ဒီမိုကရေစီသမီးပျိုလေး၏ အတိတ်ဇာတ်ကြောင်း
ယနေ့ခေတ်ကမ္ဘာတွင် အမျိုးသမီးအခွင့်အရေးအရေးများ မည်မျှရှိနေသည် ဆိုစေကာမူ မတရားသိမ်းပိုက်ခံလိုက်ရကာ အကြောင်းအမျိုးမျိုးကြောင့် အိမ်ထောင်ရေးနွံထဲသို့ အလိုဆန္ဒမပါပဲ ကျဆင်းသွားရသော သမီးပျိုများစွာ ရှိပါသည်။ မိဘဆွေမျိုးအသိုင်းအဝိုင်းတို့၏ အတင်းအကြပ်စီစဉ်မှုကို မလွန်ဆန်နိုင်၍ဖြစ်စေ၊ ချစ်သူ၊ရည်းစား၊ စေ့စပ်ထားသူများအဖြစ် တစ်ဦးနှင့်တစ်ဦး စိတ်နေစိတ်ထား၊ အကျင့်စာရိတ္တ၊ ယုံကြည်မှု၊ ခံယူချက်တို့ကို လေ့လာနေဆဲကာလတွင် စည်းကျော်ယုတ်မာသော ယောက်ျားများနှင့် ဖက်ပြိုင်၍ လူသိရှင်ကြား တရားတဘောင်မရောက်ချင်၍ဖြစ်စေ၊ မည်သည့်အကြောင်းများနှင့်ဖြစ်ဖြစ် မတရားသိမ်းပိုက်မှုကို လက်ခံလိုက်ရသော အမျိုးသမီးများစွာ ရှိနေပါသည်။ အဆိုပါအမျိုးသမီးများ၏ ဘဝမှာ နှုတ်မှဖွင့်ဟ မဆိုစေကာမူ ရင်ထဲတွင်တော့ နေဆယ်ဆင်းပူသမျှ ခံစားကြရစမြဲ။ ၄င်းတို့၏ လူမှုရေး၊ပညာရေး၊စီးပွားရေး၊ စိတ်ပျော်ရွှင်ချမ်းမြေ့မှု စသည်တို့မှာလဲ ဆုတ်ယုတ်သွားရစမြဲ။ စာရေးသူတို့ အမိမြန်မာပြည်၏ လွတ်လပ်ရေးရပြီးကာလ ဒီမိုကရေစီသမီးပျိုလေးမှာလဲ စစ်အာဏာရှင်စနစ်၏ မတရားသိမ်းပိုက်ဖျက်ဆီးခြင်းကို ခံလိုက်ရပါသည်။
တကယ်တော့ ဒီမိုကရေစီသမီးပျိုလေးသည် သန်းပေါင်းများစွာကို ပြည်သူလူထု၏ ဘဝကို ကိုယ်စားပြုခဲ့တာဖြစ်သည်။ သမီးပျိုတစ်ယောက်သည် သူ့ဘဝအနာဂတ်လှပရေး၊ ပညာရည်ထက်မြက်ရေး၊ ကျန်းမာပျော်ရွှင်ရေး၊ တည်ငြိမ်အေးချမ်းရေး၊ အတွေးအခေါ်မြင့်မားရေး တို့အတွက် ဘက်ပေါင်းစုံတည်ဆောက်ရသကဲ့သို့ ဒီမိုကရေစီသမီးပျိုလေးသည် ပြည်တွင်းစစ်၊ ပြည်ပကျူးကျော်မှုတို့နှင့် ရှုပ်ရှက်ခတ်နေသည့် အတွေးအခေါ်ပေါင်းစုံ၊ လက်ဝဲလက်ယာ ဝါဒပေါင်းစုံကြားတွင် အရွယ်နှင့်မမျှအောင် ကြံ့ကြံ့ခံ၍ သူကိုယ်စားပြုထားသော လူပေါင်းများစွာ၏ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်ရနိုင်စေရေးအတွက် ရှင်သန်ကြီးထွားခဲ့ရသည်။ သို့ပေမယ့်လဲ ကံအကြောင်းမလှစွာ သတိမမူ ဂူမမြင်ချိန်ဝယ် အကွက်ချောင်းနေသော စစ်အာဏာရှင် ဘီလူးစနစ်၏ မတရားသိမ်းပိုက်မှုကို ခံလိုက်ရလေသည်။
လွတ်လပ်ရေးရပြီးကာစ (၁၉၄၈-၁၉၅၈)ကာလအတွင်း ဒီမိုကရေစီသမီးပျိုလေး မည်သို့ရှင်သန်ခဲ့သည်ကို ဒီမိုကရေစီဖြစ်စဉ်တရပ်အား ပြဌာန်းသော အချက်များနှင့် လေ့လာကြည့်ကြပါစို့။
ဒီမိုကရေစီဆိုသော စကားလုံးကို သဘောသဘာဝနှင့် အခြေအနေများပေါ်တွင် အခြေခံ၍ အဓိပ္ပာယ်များ ဖွင့်ဆိုနိုင်ပါသည်။ ဤစကားလုံးသည် ဒီမိုကရေးရှား (Demokratia; demos=people, kratia= cracy) ဟူသော ဂရိဝေါဟာရမှ ဆင်းသက်လာပြီး၊ ဂရိပညာရှင် အရစ်(စ)တိုတယ်မှ ပြည်သူကအုပ်ချုပ်သောစနစ်ဟူ၍ အဓိပ္ပာယ်ဖွင့်ဆိုခဲ့ပါသည်။ ထိုအတွေးအခေါ်ပေါ်တွင် မူတည်၍ ပတ်သက်ဆက်နွယ်သော အကြောင်းအချက်များအား ပေါင်းစပ်ထည့်သွင်းကာ အဓိပ္ပာယ်များ ထပ်မံဖွင့်ဆိုခဲ့ကြပါသည်။ ထပ်မံဖြည့်သွင်းထားသော အချက်တစ်ခုမှာ ပြည်သူလူထုမှ အုပ်ချုပ်သူများအား ရွေးကောက်ပွဲများဖြင့် ရွေးချယ်တင်မြှောက်သော ကိုယ်စားပြု ဒီမိုကရေစီ (Representative Democracy) နှင့် ရွေးကောက်တင်မြှောက်သူများက နိုင်ငံအုပ်ချုပ်ရေးမူဝါဒများအား ရေးဆွဲသော တိုက်ရိုက်ဒီမိုကရေစီ (Direct Democracy) တို့ဖြစ်ပါသည်။ အခြားအချက်တစ်ခုမှာမူ အရွယ်ရောက်ပြီးသူတိုင်း လွတ်လပ်စွာ မဲပေးခွင့် (the right to vote) ဖြစ်ပါသည်။ ဒီမိုကရေတစ် အခွင့်အရေးများဖြစ်သော ပြည်သူ့အသည်းကြားမှ မဲတပြားအား တူညီစွာ ရေတွက်သည့်အခွင့်အရေး (the right to have one’s vote count equally)/ နိုင်ငံရေးပါတီများ၊ အဖွဲ့အစည်းများအား လွတ်လပ်စွာ တည်ထောင်ခွင့်ရရေး (the right to organize political groups or parties ) စသည်တို့ဖြစ်သည်။ နောက်ဆုံးအချက်မှာ အုပ်ချုပ်မှုဆိုင်ရာ ဥပဒေ (rule of law) ဖြစ်သည်။
အထက်ပါအချက်များမှာ ဒီမိုကရေစီဆိုသော ဝေါဟာရ၏ သဘောသဘာဝဆိုင်ရာ အဓိပ္ပာယ်ဖွင့်ဆိုမှုများ (Definitions based on the Nature of Democracy) ဖြစ်ပြီး၊ အခြားတဘက်မှလဲ ဒီမိုကရေစီစနစ်ဖြစ်တည်မှု၏ အခြေအနေများ (conditions of Democracy) ပေါ်တွင် မူတည်၍ အဓိပ္ပာယ်ဖွင့်ဆိုနိုင်ပါသည်။ အများလက်ခံအတည်ပြုထားသော အခြေအနေတစ်ခုမှာ သတင်းစာများနှင့် အခြားလူထုဆက်သွယ်ရေးမီဒီယာများသည် အစိုးရပေါ်လစီများနှင့် နိုင်ငံရေးခေါင်းဆောင်များအား လွတ်လပ်စွာ ဝေဖန်ပိုင်ခွင့် ရှိရပါမည်။ အတိုချုပ်ပြောရလျှင်တော့ သတင်းနှင့်စာနယ်ဇင်းလွတ်လပ်ခွင့် (Freedom of Press and communication media) ရှိရပါမည်။ ထို့အပြင် နိုင်ငံတော်အာဏာအား ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီသည် တစ်ခုထက် ပို၍ရှိရပါမည်။ တစ်ပါတီစနစ်သည် ဒီမိုကရေစီ၏ အခြေခံဖြစ်တည်မှုနှင့် ဆန့်ကျင်ဘက်ဖြစ်ပါသည်။ အခြားအခြေအနေတစ်ခုမှာ ပုံမှန်ရွေးကောက်ပွဲ ကျင်းပသည့် ရွေးကောက်ပွဲ လုပ်ထုံးလုပ်နည်းများ (regularly elected legislature) ရှိရပါမည်။ ထို့အပြင် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတစ်ရပ် (constitution) (သို့မဟုတ်)အလားတူ သဘောတူညီချက်များ (ဥပမာ- ယူကေနိုင်ငံ)ကဲ့သို့သော rule of law ရှိရပါမည်။ အချို့သော ဒီမိုကရေစီရေးကျွမ်းကျင်ပညာရှင်များက ဘာသာရေးဆိုင်ရာလွတ်လပ်ခွင့် (Religious Freedom) နှင့် မထင်ရှားသော အတွေးအခေါ်များအား ကိုင်စွဲခွင့်၊ ဖော်ထုတ်ခွင့် (the right to hold and express unpopular ideas) များအား ထပ်မံထည့်သွင်းထားပါသည်။
ဤသို့သော သဘောသဘာဝများ၊ အခြေအနေများနှင့် ပြည့်နှက်နေသော ဒီမိုကရေစီသည် စနစ် (system) တစ်ခုဖြစ်သည့် အားလျော်စွာ အချိန်ယူတည်ဆောက်ရပါသည်။ ရောမမြို့ကို တနေ့တည်းတည်ဆောက်ခဲ့ခြင်း မဟုတ်ပါဆိုသကဲ့သို့ စနစ်တစ်ခု အမြစ်တွယ် ခိုင်မာစေရေးအတွက် တည်ဆောက်ရမည့် အချိန်ကာလ အတိုင်းအတာ တစ်ရပ် လိုအပ်ပါသည်။ လွတ်လပ်ရေးရပြီးစ ကာလသည် ထိုသို့စနစ်တစ်ခုကို စတင်တည်ဆောက်ရသည့် ကာလဖြစ်ပါသည်။ ဒီမိုကရေစီစနစ်၏ ဘဘောသဘာဝများဖြစ်သော ကိုယ်စားပြုဒီမိုကရေစီစနစ်ဖြစ်မှု၊ လွပ်လပ်စွာမဲပေးခွင့်ရှိမှု၊ နိုင်ငံရေးပါတီနှင့်အဖွဲ့အစည်းများလွတ်လပ်စွာ တည်ထောင်ခွင့်ရှိမှု စသော အချက်များကို ကြည့်ခြင်းအားဖြင့်ထိုခေတ်ကို ဒီမိုကရေစီခေတ်ဟု ခေါ်ဆိုနိုင်ပါသည်။
ဒီမိုကရေစီစနစ်၏ အခြေပြအခြေအနေများနှင့် တိုင်းတာကြည့်ပါက ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတစ်ရပ်ရှိမှု၊ ရွေးကောက်ပွဲ လုပ်ထုံးလုပ်နည်းများရှိမှုနှင့် နိုင်ငံတော်အာဏာအား ပြိုင်ဆိုင်သည့် တစ်ခုထက်ပိုသော နိုင်ငံရေးပါတီများရှိမှုဆိုသော အချက်တို့ကို ပြည့်မှီပါသည်။ သို့ပေမယ့် စာနယ်ဇင်းလွတ်လပ်ခွင့်လုံးဝပြည့်မှီသည် ဟူ၍တော့ မဆိုနိုင်ပါ။ လက်ဝဲလက်ယာဝါဒများအား ညီတူညီမျှ ဖော်ထုတ်ခွင့် အပြည့်အဝ မရှိခဲ့ပါ။ အားနည်းချက်အချို့တော့ ရှိခဲ့ပါသည်။ စနစ်တစ်ခုစတင် တည်ဆောက်နေဆဲကာလတစ်ခု ဖြစ်သဖြင့် ရှေးရိုးစွဲ အယူအဆများ၊ ယဉ်ကျေးမှု၊ ထုံးတမ်းစဉ်လာများ၏ လွှမ်းမိုးမှုများ အနည်းနှင့်အများ ရှိခဲ့မည်မလွဲပါ။
ထိုခေတ်ကအားနည်းချက်များကို အကြောင်းပြု၍ အချို့က ‘မြန်မာလူမျိုးတို့သည် ဒီမိုကရေစီနှင့်မတန်’ဟူ၍ ဆိုကြပါသည်။ အခြားလူမျိုးများကသာ ဒီမိုကရေစီနှင့် တန်ရအောင် ထိုလူမျိုးများက မြန်မာများထက်ပိုကာ ခေါင်းနှစ်လုံး၊ မျက်စိသုံးလုံး၊ နှာခေါင်းနှစ်ခု၊ လက်သုံးဘက်၊ ခြေထောက်ငါးဖက်ရှိနေ၍လား ဟူ၍ပင် ပြန်မေးရပေမည်။ အတွေးအခေါ်၊ အမူအကျင့်များခြားနားသည်ကိုတော့ လက်ခံပါသည်။ သို့ပေမယ့် ထိုသို့သော အတွေးအခေါ်များသည် ပဒေသရာဇ်စနစ်ဆိုး၊ ကိုလိုနီစနစ်ဆိုးနှင့် စစ်အာဏာရှင်စနစ်ဆိုးတို့၏ ဆိုးမွေများသာ ဖြစ်ပါသည်။ လူသားအချင်းချင်း အပြန်အလှန်လေးစားမှုကို ပျက်ယွင်းထိခိုက်ကာ အိမ်တွင်းအာဏာရှင်စနစ်ကို အားမြှောက်ထားသည့် မြန်မာ့လူဘောင်အတွေးအခေါ်တစ်ရပ်ကိုပင် ကြည့်ပါ။ ‘သားကိုသခင်၊လင်ကိုဘုရား’သတ်မှတ်၍ ညအိပ်ယာဝင်ချိန်တွင် ခင်ပွန်းဖြစ်သူအား ကန်တော့အိပ်ရမည်ဆိုသော ထုံးတမ်းစဉ်လာတစ်ရပ်။ အိမ်ထောင်တစ်ခု၏ ဝင်ငွေကိုရှာဖွေပေးသူမို့ ကန်တော့ရမည်ဆိုလျှင် အိမ်တွင်ကျန်ခဲ့သော ဇနီးဖြစ်သူကလည်း အိမ်မှုကိစ္စတာဝန်၊ သားသမီးပြူစုရေး တာဝန်များ တဖက်တလမ်းမှ ထမ်းနေခြင်းဖြစ်သည်။ အလုပ်တာဝန်ခွဲဝေမှု (Division of Labor) ပင်ဖြစ်၍ တစ်ယောက်နှင့် တစ်ယောက် အပြန်အလှန် လေးစားရပေမည်။ အပေးအယူရှိရပေမည်။ ထိုသို့မဟုတ်ပဲ အိမ်ဦးနတ်ဆိုကာ အရိုအသေပေးခံမှုသည် အာဏာရှင်စနစ် တည်ဆောက်နေခြင်းသာ ဖြစ်သည်။
ထိုနည်းတူစွာပင် စာရေးသူတို့မြန်မာများတွင်ရှိသော ဒီမိုကရေစီနည်းလမ်းမကျသည့် အတွေးအခေါ်၊ လုပ်ရပ်များ ဖြစ်သော လွတ်လပ်မှုကို စည်းကမ်းမဲ့စွာ လွန်လွန်ကျူးကျူးအသုံးပြုမှု၊ အချင်းချင်းထဲမှ အောင်မြင်ကောင်းစားသူများဆိုလျှင် မနာလိုရှုစိမ့်မှု၊ လူထုအကျိုးကို ဖြစ်ထွန်းစေမည့် အတွေးအခေါ်ကွဲပြားမှုရှိလျှင် အပြန်အလှန်ဆွေးနွေးကာ တူတာတွေတွဲလုပ်၊ မတူတာတွေခွဲလုပ် စိတ်ထားထားရမည့်အစား တူသူများအုပ်စုဖွဲ့ကာ မတူသူကို ဝိုင်းကိုက်တတ်မှု၊ အချင်းချင်း ယုံကြည်မှုမထားပဲ သံသယစိတ်နှင့် ဆက်ဆံတတ်မှု၊ အရှုံးကို အရှုံးဟုလက်မခံပဲ သင်ခန်းစာယူရမည့်အစား ဆင်ခြေဆင်လက်ဖြင့် အပြန်အလှန် လက်ညှိုးထိုးနေကြရင်း အချိန်ကုန်နေမှု၊ ရာထူးရလျှင် ရာထူးနောက်ကွယ်မှ တာဝန်ကိုမမြင်ပဲ၊ ကုလားထိုင်ကိုသာ မြင်ကာ စိတ်ကြီးဝင်နေမှု၊ အရိုအသေပေး-နေရာပေးခံရမှုကို သာမန်ထက် လွန်ကဲစွာ တပ်မက်မှု၊ ပုဂ္ဂိုလ်ရေးမပြေလည်မှုကို နိုင်ငံတော်အရေးထဲသို့ ဆွဲသွင်းမှု စသည်တို့မှာ စနစ်ဆိုးအဆက်ဆက်တို့၏ ဆိုးမွေများသာဖြစ်သည်။
စနစ်က လူကိုဖန်တီးခြင်းမဟုတ်။ လူကသာ ရှေ့ရေးအကျိုးကို မျှော်ကိုးပြီး စနစ်နှင့် လျော်ညီစွာ ဖန်တီးရမည်ဆိုသော အခြေခံအချက်ကို အားလုံးနားလည် သဘောပေါက်ကာ ထိုစနစ်ဆိုးတို့၏ အမွေများကို ဖျောက်ဖျက်ရန်ကြိုးစားပြီး၊ ရွေးချယ်လိုက်သည့် စနစ်သစ်နှင့် ကိုက်ညီသော အတွေးအခေါ်၊ အမူအကျင့်များသို့ ပြုပြင်ပြောင်းလဲရပေမည်။ ပမာဆိုရသော် ပစိဖိတ်သမုဒ္ဒရာအား ကျော်ဖြတ်ရန် လိုသည်ဆိုပါစို့။ ရေကူးသွားမည်လား၊ သဘောင်္စီးသွားမည်လား၊ လေယာဉ်စီးမည်လား။ သင်္ဘောနှင့် သယ်ရသော ကွန်တိန်နာအား လေယာဉ်နှင့် သယ်၍မရသည်ကို သိကြရပေမည်။ ‘ဒီမိုကရေစီစနစ်သည် နိုင်ငံတော်တစ်ရပ်ကျင့်သုံးရမည့် ပြီးပြည့်စုံသော စနစ်တစ်ခုတော့ မဟုတ်ပါ။ သို့ပေမယ့် ဒီမိုကရေစီစနစ်ထက် သာလွန်ကောင်းမွန်သော စနစ်တစ်ရပ်လဲ ယခုအချိန်ထိ မပေါ်သေးပါ’ဟူ၍ နိုင်ငံများစွာ၏ သမိုင်းသင်ခန်းစာများကို လေ့လာနေသော နိုင်ငံရေးပညာရှင်တစ်ဦးက ဆိုခဲ့ဖူးပါသည်။ ဒီမိုကရေစီစနစ်ကို မဖြစ်မနေကျင့်သုံးရန် လိုအပ်သည်ဆိုသော အမှန်တရားကို လက်ခံ၍ မလျော်ညီသော အတွေးအခေါ်ဆိုး၊ စရိုက်ဆိုးများကို ဖျောက်ဖျက်ပစ်ရမည်မှာ အားလုံး၏ တာဝန်ပင်ဖြစ်သည်။
ဒီမိုကရေစီအသွင်ပြောင်းမှုဖြစ်စဉ်ကို ပြဌာန်းသော အခြေအနေများအကြောင်း ဆက်လက်ဖော်ပြပါမည်။ ဤနေရာတွင် ဒီမိုကရေစီစနစ်၏ အခြေအနေများ (the conditions of Democracy) နှင့်မရောထွေးစေလိုပါ။ ဒီမိုကရေစီအသွင်ပြောင်းမှုဖြစ်စဉ်ကို ပြဌာန်းသော အခြေအနေများ ဆိုသည်က အောင်မြင်သော ဒီမိုကရေစီစနစ်တစ်ရပ်ထူထောင်ရာ၌ လိုအပ်သော အခြေအနေများ ((the conditions for the creation of successful democracy) ကို ဆိုလိုခြင်းဖြစ်သည်။ ကမ္ဘာ့နိုင်ငံများတွင် ဒီမိုကရေစီအသွင်ကူးပြောင်းမှု လှိုင်းလုံးကြီးများ (waves of Democratization) နှင့်အတူ ဖြစ်ပွားခဲ့သော အခြေအနေများကို လေ့လာသည့် ကျွမ်းကျင်နိုင်ငံရေးပညာရှင်များက အဆိုပါ အခြေအနေများကို ခွဲခြားဖော်ထုတ်ခဲ့ကြသည်။ ဒီမိုကရေစီအရေး ကျွမ်းကျင်သူ နိုင်ငံရေးသိပ္ပံ ပညာရှင်များ ဖြစ်ကြသော David Potter, David Goldblatt, Margaret Kiloh, Lipset, Diamond, Beetham, O’Donnell, Paul Lewis စသူတို့၏ သုတေသနစာတမ်းများအရ ဒီမိုကရေစီအသွင်ပြောင်းမှုဖြစ်စဉ်ကို ပြဌာန်းသော အခြေအနေများတွင် အရေးပါသော အချက်ကြီး(၆)ချက် ရှိပါသည်။ ယင်းတို့မှာ
စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု (Economic Development)
လူထုလူတန်းစားကွဲပြားမှု (Social Divisions)
နိုင်ငံတော်နှင့်နိုင်ငံရေးအဆောက်အအုံ (State & Political Institutions)
မှီခိုမှုကင်းသော (ဝါ) လွတ်လပ်သော လူ့ဘောင် (Civil Society)
နိုင်ငံရေးယဉ်ကျေးမှုနှင့် အတွေးအခေါ် (Political culture & ideas)
အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှု (international engagements) စသည်တို့ဖြစ်ပါသည်။
လွပ်လပ်ရေးရကာလစ ဒီမိုကရေစီစနစ်တည်ဆောက်မှုဖြစ်စဉ်အား၊ ဤအချက်များပေါ်တွင် အခြေခံ၍ လေ့လာကြည့်ကြပါစို့။
(၁) စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု (Economic Development)
(၁၉၄၈-၁၉၅၈)ကာလသည် လွတ်လပ်ရေးရပြီးနောက်ပိုင်း မြန်မာနိုင်ငံစီးပွားရေး၏ အဖွံ့ဖြိုးဆုံးကာလတစ်ရပ်ဖြစ်ခဲ့သည်။ မှန်ကန်သော စီးပွားရေးစီမံခန့်ခွဲမှုစနစ်ကြောင့် ပြည်တွင်းစစ်မီးနှင့် ပြည်ပကျူးကျော်မှုစစ်မီးတို့ကို မည်မျှပင်ခံရလင့်ကစား အရှေ့တောင်အာရှ၏ ဆန်အိုးကြီးဖြစ်ခဲ့သည်။ ‘ဆီကိုရေချိုး၊ ဆေးရိုးမီးလှုံ၊ စပါးတောင်လိုပုံခဲ့သည်’ စီးပွားရေးဖွံ့ဖြိုးတိုးတက်ခြင်းသည် လူတန်းစားရုန်းကန်မှု (class struggle) ကိုဖြစ်ပေါ်စေပြီး၊ အထက်လွှာနှင့်အခြေခံလူတန်းစားများ (higher and lower classes) များအကြေား ကွာဟမှုများ (inequalities) အား လျော့ပါးစေကာ လူလတ်တန်းစား (middle class) များအား တိုးတက်စေနိုင်လေသည်။
(၂) လူထု၊လူတန်းစားကွဲပြားမှု (Social Divisions)
လူလတ်တန်းစားများ များပြားလာခြင်းသည် ဒီမိုကရေစီအသွင်ပြောင်းမှုဖြစ်စဉ်ကို ပြဌာန်းသော အခြေအနေများ၏ အရေးပါသောအချက်တစ်ရပ်ပင်ဖြစ်သည်။ ယင်းသို့ပြည်သူလူထုကွဲပြားမှုများတွင် ဝင်ငွေပေါ်အခြေခံသည့် class divisions သာမက လူမျိုးစု၊ စာပေ၊ ယဉ်ကျေးမှု၊ဘာသာရေး စသည်များပေါ်တွင် အခြေခံသည့် ကွဲပြားမှု (group divisions based on ethnicity, language, religion or other cultural criteria) ဆိုသည်လဲ ရှိပါသည်။ ဤသို့သော ကွဲပြားမှုများကြားတွင် အခြေခံ national identity တစ်ခုတော့ ရှိရပါမည်။ ထိုသို့မရှိပဲ လစ်ဘရယ်ဒီမိုကရေစီနိုင်ငံတော်ထူထောင်၍ မရပါ။ အခြားကွဲပြားမှုတစ်ရပ်မှာ ဖိုမကွဲပြားမှု (gender divisions) ဖြစ်ပါသည်။ ဤအချက်သည်လဲ ဒီမိုကရေစီအသွင်ပြောင်းမှုဖြစ်စဉ်တွင် အရေးကြီးပါသည်။ မိသားစု (family) သည်အခြေခံအကျဆုံးသော လူ့အဖွဲ့အစည်းတစ်ရပ်ပင်ဖြစ်သည် မဟုတ်ပါလော။
လွတ်လပ်ရေးရကာစ ကာလ (ဝါ) ဒီမိုကရေစီသမီးပျိုလေးကာလတွင် ပြည်သူလူထု၏ ဝင်ငွေများတိုးတက်၍ နေနိုင်စားနိုင်လူလတ်တန်းစားဦးရေများ တိုးတက်ခဲ့ပါသည်။ သို့ရာတွင် ကိုလိုနီစနစ်၏ သွေးထိုးခဲ့မှုများကြောင့် national identity တွင်တော့ သဘောထားကွဲလွဲမှုများရှိခဲ့ပါသည်။ ပါလီမန်တွင် အမျိုးသမီး အမတ်များပါဝင်ခဲ့သည်ကို ကြည့်ခြင်းဖြင့် အမျိုးသမီးများ၏ နိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍရှိခဲ့သည် ဟူ၍တော့ ခြုံပြောရပါမည်။
(၃) နိုင်ငံတော်နှင့်နိုင်ငံရေးအဆောက်အအုံ (State & Political Institutions)
ဒီမိုကရေစီစနစ်တစ်ရပ်အောင်မြင်စွာ တည်ဆောက်နိုင်ရေးတွင် နိုင်ငံတော်ပိုင် လုပ်ငန်းများ မရှိသလောက် နည်းပါးရေးသည် အရေးကြီးပါသည်။ ပုဂ္ဂလိကပိုင်ဆိုင်မှုကို အားပေးသော ဈေးကွက်စီးပွားရေးစနစ်သည် အသင့်လျော်ဆုံးဖြစ်ပါသည်။
ထို့အပြင် political institutions များ၏ အခန်းကဏ္ဍမှာလဲ အရေးကြီးပါသည်။ ယင်းတို့တွင် အောက်လွှတ်တော်၊ စစ်တပ်၊ ပါတီဖွဲ့စည်းပုံ၊ ရွေးကောက်ပွဲကျင်းပပုံစနစ်၊ ဌာနဆိုင်ရာ ဖွဲ့စည်းပုံနှင့် ပူးတွဲဆောင်ရွက်မှု၊ အလုပ်သမား၊လယ်သမားအဖွဲ့များနှင့် နိုင်ငံရေးပါတီများအကြား ပတ်သက်ဆက်နွယ်မှု စသည်တို့ပါဝင်ပါသည်။ အရေးအကြီးဆုံးမှာ စစ်တပ်ကို ထိန်းချုပ်နိုင်မှုဖြစ်သည်။ နိုင်ငံတော်၏ အကြီးမားဆုံးလက်နက်ကိုင်အဖွဲ့အစည်းဖြစ်သော စစ်တပ်သည် နိုင်ငံတော်၏ ပြည်တွင်းပြည်ပ အချုပ်အခြာအာဏာကို ကာကွယ်ရန်သာဖြစ်သည်။ သို့ပေမယ့် အဆိုပါစစ်တပ်သည် ‘အရေးပေးရွှေအေးပန်းကန်တက်’ လမ်းစဉ်လိုက်ကာ နိုင်ငံတော်အုပ်ချုပ်ရေးတွင် ဝင်ရောက်စွက်ဖက် လာပါက ဒီမိုကရေစီနှင့် လူထုအတွက် အလွန်ပင် အန္တရာယ်ကြီးပါသည်။
လွတ်လပ်ရေးရကာစ မြန်မာနိုင်ငံသည် ဤသို့သော ပြဿနာကို ကြုံတွေ့ခဲ့ရခြင်းဖြစ်ပါသည်။ ပြည်တွင်းပြည်ပစစ်မီးများသည် စစ်တပ်၏ ကဏ္ဍကို ထိပ်ဆုံးသို့ရောက်အောင် တွန်းတင်ခဲ့သည်။ တွန်းတင်မှုကြောင့် သွေးနားထင်ရောက်သွားမှုအား ပြန်လည်ထိန်းချုပ်ရန် စနစ်ကား မရှိခဲ့ပါ။ depoliticized military သည် ဒီမိုကရေစီစနစ် တည်ဆောက်ရေးတွင် အရေးကြီးဆုံးအချက်တစ်ခုဖြစ်ပါသည်။
(၄) မှီခိုမှုကင်းသော (ဝါ) လွတ်လပ်သော လူ့ဘောင် (Civil Society)
မှီတွယ်မှုကင်းသော လွတ်လပ်သည့် လူ့ဘောင်တစ်ရပ်ကြီးထွားရေးသည် ဒီမိုကရေစီစနစ် တည်ဆောက်ရေးတွင် အရေးကြီးပါသည်။ ကျောင်းသား၊ အလုပ်သမား၊ လယ်သမား၊ အမျိုးသမီးရေးရာ၊ ဘာသာရေး၊ သဘာဝပတ်ဝန်းရှင်ထိန်းသိမ်းရေး၊ အတတ်ပညာရှင်၊ အသိပညာရှင် အဖွဲ့အစည်းများတည်ထောင်ဖွဲ့စည်းမှုနှင့်စုပေါင်းလှုပ်ရှားမှုများပြားလာခြင်းသည် လူထုလူတန်းစားအလွှာ အသီးသီးအကြား ပူးတွဲဆာင်ရွက်မှုကို အားဖြစ်စေပြီး၊ အခန့်သင့်လျှင် လူထုတိုက်ပွဲများပင်ဖြစ်ပေါ်စေကာ အာဏာရှင်အစိုးရများကို ဖြုတ်ချနိုင်ပါသည်။ ဒီမိုကရေစီအသွင်ပြောင်းဖြစ်စဉ်တွင်လဲ အလွန်ပင်အားကောင်းသော အင်အားစုများပင်ဖြစ်သည်။ လွတ်လပ်သော လူ့ဘောင်သည် နိုင်ငံတော်အုပ်ချုပ်ရေး ယန္တရားအား ထိန်းညှိပေးသော အရာပင်ဖြစ်သည်။ အာဏာသည်ပြည်သူထံမှသာ သက်ဆင်းပါသည်။
လွတ်လပ်ရေးရကာစကာလ မြန်မာ့ လွတ်လပ်သော လူ့ဘောင်သည် အလွန်ပင် အင်အားကြီးမားခဲ့ပါသည်။ အုပ်ချုပ်သူများနှင့် လူ့ဘောင်တို့သည် တသားတည်းဖြစ်ခဲ့ကြသည်။ ဒီမိုကရေစီစနစ်သာ ဆက်လက်ရှင်သန်ခွင့်ရခဲ့ပါက စာရေးသူတို့မြန်မာပြည်ကြီး ကမ္ဘာ့အလယ်တွင် ဝင့်ထည်နေမည်မလွဲ။ ကံအကြောင်းမလှ၍ နေဝင်းနှင့်အပေါင်းအပါများ၏ ယုတ်မာစွာ ဖျက်ဆီးခြင်းကို ခံလိုက်ရသည်။
(၅)အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှု (international engagements)
အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုဆိုရာတွင် နိုင်ငံတစ်ခု၏ နယ်ခြားမျဉ်းတဘက်စီမှ နိုင်ငံများအချင်းချင်းဆက်ဆံရေး၊ စစ်ရေး၊စီးပွားရေး၊သံတမန်ရေး၊ ဆက်သွယ်ရေး၊ မီဒီယာ စသည်များအားလုံး အကျုံးဝင်ပါသည်။
လွတ်လပ်ရေးရ မြန်မာနိုင်ငံသည် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်ခဲ့သည်။ အတွေးအခေါ်ဝါဒ နှစ်ရပ်လွန်ဆွဲသော စစ်အေးတိုက်ပွဲ၏ အရှိန်အမြင့်ဆုံးကာလတစ်ခုတွင် ဘက်မလိုက်လှုပ်ရှားမှုတွင် ပါဝင်ခဲ့သည်။ နိုင်ငံနှစ်ခု၏ ပဋိပက္ခများကြားတွင် စေ့စပ်ပေးသူဖြစ်ခဲ့သည်။ ပြည်ပကျူးကျော်မှုတွင်လဲ လက်မတွန့်ပဲ ပြတ်ပြတ်သားသား ရင်ဆိုင်ခဲ့သည်။ တိုးတက်မှုများရှိခဲ့သည်ဟု ဆိုရပေမည်။
(၆) နိုင်ငံရေးယဉ်ကျေးမှုနှင့် အတွေးအခေါ် (Political culture & ideas)
နိုင်ငံရေးယဉ်ကျေးမှုနှင့် အတွေးအခေါ် များရှိခြင်းသည် ဒီမိုကရေစီစနစ်တည်ဆောက်ရေးတွင် အရေးကြီးပါသည်။ မည်သို့သော နိုင်ငံရေးယဉ်ကျေးမှုမျိုးနည်း။ စေ့စပ်ညှိနှိုင်းဆွေးနွေးမှု (negotiations) ရှိသော၊ အပေးအယူ (compromise) ရှိသော အချက်များ၊ အတွေးအခေါ်များပေါ်တွင် အခြေခံသည့် ယဉ်ကျေးမှုတစ်ရပ်ဖြစ်ပါသည်။ ဒီမိုကရေစီစနစ်က အရင်လား၊ ဒီမိုကရေစီယဉ်ကျေးမှုက အရင်လားဆိုသည်ကတော့ ကြက်ဥနှင့် ကြက်မမေးခွန်းကဲ့သို့ အစရှာရန် ခက်ခဲသည့် မေးခွန်းပင်ဖြစ်ပါသည်။ သို့ပေမယ့် ဒီမိုကရေစီစနစ်ယဉ်ကျေးမှုကတော့ အလွန်ပင်အရေးကြီးသော ပြဌာန်းချက်တစ်ရပ်ပင်ဖြစ်ပါသည်။
လွတ်လပ်စ စာရေးသူတို့ တိုင်းပြည်တွင် ဤယဉ်ကျေးမှုကတော့ အလွန်ပင်အားနည်းခဲ့ပါသည်။ အာဏာပြိုင်မှုများ၊ မှန်မှန်မှားမှားကိုယ်ထင်ရာ ခုတင်ရွှေနန်းလုပ်မှုများ၊ ညှိနှိုင်းဆောင်ရွက်မှုများမရှိပဲ ငါ့မြင်းငါစိုင်းမှုများ ရှိခဲ့သည်ကတော့ အသေအချာပင်ဖြစ်သည်။
အနှစ်ချုပ်ပါက စစ်တပ်အားထိန်းချုပ်နိုင်မှု လျော့ရဲခဲ့ခြင်းနှင့် ဒီမိုကရေစီယဉ်ကျေးမှုအားနည်းခဲ့ခြင်းသည် လှုပ်ရှားအသက်ဝင်နေသော ဒီမိုကရေစီသမီးပျိုလေး၏ ခြေလှမ်းများကို အဆုံးသတ်စေခဲ့ခြင်း ဖြစ်ပါသည်။ စစ်ဘီလူးအာဏာရှင်များ၏ သိမ်းပိုက်ဖျက်ဆီးခြင်းကို ခံလိုက်ရပါသည်။ ခေါင်းငုံ့ခံနေ၍တော့ နွံ့ထဲသို့နစ်သထက်နစ်ရန်သာရှိပါသည်။ မတရားသိမ်းပိုက်ခံလိုက်ရသော သမီးပျိုတစ်ယောက်သည် အနာဂတ်အရေးရှေးရှုပြီး၊ စိတ်ဆန္ဒမပါသော အိမ်ထောင်ရေးနွံအတွင်းမှ အခွင့်အရေးရသည်နှင့် အားယူရုန်းကန်ထွက်ရမည်ဖြစ်သကဲ့သို့၊ စစ်အာဏာရှင်စနစ်၏ မတရားဖျက်ဆီးခံထားရသော ဒီမိုကရေစီစနစ် သမီးပျိုလေးသည်လဲ ပြန်လည်နိုးထလာဖို့ အချိန်တန်ပါပြီ။ အဆိုပါ ဒီမိုကရေစီသမီးပျိုလေးသည် ကျွန်ုပ်တို့ ပြည်သူလူထုအားလုံး၏ ဘဝကို ကိုယ်စားပြုထားသည်မို့ ပြည်သူအများ စုပေါင်းအားဖြင့် ရုန်းကန် ထိုးထွက်ကြပါစို့ဟု တိုက်တွန်းလိုက်ရပါသည်။
ခင်မမမျိုး