ဘလော့ လိပ်စာသစ်သို့ ပြောင်းရွှေ့ခြင်း

(၂၀၀၇) ခုနှစ်မှစ၍ ဘလော့စာမျက်နှာအား ဖွင့်လှစ်ခဲ့ရာ ဖတ်ရှုအားပေးကြသော စာဖတ်ပရိသတ်အပေါင်းအား အထူးပင် ကျေးဇူးတင်ရှိပါသည်။

ယခုအခါတွင် ဘလော့ကို ဖွင့်ရန် အချိန်ကြာမြင့်မှုများ ရှိနေကြောင်း၊ စာဖတ်သူအချို့မှ အကြောင်းကြားလာပါသဖြင့် www.khinmamamyo.info တွင် စာမျက်နှာသစ်ကို ဖွင့်လှစ်ထားပါသည်။

စာမျက်နှာသစ်တွင် အချို့သော စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ဆောင်ပါးများနှင့် ရသစာစုများ (နှစ်ရာကျော်ခန့်)ကိုလည်း ကဏ္ဍများခွဲ၍ ပြန်လည်ဖော်ပြထားပါသည်။


ယခုဘလော့စာမျက်နှာကို ဆက်လက်ထားရှိထားမည်ဖြစ်သော်လည်း ယနေ့မှစ၍ ပို့စ်အသစ်များ ထပ်မံ တင်တော့မည် မဟုတ်ပါကြောင်းနှင့် ပို့စ်အသစ်များကို စာမျက်နှာသစ်တွင်သာ တင်တော့မည်ဖြစ်ပါကြောင်း လေးစားစွာ အသိပေး အကြောင်းကြားပါသည်။


စာမျက်နှာသစ်သို့ အလည်လာရောက်ပါရန်ကိုလဲ လှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါသည်။


လေးစားစွာဖြင့်



ခင်မမမျိုး (၁၇၊ ၁၀၊ ၂၀၁၁)

www.khinmamamyo.info

An offhand meal

Friday, October 3, 2008


ဖြစ်သလိုစားတာနဲ့ပတ်သက်ပြီး ရေးမလားလို့ ကိုဂျူလိုင်က ဂျီတော့ခ်မှာမေးလာတော့ ရေးမယ်လို့ အလွယ်တကူပြန်ဖြေလိုက်မိတယ်။ အဲ- တကယ်တက်ခ်လာတော့မှ ကိုယ်မချက်တတ်မပြုတ်တတ်တာ လူသိတော့မှာပဲ လို့ တွေးလိုက်မိတယ်။ ဒါပေမယ့်လဲလေ- “ဆိုခဲစေ၊ မြဲစေ” မို့ ရေးလိုက်ပြီ ကိုဂျုလိုင်ရေ။


ကျွန်မဆိုတာက ငယ်စဉ်ကတည်းက အိမ်ကအစားအစာ မကြိုက်ပဲ အပြင်စာတွေကိုပဲ ဖြစ်သလို စားချင်နေတတ်တဲ့ သူတယောက်ပါ။ ဆိုင်အစားအစာတွေကို သိပ်ကြိုက်တတ်ပါတယ်။ မှတ်မှတ်ရရ ကျွန်မလေးနှစ်လောက်တုန်းက ညနှစ်နာရီကျော်မှာ ပေါက်စီစားမယ်ဆိုပြီး ထငိုပါသတဲ့။ ပေါက်စီမကျွေးရင် တညလုံးလဲမအိပ်ဘူး။ အိမ်ကဘယ်သူမှလဲမအိပ်ရဘူးလို့အမိန့်ထထုတ်ပါသတဲ့။ ဒါနဲ့ ကျွန်မအဘိုးက နံနက်အစောကြီးဖွင့်တတ်တဲ့ လက်ဖက်ရည်ဆိုင်က တရုတ်ကြီးကို ညဘက်သွားနှိုးပြီး ပေါက်စီသွားဝယ်ပေးရပါသတဲ့။ အိမ်မှာဆို ဒီကိစ္စက ပြောမဆုံးဘူး။


အရွယ်ရောက် လာတော့လဲ ကျွန်မအိမ်က လူတွေဟာ ကျွန်မတနေ့တာ ဘာတွေစားမလဲဆိုတာကို နံနက်တိုင်း ကြိုမေးထားကြရပြန်ပါတယ်။ ဒါတောင် နေ့လည်ပိုင်း ထမင်းစားကျောင်းလွှတ်ချိန်မှာ အိမ်ပြန်ရောက်လာပြီးရင် ချက်ထားတာတွေကို မစားချင်ဘူးဆိုပြီး၊ ကားမောင်းသူကို ဆိုင်တခုခုဆီ မောင်းခိုင်းတတ်ပါသေးတယ်။ ကျွန်မကြောင့် အိမ်က အလုပ်ဖြုတ်ပစ်လိုက်သူတွေအများကြီးပဲ။ နောက်ပိုင်းကျတော့လဲ သူတို့ကမချက်တတ်တာမဟုတ်၊ ကျွန်မကိုက အိမ်မှာ မစားချင်ဘူးဆိုတာကို အိမ်က သဘောပေါက်သွားပါတော့တယ်။


ကျွန်မဆိုတာက နံနက်မိုးလင်းရင်လဲ အိမ်မှာရှိတဲ့ အစားအစာတွေကို စားချင်မှစားလေ့ရှိပါတယ်။ ပေါင်မုန့်မီးကင်တို့၊ မုန့်ဟင်းခါးတို့ရှိနေပြန်ရင်လဲ ကိုယ်စားချင်တာက ရှမ်းခေါက်ဆွဲဖြစ်နေပြန်တာ ဆိုတော့ အိမ်က ထမင်းစား စားပွဲနဲ့ ရန်ဖြစ်ထားသလား အောက်မေ့ရအောင်ကို ကျွန်မနဲ့ ဝေးနေတတ်လေ့ရှိပါတယ်။ နံနက်မိုးလင်းရင် ကျွန်မအရင်ဆုံးစဉ်းစားရတာက ဘယ်အစားအစာကို ဘယ်ဆိုင်မှာ စားချင်တယ်ဆိုတာပါပဲ။ ကျွန်မနေတဲ့ တောင်ကြီးမြို့ဆိုတာကလဲ အစားအစာတွေ စုံမှစုံ၊ တိုဖူးနွေး၊ ရှမ်းခေါက်ဆွဲ၊ ရေစိမ်ခေါက်ဆွဲ၊ ဆီချက်ခေါက်ဆွဲ၊ နန်းကြီးသုပ်၊ မုန့်ဟင်းခါး၊ ဟင်းထုပ်၊ဖက်ထုပ်ကြော်၊ ပဲပလာတာ၊ ပဲနံပြားစသည်ဖြင့် အများကြီးရယ်ပါ။ တဆိုင်ထဲမှာတင်လဲ အကုန်လုံးကောင်းတာမဟုတ်ပါဘူး။ ဒီတော့ စားချင်တာကို စဉ်းစားပြီးရင် ဆိုင်ကိုပါ စဉ်းစားရပါသေးတယ်။ အဲလိုကို အိမ်နဲ့ယာနဲ့မစားချင်ပဲ ဆိုင်တကာလှည့် ဖြစ်သလို စားချင်တတ်တဲ့ လူမျိုးပါ။


ဆယ်တန်းအောင်ပြီးနောက်ပိုင်းလုပ်ငန်းခွင်တွေထဲရောက်တော့ ကျွန်မရဲ့ဖြစ်သလိုစားတတ်တဲ့ အကျင့်က ပိုဆိုးလာပါတယ်။ အလုပ်လဲလောဘကြီးသူမို့ အစားအသောက်ကလဲ အချိန်မမှန်။ ကြုံသလိုစားဖြစ်လိုက်တာပါပဲ။ ရန်ကုန်မှာဆိုရင် မြို့ထဲက လသာ၊ တရုတ်တန်းကနေ ကျောက်မြောင်းဘက်အထိ တလျှောက်လုံးနဲ့ တက္ကသိုလ်ရိပ်သာလမ်း၊ အင်းယားဘက်တ၀ိုက်မှာ ကျွန်မမရောက်ဖူးတဲ့ ဆိုင်တော်တော်နည်းပါတယ်။


မန္တလေးမှာ အဆောင်နေပြီးကျောင်းသွားတက်တော့ ဖြစ်သလိုစားရတဲ့ ထမင်းနပ်တွေက ပိုများလာပါတယ်။ ဆိုင်ဟင်းထမင်းတွေကို ကျွန်မတို့ သူငယ်ချင်းတတွေ တလစီပြောင်းစားကြပါတယ်။ ဒီလတရုတ်ဆိုင်၊ နောက်လမြန်မာဆိုင်၊ နောက်တလ လပေးချိုင့်ဆွဲစသည်ဖြင့်ပါ။ နေတဲ့အဆောင်ဘေးမှာ ညလုံးပေါက်လက်ဖက်ရည်ဆိုင်ဖွင့်လာတော့ ကျွန်မတို့တတွေ ညဘက်ဆိုရင် အဆောင်ပေါ်ကနေ ကြိုးချပြီး လက်ဖက်ရည်မုန့်မှာ၊ ဆိုင်က ကြိုးမှာ ကျွတ်ကျွတ်အိတ်နဲ့ ပြန်ချိတ်ပေးလုပ်နေကြတာနဲ့တင် အဲဒီလက်ဖက်ရည်ဆိုင် တော်တော်စီးပွားဖြစ်သွားပါတယ်။ အဆောင်မှာမနေပဲ အိမ်နဲ့နေတော့ မေမေက ချက်ပြုတ်ကျွေးမွေးဖို့အဖော်ဆိုပြီး လူပို့ပေးပါတယ်။ သိပ်မကြာပါဘူး။ သူထွက်သွားရောရှင့်။ ကျွန်မက သူချက်တာတွေမစားလို့တဲ့ရှင်။ ကဲ- မခက်ဘူးလား။


အလုပ်အကိုင်နဲ့ဖြစ်ဖြစ်၊ လေ့လာရေးခရီးပဲဖြစ်ဖြစ် ခရီးတွေထွက်ဖြစ်တဲ့အခါမှာလဲ ဖြစ်သလိုစားဖြစ်တာချည်းပါပဲ။ ပြီးတော့ ကျွန်မက ဘာအစားအစာဆိုတာ သိပ်ရွေးလေ့မရှိဘူး။ တရုတ်စာ၊ ကုလားစာ၊ ရခိုင်စာ၊ ရှမ်းစာ၊ လားဟူစာ ဘယ်အစားအစာမျိုးကိုမဆို မကြိုက်တာသိပ်မရှိလေတော့ နေရာစုံနဲ့ အဆင်ပြေပါတယ်။ ရောက်တဲ့မြို့မှာ ဘယ်စားသောက်ဆိုင်ကောင်းလဲမေးပြီး သွားစားလိုက်တာပါပဲ။ မှတ်မှတ်ရရ တခါကပအိုဝ့်နယ် ဘုန်းကြီးပျံပွဲတခုသွားတုန်းကဆို ထမင်းထုပ်ဝေတာကို တန်းစီယူကြရတာပါ။ ထမင်းထုပ်ရလာတော့ တိုဖူးသုပ်ရယ်၊ ပဲပုတ်စေ့ဟင်းရယ်၊ ငရုတ်သီးစိမ်းတောင့်လေးရယ် ပါပါတယ်။ ဘုန်းကြီးပျံပွဲလုပ်တဲ့ ကွင်းပြင်မှာ မြေကြီးပေါ်ထိုင်ပြီး စားခဲ့ရတဲ့ အဲဒီထမင်းလေးတနပ်ကို အခုထိအမှတ်ရဆဲပါပဲ။ ခရီးကလဲပမ်း၊ ဗိုက်ကဆာနဲ့ စားလို့ကောင်းလိုက်တာရှင်။


ဒီလိုနဲ့ နိုင်ငံရပ်ခြားရောက်လာတော့ အပြင်မှာ စားရင် ကုန်ကျစရိတ်ပိုများတာမို့ ကျွန်မရဲ့ ဖြစ်သလိုစားတတ်တဲ့ အကျင့်လေးပျောက်သွားမလားလို့ အကြောင်းသိတွေက မျှော်လင့်ကြပါတယ်။ ဟဲဟဲ- သူတို့ထင်သလိုဖြစ်မလားဘူးရှင့်။ အချိန်ပိုအလုပ်တွေလုပ်လိုက်ပြီး မဖြစ်ဖြစ်အောင်ကို အပြင်စာတွေပဲ ၀ယ်စားပါတယ်။ နိုင်ငံမျိုးစုံက အစားအစာမျိုးစုံကိုလဲ အခုအချိန်ထိ ဘယ်နိုင်ငံအစားအစာမကြိုက်ဘူးလို့ ပြောစရာမရှိအောင်ကို အားလုံးကို ကြိုက်နှစ်သက် နေတတ်ပါတယ်။ ကဲ- မခက်ပါလား။ အလုပ်တွေ ရှုပ်နေတာကလဲ ပါမယ်ထင်ပါတယ်။ သားငယ်လေးကျွန်မဘ၀ထဲမရောက်လာခင်တုန်းကဆိုရင် ကျွန်မကနံနက် ခုနစ်နာရီကနေ ည ဆယ့်နှစ်နာရီအထိ အိမ်မှာရှိတာမှ မဟုတ်တာပဲကိုး။ နံနက်ဆိုအလုပ်သွား၊ ကြားအချိန်မှာလဲ အလုပ်ထဲကနေ ကျောင်းကို ခဏပြေးပြီး ဆက်မီနာလေးတွေတက်၊ အလုပ်ပြန်သွား၊ အလုပ်ပြီးရင် စားသောက်ဆိုင်မှာဝင်စား၊ စာကြည့်တိုက်မှာ စာသွားဖတ်နဲ့ ကျောင်းက စာကြည့်တိုက်ပိတ်ချိန် ညဆယ့်နှစ်နာရီမှ အိမ်ပြန်လာတတ်တဲ့ ကျွန်မအတွက် အိမ်ပြန်ပြီး ချက်ပြုတ်စားနေဖို့ကို အချိန်မပေးနိုင်သလိုဖြစ်နေတာကိုး။ ဒီလိုနဲ့ နံနက်ဆိုရင် ကော်ဖီနဲ့ မုန့်တခုခုကို ကင်တင်းမှာဝယ်စား၊ နေ့လည်ဆို sandwich တခုခုစားပြီးဖျော်ရည်သောက်၊ ညနေဆိုရင် တရုတ်၊ ကုလား၊ စပိန်၊ အီတလီ၊ ပြင်သစ် စကော့တလန်စားသောက်ဆိုင်တခုခုသွားစားတတ်တာက ဓလေ့တခုလို ဖြစ်နေပြီ။


ချက်စားဖို့ဆိုတာကလဲ ချက်ပြုတ်ရေးကတော်တော်ကျွမ်းကျင်တာကိုးရှင့်။ လန်ဒန်ရောက်လာတုန်းက ကိုယ့်ဘာသာအိမ်သပ်သပ်ငှားနေဖို့မတတ်နိုင်သေးတာကြောင့် မြန်မာတွေ စုနေကြရပါတယ်။ အဲဒီမှာ အမကြီးတယောက်က ကြက်သားကြော်နေရင်း ဘေးကတယောက်ကို ရေမကျစေနဲ့ လှမ်းပြောတော့၊ ဆီထဲရေကျသွားရင် ဘာဖြစ်လို့လဲ ပြန်မေးဖူးခဲ့တယ်ဆိုရင် ကျွန်မဘယ်လောက်ကျွမ်းကျင်လဲဆိုတာ သိလောက်ရောပေါ့။ ဟဲ- နောက်ပိုင်းတော့ မနေနိုင်တဲ့ အမကြီးများက ဂုတ်ကနေဆွဲပြီး ကြက်ဥကြော်နည်း သင်ပေးကြပါတော့တယ်။ နံနက်စာလေး အိမ်မှာ ကိုယ့်ဟာကို လုပ်စားသွား ပါလားဟယ်။ ပိုက်ဆံကုန်သက်သာတာပေါ့ဆိုပြီး။ ဒါလဲ မရပါဘူးရှင်။ အပြင်ရောက်ရင်ကို ဆိုင်ထဲကနေ တခုခုဝယ်စားချင်နေတာ။ အနည်းဆုံး ကော်ဖီလေးတခွက်ဖြစ်ဖြစ်တော့ ၀ယ်သောက်လိုက်ရမှ။


သားလေးရလာပြီးတော့ တချိန်ကျရင် သားလေးကို ချက်ကျွေးဖို့ လိုတယ်ဆိုပြီး သူငယ်ချင်းအင်္ဂလိပ်မက ကျွန်မကို မြန်မာဟင်းနဲ့ အာရှဟင်းချက်နည်းတွေ သင်ပေးပါတယ်။ ဟီးဟီး- မြန်မာကို အင်္ဂလိပ်က မြန်မာအစားအစာချက်ပြုတ်နည်း ပြန်သင်ပေးသွားတာလေ။ အဲဒီနောက်ပိုင်းတော့ နည်းနည်းလေး အချက်အပြုတ်စိတ်ဝင်စားလာသလိုပဲ။ သားလေးကို ကျွေးချင်တာလဲ ပါတာပေါ့။ အခုဆိုအိမ်မှာ ကမ္ဘာတ၀ှမ်းလုံးက ချက်ပြုတ်နည်းစာအုပ်စုံရှိနေပြီ။ စနေတနင်္ဂနွေဆိုရင် စမ်းသပ်ချက်ပြုတ်ကြည့်နေတာ။ ဒီတပတ်တော့ အရှေ့အလယ်ပိုင်း အစားအစာတွေ လုပ်စားကြည့်မလားပဲ။ စာအုပ်ထဲက ပုံတွေကို မြင်ရတာတော့ စိတ်ဝင်စားစရာ။


ဒါပေမယ့်ပဲလေ။ ဖြစ်သလိုစားလာတာ နှစ်ပေါင်းများစွာ ကြာလာပြီဆိုတော့ အိမ်မှာကို မစားချင်တော့တာ။ ဆယ့်ငါးမိနစ်လေးလောက်စားဖို့ကိုများ အချိန်ကုန်ခံပြီး ဈေးဝယ်ရဦးမယ်၊ ပြင်ဆင်ရဦးမယ်၊ ချက်ရဦးမယ်ဆိုတော့ စိတ်မရှည်ချင်စရာကောင်းလိုက်တာနော်။ သြော်- ဘ၀၊ ဘ၀။


ခင်မမမျိုး (၃၊ ၁၀၊ ၂၀၀၈)

  © Blogger templates Newspaper II by Ourblogtemplates.com 2008

Back to TOP