ဘလော့ လိပ်စာသစ်သို့ ပြောင်းရွှေ့ခြင်း

(၂၀၀၇) ခုနှစ်မှစ၍ ဘလော့စာမျက်နှာအား ဖွင့်လှစ်ခဲ့ရာ ဖတ်ရှုအားပေးကြသော စာဖတ်ပရိသတ်အပေါင်းအား အထူးပင် ကျေးဇူးတင်ရှိပါသည်။

ယခုအခါတွင် ဘလော့ကို ဖွင့်ရန် အချိန်ကြာမြင့်မှုများ ရှိနေကြောင်း၊ စာဖတ်သူအချို့မှ အကြောင်းကြားလာပါသဖြင့် www.khinmamamyo.info တွင် စာမျက်နှာသစ်ကို ဖွင့်လှစ်ထားပါသည်။

စာမျက်နှာသစ်တွင် အချို့သော စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ဆောင်ပါးများနှင့် ရသစာစုများ (နှစ်ရာကျော်ခန့်)ကိုလည်း ကဏ္ဍများခွဲ၍ ပြန်လည်ဖော်ပြထားပါသည်။


ယခုဘလော့စာမျက်နှာကို ဆက်လက်ထားရှိထားမည်ဖြစ်သော်လည်း ယနေ့မှစ၍ ပို့စ်အသစ်များ ထပ်မံ တင်တော့မည် မဟုတ်ပါကြောင်းနှင့် ပို့စ်အသစ်များကို စာမျက်နှာသစ်တွင်သာ တင်တော့မည်ဖြစ်ပါကြောင်း လေးစားစွာ အသိပေး အကြောင်းကြားပါသည်။


စာမျက်နှာသစ်သို့ အလည်လာရောက်ပါရန်ကိုလဲ လှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါသည်။


လေးစားစွာဖြင့်



ခင်မမမျိုး (၁၇၊ ၁၀၊ ၂၀၁၁)

www.khinmamamyo.info

For Ko Thet Win Aung

Monday, October 13, 2008


လာမည့် အောက်တိုဘာ (၁၆)ရက်နေ့ဆိုလျှင် ကျောင်းသားခေါင်းဆောင် ကိုသက်ဝင်းအောင် ကွယ်လွန်သွားသည်မှာ နှစ်နှစ်ပြည့်မြောက်ပြီဖြစ်ပါ၍ သူကွယ်လွန်စဉ်က ရေးခဲ့ဖူးသော ဆောင်းပါးလေးအား အမှတ်တရ ပြန်တင်လိုက်ပါသည်။

ပန်းခြွေသူများ


၂ဝဝ၆ခုနှစ်၊ အောက်တိုဘာ(၁၆)ရက်။


တော်လှန်ရေးသားကောင်းတစ်ပွင့်၊ ကမ္ဘာမြေကို နှုတ်ဆက်ထွက်သွားခဲ့သည်။ ကိုသက်ဝင်းအောင် ကွယ်လွန်ခြင်းအတွက် အားလုံးယူကျူံးမရ ဖြစ်ခဲ့ကြရသည်။ မြန်မာ့မြေပေါ်တွင် အချိန်မလင့်ခင် ကြွေခဲ့ရသောပန်းများကား များခဲ့လေပြီတကား။


စစ်အုပ်စုအဆက်ဆက်ကား ပန်းခြွေရသည်ကိုဝါသနာထုံလှသည်။ လက်နက်မဲ့တက္ကသိုလ် ကျောင်းသားများအား ပစ်ခတ်သတ်ဖြတ်ရသည်ကိုလဲ အရသာတွေ့နေကြသည်။ ကျောင်းသားများ ရှိနေသော အဆောက်အဦးကို ဖောက်ခွဲပြီး အလောင်းပင်မရအောင် တစစီ ဖြစ်သွားသော အပိုင်းအစများကိုလဲ ဝမ်းသာအားရ ကြည့်ချင်ကြသည်။ ကျောင်းသားလေးများကို ရေထဲနှစ်ပြီး သတ်ရသည်ကို မနောခွေ့ကြသည်။ ကျောင်းသူလေးများကို အုပ်စုလိုက် အနိုင်ကျင့် စော်ကားရသည်ကိုလဲ ဝမ်းသာအားရ။ အထက်တန်းကျောင်းသားကျောင်းသူလေးများ ခွပ်ဒေါင်းအလံကိုင်ထားသည်ကို ရွေးပြီးပစ်ရခြင်းကိုကား သားသတ်မုဆိုးနှယ်ပစ်ကွင်းချိန်ကြသည်။ ဤသည်ကား စစ်အုပ်စုတို့၏ အစုလိုက်အပြုံလိုက် ပန်းခြွေနည်းများ။


ထိုသို့ပန်းခြွေနည်းများအပြင် တစတစ ခြွေနည်းများကလဲရှိသေးသည်။ ညသန်းခေါင်အိမ်သို့လာခေါ်မည်။ (သို့မဟုတ်) လမ်းလျှောက်နေဆဲ၊ လက်ဖက်ရည်ဆိုင်ထိုင်နေဆဲ ကားပေါ်သို့တင်ခေါ်သွားမည်။ နည်းမျိုးစုံဖြင့် နှိပ်စက်မည်။ ရိုက်နှက်မည်။ လူမဆန်အောင် ညှင်းပမ်းမည်။ သူတို့လက်ထဲတွင် မွမွကြေသွားသောအခါ ဥပဒေနှင့်အညီ အာဏာရယူထားခြင်း မဟုတ်သူများက ဥပဒေအမည်တပ်ထားသော ပုဒ်မများဖြင့် မတရားထောင်ချမည်။ ထောင်ထဲတွင် ဆက်နှိပ်စက်မည်။ ထောင်ထဲမှာသေလျှင် သေ၊ မသေလျှင်လဲ ထောင်ကထွက်သည်နှင့် လူကောင်းပကတိဖြစ်အောင် ကိုယ်ရော၊စိတ်ပါ ပြန်လည်ထူထောင်ရသည့်ဘဝသို့ တွန်းပို့မည်။ ဤသည်ကား တစတစပန်းခြွေနည်းများ။


ယခုလဲ နအဖအကျဉ်းထောင်ထဲတွင် ပန်းတစ်ပွင့်ကြွေခဲ့ရပြန်လေပြီ။ ပန်းခြွေသူများတွင် ကြင်နာတတ်သောစိတ်မရှိ။ ကိုယ်ချင်းစာစိတ်ဆိုသည်ကား ပို၍ပင်ဝေးမည်။ သားသမီးချင်း ကိုယ်ချင်းစာစိတ်ရှိသော အဘယ်မိဘမျိုးသည် သားသမီးအရွယ် လူငယ်များအား သေနတ်နှင့်ချိန်ရက်ပါမည်နည်း။ လူငယ်များအား ရိုက်နှက်ရန် ကြိမ်တုတ်ကိုလွှဲရက်ပါမည်နည်း။ နှိပ်စက်နည်းပေါင်းစုံ ကျင့်သုံးရန် စဉ်းစားရက်ပါမည်နည်း။ လူငယ်လေးများ၏ လူမသိသူမသိ ဈာပနလေးများကိုပင် ထိုလူငယ်များ၏မိဘရင်းချာများ ပြုလုပ်ချင်သည့်ဆန္ဒကို မလိုက်လျောပဲ သေသည်အထိ လိုက်လံပိတ်ပင်မှုများ လုပ်ရက်ပါမည်နည်း။


ချုပ်၍ဆိုရသော် ယင်းသို့သော ပန်းခြွေသမားများကိုမနှိပ်စက်ရန်၊ မသတ်ဖြတ်ရန်၊မရက်စက်ရန်ပြောနေ၍ကား ပြီးမည့်အချိန်မဟုတ်တော့။ နောင်လာမည့် အနာဂတ်မျိုးဆက်များ၏ ဘဝသာယာရေးအတွက် ပန်းခြွေသမားများကို ဖယ်ရှားရမည့်အချိန်ကား ကျရောက်နေလေပြီ။ မြန်မာပီပီ မြန်မာ့သွေးကို အနာဂတ်မျိုးဆက်များအတွက် ပြကြပါစို့။


ခင်မမမျိုး (၂၀၊ ၁၀၊ ၂၀၀၆)


  © Blogger templates Newspaper II by Ourblogtemplates.com 2008

Back to TOP