"လူတိုင်းအတွက်ပညာရေးနှင့်ကျန်းမာရေး"
ပညာသင်ကြားခွင့်ရရေးသည် မွေးရာပါလူ့အခွင့်အရေး တရပ်သာဖြစ်သည်။ သို့ရာတွင် မြန်မာပြည်တွင် ကြီးပြင်းသူများအဖို့ကား ကျောင်းနေခွင့်ရရေး၊ ပညာသင်ယူခွင့်ရရေးသည် မဟာအခွင့်အရေး။ မိဘများအတွက် ကိုယ့်သားသမီးများ ကျောင်းဝတ်စုံအဖြူအစိမ်းလေး၊ အချိန်တန် အရွယ်ရောက်လျှင် ဝတ်နိုင်ဖို့အရေးသည် အရေးကြီးဆုံး တာဝန်တရပ်။ ထို့အတွက် အသဲအသန် ကြိုးစား ရှာဖွေကြရသည်။ ကျောင်းဝင်ကြေး၊ မိဘဆရာအသင်းကြေး၊ ကျောင်းအုပ်ဆရာမကြီးအား ကန်တော့ကြေး၊ တံမြက်စည်းဖိုး၊ တိုးချဲ့ကျောင်းဆောင်သစ်အလှူငွေ စသည်စသည်နှင့်။
တစ်နှစ်လဲမဟုတ်၊ နှစ်နှစ်လဲမဟုတ်၊ အကြိမ်ကြိမ်အလီလီ၊ နှစ်ပေါင်းများစွာ။ သားသမီးကို ကျောင်းထားနိုင်ရေးသည် လက်လုပ်လက်စားမိဘများအတွက် မဟာစွန့်စားခန်း။ နောက်ဆုံးတော့ လေးတန်းနှင့် ကျောင်းနှုတ်ရ၊ ခုနှစ်တန်းနှင့် ကျောင်းနှုတ်ရဖြင့် အဆမတန် ကြီးမြင့်လှသော ကုန်ဈေးနှုန်းဂယက်ကြားတွင် အိမ်စရိတ်ကျေဖို့အရေး ကလေးများကို ဇွတ်အလုပ်လုပ်ခိုင်းရတော့သည်။
ထိုအဖြစ်မျိုးကြုံကြရသော ကလေးများ၏ လက်ဖက်ရည်ဆိုင်တွေမှာ စားပွဲထိုးရင်း၊ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေမှာ မဆလာဗန်းရွက်ရင်း ရွယ်တူကျောင်းသားလေးတွေကို ငေးကြည့်နေတတ်သော မျက်ဝန်းလေးများကိုကား တပ်မတော်သာအမိ၊ တပ်မတော်သာအဖဟု ကြွေးကြော်နေကြသော နအဖတို့ မစာနာတတ်ကြ။ အပြောနှင့်အလုပ်သာညီကြလျှင် ထိုသို့သော ကလေးငယ်များ မြန်မာနိုင်ငံတွင် ပေါ်ပေါက်လာစရာ အကြောင်းမရှိ။ ဤသို့အပြောနှင့်အလုပ် မညီသောသူများသည်လည်း တိုင်းပြည်အုပ်ချုပ်သူများအဖြစ် ဆက်လက်ရှိမနေသင့်။ ဤသည်ကား အကြောင်းအကျိုး ညီညွတ်သော အမှန်တရား။
အခြေခံပညာရေးကို တတ်နိုင်သမျှအခမဲ့ပညာရေးဖြစ်ရမည်ဟု လူ့အခွင့်အရေး ကြေညာစာတမ်းကြီးက ဖော်ပြထားပါသည်။ တိုင်းပြည်တစ်ပြည်၏ အနာဂတ်သည် ယနေ့ကလေးများ၏ ပညာရေးပေါ်တွင် များစွာမူတည်ပါသည်။ အခြားနိုင်ငံများတွင် တက္ကသိုလ်ပညာရေးများကိုပင် အစိုးရမှငွေထုတ်ချေးပြီး၊ ဘွဲ့ရမှ၊ အလုပ်ရမှ တဖြည်းဖြည်းပြန်ဆပ်ခိုင်းနေချိန်၊ ဘွဲ့လွန်သင်တန်းများအတွက် ပညာသင်ထောက်ပံ့ ကြေးများပေးပြီး၊ ပညာရှင်များမွေးထုတ်နေချိန်တွင် ကျွန်ုပ်တို့မြန်မာပြည်တွင် လူဖြစ်ခဲ့ရသော ကျောင်းသားများအတွက်ကား အခြေခံပညာရေးကိုပင် ကောင်းစွာသင်ခွင့်မရရှာကြ။ နအဖစစ်အာဏာရှင် လက်အောက်တွင် မွေးရာပါ လူ့အခွင့်အရေးများ ဆုံးရှုံးနေကြသည်။
ကျန်းမာရေးတွင်ကော ဘာထူးပါသနည်း။ မွေးရာပါ လူ့အခွင့်အရေးများ ဆုံးရှုံးနေကြဆဲ။ မြန်မာနိုင်ငံတွင် အခမဲ့အခြေခံကျန်းမာရေး စောင့်ရှောက်မှုသာရှိခဲ့ပါက သေဆုံးမှုနှုန်းများ၊ ဤမျှမြင့်မားမည်မဟုတ်ကြောင်း မည်သည့်ဆရာဝန်ကိုသွားမေးမေး၊ မည်သည့်ကျန်းမာရေးဝန်ထမ်းကို သွားမေးမေး တသံတည်းသာ ထွက်ပါလိမ့်မည်။
ပြည်သူ့ဆေးရုံများတွင် လိုအပ်သည့်ဆေးဝါးများကားမရှိ၊ ပစ္စည်းကိရိယာများမှာလဲ မပြည့်စုံ။ ဤသည်ကို အစားထိုးသည့် ခေတ်မီအထူးကုဆေးခန်းများ ပေါ်လာသည်။ ရပ်ကွက်ထဲ ဆေးခန်းကလေးများမှ ဆရာဝန်များကို သွားရောက်ပြသဖို့ပင် အခက်တွေ့နေရသော သာမန်ပြည်သူတို့ မော့ပင် မကြည့်ရဲသည့်နေရာများ။
အခြားနိုင်ငံများတွင် ဤသို့သောဆေးခန်းများမရှိဟု မဆိုလိုပါ။ ငွေရှိလျှင် ဇာချဲ့ချင်တတ်သည်က လူသားတို့ထုံးစံပါ။ ထိုသူများ၏စိတ်အာသာကို ဖြည့်ဆည်းပေးမည့်အရာများလဲ ရှိသင့်ပါသည်။ သို့ရာတွင် သာမန်ပြည်သူတို့၏ ကျန်းမာရေးကိုလဲ အစိုးရမှ သင့်လျော်သောပေါ်လစီများ ချမှတ်ဆောင်ရွက်ပေးကြသည်။ ပြည်သူ့ကိုယ်စားပြုကိုယ်စားလှယ်များနှင့် ဖွဲ့ထားသည့်အစိုးရတရပ်နှင့် အာဏာသိမ်းအစိုးရတို့ကား ပြည်သူ့အကျိုးဆောင်နိုင်ပုံချင်း မိုးနဲ့မြေပမာကွာခြားကြောင်း မြန်မာပြည်ဖြစ်ရပ်များက သက်သေပြနေသည်။
နိဂုံးချုပ်ဆိုရသော် လူတိုင်းအတွက်ပညာရေး၊ ကျန်းမာရေးဟူသော မွေးရာပါလူ့အခွင့်အရေးသည် စောင့်ရှောက် အကောင်အထည်ဖော်ပေးရမည့် အစိုးရ၏ မူဝါဒများပေါ်တွင် များစွာမူတည်ပါသည်။ နိုင်ငံတော်ဘဏ္ဍာ၏ နှစ်ရာခိုင်နှုန်းကိုသာ ပညာရေးနှင့် ကျန်းမာရေးတွင်သုံးပြီး၊ ကျန်သည်များကို အိတ်ထဲထည့်လိုက်၊ စစ်ရေးတွင်သုံးလိုက်၊ ပြည်သူများအတွက် အကျိုးမရှိသည့်ကဏ္ဍများတွင် သုံးလိုက်လုပ်နေသည့် အစိုးရတရပ်လက်ထက်တွင် (နအဖပဲဖြစ်ဖြစ်၊ နအဖရွေးကောက်ပွဲနှင့် ပေါ်လာမည့် ကြိုးဆွဲပဲဖြစ်ဖြစ်) ဤအခွင့်အရေးများဆက်လက် ဆုံးရှုံးနေမည်မှာ မြေခတ်မလွဲ။ တရားမျှတမှု၊ လွတ်လပ်မှုနှင့် လူ့အခွင့်အရေးအပြည့်အ၀ရှိသော လူ့ဘောင်သစ်တရပ်ကို တည်ဆောက်ဖို့အချိန်ကား တန်ရုံမက အနဲငယ်ပင် နှောင်းလို့နေလေပြီ။ ကျွန်ုပ်တို့မရခဲ့သည့် အခွင့်အရေးများ၊ ကျွန်ုပ်တို့သားသမီးများ ခံစားနိုင်ဖို့အရေး ဝိုင်းဝန်းကြိုးပမ်းကြပါစို့။
ခင်မမမျိုး (၂၉၊ ၈၊ ၂၀၀၆)