ဘလော့ လိပ်စာသစ်သို့ ပြောင်းရွှေ့ခြင်း

(၂၀၀၇) ခုနှစ်မှစ၍ ဘလော့စာမျက်နှာအား ဖွင့်လှစ်ခဲ့ရာ ဖတ်ရှုအားပေးကြသော စာဖတ်ပရိသတ်အပေါင်းအား အထူးပင် ကျေးဇူးတင်ရှိပါသည်။

ယခုအခါတွင် ဘလော့ကို ဖွင့်ရန် အချိန်ကြာမြင့်မှုများ ရှိနေကြောင်း၊ စာဖတ်သူအချို့မှ အကြောင်းကြားလာပါသဖြင့် www.khinmamamyo.info တွင် စာမျက်နှာသစ်ကို ဖွင့်လှစ်ထားပါသည်။

စာမျက်နှာသစ်တွင် အချို့သော စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ဆောင်ပါးများနှင့် ရသစာစုများ (နှစ်ရာကျော်ခန့်)ကိုလည်း ကဏ္ဍများခွဲ၍ ပြန်လည်ဖော်ပြထားပါသည်။


ယခုဘလော့စာမျက်နှာကို ဆက်လက်ထားရှိထားမည်ဖြစ်သော်လည်း ယနေ့မှစ၍ ပို့စ်အသစ်များ ထပ်မံ တင်တော့မည် မဟုတ်ပါကြောင်းနှင့် ပို့စ်အသစ်များကို စာမျက်နှာသစ်တွင်သာ တင်တော့မည်ဖြစ်ပါကြောင်း လေးစားစွာ အသိပေး အကြောင်းကြားပါသည်။


စာမျက်နှာသစ်သို့ အလည်လာရောက်ပါရန်ကိုလဲ လှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါသည်။


လေးစားစွာဖြင့်



ခင်မမမျိုး (၁၇၊ ၁၀၊ ၂၀၁၁)

www.khinmamamyo.info

Problem-Maker SPDC

Sunday, November 4, 2007

ပြဿနာကောင် နအဖ

၂၀ရာစုကမ္ဘာကြီးသည် စစ်ပွဲများ၊ အရှေ့အနောက်အားပြိုင်မှုများ၊ အယူအဆရေးရာ အငြင်းပွားမှုများ၊ လက်နက်ကိုင်တော်လှန်ရေးများဖြင့် ပြည့်နှက်နေခဲ့သည်။ ၂၁ရာစုရောက်တော့ နိုင်ငံအချင်းချင်း စစ်မက်ဖြစ်ပွားမှုများ မရှိသလောက်ဖြစ်လာသည်။ ကမ္ဘာကြီး ပိုမိုငြိမ်းချမ်းလာသယောင်ထင်ရသည်။ သို့ပေမယ့် ကမ္ဘာ့လူဘောင် အဖွဲ့အစည်း တခုလုံးသို့ ရိုက်ခတ်နေသော ပြဿနာများက ငြိမ်းချမ်းစပြုလာသော ကမ္ဘာကြီးအား အရုပ်ဆိုး အကျည်းတန်နေဆဲဖြစ်သည်။ မူးယစ်ဆေးဝါးထုတ်လုပ်ရောင်းဝယ်သုံးစွဲမှု၊ လက်နက်ကုန်ကူးမှု၊ လူကုန်ကူးမှု၊ နယူးကလီးယားလက်နက်များ ထုတ်လုပ်မှု၊ စစ်အင်အားတိုးချဲ့မှု၊ လူမျိုးတုံးသတ်ဖြတ်မှု၊ လူ့အခွင့်အရေးချိုးဖောက်မှု၊ အကြမ်းဖက်မှု၊ နှိပ်စက်ညှဉ်းပန်းမှု၊ ကလေးစစ်သားများသုံးစွဲမှု၊ ဆင်းရဲနွမ်းပါးမှု စသည်ဖြင့် ပြဿနာများကား မျိုးစုံပင်ဖြစ်သည်။

အဆိုပါပြဿနာများအား ကမ္ဘာ့လူ့ဘောင်တွင် ဆွေးနွေးပြောကြားသည့် အခါတိုင်း အရှေ့တောင်အာရှမှ နိုင်ငံငယ်လေးတခုသာဖြစ်သော စာရေးသူတို့ မြန်မာပြည်သည် ရှေ့ဆုံးမှ နေရာယူလျက်ရှိသည်။ ကမ္ဘာ့လူ့ဘောင်အား အကျိုးပြုနေသော နေရာတွင်မဟုတ်ပဲ လူ့ဘောင်၏အလှတရားကို ဖျက်ဆီးနေသော ပြဿနာနေရာတွင် ပါဝင်နေရခြင်းသည် ဂုဏ်ယူစရာကား မဟုတ်။ အလွန်ပင် ရှက်စရာကောင်းလှသည်။ မြန်မာကို ကမ္ဘာ့အလယ်တွင် နာမည်ဆိုးနှင့် ယှဉ်တွဲထွက်လာစေရန် မည်သူတွေဖန်တီးခဲ့သနည်း၊ အရင်းစစ်ကား အမြစ်မြေက ဆိုသလို မြန်မာတမျိုးသားလုံးအပေါ် ဖိနှိပ်ရမ်းကားနေသော နအဖစစ်အာဏာရှင်တို့ပင် ဖြစ်တော့သည်။

ဥပမာအားဖြင့် ကလေးစစ်သားပြဿနာကိုပင်ကြည့်ပါ။

မည်သည့်မတူညီသော အတွေးအခါ်၊ အယူအဆ၊ တောင်းဆိုချက်ကို မဆို တွေ့ဆုံညှိနှိုင်းခြင်းဖြင့် စကားဝိုင်းတွင် အဖြေမရှာပဲ၊ လက်နက်ဖြင့် စစ်ပွဲများတွင်သာ အဖြေထုတ် အနိုင်ပိုင်းတတ်လေ့ရှိသော နအဖစစ်အစိုးရသည် စစ်မြေပြင်များတွင် ကလေးစစ်သားအများအပြားကို ထုတ်သုံးတတ်ကြသည်။ ယင်းတို့၏ လူသားချင်းစာနာခြင်း ကင်းမဲ့မှုများ၊ ပြည်သူကို ရန်သူသဖွယ် သတ်မှတ်မှုများ၊ တပ်တွင်းဖိနှိပ်ခေါင်းပုံဖြတ်မှုများကြောင့် စိတ်ပိုင်းဆိုင်ရာ ချွတ်ယွင်းသူများနှင့် အခွင့်အရေးသမားများသာ စစ်တပ်တွင်းဝင်ရောက်ခြင်း ရှိတော့သော ဤကာလတွင် စစ်သားအရေအတွက် နည်းပါးလာပြီး၊ ကလေးစစ်သားများမသုံးလျှင် တပ်ဖွဲ့စည်းပုံ ပြည့်မှီခြင်းမရှိတော့သည့် အခြေအနေသို့ ဆိုက်ရောက်လာကြသည်။

လူငယ်များအားစည်းရုံးသိမ်းသွင်း၍ စစ်တပ်လူတန်းစားတရပ် တည်ထောင်ရန် စီမံချက်ကြောင့် စစ်တက္ကသိုလ်များတွင် လူအင်အား တိုးချဲ့ခေါ်ယူကာ ဗိုလ်ပေါက်စအမြောက်အမြား မွေးဖွား နိုင်ခဲ့သော်လည်း ထိုဗိုလ်ပေါက်စများ တာဝန်ယူအုပ်ချုပ်ရန် တပ်စိတ်တစိတ်စာစစ်သားအလုံအလောက်ပင် မရှိဖြစ်ရကား နအဖစစ်တပ်သည် တပ်မတော်တရပ်အသွင်မဆောင်တော့သည့် ဗိုလ်ပေါက်စ စစ်တပ်ကြီး ဖြစ်၍ လာနေသည်။ ယင်းအတွက် ကလေးစစ်သားများ စုဆောင်းကာ စစ်အင်အား ဖြည့်နေကြရခြင်းဖြစ်သည်။

ယင်းသို့ မသိနားမလည်သော ကလေးသူငယ်များအား ဆွဲဆောင်သိမ်းသွင်း၍ တမျိုး၊ ခြိမ်းချောက်ဖမ်းဆီး၍တဖုံ လက်နက်ကိုင် စစ်တပ်တွင်းသို့ ပို့ဆောင်နေခြင်းသည် လူသားချင်းစာနာမှုကင်းမဲ့လှသော လုပ်ရပ်ဖြစ်ပြီး နိုင်ငံတကာဥပဒေများအရလည်း ပြစ်မှုမြောက်ပါသည်။

ထိုမျှမကသေး။ အဆိုပါကလေးငယ်များအား အရွယ်နှင့် မမျှအောင် ကြမ်းတမ်းလှသော စစ်သင်တန်းများပေးခြင်း၊ ရက်စက်လှသော ပြစ်ဒဏ်များပေးခြင်း၊ မိဘဆွေမျိုးများနှင့် တွေ့ဆုံဆက်သွယ်ခွင့်ကို ပိတ်ပင်ခြင်း၊ စီနီယာများ၏ အစေအပါးသဖွယ် သတ်မှတ်ခိုင်းစေခြင်း၊ စစ်မြေပြင်တွင် မိုင်းရှင်းသော ကိရိယာများသဖွယ် အသုံးပြုခြင်း၊ စစ်မြေပြင်သတ်ကွင်းများတွင် ရှေ့မှတက်စေကာ အသေခံခိုင်းခြင်း၊ ပြည်သူလူထုအားသတ်ဖြတ်စေရန် အမိန့်တာဝန်များ ပေးအပ်ခြင်းသည် ကလေးသူငယ်များ၏ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာများကို ကြီးစွာသော ထိခိုက်မှုများဖြစ်စေသဖြင့် အပြည်ပြည်ဆိုင်ရာ ကလေးသူငယ်အခွင့် အရေးဆိုင်ရာ သဘောတူစာချူပ်ပါ အချက်များကို ဖောက်ဖျက်ရာ ကျပါသည်။ လူမမယ်ကလေးများ၏ အနာဂတ်တိုးတက်ရာလမ်းကို ပိတ်ဆို့ တားဆီးရ ကျပါသည်။

ထိုမှတဖန်၊ ကလေးသူငယ်များအား တပ်ရင်း၊ တပ်မများအချင်းချင်း လဲလှယ် ရောင်းဝယ်ခြင်းပြုလုပ်နေမှုများသည် သက်ရှိလူသားကို ကုန်ပစ္စည်းသဖွယ် သတ်မှတ်ရောင်းဝယ်သည့် အလွန်တရာ စက်ဆုပ်ဖွယ်ကောင်းသော လူကုန်ကူးမှုကို ကျူးလွန်ခြင်းသာဖြစ်သည်။

ယင်းသို့ ကလေးစစ်သားပြဿနာကို ကြည့်ရှုလေ့လာကြည့်လျှင်ပင် ယနေ့ မြန်မာပြည်တွင် ဖြစ်ပွားနေသော ပြဿနာများသည် ကမ္ဘာ့လူဘောင်၏ တရားမျှတမှု၊ လူသားချင်းစာနာမှု၊ ညီမျှမှုအလှတရားများကို ဖျက်ဆီးနေကြောင်း ထင်ရှားလှပါသည်။မည်သို့ဆိုစေ ပြဿနာအရပ် ရပ်တိုင်းတွင် ပြုလုပ်သူဆိုသည်ကား ရှိစမြဲပင်ဖြစ်သည်။ မြန်မာပြည်၏ ပြဿနာကို ရွေးကောက်ပွဲအနိုင်ရပါတီ အင်အယ်ဒီအပါအ၀င် အတိုက်အခံများနှင့် နအဖစစ်အစိုးရကြားမှ အာဏာလွန်ဆွဲမှုဟု အချို့က ရှုမြင်သုံးသပ်ကြပါသည်။ သို့ပေမယ့် ကလေးစစ်သား ပြဿနာအပါအ၀င် အခြားသော ပြဿနာများစွာသည် အင်အယ်လ်ဒီနှင့် လားလားမျှမဆိုင်၊ အတိုက်အခံများကလဲ မဖန်တီး၊ နအဖပြုလုပ်ဖန်တီးနေသော ပြဿနာများပင် ဖြစ်ကြောင်း ထင်ရှားနေပေသည်။ နအဖအုပ်ချုပ်နေသော မြန်မာနိုင်ငံကြီးသည် တရားမျှတမှု၊ လွတ်လပ်မှု၊ ဒီမိုကရေစီကျင့်သုံးမှုတို့ ကင်းမဲ့နေမှုကိုက အခြေခံကျသော အကြောင်းရင်းခံကြီးပင်ဖြစ်တော့သည်။

သို့ဖြစ်ရာ ကမ္ဘာ့ကုလသမဂ္ဂ တာဝန်ရှိသူများဖြစ်ကြသော မစ္စတာဂမ်ဘာရီနှင့် ပရော်ဖက်ဆာ ပီညဲရိုးတို့သည် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် ကမ်းလှမ်းထားသည်ဆိုသော နအဖလှည့်ကွက်တွင်သာ မျောပါခြင်းမရှိပဲ ကမ္ဘာ့လူဘောင်အား ခြိမ်းချောက်နေသော ကလေးစစ်သား၊ မူးယစ်ဆေးဝါး၊ လူ့အခွင့်အရေး ပြဿနာများပေါ်တွင် ဇောင်းပေး၍ နအဖအား ဖိအားပေးသင့်ကြပေသည်။ ပြဿနာကောင်ကား မည်သူမျှမဟုတ်၊ နအဖသာဖြစ်သည်။ ပြည်တွင်းပြည်ပတော်လှန်ရေးသမားများ အနေဖြင့်လည်း၊ နိုင်ငံတကာ ဖိအားပေးချိန်နှင့် တပြေးညီ သတ်မှတ်၍ လူထုတိုက်ပွဲနှင့် လက်နက်ကိုင်တော်လှန်ရေးကို ပေါင်းစပ်ကာ ထိုပြဿနာကောင်အား မြန်မာ့မြေပေါ်မှ ဖယ်ရှားသင့်ချေပြီ။

(၂.၁၁.၂၀၀၇)

  © Blogger templates Newspaper II by Ourblogtemplates.com 2008

Back to TOP