(ဆရာကြီး ဦးဘဂျမ်း (ဆရာကြီးဦးတင်မိုး) ကွယ်လွန်ခြင်း နှစ်နှစ်ပြည့် အောက်မေ့သတိရဖွယ် အစီအစဉ်နေနဲ့ ဆရာကြီး ဆုံးပါးစဉ်က ရေးဖွဲ့ထားခဲ့တဲ့ အမှတ်တရ စာစုလေးကို ပြန်တင်လိုက်ပါတယ်။)
ရိုးသားသောဖန်မီးအိမ်ရှင်၏ထာဝရအလင်း
(၂ဝဝ၄)ခုနှစ်၊ နိုဝင်ဘာလ(၂၇)။ လန်ဒန်မြို့။
ထိုတစ်နေ့ကို စာရေးသူဘဝတွင် မည်သို့မျှ မေ့ပျောက်နိုင်မည် မဟုတ်ပါ။ ကမ္ဘာလောကကြီး၏ လှပသော ထိုတစ်နေ့တွင် ရိုးသားသော ဖန်မီးအိမ်ရှင်ကို စာရေးသူ ဆုံတွေ့ခွင့်၊ ဂါဝရရှေ့ထားပြီး ရှိခိုးကန်တော့ခွင့် ရရှိခဲ့ပါသည်။ အဆိုပါဖန်မီးအိမ်ရှင်ကား ကဗျာဆရာကြီး ဦးဘဂျမ်း(သို့မဟုတ်) ဆရာကြီးဦးတင်မိုး။
လန်ဒန်တွင် ကျင်းပသော အမျိုးသားနေ့ စာပေဟောပြောပွဲသို့ ဆရာကြီး ကြွရောက်ဟောပြောခဲ့ခြင်းဖြစ်ပြီး ဆရာကြီးနှင့် သီးသန့်တွေ့ဆုံခွင့်ရခဲ့သည်မှာ နာရီဝက်ခန့်ပင်ဖြစ်ပါသည်။ သို့ပေမယ့် ဆရာကြီး၏ ရိုးသားမှု၊ ဖြူစင်မှု၊ စိတ်ကောင်းရှိမှုများမှာ သိသာထင်ရှားစွာ ပေါ်လွင်လှပါသည်။ဆရာကြီး မည်မျှတိုင်းချစ်ပြည်ချစ် စာပေချစ်စိတ် ကြီးမားလှသည်ကို ဆရာကြီး၏ ရှင်းလင်းကြည်သန့်သော မျက်ဝန်းအစုံက ဖော်ကျူးနေခဲ့ပါသည်။ ဆရာကြီးစကားများကို နာကြားရင်း၊ အမိမြန်မာပြည်အကြောင်း ပြောနေစဉ်၊ စာရေးသူမှနေ၍ ‘ဖြစ်ချင်သောဘဝဆန္ဒက၊အမိမြန်မာပြည် တက္ကသိုလ်တစ်ခုဆီက ဆရာမအဖြစ်နှင့် ကျောင်းသားများကို စာသင်ပေးရင်း သုတေသနပြုသူ၊ ကျောင်းမှအားလပ်ချိန်များတွင် ကဗျာစာပေရေးသူ၊ ဖြစ်နေသောဘဝက တိုင်းတပါးမှာ နေထိုင်ရင်း အမိမြန်မာပြည်ရဲ့ ဒုတိယလွတ်မြောက်ရေးတိုက်ပွဲတွင် ကျရာနေရာမှ ပါဝင်နေရသူဖြစ်နေကြောင်း၊ တော်လှန်ရေးတွင် တဘက်တလမ်းမှ ဆက်လက်ပါဝင်နေရင်း မြန်မာပြည် လွတ်လပ်သည့်အခါတွင် လိုအပ်လှသော ပညာရှင်ဘဝသို့ ရောက်အောင်လဲ ကျားကုတ်ကျားခဲ ကြိုးစားသွားမည်ဖြစ်ကြောင်း၊ သို့ပေမယ့် အခုနေများ ဒီမိုကရေစီ ချက်ချင်းရလိုက်ရင်ဖြင့် ပန်းဆိုးတန်းမြန်မြန်ပြေးသွားပြီး စာအုပ်အဟောင်းဆိုင်လေးများတွင် ရှားပါးစာအုပ်လေးများ သွားမွှေချင်ကြောင်း။ မွေးရပ်ဇာတိမြေကို ပြန်ပြီး အိမ်အပြန်လမ်း ပီတိစာလေးများ ရေးချင်ကြောင်း” မထင်မှတ်ပဲရင်ဖွင့်မိတော့၊ စာရေးသူလက်ကို အားပါးတရဆုပ်ကိုင်ပြီး ကြိုးစားရန် အားပေးစကား ပြောကြားခဲ့ပါသည်။ လက်ဖျားမှတဆင့် သွေးကြောထဲသို့ စီးဆင်းသွားခဲ့သော ထိုတစ်နေ့က အားမာန်သည် စာရေးသူ၏ တော်လှန်ရေး ခရီးတစ်လျှောက်၊ ဘဝခရီးတစ်လျှောက်အတွက် နောက်မဆုတ်တမ်း စိတ်ဓာတ်ခွန်အားတို့ကို ပေးသွားမည်မှာ သေချာလှပါသည်။ ဆရာကြီးကျေးဇူးကား ကြီးမားလိုက်ပါဘိ။
အမှန်စင်စစ်ဆရာကြီး၏ ကျေးဇူးတရားသည်ကား မြန်မာ့ရေမြေတွင် ကြီးပြင်းလူလားမြောက်ခဲ့ရသော စာရေးသူတို့အားလုံးအတွက် မူကြိုအရွယ်လူမမယ်ကပင် ရှိနေခဲ့ပါသည်။ ဆရာကြီးသည် သင်ဆရာ မဟုတ်ခဲ့သော်လဲ မြင်ဆရာ၊ ကြားဆရာ ဖြစ်ခဲ့သည်ကတော့ သေချာလှပေသည်။ မူကြိုအရွယ်၊ ကကြီးခကွေးဘဝက အသံပြဲကြီးများဖြင့် ရွတ်ဆိုခဲ့ရသည့်
“ကကြီးကကြီး၊ဖိုးကကြီး
တစ်ခါတုန်းက ကသစ်သီး
ဟောဒီလောက်ကြီး။
ခကွေးခကွေးလခြမ်းကွေး
တခါတုန်းကခရုလေး
ဟောဒီလိုကွေး”
အစရှိသည့်ကဗျာလေးများမှာ ဆရာကြီး၏ ‘ပျိုးခင်းတေးသံ’ကဗျာ စာအုပ်ထဲမှပင် မဟုတ်ပါလား။
မူလတန်းအရွယ်ရောက်ပြန်တော့လဲ
‘ဆေးလိပ်လဲတို
နေလဲညိုပြီ
ငါ့ကိုပြန်ပို့ကြပါလေ။’ဟူသော ‘ဧည့်သည်ကြီး’ကဗျာလေးနှင့် ဖန်မီးအိမ်စာအုပ်ထဲမှ ကဗျာလေးများသည် မြန်မာစာပေအား စတင်စိတ်ဝင်စားစေခဲ့သည့် တွန်းအားများပင်ဖြစ်သည်။
အလယ်တန်း၊ အထက်တန်းကျောင်းသားဘဝ။ စာရေးသူမှတ်မိပါသေးသည်။ မတောက်တခေါက် ကဗျာလေးများ၊ စာစုလေးများ စရေးပြီး၊ ရွှေသွေး တေဇ၊ မင်္ဂလာမောင်မယ်တို့မှာ ပါ၍ရရှိသော စာမူခ(၅ဝ)၊ (၁ဝဝ)များကို အကြော်များဝယ်၍ လူတကာကိုလိုက်ကျွေး၊ လိုက်ကြွား လုပ်နေသော ကာလများက သွားလေရာ ပါနေကျဖြစ်သော ‘စိမ်းလန်းသောအိပ်မက်၊ ပန်းဈေးခင်း၊ အမေ့ကျောင်းကဗျာများ၊ ထီးကလေးနဲ့မနီ၊ ပုဂံကျောင်းက ခေါင်းလောင်းသံ အစရှိသော ကဗျာစာအုပ်များ၊ ပိတောက်မှသရဖီသို့ဟူသော စကားပြေကဗျာစာအုပ်’ တို့မှာလဲ ဆရာကြီး၏ လက်ရာများပင်ဖြစ်ပါသည်။
ဘဝခရီးကို ကိုယ့်ဘာသာကိုယ် အမှန်တရားဘက်မှ ရပ်တည်လျှောက်လှမ်းရန် ဆုံးဖြတ်စဉ်ကာလများတွင်လဲ၊ ဆရာကြီး၏
‘ကိုယ့်ဓားကိုယ်ပိုးပြီး
ကိုယ့်ခါးကိုယ်ချိုး
ကိုယ့်အားကိုယ်ကိုး။
ကိုယ့်အလုပ်ကိုယ့်စခန်း
ကိုယ့်အထုပ်ကိုယ်ထမ်း
ကိုယ့်လမ်းကိုယ်လျှောက်
ကိုယ်နှာခေါင်းပေါက်ကိုယ်ရှု
ကိုယ့်ထူကိုယ်ထမှ
အလိုကျလိမ့်မယ်ဗျို့။’
ဟူသော ‘ကိုယ့်အားကိုယ်’ကဗျာတစ်ပုဒ်သည် မည်မျှတန်ဖိုးရှိသည်ကို ခံစားဖူးသူတိုင်း နားလည်နိုင်ပါလိမ့်မည်။
ဤသို့နှယ် လူသားတစ်ယောက်၏ ဘဝအလင်းရောင်နှင့် စိတ်ဓာတ်ခွန်အားများ ပေးတတ်သော ဆရာကြီးသည် လူသားတစ်ဦးချင်း တင်မက လူသားများစွာအတွက်လဲ မီးရှူးတန်ဆောင်ပမာ အလင်းပြခဲ့ပါသေးသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဆောင်ပုဒ်ဖြစ်သော ‘အာဇာနည်မျိုး၊သေရိုးမရှိ’ကို ရေးခဲ့သူ ဆရာကြီးသည် တိုင်းချစ်ပြည်ချစ် ကဗျာဆရာကြီး ဖြစ်သည့်အားလျော်စွာ အမျိုးသားရေးအတွက် အဖိုးမဖြတ်နိုင်လှသော ကဗျာစာပေပေါင်း မြောက်မြားစွာကို ရေးသားခဲ့လေသည်။
ဘဝသစ်ရွက်ကလေးတွေ
တစ်ရွက်ပြီးတစ်ရွက်ကြွေကျ။
ကြွေကျနေတဲ့သစ်ရွက်ကလေးပေါ်မှာ
အတွေးမှတ်တမ်းလေးတွေရေးမိတယ်’
ဟူ၍အစချီထားသော ‘သစ်ရွက်ကြွေလေးပေါ်မှာ ရေးတဲ့မှတ်တမ်းများ’ထဲတွင် ပါရှိသည့်
လူ့သမိုင်း အရိုင်း စိတ်ဝင်လာလျှင် ကြာပွတ်သံ၊ခြေကျင်းသံ ကြားရစမြဲတည်း။နိုင့်ထက်စီးနင်း ပြုကျင့်ခြင်းသည် လူ့ကမ္ဘာ၏ သာယာသောတေးသီချင်းမဟုတ်တုံ။ (အရိုင်းကမ္ဘာမှကြာပွတ်သံ)
အားနည်းသူတွေဟာ ကျောချင်းကပ်၊ရင်ချင်းကပ် ပေါင်းစည်းရမယ်လို့ ကြယ်ကလေးတွေကို ဘယ်သူက သင်ပေးသလဲ။ ရံရွေတာရာမပါရင် လမင်းဘယ်လောက်သာသာ၊ညပြာပြာနဲ့ မတင့်တယ်နိုင်ပေဘူးလို့ ဘယ်သူကသင်ပေးသလဲ။ သူ့အလိုလိုဖြစ်လာတာပါ။ သဘာဝရဲ့သင်ပြချက်ပါ။ (အလိုလိုညီညွတ်ခြင်း)
တက်မညောင်း၊ လက်မညောင်းခင် ပန်းတိုင်မြင်ဘို့လိုသည်။ ရောင်နီပေါ်စ မှုန်ပျပျတွင် မောဟဖိစီးနေ၍ မသင့်တော်ပြီ။ နောက်ကိုချန်မှန်ခဲ့ပြီ။ ရှေ့ကိုလှော်ပျော်ခဲ့ပြီ။ လက်ငင်းလုပ်ဟုတ်ခဲ့ပြီ။ အလုပ်မှန်လျှင် ဧကန်ပန်းတိုင်ရောက်မည်တည်း။ (ပန်းတိုင်ခရီးဆီသို့လှော်ခတ်စို့)
စသော စကားပြေကဗျာလေးများသည် မြန်မာ့တော်လှန်ရေးအတွက် အဖိုးမဖြတ်နိုင်အောင်ပင် တန်ဖိုးကြီးမားလှပေသည်။
ဆရာကြီးသည်ကား လောဘ၊ဒေါသမောဟများ ပေါများရာ၊ လူယုတ်မာများ တစတစများပြားလာရာ ဤကမ္ဘာလောကကြီးတွင် အလွန်ပင်ရှားပါးလှသော ရိုးသားဖြူစင် စိတ်ကောင်းရှိသူ တစ်ဦးဖြစ်ပါသည်။ဘဝတလျှောက်ကာလများတွင် ကိုယ်ကျင့်တရားတည်ကြည်စွာ၊ မှန်ကန်ဖြောင့်မတ်စွာ လျှောက်လှမ်းသူများကိုသာ လူ့ဂုဏ်သိက္ခာရှိသူများအဖြစ် သတ်မှတ်နိုင်ပါသည်။လူ့ဂုဏ်သိက္ခာ ဆိုသည်မှာ တိုက်၊ ကား၊ စိန်ရွှေရတနာများကို ခေါ်သည်မှ မဟုတ်သည်ပဲကိုး။ ဤသည်ကို နားမလည်ပဲ ရွှေသမင် အလိုက်မှားသူများမှာ ဂုဏ်သိက္ခာနှင့် ကျက်သရေကင်းမဲ့သူများ အဖြစ်သာ လူတို့၏ သတ်မှတ်ခြင်း ခံကြရပါသည်။
ဆရာကြီးကား ဘဝတလျှောက် လူ့ဂုဏ်သိက္ခာရှိစွာ နေထိုင်ရင်း လူအများကြည်ညို လေးစားခံခဲ့ရသည့်၊ စာပေအနုပညာ၊ အမျိုး၊ ဘာသာ၊ သာသနာကို ထိန်းသိမ်းသူ ပုဂ္ဂိုလ်မြတ်ကြီးပင် ဖြစ်ပေသည်။
ဆရာကြီးအား (၁၉၃၃)ခု၊ နိုဝင်ဘာ(၁၉)တွင် မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ ကန်မြဲရွာတွင် မွေးဖွားခဲ့ပါသည်။ အထက်တန်းကျောင်းသားဘဝမှ စတင်ကာ ကန်မြဲရွာလူငယ် စာကြည့်တိုက် တည်ထောင်သူ၊ ရေစကြို ကျောင်းသားသမဂ္ဂ အတွင်းရေးမှူး၊ ရေစကြိုကလောင်ရှင်အသင်း တည်ထောင်သူနှင့် အတွင်းရေးမှူး စသည်ဖြင့် စာပေတာဝန်များ ထမ်းဆောင်ခဲ့ပါသည်။ (၁၉၅ဝ) သီတင်းကျွတ်အထူးထုတ် မန္တလေးဗဟိုရ်စည် သတင်းစာတွင် ဝါကျွတ်သဘင်ကဗျာကို ကန်မြဲသက်နှင်း အမည်ဖြင့်ရေးဖွဲ့ပြီး စာပေလောကသို့ စတင်ဝင်ရောက်လာခဲ့သည်။ (၁၉၅၁)တွင် ကန်မြဲနန်းမြင့်နွယ် အမည်ဖြင့် အထက်ဗမာနိုင်ငံ စာရေးဆရာအသင်း၏ စာဆိုတော်မဂ္ဂဇင်းတွင် လယ်ထဲက တေးသံချိုကဗျာအား ရေးသားခဲ့သည်။ (၁၉၅၅၊၁၉၅၈)ကာလတွင် ကိုရင်ဂျမ်း၊ စန်းရောင် အမည်များဖြင့် ကဗျာများရေးသားခဲ့ပြီး၊ (၁၉၅၈) ဖေဖော်ဝါရီလမှစ၍ တင်မိုးဟူသော ကလောင်အမည်ကို စတင်ခံယူခဲ့ပါသည်။ (၁၉၅ရ)မှ(၁၉၅၈)အထိ မန္တလေးပွဲကုန်းကျောင်း၊ (၁၉၅၈)မှ(၁၉၅၉)အထိ မန္တလေးရွှေမန်းတက္ကသိုလ်ကျောင်း၊ (၁၉၆၁)မှ(၁၉၆၂)အထိ ဗီအီးအေ အလွတ်ပညာသင်ကျောင်းနှင့် (၁၉၆၂)မှ(၁၉၆၇)အထိ မန္တလေးနေပြည်တော် အထက်တန်းကျောင်းတို့တွင် မြန်မာစာပို့ချခဲ့သည်။
(၁၉၅၉)တွင် ဆရာကြီး၏ ပထမဆုံးသော ကဗျာစာအုပ်ဖြစ်သည့် ဖန်မီးအိမ်ကဗျာစာအုပ်ဖြင့် စာပေဗိမာန်ဆုရရှိခဲ့သည်။ စာပေဗိမာန်၏ ပထမဆုံးကဗျာဆုရ စာအုပ်ဖြစ်ပြီး အလွန်ပင်ကျော်ကြားခဲ့သည်။ စာပေများရေးသားရင်း၊ မန္တလေးတက္ကသိုလ် ကလောင်ရှင်အသင်း ဒုဥက္ကဌတာဝန်အား (၁၉၅၇)မှ(၁၉၅၉) အထိလည်းကောင်း၊ ဥက္ကဌတာဝန်အား ၁၉၆ဝတွင် လည်းကောင်း၊ အထက်ဗမာနိုင်ငံ စာရေးဆရာအသင်း အမှုဆောင်တာဝန်အား (၁၉၆၃)မှ(၁၉၆၉) အထိလည်းကောင်း၊ မန္တလေးလူထုသတင်းစာ၏ ကဗျာအယ်ဒီတာတာဝန်အား (၁၉၆၆)မှ(၁၉၆၇) အထိလည်းကောင်း၊ တက္ကသိုလ် ဘာသာပြန်ဌာန စာပြုနှင့် လက်ထောက်အယ်ဒီတာ တာဝန်အား (၁၉၆၇)မှ(၁၉၆၈) အထိလည်းကောင်း၊ အခြေခံပညာ သင်ရိုးညွှန်းတမ်း အဖွဲ့ဝင် တာဝန်အား (၁၉၈ဝ)မှ(၁၉၈၄)အထိ လည်းကောင်း ထမ်းဆောင်ခဲ့သည်။
(၁၉၇ဝ)တွင် ထီးကလေးနဲ့မနီ ကဗျာစာအုပ်ဖြင့် အမျိုးသားစာပေဆုရရှိခဲ့ပြီး၊ (၁၉၉၁)မှ(၁၉၉၅)အထိ ပေဖူးလွှာမဂ္ဂဇင်း အယ်ဒီတာချုပ် တာဝန်ယူစဉ် စစ်အစိုးရ၏ ဖမ်းဆီးမှုခံခဲ့ရပြီး ထောင်ဒဏ်(၄)နှစ် ချမှတ်ခံခဲ့ရသည်။ ဆရာကြီးမတရားဖမ်းဆီး ထောင်ချခံနေရစဉ် ကာလကဖြစ်ပါသည်။အလယ်တန်း ကျောင်းသူဘဝ မြန်မာစာသင်ယူနေရစဉ် စာရေးသူတို့ မြန်မာစာဆရာမသည် မြန်မာကဗျာအား သင်ကြားပို့ချရင်း၊ ဆရာကြီး၏ ကဗျာများ အကြောင်း ပြောပြရင်း၊ ‘အခုတော့၊အခုတော့’ဆိုကာ မျက်နှာနီလာပြီး အတန်းကို ခဏခွင့်ပန်ကာ အလျင်စလို ထွက်သွားခဲ့ပါသည်။ ဆရာမတစ်ခုခုကို စိတ်ဆိုးသွားသည် အထင်နှင့် အတန်းနောက်တွင် ပုံခိုးဆွဲနေသူများ၊ အိပ်ငိုက်နေသူများ၊မုန့်ခိုးစားနေသူများ လန့်ထိတ်သွားကာ တစ်တန်းလုံး ငြိမ်သက်သွားသော်လဲ ရှေ့ဆုံးတန်းမှ ဆရာမနှင့် အနီးဆုံးနေရာတွင် ထိုင်ပြီး ဆရာမစကားပြောဟန်၊ သင်ကြားဟန်များကို စက္ကန့်မလပ် ထိုင်ကြည့်နေသူ၊ စာရေးသူအဖို့တော့ မျက်ရည်ဝဲသွားသော မျက်ဝန်းအစုံနှင့်၊ အံကြိတ်ထိန်းသိမ်းလိုက်သော နာကျည်းမှု မျက်နှာတို့ကို အမှတ်မထင် တွေ့မြင်လိုက်ရပါသည်။ ထိုစဉ်ကတော့ မတရားသော အာဏာရှင်စနစ်၏ ဖိနှိပ်ထိန်းသိမ်းမှုကို ခံထားရသော ဆရာကြီးအား ကြည်ညိုလေးစားသူ မြန်မာစာပြ ကျောင်းဆရာမ တစ်ယောက်၏ ပြောမထွက်ခဲ့သော ရင်ထဲမှစကားသံများကို စာရေးသူ နားလည်နိုင်စွမ်း မရှိခဲ့သေးပါ။
ဤသို့ လူအများ၏ လေးစားခြင်းကို ခံခဲ့ရသော ဆရာကြီးကား လူ့လောကအတွင်းမှ မထင်မှတ်ပဲ ရုတ်တရက် ထွက်ခွာသွားလေပြီ။ ပြည်ပတွင်ကား စာရေးသူတို့၏ ရင်ထဲမှကြေကွဲမှုများကို ကဗျာ၊ဆောင်းပါး၊ အမှတ်တရစကား အသွင်သဏ္ဍာန်အမျိုးမျိုးဖြင့် ဖော်ထုတ်ခွင့်ရကြပါသည်။ ပြည်တွင်းတွင်လဲ ဆရာမကဲ့သို့သော ရင်ထဲမှ ကြိတ်ငိုကြွေးနေကြမည့် ပြည်သူအများ ထောင်သောင်းများစွာ ရှိနေကြမည်မလွဲပါ။ ဆရာကြီး မီးထွန်းခဲ့သော ဖန်မီးအိမ်သည် ထာဝရ လင်းလက်နေမည်သာ ဖြစ်ပါသည်။ ဆရာကြီးအား လွမ်းဆွတ် သတိရသည်ဆိုလျှင် ဆရာကြီးပြောကြားခဲ့သော စကားများကို မှတ်သားကျင့်ကြံပြီး၊ ဆရာကြီးရေးခဲ့သော၊ ကဗျာစာပေများ၏ အနှစ်သာရများကို ဖော်ထုတ်ကာ၊ ဆရာကြီးဖြစ်ချင်ခဲ့သော ဆန္ဒများ အကောင်အထည် ပေါ်လာစေရန် ဆက်လက်ကြိုးစား နေကြရမည်ပင် ဖြစ်ပေသည်။
နိဂုံးချုပ်အနေဖြင့်၊ မြန်မာ့နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး ပညာရှင်များအား စစ်အစိုးရမှ နည်း မျိုးစုံဖြင့် ဆွဲဆောင်သိမ်းသွင်းနေသော ယခုအချိန်ကာလ အခြေအနေမျိုးတွင် ပညာရှင်များနှင့် ပတ်သက်၍ ဆရာကြီးပြောကြားခဲ့သော စကားစုလေးအား၊ ဧရာဝတီမဂ္ဂဇင်း၌ ကိုစိုးရေးသားသည့် ‘ကဗျာဆရာကြီး ဦးတင်မိုးနှင့် တွေ့ဆုံခြင်း’ အင်တာဗျူးဆောင်းပါးမှ ကောက်နှုတ်ဖော်ပြလိုပါသည်။
“ပညာရှင်ဆိုတာကတော့ များသောအားဖြင့် ပညာနဲ့မွေ့လျော်တတ်တဲ့ ပုဂ္ဂိုလ်တွေပါ။ ပညာနဲ့ မွေ့လျော်တယ်ဆိုတာ သန့်ရှင်းပါတယ်။ သန့်သန့်ရှင်းရှင်း ဖြစ်တာ များပါတယ်။ တကယ်လို့ အုပ်စိုးတဲ့ အာဏာပိုင်တွေကို မျက်နှာလိုအားရ မလုပ်ဘူးဆိုရင်၊ အခွင့်အရေး မမျှော်လင့်ဘူးဆိုရင် ပညာရှင်တွေဆိုတာ သန့်ရှင်းပါတယ်။ အဲဒီလို အာဏာပိုင်တွေဆီကနေ ဆုတော်လာဘ်တော် မျှော်လင့်တာမျိုးတို့လို စိတ်ဓာတ်ရှိရင်တော့ ပညာရှင်ရဲ့ အခန်းကဏ္ဍဟာ မှေးမှိန်သွားတာပါပဲ။ အထူးသဖြင့် အာဏာပိုင်တွေနဲ့ ပတ်သက်လာရင် ပညာရှင်တွေဟာ သတ္တိရှိဖို့လိုပါတယ်။ ကိုယ့်ပညာအပေါ်မှာပဲ ယုံကြည်သင့်တယ်။ ကိုယ့်ကိုချီးမြှင့်တဲ့ ဆုလာဘ်တွေအပေါ်မှာ အာရုံမညွတ်သင့်ဘူးလို့ ထင်တယ်” ဟူသတည်း။
ခင်မမမျိုး (ဇန်န၀ါရီလ၊ ၂၀၀၇)
(ဆရာကြီးဦးဘဂျမ်း(ဆရာကြီးတင်မိုး)အား ဤစာစုလေးဖြင့် ကန်တော့ပါသည်။ ဆရာကြီးကောင်းရာ သုဂတိ လားပါစေ)