ဘလော့ လိပ်စာသစ်သို့ ပြောင်းရွှေ့ခြင်း

(၂၀၀၇) ခုနှစ်မှစ၍ ဘလော့စာမျက်နှာအား ဖွင့်လှစ်ခဲ့ရာ ဖတ်ရှုအားပေးကြသော စာဖတ်ပရိသတ်အပေါင်းအား အထူးပင် ကျေးဇူးတင်ရှိပါသည်။

ယခုအခါတွင် ဘလော့ကို ဖွင့်ရန် အချိန်ကြာမြင့်မှုများ ရှိနေကြောင်း၊ စာဖတ်သူအချို့မှ အကြောင်းကြားလာပါသဖြင့် www.khinmamamyo.info တွင် စာမျက်နှာသစ်ကို ဖွင့်လှစ်ထားပါသည်။

စာမျက်နှာသစ်တွင် အချို့သော စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ဆောင်ပါးများနှင့် ရသစာစုများ (နှစ်ရာကျော်ခန့်)ကိုလည်း ကဏ္ဍများခွဲ၍ ပြန်လည်ဖော်ပြထားပါသည်။


ယခုဘလော့စာမျက်နှာကို ဆက်လက်ထားရှိထားမည်ဖြစ်သော်လည်း ယနေ့မှစ၍ ပို့စ်အသစ်များ ထပ်မံ တင်တော့မည် မဟုတ်ပါကြောင်းနှင့် ပို့စ်အသစ်များကို စာမျက်နှာသစ်တွင်သာ တင်တော့မည်ဖြစ်ပါကြောင်း လေးစားစွာ အသိပေး အကြောင်းကြားပါသည်။


စာမျက်နှာသစ်သို့ အလည်လာရောက်ပါရန်ကိုလဲ လှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါသည်။


လေးစားစွာဖြင့်



ခင်မမမျိုး (၁၇၊ ၁၀၊ ၂၀၁၁)

www.khinmamamyo.info

A River (part-2)

Sunday, November 25, 2007

မြစ်တစ်စင်း (အပိုင်း -၂)

(၄)

မငယ်အမေရောက်လာတော့ အမှောင်ထုက ကြီးစိုးနေလေပြီ။ ကျွတ်ကျွတ်အိတ်နှင့် ဆွဲလာသော ဆန်အိတ်လေးမှာ အလွန်ပင် သေးငယ်လှပါသည်။ လက်လှုပ်မှ ပါးစပ်လှုပ်ရသည့် ဘ၀ဆိုတာကို လက်တွေ့မြင်လိုက်ရတော့ အိမ်မှာ ဂျီကျပြီး ထမင်းရှိရက်နှင့် အပြင်မှာ သွားစား၍ အလဟဿ ဖြစ်ခဲ့ရသည့် ထမင်းနပ်ပေါင်းများစွာကို သွားသတိရမိသည်။

“မမျိုးရေ၊ ထမင်းအိုးတည်လိုက်ဦးမယ်နော်။ ဟင်းကတော့လေ၊ မငယ်ညနေက ၀ယ်လာတဲ့ ပဲပုတ်ပြားပဲ ရှိတယ်။ မီးကင်ပြီး ဆီလေးနဲနဲ ဆမ်းထားတယ်။ မမျိုးမြစ်ရဲ့လားဟင်“

မရှိသည့်ကြားမှ ဧည့်သည်အပေါ် တာဝန်ကျေပြွန်လှသော ရိုးသားလှသည့် စေတနာကို အသိအမှတ်ပြုမိသည်။ အပေါ်ယံသကာဆန်းထားသည့် စေတနာမဟုတ်။ ရယူလိုစိတ်မပါ။ ရင်ထဲကလာသည့် စေတနာစစ်စစ်ရယ်ပါ။

ထမင်းအိုးကျက်တော့ ဖယောင်းတိုင်မီးလေးထွန်းပြီး ထမင်းဝိုင်းဖွဲ့ကြသည်။ ကလေးငယ်လေးများက အလုအယက် စားနေကြသည်။ ဆာလောင်လှပြီကိုး။ မငယ်အမေက မြန်မာစကား သိပ်မပြောတတ်။သူ့ပန်းကန်ထဲသို့ ဟင်းမထည့်ပဲ သူမပန်းကန်ထဲသို့သာ ထည့်ပေးနေသည်။ ထမင်းအိုးအား မေးငေါ့ပြီး မငယ်အားမေးနေသည်။ ထမင်းမလောက်မှာ စိုးရိမ်နေပုံရသည်။ သူမမြိုမကျပါ။ အလိုလိုနေရင်း မျက်ရည်ဝဲလာမိသည်။ ဟင်းမကောင်း၍ မဟုတ်ပါ။ စေတနာကို ခံစားမိ၍သာ ဖြစ်သည်။

သူမဘ၀တွင် ငယ်စဉ်မှစ၍ တက်ရောက်ခဲ့ရသော ညစာစားပွဲများကို သတိရမိသည်။ အနက်ရောင်တိုက်ပုံများ၊ ပိုးပုဆိုးမား၊ လွန်းရာချိတ်လုံခြည်များ၊ စိန်ရွှေရတနာများ၊ အပြုံးတုများ၊ ဂုဏ်တုဂုဏ်ပြိုင်များ၊ ကားများ၊ ခန်းမများ။ ထိုအရာများ ဘာတခုမှ မရှိပါ။ သို့ပေမယ့် မြေကြီးပေါ်မှ ထမင်းဝိုင်းလေးသည် အလွန်ပင် ခမ်းနားထည်ဝါလှပါသည်။ ဖြူစင်ရိုးသားသည့် စေတနာကို ဂုဏ်ပကာသနများက ယှဉ်နိုင်ပါမည်တဲ့လား။ ရပခစစ်တိုင်းဌာနချုပ်အတွင်းရှိ သံလွင်ခန်းမတွင် ယူနန်ကိုယ်စားလှယ်များနှင့် ညစာသုံးဆောင်နေသော မေမေသိသွားရင်တော့ သူမကို ဘာပြောမည်မသိ။ သို့ပေမယ့် မေမေ့ထမင်းဝိုင်းထက် သူမထမင်းဝိုင်းက ပိုအရသာရှိကြောင်းကိုတော့ သူမသေချာပြောရဲ ပါသည်လေ။

(၅)

ထမင်းစားပြီးချိန်ရောက်တော့ ဖယောင်းတိုင်မီးကလဲ ကုန်လုလုဖြစ်နေပြီ။ တဲအိမ်လေးထဲတွင် စစ်သုံးအခင်းလေးခင်းနေပြီမို့ မငယ်အမေနှင့် ကလေးများ အိပ်ကြတော့မည်ဟု တပ်အပ်သိလိုက်သည်။ သည်နေရာလေးသည်ပင် အိပ်ခန်း၊ သည်နေရာလေးသည်ပင် ထမင်းစားခန်း၊ သည်နေရာလေးသည်ပင် ဧည့်ခန်းအဖြစ် အကြိမ်ကြိမ်ပြောင်းလဲလို့နေပါသည်။ မီးဖိုဆိုသည်ကတော့ အိမ်အပြင်ဘက်မှာ။ ထင်းချောင်းအနည်းငယ်၊ ရေတိုင်ကီငယ်လေး တခုနှင့် လုံလောက်နေလေသည်။ အနည်းငယ် လှမ်းသည့်နေရာမှာတော့ တရံကာ အိမ်သာလေးရှိသည်။ မြို့နှင့် မိုင်အနည်းငယ်မျှသာ လှမ်းပြီး လျှပ်စစ်မီး မရှိသည်ကိုတေ့ သူမဒေါသထွက်မိသည်။

ကျောင်းသားများ မည်သို့စာကျက်ပါမည်နည်း။ စိတ်ရှုပ်ရှုပ်နှင့် မငယ်ပန်းကန်ဆေးရာ နေရာသို့ ထွက်လာလိုက်သည်။

“မမျိုးမလာနဲ့။ ချော်လဲလိမ့်မယ်။ အမှောင်ကြီးထဲမှာ“

“လရောင်လေးရှိပါတယ် မငယ်ရဲ့။ မငယ်နက်ဖြန် အလုပ်မရှိဘူး မဟုတ်လား။ မမျိုးတို့ အပြင်မှာ စကားပြောကြရအောင်လေ“

ကြုံတုန်းစပ်စုသွားမည်ဟု စိတ်ကူးလိုက်သည်။ ဆေးလိပ်ခုံတခုမှာ ဖက်ရွေးသူဆိုပေမယ့် အချို့သော အကြောင်းအရာများကို သူမထက် ပိုသိပုံပေါ်သည်။ ပြီးတော့ မငယ်အစ်ကိုကလဲ သူပုန် (မငယ်အခေါ် တော်လှန်ရေးသမား) ဆိုတော့ စိတ်ဝင်စားစရာပင် မဟုတ်လား။ သူမကြားဖူးသည်ကတော့ သူပုန်များသည် အလွန်ကြမ်းတမ်းပြီး ကြောက်စရာကောင်းသည်။ သူပုန်မိသားစုများသည်လဲ ထိုနည်းနှယ်နှယ်ပင်။ ကျူပင်ခုတ်၊ ကျူငုတ်မကျန် ရှင်းပစ်ရမည့် ရန်သူများဖြစ်သည် ဟူ၍။

“မငယ်ဘယ်နှစ်တန်းထိ ကျောင်းနေဖူးလဲဟင်“

“ကိုးတန်းထိ နေဖူးတယ် မမျိုး။ အစ်ကိုကကျောင်းထားပေးတယ်လေ“

“မငယ်က တိုင်းရင်းသားပေမယ့် မြန်မာစကားကျွမ်းတယ်နော်“

“အမေကရှမ်း၊ အဖေက ဗမာလေ မမျိုးရဲ့”

“ကိုးတန်းထိရောက်နေပြီ။ ဘာလို့ကျောင်းထွက်လိုက်တာလဲ။ ဆယ်တန်းအောင်ရင် ကျောင်းဆရာမလုပ်လို့ ရတယ်လေ“

“မထူးပါဘူး မမျိုးရယ်။ လခကပိုတောင်နည်းဦးမှာ။ ပြီးတော့ မငယ်တို့က တနေ့လုပ်မှ တနေ့စားရတဲ့ဘ၀“

“ဒါနဲ့ မငယ်အစ်ကိုက ဘာလို့ အဲဒီထဲဝင်သွားရတာလဲ“

“တောင်ပေါ်သွားရင်း ဗမာစစ်တပ်က မုဒိမ်းကျင့်ခံရတဲ့ ကောင်မလေးတွေကို တွေ့ခဲ့လို့တဲ့“

မြတ်စွာဘုရား။ သူမဘာဆက်ပြောရမည် မသိပဲဖြစ်သွားသည်။ နန္ဒာတို့ အိမ်မှာ အလုပ်လုပ်နေသည်မို့ သူမအသိုင်းအ၀ိုင်းကို မသိပဲနေမည်မဟုတ်။ သိရက်နှင့် ပြောတာဆိုတော့ အကြောင်းတော့ ရှိရမည်။ မဟုတ်ပဲနှင့်တော့ ပြောမည်မထင်။ ယုံရမည်လား၊ မယုံရဘူးလား သူမဝေခွဲမရ ဖြစ်နေသည်။

“မငယ်တကယ်ပြောတာလား“

“တကယ်ပေါ့မမျိုးရယ်။ ဗမာစစ်တပ်ဆိုရင် အရမ်းကြောက်ကြရတာ။ မငယ်တို့က မြို့နဲ့နီးလို့ တော်သေးတယ်။ တခြားနေရာတွေဆို ဗမာစစ်တပ်လာရင် ရှိသမျှ ယောက်ျားတွေ အကုန်ပုန်းကြရတယ်။ ပေါ်တာဆွဲမှာစိုးလို့။ မိန်းမတွေလဲ ဘာထူးလဲ။ အပျိုမရှောင်၊ အအိုမရှောင် ဒုက္ခပေးတတ်တယ်။ ရှမ်းစစ်သားတွေ ရှိနေလို့ တော်သေးတာပေါ့။ သူတို့က သူပုန်တွေ မဟုတ်ပါဘူး မမျိုးရယ်။ ဖိနှိပ်ခံရလို့ ပုန်ကန်လာကြတဲ့ တော်လှန်ရေး သမားတွေပါ။ မမျိုးလဲ မမျိုးအိမ်ထဲကို ၀င်လာပြီး မဟုတ်တာလာလုပ်ရင် ပြန်ချမှာပဲ မဟုတ်လား“

“သေချာတာပေါ့။ ထိရဲလာထိကြည့်ပါလား“

လွှတ်ခနဲပြောလိုက်ပြီးမှ သူမဟကားသည် သူပုန်အားပေးစကားဖြစ်သွားပြီကို သတိရလိုက်သည်။ သူမနှင့် ခင်မင်ရင်းနှီးနေသာ သူမက “ဘဘ“ ဟူ၍ တလေးတစား ခေါ်ဝေါ်ပြောဆိုနေရသော စစ်အရာရှိကြီးများရှေ့တွင် သွားပြောလျှင် ဘယ်လိုနေမည်မသိ။ တကယ်တော့ သူမသည် တပ်မတော်ဆိုသည်ကို အလွန်ယုံကြည်လေးစားခဲ့သူ။ ဆွေမျိုးအသိုင်းအ၀ိုင်းများကလဲ စစ်တပ်ထဲက ဖြစ်ရင်ဖြစ်၊ မဟုတ်ရင်လဲ စစ်တပ်နှင့်၊ ပြည်ထဲရေးနှင့် တနည်းမဟုတ် တနည်းပတ်သက်နေသည်မို့ ယူနီဖောင်းဝတ်များနှင့် လက်ပွန်းတတီးဖြစ်နေသူ။ သို့ပေမယ့် သူမတွင် အကျင့်ကောင်းလေးများတော့ ရှိပါသည်။ ထိုသည်ကား ရှာဖွေစူးစမ်းလိုစိတ်။ ပြီးတော့ မိန်းမများကို အနိုင်ကျင့် စော်ကားတတ်သူများကို အလွန်တရာ ရွံရှာ မုန်းတီးတတ်သောစိတ်။

“မငယ်၊ ဒီကိစ္စတွေက အမှန်ဆိုရင် ဘာလို့ မတိုင်ကြတာလဲ။ ရဲစခန်းမှာ အမှုဖွင့်ပေါ့“

“မမျိုးရယ်။ ရဲလဲ စစ်တပ်ဆိုရင် ကြောက်ရတာပဲ မဟုတ်လား“

မငယ်ပြန်ပြောမှ တွေးမိသည်။ ဟုတ်သည်ပဲ။ ရဲတွေမှာ မည်သည့်အာဏာမှ ရှိသည်မဟုတ်။ စစ်သားများဝေးလို့ ပတ်သက်နေသူဆိုရင်တောင် ရဲရဲကြည့်ရဲသည်မဟုတ်။ အချို့သူမသူငယ်ချင်းများ လိုင်စင်မရှိပဲ ကားမောင်းနေပေမယ့် ကားဒက်စ်ဘုတ်ပေါ်တွင် စစ်တပ်ဦးထုပ်တင်ထားသည်မို့ ယာဉ်တိုက်မှု ဖြစ်ရင်တောင် ဘာမှမပြောရဲကြ။

“မမျိုးအကြောင်း၊ မနန္ဒာပြောဖူးတယ်။ အိမ်ကကားမောင်းသမား သူ့မိန်းမကို ရိုက်တာကိုမြင်ပြီး ကားမောင်းသမားကို အလုပ်ထုတ်ပစ်တယ်ဆို“

“ဟုတ်တယ်။ သူ့မိန်းမကို ခဏခဏရိုက်တယ်လေ။ ဆဲဆိုလိုက်တာလဲ မပြောပါနဲ့တော့။ အဲဒါနဲ့ ရပ်ကွက်ရုံးခေါ်သွားလိုက်တယ်။ သူ့မိန်းမကလဲ မပေါင်းချင်တော့ဘူး။ လုပ်ကိုင်မစားတတ်လို့သာ သည်းခံနေရတာ။ နောက်ဆုံးသူတို့ ကွဲသွားကြရော။ ယောက်ျားကို အလုပ်ထုတ်လိုက်ပြီး မိန်းမကို သူငယ်ချင်းဆိုင်မှာ အလုပ်သွင်းပေးလိုက်တယ်။ ပြီးရော။ မမျိုးက မိန်းမတွေကို အော်ဟစ်ပြောဆိုတာ၊ အနိုင်ကျင့်နေတာ၊ ခွဲခြားဆက်ဆံနေတာ မြင်ရင်မရဘူး။ လမ်းသွားရင်းတွေ့ရင်တောင် မဆီမဆိုင် ဘေးကနေပြီး ဒေါသဖြစ်နေတာ“

“မမျိုးရယ်၊ အဲလိုဆိုရင် စစ်တပ်က မုဒိမ်းကျင့်ခံရ၊ စော်ကားခံနေရတဲ့ မိန်းကလေးတွေ အတွက်ရော၊ မမျိုးဘယ်လိုရပ်တည်မှာလဲ“

“ဟင်“

အာမေဋ္ဋိတ်သံနှင့်အတူ သူမသက်ပြင်းချမိသည်။ မျက်ဝန်းထဲတွင်တော့ သူမအပေါ် ကြင်နာစွာ ကောင်းကောင်းမွန်မွန် ဆက်ဆံတတ်သော “ဘဘ“များကို မြင်ယောင်မိသည်။ ယုံရခက်၊ မယုံရခက်။ တခုခုတော့လွဲနေပြီ။ အပေါ်ယံလှပြီး အင်ဂျင်စုတ်နေသော သူမကားကို မဆီမဆိုင် သတိရလိုက်မိသည်။

“မငယ်။ မမျိုးအဲဒီအကြောင်းတွေ သိချင်တယ်။ ပြောပြပေးနိုင်သူတွေနဲ့ ဆက်သွယ်ပေးပါလား။ မမျိုးကို စိတ်ချပါ။ ဘယ်သူမှ မထိခိုက်စေရဘူး“

ဘာလိုလိုနှင့် သူမသည် ဆန့်ကျင်ဘက် နယ်မြေထဲသို့ ခြေလှမ်းတလှမ်း စတင်ဝင်ရောက်ခဲ့မိလေပြီ။

ထိုညက သူမတညလုံး အိပ်မပျော်နိုင်ခဲ့ပါ။ စကားလုံးအသစ်အဆန်းများ၊ အဖြစ်အပျက်သစ်များကြောင့် မေမေနှင့် စိတ်ကောက်နေသည်မှာပင် ဘယ်သို့ရောက်သွားပြီမသိ။

ကားသစ်တစီးဆိုသည်ကိုလဲ မတွေးမိ။ တွေးမိသည်ကား----။

(ဆက်လက်ဖော်ပြပါမည်)

(၄၊၄၊၂၀၀၇)

  © Blogger templates Newspaper II by Ourblogtemplates.com 2008

Back to TOP