မြစ်တစင်း (အပိုင်း-၄)
(၉)
”သမီးရယ်၊ ဘယ်ပျောက်နေရတာလဲ။ မေမေဟိုတယ်ကို ဖုန်းဆက်ကြည့်သေးတယ်။ သမီးမလာဘူးတဲ့”
နောက်တနေ့နံနက် အိမ်သို့ ပြန်ရောက်ရောက်ခြင်း မေမေကလှမ်းပြောသည်။ စိတ်လဲ အလွန်ပူနေပုံရသည်။ မေမေ့အား သူမပြုံုးပြလိုက်သည်။ လူတယောက် စိတ်ရှုပ်ထွေးနေလျှင်၊ စိတ်တိုနေလျှင်၊ စိတ်ပူနေလျှင် ပထမဆုံးစရမည့် ဆက်ဆံရေးမှာ အပြုံးတခု ဟူ၍ စာအုပ်ထဲတွင် ဖတ်ဖူးသည်။ တခါတလေ ကိုယ်ပြုံးပြသည့် မျက်နှာက စပ်ဖြဲဖြဲကြီး ဖြစ်နေလျှင် လူရိုက်ပေါက်တိုးနိုင်သည်။ ဘာပဲဖြစ်ဖြစ် မေမေကတော့ ပြုံးပြလျှင် အလွန် သဘောကျလေသည်။
”ပြုံးမနေပါနဲ့သမီးရယ်၊ မေမေတကယ် စိတ်ပုသွားတာ။ ဘယ်တွေသွားနေတာလဲ“
“သမီး ကမ္ဘာသစ်တခုကို တွေ့ခဲ့တယ် မေမေ“
သူမ၀င့်ကြွားစွာပြောတော့ မေမေကပြုံးသည်။ စကားပြောလျှင် ကမ္ဘာနှင့်ချီ၍ ပြောတတ်သည့် သူ့သမီး အကြောင်းကို နောကြေနေပုံရသည်။ သူမကလဲ သူမပင်ဖြစ်သည်။ သူမသုံးနှစ်၊ လေးနှစ်လောက်မှစ၍ အိမ်သို့ဧည့်သည်လာလျှင် မားဂရက်သက်ချာအကြောင်း၊ မားကိုးစ်အကြောင်း၊ အစ္စရေး၊ ပါလက်စတိုင်းအကြောင်း၊ စစ်အေးတိုက်ပွဲများအကြောင်း ပြော၍ ဧည့်ခံတတ်ကြောင်း လူကြီးများက ပြန်ပြောပြဖူးသည်။ သိပ်တော့မဆန်းပါ။ သူမ၏ ပထမငါးနှစ်အရွယ်ကို နိုင်ငံရေး၊ ဥပဒေရေး၊ စစ်ရေးများအကြောင်းကိုသာ ပုံပြင်အဖြစ်ပြောပြတတ်သည့် အဖိုးဖြစ်သူနှင့် ကြီးပြင်းခဲ့ရသည်ကိုး။
“ကမ္ဘာနဲ့ချီပြီူ မပြောပါနဲ့ သမီးရယ်။ မေမေမသိချင်ပါဘူး။ မေမေသိတာ မေမေ့သမီးလေးပဲ။ သမီးလိုချင်တာအကုန်ပြော။ မေမေလုပ်ပေးမယ်။ အဲလိုမျိုးတော့ မထွက်သွားရဘူး။ ဟုတ်ပြီနော်သမီး။ သမီးပျောက်နေတော့ အားလုံးစိုးရိမ်သွားကြတာ။ သမီးဖွားဖွားကဆို သမီးကို မတွေ့ရင် မေမေပါပြန်မလာရဘူးလို့ အမိန့်ထုတ်ထားတာ”
စိုးရိမ်တကြီးပြောနေသော မေမေ့အား သနားသွားသည်။ လိုချင်တာ ဘာမဆို လုပ်ပေးနေသည်ပဲလေ။ မေမေလုံးဝလျှော့မပေးသည်က တနေရာပဲရှိသည်။ ပညာရေး၊ တနှစ်တွင် (၃၆၅)ရက်၊ တရက်တွင် (၂၄)နာရီရှိသည်ကိုပင် မကျေနပ်နိုင်ပဲ အချိန်မလောက်ဟု ဆိုတတ်သော မေမေသည် သူမ၏ ဆုပေးပွဲများအတွက်တော့ အချိန်ကိုရအောင် ဖန်တီးပေးလေသည်။ ပညာကို တန်ဖိုးထားသော စိတ်ကို ငယ်စဉ်မှစ၍ သွင်းထားပေးသည်။
မှတ်မှတ်ရရ။ သူမတို့ ဆယ်တန်းဖြေစဉ်က စပေါ့များ အလွန်ခေတ်စားသည်။ အများနှင့်ဆိုတော့ သူမလဲ စိတ်ဝင်စားသည်ပေါ့။ နိုင်ငံခြားမှ မြန်မာသံရုံးစပေါ့ဆိုလျှင် တိုးသည်ကများသည်။ ဖုန်းဆက်ပေးသူများလဲရှိသည်။ သူမဖုန်းကိုင်ခွင့်မရ။ ဖုန်းကြိုးကိုပင် ဖြုတ်ထားသည်။ စပေါ့ဆိုး၍ ဂုဏ်ထူးများခြင်းကို လက်မခံနိုင်ဟုဆိုသည်။ ပညာနှင့် ပတ်သက်လျှင်တော့ လုံးဝအလိုမလိုက်၊ ကျန်တာတော့ လုပ်ချင်တာ အကုန်လုပ်၊ လိုချင်တာ အကုန်တောင်း၍ ရသည်။
“ကဲသမီး။ ဦးကံကို ဖုန်းဆက်လိုက်။ သူလာခေါ်ပြီး ကားတွေ လိုက်ပြလိမ့်မယ်။ သမီးကားတော့ သူလာယူသွားပြီ။ သမီးဖြစ်ချင်တာ မေမေလုပ်ပေးတယ်နော်“
“သမီးမလိုချင်တော့ဘူးမေမေရဲ့။ ကားက အရေးမကြီးပါဘူး“
“မြတ်စွာဘုရား“
သူမစကားကြားတော့ မေမေက အံ့သြစွာ ဘုရားတသည်။
“သမီးဘာဖြစ်လာတာလဲ“
သူမမျက်နှာပေါ်မှ လေးနက်မှုကို မေမေရိပ်မိသွားသည်။
“တကယ်ပြောတာမေမေရဲ့။ သမီးလေ ကမ္ဘာသစ်တခုကို တကယ်တွေ့ခဲ့တာ။ မနေ့ညက သမီးလေ သူပုန်မိသားစုနဲ့ တူတူစား၊ တူတူအိပ်ခဲ့တာ။ သဘောကောင်းပြီး ရိုးသားလိုက်ကြတာ မေမေရယ်။ သမီးကြားဖူးသလို မဟုတ်ပါဘူး“
“သမီး”
မေမေက စိုးရိမ်တကြီးနှင့် ရေရွတ်သည်။ ဘာဆက်ပြောရမည်မသိပဲ ရပ်သွားပုံပေါ်သည်။
“ဟုတ်တယ်မေမေ။ သမီးကြားဖူးတော့ သူတို့တွေက အရမ်းဆိုးတာဆို။ သမီးတို့ကသာ ရန်သူတွေဆိုပြီး ကြောက်နေကြတာ။ တကယ်က ရွာတွေမှာ ကြောက်နေရတဲ့ လူတွေကိုသူတို့က ကူညီပေးနေတာ မေမေရဲ့။ စစ်တပ်ကလေ၊ လူလဲသတ်တယ်။ ရွာလဲမီးရှို့တယ်၊ မုဒိမ်းလဲ ကျင့်တယ်တဲ့”
“ဟဲ့ ဘာတွေပြောနေတာလဲ။ မေမေ မကြားဖူးပါဘူး။ မဖြစ်နိုင်တာပဲကွယ်“
“သမီးလဲ မယုံသေးပါဘူးမေမေရဲ့။ ကြားတာကိုပြောတာ။ ဟုတ်မဟုတ် စုံစမ်းကြည့်ဦးမယ်လေ“
“အို-သမီးအလုပ်မှ မဟုတ်တာ“
“မေမေပြောဖူးတော့ အမှန်တရားကို မြတ်နိုးရမယ်ဆို“
“ဒါက“
သူ့စကားနှင့် သူမို့ မေမေငြိမ်သွားသည်။
“သမီးရယ်။ မှန်ဆိုတာ ကြည့်တဲ့ ရှုထောင့်ပေါ် မူတည်သေးတယ်လေ။ ဘေးစောင်းကြည့်လဲတမျိုး၊ တည့်တည့်ကြည့်လဲတမျိုး“
“ဒါပေမယ့် ပြဒါးသုတ်ထားတဲ့ဘက်မှာ ဆွဲထားတဲ့ပုံကို ကြည့်နေမိတာမျိုးလဲ ဖြစ်နိုင်တယ်လေ မေမေ။ အဲဒါဆို တပုံတည်း ထွက်နေမှာပေါ့“
“တော်စမ်းသမီး။ စကားတတ်တိုင်း လျှောက်ပြောမနေနဲ့။ ကိုယ်မသိတဲ့အကြောင်းကို ငြင်းခုံရတာ အဓိပ္ပာယ် မရှိဘူး“
“အဲဒါကြောင့် သိအောင်စုံစမ်းလေ့လာရမယ်လို့ ပြောတာပေါ့မေမေ“
“သမီးရယ်။ ကဲ-သိပြီးတော့ ဟုတ်နေပြီထားပါတော့။ သမီးက ဘာလုပ်မလို့လဲ“
“ဟုတ်ရင်တော့ အမှန်ဘက်က ရပ်တည်ရမှာပေါ့မေမေ။ သမီးမှာတော့ စင်ပေါ်မှာတုန်းက ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်သော တပ်မတော်လို့ ရွတ်ခဲ့ရတာ။ ဘုရား-ဘုရား။ လူသတ်၊ မုဒိမ်းကျင့်တယ်ဆိုတာများ တကယ်ဖြစ်နေရင် ရှက်ဖို့ကောင်းလိုက်တာ။ နောက်ကွယ်မှာ တကယ်သိတဲ့လူတွေက ဘယ်လောက်ဝိုင်းဟားနေကြမလဲ၊ ဘယ်လောက် အမြင်ကပ်နေကြမလဲ မသိဘူး“
“သမီး၊ စကားကို ကြည့်ပြောကွယ်။ မေမေစိုးရိမ်လာပြီ။ လူသတ်၊ မုဒိမ်းကျင့်တာတော့ မေမေမသိဘူး။ နိုင်ငံရေးသမားတွေကို ဖမ်းတာတော့ မေမေသိတယ်။ သမီးစကားတွေက ဘောင်ကျော်နေပြီကွယ်။ သမီးရဲ့စိတ်ဓာတ်ကို မေမေနားလည်ပါတယ်။ ဒါပေမယ့် ဟုတ်နေပြီး၊ သမီးက သူပုန်လုပ်တော့ရော၊ ဒီလောက်အင်အားများတဲ့စစ်တပ်ကို နိုင်နိုင်မှာတဲ့လား“
“မေမေရယ်။ မဖြစ်နိုင်ဘူးဆိုတာ မဖြစ်ချင်သူတွေရဲ့ အဘိဓာန်မှာပဲရှိတာပါ။ ပန်းတိုင်ရောက်အောင် ဘယ်လိုအတားအဆီး ရှိပါစေ၊ ကျော်လွှားရဲတဲ့ သတ္တိရှိရမယ်ဆို။ မေမေပဲပြောခဲ့ပြီးတော့။ လူဆိုတာ မြစ်တစင်းလို ကျင့်ရမယ်။ သမုဒ္ဒရာထဲ စီးဝင်မယ့် မြစ်တစင်းဟာ ဘယ်လောက်ပဲ တောင်တွေ၊ ချောက်တွေ ရှိပါစေ၊ ကျော်ဖြတ်စီးဆင်းတာပဲဆို”
“တော်ပါတော့ သမီးရယ်။ မေမေ့စကားတွေနဲ့ မေမေ့ကို ပြန်ပြောမနေနဲ့။ သမီးပြောနေတာနဲ့ မေမေပြောဖို့တောင်မေ့နေတယ်။ အင်ဒိုနီးရှားမှာ လူငယ်ညီလာခံတက်ဖို့ စာရင်းမှာ သမီးကို ထည့်ထားတယ်တဲ့။ ညကကြားလာတယ်“
“မြတ်စွာဘုရား“
ဒီတခါ ဘုရားတရသည်ကတော့ သူမဖြစ်သည်။ ပြောလို့မှ မဆုံးသေး။ ကိုးရို့ကားယားတွေက ပေါ်လာပြန်ပြီ။ လူသတ်၊ မုဒိမ်းကျင့်ကိစ္စတွေ စုံစမ်းပါမည်ဆိုမှ သူမစုံစမ်းမည့် အဖွဲ့ကလွှတ်သော ညီလာခံကို အဲဒီအဖွဲ့တွေကို ကိုယ်စားပြုတက်ရမည်ဆိုပါလား။
“နောက်မှ ပြောကြရအောင် မေမေရယ်နော်။ အခုသမီးလဲ ဆာလှပြီ။ သမီးတို့နှစ်ယောက် နံနက်စာ တူတူမစားရတာ ကြာပြီမေမေရဲ့။ ဖက်ထုတ်ကြော်သွားစားရအောင်“
သူမပြောပြောဆိုဆိုနှင့် စကားဖြတ်ပြီး အခန်းထဲ ၀င်လိုက်ရသည်။ အတွေးပေါင်းများစွာနှင့် ခေါင်းထဲမှာ ရှုပ်နေသည်ကတော့ အမှန်။ ရှေ့လထဲမှာ ဒေါ်စုကို denounce လုပ်သည့် လူထုစည်းဝေးပွဲ ရှိသည်။ သူမအား အခမ်းအနားမှူးဖြစ်စေ၊ အဆိုတင်သွင်းသူဖြစ်စေ၊ ထောက်ခံသူဖြစ်စေ တခုခုတော့ လုပ်ခိုင်းကြမှာ သေချာသည်။ နယ်မြေဆိုင်ရာ တိုင်းမှူကလေဲ အရပ်ပုသူ၊ သူမကလဲ အရပ်ပုသူဖြစ်၍ စကားပြော စင်ပေါ်မှ မိုက်ခွက်ကို မှီစေရန် ခွေးခြေခုံပုလေးတောင် ရိုက်ထားကြသတဲ့။ စိတ်ညစ်သည်။ သူမလေ့လာမှုတောင် မစရသေး။ မငယ်ဆီမှ ဆက်သွယ်ရမည့် လူများလိပ်စာကပါလာသည်။ သူတို့ကကော လက်ခံကြပါ့မလား။ သူမကို သတင်းလာယူသည်ထင်လျှင် ခက်ပေဦးမည်။ သူမ၏ အဆက်အသွယ်၊ အဆက်အနွယ်တွေအရ ဒီလိုသေးငယ်လှတဲ့ အောက်ခြေအလုပ်လောက်ကို လုပ်မည်မဟုတ်ကြောင်းကိုတော့ သေချာရှင်းပြရမည်။ ဘာပဲပြောပြော အကြောင်းတခုခု မသေချာသေးခင်၊ ဘယ်သူမှားသည်၊ ဘယ်သူမှန်သည်ကို မသိသေးခင်တော့ ကြားနေလိုက်တာပဲကောင်းသည်။ ဘာလုပ်ရင်ကောင်းမလဲ။
“သမီးရေ၊ မြန်မြန်လုပ်နော်။ ပြီးရင် မေမေသွားစရာရှိသေးတယ်“
မေမေ့စကားသံကြောင့် တွေးလက်စအတွေးတို့ကို ဖျောက်ပြီး ရေချိုးခန်းထဲသို့သာ သူမ၀င်လိုက်ပါတော့သည်။
(၂၃.၄.၂၀၀၇)