( ၂၀၀၇ ခုနှစ်က ဆောင်းပါးဟောင်းလေးကို ပြန်တင်လိုက်ပါတယ်)
အပြောင်းအလဲ
လောကတွင် အပြောင်းအလဲ များစွာ ရှိတတ်ပါသည်။ လူတစ်ယောက်ဘဝတွင် ကြုံရသည့် အပြောင်းအလဲများမှာပင် မရေတွက်နိုင်အောင် များလှသည်။ တခါတရံအပြောင်းအလဲများသည် ကာယကံရှင် မသိလိုက်ပဲ ကံကြမ္မာ ဆုံးဖြတ်သွားသည်။ တခါတရံတွင် ကာယကံရှင်က အခြေအနေအရ ပြောင်းလဲပစ်ရသည်လဲရှိသည်။ မည်သို့ဆိုစေ အပြောင်းအလဲ တစ်ခုဖြစ်တိုင်း ကောင်းကျိုးဆိုးကျိုး ကျန်မည်ကတော့ သေချာသည်။ ကောင်းကျိုးသည် ဆိုးကျိုးထက်များနေပါက အနာဂတ်တွက် ရှေ့ရှုပြီး အခက်အခဲများကို ရင်ဆိုင်ပစ်ရတတ်သည်။ ဆိုးကျိုးများကို လျစ်လျူရှူနိုင်ရသည်။ အပြောင်းအလဲကို ကြောက်နေ၍မရ။ ပြောင်းရမည့် အခြေအနေကြုံလာလျှင် ပြောင်းလဲနိုင်အောင် ကြိုးစားရပေမည်။ လူတစ်ယောက်အတွက်ပင် ဤသို့ ကြုံတတ်ပါလျှင်၊ နိုင်ငံတစ်ခုအတွက် ဆိုလျှင်ကား ပို၍များပြားမည်မှာ ဧကန်မလွဲ။
စာရေးသူတို့၏ ချစ်စွာလှသော မြန်မာနိုင်ငံတော်ကြီးတွင်လဲ အပြောင်းအလဲများစွာ ဖြစ်ခဲ့ပါသည်။ အခြေအနေအရ လိုအပ်ချက်ကိုမြင်ကာ ခေတ်နှင့်အညီ လက်နက်စက်ရုံများတည်ထောင်ရန် ကြိုးစားသည့် နိုင်ငံရေးရာ သံတမန်ရေးရာ ကျွမ်းကျင်ပိုင်နိုင်သော ကနောင်မင်းသား၏ စီမံကိန်းကား ‘လက်နက်တွေ စမ်းသပ်တော့ ငါးတွေသေကုန်တာပေါ့’ ဟူသော အဆိုစကားကြောင့် ပျက်သုဉ်းခဲ့ရဖူးသည်။ ငါးများသေစေလို၍ ပြောနေခြင်းမဟုတ်ပါ။ ငါးများ အသေအပျောက် အနည်းဆုံ့းဖြစ်အောင် လုပ်ရမည့် နည်းလမ်းများကို၊ ဆုံးဖြတ်ရမည့်သူ ရေမြေ့သခင် မင်းတုန်းမင်းတရား လေ့လာခဲ့ဖို့ ကောင်းပါသည်။ အပြောင်းအလဲလုပ်ရန် လိုအပ်သည်ကို နားလည်ခဲ့ဖို့ကောင်းပါသည်။ထိုသို့မဟုတ်ပဲ မင်းဆရာ၏ အဆိုအမိန့်ကိုသာ မျက်စိမှိတ် နားထောင်ခဲ့မှုကြောင့် ငါးများတင်မဟုတ်ပဲ ပြည်သူများစွာ၏ အသက်များ သေကြေပျက်စီးခဲ့ရသည်။ လက်နက်အင်အားမမျှတမှုကြောင့် မြန်မာပြည်ကြီးလဲ ကျွန်ဘဝရောက်ခဲ့ရသည်။
တဖန်သီပေါမင်းလက်ထက်ရောက်ပြန်တော့လဲ ရန်သူများ နန်းတော်သို့ နီးကပ်လာစဉ်တွင် ခုခံမည်၊ မခုခံမည် အငြင်းပွားစဉ်ကာလ၌ ရှင်ဘုရင်ဖြစ်သူက ဘာမှဝင်ပြောနိုင်ရန် အရည်အချင်းမရှိ။ မင်းတိုင်ပင် ဘိုးဘိုးများ၏ အကြံပေးချက်အတိုင်း ကြက်ငှက်ပမာ အဖမ်းခံခဲ့သည်။ ‘ဘိုးဘိုးတို့ သတ္တိမရှိရင် ထမီဝတ်ထားကြပါလား။ စုဖုရားကိုယ်တိုင် နန်းတွင်းသူတွေနဲ့ ထွက်တိုက်မယ်’ဆိုသော စုဖုရားစကားကိုလဲ လျစ်လျူရှုခဲ့ကြသည်။ စုဖုရားအား ထောက်ခံပြောနေခြင်း မဟုတ်ပါ။ စုဖုရားမှားခဲ့သည်များ၊ များစွာရှိပါသည်။ သို့ပေမယ့် အာဏာ၏ ပင်မချက်ချာနေရာ နန်းတော်ရာကိုကား အသက်နှင့် လဲလှယ်၍ ကာကွယ်သင့်ပါသည်။ ထိုသို့မဟုတ်ပဲ နိုင်ငံတစ်ခု၏ အပြောင်းအလဲ ကံကြမ္မာကာလတွင် မြန်မာတို့ သရဲဘောကြောင်ခဲ့ကြသည်မှာ သမိုင်းတွင် ရှက်ဖွယ်လိလိ။ လက်နက်အင်အားမညီမှုကြောင့် ရှုံးကောင်းတော့ ရှုံးခဲ့လိမ့်မည်။ သို့ပေမယ့် နိုင်ငံခြားသား စစ်ကာနယ်တစ်ယောက်၏ မှတ်တမ်းတွင် မြန်မာတို့နန်းတော်အား သေနတ်မဖောက်ရပဲ သိမ်းနိုင်ခဲ့သည် ဟူ၍တော့ သမိုင်းတွင်ကျန်ခဲ့မည်မဟုတ်။
လွတ်လပ်ရေးတိုက်ပွဲကာလ မြန်မာများမူကား အလွန်ပင် တော်ကြပါသည်။ ဝါဒရေးရာများ၊ ပုဂ္ဂိုလ်စွဲများရှိသော်လဲ လုပ်သင့်သည့်အချိန်တွင်တော့ ညီညာစွာ ဆုံးဖြတ်လုပ်နိုင်ခဲ့ကြသည်။ ဂျပန်အားလက်နက်နှင့် တွန်းလှန်ရမည့် အချိန်တွင် လက်နက်ကို ကိုင်တွယ်နိုင်ခဲ့ကြသည်။ ဂျပန်ထွက်ပြီးနောက်ပိုင်း အင်္ဂလိပ်တို့ကိုမူကား သံတမန်ရေးရာနည်းဖြင့် အနိုင်ယူနိုင်ခဲ့ကြသည်။ အပြောင်းအလဲနှင့် လိုက်လျောညီထွေသော နည်းပရိယာယ်များ ချနိုင်ခဲ့ကြသည်။
သို့ပေမယ့် လွတ်လပ်ရေးခေတ်နောက်ပိုင်း မြန်မာများသည်ကား တွေဝေမှုတွေ များလာသည်။ အပြောင်းအလဲကို ကြောက်တတ်သူများကတမျိုး၊ ဆိုးကျိုးများတွေး၍ နောက်ပြန်ဆွဲတတ်သူ များကတမျိုး၊ အခက်အခဲများကို တွေးကြောက်၍ နောက်တွန့်နေသူများကတစ်မျိုး၊ အပြောင်းအလဲကာလတွင် တွေဝေနေသူများကတမျိုးနှင့်။ လူအမျိုးမျိုး၊ စိတ်အထွေထွေ။ လုပ်ချင်ရာလုပ်နေကြတော့သည်။ ထင်ရာစိုင်းကာ တယောက်တပေါက်နှင့် လျှောက်ရမည့် လမ်းအားမလျှောက်ကြတော့ပဲ အပြောများက လွှမ်းမိုးလာကြသည်။
ပမာဆိုရသော် လူအများ ခရီးသွားရင် ချောက်တစ်ခုအားကြုံနေသည် ဆိုပါစို့။ ချောက်နှင့် သင့်လျော်သည့် ကျော်ဖြတ်နည်းကို သုံးရပေမည်။ နည်းကတော့ အမျိုးမျိုးရှိပေသည်။ နောင်လာနောက်သားများအတွက် စဉ်းစားကာ ကွန်ကရစ်လောင်း တံတားထိုးလဲရသည်။ ကျော်ဖြတ်၍ရယုံ ဝါးတံတားထိုး၍လဲရသည်။ ချောက်ထဲဆင်းပြီးမှ ပြန်တက်သည့်နည်းလဲရှိမည်။ ကြိုးပစ်ကူး၍လဲ ရချင်ရမည်။ လုပ်သင့်သည်ကို လုပ်ကြဖို့သာလိုသည်။ ညှိ၍မရလဲ ချောက်ကျော်နိုင်ဖို့သာ အာရုံစိုက်၍ ကိုယ်လုပ်နိုင်တာ ကိုယ်လုပ်နေဖို့သာ ရှိသည်။
သို့ပေမယ့် စာရေးသူတို့မြန်မာများအား ဤသို့မဟုတ်။ ချောက်ကူးဖို့ကနေ သူ့နည်းကိုယ့်နည်း ကောင်းသည်ဟူ၍ ထိုင်ငြင်းခုံနေသည့် အခြေအနေသို့ ရောက်လာကြသည်။ ချောက်ကူးရန် ကြိုးစားသူများကိုလည်း မကူးနိုင်ရန် နည်းမျိုးစုံဖြင့် အပုပ်ချဟန့်တားမှုတွေ လုပ်တတ်လာကြသည်။ လွတ်လပ်ရေးရပြီးနောက်ပိုင်း လက်နက်ကိုင်လှုပ်ရှားမှုများတွင်လည်း မစည်းရုံးခဲ့ကြ။ နယ်မြေလုတိုက်ပွဲတွေပင် ဆင်နွှဲခဲ့ကြသည်။ ရလာဒ်ကား နေဝင်းအစိုးရ စိတ်ကြိုက်ဖြစ်သွားသည်။ ဟိုဘက်မြှောက်ပေးလိုက်၊ သည်ဘက်မြှောက်ပေးလိုက်။ လက်နက်ကိုင်များ၏ ယူနီဖောင်းများ အရေခြုံဝတ်ပြီး ကြားဝင်ရှုပ်လိုက်။ အချင်းချင်းတိုက်ပွဲဖြစ်လာရင် ဟိုဘက်ဝင်ကူလိုက်၊သည်ဘက်ဝင်ကူလိုက်နှင့် ငါးကြင်းဆီဖြင့် ငါးကြင်းကြော်ခံခဲ့ရသည်။
ယင်းနောက်ပိုင်းကာလ ရှစ်ဆယ့်ရှစ်အရေးအခင်းကြီးကား အပြောင်းအလဲတစ်ရပ်ကို သမိုင်း၏ လိုအပ်ချက်နှင့်အညီ ဖန်တီးပေါ်ပေါက်လာနိုင်ခဲ့သောကာလ။ မြန်မာ့မျိုးဆက်လူငယ်ကျောင်းသားများက ပြောင်မြောက်စွာ ဦးဆောင်နိုင်ခဲ့ကြသည်။ အပြောင်းအလဲပေါ်ပေါက်လာပြီးမှ အပြောင်းအလဲကို ကိုယ်တွယ်နိုင်မည့် နည်းလမ်းဖြစ်သော ကြားဖြတ်အစိုးရကား အကြောင်းအမျိုးမျိုးကြောင့် မပေါ်ပေါက်နိုင်ခဲ့။ ချောက်မကူးပဲ ထိုင်ငြင်းခုံသည့် စိတ်များက လွှမ်းမိုးလာခဲ့ပြန်သည်။ ရလာဒ်ကား ရန်သူလက်ဦးသွားခဲ့သည်။
မြန်မာနိုင်ငံ၏ လက်တွေ့လိုအပ်နေသော ဒီမိုကရေစီစနစ် ၊ဖယ်ဒရယ်စနစ်ကိုသာ စုပေါင်းဆောင်ရွက်ရေး ဦးတည်နိုင်လာသော အချိန်ကျပြန်တော့လဲ မစည်းလုံးကြပြန်။ ရန်သူ၏ ပရိယာယ်စက်ကွင်းထဲသို့ ရောက်သွားသူများရှိလာပြန်သည်။ ဂျပန်ခေတ်ကလို အဖွဲ့ချုပ် စိတ်ထားမရှိကြ။ ကိုယ်အဖွဲ့၊ သူ့ အဖွဲ့သာ အာရုံစိုက်ကြတော့သည်။ ဘာလိုလိုနှင့် မည်သည့်မဖွဲ့မျှ နိုင်ငံရေးရည်ရွယ်ချက်များ မအောင်မြင်ခဲ့ကြသည်တော့ အမှန်။
ယခုလဲ အပြောင်းအလဲတစ်ရပ်၏ အချိန်ကားရောက်လာလေပြီ။ Engage လား၊ Defeat လား။ Engage လုပ်ရမည်ဟု မစားရ၀ခမန်း ထိုင်ပြောနေသူများရှိသည်။ နှစ်ပေါင်းများစွာ ဒိုင်ယာလော့ခ် အော်ခဲ့ကြသည်မှာ Engage မဟုတ်ပါဘူးလား။ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးလို့ ဆိုခဲ့ကြပေမယ့်၊ Defeat လမ်းကြောင်းပေါ်တက်၍၊ တကယ်တိုက်ပွဲဝင် ကြိုးပမ်းခဲ့သည့် နိုင်ငံရေးအဖွဲ့အစည်းများက အနည်းငယ်သာ ရှိခဲ့သည်။ စစ်အစိုးရပြုတ်ကျရေးပြောပြီး၊ ဒိုင်ယာလော့ခ်ပြောလိုက်၊ ပူးတွဲအစိုးရပြောလိုက်၊ လူထုတိုက်ပွဲပြောလိုက်နှင့် engage လိုလို၊ defeat လိုလို ယောင်နေခဲ့သည့် အချိန်က များခဲ့သည်။ အပြောင်းအလဲအတွက် အမှန်တကယ်လိုအပ်သည့် လမ်းစဉ်တခု ပြတ်ပြတ်သားသား မချနိုင်ခဲ့ကြ။
ယောင်ခြောက်ဆယ်သမားများကလဲ ရှိသေးသည်။ အတိုက်အခံက engage မလုပ်၍ပါဟု ဆရာကြီးလုပ် ဝေဖန်နေကြသည်။ နှစ်နှစ်ဆယ်လုံးလုံး engage ပဲလုပ်နေခဲ့တဲ့ တောင်းဆိုချက်များကို မြင်အောင် မကြည့်တတ်သည်ပဲလား။ engage လုပ်ခြင်းဆိုသည်ကို လက်နက်ချအရှုံးပေးရမည်ဟုပဲ ညံ့ဖျင်းစွာ သဘောပေါက်နေ၍လားမသိ။ တကယ်တန်းကျတော့ ဒိုင်ယာလော့ခ်လုပ်ရန် တောင်းဆို၍ engage လုပ်သည်ကို နအဖက လက်မခံပဲ ငြင်းဆန်နေခြင်းသာဖြစ်သည်။ အတိုက်အခံက မလုပ်ခဲ့ခြင်းမဟုတ်။ နိုင်ငံတကာ၏ ကြားဝင်စေ့စပ်မှုများကလဲ engage လုပ်ရန်သာဖြစ်သည်။ ဒါတွေကို မျက်နှာပြောင်တိုက် ငြင်းဆန်ခဲ့သည်က နအဖ။ အဖြေကရှင်းနေပါသည်။ နအဖက engage ကို လုံးဝစိတ်မ၀င်စားပါ။ အတိုက်အခံများကို defeat လုပ်လိုက်ရန်သာ စိတ်ဝင်စားပါသည်။
အပြောင်းအလဲအတွက် စိန်ခေါ်မှုကတော့ စတင်နေခဲ့ပါပြီ။ အတိုက်အခံများ ဘာလုပ်ကြမည်နည်း။ engage လမ်းကြောင်းပေါ်ပဲ ထိုင်နေလို့တော့မရပါ။ နအဖက ဂုတ်ခွစီးသွားလိမ့်မည်။ ချောက်ကူးဖို့ မကြိုးစားပဲ ကူးနည်းများ ထိုင်ငြင်းခုံလိုက်၊ ကူးဖို့ကြိုးပမ်းနေသူတွေကို အပြစ်တင်ဝေဖန်လိုက် လုပ်နေရုံနဲ့လဲ အကျိုးမထူးပါ။ ထိုသို့သော စိတ်ဓာတ်များကို ပြုပြင်သင့်ကြပါသည်။ လမ်းစဉ်ကတော့ တကြောင်းသာ ကျန်ပါတော့သည်။ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြုတ်ရမည်။
အဆိုပါလမ်းစဉ်ဖော်ဆောင်ရန် လက်နက်ကိုင်တော်လှန်ရေး၊ လူထုတိုက်ပွဲ၊ ပျောက်ကျားး စသည်ဖြင့် နည်းအမျိုးမျိုးရှိမည်။ ကောင်းကျိုး၊ ဆိုးကျိုး၊ အချိန်မြန်ဆန်မှု၊ နှေးကွေးမှုစသည်ဖြင့် အကျိုးဆက်များစွာရှိသည်။ ကိုယ်သန်ရာကိုယ်လုပ်ရန်သာဖြစ်သည်။ ထင်ထင်ပေါ်ပေါ်နေချင်သူကို မြေအောက်တာဝန်သွားပေးလျှင် လိုင်းတစ်လိုင်းလုံး ရန်သူ့လက်ထဲရောက်မည်။ မြေအောက်လုပ်ချင်သူကို မြေပေါ်တာဝန် သွားပေးပြန်ရင်လဲ ထိရောက်မည်မဟုတ်။ သေနတ်မနိုင်သူလက်ထဲ သေနတ်သွားထည့်လို့လဲမရ။ အပြောကောင်းပြီး၊ စည်းရုံးရေးကောင်းသူကို သေနတ်တလက်ပေးပြီး ကင်းစောင့်ခိုင်းနေလျှင် အိပ်ပျော်သွားလိမ့်မည်။ လူအများနှင့် ရောရောနှောနှော မနေတတ်သူကို စည်းရုံးရေးမှူး သွားလုပ်ခိုင်းလျှင်လဲ ရှောင်ထွက်သွားလိမ့်မည်။ လူမှန်၊နေရာမှန် ဖြစ်ဖို့သာလိုသည်။ အပြောင်းအလဲ တစ်ခုအတွက် လိုအပ်သော သင့်လျော်သည့် နည်းမှန်လမ်းမှန်နှင့် လူမှန်၊ နေရာမှန်ဖြစ်လျှင်တော့ အောင်ပွဲဆိုသည်ကား မြေကြီးလက်ခတ်မလွဲ။
သူနည်းကောင်းသည်၊ ကိုယ့်နည်းကောင်းသည် ငြင်းခုံပွဲလုပ်ရန် အချိန်မဟုတ်။ အတိတ်သည် သင်ခန်းစားယူရန်ဖြစ်သည်။ သမိုင်းတရားခံရှာရန်မဟုတ်။ နောင်တရပြီး ဆွေးမြေ့တမ်းတနေရန် မဟုတ်။ ထိုသို့ဖြစ်ခဲ့သည်၊ ထပ်မဖြစ်စေရန် မည်သို့ ရှောင်ရမည်ကို သိဖို့ကတော့ လိုအပ်သည်။ ချားရဟတ်ကဲ့သို့ စက်ဝိုင်းတခုထဲတွင်သာ လည်နေပြီး၊ မူလနေရာသို့ ပြန်ရောက်သွားသည်မျိုး မဖြစ်စေရန်ကို အထူးဂရုပြုရမည်။
ချုပ်၍ဆိုရသော် မြန်မာ့ သမိုင်း၏ တောင်းဆိုချက်ဖြစ်သော အပြောင်းအလဲတစ်ရပ်ကာလတွင် နအဖစစ်အာဏာရှင်တို့အား တော်လှန်နေသည့် အတိုက်အခံများအားလုံး ကိုယ်နိုင်ရာ တာဝန်ကိုယူဆောင်၍ ဟန်ချက်ညီ လုပ်ဆောင်ကြပါရန် တိုက်တွန်းလိုက်ရပါကြောင်း။
ခင်မမမျိုး (ဧပြီလ၊ ၂၀၀၇ခုနှစ်)