ဘလော့ လိပ်စာသစ်သို့ ပြောင်းရွှေ့ခြင်း

(၂၀၀၇) ခုနှစ်မှစ၍ ဘလော့စာမျက်နှာအား ဖွင့်လှစ်ခဲ့ရာ ဖတ်ရှုအားပေးကြသော စာဖတ်ပရိသတ်အပေါင်းအား အထူးပင် ကျေးဇူးတင်ရှိပါသည်။

ယခုအခါတွင် ဘလော့ကို ဖွင့်ရန် အချိန်ကြာမြင့်မှုများ ရှိနေကြောင်း၊ စာဖတ်သူအချို့မှ အကြောင်းကြားလာပါသဖြင့် www.khinmamamyo.info တွင် စာမျက်နှာသစ်ကို ဖွင့်လှစ်ထားပါသည်။

စာမျက်နှာသစ်တွင် အချို့သော စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ဆောင်ပါးများနှင့် ရသစာစုများ (နှစ်ရာကျော်ခန့်)ကိုလည်း ကဏ္ဍများခွဲ၍ ပြန်လည်ဖော်ပြထားပါသည်။


ယခုဘလော့စာမျက်နှာကို ဆက်လက်ထားရှိထားမည်ဖြစ်သော်လည်း ယနေ့မှစ၍ ပို့စ်အသစ်များ ထပ်မံ တင်တော့မည် မဟုတ်ပါကြောင်းနှင့် ပို့စ်အသစ်များကို စာမျက်နှာသစ်တွင်သာ တင်တော့မည်ဖြစ်ပါကြောင်း လေးစားစွာ အသိပေး အကြောင်းကြားပါသည်။


စာမျက်နှာသစ်သို့ အလည်လာရောက်ပါရန်ကိုလဲ လှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါသည်။


လေးစားစွာဖြင့်



ခင်မမမျိုး (၁၇၊ ၁၀၊ ၂၀၁၁)

www.khinmamamyo.info

Gambari's second visit

Saturday, November 10, 2007

ဒုတိယအကြိမ်မြောက်ဂမ်ဘာရီခရီးစဉ်

စက်တင်ဘာ အရေးတော်ပုံကြီးနောက်ပိုင်း ဂမ်ဘာရီ၏ ဒုတိယမြောက် မြန်မာပြည်ခရီးစဉ် ပြီးဆုံးခဲ့လေပြီ။ သူ့သံတမန်ရေးရာဘက်မှ ကြည့်လျှင်တော့ အထိုက်အလျောက် အောင်မြင်ခဲ့သည်ဟု ဆိုနိုင်ပါသည်။ နအဖတပ်ချုပ်ကြီး ဗိုလ်သန်းရွှေနှင့် တွေ့ခွင့် မရခဲ့လင့်ကစား မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်စား အရေးပါသော statement တခု ထုတ်ပေးနိုင်ခဲ့သည်။ သို့ပေမယ့် မြန်မာ့ဒီမိုကရေစီအရေးဘက်မှ ကြည့်လျှင်တော့ မြန်မာ့အရေးတွင် ယူအင်၏ အရေးယူမှုကို အဓိကထား၍ လုပ်ဆောင်၍ မရကြောင်းသိသာလာပေသည်။ အဘယ်ကြောင့်နည်း။

ဂမ်ဘာရီမြန်မာပြည်ရောက်သည့်အချိန်သည် နအဖတို့ ယူအင်ကို အာခံနေသည့် အချိန်မှာဖြစ်သည်။ ယူအင်ဌာနေကိုယ်စားလှယ်ကို denounce လုပ်ပြီးစ အချိန်ဖြစ်သည်။ မြန်မာပြည်ကြီးဖွံ့ဖြိုးတိုးတက်နေပါသည်ဆိုပြီး ဇွတ်မှိတ်အော်ချင်နေသူ နအဖတို့သည် ပျက်ယွင်းနေသည့် စီးပွားရေးအခြေအနေများကို ထောက်ပြသည့် ယူအင်ဌာနေကိုယ်စားလှယ်အပေါ် ကျေလည်ခြင်း လုံးဝမရှိကြ။ အမှန်တရားကို လက်ခံနားထောင်တတ်သည့် နားနှစ်ဖက် နအဖတွင် လုံးဝမရှိကြောင်း သေချာလှသည်။ ယင်းသို့သော ခံယူချက်ရှိသည့် နအဖသည် ဂမ်ဘာရီပြောကြားသည့် တွေ့ဆုံဆွေးနွေးရေး ဆိုသည်ကိုလဲ ငြင်းဆန်ခဲ့ကြသည်။ ဆယ်စုနှစ်တခုကြာ အာဆီယံကို မျက်လှည့်ပြနိုင်ခဲ့သော နအဖသည် ယူအင်ကိုယ်စားလှယ် ဂမ်ဘာရီအားလည်း ထပ်မံမျက်လှည့်ပြခဲ့ကြပြန်သည်။ လက်သပ်မွေးထားသော ပေးတာယူ၊ ကျွေးတာစား၊ ခိုင်းတာလုပ် အဖွဲ့များနှင့် ရှေးဦးစွာ တွေ့ဆုံပေးခဲ့သည်။ ပြီးတော့ အန်တီစုနှင့် ဒီချုပ်အဖွဲ့ဝင်များနှင့် ထပ်မံ တွေ့ဆုံပေးခဲ့သည်။

ခြုံငုံသုံးသပ်ရလျှင် နအဖတို့ ဂမ်ဘာရီအား ဆက်စပ်လိုက်ပုံသည် မြန်မာ့အရေးဆွေးနွေးရန် လာသူ ကုလသမဂ္ဂကိုယ်စားလှယ်ကို တွေ့ဆုံလက်ခံပုံမျိုးမဟုတ်။ နအဖမှ ဖိတ်ကြားထားသည့် နိုင်ငံတော်ဧည့်သည်တော်ကို ကြိုဆိုလက်ခံလိုက်ပုံမျိုးသာဖြစ်သည်။ ဗိုလ်သန်းရွှေပင် လက်ခံတွေ့ဆုံခြင်း မရှိခဲ့။ ဂမ်ဘာရီ့ခရီးစဉ် မူလရည်မှန်းချက်တွင် အဓိက players များက နအဖ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားများ။ သို့ပေမယ့် ဤအချက်မှာ အငြင်းခံလိုက်ရပြီး ခရီးစဉ်တလျှောက်တွင် ဂမ်ဘာရီ့အချိန်များများကို ကုန်ဆုံးစေခဲ့သည်က နအဖလက်သပ်မွေး အဖွဲ့များသာ ဖြစ်သည်။ နအဖတို့သည် မြန်မာ့အရေးအတွက် ယူအင်၏ အခန်းကဏ္ဍကို ဂရုမစိုက်ကြောင်း မသိမသာ ညွှန်းစာဖွဲ့ပြ လိုက်သကဲ့သို့ပင်ဖြစ်သည်။

ထိုသို့ယူအင်ကို ဂရုမစိုက်ပေမယ့် နိုင်ငံတကာ စီးပွားရေးပိတ်ဆို့မှုကိုတော့ နအဖ ဂရုစိုက်လာရသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် ဂမ်ဘာရီတွေ့ခွင့်ပေးလိုက်ခြင်းသည် ထိုနိုင်ငံတကာဖိအားကြောင့်ပင် ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးတော့ မယောင်ယောင် ဟန်ပြရင်း နိုင်ငံတကာဖိအားလျော့ကျရန် လုပ်ဆောင်သွားရန် နအဖတို့ ရည်ရွယ်ထားဟန်တူသည်။ ဂမ်ဘာရီအား ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် နောက်ဆုံးကျမှ ခွင့်ပြုလိုက်ခြင်းသည် နအဖများအကြား တခါတည်းလက်စဖြတ်မည်လား (သို့မဟုတ်) ကြိုးရှည်ရှည်နှင့် လှန်ထားမည်လားဆိုသော ရှေ့လုပ်ငန်းစဉ်ကို အချိန်အတော်ကြာ ညှိနှိုင်းနေခြင်း ဖြစ်နိုင်ပါသည်။ နအဖတို့တွင် ၀ှက်ဖဲတော်တော်များများ ရှိနေပုံပေါ်သည်။ ထိုဝှက်ဖဲများကို ကျွန်ုပ်တို့ ဖော်ထုတ်ရမည်။ ဖွင့်ချဆန့်ကျင်ကြရမည်။

မည်သို့ဆိုစေ ဂမ်ဘာရီ၏ ဒုတိယမြောက်ခရီးစဉ်သည် သံတမန်ရေးအရ အထိုက်အလျောက်အောင်မြင်မှုရှိခဲ့သော်လည်း မြန်မာ့အရေးအတွက်တော့ ထူးခြားမှု သိပ်မရှိလှပါ။ သို့ပေမယ့် ဂမ်ဘာရီအား အပြစ်ဆိုနေလို့လဲမရ။ ကျွန်ုပ်တို့ဘာသာသာ ပြန်မေးကြရမည်။ ယူအင်အရေးယူမှုကိုပဲ ထိုင်စောင့်၍ နေကြမည်လား။ ယူအင်အရေးယူမည်ကို မျှော်လင့်နေဆဲတွင် လူထုတိုက်ပွဲများ အရှိန်ကျသွားနိုင်ပါသည်။ ထိုသို့မဖြစ်စေရန် လူထုတိုက်ပွဲများကို အရှိန်ပြန်မြှင့်ရပါမည်။ နိုင်ငံတကာဖိအားများ လျော့မကျသွားစေရန် စဉ်ဆက်မပြတ် ကြိုးပမ်းနေကြရပါမည်။ တိုက်ပွဲသဏ္ဍာန်မျိုးစုံကို ဆက်လက်အကောင်အထည် ဖော်နေကြရပါမည်။ အန်တီစုဆိုခဲ့သည်က “Ready to cooperate with SPDC for constructive dialogue”ကို ဖိတ်ခေါ်သဘောထားကျေညာထားခြင်းဖြစ်ပါသည်။ အကယ်၍ နအဖက constructive ဆိုသည်ကို လက်မခံခဲ့သော်----။

၉၊၁၁၊၂၀၀၇

  © Blogger templates Newspaper II by Ourblogtemplates.com 2008

Back to TOP