အချစ်ဆိုတာ
အချစ်ဆိုတာတဲ့။
ကိုဂျုလိုင်က တက်ခ်ထားတာ ကြာပြီ။ ရေးမယ်၊ ရေးမယ်နဲ့ ရေးလို့မရဘူးဖြစ်နေတယ်။ တခြားစာတွေရေးရင် ကျွန်မရဲ့ လက်ချောင်းလေးတွေက စာရွက်တွေပေါ်မှာ၊ ကွန်ပျူတာခလုတ်ခုံပေါ်မှာ ပြေးလွှားဆော့ကစားနေကြ။ အခုကျတော့ အဲလိုမဟုတ်ဘူး ဖြစ်နေခဲ့တယ်။ ဘာလို့လဲဆိုတော့ ဒီတက်ခ်လေးကို ရေးရမှာက ကျွန်မရဲ့ နှလုံးသွေးစက်တွေနဲ့ ဖြစ်နေလို့ပါပဲ။
အချစ်တဲ့။
ဒီစကားလုံးလေးကို ကြားရစဉ်တိုင်းမှာ ကျွန်မရဲ့ အတွေးစဉ်တွေထဲကို ပုံရိပ်တခုက လွှမ်းမိုးလာပါတယ်။ သူကတော့ ကျွန်မက အစ်ကိုလို့ ချစ်မြတ်နိုးစွာ တလေးတစား ခေါ်တတ်ပြီး၊ ကျွန်မကို ညီမလေးလို့ ခေါ်တတ်တဲ့ ကျွန်မရဲ့ အချစ်ဦး ချစ်သူတယောက်ပါ။ တခါတလေမှာ သူ့ကို “ကိုမောင်”လို့ ခေါ်ခိုင်းတတ်ပေမယ့်၊ ခေါ်ဖို့မရဲဘူးဆိုပြီး ကျွန်မအမြဲငြင်းခဲ့ဖူးပါတယ်။
သူ့ကိုဘာလို့ ချစ်ခဲ့လဲ ကျွန်မလုံးဝမသိပါဘူး။ သေချာတာကတော့ သူဘယ်သူဘယ်ဝါဆိုတာ လုံးဝမသိရသေးခင်မှာပဲ သူ့မျက်လုံးလေးတွေကို စတင်ဆုံစည်းမိချိန်မှာ ကျွန်မရင်ခုန်သံစည်းချက်တွေ ထွက်ပေါ်လာခဲ့တယ်ဆိုတာပါပဲ။ ကံကောင်းချင်တော့ ကျွန်မတို့နှစ်ယောက် ချစ်သူတွေ ဖြစ်ခွင့်ရခဲ့ကြပါတယ်။ ကံဆိုးချင်တော့ ဘ၀တလျှောက်လုံး ဆုံစည်းခွင့်ဆိုတာကို မရခဲ့ကြပါဘူး။ “ချစ်တိုင်းလဲမညား၊ ညားတိုင်းလဲမချစ်”ဆိုတဲ့ဆိုရိုးစကားက ဘ၀မှာ တကယ်ပဲ ဖြစ်တတ်တာကလား။
ဘာတွေပဲဖြစ်ဖြစ် သူနဲ့ ဆုံတွေ့ခဲ့ရတဲ့ အချိန်လေးတွေဟာ ဘယ်တော့မှ မေ့ပျောက်သွားနိုင်မှာ မဟုတ်တဲ့ အမှတ်တရလေးတွေပါပဲ။ မွေးရပ်မြေတောင်ပေါ်မြို့လေးက စားသောက်ဆိုင်လေးတွေမှာ အတူလက်ဆုံထမင်းစားခဲ့ကြရင်း ကြည်နူးခဲ့ရတဲ့ အချိန်လေးတွေ၊ တောင်ပေါ်ဘုရားလေးမှာ ဘုရားအတူဖူးရင်း ဆိုခဲ့ဖူးတဲ့ သစ္စာတရားတွေ၊ အလည်ရောက်ခဲ့ဖူးတဲ့ ရွာငယ်ကလေးတွေ၊ ဆွေးနွေးခဲ့ဖူးတဲ့ နိုင်ငံရေးရာလေးတွေဟာ ကျွန်မရဲ့ အတွေးစဉ်တွေထဲကို ထာဝရခိုတွယ် နေရာယူထားခဲ့ပါတယ်။
သူပြောပြခဲ့တဲ့ ခေတ်အဆက်ဆက် တော်လှန်ရေးသမိုင်းတလျှောက်က တိုက်ပွဲခေါ်သံတွေကို ပြန်လည်ကြားယောင်မိတိုင်း ကျွန်မရဲ့ နှလုံးသွေးတွေ ပွက်ပွက်ဆူနေဆဲ၊ အခက်အခဲတွေ ကြုံတွေရတိုင်း လက်ဖ၀ါးကို ဆုပ်ကိုင်အားပေးတတ်တဲ့ သူ့လက်ဖ၀ါးပြင်က အနွေးငွေ့လေးကို ကျွန်မအခုအချိန်ထိ ခံစားနေရဆဲ၊ “ရင်ထဲက ယုံကြည်ချက်အလံကို ဘယ်အရာကမှ လာနှဲ့လို့မရဘူး” ဆိုတဲ့ သူ့စိတ်ဓာတ်အပေါ် လေးစားမှုတွေနဲ့အတူ ကျွန်မရဲ့ ယုံကြည်ချက်၊ ခံယူချက်တွေကလဲ သံမဏိလို ခိုင်မာနေဆဲ။
သူဟာ ကျွန်မအတွက်တော့ ဘ၀တခုပါ။ သူနဲ့ပတ်သက်ပြီး အချစ်ဆိုတာကို ခံစားမိခဲ့ရတယ်။ အချစ်ဆိုတာရဲ့ နောက်ကွယ်က တဦးပေါ်တဦးနားလည်မှု၊ မြတ်နိုးတန်ဖိုးထားမှု၊ ယုံကြည်မှု၊ အခက်အခဲတွေကို အတူဖြတ်ကျော်ရင်ဆိုင်နိုင်မှု ဆိုတဲ့ အရာတွေကိုလည်း နားလည်သဘောပေါက်ခဲ့ရတယ်။ ကျွန်မလျှောက်လှမ်းသင့်တဲ့ ဘ၀လမ်းကြောင်းမှန်ကိုလည်း သူလမ်းညွှန်ပြသခဲ့တယ်။
လူမှုဘ၀တာဝန်အဖြာဖြာနဲ့ ရှုပ်ထွေးနေရတဲ့ ဘ၀မှာ အချိန်ပြည့် သတိရနေတယ်လို့တော့ ကျွန်မမဆိုလိုပါဘူး။ ဒါပေမယ့် တိုက်ဆိုင်မှုလေးတွေ ရှိတဲ့အခါတိုင်း၊ သီချင်းလေးတွေ နားထောင်မိတဲ့ အခါတိုင်း သူဟာ ကျွန်မအတွေးထဲကို ရောက်ရောက်လာတတ်တယ်။ သူကမုန့်ဟင်းခါးသိပ်ကြိုက်တာ။ အရင်တုန်းကဆို ဆိုင်မှာပဲ ကျွန်မတို့ အတူစားခဲ့ကြတာ။ အခုလို ဟိုစပ်စပ်ဒီစပ်စပ် စချက်တတ်စ အချိန်လေးမှာ သူ့ကို ချက်ကျွေးချင်လိုက်တာရှင်။ ဘာတွေဘယ်လိုထည့်ပြီး ဖျော်ထားမှန်းမသိတဲ့ ကော်ဖီတခွက်ကို ချစ်သူရဲ့ ပထမဆုံးဖျော်ဖူးတဲ့ ကော်ဖီလေးအနေနဲ့ ကြိတ်မှတ်သောက်ခဲ့ဖူးတဲ့ သူ့ကို ကော်ဖီဖျော်တိုင်းလဲ သတိရနေဆဲပဲ။
ခရီးတခုခုသွားရရင် တောင်တန်းကြီးတွေကို မြင်မိတိုင်း ကွေ့ကောက်နေတဲ့ တောင်ပေါ်လမ်းလေးတွေမှာ ကျင်လည်စွာကားမောင်းနေတဲ့ သူ့ရဲ့ဟန်ကို ပြန်လည်မြင်ယောင်မိနေဆဲ။ ကျွန်မက တောင်ပေါ်လမ်းလေးတွေကို သဘောကျတာမို့ တခါတလေ ကျွန်မတို့နှစ်ယောက် ဘာမှကို မယ်မယ်ရရမဟုတ်ပဲ တောင်ကြီး-ကလော၊ တောင်ကြီး-ရွာငံ၊ တောင်ကြီး-ဟိုပုန်း၊ တောင်ကြီး-ရပ်စောက်လမ်းတွေပေါ်မှာ ကားထွက်မောင်းနေတတ်ကြတယ်။ တွေ့ကရာ လမ်းဘေးဆိုင်လေးတွေမှာ ကားရပ်ပြီး မုန့်စားတတ်ကြသေးတယ်။ လမ်းတလျှောက်လုံး သူ့ကို ကားမောင်းခိုင်းပြီး၊ ဘေးကနေ မုန့်တစွပ်စွပ်စားလိုက်၊ သူ့ပါးစပ်ထဲ မုန့်ထည့်ပေးလိုက်နဲ့ ကလေးဆန်ဆန် ပြုမူခဲ့ဖူးတာလေးတွေကို သူက သည်းခံပြီး ပြုံးပျော်ပေးခဲ့ဖူးတယ်။
အခုအချိန်ထိ ရှော့ပင်ထွက်တဲ့ အခါတိုင်း အမျိုးသားဝတ်စုံတွေဘက်ကို မကြည့်မိအောင် ကျွန်မအမြဲ သတိထားမိနေရတယ်။ တခါတလေမှာ သူဝတ်လေ့ရှိတဲ့ ရှပ်အကျီင်္အဖြူလေးတွေတွေ့ရင် ယောင်နနနဲ့ ကျွန်မသွားကိုင်မိနေဆဲပဲ။ အခြေအနေအကြောင်းကြောင်းကြောင့် ကျွန်မဆီမှာ သူ့ဓါတ်ပုံလေးတောင် အမှတ်တရမရှိခဲ့။ ဒါပေမယ့် ကျွန်မရဲ့ မျက်ဝန်းလေးကတော့ သူ့ပုံရိပ်ကို ထာဝရရင်မှာ သိမ်းထားဖို့ ဓာတ်ပုံရိုက်ယူခဲ့ပြီးသားမို့ တော်သေးတယ်ဆိုရမလား။ သူနဲ့ ပတ်သက်လို့ သူ့လက်ရေးလေးတွေနဲ့ ရေးထားတဲ့ စာလေးတစောင်ပဲ အမှတ်တရ ကျွန်မဆီမှာ ရှိနေခဲ့တယ်။ ကျွန်မနိုင်ငံခြားထွက်လာခါနီးမှာ ပေးလိုက်တဲ့ အော်တိုဆန်ဆန်စာသားလေးတခု။ ထုတ်ဖတ်ရလွန်းလို့ အခုဆိုရင် စာရွက်တွေတောင် မွကြေနေခဲ့ပြီမို့ နေ့စဉ်တွေ့ရအောင် မှန်တင်ခုံလေးမှာ ကပ်ထားလိုက်ရတယ်။ သူရေးထားတာက
“ညီမလေးရေ-
အင်မတန်မှ အရည်အသွေးထက်မြက်ပြီး အလွန်တရာ အဖိုးထိုက်တန်တဲ့ ပတ္တမြားကျောက် ရဖို့ဆိုရင် အလွန်တရာ နက်ရှိုင်းပြီး၊ အပင်ပန်း၊ အဆင်းရဲခံမှုတွေနဲ့ ရင်းမှ ရနိုင်မယ် ညီမလေး။
ကိုမောင်” တဲ့။
ဒီစာရွက်လေးနဲ့ ဒီစာသားလေးဟာ ကျွန်မဘ၀အတွက် ဘာနဲ့မှ လဲလှယ်လို့မရနိုင်တဲ့ အဖိုးမဖြတ်နိုင်သော ရတနာ ပစ္စည်းလေးတွေပါ။ ဒီစာသားလေးကို ဖတ်မိစဉ်အခါတိုင်း ကျွန်မဘေးမှာ သူရှိနေသလို အားအင်တွေ ပြည့်လာရတယ်။ စိတ်ခွန်အားတွေ တိုးတက်လာခဲ့ရတယ်။ သူဟာ ကျွန်မဘ၀အတွက် ဘယ်တော့မှ အစားထိုးမရနိုင်တော့တဲ့ ချစ်သူတယောက်ပါပဲ။
ဟိုး- လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက သူနဲ့ ကျွန်မလေ တောင်ပေါ်ဘုရားလေးတဆူ အနီးမှာ ဆုံကြတုန်း သူက ကတိတခု တောင်းခဲ့ဖူးတယ်။ အကြောင်းအမျိုးမျိုးကြောင့် ကွဲကွာသွားခဲ့ရင်၊ မြန်မာပြည်တော်လှန်ရေးကို အသက်မသေသေးသရွေ့ ဆက်လုပ်နေကြပြီး၊ ဒီမိုကရေစီရပြီးတဲ့ ပထမဆုံးနှစ် အောက်တိုဘာ (၂၁)ရက်နေ့မှာ ပြန်ဆုံကြဖို့ကိုပါ။ တကယ်လို့ တယောက်ယောက်ရောက်မလာခဲ့ရင် ကျန်တဲ့တယောက်က ဘုရားပေါ်တက်ပြီး အမျှ ဝေပေးရမယ်တဲ့လေ။
ကျွန်မအဲဒီအချိန်လေးကို စောင့်စားနေမိတယ်။ သူကကော တကယ်ပဲ ရောက်မလာနိုင်တော့တာလား။ ကျွန်မကကော အဲဒီအချိန်ထိ အသက်ရှင်နေပါ့မလား။ ကျွန်မ မသိပါဘူးလေ။ ဘာပဲဖြစ်ဖြစ်ပေါ့ရှင်။ ကျွန်မဘ၀မှာ ဆုတောင်းလေးတခုသာ ပြည့်ခွင့်ရခဲ့မယ်ဆိုရင်တော့ မြန်မာပြည်ဒီမိုကရေစီရပြီးတဲ့နှစ်ရဲ့ ပထမဆုံးအောက်တိုဘာလ (၂၁) ရက်နေ့မှာ ရှမ်းပြည်တနေရာက တောင်ပေါ်ဘုရားလေးဆီမှာ ကျွန်မရဲ့ ချစ်သူလေးကို တွေ့ရပြီး၊ သူကြားချင်တယ်ဆိုတဲ့ “ကိုမောင်”ဆိုတာလေး ခေါ်ဆိုနိုင်ပါရစေလို့ ဆုတောင်းမိမှာ အမှန်ပါပဲ။
တခါတလေတော့လဲ အချစ်ဆိုတာ လွမ်းစရာလေးတွေနဲ့ ပြည့်နှက်နေတတ်တာပါကလား။
ခင်မမမျိုး (၂၆၊၁၀၊ ၂၀၀၈)