မြစ်တစ်စင်း (အပိုင်း-၁)
လူတစ်ယောက်ဘ၀မှာ မရေတွက်နိုင်သော နေ့ရက်များစွာ ရှိပါတယ်။ တချို့နေ့ရက်တွေဟာ ရယ်မောပျော်ရွှင်ဖွယ်ရာတွေ ဖြစ်စေတတ်သလို၊ တချို့နေ့တွေကျတော့လဲ ၀မ်းနည်းဖွယ်ရာ၊ စိတ်ညစ်ညူးဖွယ်ရာတွေနဲ့ ပြည့်နှက်နေတတ်တယ်။ ဒါပေမယ့် နေ့ရက်တရက်ရဲ့ အဖြစ်အပျက် တွေ့ကြုံမှုတခုတည်းနဲ့ ကံကြမ္မာအပြောင်းအလဲတခု ဖြစ်လာမယ်လို့တော့ သူမ မထင်ခဲ့ဖူးတာ အမှန်ပဲ၊ တကယ်ကြုံလာတဲ့အခါကျတော့------။
တကယ်တော့ အဲဒီနေ့ဟာ သမရိုးကျ နေ့ရက်တွေလိုပဲ အစပျိုးခဲ့တာပါ။ ဆယ်တန်းအောင်ပြီးတဲ့နောက် နှစ်ပေါင်းများစွာ ပိတ်နေတဲ့ တက္ကသိုလ်တွေ ပြန်ဖွင့်မယ့်ရက်ကို စိတ်မရှည်စွာစောင့်ရင်း ကွန်ပျူတာနဲ့ စီမံခန့်ခွဲရေးသင်တန်းတွေ တဘက်ကတက်ပြီး ကိုယ်ပိုင်လုပ်ငန်းငယ်လေးတွေ အစပျိုးလုပ်ကိုင်နေဆဲ ကာလတခုမှာပေါ့၊ အချိန်ဆိုတာကို ငွေနဲ့ချိန်ဆက် တိုင်းတာပြီး ဆယ်ကျော်သက် ပီသစွာ လုပ်ရဲကိုင်ရဲ ဇတ်ဇာတ်ကြဲ ကာလ။
(၁)
မေမေ့ကား ခြံထဲဝင်လာခဲ့သော အချိန်သည် သူမတယောက် သူမကားကို စိတ်ရှိလက်ရှိ ကြိမ်းမောင်းပြီး မည်သို့ဖျက်ဆီးပစ်ရမည်လဲ စဉ်းစားနေခဲ့ချိန်မှာ ဖြစ်သည်။
“ဘာဖြစ်နေတာလဲ သမီးရယ်။ ကားနဲ့စကားပြောနေတယ်ဆိုတာ လူကြားလို့ မကောင်းပါဘူး“
မေမေ့အလန့်တကြား ပြောသံကြောင့် စိတ်ဆိုးနေသောသူမပင် ရယ်ချင်စိတ်ဝင်လာရသည်။
“ကားတစီး မြန်မြန်လဲပေးတော့မေမေ၊ သမီးဒီကားကို စိတ်ကုန်နေပြီ။ လုံးဝမစီးနိုင်တော့ဘူး“
“သမီးလိုချင်တယ်ဆိုလို့ အသစ်လဲပေးထားတာ ငါးလပဲရှိသေးတယ်လေ“
“အလိမ်ခံရတာကိုးမေမေရဲ့။ အပေါ်ယံလှလို့ လိုချင်တာ။ အင်ဂျင်ကအစုတ်ကြီး“
“ဒီလောက်တော့လဲ မဟုတ်ပါဘူး သမီးရယ်။ စက်ပဲဥစ္စာ။ တခါတလေ ပျက်မှာပေါ့။ ဘာဖြစ်လာလို့လဲ သမီး“
“ဘာဖြစ်ရမှာလဲမေမေ။ ဒီနေ့ Andyဆိုတဲ့ ပြင်သစ်ဧည့်သည်လာတယ်မေမေ။ မနန်းမိတ်ဆွေ။ သူက Tour လုပ်ငန်းကို ညောင်ရွှေ၊ အင်းလေးချဲ့ဖို့ရယ်၊ အင်းထဲက Textiles တွေ export လုပ်ဖို့ရယ်ကို သမီးတို့နဲ့ ရှယ်ယာလုပ်ချင်တာလေ။ အဲဒါ သူ့ကို ဟဲဟိုးလေဆိပ်မှာ သွားကြိုပြီး ညောင်ရွှေလိုက်ပို့ပေးတာ။ ဒီကားကြီးက လမ်းမှာ ပျက်ပါလေရော။ ကိုယ်နဲ့တွဲလုပ်မယ့် businessman တယောက်ရှေ့မှာ ဘယ်လောက်သိက္ခာကျလဲ“
“ကဲ၊ ဟုတ်ပါပြီ။ ဒါဆို မေမေဘယ်တော့ လဲပေးရမလဲ“
“အခု“
“အခုတော့ မလုပ်ပါနဲ့ သမီးရယ်။ ဒီနေ့ည ယူနန်က ကိုယ်စားလှယ်တွေ ရောက်နေလို့ ဧည့်ခံပွဲရှိတယ်။ မေမေခဏပဲ အချိန်ရတယ်“
မေမေက ပြောပြောဆိုဆို အိမ်ထဲဝင်သွားသည်မို့ လိုချင်လျှင် အခုချက်ချင်း ဖြစ်တတ်သူ၊ သူမတယောက် စိတ်တိုသွားရသည်။ စိတ်တိုရသည့်ကြားထဲ ပြဿနာကားကို မြင်နေရသည်က ပိုဆိုးသည်။
“ဦးထွန်း၊ သမီးအပြင်သွားမယ်“
သူမ၏ ကျယ်လောင်သော အော်ခေါ်သံကြောင့် ကားဒရိုင်ဘာ ဦးထွန်းတယောက် အပြေးအလွှား ရောက်လာသည်။
“ဦးဝင်းကို သွားပြောလိုက်။ သမီး အဲဒီကားကို လိုချင်တယ်။ ကားပေါ်ကဆင်းပြီး သမီးကားပေါ် တက်ထိုင်နေ။ ကားချင်းလဲမယ်လို့“
မေမေ့ကားအား မလိမ့်တပတ်ယူသွားမည် ကြံစည်နေသည်မို့ ဦးထွန်းတယောက် လန့်သွားသည်။
“မလုပ်ပါနဲ့သမီးရယ်။ မိုးမီးလောင်လိမ့်မယ်။ ဒီကားနဲ့ပဲသွားပါ။ မပျက်စေရဘူး၊ ဦးအာမခံတယ်“
“သမီးမစီးချင်ဘူးလို့ပြောနေတယ်။ ပြောပြီးသားစကားဘယ်တော့မှ မပြင်ဘူး၊ ရှုပ်တယ်။ ဒီကားကို ခြံပြင်သွားရပ်ထားလိုက်။ သမီးလဲ တက္ကဆီနဲ့ပဲ သွားမယ်“
ဦးထွန်းက ဘာပြောရမည်မသိပဲ ခေါင်းတကုန်ကုတ်။ သူမကလဲ မမြင်ချင်ဘူးဆိုလျှင် အခုချက်ချင်း မမြင်ရမှ ကျေနပ်တတ်သူ။
“ကားကို ခြံပြင်ထုတ်လိုက်ပါဆို။ သမီး မမြင်ချင်တော့ဘူး၊ မထုတ်ချင်လဲ မီးခြစ်ခဏပေး“
“ဘာလုပ်မလို့လဲဟင်“
ဦးထွန်းက အူကြောင်ကြောင်နှင့်မေးသည်။ ကားနှင့်မီးခြစ် ဘာဆိုင်လဲ တွေးနေပုံပေါ်သည်။
“ဆီတိုင်ကီထဲ ထည့်မလို့ဦးရေ၊ မိုးမီးလောင်တယ်ဆိုတာ ဘာလဲပြမလို့“
“မလုပ်ပါနဲ့ သမီးရယ်။ အခုပဲ သွားထားလိုက်ပါ့မယ်။ သမီးဘာလိုချင်သေးလဲ“
“ဘာမှမလိုချင်ဘူး၊ သမီးလဲ သွားတော့မယ်။ မေမေမေးရင်ပြောလိုက်။ ကားမလဲပေးမချင်း ပြန်မလာဘူး။ သမီးတောင်ကြီး ဟိုတယ်မှာ ရှိမယ်လို့“
ပြောပြောဆိုဆိုနှင့် ခြံထဲမှ ထွက်လာခဲ့သည်။ စိတ်တိုနေဆဲ ကာလမို့ စကားဆက်ပြောနေလဲ အဆင်ပြေမည်မဟုတ်။
(၂)
“တောင်ကြီးဟိုတယ်ကို ဘယ်လောက်လဲဦးလေး“
တက္ကဆီသမားကို ဈေးမေးပြီးမှ သတိဝင်လာသည်။ ပိုက်ဆံအိတ်မေ့ကျန်ခဲ့ပြီ။ ကိုယ့်စကားနှင့်ကိုယ်ဆိုတော့ ပြန်ဝင်လို့လဲမကောင်း။
“မငှားတော့ဘူးနော်။ ပိုက်ဆံပါမလာလို့“
တက္ကဆီသမားက အူကြောင်ကြောင်နှင့် ကြည့်ပြီး မောင်းထွက်သွားသည်။ ဘယ်လိုထင်မည်မသိ။ သူဘယ်လိုထင်ထင်က အရေးမကြီး၊ အရေးကြီးသည်က ပိုက်ဆံမရှိပဲ ဘယ်သို့သွားရပါမည်နည်း၊ မေမေကတော့ သူမတရက်လောက် စိတ်ကောက်ပြလိုက်သည်နှင့် ၀ယ်ပေးမည် သေချာသည်။ မ၀ယ်ပေးခင် နေရမည့်နေရာက ပြဿနာ။
စိတ်ညစ်ညစ်နှင့် မြို့ထဲသို့ လျှောက်ထွက်သွားလိုက်သည်။ တခါတလေ ကားမပါလာတုန်း ပတ်ဝန်းကျင်အား စူးစမ်းလိုက်ဦးမည်။ ဆယ်တန်းမအောင်ခင်ကလဲ ကျောင်းနှင့်အိမ်၊ အိမ်နှင့်ကျောင်းသွားလာရင်း၊ ဂုဏ်ထူးများဖို့ကို အပြိုင်အဆိုင်ကြိုးစားရ၊ ဆယ်တန်းအောင်ပြန်တော့လဲ သင်တန်းများ၊ အလုပ်များနှင့် အချိန်ကုန်နေသည်မို့ ကိုယ့်အသိုင်းအ၀ိုင်းမှလွဲ၍ ဘာမှ သိပ်သိသည်မဟုတ်။ စာဖတ်ဝါသနာပါသည်မို့ စာတွေ့သိသည်များပဲရှိသည်။ အချိန်ရတုန်း လျှောက်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။ ညမှောင်လာရင်တော့ သူငယ်ချင်းနန္ဒာအိမ်မှာ အကျိုးအကြောင်းပြောပြီး သွားအိပ်ရမည်။
“မမျိုးဘယ်သွားမလို့လဲ“
မြို့မဈေးထဲမှ ပအိုဝ့်တိုင်းရင်းသား ဈေုးရောင်းသူများကို စကားပြောနေဆဲ နှုတ်ဆက်စကားသံကြောင့် နောက်သို့ လှည့်ကြည့်မိသည်။ သူငယ်ချင်းနန္ဒာ၏ ဆေးလိပ်ခုံတွင် ဖက်ရွေးသူ မငယ်အား တွေ့လိုက်တော့ ၀မ်းသာသွားရသည်။ နန္ဒာဆီရောက်တိုင်း တွေ့နေကျဆိုတော့ ရင်းနှီးနေသည်. မငယ်၏ ခေါပုတ်ကြော်အရသာကလဲ တော်တော်ကောင်းသည်လေ။
“ဘာရယ်မဟုတ်ပါဘူး၊ ပျင်းပျင်းနဲ့လျှောက်လည်နေတာ။ ဒါနဲ့ မငယ်ကကော ဒီနေ့ အလုပ်မသွားဘူးလား“
“ဒီနေ့အလုပ်မရှိဘူး။ မနန္ဒာတို့ ပင်းဒယဆင်းသွားကြတယ်။ နက်ဖြန်မှ ပြန်လာကြမှာ“
“ဘာရယ်“
မငယ်က အမှတ်တမဲ့ပြောပေမယ့် သူမအတွက်ကတော့ မိုးကြိုးပစ်သလို ဖြစ်သွားသည်။ ရင်းရင်းနှီးနှီး သူငယ်ချင်းဆိုလို့လဲ နန္ဒာတယောက်ထဲရှိသည်။ ကျန်သူများထံ သွားအိပ်လို့မဖြစ်။ မျက်နှာကို မည်သို့ထားပြီး ပြောရပါမည်လဲ။
“ဘာဖြစ်လို့လဲဟင်“
သူမ“သိသိသာသာ ပျက်ယွင်းသွားသော အမူအရာကြောင့် မငယ်က အလန့်တကြား မေးသည်။ မထူးတော့ပြီမို့ အကျိုးအကြောင်းပြောပြတော့ သဘောကျစွာ ရယ်လေသည်။
“မငယ်နဲ့လိုက်ခဲ့မယ်လေ၊ ဖြစ်လား၊ တညတည်းပါ။ နက်ဖြန်နံနက်ဆို သေချာတယ်။ ကားသစ်တစီးလဲပြီးသားဖြစ်နေမှာပါ“
“မငယ်တို့က အရမ်းဆင်းရဲတယ်။ မငယ်တို့အိမ်မှာ မမျိုးနေနိုင်ပါ့မလားစိတ်ပူတယ်“
“ဘာမှ စိတ်မပူနဲ့။ မမျိုးဆီမှာ အဆင့်အတန်း ခွဲတဲ့စိတ်မရှိဘူး။ ကိုယ့်ဟာကို မအားလို့သာ အရင်တုန်းက လာမလည်ဖြစ်တာပါ“
ဒီလိုနှင့် သူမသည် မငယ်နေထိုင်ရာ တောင်ကြီးမြို့နှင့် (၁၆)မိုင်ခန့်ဝေးသည့် ရွာငယ်လေးသို့ လိုင်းကားတတန်၊ ထော်လာဂျီတတန်၊ ခြေကျင်တလှည့်နှင့် မထင်မှတ်ပဲ ရောက်ရှိသွားခဲ့ပါသည်။
ရွာငယ်လေးဆီရောက်တော့ မှောင်ရိပ်က သန်းနေလေပြီ။
“မြို့နဲ့ဘာမှမှ မဝေးတာ။ ဘာလို့လမ်းပန်းဆက်သွယ်ရေး ဒီလောက်ခက်ရတာလဲ“
“ဒီနယ်မြေက မြို့နဲ့နီးပေမယ့် အဖြူရောင်နယ်မြေပီပီသသမဖြစ်သေးဘူးလေ“
မငယ်ပြောတော့မှ ကျောချမ်းသွားသည်။ ဒီလိုဆို သောင်းကျန်းသူတွေ ရှိနိုင်သည်ပေါ့။
“ဒါဆို သူပုန်တွေရှိတာပေါ့“
“သူပုန်မဟုတ်ပါဘူး မမျိုးရယ်။ တော်လှန်ရေးသမားတွေပါ။ မငယ်အစ်ကိုလဲ သူတို့ထဲက တစ်ယောက်ပဲလေ“
“ဆောရီးနော်“
အမှတ်မထင်ထွက်သွားမိသည့် စကားအတွက် နောင်တရမိသည်။ အိမ်ရှင်ကို ဧည့်သည်မစော်ကားရ ဆိုသော စကားရှိသည် မဟုတ်ပါလား။
(၃)
“မမျိုးခဏထိုင်ဦးနော်“
မြေစိုက်ထရံကာ တဲလေးထဲမှ ကြမ်းခင်းကွပ်ပျစ်လေးအား လက်ညှိုးထိုးရင်းပြောသည်။ မငယ်၏ မောင်လေး၊ ညီမလေးများက ဧည့်စိမ်းအား ပြူးတူးပြဲတဲ ကြည့်နေကြသည်။
“မငယ်မိဘတွေကော“
“အဖေက လက်ဖက်ခူးအဖွဲ့နဲ့ တောင်ပေါ်လိုက်သွားတယ်။ အမေက မြို့ပေါ်မှာ ပန်းရံလုပ်နေတာ။ တော်တော်ကြာ ပြန်လာတော့မှာပါ။ မမျိုးဆာပြီလားဟင်။ အမေပြန်လာမှ ဆန်ပါလာမှာမို့ စောင့်ဦးနော်“
မငယ်အား အားမနာရန်ပြောပြီး နာရီကို ကြည့်မိသည်။ ည(၇)နာရီတောင် ရှိနေပြီပဲ။ ကလေးငယ်လေး၏ ငိုသံကြောင့် လှည့်ကြည့်လိုက်မိပြန်သည်။ ငိုနေသော သုံးနှစ်အရွယ် ကလေးငယလေးလက်ထဲသို့ ကျိုးကျေနေသော ဘီစကစ်ထုတ်လေးထည့်ပေးရင်း ချော့နေသော ခုနစ်နှစ်၊ ရှစ်နှစ်အရွယ် ကလေးငယ်လေးက တယောက်၊ သူမဘေးတွင်ရှိနေသော ရေအိုးထဲမှ ရေကို တဂွပ်ဂွပ်သောက်နေသော ဆယ်နှစ် ကျော်အရွယ် ကလေးငယ်လေးက တယောက်။ သူမရင်ထဲတွင် အမျိုးအမည်မသိသော ဝေဒနာတရပ်ကို ခံစားလိုက်ရသည်။
အို-
သူတို့တွေ ဆာကြောပေါ့။ ဆန်အိတ်လေးဝယ်ပြီး ပြန်လာမယ့် အမေကို စောင့်ရင်း၊ ဆာလောင်နေကြတဲ့ ကလေးငယ်လေးတွေပါလား၊ သည်လို ညပေါင်းများစွာကို သူတို့ ဘယ်လောက်ထိ ကျော်ဖြတ်ခဲ့ကြပြီးပြီလဲ။ ဘယ်လောက်ကြာတဲ့အထိ ဖြတ်ကျော်ကြရဦးမှာလဲ။
(ဆက်လက်ဖော်ပြပါမည်)
၃၀၊၃၊၂၀၀၇