စိန်နှင့်လူသား (၀တ္ထုတို)
(၁)
သူမအမည် တင်မမ။
သူမပိုင်ဆိုင်သော ဆယ့်ရှစ်ရတီ၊ ဆယ်ရတီ စိန်တစ်လုံးနားကပ်များ၊ စိန်ခြယ်ရံနားကပ်များ၊ စိန်ပန်းခိုင်၊စိန်ဆံထိုး၊ စိန်လက်စွပ်များကို အကြောင်းပြု၍ အများခေါ်သည့် အမည်ကတော့ ဒေါ်စိန်မမ။ သူမကလဲ ထိုနာမည်ကို ပျော်ရွှင်ကြည်နူးစွာ လက်ခံတတ်စမြဲ။ အလှူမင်္ဂလာပွဲများတွင် တကိုယ်လုံးအား စိန်စီသွားပြီး ရှေ့ဆုံးစားပွဲတွင် နေရာပေးခံရမှ ကျေနပ်တတ်သူ။
“မမတို့က မွေးကတည်းက စိန်စီထားတဲ့ ရွှေလင်ဗန်းမှာ အချင်းဆေးပြီး မွေးလာတာ”
သူမ၏ ခပ်ကြွားကြွားအပြောများကို နားငြီးကြသော်လည်း လူမှုရေးအရ နားထောင်ကြရသည်။ သူမလုပ်ကိုင်နေသော စီးပွားရေးလုပ်ငန်းများနှင့် ပတ်သက်ဆက်နွယ်သူများ အတွက်ကတော့ ပိုလို့ဆိုးသေးသည်။ လောက၀တ်အရ “မချစ်ပေမယ့်လဲ အောင့်ကာနမ်း” ဆိုသည်က ရှိသေးသည် မဟုတ်လား။
သူမကလည်း ဥစ္စာပစ္စည်းများကို လိုသည်ထက် ပိုမိုမက်မောတတ်သူဆိုတော့ ငွေရတာမှန်သမျှ အကုန်လုပ်သည်။ သူမမြို့လေးတွင်ရှိသော စီးပွားရေးလုပ်ငန်း တော်တော်များများ သူမနှင့် မကင်းလှ။ သက်ဆိုင်ရာအား ပေးသင့်တာပေး၊ ကျွေးသင့်တာကျွေးပြီး ဇိမ်ခန်းများ ဖွင့်သည်မှအစ ကျောက်မျက်ကုန်ကူးမှုများ၊ သစ်ခိုးထုတ်မှုများ၊ တဘက်နိုင်ငံသို့ လူကုန်ကူးမှုများအထိ သူမနှင့် မကင်း။ သူမနာမည် ဟုန်းဟုန်းတောက်နေချိန်ကား မှောင်ခိုများ လျှမ်းလျှမ်းတောက်နေသည့် ရှစ်ဆယ်ခုနှစ်များကာလ။ ငွေစက္ကူများ အစိုးရသိမ်းခံရပြီး၊ အများပြည်သူများ စားရမဲ့သောက်ရမဲ့ ဖြစ်နေချိန်တွင်လည်း သူမက အပြုံးမပျက်။
“ငွေဆိုတာ အသွင်ပြောင်းထားရတယ်။ မမတို့ကတော့ စိန်တွေဖြစ်အောင် လုပ်ထားလိုက်တာပဲ။ ဦးနှောက်မှမရှိကြတာ။ ခံရတာတောင်နည်းသေးတယ်”
ထိုသို့ပင် ကိုယ်ချင်းမစာနာ ပြောတတ်သေးသည်။
မီးစာကုန်ရေခန်း၍ အိပ်ယာထဲလဲနေသော အမေအိုက ‘ငါးကြော်လေးနဲ့ ထမင်းလေးစားချင်လိုက်တာ သမီးရယ်’ ဆို၍ စုထားသော ခုနစ်ဆယ့်ငါးကျပ်တန်လေးကိုင်ရင်း ဈေးသို့အပြေးမှာ ထိုပိုက်ဆံ ဘာမှအသုံးမဝင်တော့ကြောင်း သိလိုက်ရသည့် သမီးတစ်ယောက်၏ ရင်ထဲမှသောကနှင့် မျက်ရည်စများကို သူမမြင်မိပါလေစ။ မြင်လျှင်လဲ ကိုယ်ချင်းစာတတ်သော နှလုံးသားသူမမှာမရှိ။သူမဘဝတလျှောက်လုံး သူများမျက်ရည်များ၊ သောကများ၊ ဘဝများနှင့် ရလာသော ငွေကြေးနှင့် နေထိုင်အသက်ရှင်ခဲ့သည်ပဲလေ။ထိုငွေစများကိုပင် စိန်များအဖြစ်သို့ အသွင်ပြောင်းလဲပြီး စိန်မမဘွဲ့ကို ခံယူထားသည်ပဲ။
(၂)
သူ့အမည်ဦးဘစိန်။ ဘဝတလျှောက်လုံး မြေဖြူခဲများ၊ တပည့်များအကြားတွင် နစ်မြှုပ်ထားသူ၊အများအကျိုးကို ကိုယ်ကျိုးမငဲ့ပဲ ဆောင်ရွက်တတ်သည့်အတွက် တမြို့လုံးလေးစားစွာခေါ်ကြသည်က ဆရာစိန်၊ ကျောင်းအုပ်ဆရာကြီးဆရာစိန်။
ပောာင်းနွမ်းနေသော တိုက်ပုံလေးနှင့် စက်ဘီးအိုလေးသည် ဆရာစိန်၏ ပြယုဂ်။မိဘအမွေအနှစ် ပျဉ်ထောင်အိမ်လေးမှာ နေထိုင်ရင်း၊ ကျောင်းမှာ ကိုယ်ရောစိတ်ပါ သင်ပေးရုံမက စနေ၊တနင်္ဂနွေ ကျောင်းပိတ်ရက်များတွင် စာကျက်ချင်သူ ကျောင်းသားများကိုပါ၊ အိမ်ခေါ်၍ ရေနွေးကြမ်း၊ထန်းလျက်ခဲလေးများ ချကျွေးပြီး စာသင်ပေးသည့် ဆရာစစ်စစ်။အဖိုးအခစကားပြောလျှင်တော့ အစဉ်ပြုံးနေသော မျက်နှာတင်းသွားပြီး၊ ပိုက်ဆံလိုချင်လျှင် မှောင်ခိုကုန်သွားကူးမည်ဟု ပြောလွှတ်လိမ့်မည်။
မြို့မှသာရေး၊ နာရေးကိစ္စများတွင် ဆရာစိန်သည်မပါမဖြစ်။ ရိုးသားဖြောင့်မတ်မှု၊ သပ်ရပ်သေချာမှု၊တာဝန်ယူဆောင်ရွက်တတ်မှုများကြောင့် မြို့အုပ်ချုပ်သူများကပင်လေးစားရသူ။အရေးပေါ်သွေး ဆေးရုံမှာလိုအပ်လို့ကတော့ တခြားသွားမရှာနှင့်။ညသန်းခေါင်ကျော်တွင်ပင် ဆရာစိန်အိမ်တံခါးသွားခေါက်လိုက်၊ ချက်ချင်းထပြီး သွေးအမျိုးစားတူလျှင် သူကိုယ်တိုင်လှူသည်။သွေးမတူလျှင်လဲ သူတပည့်ဟောင်းများထံမှ လိုက်ရှာပေးသည်။သူတော်ကောင်း လူသားတစ်ယောက်ဖြစ်၍ သူ့အနီးတွင်လဲ သူတော်ကောင်းစိတ်ရှိသူများသာ နေကြသည်။ အရေခြုံ သူယုတ်မာများကား၊ ပြဒါးတလမ်းသံတလမ်းမို့ ကြာကြာမနေနိုင်ကြ။ မြှောက်စားပင့်စားများလဲမရှိ။
တပည့်များကိုပင်ဖြစ်စေ၊ မိတ်ဆွေများကိုပင်ဖြစ်စေ သူအမြဲပြောတတ်သော စကားတစ်ခွန်းရှိသည်။
‘စိန်တပွင့် အရည်အသွေးလက်လာဖို့ဆိုတာ အကွက်ပေါင်းခြောက်ဆယ့်လေးကွက် သွေးယူရတယ်။တကယ်တော့ လူတွေအားလုံးဟာ စိန်ရိုင်းပွင့်လေးတွေချည်းပဲ။အများတန်ဖိုးထားတဲ့ လူသားစိန်ပွင့်လေး ဖြစ်တာမဖြစ်တာကတော့ လူသားတစ်ယောက် သူ့ကိုယ်ကို ဘယ်လိုသွေးယူတယ်ဆိုတာနဲ့ပဲ ဆိုင်တယ်။ကိုယ်ကျင့်တရားကောင်းမှု၊ ရိုးသားဖြောင့်မတ်မှု၊ အများအကျိုးဆောင်မှု၊ ကိုယ်ချင်းစာနာတတ်မှု၊ သိက္ခာစောင့်စည်းမှုဆိုတဲ့ အကွက်တွေပေါ့’ ဟူသောစကား။
ပြောသည့်အတိုင်းလဲလက်တွေ့ကျင့်သုံးတတ်သူ။ငွေစက္ကူသိမ်းသည့် ညနေကလက်ထဲ ကျန်နေသောငွေစလေးများဖြင့်၊ ဆန်များ၊ဘဲဥလေးများဝယ်ပြီး ရပ်ကွက်ထဲမှလတ်တလော ထမင်းတနပ်စားရန် ခက်ခဲသူများကို အိမ်မှာခေါ် ထမင်းကျွေးသည်။လူသားတို့၏ ရင်ထဲမှသောကများကို ခံစားနားလည်ပေးတတ်သည့် စေတနာရှင်လူသား။
(၃)
(၁၉၈၈)ခု၊စက်တင်ဘာ(၁၉)ရက်၊တနလာင်္နေ့နံနက်ခင်း။
အများပြည်သူတို့၏ ရင်တွင်းမှထွက်ပေါ်လာသော ခံစားချက်ဆန္ဒများဖြင့် တညီတညွတ်တည်း တောင်းဆိုခဲ့ကြသည့် ဒီမိုကရေစီအရေးတော်ပုံအား စစ်တပ်မှ အင်အားသုံး ဖြိုခွင်းနေသည့်ကာလ။စက်တင်ဘာ(၁၈)ရက်နေ့ အာဏာသိမ်းပြီးချိန်မှစ၍ နယ်တိုင်း၊မြို့တိုင်းတွင် ပေါ်ပေါက်လာသော အစိမ်းရောင်စစ်ကားကြီးများနှင့် ခံစားမှုမဲ့နေသော ကျောက်ရုပ်မျက်နှာစစ်သားများ။
ထိုအချိန်တွင် ဒေါ်တင်မမ၏ အိမ်တွင်းတွင်ကား စကားများငြင်းခုန်သံများဖြင့် ဆူညံနေသည်။
‘ဒေါ်တင်မမ။ ခင်ဗျားလူလည်မကျနဲ့နော်။ခင်ဗျားပေးလိုက်တဲ့ စိန်တွေကို ရှမ်းကမ်းက လူတွေက လက်မခံဘူးဗျ။ အတုတွေလို့ပြောတယ်’
‘မင်းကိုယ်တိုင်ကြည့်ပြီးမှ ယူသွားတာပဲ ကျော်ဇေယျ။ ငါ့ကိုဘာမလိမ့်တပတ် လုပ်နေတာလဲ’
‘စိန်အကြောင်းနားမလည်ဘူးလို့ ခင်ဗျားကိုကျုပ်ပြောခဲ့သားပဲ။ ခင်ဗျားကိုယုံလို့ ကျုပ်ပုံအောလိုက်တာ’
‘စိန်အကြောင်း နားမလည်ပဲ စိန်အလုပ်လုပ်ချင်တာတော့ မင်းအပြစ်နဲ့မင်းပဲ။ ဒီကိစ္စ ငါနဲ့မဆိုင်ဘူးပြောနေသားပဲ။ ထွက်သွားကွာ၊ နားငြီးတယ်။’
‘သွားမယ်၊သွားမယ်။ခင်ဗျားလို စိန်ရူးရူးပြီး ကောက်ကျစ်နေတဲ့ မိန်းမကြီးကို လောကကြီးထဲကထွက်အောင် လုပ်ပြီးမှ ကျုပ်လဲသွားမယ်။ ကဲ။’
ငယ်သံပါအောင် အော်လိုက်သော ဒေါ်တင်မမ(ခေါ်)စိန်မမ၏ အသံအဆုံးတွင် သူမတပည့်များ ပြေးလာသည့်အခါတွင်ကား၊သွေးသံရဲရဲတွင် လဲကျနေသော သူမအလောင်းနှင့် ထွက်ပြေးသွားသော လူသတ်သမား ကျော်ဇေယျကိုသာ တွေ့ကြရတော့သည်။
(၄)
ထိုအချိန်တွင် ဆရာစိန်ကားသူတို့မြို့မှသပိတ်စခန်းရှေ့ တရားဟောစင်မြင့်ပေါ်တွင် အာဏာရှင်စနစ်ဆန့်ကျင်ရေး၊ ဒီမိုကရေစီစနစ်တည်ဆောက်ရေးများ အကြောင်းဟောပြောနေသည်။လူထုနှလုံးသားနှင့် တသားတည်းခံစားတတ်သူတစ်ယောက် လူထုအရေးတော်ပုံကာလတွင် သပိတ်ခေါင်းဆောင် ဖြစ်လာသည်မှာမဆန်း။ခေါင်းဆောင်နေရာဟူသည် အတင်းဝင်ယူ၍ ရကောင်းသည့်အရာမဟုတ်။ လူထုခေါင်းဆောင်ကို လူထုကပင် ရွေးချယ်သွားတတ်သည် မဟုတ်ပါလော။
မကြာမီပင် သပိတ်စခန်းအား စစ်တပ်မှဝိုင်း၍ တရားဟောသည်ကို ရပ်ခိုင်းသည်။ ဆရာစိန်ကားမရပ်။လက်နက်အားကိုးနှင့် မခြိမ်းခြောက်ရန် ငြိမ်းချမ်းရေးစကားကိုသာဆိုသည်။ သေနတ်ပစ်ခြင်း၊လူသတ်ခြင်းကိုသာ နားလည်သောသူများကား ငြိမ်းချမ်းရေးစကားကို နားမလည်။နဝတစစ်တပ်မှ အရာရှိတစ်ယောက် ရှေ့သို့ထွက်လာသည်။ပြီးတော့ ပစ္စတိုကို မာန်ပါပါဖြင့်ဆွဲထုတ်ပြီး ဆရာစိန်အား ပစ်သတ်လိုက်သည်။ ထောင်ပေါင်းများစွာသော လူအများရှေ့က လူသတ်ပွဲ။မည်မျှစက်ဆုပ်ဖွယ် ကောင်းပါသနည်း။ လူသတ်ပွဲကား မပြီးသေး။ထိုအရာရှိနောက်မှ တပ်သားများကလဲ လူအုပ်ထဲသို့သေနတ်များဖြင့် ပစ်ခတ်ခဲ့ကြသည်။ဆရာစိန်ကား အမှန်တရားအတွက် ပြည်သူအများ ရင်ဖွင့်ရာ တရားဟောစင်ပေါ်တွင် ထာဝရလဲလျောင်းလျက်၊သူချစ်မြတ်နိုးသော ပြည်သူများအတွက် အသက်ပေးသွားခဲ့လေပြီ။
(၅)
လူ့ဘဝသက်တမ်းကား အလွန်ပင်တိုတောင်းလှပါသည်။ “ကွေးသောလက်မဆန့်မီ၊ဆန့်သောလက်မကွေးမီ’ အချိန်တိုလေးမှာပင် လူ့နှလုံးခုန်သံများကား ရပ်ဆိုင်းသွားတတ်သည်။စိန်နှင့်ပတ်သက်နေသော လူနှစ်ယောက်ကားတစ်နေ့တည်း၊တစ်ချိန်တည်းတွင်ပင် လူ့လောကထဲမှ ထွက်ခွာသွားခဲ့ကြသည်။
တစ်ဦးကား စိန်များကို အပေါ်ယံတန်ဆာအဖြစ် မြတ်နိုးတန်ဖိုးထားသူ။နောက်တစ်ဦးကား မိမိ၏ကိုယ်ကျင့်တရား စိတ်ထားကို စိန်တစ်ပွင့်ကဲ့သို့ တန်ဖိုးထားတတ်သူ။
လောကတွင် အလားတူ လူအမြောက်အမြားပင် ရှိပါလိမ့်မည်။ လူသားစိန်ပွင့်များ၊ပိုမိုများပြားလာစေရန်သာ ဆုတောင်းရပေမည်တကား။
ခင်မမမျိုး (၃၀၊ ၁၂၊ ၂၀၀၆)
(မှတ်ချက်။၁၉၈၈ခု၊ စက်တင်ဘာ(၁၉)ရက်နေ့တွင် ထားဝယ်မြို့ သပိတ်စခန်းအပြင်၌ တရားဟောနေစဉ်၊နဝတစစ်တပ်မှ ဒုဗိုလ်မှူးကြီးမြင့်သိန်းဆိုသူ၏ ပစ္စတိုသေနတ်ဖြင့် ပစ်သတ်ခြင်းခံလိုက်ရပြီး၊ယုံကြည်ချက် အမှန်တရားအတွက် အသက်ပေးခဲ့ရသော ကျောင်းအုပ်ဆရာကြီး ဦးပန်ကျော်အား ဤဝတ္ထုတိုဖြင့် ရည်စူးကန်တော့ပါသည်။ ဆရာကြီးကောင်းရာသုဂတိလားပါစေ။)