ဘလော့ လိပ်စာသစ်သို့ ပြောင်းရွှေ့ခြင်း

(၂၀၀၇) ခုနှစ်မှစ၍ ဘလော့စာမျက်နှာအား ဖွင့်လှစ်ခဲ့ရာ ဖတ်ရှုအားပေးကြသော စာဖတ်ပရိသတ်အပေါင်းအား အထူးပင် ကျေးဇူးတင်ရှိပါသည်။

ယခုအခါတွင် ဘလော့ကို ဖွင့်ရန် အချိန်ကြာမြင့်မှုများ ရှိနေကြောင်း၊ စာဖတ်သူအချို့မှ အကြောင်းကြားလာပါသဖြင့် www.khinmamamyo.info တွင် စာမျက်နှာသစ်ကို ဖွင့်လှစ်ထားပါသည်။

စာမျက်နှာသစ်တွင် အချို့သော စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ဆောင်ပါးများနှင့် ရသစာစုများ (နှစ်ရာကျော်ခန့်)ကိုလည်း ကဏ္ဍများခွဲ၍ ပြန်လည်ဖော်ပြထားပါသည်။


ယခုဘလော့စာမျက်နှာကို ဆက်လက်ထားရှိထားမည်ဖြစ်သော်လည်း ယနေ့မှစ၍ ပို့စ်အသစ်များ ထပ်မံ တင်တော့မည် မဟုတ်ပါကြောင်းနှင့် ပို့စ်အသစ်များကို စာမျက်နှာသစ်တွင်သာ တင်တော့မည်ဖြစ်ပါကြောင်း လေးစားစွာ အသိပေး အကြောင်းကြားပါသည်။


စာမျက်နှာသစ်သို့ အလည်လာရောက်ပါရန်ကိုလဲ လှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါသည်။


လေးစားစွာဖြင့်



ခင်မမမျိုး (၁၇၊ ၁၀၊ ၂၀၁၁)

www.khinmamamyo.info

triangle view

Saturday, October 25, 2008

တြိဂံပုံသဏ္ဍာန်ဖြစ်တည်မှု


နိုင်ငံတခုမှာ အစိုးရရယ်၊ ပြည်သူရယ်၊ စစ်တပ်ရယ်ဆိုတဲ့ တြိဂံပုံသဏ္ဍာန်ဖြစ်တည်မှု တခု ရှိတယ်။ အစိုးရဆီမှာ ပြည်သူ့အာဏာ သက်ဆင်းမှုရှိရတယ်။ စစ်တပ်ဆိုတာကတော့ ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်ဖို့ထားရှိရတဲ့ အဖွဲ့အစည်းတရပ်ဖြစ်တယ်။ဒါပေမယ့် မြန်မာပြည်မှာကျတော့ ပြည်သူလူထုကို စောင့်ရှောက်ရမယ့် စစ်တပ်က ပြည်သူကိုသတ်ပြီး ပြည်သူ့အာဏာသက်ဆင်းရမယ့် အစိုးရနေရာကို အတင်း လုယူထားတယ်။ ဒီတော့ တြိဂံပုံသဏ္ဍာန်ဟာ ပျက်ယွင်းသွားပြီ။ အာဏာသိမ်း စစ်အစိုးရနဲ့ ပြည်သူလူထုဆိုတဲ့ ဘက်နှစ်ဘက် ထိပ်တိုက်ဖြစ်နေပြီ။


အတိုက်အခံဆိုတာက ဖိနှိပ်ခံလူတန်းစားတွေရှေ့က ရဲရဲဝံ့ဝံ့ ရပ်တည်တိုက်ပွဲဝင်ဖို့ ပေါ်ထွက်လာသူတွေဖြစ်တယ်။ ဒါကြောင့် ဒီတိုက်ပွဲဟာ စစ်အစိုးရနဲ့ အတိုက်အခံများကြားက အားပြိုင်တဲ့ပွဲမဟုတ်ဘူး။ ဖိနှိပ်တဲ့ စစ်တပ်နဲ့ အဖိနှိပ်ခံ ပြည်သူများအကြားက တိုက်ပွဲတရပ်သာ ဖြစ်တယ်။ ဒီတော့ ကြားနေဆိုတာ မရှိဘူး။ဖိနှိပ်တဲ့ စစ်တပ်ဘက်က ရပ်တည်မှာလား၊ အဖိနှိပ်ခံရတဲ့ ပြည်သူဘက်က ရပ်တည်မှာလားဆိုတဲ့ ရွေးချယ်မှုကိုသာ ရွေးချယ်ရတော့မှာ ဖြစ်တယ်။ အဖိနှိပ်ခံပြည်သူတွေကို မျက်ကွယ်ပြုပြီး ကြားနေတယ်ဆိုရင်တော့ ဖိနှိပ်တဲ့ စစ်တပ်ကို အားပေးရာကျနေလိမ့်မယ်။


ပြည်သူလူထုထဲမှာလည်း ဖိနှိပ်သူကိုမှ အားပေးအားမြှောက်လုပ်ပြီး အခွင့်အရေး ယူနေသူတွေရှိတယ်။ ဒီလူတွေဟာ လူထုသစ္စာဖောက်တွေဖြစ်တယ်။ တပ်မတော်သားတွေထဲမှာလဲ ပြည်သူနဲ့ ပူးပေါင်းပြီး၊ တြိဂံပုံသဏ္ဍာန် တည်ဆောက်ချင်သူတွေ ရှိနေမယ်။ ဒီလိုမျိုးချစ်သူရဲကောင်းတွေကို လူထုနဲ့ အမြန်ပူးပေါင်းဖို့ ဖိတ်ခေါ်ပါတယ်။ စစ်တပ်ရဲ့ အခန်းကဏ္ဍဆိုတာ တြိဂံပုံသဏ္ဍာန်အနေနဲ့ အမြဲတည်ရှိနေပြီးသားပါ။ ဒီအခန်းကဏ္ဍကို မြောင်းထဲရောက်အောင်၊ ပြည်သူ့ချဉ်ဖတ်ဘ၀ရောက်အောင် ပြည်သူတွေဆီ သေနတ်ပြောင်းကို ဘယ်သူတွေ ချိန်ခိုင်းခဲ့တာလဲ။ ပြည်သူ့သားကောင်းပီသစွာ သေနတ်ပြောင်းတွေကို နောက်ပြန်လှည့်လိုက်ပါ။


သူ့နေရာနဲ့သူ လှပပြီး၊ အဓိပ္ပာယ်ပြည့်ဝနေတဲ့ တြိဂံပုံသဏ္ဍာန် ဖြစ်တည်မှုကို နိုင်ငံသစ်ဆီမှာ ပြန်လည်တည်ဆောက်ကြပါစို့။


ခင်မမမျိုး (၂၅၊ ၁၀၊ ၂၀၀၈)

  © Blogger templates Newspaper II by Ourblogtemplates.com 2008

Back to TOP