တပြိုင်တည်းပေါင်းသင်းနေထိုင်တာတွေ ပြုလုပ်ကြပါတယ်။ လူမှုရေးဖိနှိပ်မှုတင်မကပဲ နိုင်ငံရေးအရ ဖိနှိပ်မှုတွေကိုလဲ အမျိုးသမီးတွေ ခံစားကြရပါတယ်။ အမျိုးသားတွေကိုသာ ရှင်ဘုရင်တင်မြှောက်တဲ့ စနစ်ဖြစ်တာကြောင့် နိုင်ငံရေးအာဏာကို အမျိုးသားတွေကသာ ကျင့်သုံးခွင့်ရှိပါတယ်။ အမျိုးသားတွေကသာအုပ်ချုပ်သူဖြစ်တယ်ဆိုတဲ့ သဘောတရားတွေကလဲလူထုထဲမှာ ပျံ့နှံ့နေပါတယ်။ ပါလီမန်မှာ အမျိုးသမီးအချို့ပါဝင်လာပေမယ့် နိုင်ငံရေးလုပ်တဲ့ အမျိုးသမီးတွေဟာ ထင်ရှားတဲ့ နိုင်ငံရေးသမားတွေရဲ့ သမီးတွေ၊ ဇနီးသည်တွေက ပိုများပါတယ်။ ဖခင်အရှိန်၊ လင်ယောက်ျားအရှိန်နဲ့ နိုင်ငံရေးလောကထဲ ရောက်လာသူတွေပါ။ လူထုထဲက ပေါ်ထွက်လာတဲ့ အမျိုးသမီးတွေကျပြန်တော့လဲ လင်ယောက်ျားအပေါ် အမှီအခိုကင်းတဲ့ မုဆိုးမတွေ၊ တခုလပ်တွေပဲ ရှိပါတယ်။ ဖခင်တွေ၊ အိမ်တွေဘက်တွေက သဘောမတူရင် နိုင်ငံရေးမလုပ်နိုင်တဲ့ အခြေအနေမျိုး ဖြစ်နေပါတယ်။

ဒီလိုစီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးဘက်စုံထောင့်စုံမှာ ဖိနှိပ်ခံနေရတဲ့ အမျိုးသမီးတွေဟာ ဒီမိုကရေစီတော်လှန်ရေးသစ်မှာ တော်လှန်ရေးအတွေးအခေါ်သစ်တွေကို ကိုင်စွဲပြီး တိုက်ပွဲဝင်ခဲ့ကြပါတယ်။ “အမျိုးသမီးတွေရဲ့ တန်းတူရည်တူ လယ်ယာပိုင်ဆိုင်ခွင့်“ကြွေးကြော်သံနဲ့အတူ တော်လှန်ရေးမှာ ပါဝင်ခဲ့ကြပါတယ်။ တန်းတူပိုင်ဆိုင်ခွင့်ဆိုတဲ့ တော်လှန်ရေးအတွေးအခေါ်ဟာ ကျေးလက်၊ မြို့ပြအလုပ်သမားလူတန်းစား အမျိုးသမီးတွေရဲ့ စီးပွားရေး၊ လူမှုရေး မျှော်လင့်ချက်ရောင်ခြည်ဖြစ်ခဲ့ပါတယ်။ အမျိုးသားကြီးစိုးရေးဝါဒကို ဖယ်ရှားပစ်တဲ့ တော်လှန်ရေးဖြစ်တာကြောင့် အမျိုးသမီးတွေရဲ့ နိုင်ငံရေးအခွင့်အလမ်းတွေကို တိုးတက်စေနိုင်ပါတယ်။ ဒီလိုအတွေးအခေါ်ကို ချမှတ်ပြီးတာနဲ့ နီပေါအမျိုးသမီးတော်လှန်ရေးအသင်းဟာ တော်လှန်ရေးလမ်းစဉ်ကို ချမှတ်ဖ်ာဆောင်ပါတယ်။ တော်လှန်ရေး အတွေးအခေါ် မရှိပဲ တော်လှန်ရေးလမ်းစဉ်ကို ချလို့မရပါဘူး။ အမျိုးသမီးအခွင့်အရေး လှုပ်ရှားမှုမှာ လမ်းစဉ် သုံးရပ်ရှိပါတယ်။ ပထမလမ်းစဉ်က reactionary trend ပါ။ ဒီလမ်းစဉ်က မြေရှင်နဲ့ အရင်းရှင်တွေကို ဆန့်ကျင်ကန့်ကွက်တာတွေ မရှိပါဘူး။ အမျိုးသမီးအခွင့်အရေးကို ကဏ္ဍတခုအနေနဲ့ ဆောင်ရွက်ပြီး၊ အမျိုးသားတွေရဲ့ လွှမ်းမိုးမှုကို ထိပ်တိုက်ရင်ဆိုင်ခြင်း မပြုလုပ်ပါဘူး။ နောက်ထပ်လမ်းစဉ်တခုကတော့ revisionist trend ပါ။ သူက နားဝင်အောင် ပညာပေး သိမ်းသွင်းတဲ့ ပျော့ပြောင်းသော ချဉ်းကပ်နည်းလမ်းဖြစ်ပါတယ်။နောက်ထပ် လမ်းစဉ်တခုကတော့ revolutionary trendဖြစ်တဲ့ တော်လှန်ရေးလမ်းစဉ်ဖြစ်ပါတယ်။ ဒီလမ်းစဉ်ကတော့ လူတန်းစားဖိနှိပ်မှုတွေ၊ ကျားမခွဲခြားမှုတွေနဲ့ ပတ်သက်ပြီး ပြတ်ပြတ်သားသား ဆန့်ကျင်ကန့်ကွက်ပါတယ်။ အမျိုးသမီးတွေကို နိုင်ငံတော်က ဖိနှိပ်တာတွေတင်မက မိသားစုတွင်းမှာ ဖခင်တွေ၊ အိမ်ထောင်ဘက်တွေက နှိမ့်ချဆက်ဆံတာတွေကိုပါ လက်မခံပါဘူး။ ထိပ်တိုက်ရင်ဆိုင် ကန့်ကွက်မှုတွေ ပြုလုပ်ပါတယ်။ နီပေါအမျိုးသမီးတော်လှန်ရေး အသင်းဟာ တော်လှန်ရေးလမ်းစဉ်ကို ချမှတ်အကောင်အထည်ဖော်ခဲ့ကြပါတယ်။ လူအင်အား (၁၁) ယောက်ရှိတဲ့ တော်လှန်ရေးတပ်စိတ်တိုင်းမှာ အမျိုးသမီးနှစ်ယောက်ပါရမယ့် မူဝါဒချမှတ်ကျင့်သုံးပါတယ်။ အမျိုးသမီးတွေဟာ ညဘက်မှာ တိုက်ခိုက်ရေး၊ နေ့မှာ ထုတ်လုပ်ရေးနဲ့ ၀ါဒဖြန့်ချိရေးတာဝန်တွေ ယူခဲ့ကြပါတယ်။ အမျိုးသားက တိုက်ခိုက်ရေး၊ အမျိုးသမီးက ချက်ပြုတ်ရေး စတဲ့ ကျားမခွဲခြားဆက်ဆံမှု သဏ္ဍာန် မရှိခဲ့ပါဘူး။ အလုပ်ခွဲဝေမှုစနစ်ကို ကျားမတန်းတူ ဆောင်ရွက်တဲ့ စနစ် ကျင့်သုံးခဲ့ပါတယ်။ ခြေကုပ်ယူတပ်စွဲထားတဲ့ ဒေသတွေမှာ ကျေးရွာကာကွယ်ရေး ကော်မတီတွေ၊ အမျိုးသမီးအဖွဲ့တွေ ဖွဲ့စည်းထားပါတယ်။ လူထုခုံရုံးဖွဲ့ပြီး အမျိုးသားတွေက အမျိုးသမီးတွေကို ရိုက်နှက်တာ၊ အနိုင်ကျင့် စော်ကားတာတွေကို ဖော်ထုတ်အရေးယူပြစ်ဒဏ်ပေးပါတယ်။

တော်လှန်ရေးကာလတလျှောက်မှာ အမျိုးသမီးရဲဘော်တွေဟာ အမျိုးသားတွေထက် ပိုပြီး တော်လှန်ရေးအပေါ် ယုံကြည်ချက်၊ ခံယူချက်လဲ ပြင်းထန်ခဲ့ကြပါတယ်။ အမျိုးသားတွေအတွက်က လူတန်းစား တော်လှန်ရေးအသွင်ပဲ ဆောင်တာဖြစ်ပေမယ့် အမျိုးသမီးတွေအတွက်ကတော့ လူထုလူတန်းစားတော်လှန်ရေးသာမက ကျားမခွဲခြားဖိနှိပ်မှုကိုပါ တော်လှန်ပုန်ကန်ရတာ ဖြစ်လို့ပါပဲ။ ဒီလိုနဲ့ ၂၀၀၅ ခုနှစ်မှာ ဆယ်နှစ်ကြာဆင်နွှဲခဲရတဲ့ ဒီမိုကရေစီတော်လှန်ရေးသစ်ကြီး အောင်မြင်ခဲ့ပါတယ်။ အပစ်အခတ်ရပ်စဲရေးသဘောတူညီမှုပြုလုပ်ပြီး တော်လှန်ရေးအသွင်ဟာ လက်နက်ကိုင်တော်လှန်ရေးကနေ လူထုလှုပ်ရှားမှုအသွင်ကို ကူးပြောင်းသွားပါတယ်။ သန်းပေါင်းများစွာသော ပြည်သူလူထုဟာ လမ်းမတွေပေါ်ထွက်လာခဲ့ကြပါတယ်။ ဘုရင်စနစ်ရပ်စဲရေး၊ တန်းတူညီမျှမှုအခြေခံတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေသစ် ရေးဆွဲရေးတွေကို တောင်းဆိုခဲ့ကြပါတယ်။

ဒီမိုကရက်တစ်မြန်မာ့အသံပရိသတ်များရှင်။
အခုဆိုရင် နီပေါနိုင်ငံရဲ့ ညွန့်ပေါင်းအစိုးရအဖွဲ့အစည်းအတွင်းမှာ အမျိုးသမီး လွှတ်တော်အမတ်တွေ ပါဝင်လာခဲ့ပါတယ်။ ရွေးကောက်ခံ ကိုယ်စားလှယ်ငါးရာကျော်မှာ ၂၂၀ဟာ လူထုစစ်ပွဲကို ဦးဆောင်ခဲ့တဲ့ နီပေါကွန်မြူနစ်ပါတီ က ဖြစ်ပါတယ်။ ဒီအထဲမှာ အမျိုးသမီး ၂၂ ယောက် ပါဝင်လာခဲ့ပါတယ်။ မြေယာပိုင်ဆိုင်ခွင့်၊ ဘဏ်စာရင်းဖွင့်ခွင့်တောင် မရှိခဲ့တဲ့ အမျိုးသမီးတွေဟာ ပါလီမန်ထဲကို အမျိုးသားတွေနဲ့ တန်းတူရင်ဘောင်တန်းပြီး ၀င်ရောက်နိုင်ခဲ့ကြပါပြီ။ လူ့အဖွဲ့အစည်းအတွင်းမှာ တန်းတူညီမျှမှု၊ တရားမျှတမှုအတွက် ဆောင်ရွက်နေကြတဲ့ အမျိုးသမီးနိုင်ငံရေးတက်ကြွလှုပ်ရှားသူ အများအပြားလဲ ပေါ်ထွက်နေခဲ့ပါပြီ။ အသိဥာဏ်ပွင့်လင်းတဲ့ အမျိုးသားတွေနဲ့ တော်လှန်ရေးလမ်းစဉ်ကို ပြတ်ပြတ်သားသား ရွေးချယ်ရဲတဲ့ အမျိုးသမီးတွေဟာ နီပေါနိုင်ငံတော်သစ်ကို အတူတကွ တည်ဆောက်နေကြပြီဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်ရှင်။

ခင်မမမျိုး (၂၀၀၉)

အပြည့်အစုံဖတ်ချင်ရင်..>>>

အမေရိကန်အမျိုးသမီးများရဲ့ လူ့အခွင့်အရေးလှုပ်ရှားမှု

ဒီမိုကရက်တစ်မြန်မာ့အသံ ပရိသတ်များရှင်။

အခုတပတ်အမျိုးသမီးအခွင့်အလမ်းအစီအစဉ်မှာ အမေရိကန်အမျိုးသမီးများရဲ့ တန်းတူညီမျှလူ့အခွင့်အရေး လှုပ်ရှားမှုအကြောင်းကို စီစဉ်တင်ဆက်မှာဖြစ်ပါတယ်။ (၁၇၇၆) ခုနှစ်မှာ အမေရိကန်ပြည်ထောင်စုရဲ့ ပထမဆုံးဖွဲ့စည်းပုံအခြေခံဥပဒေ ထွက်ပေါ်လာပါတယ်။ ဒါပေမယ့် ဒီဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ပါဝင်တဲ့ အခွင့်အရေးတွေဆိုတာက အမျိုးသားတွေအတွက်ပဲ ရည်ရွယ်ခဲ့တာဖြစ်ပါတယ်။ အမျိုးသမီးတွေကတော့ လူမှုထုံးတမ်းစဉ်လာတွေနဲ့ အင်္ဂလိပ်ဥပဒေတွေနဲ့အညီပဲ ဆက်ဆံခံခဲ့ရပါတယ်။ ဒီခေတ်ကာလတွေက အမျိုးသမီးတွေဟာ မိဘဘိုးဘွား အမွေအနှစ်ကြောင့် မြေယာပိုင်ဆိုင်မှုအခွင့်အလမ်းတွေ ရှိရင်တောင်မှ အိမ်ထောင်ပြုချိန်မှာ လင်ယောက်ျားဖြစ်သူတွေ ပိုင်ဆိုင်မှုတွေ လွှဲပေးရပါတယ်။




အမျိုးသမီးတွေဆီမှာ မဲပေးပိုင်ခွင့်မရှိပါဘူး။ အလုပ်လုပ်လို့ လုပ်ခရရင်လဲ လင်ယောက်ျားကိုပဲ ပေးရပါတယ်။ မိသားစု ပိုက်ဆံအနေနဲ့သာ အသုံးပြုခွင့်ရှိပါတယ်။ တဦးတည်းပိုင်ဆိုင်တဲ့ ငွေကြေးအဖြစ် စုဆောင်းသုံးစွဲလို့ မရပါဘူး။ အမျိုးသမီးတွေဟာ လက်ထပ်လိုက်တာနဲ့ လင်ယောက်ျားကို မှီခိုသူအဖြစ် တရားဝင် သတ်မှတ်ခံရပါတယ်။ လင်ယောက်ျားဖြစ်သူက ဇနီးသည်တွေကို ထောင်ချပိုင်ခွင့်၊ ရိုက်နှက်ပိုင်ခွင့်ရှိပါတယ်။ လင်မယား ကွာရှင်းပြတ်စဲမှုဖြစ်တဲ့အခါ ကလေးတွေကို ထိန်းသိမ်းစောင့်ရှောက်ခွင့်ကို အမျိုးသားကပဲ ရရှိပါတယ်။ အမျိုးသမီးတွေ အလုပ်လုပ်ကြရင်လဲ သူတို့ရရှိတဲ့ လစာက အမျိုးသားတွေနဲ့ တန်းတူုညီမျှ မရှိပါဘူး။ အစိတ်အပိုင်း အနည်းငယ်မျှသာ ရပါတယ်။ ကောလိပ်၊ တက္ကသိုလ်တွေကို ၀င်ခွင့်ရဖို့ အလွန်ပဲ ခဲယဉ်းလှပါတယ်။

ဒီလိုစနစ်ဆိုးတွေအောက်မှာ အဖိနှိပ်ခံနေရတဲ့ အမျိုးသမီးတွေရဲ့ ဘ၀တွေကို မီးမောင်းထိုးပြပြီး၊ အမျိုးသမီးအခွင့်အရေးလှုပ်ရှားမှုကို စတင်ခဲ့တဲ့ ပထမဆုံးသမိုင်းဝင်ဖြစ်ရပ်ကတော့ ၁၈၄၈ ခုနှစ်၊ ဆက်နီကာဖောလ်စ် ညီလာခံကြီးပဲဖြစ်ပါတယ်။ ဒီညီလာခံမှာ အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူတွေဖြစ်တဲ့ အက်လီဇဘက်စတင်တန်နဲ့ လူဂရီရှာမော့တ် တို့ တွေ့ဆုံခဲ့ကြပါတယ်။ သူတို့နှစ်ယောက်နဲ့ တခြားအမျိုးသမီးအခွင့်အရေးလှုပ်ရှားသူတွေဟာ ဒီညီလာခံမှာပဲ အမျိုးသမီးတွေရဲ့ သဘောထားခံစားချက် ကြေငြာစာတမ်းကို ထုတ်ပြန်ခဲ့ကြပါတယ်။ ဒီကြေငြာစာတမ်းမှာ အမျိုးသမီးတွေဟာ လင်ယောက်ျားတွေကို မှီခိုနေသူတွေအဖြစ် တရားဝင်သတ်မှတ်ခံရတဲ့ အချက်အပါအ၀င် ၀မ်းနည်းကြေကွဲဖွယ်ရာ အချက် (၁၈) ချက်ကို ထည့်သွင်းဖော်ပြခဲ့ကြပါတယ်။ ဒီနှစ်ထဲမှာပဲ အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူတွေ ဆယ့်နှစ်နှစ်ကြာအောင် ကြိုးပမ်းခဲ့တဲ့ အောင်ပွဲတခုက စတင်ရရှိလာပါတယ်။ နယူးယော့ခ် စတိတ်မှာ “လက်ထပ်ထားသော အမျိုးသမီးများရဲ့ မြေယာပိုင်ဆိုင်မှုဥပဒေ“ ကို ပြဌာန်းပေးလိုက်ရတာဖြစ်ပါတယ်။ ဒီကင်ပိန်းကို ဦးဆောင်ခဲ့တဲ့ ရို့စ်နဲ့ အက်လီစဘက်စတင်တန်တို့ဟာလဲ ယုံကြည်ချက်သူ၊ ရပ်တည်ချက်တူတဲ့ ဘ၀တသက်တာ မိတ်ဆွေတွေဖြစ်သွားပါတယ်။

(၁၈၅၂) ခုနှစ်ရောက်တော့ စတင်တန်နဲ့ စူဆန်ဘရောင်းနဲလ်အန်တိုနီတို့ တွေ့ဆုံခဲ့ကြပါတယ်။ အမျိုးသမီး အခွင့်အရေးနဲ့ ပတ်သက်ပြီး ယုံကြည်ချက်၊ ရပ်တည်ချက်တွေ တူညီတာကြောင့် သူတို့နှစ်ဦးဟာ တဦးရဲ့လှုပ်ရှားမှုကို တဦးက အပြန်အလှန်ဖြည့်ဆည်းဆောင်ရွက်ပေးဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ လှုပ်ရှားမှုတွေမှာ အောင်မြင်ဖို့လမ်းစတွေ ရှိနိုင်လား၊ မရှိနိုင်ဘူးလားဆိုတာကို လှုပ်ရှားမှုတွေကို ဦးဆောင်နေတဲ့ ခေါင်းဆောင်တွေရဲ့ စိတ်ဓာတ်၊ အမြော်အမြင်ကို ကြည့်ပြီး ဆုံးဖြတ်နိုင်ပါတယ်။ ခေါင်းဆောင်တွေအချင်းချင်းကြားမှာ ပြိုင်ဆိုင်မှုတွေ၊ နာမည်ကောင်းရယူလိုမှုတွေ၊ တပည့်မွေးမှုတွေ ဖြစ်နေရင်၊ ခေါင်းဆောင်ဟောင်းတွေက မျိုးဆက်သစ်တွေကို လက်တွဲခေါ်ယူမှုတွေ၊ လက်ဆင့်ကမ်း တာဝန်ပေးမှုတွေ မရှိဘူးဆိုရင် အဲဒီလှုပ်ရှားမှုတွေ အနှေးနဲ့အမြန် ကျဆုံးတော့တာပါပဲ။ အမေရိကန်အမျိုးသမီးအခွင့်အရေးလှုပ်ရှားမှု ခေါင်းဆောင်တွေကတော့ သဘောထားကြီးကြီးနဲ့ စိတ်ထားတွေ မြင့်မြတ်ခဲ့ကြပါတယ်။ သူတို့ရဲ့ ထူးခြားချက်ကတော့ ဘယ်နေရာမှာ၊ ဘယ်လိုအသွင်သဏ္ဍာန်မျိုးနဲ့ ဆုံတွေ့တာပဲဖြစ်ဖြစ်၊ တဦးနဲ့တဦးကူညီပံ့ပိုးပေးဖို့ အဆင်သင့်ဖြစ် သွားကြတာပဲ ဖြစ်ပါတယ်။ လှုပ်ရှားမှုကြီးရဲ့ အောင်ပွဲကို တဦးချင်းရဲ့ ပုဂ္ဂိုလ်ရေးအောင်မြင်မှုတွေထက် ပိုပြီး တန်ဖိုးထားခဲ့ကြပါတယ်။
အမျိုးသမီးတွေဟာ အမျိုးသမီးအခွင့်အရေးတွေအတွက် တိုက်ပွဲဝင်နေကြတုန်းမှာပဲ တနိုင်ငံလုံးအရေးဖြစ်တဲ့ အမေရိကန်ပြည်တွင်းစစ်ကာလရောက်တော့ ကျေးကျွန်စနစ် ပပျောက်ရေးကင်ပိန်းတွေ ပြုလုပ်လာ ကြပါတယ်။ သူတို့မျှော်လင့်ခဲ့ကြတယ်။ တနိုင်ငံလုံး တန်းတူညီမျှရေးအတွက် လှုပ်ရှားမှုမှာ ပါဝင်ခဲ့တယ်ဆိုရင် သူတို့ကိုယ်တိုင်လဲ တန်းတူညီမျှခွင့်ကို ရမှာပဲလို့ မျှော်လင့်ခဲ့ကြတယ်။ ဒါပေမယ့် လက်တွေ့မှာကျတော့ သူတို့ မျှော်လင့်ချက်တွေ မပြည့်ဝခဲ့ပါဘူး။ ထပ်ပြီးပြင်ဆင်လိုက်တဲ့ ဥပဒေတွေအရ မဲပေးခွင့်ဟာ လူမည်းအမျိုးသားတွေအတွက်ပဲ ဖြစ်တယ်။ လူဖြူ၊ လူမည်း အမျိုးသမီးတွေရဲ့ အခွင့်အရေး မဟုတ်ခဲ့ဘူး။

အမျိုးသမီးခေါင်းဆောင်တွေက သူတို့ရဲ့ ဦးတည်ချက်တွေကို မစွန့်လွှတ်ခဲ့ကြပါဘူး။ အောင်ပွဲတခုရပေမယ့် ဒီအောင်ပွဲဟာ ကိုယ်ရဲ့ ပန်းတိုင်မဟုတ်ဘူးဆိုရင် အဆုံးသတ်အောင်ပွဲရရှိတဲ့ ပန်းတိုင်ဆီကို ဆက်သွားရမှာပဲဖြစ်ပါတယ်။ စိတ်တူကိုယ်တူ ရဲဘော်ရဲဘက်နှစ်ဦးဖြစ်တဲ့ စတင်တန်နဲ့ အန်တိုနီတို့ဟာ အမျိုးသမီး မဲပေးခွင့်လှုပ်ရှားမှုအစည်းအရုံးကို ထူထောင်ခဲ့ကြပါတယ်။ တပြိုင်နက်တည်းမှာပဲ လူစီစတုန်းဦးဆောင်တဲ့ အမေရိကန် အမျိုးသမီးမဲပေးခွင့်လှုပ်ရှားမှု အစည်းအရုံးလဲ ပေါ်ပေါက်လာခဲ့ပါတယ်။ ၁၈၇၀ ရောက်တော့ လူစီစတုန်း အယ်ဒီတာအဖြစ် တည်းဖြတ်တဲ့ အမျိုးသမီးဂျာနယ်ထွက်ပေါ်လာပါတယ်။ အမျိုးသမီးစာစောင်တွေ၊ ဂျာနယ်တွေ ထွက်ပေါ်လာတဲ့အခါ အမျိုးသားတွေက မိတ်ကပ်တွေ၊ ဆံပင်ပုံစံတွေနဲ့ဆိုင်တဲ့ အမျိုးသမီးရေးကိစ္စတွေဆိုပြီး မဆိုင်သလို သဘောထားတတ်ကြပါတယ်။ အမျိုးသမီးစာစောင်တွေထဲမှာ မိတ်ကပ်တွေ၊ ဖက်ရှင်တွေကို ဦးစားပေးတဲ့ စာစောင်တွေရှိသလို အမျိုးသမီး အခွင့်အရေးအတွက် တိုက်ပွဲဝင်စာစောင်တွေလဲ ရှိပါတယ်။ ဒါတွေကိုကျတော့ အမျိုးသားတွေက မဆိုင်သလို သဘောထားလို့ မရတော့ပါဘူး။ အမျိုးသားဦးဆောင်တဲ့ လူ့အဖွဲ့အစည်းကနေ အမျိုးသမီးနဲ့ အမျိုးသားတွေ ပူးတွဲဦးဆောင်တဲ့ လူ့အဖွဲ့အစည်းတခုရဲ့ အပြောင်းအလဲကို ဆောင်ကျဉ်းပေးတာကြောင့်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် အမျိုးသမီးအခွင့်အရေးစာစောင်တွေဟာ အမျိုးသမီးတွေ သူတို့ရဲ့ အခွင့်အရေးကို သူတို့နားလည်လာစေရေးသာမကပဲ အမျိုးသားတွေ တိုးတက်တဲ့လူ့ဘောင်သစ်ကို နားလည်လာစေရေး အတွက်ပါ ရည်ရွယ်ထုတ်ဝေရမှာဖြစ်ပါတယ်။
၁၈၇၂ ရောက်တော့ အန်တိုနီက မဲပေးခွင့်မရပေမယ့် မဲသွားပေးပါတယ်။ တခြားအမျိုးသမီးတွေကလဲ သူ့ဦးဆောင်မှုနောက်ကနေ မဲသွားပေးခဲ့ကြပါတယ်။ ဒီအတွက် သူနဲ့ မဲရုံကြီးကြပ်သူတွေပါ အဖမ်းခံရပါတယ်။ နှစ်နှစ်ကျော်ကြာနေတဲ့ အမှုစစ်ဆေးမှုဟာ အဲဒီခေတ်ကာလရဲ့ နာမည် အကြီးဆုံးသတင်းတခုပါပဲ။ ၁၈၇၈ ရောက်တော့ ကွန်ကရက်စ်ကနေ ဥပဒေပြင်ဆင်သတ်မှတ်မှုတွေ စတင်ပြုလုပ်လာရပါတယ်။ ၂၀ရာစုအစပိုင်းရောက်တော့ ဗြိတိန်အမျိုးသမီးလှုပ်ရှားမှုကို အတုယူပြီး အမေရိကန်အမျိုးသမီး အတော်များများလှုပ်ရှားမှုမှာ ပါလာကြပါတယ်။ ၁၉၁၃ ခုနှစ်၊ မတ်လ (၃) ရက်နေ့မှာ မျိုးဆက်သစ်ခေါင်းဆောင်တွေဖြစ်တဲ့ အဲလစ်ပေါလ်နဲ့ လူစီဘန်းစ်တို့ဦးဆောင်ပြီး အမျိုးသမီးရှစ်ထောင်ကျော် လမ်းလျှောက်ချီတက်ပွဲ ထွက်ပေါ်လာပါတယ်။ လူငါးသိန်းကျော်က ထောက်ခံခဲ့ကြပါတယ်။ (၁၉၂၀) ရောက်တော့ အမျိုးသမီးတွေကို မဲပေးခွင့်ပြုတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ချက် ထွက်လာပါတယ်။ မဲပေးခွင့်ရပြီးတဲ့အခါမှာလဲ အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူတွေဟာ အမျိုးသမီးတန်းတူညီမျှခွင့်အတွက် ဘက်ပေါင်းစုံကနေ တိုက်ပွဲဝင်ခဲ့ကြပါတယ်။

ဒီမိုကရက်တစ်မြန်မာ့အသံပရိသတ်များရှင်။
အခုဆိုရင် အမေရိကန်ပြည်ထောင်စုမှာ အမျိုးသမီးမဲပေးသူအရေအတွက်ဟာ အမျိုးသားမဲပေးသူ အရေအတွက် ရာခိုင်နှုန်းထက် ပိုများနေပါတယ်။ နိုင်ငံရေးအဖွဲ့အစည်းတွေ၊ အစိုးရတွေမှာ ခေါင်းဆောင်အဖြစ် ပါဝင်တဲ့ အမျိုးသမီးများလဲ ပေါ်ထွက်လာပြီဖြစ်ပါတယ်။ အမေရိကန်က တက္ကသိုလ်၊ ကောလိပ်များမှာ အမျိုးသမီးပညာရှင်များစွာက သင်တန်းတွေ ပို့ချနေကြသလို၊ အမျိုးသားများကသာ လွှမ်းမိုးခဲ့တဲ့ စစ်ရုံးတွေ၊ နိုင်ငံတော်လုံခြုံရေး၊ နိုင်ငံခြားရေးတွေမှာ ဦးစီးခေါင်းဆောင်နေကြတဲ့ အမျိုးသမီးတွေ ပေါ်ထွက်လာနေပါပြီ။ တန်းတူညီမျှခွင့်နဲ့ အပြန်အလှန်လေးစားမှုတွေ ပေါ်ထွက်လာတာကြောင့် အမျိုးသမီးတွေရဲ့လုပ်အားနဲ့ ဦးနှောက်ကို လူ့အဖွဲ့အစည်းအတွက် အပြည့်အ၀ အသုံးပြုခွင့် ရလာတာဖြစ်ပါတယ်။ ယနေ့ခေတ်ကမ္ဘာရဲ့ အင်အားကြီးနိုင်ငံတနိုင်ငံအဖြစ် ရပ်တည်နေနိုင်မှုဟာ အမျိုးသမီးများအပါအ၀င် နိုင်ငံသူ၊ နိုင်ငံသားအားလုံးရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကြောင့် ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်ရှင်။

ခင်မမမျိုး (၂၀၀၉)

အပြည့်အစုံဖတ်ချင်ရင်..>>>

ထိုင်ဝမ်အမျိုးသမီးများ၏ လူ့အခွင့်အရေး လှုပ်ရှားမှု

ဒီမိုကရက်တစ် မြန်မာ့အသံပရိသတ်ကြီးရှင်။

အခုတပတ် အမျိုးသမီးအခွင့်အလမ်း အစီအစဉ်မှာ ထိုင်ဝမ်အမျိုးသမီးရဲ့ လူ့အခွင့်အရေး လှုပ်ရှားမှု အကြောင်း ကို စီစဉ်တင်ဆက်မှာ ဖြစ်ပါတယ်။ (၁၉၃၀)ကာလတွေမှာ တရုတ်ပြည်ပကြီးမှာ ချန်ကေရှိတ်ဦးဆောင်တဲ့ ကူမင်တန်ပါတီအစိုးရနဲ့ မော်စီတုန်းဦးဆောင်တဲ့ တရုတ်ကွန်မြူနစ်ပါတီ တို့အကြားမှာ ပြည်တွင်းစစ်ဖြစ်ခဲ့ပါတယ်။ ဒီပြည်တွင်းစစ်မှာ အနိုင်ရ ကွန်မြူနစ်ပါတီက တရုတ်ပြည်သူ့ သမ္မတနိုင်ငံကို တည်ထောင်ခဲ့ပါတယ်။ ချန်ကေရှိတ်အစိုးရအဖွဲ့ဝင်များနဲ့ စီးပွားရေးလုပ်ငန်းရှင်အချို့က ထိုင်ဝမ်ကို ထွက်ပြေးခဲ့ကြပါတယ်။ တရုတ်နိုင်ငံအစိုးရအနေနဲ့ ဆက်လက်ရပ်တည်ပြီး မာရှယ်လောနဲ့ ထိုင်ဝမ်ကို အုပ်ချုပ်ခဲ့ကြပါတယ်။ ကမ္ဘာ့ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အင်အားကြီးနိုင်ငံများက ချန်ကေရှိတ် အစိုးရကို တရုတ်နိုင်ငံအစိုးရအဖြစ် အသိအမှတ်ပြုထားခဲ့ကြပြီး၊ လုံခြုံရေးကောင်စီရဲ့ အမြဲတမ်းအဖွဲ့ဝင် (၅) နိုင်ငံမှာ ပါဝင်ခွင့်ပေးခဲ့ပါတယ်။ ၁၉၇၁ ရောက်မှ ဘက်ပြောင်းပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ မော်စီတုန်း အစိုးရကို အသိအမှတ်ပြုခဲ့တာဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုကလဲ ၁၉၇၉ ခုနှစ်ကျမှ တိုင်ပေကနေ ဘီဂျင်းအစိုးရကို ပြောင်းလဲ အသိအမှတ်ပြုခဲ့တာပါ။ အမြဲတမ်းပြောင်းလဲမှုဖြစ်နေတဲ့ နိုင်ငံတကာ ဇာတ်ခုံပေါ်က နိုင်ငံရေးသင်ခန်းစာ တခုအဖြစ် မှတ်ယူနိုင်ပါတယ်။



နိုင်ငံတကာဇာတ်ခုံဆိုတာ ပါဝင်ကပြတဲ့ နိုင်ငံများရဲ့ ကိုယ်ပိုင်အကျိုးစီးပွားကို ညင်သာစွာ အားစမ်းရယူတဲ့ နေရာတခုပါ။ ဒီကနေ့အသိအမှတ်ပြုမှုဟာ၊ နောက်တနေ့မှာ ဖယ်ရှားမှုဖြစ်နိုင်ပါတယ်။ ဒီကနေ့ သူရဲကောင်းဟာ နောက်တနေ့မှာ အကြမ်းဖက်သမား ဖြစ်နိုင်ပါတယ်။ ဒီကနေ့ မဟာမိတ်ဟာ နောက်တ နေ့မှာ ရန်သူဖြစ်နိုင်ပါတယ်။ ဒါကြောင့်လဲ နိုင်ငံတကာဇာတ်ခုံမှာ မှီခိုအားကိုးပြီး ပြုလုပ်ကြတဲ့ လွတ်မြောက် ရေးလှုပ်ရှားမှုတွေ၊ တိုင်းပြည်ထူထောင်အစိုးရဖွဲ့မှုတွေ၊ ပြည်တွင်းစစ်တွေမှာ မပြီးပြတ်နိုင်တဲ့ ပဋ္ဋိပက္ခတွေ၊ လမ်းလွဲမှုတွေနဲ့ သမိုင်းရဟတ်လည်နေကြတာပဲ ဖြစ်ပါတယ်။ တရုတ်နိုင်ငံအစိုးရအသိအမှတ်ပြုခံရမှုနဲ့ ပတ်သက်တဲ့ ချန်ကေရှိတ်အစိုးရနဲ့ မော်စီတုန်းအစိုးရကြားက အားစမ်းမှုကတော့ ပြီးပြတ်သွားခဲ့ပါတယ်။ ကုလသမဂ္ဂ အပါအ၀င် အင်အားကြီးနိုင်ငံများက ချန်ကေရှိတ်အစိုးရကို နိုင်ငံတကာဇာတ်ခုံပေါ်က ဖယ်ရှားပြီး မော်စီတုန်းအစိုးရကို အစားထိုးလိုက်လို့ပဲ ဖြစ်ပါတယ်။

ဒီလိုနဲ့ ချန်ကေရှိတ်သေဆုံးပြီးနောက်ပိုင်းမှာ ထိုင်ဝမ်မှာ မာရှယ်လောရုတ်သိမ်းတာတွေ၊ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေ စတင်လာပါတယ်။ ဒါပေမယ့် ဒီမိုကရေစီအသွင်ကူးပြောင်းမှုဆိုတာဟာ အမျိုးသမီးအခွင့်အရေးတွေ ချက်ချင်းလက်ငင်းရရှိမှုမဟုတ်ပါဘူး။ ဒီမိုကရေစီစနစ်ဟာ လွတ်လပ်စွာ စုဝေးခွင့်၊ အဖွဲ့အစည်းတည်ထောင်ခွင့်၊ ဟောပြောစည်းရုံးခွင့်ကို အားပေးပါတယ်။ ဒီလိုအားပေးမှုကို အသုံးချပြီး ကိုယ်ပိုင်အခွင့်အရေးကို ကိုယ်တိုင် ကြိုးပမ်းရယူရမှာ ဖြစ်ပါတယ်။ ထိုင်ဝမ်အမျိုးသမီးတွေဟာလဲ နိုင်ငံတကာ အမျိုးသမီးလှုပ်ရှားမှုများမှာလိုပဲ ကိုယ်ပိုင်အခွင့်အရေးအတွက် ကိုယ်တိုင် ကြိုးပမ်းခဲ့ကြပါတယ်။

ထိုင်ဝမ်အမျိုးသမီးလှုပ်ရှားမှုဟာ (၁၉၇၀) ကာလတွေမှာ အစပျိုးခဲ့ပါတယ်။ စွမ်လျန်လုဆိုတဲ့ အမျိုးသမီးတဦးဟာ အမျိုးသမီးဝါဒသစ်ကို ထုတ်ဖော်ကြေညာခဲ့ပြီး လူ့အဖွဲ့အစည်းတွင်းက အမျိုးသမီးတွေအပေါ် မတရားမှုတွေကို ဖော်ထုတ်ခဲ့ပါတယ်။ ထိုင်ဝမ်လူ့အဖွဲ့အစည်းအတွင်းမှာ ပထမဆုံး ပျံ့နှံ့လာတဲ့ အတွေးအခေါ် သစ်ဖြစ်တာကြောင့် လူထုရဲ့ အာရုံစိုက်မှုကိုခံခဲ့ရပါတယ်။ ၁၉၈၂ ခုနှစ်ရောက်တော့ “အမျိုးသမီးများ နိုးထလော့“ ဆိုတဲ့ မဂ္ဂဇင်းထွက်ပေါ်လာပါတယ်။ ရမ်ချန်လီဆိုတဲ့ အမျိုးသမီးက ဦးဆောင်ထုတ်ဝေခဲ့တဲ့ ဒီမဂ္ဂဇင်းထုတ်ဝေရေးအဖွဲ့ဟာ မာရှယ်လောကာလမှာ ကျားမ တန်းတူညီမျှရေးကို အလေးပေးဆောင်ရွက်ခဲ့တဲ့ တခုတည်းသော စာပေအဖွဲ့အစည်းပါပဲ။ ဒီလိုကာလမျိုးမှာ အဖွဲ့အစည်းတရပ်တည်ထောင်ဖို့ ခဲယဉ်းတာကြောင့် စာပေအသွင်နဲ့ စတင်ဖွဲ့စည်းထားခဲ့ပြီး၊ မာရှယ်လောရုတ်သိမ်းပြီးချိန်ကျတော့ ပထမဆုံးအမျိုးသမီးအဖွဲ့အစည်းအနေနဲ့ ပေါ်ထွက်လာခဲ့ပါတယ်။ ထိုင်ဝမ်အမျိုးသမီးလှုပ်ရှားသူတွေဟာ အာဏာရှင်စနစ်ကြောင့် အဖွဲ့အစည်းဖွဲ့လို့ မရတဲ့ အခက်အခဲကို အကြောင်းပြပြီး လက်မလျှော့ခဲ့ကြပါဘူး။ စိတ်တူကိုယ်တူတွေစုစည်းပြီး အတွေးအခေါ်တိုက်ပွဲကို အရင်စခဲ့ကြတာပါ။ ဒါကြောင့်လဲ ပြောင်းလဲမှု စတင်တဲ့အခါမှာ ခိုင်မာတဲ့အမျိုးသမီး အဖွဲ့ အစည်းတရပ်ရဲ့အသွင်ကို ချက်ချင်းကူးပြောင်းသွားခဲ့ပါတယ်။

တပြိုင်နက်တည်းမှာပဲ အမျိုးသမီးအဖွဲ့များစွာလဲ ပေါ်ထွက်လာပါတယ်။ ဒါတွေဟာ အမျိုးသမီးများ နိုးထလော့ဆိုတဲ့ ဖောင်ဒေးရှင်းကနေ နှစ်များစွာ ကြိုတင်ပြီး အတွေးသစ်၊ အမြင်သစ်တွေကို လူထုအကြား မျိုးစေ့ချခဲ့တာကြောင့်ပါ။ လှုပ်ရှားမှုတခုမှာ အဖွဲ့အစည်းတွေ စုပေါင်းပြီး၊ အဖွဲ့ချုပ်ကြီးတွေ၊ တပ်ပေါင်းစုကြီးတွေ ဖွဲ့စည်းတာက အိမ်ခေါင်းမိုးတွေ ပြုလုပ်တာနဲ့ တူပါတယ်။ လူထုအကြား အတွေးအခေါ်၊ အယူအဆတွေ မျိုးစေ့ချတာက အုတ်မြစ်ချတာ၊ ကြမ်းခင်းတာနဲ့ တူပါတယ်။ အဖွဲ့အစည်းတွေအကြား ကွန်ယက်ချိတ်ဆက်မှုဆိုတာက အကာအရံဆောက်တာပါ။ ဒါတွေအားလုံးပြည့်စုံမှ အိမ်တလုံးသဏ္ဍာန်ပေါ်လာမှာဖြစ်ပါတယ်။ ဒီသဘောတရားတွေကို ထိုင်ဝမ်အမျိုးသမီးခေါင်းဆောင်တွေ သဘောပေါက်ခဲ့ကြပါတယ်။ စနစ်တကျလုပ်ဆောင်ခဲ့မှုတွေကြောင့် ထိုင်ဝမ်အမျိုးသမီးလှုပ်ရှားမှုဟာ ခေါင်မိုးပဲ ရှိနေတဲ့ လှုပ်ရှားမှုတွေ၊ ကြမ်းခင်းပဲရှိတဲ့ လှုပ်ရှားမှုတွေလို မဟုတ်ခဲ့ပါဘူး။ ဘက်ပေါင်းစုံကနေ ခိုင်မာကျစ်လစ်တဲ့ လှုပ်ရှားမှုကြီးအသွင်နဲ့ အချိန်တိုအတွင်းမှာ ကြီးထွားလာခဲ့တာပါ။

ဒီလိုနဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုစတင်တဲ့ ၁၉၉၀ အစောပိုင်းကာလတွေမှာ အလုပ်သမားရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုစောင့်ရှောက်ရေး၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးစတဲ့ ကဏ္ဍပေါင်းစုံမှာ အမျိုးသမီးအဖွဲ့အစည်းမျိုးစုံ ပေါ်ထွက်လာခဲ့ပါတယ်။ လူထုဆန္ဒပြပွဲများစွာကိုလဲ အမျိုးသမီးအဖွဲ့တွေက ဦးဆောင်ပြုလုပ်ခဲ့ကြပါတယ်။ ဒီလိုဆန္ဒပြပွဲတွေထဲမှာ ၁၉၉၆ခု၊ မတ်လ အမျိုးသမီး တရာချီတက်ပွဲကတော့ အလွန်ပဲ ထင်ရှားလှပါတယ်။ အမျိုးသမီးလှုပ်ရှားသူတွေဟာ သမ္မတရုံးကို ချီတက်ပြီး ကျားမရေးရာနဲ့ ပတ်သက်တဲ့ မူဝါဒ (၁၀၄) ချက်ကို တောင်းဆိုခဲ့ကြပါတယ်။ ၁၉၉၇ ခုနှစ်ရောက်တော့ အာဏာရအစိုးရကနေ အမျိုးသမီးအခွင့်အရေးကော်မရှင်ကို တည်ထောင်ပေးရပါတော့တယ်။ ဗဟိုအစိုးရ၊ ဒေသဆိုင်ရာ အစိုးရတွေထဲမှာ ကျားမရေးရာ ကော်မတီတွေ ထွက်ပေါ်လာပါတယ်။ အမျိုးသမီးအခွင့်အရေး ဥပဒေတွေ ချမှတ်ကျင့်သုံးလာပါတယ်။

ဒီမိုကရက်တစ်မြန်မာ့အသံပရိသတ်ကြီးရှင်။
တကယ်တော့ အမျိုးသားတွေကို ဦးစားပေးတဲ့ အစဉ်အလာဓလေ့ထုံးစံတွေနဲ့ အာဏာရှင်စနစ်ကို နှစ်ပေါင်းများစွာ ခံစားခဲ့ရတဲ့ လူ့အဖွဲ့အစည်းအတွင်းမှာ အကြောက်တရားကင်းဝေးရေး၊ တရားမျှတမှု၊ လွတ်လပ်မှု၊ တန်းတူညီမျှမှုတွေ အပြည့်အ၀ရှိလာအောင် ပြုလုပ်ဖို့ ဆိုတာ အလွန်ပဲ ခဲယဉ်းလှပါတယ်။ အချိန်အတိုင်းအတာတခုယူပြီး စနစ်တကျနဲ့ စဉ်ဆက်မပြတ်ပြုလုပ်မှသာ ရာနှုန်းပြည့်အောင်မြင်မှုရလာမှာ ဖြစ်ပါတယ်။

ဒီလိုခက်ခဲကြမ်းတမ်းမှုတွေကြားကပဲ ထိုင်ဝမ်လူ့အဖွဲ့အစည်းအတွင်းမှာတော့ ရာနှုန်းပြည့်အောင်မြင်မှု မရပေမယ့် မြင်သာထင်ရှားတဲ့ အောင်မြင်မှုတွေ ရလာအောင် အမျိုးသမီး အခွင့်အရေးလှုပ်ရှား တက်ကြွသူတွေက လုပ်ဆောင်ခဲ့ကြပြီးပါပြီ။ တိုးတက်တဲ့ အောင်မြင်မှုတွေ ရရှိအောင်လဲ သူတို့တတွေ ဆက်လက်လှုပ်ရှားနေကြဦးမှာပါ။ လီဘိုင်ရေးစပ်ခဲ့တဲ့

“အနောက်ကို ပြန်လှည့်ကြည့်ရင်
တို့တွေ လျှောက်လှမ်းခဲ့တဲ့
လမ်းကြောင်းကြီးရဲ့
အရိပ်တွေကို
မြင်နေရဆဲပါ“
ဆိုတဲ့ ကဗျာတပုဒ်လိုပါပဲ။

အခွင့်အရေးလှုပ်ရှားမှုတိုင်းမှာ ပန်းတိုင်ရောက်အောင် လှမ်းတက်ခဲ့ကြတဲ့ ခြေလှမ်းတွေက အများကြီးပါ။ ဒီခြေလှမ်းတွေရဲ့ အောင်ပွဲတွေကို တန်ဖိုးထားရင်း၊ အဆုံးသတ်ပန်းတိုင်ကို ဇွဲနဘဲနဲ့ ဆက်လျှောက်ရမယ်ဆိုတဲ့ အရေးကြီးသင်ခန်းစာတရပ်ကို ထိုင်ဝမ်အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူများက မီးမောင်းထိုးပြနေပါကြောင်း တင်ပြလိုက်ရပါတယ်ရှင်။

ခင်မမမျိုး (၂၀၀၉)

အပြည့်အစုံဖတ်ချင်ရင်..>>>

တောင်အာဖရိကအမျိုးသမီး အခွင့်အရေး လှုပ်ရှားမှု

ဒီမိုကရက်တစ် မြန်မာ့အသံ ပရိသတ်များရှင်။

အခုတပတ်အမျိုးသမီး အခွင့်အလမ်းအစီအစဉ်မှာ တောင်အာဖရိကအမျိုးသမီးများရဲ့ လူ့အခွင့်အရေး လှုပ်ရှားမှုတွေကို စီစဉ်တင်ဆက်မှာ ဖြစ်ပါတယ်။ တောင်အာဖရိကနိုင်ငံဟာ အာဖရိကတိုက်တောင်ပိုင်း ဒေသက နယ်မြေဒေသကျယ်ဝန်းတဲ့ နိုင်ငံကြီးတနိုင်ငံဖြစ်ပါတယ်။ ၁၇၉၅ ခုနှစ်မှာ ကမ္ဘာ့အရှေ့ခြမ်းဒေသ ပင်လယ်ရေကြောင်း စိုးမိုးရေးဗျူဟာအရ ဗြိတိသျှအင်ပါယာရဲ့ သိမ်းယူခြင်းကို ခံခဲ့ရပါတယ်။ ကိုလိုနီ လက်အောက်ခံဘ၀မှာ အသားအရောင်ခွဲခြားရေး ပြဿနာကြီးထွားလာခဲ့တာဟာ လွတ်လပ်ရေးရပြီး နောက်ပိုင်းမှာလဲ မကွယ်ပျောက်သွားခဲ့ပါဘူး။ ဒါကြောင့်လဲ ၁၉၁၂ ခုနှစ်ရောက်တော့ တန်းတူညီမျှမှုမရှိတာကို တိုက်ဖျက်ဖို့အတွက် အာဖရိက အမျိုးသားကွန်ဂရက် ပေါ်ထွက်လာ ခဲ့ပါတော့တယ်။ ဒီလို ပြည်သူလူထု တရပ်လုံးအတွက် တန်းတူညီမျှရေးလှုပ်ရှားမှုတွေနဲ့အတူ တောင်အာဖရိက အမျိုးသမီး အခွင့်အရေးလှုပ်ရှားမှုတွေလဲ စတင်ပေါ်ပေါက်လာခဲ့ပါတယ်။



တောင်အာဖရိက အမျိုးသမီးတွေဟာ တရားမျှတမှုမရှိတဲ့ မြေယာဥပေဒကို ဆန့်ကျင်ခဲ့ကြပါတယ်။ အဲဒီအချိန်ကာလက ပြည်သူ့လွတ်မြောက်ရေး လှုပ်ရှားမှုမှာ အမျိုးသားတွေကသာ ဦးဆောင်နေခဲ့တာပါ။ ဓလေ့ထုံးစံတွေအရ အမျိုးသမီးတွေကတော့ တွဲဘက်အဖွဲ့ဝင်တွေအနေနဲ့ပဲ သတ်မှတ်ခံခဲ့ရပါတယ်။ ဒါကြောင့် အမျိုးသမီးတွေဟာ လူတန်းစားမရွေးပါဝင်နိုင်တဲ့ အမျိုးသမီးအဖွဲ့ချုပ်ကို တည်ထောင်ခဲ့ကြပြီး အမျိုးသမီးအခွင့်အရေးတွေနဲ့အတူ ပြည်သူလူထု အခွင့်အရေးတွေ အတွက်ပါ ပေါင်းစပ်တိုက်ပွဲဝင်ခဲ့ကြပါတယ်။ ဒီလို လှုပ်ရှားမှုတွေကို အမျိုးသားခေါင်းဆောင်တွေ တွေ့မြင်လာတဲ့အခါကျတော့ အမျိုးသမီးတွေရဲ့ ညီညွတ်မှုအင်အားကို အသိအမှတ်ပြုလာကြရပါတယ်။ အမျိုးသမီးတွေကို အမျိုးသားများနဲ့ တန်းတူရည်တူ အဖွဲ့ဝင်တွေအဖြစ် ပါဝင်ခွင့်ပေးလာကြရပါတယ်။ ဒီလိုနဲ့ အမျိုးသမီး တက်ကြွလှုပ်ရှားသူတွေဟာ ၁၉၅၆ ခု၊ သြဂုတ်လ အာဏာဖီဆန်ရေး လူုထုချီတက်ပွဲနဲ့ ၁၉၇၆ ခု လူထုလှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ခဲ့ကြပါတယ်။ တရားမျှတမှု၊ လူ့အခွင့်အရေးနဲ့ တန်းတူညီမျှမှုတွေအတွက် တိုက်ပွဲဝင်ခဲ့ကြပါတယ်။

ပြည်သူလူထုတရပ်လုံးရဲ့ တက်တက်ကြွကြွ ညီညီညွတ်ညွတ်တိုက်ပွဲဝင်မှုနဲ့ နိုင်ငံတကာ ကင်ပိန်း ဖော်ဆောင်မှုတွေ စနစ်တကျပေါင်းစပ်သွားတာကြောင့် တောင်အာဖရိက အစိုးရဟာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို စတင်ဖော်ဆောင်လာရပါတယ်။ စေ့စပ်ညှိနှိုင်းရေးတွေ စတင်ပြုလုပ်လာရပါတယ်။ ဒါပေမယ့်လဲ ကနဦးအစမှာ တော်လှန်ရေးကာလတလျှောက် အမျိုးသားများနဲ့ တန်းတူလက်တွဲပါဝင်လာခဲ့တဲ့ အမျိုးသမီးများရဲ့ ပါဝင်ခွင့်ကို ကန့်သတ်မှုတွေ ထွက်ပေါ်လာပါတယ်။ တောင်အာဖရိက အမျိုးသမီးတွေဟာ ဒီလို မတရားမှုတွေကို ခေါင်းငုံ့ မခံခဲ့ကြပါဘူး။

နိုင်ငံရေးအဖွဲ့အစည်းပေါင်းစုံက အမျိုးသမီးတွေ စုပေါင်းပြီး အမျိုးသမီး မဟာမိတ်အဖွဲ့ကို ဖွဲ့စည်းခဲ့ကြပါတယ်။ ဒီအဖွဲ့အစည်းရဲ့ ညီညွတ်မှု၊ ကျစ်လျစ်ခိုင်မာမှု၊ မဆုတ်မနစ် ကြိုးပမ်းအားထုတ်မှုတွေကြောင့် နောက်ဆုံးမှာ နိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍကို အမျိုးသားများကသာ ကြီးစိုးဖို့ ကြိုးပမ်းတာတွေကို ဖယ်ရှားနိုင်ခဲ့ပါတယ်။ စေ့စပ်ဆွေးနွေးပွဲတွေမှာ ပါဝင်ခွင့်ရခဲ့ပြီး လူထုတရပ်လုံးအတွက် အရေးကြီးတဲ့ တန်းတူညီမျှမှုဆိုင်ရာ တောင်းဆိုချက်တွေကို တောင်းဆိုနိုင်ခဲ့ကြပါတယ်။ တောင်အာဖရိကအမျိုးသမီးတွေဟာ အမျိုးသားကြီးစိုးရေးဝါဒကို တိုက်ဖျက်ရေး၊ ကွဲပြားခြားနားမှုကို သဘောတူလက်ခံရေး၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးရာများမှာ အမျိုးသမီးများ ပါဝင်ဆောင်ရွက်ခွင့် ရရှိရေး၊ စီးပွားရေး၊ လူမှုရေး၊ အစိုးရအုပ်ချုပ်ရေး ကဏ္ဍဆိုင်ရာ စီမံချက်တွေမှာ ကိုယ်တိုင်ပါဝင်ရေးဆွဲခွင့် ရရေး စတဲ့ အခြေခံစည်းမျဉ်းတွေကို ကိုင်စွဲပြီး လှုပ်ရှားမှုတွေကို ပြုလုပ်ခဲ့ကြပါတယ်။

အမြော်အမြင်ရှိတဲ့ အမျိုးသမီးခေါင်းဆောင်တွေဟာ ထိရောက်သော တန်းတူညီမျှမှုဆိုင်ရာ အမျိုးသမီး သဘောတူစာချုပ်ကို ရေးဆွဲခဲ့ကြပြီး၊ ပထမဆုံး ဒီမိုကရေစီအစိုးရဖြစ်တဲ့ မင်ဒဲလားအစိုးရထံကို တင်သွင်းခဲ့ကြပါတယ်။ ၁၉၉၄ ခုနှစ် တောင်အာဖရိကနိုင်ငံ ဒီမိုကရေစီအစိုးရရဲ့ သမ္မတဖြစ်တဲ့ မင်ဒဲလားကလဲ အမျိုးသမီး အခွင့်အရေး လှုပ်ရှားမှုတွေကို ထောက်ခံခဲ့ပါတယ်။ ပါလီမန်အဖွင့်မိန့်ခွန်းမှာ အမျိုးသမီးတွေကို ဖိနှိပ်မှုတွေ ရှိနေသမျှကာလပတ်လုံး တောင်အာဖရိကနိုင်ငံမှာ စစ်မှန်တဲ့ လွတ်လပ်ခွင့် ရှိမှာ မဟုတ်ဘူးလို့ ထည့်သွင်း ပြောကြားခဲ့ပါတယ်။

၁၉၉၅ ခုနှစ်မှာကျတော့ ကမ္ဘာ့အမျိုးသမီးလှုပ်ရှားမှုရဲ့ သမိုင်းတခေတ်ကို ဆောင်ကျဉ်းပေးနိုင်ခဲ့တဲ့ ဘီဂျင်းလှုပ်ရှားမှု ပလက်ဖောင်း ထွက်ပေါ်လာပါတယ်။ တောင်အာဖရိကအစိုးရဟာ ဒီပလက်ဖောင်းကို အလေးအနက်ထား အကောင်အထည်ဖော်ခဲ့ကြပြီး အမျိုးသမီးရေးရာရုံးကို သမ္မတရုံးခန်းအနီးမှာ တွဲဖက်ဖွင့်လှစ်ပါတယ်။ ပါလီမန်အတွင်းမှာလဲ အမျိုးသမီးများရဲ့ ဘ၀နဲ့ အဆင့်အတန်းဆိုင်ရာ ကော်မတီတရပ် ဖွဲ့စည်းပြီး၊ ကျားမတန်းတူညီမျှရေး ကော်မရှင်တရပ်လဲ ထွက်ပေါ်လာခဲ့ပါတယ်။

ဒီလိုနဲ့ တောင်အာဖရိကနိုင်ငံဟာ နှစ်ပေါင်းအနည်းငယ်အတွင်း ဒီမိုကရေစီနဲ့ တန်းတူညီမျှခွင့် အပြည့်အ၀ရှိတဲ့ နိုင်ငံတရပ်အဖြစ် ထွက်ပေါ်လာတာဟာ ဒီလိုမျှတပွင့်လင်းတဲ့ အစိုးရအုပ်ချုပ်ရေးနဲ့ ကျားမ တန်းတူညီမျှရေးကို လက်ခံယုံကြည်တဲ့ အမျိုးသား၊ အမျိုးသမီးခေါင်းဆောင်များရဲ့ စွမ်းဆောင်မှုအရည်အချင်းတွေကြောင့်ပဲ ဖြစ်ပါတယ်။

အခုဆိုရင် တောင်အာဖရိက အစိုးရကက်ဘိနက်မှာ အမျိုးသမီး လေးဆယ့်ငါး ရာခိုင်နှုန်း ပါဝင်နေပါပြီ။ အမျိုးသမီး ၀န်ကြီးများစွာဟာလဲ နိုင်ငံခြားရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဆက်သွယ်ရေး၊ လယ်ယာစိုက်ပျိုးရေး၊ လူထုအုပ်ချုပ်ရေး ၀န်ကြီးဌာနများကို ဦးဆောင်နေကြပါပြီ။ ပါလီမန်အမတ် သုံးဆယ်ရာခိုင်နှုန်းကျော်ဟာ အမျိုးသမီးများ ဖြစ်နေပါပြီ။ အမျိုးသားများကသာ နေရာယူကြီးစိုးခဲ့တဲ့ သံတမန်ရေးရာမှာဆိုရင်လဲ သံအမတ် ရာခိုင်နှုန်း ငါးဆယ်ကျော်ဟာ အမျိုးသမီးများ ဖြစ်လာခဲ့ပါပြီ။

အစိုးရအုပ်ချုပ်ရေးယန္တရားမှာ အခုလို လူဦးရေတ၀က်ကျော်ကို ကိုယ်စားပြုနေတဲ့ အမျိုးသမီးတွေ ပါဝင်လာတာကြောင့် နိုင်ငံသူ၊ နိုင်ငံသား အားလုံးရဲ့ အကျိုးစီးပွားကို ဘက်မလိုက်ပဲ မှန်မှန်ကန်ကန် အကောင်အထည်ဖော်နိုင်လာခဲ့ပြီး တိုင်းပြည်တိုးတက်လာခဲ့တာ ဖြစ်ပါတယ်။


ဒီမိုကရက်တစ် မြန်မာ့အသံ ပရိသတ်များရှင်။

လူ့အဖွဲ့အစည်းတခုကို တရားမျှတမှု၊ လွတ်လပ်ပွင့်လင်းမှု၊ တန်းတူညီမျှမှုတွေအပေါ်မှာ အခြေခံတဲ့ လူ့အဖွဲ့အစည်းတခုအဖြစ် အသွင်ကူးပြောင်းနိုင်ဖို့ဆိုတာ မှန်ကန်တဲ့ ခေါင်းဆောင်မှုလိုအပ်ပါတယ်။ ဒီလိုပြုပြင်ပြောင်းလဲရေး ကာလမှာ အစဉ်အလာ၊ ဓလေ့ထုံးစံတွေထဲက ခေတ်စနစ်နဲ့ မလျော်ညီတဲ့ အချက်တွေကို ရဲရဲဝံ့ဝံ့ဆန့်ကျင်ပြီး၊ လူ့ဘောင်သစ်ကို ဦးဆောင်တည်ဆောက်ရဲတဲ့ အမျိုးသမီး ခေါင်းဆောင်တွေ ထွက်ပေါ်လာဖို့ လိုအပ်လှပါတယ်။ တချိန်တည်းမှာပဲ ဒီလိုလူ့ဘောင်သစ် အသွင်ကူးပြောင်းမှုရဲ့ အကျိုးကျေးဇူးတွေကို အမှန်တကယ်တန်ဖိုးထားတဲ့ စစ်မှန်တဲ့ အမျိုးသား ခေါင်းဆောင်တွေလဲ ရှိနေဖို့ လိုအပ်လှပါကြောင်း တင်ပြလိုက်ရပါတယ်ရှင်။

ခင်မမမျိုး (၂၀၀၉)

အပြည့်အစုံဖတ်ချင်ရင်..>>>

တရုတ်အမျိုးသမီး အခွင့်အရေးလှုပ်ရှားမှု

ဒီမိုကရက်တစ် မြန်မာ့အသံ ပရိသတ်များရှင်။
အခုတပတ်အမျိုးသမီး အခွင့်အလမ်းအစီအစဉ်မှာ တရုတ်အမျိုးသမီးများရဲ့ အမျိုးသမီး အခွင့်အရေး လှုပ်ရှားမှုအကြောင်းကို စီစဉ်တင်ဆက်မှာ ဖြစ်ပါတယ်။ ဘီစီအီး ၅၀၀ ကနေ ၂၀ရာစု အစောပိုင်းကာလအထိ တရုတ်လူ့အဖွဲ့အစည်းကို ကွန်ဖျူးရှပ်ဝါဒက လွှမ်းမိုးထားခဲ့ပါတယ်။ ဒီဝါဒက မိသားစုအာဏာတည်မှုကို လူ့အဖွဲ့အစည်းရဲ့ ပင်မအဓိက အရေးကြီးတဲ့ အချက်အနေနဲ့ ဖော်ပြထားပါတယ်။ သားသမီးတွေဟာ ဖခင်ကို ရိုသေနေရင်၊ ဇနီးမယားတွေက လင်ယောက်ျားတွေကို ရိုသေနေရင် ဒီလို မိသားစု ဆက်နွယ်မှုရှိနေတဲ့ လူ့အဖွဲ့အစည်းဟာ ငြိမ်ဝပ်ပိပြားမယ်လို့ ကွန်ဖျူးရှပ်က ဆိုခဲ့ပါတယ်။ sung မင်းဆက်မှာ အစပျိုးခဲ့တဲ့ အထက်လွှာ လူတန်းစား အမျိုးသမီးတွေရဲ့ ခြေထောက်တွေကို ချည်နှောင်စည်းကြပ်ထားတဲ့ ဓလေ့ဟာ ၂၀ ရာစု အစောပိုင်း ကာလအထိ ရှိခဲ့ပါတယ်။ ဒီလို ဓလေ့ထုံးစံတွေဟာ အမျိုးသားတွေအပေါ် မှီခိုမှု ပိုမိုကြီးမားစေခဲ့ပါတယ်။ အမျိုးသမီးတွေရဲ့ ဘ၀ဟာ အိမ်မှာပဲ ဖြစ်ခဲ့ပြီး၊ ပြင်ပလူမှုဘ၀မှာ အမျိုးသားတွေနဲ့သာ ယှဉ်တွဲ ပါဝင်ခွင့်ရခဲ့ပါတယ်။ မိမိကိုယ်မိမိ ရပ်တည်နိုင်ခွင့်ဆိုတာ မရှိသလောက် ရှားပါးခဲ့ပါတယ်။



တရုတ်နိုင်ငံကို သမ္မတနိုင်ငံအဖြစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနဲ့ တည်ထောင်လာပြီး နောက်ပိုင်းမှာ အမျိုးသမီးတွေဟာ နိုင်ငံရေးပါဝင်ပတ်သက်ခွင့်ကို စတင်တောင်းဆိုလာကြပါတော့တယ်။ ၂၀ ရာစု အစောပိုင်း ကာလတွေမှာ မဲပေးပိုင်ခွင့်အတွက် စတင်လှုပ်ရှားလာကြပါတယ်။ တရုတ်အမျိုးသမီး သမ၀ါယမအသင်း၊ တရုတ်အမျိုးသမီး မဲပေးခွင့် လှုပ်ရှားရေးအဖွဲ့ စတဲ့ အမျိုးသမီး အသင်းအဖွဲ့တွေ ပေါ်ပေါက်လာခဲ့တယ်။ မန်ချူးမင်းဆက်ကို ဖြုတ်ချခဲ့တဲ့ ၁၉၁၁ ခု၊ ၀ူချန်းလူုထုလှုပ်ရှားမှုမှာ တရုတ် အမျိုးသမီး အဖွဲ့အစည်းများအားလုံး တက်တက်ကြွကြွနဲ့ ပါဝင်ခဲ့ကြပါတယ်။ လူထုလှုပ်ရှားမှုအပြီးမှာ ဆွန်ယက်ဆင် ဦးဆောင်တဲ့ အစိုးရတက်လာတဲ့အခါမှာလဲ အမျိုးသားနဲ့ အမျိုးသမီး တန်းတူ အခွင့်အရေးအတွက် ဆက်လက်တိုက်ပွဲဝင်ခဲ့ကြပါတယ်။ ဒါပေမယ့်လဲ အစဉ်အလာ မိသားစု ဓလေ့ထုံးစံတွေကို ထိန်းသိမ်းရမယ်ဆိုတဲ့ အယူအဆတွေကြောင့် ၁၉၁၃ ခု၊ ကန်တုံမှာကျင်းပခဲ့တဲ့ အမြဲတမ်း လူထုစည်းဝေးပွဲမှာ အမျိုးသမီးအဖွဲ့ဝင်တွေ ပါဝင်ခွင့် မရခဲ့ကြပါဘူး။ ဆွန်ယက်ဆင်ရဲ့ ကူမင်တန်အစိုးရဟာ ၁၉၂၁ ခုနှစ်မှာ အသစ်ဖွဲ့စည်းခဲ့တဲ့ အမျိုးသမီးအခွင့်အရေး အဖွဲ့ချုပ်ကို ဖိနှိပ်ချုပ်ချယ်မှုများ ပြုလုပ်ခဲ့ပါတယ်။ အမျိုးသမီးတွေရဲ့ မဲပေးခွင့် အခွင့်အရေးတွေကို ဖယ်ရှားထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေအသစ်ကို အမျိုးသားကွန်ဂရက်က ရေးဆွဲခဲ့ပါတယ်။

တချိန်တည်းမှာ အသစ်ဖွဲ့စည်းတဲ့ တရုတ်ကွန်မြူနစ်ပါတီရဲ့ အခြေခံစည်းမျဉ်းတွေထဲမှာ တန်းတူညီမျှခွင့် ပါတဲ့အတွက် အမျိုးသမီးတွေဟာ တရုတ်ကွန်မြူနစ်ပါတီကို ထောက်ခံမှု များလာပါတယ်။ ၁၉၂၃ ခုနှစ်မှာ ကူမင်တန်နဲ့ ကွန်မြူနစ်ပါတီ ယာယီမဟာမိတ်ဖွဲ့ပြီးနောက်ပိုင်း အမျိုးသမီးလှုပ်ရှားမှုဟာ တရုတ်လူမျိုး တရပ်လုံးအတွက် လှုပ်ရှားမှုထဲမှာ ပူးပေါင်းပါဝင်သွားခဲ့ပါတယ်။ ကူမင်တန်ပါတီနဲ့ ကွန်မြူနစ် ပါတီတို့အကြားက ပဋ္ဋိပက္ခတိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ကာလမှာ ကူမင်တန်ခေါင်းဆောင် ချန်ကေရှိတ်ရဲ့ ကွန်မြူနစ်အမျိုးသမီးများကို ချေမှုန်းရေး တိုက်ပွဲတွေလဲ အများအပြား ပါဝင်ခဲ့ပါတယ်။ ၁၉၄၉ ခုနှစ်မှာကျတော့ တရုတ်နိုင်ငံလုံးဆိုင်ရာ ဒီမိုကရက်တစ် အမျိုးသမီး အဖွဲ့ချုပ်ကြီး ပေါ်ပေါက်လာပါတော့တယ်။

၁၉၅၀ ခုနှစ်မှာ တရုတ်ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ တခြားဥပဒေစည်းမျဉ်းများဟာ ပိုင်ဆိုင်မှု၊ အမွေဆက်ခံမှု၊ မြေယာအသုံးပြုမှု၊ ပညာရေးအခွင့်အလမ်းဆိုတဲ့ ကဏ္ဍများစွာမှာ အမျိုးသားနဲ့ အမျိုးသမီး တန်းတူညီမျှခွင့်ကို အသိအမှတ်ပြုခဲ့ပါတယ်။ ၁၉၆၆ကနေ ၁၉၇၆ ခုနှစ်အထိ ယဉ်ကျေးမှု တော်လှန်ရေးကာလမှာကျတော့ နိုင်ငံရေးအခြေအနေအရ အမျိုးသမီးအဖွဲ့ချုပ် ဖျက်သိမ်းခံခဲ့ရပါတယ်။ ဒါပေမယ့်လဲ အမျိုးသမီးတွေရဲ့ စည်းလုံးညီညွတ်မှုနဲ့ စုပေါင်းဆောင်ရွက်မှုသဏ္ဍာန်ကတော့ မကွယ်ပျောက်သွားခဲ့ပါဘူး။ မော်စီတုန်းခေတ်နောက်ပိုင်း ပြုပြင်ပြောင်းလဲရေးကာလမှာ အမျိုးသမီးတွေရဲ့ အခွင့်အရေးလှုပ်ရှားမှုတွေ ပြန်လည် ပေါ်ထွက်လာခဲ့ပါတယ်။

၁၉၈၀ ကာလ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှာ ကျေးလက်စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒီလိုစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး စီမံချက်မှာ အမျိုးသမီးတွေရဲ့ ဘ၀တိုးတက်ပြောင်းလဲရေး၊ အမျိုးသားနဲ့အမျိုးသမီး တန်းတူညီမျှ အခွင့်အလမ်းရရှိရေး စတာတွေအတွက် အလေးပေးဆောင်ရွက်မှုတွေ မပါဝင်ပါဘူး။ လူ့အခွင့်အရေးလှုပ်ရှားမှုတွေမှာပဲဖြစ်ဖြစ်၊ စီးပွားရေး ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်မှုတွေမှာပဲ ဖြစ်ဖြစ် တမျိုးသားလုံး အရေး ဆောင်ရွက်တာကြောင့် အမျိုးသမီးအခွင့်အရေးတွေကို သီးခြားပြောနေစရာ မလိုအပ်ဖူးလို့ အမျိုးသားတွေက ဆိုတတ်ကြပါတယ်။ ဒါပေမယ့်လဲ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခွင့်အလမ်းတွေ တကယ်ရရှိချိန်မှာကျတော့ ဒီအခွင့်အလမ်းတွေကို အမျိုးသားနဲ့ အမျိုးသမီး တန်းတူညီမျှ ခံစားခွင့် မရှိကြပါဘူး။ အမျိုးသားတွေဟာ ရှေးရိုးစွဲ အစဉ်အလာ၊ ဓလေ့ထုံးစံ၊ အဆိုအမိန့်တွေကို အသုံးပြုပြီး အမျိုးသမီးအခွင့်အလမ်းတွေကို ချုပ်ကိုင်ဖို့ ကြိုးစားတတ်ကြပါတယ်။ ဒါကြောင့်လဲ ဒီမိုကရေစီလှုပ်ရှားမှုပဲဖြစ်ဖြစ်၊ လူ့အခွင့်အရေးလှုပ်ရှားမှုပဲ ဖြစ်ဖြစ် ဘယ်လိုလှုပ်ရှားမှုမှာမဆို တမျိုးသားလုံးအဆင့်အနေနဲ့ ကြိုးပမ်းဆောင်ရွက်ရင်း အမျိုးသမီးနဲ့အမျိုးသား တန်းတူညီမျှခွင့်ကိုလဲ တပြိုင်နက်တည်း အကောင်အထည်ဖော် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

ဒီအချက်ကို တရုတ်နိုင်ငံလုံးဆိုင်ရာ အမျိုးသမီးအဖွဲ့ချုပ် ခေါင်းဆောင်များက သိနားလည်ခဲ့တဲ့အတွက် ကျေးလက်ဒေသ စီးပွားရေး ပြုပြင်ပြောင်းလဲမှုမှာ အမျိုးသမီးများအတွက် မှေးမှိန်နေတဲ့ အခန်းကဏ္ဍကို မြှင့်တင်ဖို့ ကြိုးပမ်းခဲ့ကြပါတယ်။ အမျိုးသမီး အဖွဲ့ချုပ်ဟာ အမျိုးသမီးများရဲ့ စာတတ်မြောက်မှုနှုန်း တိုးမြင့်ရေး၊ ပညာရေး မြင့်မားရေး၊ နည်းပညာကျွမ်းကျင်မှုရှိရေး စတဲ့ အရည်အချင်းမြှင့်တင်ရေးအပိုင်းကို အာရုံစိုက် လုပ်ဆောင်ခဲ့ကြပါတယ်။ အမျိုးသမီးတွေရဲ့ ပညာအရည်အချင်း မြင့်မားလာတာနဲ့အမျှ ဈေးကွက်စီးပွားရေးမှာ အမျိုးသမီးတွေရဲ့ ပါဝင်ဆောင်ရွက်ခွင့် အခန်းကဏ္ဍတွေ ကြီးမားလာခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ ကျေးလက်အမျိုးသမီးတွေဟာ စီးပွားရေးအင်အားတောင့်တင်းတဲ့ နိုင်ငံတော်ကြီးကို အမျိုးသားတွေနဲ့ ရင်ဘောင်တန်းပြီး တည်ဆောက်နိုင်ခဲ့ကြပါတယ်။ ကျေးလက်အမျိုးသမီးတွေရဲ့ အရည်အချင်း မြှင့်တင်ပေးမှု လုပ်ငန်းဆောင်တာတွေဟာ မြို့ပြအင်တာပရိုက်စ် လုပ်ငန်းများ ပေါ်ထွက်လာရေးအတွက်လဲ တွန်းအားတွေဖြစ်ခဲ့ပါတယ်။ နည်းပညာကျွမ်းကျင်တဲ့ အမျိုးသမီး အများအပြားပေါ်ထွက်လာခဲ့ပြီး လက်ရှိတရုတ်နိုင်ငံရဲ့ မြို့ပြစီးပွားရေး လုပ်သားဦးရေ သန်း၁၀၀ မှာ သန်းလေးဆယ်ဟာ အမျိုးသမီးလုပ်သားတွေ ဖြစ်ပါတယ်။

တရုတ်နိုင်ငံရဲ့ ဥပဒေပြုအာဏာဟာ အမျိုးသားနဲ့ အမျိုးသမီးတွေကို တန်းတူရည်တူ သတ်မှတ်တဲ့ မတ်ခ့်စ်ဝါဒ လမ်းညွှန်ချက်တွေအပေါ်မှာ အခြေတည်ထားတာကြောင့် အမျိုးသမီး အခွင့်အလမ်း လှုပ်ရှားမှုတွေ မြန်ဆန်ထိရောက်ခဲ့တယ်လို့ ပညာရှင်များက သုံးသပ်ပြောဆိုခဲ့ကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တရုတ်လူ့အဖွဲ့အစည်းမှာ နှစ်ပေါင်းများစွာ အမြစ်တွယ်ခဲ့တဲ့ “အမျိုးသမီးဆိုတာ အိမ်တွင်းမှုပဲ လုပ်ရမယ်၊ အမျိုးသားတွေအပေါ် မှီခိုရမယ်ဆိုတဲ့ အတွေးအခေါ်တွေ“ ကို ဖယ်ရှားပြီး၊ အမျိုးသားနဲ့ အမျိုးသမီး တန်းတူညီမျှခွင့်အပေါ် အခြေတည်တဲ့ လူ့ဘောင်သစ်ကို တည်ဆောက်နိုင်ခဲ့တာဟာ အံမခန်း အောင်မြင်မှုဖြစ်ပါတယ်။ ဒီလိုအောင်မြင်ခဲ့ရတာဟာ အမျိုးသမီးများရဲ့ ဇွဲ၊ လုံ့လ၊ ဥာဏ်အမြော် အမြင်ကြီးမှုနဲ့ တန်းတူညီမျှခွင့်ကို တန်ဖိုးထားတဲ့ အမျိုးသားများရဲ့ အတွေးအခေါ် မြင့်မားမှုတွေကြောင့်ပဲ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်ရှင်။

ခင်မမမျိုး (၂၀၀၉)



အပြည့်အစုံဖတ်ချင်ရင်..>>>

ဒိန်းမတ် အမျိုးသမီးအခွင့်အရေး

ဒီမိုကရက်တစ် မြန်မာ့အသံ ပရိသတ်များရှင်။

(၁၉၈၀) ခုနှစ်မှာ ဒုတိယအကြိမ်မြောက် ကမ္ဘာ့အမျိုးသမီးညီလာခံကို ကမ္ဘာ့ကုလသမဂ္ဂက ဦးဆောင်ပြီး ဒိန်းမတ်နိုင်ငံမှာ ကျင်းပခဲ့ပါတယ်။ ဒီလိုကျင်းပခဲ့တာဟာ ဥရောပတိုက်ရဲ့ အမျိုးသမီးလှုပ်ရှားမှုမှာ ရှေ့တန်းကနေ ပါဝင်ခဲ့တဲ့ ဒိန်းမတ်နိုင်ငံကို ဂုဏ်ပြုခဲ့ရုံတင်မကပါဘူး။ လူ့အဖွဲ့အစည်းအတွင်းမှာ ကျား၊ မ တန်းတူညီမျှရေးကို အောင်မြင်စွာ ပုံဖော်နိုင်ခဲ့တဲ့ နိုင်ငံတခုမှာ အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံမှုများအားလုံး ပပျောက်ရေး သဘောတူစာချုပ် (စီဒေါ) ကို စတင် အသက်ဝင်စေခဲ့တာလဲ ဖြစ်ပါတယ်။



ဒိန်းမတ်အမျိုးသမီးများဟာ အမျိုးသမီး တန်းတူညီမျှခွင့်ကို ၁၇၈၉ ခုနှစ် ပြင်သစ်တော်လှန်ရေးကာလ မှာကတည်းက စတင် လှုပ်ရှားတောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။ ၁၇၉၂ ခုနှစ်မှာ ဗြိတိသျှစာရေးဆရာမ မေရီစ၀ိုးလ်စတုန်း ခရဖ်တ် ရေးသားတဲ့ အမျိုးသမီးအခွင့်အရေးစာအုပ်ကို ဒိန်းမတ်ဘာသာကို ပြန်ဆိုခဲ့ကြပါတယ်။ နောက်ပိုင်းမှ ကျတော့ အမျိုးသမီးတွေရဲ့ ဖိနှိပ်ခံရမှုတွေကို စာပေသဏ္ဍာန်နဲ့ အမျိုးသမီး စာရေးဆရာမတွေက ရေးသားဖော်ကျူးခဲ့ကြပါတယ်။ ဒိန်းမတ်ရဲ့ နာမည်ကျော်အမျိုးသမီး စာရေးဆရာမတဦးဖြစ်တဲ့ ဖီဘီဂါရဲ့ ပေးစာ ဆယ့်နှစ်စောင် စာအုပ်ဟာ ဒိန်းမတ်လူ့အဖွဲ့အစည်း အတွင်းမှာ အမျိုးသမီး အခွင့်အရေးနဲ့ ပတ်သက်ပြီး ငြင်းခုန်ဆွေးနွေးမှုတွေ ပေါ်ထွက်လာစေခဲ့ပါတယ်။ နောက်ထပ်ဆယ်စုနှစ်အတွင်းမှာပဲ စာရေးဆရာမ Worm က အမျိုးသမီးများရဲ့ ပညာရေး အခွင့်အလမ်းတွေကို ရေးသားဖော်ပြခဲ့ပါတယ်။ တပြိုင်နက်တည်းမှာတင် နာတလီဆိုတဲ့ အခြားအမျိုးသမီးကနေ မိန်းကလေးကျောင်းများနဲ့ အမျိုးသမီး ဆရာဖြစ်သင်ကျောင်းများကို စတင်ဖွင့်လှစ်ခဲ့ပါတယ်။

၁၈၆၀ နှောင်းပိုင်းကာလများရောက်တော့ ဒိန်းမတ်လူလတ်တန်းစားများနဲ့ တောင်သူလယ်သမားများဟာ သက်ဦးဆံပိုင်ဘုရင်စနစ် ပါဝါလျှော့ချရေး၊ အလုပ်သမားအခွင့်အရေးနဲ့ အမျိုးသမီးအခွင့်အလမ်းများ တိုးမြင့်ရေး စတာတွေကို တောင်းဆိုလာခဲ့ကြပါတယ်။ တက်ကြွတဲ့ ဒိန်းမတ်အမျိုးသမီးများဟာ နိုင်ငံတကာ အမျိုးသမီးလှုပ်ရှားမှုများနဲ့ ကွန်ယက်ချိတ်ဆက်ပြီး၊ ဒိန်းမတ်အမျိုးသမီး လှုပ်ရှားမှုကို ဦးဆောင်လာခဲ့ကြပါတယ်။ ဒိန်းမတ်ပါလီမန်က အမြော်အမြင်ရှိတဲ့ အမျိုးသားနိုင်ငံရေးသမားတွေကလဲ အမျိုးသမီးနိုင်ငံရေး အခွင့်အလမ်းတွေကို ထောက်ခံတဲ့ ဥပေဒေတွေ ပြဌာန်းဖို့ ကြိုးပမ်းခဲ့ကြပါတယ်။

၁၈၇၁ ခုနှစ်ရောက်တော့ ဆွစ်ဇလန် အခြေစိုက် နိုင်ငံတကာ အမျိုးသမီးအသင်းရဲ့ ဒိန်းမတ်ဌာနခွဲဖြစ်တဲ့ ဒိန်းမတ်အမျိုးသမီးအဖွဲ့ချုပ်ကို ဖွင့်လှစ်ခဲ့ပါတယ်။ ၁၈၇၀ ကနေ ၁၈၇၁ ခုနှစ်အထိ ဖြစ်ပွားခဲ့တဲ့ ဖရန်ကို- ပါရှန်း စစ်ပွဲကာလမှာ နိုင်ငံတကာဆိုတဲ့ အသုံးအနှုန်းကို ဒိန်းမတ်မှာ လက်ခံမှုမရှိတဲ့ အခါကျတော့ အမျိုးသမီး လှုပ်ရှားတက်ကြွသူများဟာ ဒိန်းမတ်အမျိုးသမီး အဖွဲ့ချုပ်ကို ဒိန်းမတ်အမျိုးသမီးအဖွဲ့အနေနဲ့ ပြောင်းလဲ ဖွဲ့စည်းခဲ့ပါတယ်။ ဒီအဖွဲ့အစည်းဟာ ဒိန်းမတ်အမျိုးသမီးများရဲ့ စီးပွားရေးနဲ့ ပညာရေးအခွင့်အလမ်းတွေကို တောင်းဆိုလှုပ်ရှားခဲ့ကြပါတယ်။

(၁၈၈၆) ခုနှစ်မှာ ဒိန်းမတ်မှာ မဲပေးပိုင်ခွင့်ကို အမျိုးသားတွေကိုပဲ ပေးအပ်တဲ့ ဖွဲ့စည်းပုံအခြေခံ ဥပေဒသစ်ထွက်ပေါ်လာပါတယ်။ လူအများက ဖွဲ့စည်းပုံအခြေခံ ဥပေဒေသစ် ထွက်ပေါ်လာရင် ဒါဟာ အခွင့်အရေးလှုပ်ရှားမှုတွေရဲ့ နိဂုံးလို့ ယူဆတတ်ကြပါတယ်။ တကယ်တော့ လူသားတွေရဲ့ မွေးရာပါ လူ့အခွင့်အရေးဆိုတာကို ကန့်သတ်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုရင် အဟောင်းပဲဖြစ်ဖြစ်၊ အသစ်ပဲဖြစ်ဖြစ် ဆန့်ကျင်ဖယ်ရှားရမှာဖြစ်ပါတယ်။ ဒီအချက်ကို ဒိန်းမတ်အမျိုးသမီးတွေက ရှင်းရှင်းလင်းလင်း သိမြင်ခဲ့ကြပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပေဒေသစ်ထွက်ပေါ်လာတာဟာ ဒိန်းမတ်အမျိုးသမီးတွေ အတွက်တော့ တော်လှန်ရေးတရပ်ရဲ့ နိဒါန်းတရပ် ဖြစ်လာပါတော့တယ်။ ၁၈၈၆ ခုနှစ်မှာ ဘာဂျားဆိုတဲ့ အမျိုးသမီးရဲ့ စစ်အသုံးစရိတ်ကို လေ့လာဆန်းစစ်ဖို့ တောင်းဆိုချက် ထွက်ပေါ်လာပါတယ်။ အမျိုးသမီးတွေဟာ စစ်မှုရေးရာတွေနဲ့ မသက်ဆိုင်ဘူးလို့ လူ့အဖွဲ့အစည်းတွေက သတ်မှတ်ကြပါတယ်။ ဒိန်းမတ်လူ့အဖွဲ့အစည်းမှာလဲ ဒီအတိုင်းပါပဲ။ ဒီလိုအချိန်မျိုးမှာ ဘာဂျားရဲ့ စစ်အသုံးစရိတ်ဆိုင်ရာ တောင်းဆိုချက်ဟာ လူ့အဖွဲ့အစည်းကို လှုပ်ခါသွားစေခဲ့ပါတယ်။ သူမရေးသားခဲ့တဲ့ “ငါတို့ ဘာလိုချင်တာလဲ“ ဆိုတဲ့ စာအုပ်ဟာ နောင်တချိန်မှာ အမျိုးသမီးသမဂ္ဂများ ပေါ်ထွက်လာစေရေးအတွက် ရှေ့ဆောင်လမ်းခင်းပေးခဲ့တာပဲ ဖြစ်ပါတယ်။

အမျိုးသမီးမဲပေးခွင့်ကို တောင်းဆိုလှုပ်ရှားမှု ပြုလုပ်မှာနဲ့ ပတ်သက်ပြီး ဒိန်းမတ်အမျိုးသမီးအဖွဲ့အတွင်းမှာ ထောက်ခံသူနဲ့ ကန့်ကွက်သူတွေ ကွဲပြားလာခဲ့ပါတယ်။ နိုင်ငံရေး အကွေ့အပြောင်းကာလမှာ သဘောထားကွဲလွဲမှုတွေ၊ တဘက်နဲ့ တဘက် ဝေဖန် တိုက်ခိုက်မှုတွေ ရှိစမြဲပါပဲ။ အရေးကြီးတာက ကိုယ့်ရပ်တည်ချက်ကို စွဲစွဲမြဲမြဲ ဆုပ်ကိုင်ထားနိုင်ဖို့ပဲ ဖြစ်ပါတယ်။ အမျိုးသမီးအဖွဲ့အတွင်းက ခေါင်းဆောင်များနဲ့ သဘောထားကွဲလွဲလာတဲ့အခါ ဘာဂျားနဲ့ တခြားအမျိုးသမီးများဟာ အမျိုးသမီးညီညွတ်ရေးအဖွဲ့အစည်းများကို မြို့တော်တင်သာမက တောနယ်များမှာပါ ပြန့်ပွားလာအောင် ဖြန့်ကျက်တည်ထောင်ခဲ့ပါတယ်။ အလုပ်သမားလူတန်းစားရဲ့ လူမှုရေးနဲ့ အလုပ်သမားရေးရာများကို ကူညီပံ့ပိုးမယ့် အဖွဲ့အစည်းများလဲ ပေါ်ပေါက်လာခဲ့ပါတယ်။ ၁၈၉၇ ခုနှစ်လဲ ရောက်ရော မူလက သဘောထားကွဲလွဲခဲ့တဲ့ ဒိန်းမတ်အမျိုးသမီးအဖွဲ့က အမျိုးသမီးညီညွတ်ရေးအဖွဲ့နဲ့ ပြန်လည် ပူးပေါင်းလာခဲ့ပါတယ်။ သဘောထားကွဲလွဲမှုဆိုတာ ရန်ပြုတာ မဟုတ်ပါဘူး။ နိုင်ငံရေးလောကမှာ အမြဲတမ်းရန်သူ၊ အမြဲတမ်း မိတ်ဆွေဆိုတာ မရှိပါဘူး။ ရည်ရွယ်ချက်တူညီသူ၊ ရပ်တည်ချက်တူညီသူများဟာ အချိန်မရွေး ပြန်လည်ပေါင်းစည်းလို့ရပါတယ်။

ဒီလိုနဲ့ အမျိုးသမီးအဖွဲ့တွေ ပူးပေါင်းပြီး ၁၈၉၉ ခုနှစ်မှာ ဒိန်းမတ်အမျိုးသမီးကောင်စီကို ဖွဲ့စည်းခဲ့ကြပါတယ်။ မကြာခင်မှာပဲ ဒိန်းမတ်အမျိုးသမီး တက်ကြွလှုပ်ရှားသူများဟာ ဒိန်းမတ်အမျိုးသမီးရေးရာသာမက နိုင်ငံတကာအမျိုးသမီးရေးရာနဲ့ ပတ်သက်တဲ့ လှုပ်ရှားမှုများမှာပါ တက်တက်ကြွကြွ ပါဝင်လာကြပါတယ်။ ဆွေးနွေးပွဲအများအပြားကို ဒိန်းမတ်မြို့တော် ကိုပင်ဟာဂင်မှာ ကျင်းပလာခဲ့ကြပါတယ်။ နိုင်ငံတကာ အမျိုးသမီး အစည်းအဝေးများစွာကိုလဲ ပါဝင်တက်ရောက်လုာခဲ့ကြပါတယ်။ အမျိုးသမီးများ တက်ညီလက်ညီ လှုပ်ရှားဆောင်ရွက်လာတာကြောင့် ၁၉၀၃ ခုနှစ်ရောက်တော့ အသက် (၂၅) အထက် အမျိုးသမီးများအားလုံး ဒေသဆိုင်ရာ ကောင်စီရွေးချယ်မှုမှာ မဲပေးခွင့်ရလာပြီး၊ ၁၉၁၅ ခုနှစ်အရောက်မှာ အမျိုးသမီးများအားလုံး ပါလီမန်မှာ မဲပေးခွင့်ရလာပါတယ်။ ၁၉၂၄ ခုနှစ်မှာ Bang ဟာဒိန်းမတ်နိုင်ငံရဲ့ ပညာရေးဝန်ကြီးအဖြစ် ရွေးချယ်တင်မြှောက်ခံခဲ့ရပါတယ်။ သူမဟာ ကမ္ဘာ့သမိုင်းမှာ ပထမဆုံး အမျိုးသမီး ၀န်ကြီးတဦးပဲ ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ ပထမဦးဆုံး အမျိုးသမီး အစိုးရအဖွဲ့ဝင် ၀န်ကြီးဖြစ်တဲ့ ဖရန်စစ် ပါကင်းစ်ဟာ ၁၉၃၃ ခုနှစ်မှာမှ အလုပ်သမားဝန်ကြီးအဖြစ် ရွေးချယ်ခန့်အပ်ခံခဲ့ရတာပါ။ ဒါကြောင့် ဒိန်းမတ်အမျိုးသမီးများရဲ့ လှုပ်ရှားမှုဟာ ကမ္ဘာနဲ့အ၀ှမ်းများ ကနဦး ကြီးကြီးမားမား အောင်မြင်မှုရခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ အခုလို အမျိုးသမီးများရဲ့ နိုင်ငံရေးပါဝင်ပတ်သက်မှု အခန်းကဏ္ဍမှာတင် မဟုတ်ပဲ ပညာရေး၊ မိသားစုရေး၊ ဘာသာရေး၊ ကျန်းမာရေးဆိုင်ရာ အမျိုးသမီး အခွင့်အလမ်းတွေမှာလဲ ဒိန်းမတ်နိုင်ငံဟာ ကမ္ဘာက စံပြုလောက်အောင် တန်းတူညီမျှ အခွင့်အရေးတွေ ပြည့်ဝနေတဲ့ နိုင်ငံတခု ဖြစ်လို့ လာခဲ့ပါတယ်။

ဒီမိုကရက်တစ်မြန်မာ့အသံ ပရိသတ်များရှင်။

ဒိန်းမတ်အမျိုးသမီး အခွင့်အရေးလှုပ်ရှားမှုတွေရဲ့ အစဟာ စာပေနယ်က စတင်ခဲ့တာဖြစ်ပါတယ်။ အဲဒီကနေ ပညာရေး၊ အလုပ်သမားရေးရာ၊ နိုင်ငံရေး ပါဝင်ပတ်သက်မှုတွေကို တစတစ ကျယ်ပြန့်သွားခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် အမျိုးသမီးများအနေနဲ့ မိမိတို့ရဲ့ မိသားစုရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ဆုံးရှုံးနေတဲ့ အခွင့်အလမ်းတွေကို ရေးသားဖြန့်ဝေရင်း အမျိုးသမီးအခွင့်အလမ်းလှုပ်ရှားမှုတွေကို စတင်ခြင်းဟာ အလွန်ပဲ ထိရောက်လှပါကြောင်း တင်ပြလိုက်ရပါတယ်ရှင်။

ခင်မမမျိုး (၂၀၀၉)

အပြည့်အစုံဖတ်ချင်ရင်..>>>

အမျိုးသမီးအခွင့်အလမ်းနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး (ရ၀မ်ဒါ)

ဒီမိုကရက်တစ်မြန်မာ့အသံ ပရိသတ်များရှင်။

အခုတပတ် အမျိုးသမီးအခွင့်အလမ်း အစီအစဉ်မှာ အာဖရိကတိုက်က နိုင်ငံငယ်လေးတခုဖြစ်တဲ့ ရ၀မ်ဒါနိုင်ငံက အမျိုးသမီး အခွင့်အလမ်းအရေးကို စီစဉ်တင်ဆက်မှာဖြစ်ပါတယ်။ ရ၀မ်ဒါနိုင်ငံဟာ အာဖရိကတိုက်က ကုန်းတွင်းပိုင်းနိုင်ငံငယ်လေး တခုပါ။ လူဦးရေရှစ်သန်းကျော်ရှိပြီး။ ၅၄ ရာခိုင်နှုန်းကျော်ဟာ အမျိုးသမီးများဖြစ်ပါတယ်။ ရ၀မ်ဒါနိုင်ငံက အမျိုးသမီးတွေဟာ ကိုလိုနီစနစ်ဆိုးရဲ့ဒဏ်၊ ပြည်တွင်းစစ်ရဲ့ဒဏ်တွေကို နှစ်ပေါင်းအတော်ကြာအောင် မရှူမလှ ခံစားခဲ့ကြရပါတယ်။ အမျိုးသမီးတွေဟာ အမျိုးသားတွေ ပညာသင်ခွင့်စရပြီး နောင်နှစ်ပေါင်းလေးဆယ်ကျော်ကြာမှ ပညာသင်ခွင့်ရခဲ့ကြပါတယ်။ လယ်ယာမြေပိုင်ဆိုင်မှုဟာ အမျိုးသားများနဲ့ပဲ သက်ဆိုင်ခဲ့ပါတယ်။ ပုံပြင်ဒဏ္ဍာရီတွေ၊ နှုတ်နဲ့ လက်ဆင့်ကမ်းအစဉ်အလာတွေက အမျိုးသမီးတွေဟာ အမျိုးသားတွေရဲ့ နောက်လိုက်ကျေးကျွန်တွေအဖြစ် ပုံဖော်ထားခဲ့ကြပါတယ်။ ၁၉၉၄ ခုနှစ် မတိုင်ခင်အထိ အမျိုးသားတွေကသာ ကြီးစိုးချယ်လှယ်တဲ့ လူမှုအဖွဲ့အစည်းပုံစံပဲ ရှိခဲ့ပါတယ်။




ဒီလိုနဲ့ ၁၉၉၄ လဲရောက်ရော ကမ္ဘာတ၀ှမ်းကို ထိတ်လန့်ချောက်ချားစေခဲ့တဲ့ ရ၀မ်ဒါလူမျိုးတုန်းသတ်ဖြတ်ပွဲကြီး ပေါ်ပေါက်လာခဲ့ပါတယ်။ အဲဒီမှာ ရ၀မ်ဒါအမျိုးသမီး နှစ်သိန်းခွဲကျော်ဟာ လိင်ပိုင်းဆိုင်ရာ စော်ကားခံခဲ့ကြရပါတယ်။ စစ်မက်ရဲ့သားကောင်တွေဘ၀ ကျရောက်ခဲ့ကြရတယ်။ ဒီအချိန်ကာလမှာ အသတ်ခံရသူတွေ၊ နေရပ်စွန့်ခွာ ထွက်ပြေးသွားသူတွေ၊ လူသတ်မှုတွေနဲ့ တရားစီရင်ခံရသူတွေဟာ အမျိုးသားအများစုဖြစ်ခဲ့ပါတယ်။ ရလာဒ်ကတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ စတင်လာတဲ့အချိန်မှာ အိမ်ထောင်အများစုမှာ အမျိုးသမီးတွေသာ ကျန်ခဲ့ကြပါတော့တယ်။ အစဉ်အလာထုံးတမ်းစဉ်လာတွေက အမျိုးသမီးများကို အမျိုးသားတွေရဲ့ နောက်လိုက်တွေ၊ အိမ်တွင်းမှုကိစ္စတွေကလွဲရင် ပြင်ပလူ့အဖွဲ့အစည်းမှာ ပါဝင်လုပ်ဆောင်နိုင်တဲ့ စွမ်းရည်မရှိသူတွေအဖြစ် ပုံဖော်ထားခဲ့ပါတယ်။ ဒါပေမယ့် ရ၀မ်ဒါအမျိုးသမီးများဟာ တိုင်းပြည်အတွက်၊ မိသားစုအတွက် အရေးကြုံလာတဲ့အချိန်မှာ သူတို့ရဲ့ ပင်ကိုယ်စွမ်းရည်တွေ၊ ဦးဆောင်မှုအရည်အချင်းတွေကို ပြသနိုင်ခဲ့ကြပါတယ်။

တပြိုင်နက်တည်းမှာပဲ နိုင်ငံတော်တည်ဆောက်မှုအရေးဟာ နိုင်ငံတွင်းမှာ နေထိုင်ကြတဲ့ အမျိုးသား၊ အမျိုးသမီးတွေအားလုံးရဲ့ အရေးဖြစ်တယ်ဆိုတာကို သိမြင်နားလည်တဲ့ အမျိုးသား နိုင်ငံရေးခေါင်းဆောင်များလဲ ပေါ်ထွက်လာခဲ့ပါတယ်။ ဒီလိုအမြော်မြင်နဲ့ အသိဥာဏ်ပညာရှိတဲ့ ခေါင်းဆောင်တွေဟာ အမျိုးသမီးများရဲ့ အခွင့်အရေးကို မြှင့်တင်ပေးခြင်းဟာ အနာဂတ်တိုင်းပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်ရေးနည်းလမ်းတခုဖြစ်တယ်ဆိုတာကို သဘောတူညီသိမြင်ခဲ့ကြပါတယ်။ ရ၀မ်ဒါနိုင်ငံ သမ္မတ ပေါလ်က တိုင်းပြည်ကို မိန့်ခွန်းခြွေခဲ့ရာမှာ အမျိုးသမီးတွေကို နှိမ့်ချဆက်ဆံတာတွေ၊ အမျိုးသမီး အခွင့်အရေးတွေကို တားဆီးပိတ်ပင်တာတွေဟာ တိုင်းပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်ရေးကိုရော၊ လူမှုတရားမျှတရေးကိုရော ထိခိုက်တယ်ဆိုတဲ့အချက်ကို ထည့်သွင်းပြောဆိုခဲ့ပါတယ်။

ရ၀မ်ဒါနိုင်ငံလမ်းပြမြေပုံ ဖြစ်တဲ့ ဗေးရှင်း ၂၀၂၀ မှာလဲ လူ့စွမ်းအားအရင်းအမြစ် မြှုပ်နှံဖို့အတွက် ရ၀မ်ဒါလူ့အဖွဲ့အစည်းကို ပြုပြင်ပြောင်းလဲရေး၊ အမျိုးသမီးအခွင့်အလမ်းနဲ့ရပိုင်ခွင့်တွေ မြှင့်တင်ပေးရေးစတဲ့ အချက်တွေကို ထည့်သွင်းခဲ့ကြပါတယ်။ ရ၀မ်ဒါရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမှာလဲ တိုင်းပြည်တည်ဆောက်ရေးကို တရားဥပဒေစိုးမိုးမှု၊ ဒီမိုကရေစနစ်ထွန်းကားမှုနဲ့ အမျိုးသားနဲ့ အမျိုးသမီးတန်းတူရည်တူ အခွင့်အရေးရရှိမှုတွေအပေါ်မှာ အခြေပြုတည်ဆောက်မယ်လို့ ထည့်သွင်းရေးဆွဲထားပါတယ်။ အမျိုးသားနဲ့အမျိုးသမီး တန်းတူရည်တူအခွင့်အရေးရရှိမှုကို ဖော်ကျူးနိုင်ဖို့အတွက် အစိုးရအာဏာတည်တဲ့အဖွဲ့အစည်းတွေအားလုံးရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေထဲမှာ အနည်းဆုံး ၃၀ ရာခိုင်နှုန်းဟာ အမျိုးသမီးတွေဖြစ်ရမယ်ဆိုတဲ့အချက်ကို ဖော်ပြထားပါတယ်။ အုပ်ချုပ်ရေးအာဏာ၊ ဥပဒေပြုရေးအာဏာ၊ တရားစီရင်ရေးအာဏာသုံးရပ်လုံးမှာ အမျိုးသမီးတွေ ပါဝင်ခွင့်ရလာပါတယ်။

အမျိုးသမီးခေါင်းဆောင်တွေဟာ မူဝါဒချမှတ်တဲ့အဆင့်တွေမှာရော၊ လူ့အဖွဲ့အစည်းအတွင်းမှာပါ အမျိုးသမီးတွေရဲ့ မိမိကိုယ်ကို ယုံကြည်မှုကို မြှင့်တင်ပေးခဲ့ကြပါတယ်။ စိတ်ဓာတ်ကြံ့ခိုင်ရေး၊ ညီညွတ်ရေးတွေကို အမျိုးသမီးတွေအကြားမှာ တည်ဆောက်ခဲ့ကြပါတယ်။ အဲဒီကနေတဆင့် လူ့အဖွဲ့အစည်းတခုလုံးရဲ့ ညီညွတ်ရေး၊ ရ၀မ်ဒါနိုင်ငံသားဆိုတဲ့ စိတ်ဓာတ်နဲ့ ခံယူချက် တိုးမြင့်လာရေးတွေကို ဆောင်ကျဉ်းပေးခဲ့ကြပါတယ်။ ရ၀မ်ဒါနိုင်ငံဟာ တမြေတည်းနေကြတဲ့ လူမျိုးတွေအကြား လူမျိုးစွဲတွေ၊ ဘာသာစကားစွဲတွေ၊ ဒေသစွဲတွေကို ရှေ့တန်းတင်ခဲ့ပြပြီး ကျဉ်းမြောင်းတဲ့ လူမျိုးစွဲဝါဒတွေ၊ ဗိုလ်ကျစိုးမိုးလိုတဲ့ လူမျိုးကြီးဝါဒတွေကို စွဲကိုင်ခဲ့ကြလို့ လူမျိုးအချင်းချင်း မျိုးတုန်းသတ်ဖြတ်မှုတွေအထိ ပဋိပက္ခတွေဖြစ်ပွားခဲ့ရတဲ့ နိုင်ငံတခုဖြစ်ပါတယ်။ ဒီလိုနိုင်ငံတခုရဲ့ ငြိမ်းချမ်းရေး ဆိုတာက ဒီလိုဝါဒစွဲတွေကို ဖယ်ရှားပြီး၊ လူမျိုးစုအားလုံး တဦးနဲ့ တဦး၊ တဖွဲ့နဲ့တဖွဲ့ အပြန်အလှန် လေးစားမှု၊ ယုံကြည်မှု၊ လူမျိုးစုအားလုံးရဲ့ စာပေနဲ့ယဉ်ကျေးမှုတွေကို အပြန်အလှန်တန်ဖိုးထားမှု၊ တန်းတူညီမျှမှုတွေ ရှိလာတဲ့အပေါ်မှာ မူတည်နေပါတယ်။

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးဆိုတာကလဲ ကိုယ့်မြေ၊ ကိုယ့်ရေကို ချစ်မြတ်နိုးပြီး၊ နိုင်ငံသားဆိုတဲ့ စိတ်ဓာတ်နဲ့ နိုင်ငံတခုလုံးရဲ့ ဖွံ့ဖြိုးတိုးတက်ရေးအပေါ် လူမျိုးစုအားလုံး အာရုံစိုက်လာတဲ့အပေါ်မှာ မူတည်ပါတယ်။ လူမျိုးစုအားလုံး တန်းတူညီမျှမှုကို ဆောင်ကျဉ်းပေးနိုင်မယ့် မူဝါဒများ ပေါ်ထွက်လာဖို့ အရေးကြီးပါတယ်။ ရ၀မ်ဒါမှာရှိတဲ့ အမျိုးသမီးအဖွဲ့တွေဖြစ်တဲ့ ညီညွတ်ရေးကလပ်၊ အမျိုးသမီးပါလီမန်အမတ်များ ညီလာခံ စတဲ့ အဖွဲ့အစည်းတွေဟာ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ကျဉ်းပေးရာမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ဆောင်ရွက်ခဲ့ကြပါတယ်။ အမျိုးသမီးကောင်စီတွေပေါ်ပေါက်လာပြီး တရားမျှတမှု၊ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး၊ အေအိုင်ဒီအက်စ်ရောဂါတိုက်ဖျက်ရေး စတာတွေမှာ ပါဝင်ဆောင်ရွက် လာကြပါတယ်။ လူမျိုးစုအားလုံးရဲ့ တန်းတူညီမျှရေး၊ ကျားမ တန်းတူညီမျှရေး။ ဒီမိုကရေစီထွန်းကားရေးစတာတွေနဲ့ ပတ်သက်တဲ့ မူဝါဒရေးရာတွေမှာလဲ အင်တိုက်အားတိုက် ပါဝင်လာကြပါတယ်။ မိဘမဲ့ကလေးသူငယ် ထိန်းသိမ်းစောင့်ရှောက်ရေး၊ လူမျိုးတုံးသတ်ဖြတ်မှုရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာသားကောင်ဖြစ်ခဲ့ရတဲ့ ပြည်သူတွေကို အားပေးနှစ်သိမ့်ရေး စတာတွေပါ ပြုလုပ်ခဲ့ကြပါတယ်။
အခုဆိုရင် ရ၀မ်ဒါနိုင်ငံမှာ အမျိုးသမီးအခွင့်အရေးမြှင့်တင်ရေးစီမံချက်တွေ စတင်ခဲ့ကြတာ ဆယ့်ငါးနှစ်တာ ကာလ ရှိခဲ့ပါပြီ။ ပထမဆယ်နှစ်တာ ကာလမှာတင်ပဲ တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေးဟာ တည်ငြိမ်စ ပြုလာခဲ့ပါတယ်။ အမျိုးသားနဲ့ အမျိုးသမီး တန်းတူရည်တူ အပြန်အလှန်လေးစားမှုကနေ လူသားအချင်းချင်း အပြန်အလှန် လေးစားမှုကို တည်ဆောက်နိုင်လာခဲ့ပါတယ်။ လူ့အဖွဲ့အစည်းအတွင်းက အိမ်တွင်းအာဏာရှင်စနစ်တွေ ပယ်ပျောက်လာတာနဲ့အမျှ လူတဦးနဲ့ တဦးအကြား ဆက်ဆံရေးကို ထိန်းချုပ်ထားတဲ့ အကြောက်တရားတွေ၊ လွှမ်းမိုးချုပ်ကိုင်လိုစိတ်တွေကို ဖယ်ရှားနိုင်ခဲ့ကြပါတယ်။ အကြောက်တရားတွေ ကင်းဝေလာတာနဲ့အမျှ မိမိကိုယ်မိမိ ယုံကြည်မှုတွေ မြင့်မားလာခဲ့ပါတယ်။ မိမိကိုယ်မိမိ ယုံကြည်ချက်ရှိလာတဲ့အခါကျတော့ စွမ်းရည်တွေ တိုးတက်လာပါတယ်။ ကိုယ့်မိသားစုနဲ့ ကိုယ့်တိုင်းပြည်ကို ပြန်လည်တည်ဆောက်ရမယ်ဆိုတဲ့ စိတ်ဓာတ်တွေ ပေါ်ထွက်လာပါတယ်။ ဒီလိုစိတ်ဓာတ်တွေ ပေါ်ထွက်လာတဲ့အခါကျတော့ အတိတ်က နာကျည်းမှု၊ ရန်လိုစိတ်တွေကို ထိန်းချုပ်နိုင်ပြီး၊ အနာဂတ်အရေးကို ရှေးရှုလာနိုင်ခဲ့ကြပါတယ်။

ဒီမိုကရက်တစ်မြန်မာ့အသံပရိသတ်များရှင်။

ပညာရှင်များက အမျိုးသမီးရေး၊ ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ ပတ်သက်ပြီး ရေရှည်တည်တံ့နိုင်မယ့် ငြိမ်းချမ်းရေးအတွက် အမျိုးသမီးများရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးရာ ဦးဆောင်ပါဝင်ပတ်သက်မှုတွေ လိုအပ်ကြောင်း ၊ တိုင်းပြည်ထူထောင်ရေးတွေမှာလဲ လူဦးရေရဲ့ တ၀က်ကျော်ကို ကိုယ်စားပြုလေ့ရှိတဲ့ အမျိုးသမီးများ တတပ်တအားပါဝင်မှသာ အောင်မြင်မယ်ဆိုတဲ့အကြောင်း ညွှန်ပြပြောဆိုခဲ့ကြပါတယ်။ အမျိုးသမီးအခွင့်အလမ်းများကို မြှင့်တင်ပေးခြင်းဟာ အနာဂတ်လူ့ဘောင်သာယာတိုးတက်ရေးရဲ့ အခြေခံအုတ်မြစ်ဖြစ်ကြောင်း အခုရ၀မ်ဒါနိုင်ငံအပါအ၀င် နိုင်ငံများစွာက သက်သေထူထားပါကြောင်း တင်ပြလိုက်ရပါတယ်ရှင်။

ခင်မမမျိုး (၂၀၀၉)

အပြည့်အစုံဖတ်ချင်ရင်..>>>

  © Blogger templates Newspaper II by Ourblogtemplates.com 2008

Back to TOP