ဈေးကွက်စီးပွားရေးစနစ်တဲ့လား
(၁၉၈၈)ခုနှစ် မတရားအာဏာသိမ်းပွဲနောက်ပိုင်းကာလ နဝတ၊ နအဖတို့၏ သတင်းစာရှင်းလင်းပွဲများ၊ မိန့်ခွန်းများလိုလိုတွင် မပါမဖြစ် စကားတစ်ခု ရှိသည်။ ယင်းကား ‘နိုင်ငံတော် စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် အတွက် ဈေးကွက်စီးပွားရေးစနစ်အား ကျင့်သုံးနေသည်’ ဟူသောစကား။ အပြောနှင့်အလုပ်ညီစွာ အမှန်တကယ် ကျင့်သုံးခဲ့ပါလျှင် စာရေးသူတို့ အမိမြန်မာပြည်၏ စီးပွားရေးအဆောက်အအုံကြီး တစ်ခုလုံး ဤမျှ စုတ်ပြတ်သတ်သွားစရာ အကြောင်းမရှိ။ အနှစ်နှစ်ဆယ်ကြာ ဈေးကွက်စီးပွားရေးစနစ် ကျင့်သုံးမှု၏ ရလာဒ်သည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဖြစ်နေစေမည်မှာ မလွဲဧကန်မုချ။
နည်းမှန်လမ်းမှန် ဈေးကွက်စီးပွားရေးစနစ်၏ သွင်ပြင်လက္ခဏာများနှင့် ချိန်ထိုးကြည့်ပါက နအဖတို့၏ လိမ်လည်မှုများကား ကွက်ကွက်ကွင်းကွင်းပေါ်လာပါသည်။ အတုအယောင် အမျိုးသားညီလာခံ ကျင်းပပြီး ထွက်ပေါ်လာသည့် ရလာဒ်များနှင့် အတုအယောင် ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်ရန် ကြိုးပမ်းနေသော နအဖသည် ကမ္ဘာတဝှမ်းလုံး လက်ခံကျင့်သုံးနေသည့် ဈေးကွက်စီးပွားရေး စနစ်ကိုလဲ အတုအယောင် လုပ်ခဲ့ကြလေသည်။ မည်သို့ လိမ်လည်လှည့်ဖြားခဲ့ကြသည်ကို လေ့လာကြည့်ကြပါစို့။
နိုင်ငံတကာမှ ကျင့်သုံးနေသော ဈေးကွက်စီးပွားရေးစနစ်၏ သွင်ပြင် လက္ခဏာများမှာ
(က) ပုဂ္ဂလိက ပိုင်ဆိုင်မှု
ပုဂ္ဂလိက ပိုင်ဆိုင်မှုအခွင့်အရေးသည် တစ်ဦးချင်းဖြစ်စေ၊ စီးပွားရေးလုပ်ငန်းများ၌ဖြစ်စေ ရရှိခံစားရမည့်အခွင့်အရေးဖြစ်ပြီး၊ ရင်းနှီးမြှုပ်နှံမှု၊ ဆန်းသစ်တီထွင်မှု နှင့် စီးပွားဓနတိုးတက်မှုတို့ကို တွန်းအားပေးသည့်အရာ ဖြစ်ရပါမည်။
လက်တွေ့တွင်ကား ဤအချက်နှင့် မလျော်ညီစွာပင် မြန်မာနိုင်ငံ၌ ပုဂ္ဂလိက ပိုင်ဆိုင်မှုအခွင့်အရေး အလွန်ပင် ရှားပါးပါသည်။ နိုင်ငံပိုင် စက်ရုံအလုပ်ရုံများအား ပုဂ္ဂလိက ပိုင်အဖြစ် လွဲပြောင်းထားသည်ဟု မည်မျှပင်ဆိုစေကာမူ၊ ဖြစ်ရပ်မှန်ကား စစ်ဗိုလ်ချုပ်ကြီးများ နောက်ကွယ်မှ ကြိုးကိုင်ပိုင်ဆိုင်မှု ယူထားသော လုပ်ငန်းများသာ ဖြစ်နေပါသည်။ စစ်အရာရှိကြီးများကိုယ်တိုင် ဦးစီးလုပ်ကိုင်နေသော မြန်မာ့စီးပွားရေးဦးပိုင်လီမီတက်မှ ပါဝင်လုပ်ကိုင်နေသော လုပ်ငန်းများနှင့်ပင် ဤအချက်မှာ ထင်ရှားနေပါသည်။ အချို့သော လုပ်ငန်းများမှာလဲ နအဖတို့နှင့် ငြိမ်းချမ်းရေးယူထားသော အဖွဲ့အစည်းများမှ မောင်ပိုင်စီးလုပ်ကိုင်နေကြပါသည်။
(ခ)လုပ်ငန်းဆိုင်ရာ လွတ်လပ်ခွင့် နှင့် ရွေးချယ်မှုဆိုင်ရာ လွတ်လပ်ခွင့်
လုပ်ငန်းဆိုင်ရာ လွတ်လပ်ခွင့်ဆိုသည်မှာ စွန့်ဦးတီထွင်သူများနှင့် စီးပွားရေးလုပ်ငန်းများ၌ သယံဇာတအရင်းအမြစ်များ၊ ကုန်ကြမ်းများအား လွတ်လပ်စွာ ရယူပိုင်ခွင့်၊ အသုံးပြုခွင့်၊ မိမိတို့နှစ်သက်ရာ ကုန်ပစ္စည်းများ ထုတ်လုပ်ခွင့်နှင့် ထုတ်ကုန်များကို မိမိတို့နှစ်သက်ရာ ဈေးကွက်များ၌ ရောင်းချခွင့်ရှိရပါမည်။
ရွေးချယ်မှုဆိုင်ရာ လွတ်လပ်ခွင့်ဆိုသည်မှာ စီးပွားရေးလုပ်ငန်းရှင်များသည် မိမိတို့နှစ်သက်ရာ ပိုင်ဆိုင်မှုအရင်းအမြစ်များကို နှစ်သက်ရာအချိန်တွင် ရွေးချယ်အသုံးချခွင့်ရှိရမည်ဖြစ်ပြီး၊ လုပ်သားများမှာလဲ နှစ်သက်ရာ အလုပ်ကို ရွေးချယ်လုပ်ကိုင်ခွင့်နှင့် နှစ်သက်ရာ သင်တန်းများကို ရွေးချယ်တက်ရောက်နိုင်ခွင့်ရှိရမည်ဖြစ်လေသည်။ ထို့အတူ စားသုံးသူများမှာလဲ မိမိတို့ဝင်ငွေအား စိတ်ကြိုက်သုံးစွဲပိုင်ခွင့် ရှိရမည်ဖြစ်လေသည်။
နဝတ၊နအဖတို့လက်ထက်တွင်ကား အဆိုပါအခွင့်အရေးများမှာ အကန့်အသတ်နှင့်သာ ရှိပါသည်။ မော်တော်ယာဉ်လုပ်ငန်းများလုပ်မည်လား၊ ပါမစ်လိုပါသည်။ သစ်လုပ်ငန်းလုပ်မည်လား၊ ပါမစ်လိုပါသည်။ ဟိုနေရာသွားလဲ ပါမစ်၊ သည်နေရာသွားလဲ ပါမစ်နှင့် တမစ်တည်းသာမစ်နေတော့သည်။ လုပ်ငန်းများလုပ်လျှင် ပါမစ်လိုသည်ကတော့ နိုင်ငံတိုင်းလိုလိုပင်။ သို့ပေမယ့် မြန်မာပြည်ကပါမစ်ကတော့ တမူထူးခြားပါမစ်ဖြစ်ပါသည်။ လုပ်ထုံးလုပ်နည်းဆိုင်ရာ မည်မျှပင် မှန်ကန်စေပါမူ ဗိုလ်ချုပ်များ အိတ်ကပ်ထဲသို့ ငွေမရောက်သရွေ့ ပါမစ်မှာ မိုးပေါ်မှ မကျနိုင်သော တိမ်စိုင်တိမ်ခဲပမာကဲ့သို့ပင်။ ဒီကြားထဲ ပါမစ်အရောင်းအ၀ယ်ပွဲစားများကလဲ ရှိလိုက်သေးသည်။
အလုပ်သမားအခွင့်အရေးဆိုသည်ကိုတော့ မြန်မာနိုင်ငံတွင် ဘာလဲဆိုသည်ကိုပင် မေးယူရမည်ကဲ့သို့။ မိမိတို့နှစ်သက်ရာ အလုပ်အကိုင်များကို ရွေးချယ်လုပ်ရန်နေနေသာသာ၊ မနှစ်သက်သော အလုပ် များ၊ ယုတ်စွအဆုံး- ပြည့်တန်ဆာအလုပ်ပင်လျှင် အဆက်အသွယ်ရှိမှဖြစ်သည်တဲ့။ စားသုံးသူများ၏ ရွေးချယ်စားသုံးပိုင်ခွင့်၊ မိမိတို့ဝင်ငွေကို စိတ်ကြိုက်အသုံးပြုခွင့် ဆိုသည့် သဘောတရားရှိသည် မရှိသည်ကိုတော့ ဝန်ထမ်းမိသားစုများ ပိုမိုနားလည်ပေလိမ့်မည်။ ဆန်ပေးသည်ဆိုသော နာမည်ကောင်းယူကာ ဖွဲ၊သလဲများနှင့် ပြည့်နှက်နေသော ဆန်ကို မယူမနေရ လခထဲမှ ဖြတ်တောက်မှု၊ မည်သည့်ရုံးသွားသွား၊ ပြက္ခဒိန်များ အတင်းထိုးရောင်းမှုစသည်များ။ ဆယ်တန်းအမှတ်စာရင်း သွားထုတ်သည်ကို ပြက္ခဒိန်ဝယ်မှ အမှတ်ထုတ်ပေးမည်ဆို၍ မဆီမဆိုင်ဝယ်ခဲ့ရသည့် နေ့ရက်များ၊ အထက်တန်းကျောင်းများတွင် ဆရာဆရာမများ အားလပ်ချိန်တိုင်း မုန့်ရောင်းရမည်ဆို၍၊ ကျောင်းဆရာ၊ ဆရာမဘဝတလှည့်၊ ဈေးအော်ရောင်းနေ သည့် ဈေးသည်တလှည့်ဖြစ်နေသော ဆရာ၊ဆရာမများအားကြည့်ကာ အားနာပါးနာနှင့် ဝယ်ခဲ့ရသော အတွေ့အကြုံများကို ပြန်ပြောင်းသတိရမိပါသည်။ သြော်-မြန်မာပြည်ရဲ့ စားသုံးသူ အခွင့်အရေးဆိုတာ ဤသို့နှယ်ပါ။
(ဂ)ကိုယ်ပိုင်အကျိုးစီးပွား
ကိုယ်ပိုင်အကျိုးစီးပွားရှာမှုသည် ဈေးကွက်စီးပွားရေးစနစ်၏ အင်္ဂါတစ်ရပ်ဖြစ်ပါသည်။ ထုတ်လုပ်သူများက အမြတ်အများဆုံး(ဝါ) အရှုံးအနည်းဆုံးဖြစ်အောင် လုပ်သကဲ့သို့၊ လုပ်သားများမှလဲ မိမိတို့ ဝင်ငွေအား တိုးတက်များပြားအောင် လုပ်ဆောင်ကြလေသည်။ ထိုနည်းတူ စားသုံးသူများမှလဲ ကုန်ကျရသည့် ပိုက်ဆံနှင့် တန်သော ပစ္စည်းများကို ရရှိမှကျေနပ်မှုရှိကြလေသည်။ ယင်းသို့ အကျိုးအမြတ်၊ ဝင်ငွေ၊ စားသုံးသူများ ကျေနပ်အားရမှုစသည်တို့အား အပြိုင်အဆိုင် ကြိုးပမ်းရယူနေခြင်းရှိမှသာ စီးပွားရေးအဆောက်အအုံ တရပ်လုံး တိုးတက်မှု ရှိလေမည်။
နဝတ၊ နအဖလက်ထက်မြန်မာပြည်တွင်ကား ဤသို့သုံးဦးသုံးဖလှယ် အား ပြိုင်မှုများ မရှိပါ။ ထုတ်လုပ်သူများမှာ အမြတ်ဝေစု၏ သုံးပုံနှစ်ပုံခန့်ကို အုပ်ချုပ်သူများ၊ ဌာနဆိုင်ရာများသို့ ပေးကျွေးခွံ့နေကြရသဖြင့် အမြတ်များသထက်များအောင် လုပ်လိုက်သောအခါ ကုန်ဈေးနှုန်းအဆမတန် ကြီးထွားလာပါသည်။ တဖန် ဝိသမလောဘကုန်သည်များကြောင့် ကုန်ဈေးနှုန်းတက်ပါသည်ဆိုပြီး မရောင်ရာဆီလူး နအဖဗိုလ်ချုပ်များက ဆိုပြန်၍ ဈေးနှုန်းကျရန် လုပ်ရပြန်သောအခါ ကုန်ပစ္စည်းအရည်အသွေး ကျဆင်းသွားပြန်သည်။ စားသုံးများမှာတော့ ကျေနပ်သည်၊ မကျေနပ်သည်အသာထား၊ အသက်ရှင်ရပ်တည်ဖို့ ကောင်းလဲစား၊ မကောင်းလဲစား၊ ကောင်းလဲသုံး၊ မကောင်းလဲသုံးဘဝ။ လုပ်သားများမှာလဲ လုပ်အားနှင့် လုပ်ခတန်သည်မတန်သည် အပထား၊ စားစရာရှိအောင်၊ နေစရာရှိအောင် တခုခုတော့ လုပ်နေရမည်မို့ ပါးစပ်ပိတ်၊ ခေါင်းငုံ့ကာ နေကြရသည်။
တဖန် ဝန်ထမ်းများကျပ်တည်းသည်ဆိုကာ နအဖတို့မှ အာမခံချက်မရှိသော ငွေစက္ကူများအား အတင်းရိုက်ထုတ်ပြီး လစာများတိုးပြန်တော့လဲ ကုန်ဈေးနှုန်းများက အဆမတန် တက်သွားပြန်သည်။ တက်မည်ပေါ့။ လစာတိုးမည်ဆိုသည်ကို ကြားသည်နှင့် ဈေးကွက်ဝယ်လိုအားက အဆမတန်ထိုးတက်သွားသည်ကိုး။ ဝယ်လိုအားနှင့် ရောင်းလိုအားညီမျှရန် ဈေးနှုန်းနှင့် ညှိယူရသည်လေ။ ကုန်သည်များ၏ အပြစ်ဆိုပြီးပဲ လက်ညှိုးထိုးနေ၍မရပါ။ ဈေးကွက်ဝယ်လိုအား၊ ရောင်းလိုအား၊ ငွေကြေးသုံးစွဲမှုစသည့် စီးပွားရေးအခြေခံအချက်လေးများကိုပင် နားမလည်သော ပရမ်းပတာအုပ်ချုပ်သူများ၏ လုပ်ချင်ရာလုပ်နေသော အိုးနင်းခွက်နင်းကိစ္စများ၏ ရလာဒ်သာဖြစ်သည်။
(ဃ) ပြိုင်ဆိုင်မှု
ဈေးကွက်အတွင်းတွင် ရောင်းသူဝယ်သူ အပြိုင်အဆိုင်များစွာ ရှိရပါမည်။ ရောင်းသူများခြင်းဖြင့် မည်သည့်တဦးတယောက်သော ရောင်းသူကမှ ဈေးကွက်ရောင်းလိုအားကိုဖြစ်စေ၊ ဈေးနှုန်းကိုဖြစ်စေ ချုပ်ကိုင်၍ မရတော့ပါ။ ထိုနည်းတူစွာ ဝယ်ယူသူများအပြိုင်အဆိုင် ပေါများခြင်းဖြင့် မည်သည့် စားသုံးသူကမှ ဈေးကွက်ဝယ်လိုအားကိုဖြစ်စေ၊ ဈေးနှုန်းကိုဖြစ်စေ ထိန်းချုပ်၍မရပါ။ ထို့အပြင် ထုတ်လုပ်သူများသည် ဈေးကွက်အတွင်းသို့ လွယ်ကူစွာ ဝင်ထွက်ခွင့်ရှိရပါမည်။ ပြိုင်ဆိုင်မှုအား ခွင့်မပြုသော မည်သည့်ဈေးကွက်စီးပွားရေးမှ တိုးတက်အောင်မြင်မှုမရှိနိုင်ပါ။ ဗဟိုချုပ်ကိုင် စီးပွားရေးစနစ်မှ ဈေးကွက်စီးပွားရေးစနစ်သို့ ကူးပြောင်းသော Transition Economies များ၏ Structural Adjustment programs (SAPs) များတွင် ပြိုင်ဆိုင်မှုပေါ်လစီများ (Competition policies) အား မြှင့်တင်ရေးသည် အရေးပါသော ကဏ္ဍတစ်ခုအဖြစ်ပါဝင်နေပါသည်။
နိုင်ငံတော်၏ စီးပွားရေးကဏ္ဍအား အမှန်တကယ် တိုးတက်စေလိုသည်ဆိုလျှင် ဦးပိုင်မှသာ သီးခြား ဦးစီးလုပ်ကိုင်နေသော လုပ်ငန်းများ၊ နအဖဆွေမျိုးများသာ လုပ်ကိုင်ခွင့်ရပြီး အခြားပြည်သူလူထုအား လုပ်ငန်းလိုင်စင်မချပေးသည့် လုပ်ငန်းများအား ရပ်တန်းက ရပ်သင့်ပါသည်။ ပြည်သူလူထုနှင့်အတူ တန်းတူရောယှက်၍ မှန်ကန်စွာ၊ တရားနည်းလမ်းကျစွာ ပြိုင်ဆိုင်သင့်ပါသည်။ အရည်အချင်းမရှိ၍ စည်းဝိုင်းထဲတွင် မပြိုင်ဆိုင်နိုင်သည်နှင့် စည်းဝိုင်းအား မောင်ပိုင်စီးကာ တစ်ယောက်တည်း ပထမဆုယူပြနေခြင်းမှာ လူကြီးလူကောင်းတို့၏ လုပ်ရပ်မဟုတ်ပါ။ လူကလိန်ကကျစ်တို့၏ လုပ်ရပ်သာဖြစ်ပါသည်။
ဈေးကွက်စီးပွားရေးစနစ်တွင် အခြားသော သွင်ပြင်လက္ခဏာများလဲ ရှိပါသေးသည်။ စီးပွားရေးကျမ်းမဟုတ်၍ စာရေးသူ အကျယ်မချဲ့လိုတော့ပါ။ သေချာသည်ကတော့ မည်သည့်ရှုထောင့်မှပဲ ကြည့်ကြည့် မြန်မာနိုင်ငံ၏ စီးပွားရေး လုပ်ကိုင်နေမှုများမှာ ဈေးကွက်စီးပွားရေးစနစ်နှင့် သိသာစွာ ကွဲလွဲနေခြင်းသာ ဖြစ်သည်။
ဖွတ်ထွက်မှ တောင်ပို့မှန်းသိ စကားပုံရှိပါသည်။ ဖွတ်ကထွက်နေသည်မှာ အမြီးပင် ပေါ်နေပြီင်္။ စာရေးသူတို့ မြန်မာပြည်သားများ အဘယ်သို့သော အချိန်ထိ စောင့်နေမည်နည်း။ အတုကိုအတုမှန်းသိရင်တော့ အစစ်ကို ရှာဖွေအကောင်အထည်ဖော်ရပေမည်။ အစစ်ကို အကောင်အထည်ဖော်ရန် နအဖစစ်အာဏာရှင်စနစ်ကို ချုပ်ငြိမ်းစေပြီးမှသာ ဖော်ထုတ်၍ ရပေမည်။ နအဖတွင် အစစ်ဆိုသည်မှာ မရှိတော့ပါ။ သူတပါးလက်ထဲမှ အာဏာရယူထားသည့် အစိုးရအတု၊ အာဏာမြဲရေး ကြိုးပမ်းထားရသည့် ငြိမ်းချမ်းရေးအတု၊ ပြည်သူ့ကိုယ်စားလှယ်များ မပါဝင်သည့် ညီလာခံအတု၊ မည်သည့်နိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံမှာမှ မပါသည့် စစ်ဗိုလ်တမတ်သား ဖွဲ့စည်းပုံဥပဒေ အတု၊ ဈေးကွက်စီးပွားရေးအတု စသည့် အတုအယောင် ဂုဏ်ပုဒ်များဖြင့်သာ ကမ္ဘာကျော်နေသူများ ဖြစ်ပါသည်။ ထိုသို့မဟုတ်ပဲ အတုအယောင်ကို မျှော်လင့်ချက်ထားကာ ရွှေသမင်အလိုက်မှားလျှင်တော့ စာရေးသူတို့ မြန်မာပြည်သည် ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံမှသည် ကမ္ဘာပေါ်တွင်ပင် မရှိတော့သည့် အဖြစ်ဆိုးသို့ အသွင် ကူးပြောင်းသွားပေတော့မည်။
မည်သို့ဆိုစေ နအဖဝန်ကြီးများကတော့ ဈေးကွက်စီးပွားရေးစနစ်နှင့်အညီ ဘက်စုံဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်တရပ်တည်ဆောက်ရေးဆိုကာ မီးကုန်ယမ်းကုန် (မည်သူမျှမကြားချင်၍ နားပိတ်ထားသော်လဲ) အော်ဟစ်နေကြပါသည်။ စာရေးသူတို့ပြည်သူများမှလဲ
‘ဈေးကွက်စီးပွားရေးတဲ့လား နအဖရယ်၊
ဘယ်လိုပြောပြော
တို့ပြည်သူများမယုံပါတယ်။
ကယ်တင်ရှင်ဆိုသူ နအဖရယ်၊
လာရာလမ်းကို ပြန်တော့ကွယ်”
ဟူ၍သာ ကြွေးကြော်ရင်း နေရာမှန်ကို ပြန်ပို့လိုက်ကြပါစို့။
ခင်မမမျိုး