ဘလော့ လိပ်စာသစ်သို့ ပြောင်းရွှေ့ခြင်း

(၂၀၀၇) ခုနှစ်မှစ၍ ဘလော့စာမျက်နှာအား ဖွင့်လှစ်ခဲ့ရာ ဖတ်ရှုအားပေးကြသော စာဖတ်ပရိသတ်အပေါင်းအား အထူးပင် ကျေးဇူးတင်ရှိပါသည်။

ယခုအခါတွင် ဘလော့ကို ဖွင့်ရန် အချိန်ကြာမြင့်မှုများ ရှိနေကြောင်း၊ စာဖတ်သူအချို့မှ အကြောင်းကြားလာပါသဖြင့် www.khinmamamyo.info တွင် စာမျက်နှာသစ်ကို ဖွင့်လှစ်ထားပါသည်။

စာမျက်နှာသစ်တွင် အချို့သော စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ဆောင်ပါးများနှင့် ရသစာစုများ (နှစ်ရာကျော်ခန့်)ကိုလည်း ကဏ္ဍများခွဲ၍ ပြန်လည်ဖော်ပြထားပါသည်။


ယခုဘလော့စာမျက်နှာကို ဆက်လက်ထားရှိထားမည်ဖြစ်သော်လည်း ယနေ့မှစ၍ ပို့စ်အသစ်များ ထပ်မံ တင်တော့မည် မဟုတ်ပါကြောင်းနှင့် ပို့စ်အသစ်များကို စာမျက်နှာသစ်တွင်သာ တင်တော့မည်ဖြစ်ပါကြောင်း လေးစားစွာ အသိပေး အကြောင်းကြားပါသည်။


စာမျက်နှာသစ်သို့ အလည်လာရောက်ပါရန်ကိုလဲ လှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါသည်။


လေးစားစွာဖြင့်



ခင်မမမျိုး (၁၇၊ ၁၀၊ ၂၀၁၁)

www.khinmamamyo.info

A River (part-3)

Sunday, November 25, 2007

မြစ်တစ်စင်း (၃)

(၆)

ရွှေရတုတပ်မတော်နေ့ အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲ။ အမျိုးသားဇာတ်ရုံ။

“ယခုပြိုင်ပွဲဝင်ဖို့ အလည့်ကျသူကတော့ ရှမ်းပြည်နယ် တောင်ပိုင်းမှ -----ဖြစ်ပါတယ်”

အခမ်းအနားမှူးဖြစ်သူ တာမွေမြို့နယ် ကြံ့ခိုင်ရေးအသင်း အတွင်းရေးမှူးမှ ကြေငြာပြီးသည့်အဆုံး သူမစင်ပေါ်သို့ တက်သွားလိုက်သည်။ မဲလိပ်အားနှိုက်ပြီး အစီအစဉ် ကြေငြာသူထံသို့ ပေးလိုက်သည်။

“မ----ဟောပြောမယ့် ခေါင်းစဉ်ကတော့ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့လက်ထက် နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲ တိုးတက်မှုများ ဖြစ်ပါတယ်“

ခေါင်းစဉ်အား ကြေငြာပြီးသည့်နောက် သူမပရိသတ်ကို မျက်နှာမူလိုက်သည်။

အားပါးပါး-မျက်ဝန်းထဲသို့ စူးဝင်သွားသည့် အစိမ်းရောင်များ၊ ရှေ့ဆုံးတွင်ကား န၀တအတွင်းရေးမှူး(၁)၊ (၂) နှင့် ၀န်ကြီးများ ထိုင်နေသည်။ ပြီးတော့ ဗဟိုအဆင့် ပြိုင်ပွဲဝင် ပြည်နယ်နှင့် တိုင်း (၁၆)ခု (ရှမ်းပြည်နယ်အား ရှမ်းတောင်၊ ရှမ်းရှေ့၊ ရှမ်းမြောက်ဟူ၍ ခွဲထားသည်) များနှင့် မိဘဆွေမျိုးများ၊ ဖိတ်ကြားထားသူများ၊ နောက်တွင်ကား အဖြူ၊ အစိမ်းဝတ်စုံနှင့် အသင်းဝင်များလား၊ ကျောင်းသားများလားတော့ မသဲကွဲ။ သူမလို အသင်း ထဲ တခါမှ မ၀င်ဘူးသူကိုတောင်မှ ကျောင်းအဆင့်၊ မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ ပြည်နယ်အဆင့် ဇကာတင် ပြိုင်ပွဲများဝင်ရန် ဆိုပြီး တံဆိပ်အတင်းတပ်ပေးထားသည် ဆိုတော့ နားထောင်ရန် ပရိသတ်များမှာလဲ ကျောင်းသားများအား တံဆိပ်တပ်ပေးထားခြင်း ဖြစ်နိုင်ပါသည်။ အပေါ်မှ ထပ်ခိုးမြင့်တွင်တော့ တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းများ ရှိနေသည်။

“အားလုံးမင်္ဂလာပါရှင်။ ပြည်သူတို့ရဲ့ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်စောင့်ရှောက်တဲ့ တပ်မတော်ဟာဆိုရင်----“

န၀တလက်ထက် အကြောင်းမစခင် တပ်မတော်ရာဇ၀င်နှင့် အစပျိုးလိုက်သည်။

အကဲဖြတ်များအားတလှည့်၊ နိုင်ငံတော်အုပ်ချုပ်နေသူများအား တလှည့်ကြည့်လိုက်၊ ဆက်ပြောလိုက်နှင့် (၁၅)မိနစ် အချိန်သည် မည်သို့ ကုန်သွားသည်မသိ။ အသက် (၁၅)နှစ်အရွယ်တွင် နိုင်ငံတော်အုပ်ချုပ်နေသူများရှေ့၌ နိုင်ငံရေးစကားပြောရသည်မို့ ဂုဏ်ယူလို့မဆုံး။

ပွဲပြီးသွားလျှင်ကား နိုင်ငံတော်ညစာစားပွဲတက်ရမည်။ မည်သူ့ပေါ်တွင်မှ မှီခို၍ မဟုတ်။ ကိုယ့်အစွမ်းအစနှင့်ကိုယ်။ ဖိတ်စာပေါ်တွင် သူမနာမည်ကို ရေးထားသည်။ နောက်ဆက်တွဲ မိသားစုဝင် အနေနှင့် မဟုတ်။ မေမေက ပြောဖူးသည်။ “လဟာအေးချမ်းပါတယ်။ သူ့အလင်းရောင်ကလဲ အလင်းပေးထာပဲ။ဒါပေမယ့် မေမေမွေးထားတဲ့ သမီးကိုတော့ နေမင်းပဲ ဖြစ်စေချင်တယ်။ သူများအလင်းရောင်ပေါ်မှာ မှီမနေစေချင်ဘူး“ ဟူ၍။ သည်ပွဲသည် သူမ၏ ကိုယ်ပိုင်အစွမ်းအစဖြင့် ပထမဦးဆုံး ဗဟိုအဆင့်သို့ တက်လှမ်းခဲ့သည့်ပွဲ။ အသင်း၏ ပထမဦးဆုံး ကျင်းပသော ပွဲဖြစ်သဖြင့် သောသောညံစည်ကားနေခဲ့သည်။ သူမတို့ ပြိုင်ပွဲဝင်များကိုလဲ သဲသဲလှုပ် ဖူးဖူးမှုတ်ထားကြသောကာလ။ လူအများကြားတွင် စိတ်လှုပ်ရှားမှုနှင့် သူမပျော်ရွှင်နေပါသည်။ မရည်ရွယ်ပဲ ရောက်ဖြစ်ခဲ့သည်ကိုး။

(၇)

သူမဘ၀တွင် စစ်ရေး၊ နိုင်ငံရေးများကို မည်သို့စ၍ စိတ်ဝင်စားနေသည်ကို မသိ။ သူမမှတ်မိသည်ကတော့ မူလတန်းအရွယ်တွင်လဲ တခြားကလေးများနှင့်အတူ မကစားဖြစ်။ ညဘက်ဆိုလျှင် (၈)နာရီတွင် တီဗွီမှလာသော ပြည်တွင်းသတင်းများအား နားထောင်လိုက်၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ညီလာခံ ဆိုသည်များကို ကြည့်လိုက်။ (၈)နာရီ (၁၅)မိနစ်တွင်လာသော နိုင်ငံခြားသတင်းများအား နားထောင်လိုက်၊ နောက်နေ့တွင် ကျောင်း၌ သူငယ်ချင်းများအားမုန့်ကျွေး၍ သူမပြောသည်ကို နားထောင်ခိုင်းလိုက် လုပ်နေခဲ့ခြင်းကိုသာ ဖြစ်သည်။ အသိုင်းအ၀ိုင်းကြောင့်ဆိုရအောင်ကလဲ အခြားသူမထက်ပို၍ ထဲထဲဝင်ဝင် ပတ်သက်သူများ၏ သားသမီးများတောင် သူမပြော၍သာ ကလေးဘာဝ နားထောင်နေရခြင်းသာဖြစ်သည်။ မည်သို့ဆိုစေ သူမမူလတန်းကာလတလျှောက် တညမျှ သတင်းနားထောင်ခြင်း မပျက်ခဲ့တာကိုတော့ မှတ်မိနေပါသေးသည်။ သူမလေးတန်းရောက်တော့ ရှစ်လေးလုံး အရေးအခင်းဆိုတာကြီး ဖြစ်သည်။ ကျောင်းပိတ်ထားချိန်ကာလကို အခွင့်ကောင်းယူပြီး အိမ်တွင်ရှိနေသော သတင်းစာပုံကြီးအား ထမ်းမေ့ဟင်းမေ့ ဖတ်ခဲ့သည်။ သူမအဖိုးသိမ်းထားခဲ့သော သတင်းစာဖြတ်ပိုင်းအဟောင်းများကလည်း အလွန်ပင် စိတ်ဝင်စားဖွယ် ကောင်းပါသည်။ လွတ်လပ်ရေးရပြီးကာစ သတင်းစာများမှ သတင်းအတိုအထွာများ ဖြတ်ထောက်သိမ်းဆည်းထားသည်များလဲ ရှိသည်။ အရေးအခင်းကာလ ကျောင်းပိတ်ထားစဉ် တလျှောက်လုံး ထိုအရာများနှင့် သူမအချိန်ကုန်နေခဲ့သည်။ ရှစ်လေးလုံး ဆန္ဒပြသံများ မြို့ထဲ ကြားနေရပေမယ့် ဆူပူနေကြသည် ဟူ၍သာ သူမထင်ထားသည်။ အရေးအခင်းပြီးတော့ တီဗွီမှာ သတင်းစာ ရှင်းလင်းပွဲမျိုးစုံအား ကြားရသည်။ အချို့နာမည်များဆိုလျှင် သူမအလွတ်ရနေခဲ့ပြီ။ ရဲကျော်သူ၊ တင်မောင်သန်း၊ ပြည်ပြေးစိန်ဝင်း၊ မင်းကိုနိုင်၊ မိုးသီးဇွန်၊ ကိုကိုဦးစသည်ဖြင့်။ တီဗွီမှာ ဗိုလ်မှူးသန်းထွန်းဆိုသူက ပြည်တွင်းသောင်းကျန်းမှုသမိုင်းဆိုပြီး သမိုင်းကြောင်းရှင်းလင်းပွဲများ လုပ်တော့လဲ သူမမှာ မှတ်စုလေးတကိုင်ကိုင်နှင့် ကြည့်လို့မဆုံး။ တကုပ်ကုပ်၊ ဟိုမှတ်ဒီမှတ်နှင့် နောက်ဆုံးမည်သည့် တိုက်ပွဲ မည်သည့် နေရာမှာဖြစ်၍ မည်သည့်ရက်စွဲတွင် ဖြစ်ခဲ့သည် ဆိုသည်များကိုပါ သိလာချိန်ကျတော့ ကျောင်းမှ ဆရာမများက သတိပြုမိလာကြသည်။ ဒီကြားထဲ သူမစိတ်ထဲမရှင်းလင်းသည့် ကိစ္စတခုအား ကျောင်းမှာ ပြောမိခြင်းကြောင့် သူမအားနိုင်ငံရေး ပြောသည်ဆိုပြီး ကျောင်းအုပ်ကြီးမှ ခေါ်တွေ့သည့် ကိစ္စတခုတော့ဖြစ်လိုက်သေးသည်။ အဓိကကတော့ ဖယ်ဒရယ်ကိစ္စ။ လွတ်လပ်ရေးရပြီးစကာလ အပြောများနှင့် ကျောင်းမှ သမိုင်းသင်ရိုးတွင် ဖယ်ဒရယ်နှင့် ပတ်သက်၍ ပြောထားသည်များ တချို့တို့ ကွဲပြားမှု ရှိနေတာ သတိပြုမိသည်မို့ သူငယ်ချင်းများအား ပြောမိခြင်းပါ။ မိဘများ၊ဆရာများ ပြူးပြူးပျာပျာဖြစ်သွားသဖြင့် ဘာမှန်းမသိပေမယ့် ဆက်တော့ စပ်မစုဖြစ်ခဲ့တော့။

ဘာပဲဖြစ်ဖြစ် သမိုင်းဆရာမများအား စပ်စပ်စုစုသွားလုပ်နေကျမို့ နောက်ဆုံးတချို့ ဆရာမများက သင်ရိုးထဲက စာမဟုတ်လျှင် တခြားစာတွေ လာမမေးပါနဲ့ ဟုပြောလွှတ်ကြလေသည်။ အလယ်တန်းကာလတလျှောက် သမိုင်းဘာသာအချိန်သည် သူမအတွက် အပျင်းဆုံး အချိန်ဖြစ်သည်။ ပြဌာန်းစာအုပ်၏ နောက်ကွယ်မှ အသေးစိတ် အချက်များကို သူမသိနေပြီးသာ ဖြစ်နေသည်ကိုး။

သည်လိုနှင့် တပ်မတော်ဆိုင်ရာ စာစီစာကုံး၊ ကဗျာပြိုင်ပွဲများ၊ ဥာဏ်စမ်းပြိုင်ပွဲများ၊ ကျပန်းပြိုင်ပွဲများလုပ်လာတော့ သူမအား ကျောင်းများ၊ ရုံးများကို ကိုယ်စားပြု ယှဉ်ပြိုင်ခိုင်းကြတော့သည်။

နွေရာသီဆိုလျှင်လဲ တက်လိုက်ရသည့် သင်တန်းများမှာ အစုံအလင်၊စာရင်းကိုင်သင်တန်း၊ စီမံခန့်ခွဲရေးသင်တန်း၊ လက်နှိပ်စက်သင်တန်း၊ ကွန်ပျူတာသင်တန်း၊ လူထုဟောပြောနည်း၊ ဗုဒ္ဓ ဘာသာ ယဉ်ကျေးမှုသင်တန်းများစသည်ဖြင့်။ ကျောင်းက နံရံကပ်စာစောင် လုပ်တာတွေမှာလဲ သူမပါသည်။ မြို့န်ာပြန်ကြားရေးရုံးမှာလဲ သူမခြေရာတွေ ထပ်နေပြီ။ ဘာပဲလုပ်လုပ် တခုမဟုတ် တခုနေရာမှ သူမပါသည်။ တခါတရံများဆိုလျှင် စာသင်ချိန်တွင်လဲ သူမမရှိ၊ စာသင်ချိန်မှာ ပြင်ပစာအုပ်များ ဖတ်နေလျှင်လဲ ဆရာမများက မဆူမငေါက်ရဲကြ။ ဆရာမတယောက်ကပြောသည်။ “ရှင်တို့က နိုင်ငံတော်ကလေးတွေ၊ မထိရဲပါဘူး“တဲ့။ ဘာပဲပြောပြော လုပ်ပိုင်ခွင့် အာဏာကိုတော့ သူမအလွန်ပင် နှစ်သက်တတ်လာခဲ့လေပြီ။

“သမီးတော်တော် စာဖတ်အားကောင်းတာပဲ။ စာနယ်ဇင်းက စာအုပ်တွေ သမီးဆီမှာ အကုန်ရှိလား“

ညစာစားပွဲမသွားခင် ယူနီဖောင်းနှင့် ဗိုလ်မှူးတဦးက မေးလာသည်။

“အကုန်တော့ မရှိပါဘူးဗိုလ်မှူး။ တချို့စာအုပ်တွေက ပြန်ဆက်ရုံးက ငှားဖတ်တာ“

“သြော်-ဒီလူတွေ၊ အပိုင်ပေးထားရမှာကိုး။ သမီးတို့က မျိုးဆက်သစ်တွေလေ။ လိုအပ်တာတွေကို ဦးတို့က ပံ့ပိုးပေးရမှာပေါ့။ ကိစ္စမရှိပါဘူး။ ဦးပို့ပေးလိုက်မယ်။ ဦးနာမည်က ----။ စစ်မဟာဗျူဟာက။ သမီးသိတယ်မလား။ စစ်မဟာဗျူဟာကို“

“ဟုတ်ကဲ့၊ သမီးသိပါတယ်ဦး“

“ဒါနဲ့၊ သမီးက အခုကိုးတန်းနော်။ ဆယ်တန်းအောင်ပြီးရင် ဘာလုပ်မယ် စိတ်ကူးလဲ“

“ဆရာဝန်လုပ်မယ်သီး။ ပြီးတော့ စီးပွားရေး လုပ်ငန်းရှင် ဖြစ်ချင်တာ။ FMI လို company ကြီး တခု ထောင်ချင်တယ်“

“IRလဲကောင်းတာပါပဲ သမီးရဲ့။ ဘာပဲဖြစ်ဖြစ် တက္ကသိုလ် မဖွင့်ခင် ရုံးတခုခုမှာ လုပ်အားပေး ၀င်လုပ်ဖို့ တိုက်တွန်းချင်တယ်။ လုပ်ငန်းတွေ နားလည်အောင်ပေါ့။ ဦးထပ်ပြီး ဆက်သွယ်ပါမယ်။ ကဲ- ဦးသွားလိုက်ဦးမယ်။ စာအုပ်တွေ ပို့ပေးလိုက်မယ်“

ပြောပြောဆိုဆိုနှင့် ထွက်သီားတော့ လိပ်စာလှမ်းပေးရန်ပင် အချိန်မရ။ ပြီးမှ သူမဘာသာ ပြန်တွေးပြီး ရယ်မိလေသည်။ နိုင်ငံတခုလုံး၏ အုပ်ချုပ်ရေး ယန္တရား တခုလုံး၏ နောက်ကွယ်မှ လည်ပတ်နေသော စစ်မဟာဗျူဟာမှ အရာရှိတယောက်အား သူမက လိမ်စာ သွားပေးနေလေသည်။ သူတို့အတွက် သိချင်လျှင် အလွယ်လေးပင် မဟုတ်လား။ သိပ်မကြာခင်မှာတော့ ရုံးတရုံးမှ စာအုပ်ထုပ်ကြီးများ သူမအိမ်သို့ ဆိုက်ဆိုက်မြိုက်မြိုက် လာပို့ပေးသွားလေသည်။

“သမီးပြောသွားတာတွေကောင်းတယ်။ အချက်အလက်စုံတယ်။ သမီးနိုင်ငံရေးကို စိတ်ဝင်စားလား“

ညစာစားရင်း သူမဘေးတွင် ထိုင်နေသူ ၀န်ကြီးတယောက်က မေးလာသည်။

“စာဖတ်ရတာ ၀ါသနာပါပါတယ် ဘဘ။ ဖတ်ရင်းနဲ့ စိတ်ဝင်စားလာတာပါ။ ပြောသာပြောရတယ်။ နိုင်ငံရေးဆိုတာ ဘာလဲဆိုတာ သမီးနားမလည်သေးပါဘူး“

“ဘဘရေးထားတဲ့ ဆည်းပူးလေ့လာ၊ နိုင်ငံရေးသိပ္ပံပညာ စာအုပ်ရှိတယ်။ သမီးတို့ ပြည်နယ်ရုံးကို ပို့ခိုင်းလိုက်မယ်။ စားစား၊သမီး။ ဘဘကလဲ အစားဆို သိပ်ကြိုက်တာ“

ပြောပြောဆိုဆိုနှင့် သူမပန်းကန်ထဲသို့ ပုစွန်ထုတ်တကောင် ထည့်ပေးပြီး၊ သူ့ပန်းကန်ထဲသို့ပါ တကောင်ထည့်၍ ပလုတ်ပလောင်း စားနေသည်မို့ သူမပင် ဘာပြန်ပြောရမည်မသိ။

(၈)

“မဖြစ်နိုင်ပါဘူး။ သူတို့တွေ အဲလိုလုပ်မှာ မဟုတ်ပါဘူး“

အတိတ်သို့ ပြန်တွေးရင်း၊ အတိတ်အရိပ်များကို မြင်ယောင်ရင်း ပါးစပ်က အလိုလို ရေရွတ်မိသည်။

ဘေးတွင် အိပ်နေသော မငယ်တယောက် အသံကြောင့် နိုးသွားသည်။

“မမျိုး၊ အိပ်မပျော်ဖူးလားဟင်“

“ဒီလိုပဲ၊ ဟိုစဉ်းစား၊ ဒီစဉ်းစားနဲ့“

“မငယ်တို့မှာလဲ စောင်အပိုကမရှိ။ ဒီလိုပဲ လုံးထွေးအိပ်ကြတာ။ မမျိုးကို အားနာလိုက်တာ“

သူများအိမ်သို့ အားမနာ၊ လျှာမကျိုးလိုက်အိပ်သော သူမအား အိမ်ရှင်ကပင် ပြန်အားနာနေပြန်ပါသည်။ သည်လိုရိုးသားသူ တယောက်က လိမ်ပြောသည်မှာလဲ မဖြစ်နိုင်ပြန်။ သူမသိသည်က ဂုဏ်ထူးများဖို့၊ အဖွဲ့အစည်းများ၊ ရုံးများတွင် ၀င်ထွက်စွားလာရေး လွယ်ကူဖို့၊ လုပ်ပိုင်ခွင့်အာဏာရှိဖို့၊ စီးပွားရေးလုပ်ငန်းများ အောင်မြင်ပြီး လုပ်ငန်းရှင်ဖြစ်ရန်များသာ ဖြစ်သည်မို့ မငယ်ပြောသည်ကိုလဲ မယုံ၍ မဖြစ်ပြန်။ စိတ်ရှုပ်ရှုပ်နှင့် သာ ခေါင်းကုပ်နေမိတော့သည်။

(ဆက်လက်ဖော်ပြပါမည်)

၁၄၊ ၄၊ ၂၀၀၇

/

  © Blogger templates Newspaper II by Ourblogtemplates.com 2008

Back to TOP