ဘလော့ လိပ်စာသစ်သို့ ပြောင်းရွှေ့ခြင်း

(၂၀၀၇) ခုနှစ်မှစ၍ ဘလော့စာမျက်နှာအား ဖွင့်လှစ်ခဲ့ရာ ဖတ်ရှုအားပေးကြသော စာဖတ်ပရိသတ်အပေါင်းအား အထူးပင် ကျေးဇူးတင်ရှိပါသည်။

ယခုအခါတွင် ဘလော့ကို ဖွင့်ရန် အချိန်ကြာမြင့်မှုများ ရှိနေကြောင်း၊ စာဖတ်သူအချို့မှ အကြောင်းကြားလာပါသဖြင့် www.khinmamamyo.info တွင် စာမျက်နှာသစ်ကို ဖွင့်လှစ်ထားပါသည်။

စာမျက်နှာသစ်တွင် အချို့သော စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ဆောင်ပါးများနှင့် ရသစာစုများ (နှစ်ရာကျော်ခန့်)ကိုလည်း ကဏ္ဍများခွဲ၍ ပြန်လည်ဖော်ပြထားပါသည်။


ယခုဘလော့စာမျက်နှာကို ဆက်လက်ထားရှိထားမည်ဖြစ်သော်လည်း ယနေ့မှစ၍ ပို့စ်အသစ်များ ထပ်မံ တင်တော့မည် မဟုတ်ပါကြောင်းနှင့် ပို့စ်အသစ်များကို စာမျက်နှာသစ်တွင်သာ တင်တော့မည်ဖြစ်ပါကြောင်း လေးစားစွာ အသိပေး အကြောင်းကြားပါသည်။


စာမျက်နှာသစ်သို့ အလည်လာရောက်ပါရန်ကိုလဲ လှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါသည်။


လေးစားစွာဖြင့်



ခင်မမမျိုး (၁၇၊ ၁၀၊ ၂၀၁၁)

www.khinmamamyo.info

မြတ်ဆရာ (အပိုင်း-၁)

Thursday, January 22, 2009


မြတ်ဆရာ (အပိုင်း- )



ဆရာတယောက်ရဲ့ ပုံရိပ်ဆိုတာ တပည့်တယောက်ရဲ့ နှလုံးသားမှာ မေ့ပျောက်မသွားနိုင်အောင် အမြဲစွဲထင် ကျန်ရစ်နေတတ်တယ်” တဲ့။


ဘယ်သူဆိုခဲ့တဲ့ စကားလဲတော့ မမှတ်မိတော့ပါ။ ၀တ္ထုတိုပေါင်းချုပ် စာအုပ်လေး တခုမှာ ဖတ်ခဲ့ဖူးတာ ဆိုတာကိုတော့ သတိရနေမိတယ်။


ဘ၀မှာ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာတွေ အများကြီး ရှိခဲ့ဖူးပါတယ်။ ဟိုး- လွန်ခဲ့တဲ့ နှစ်ဆယ့်ခြောက်နှစ်ကာလက ၀လုံးအစချီတဲ့ စာလေးတွေကိုသာ ဆရာမကြီးတွေဆီက သင်ယူခွင့် မရခဲ့ဖူးဆိုရင် ဘလော့ပေါ်မှာ အခုရေးတင်နေတဲ့ ပို့စ့်လေးတွေဟာ ပေါ်ပေါက်လာခဲ့မှာ မဟုတ်ဘူးဆိုတာ တွေးမိလိုက်တဲ့အခါတိုင်း၊ ဆရာမကြီး ဒေါ်ကြီး ဒေါ်ငယ်ကို သွားသတိရမိပါတယ်။ ကျွန်မသုံးနှစ်အရွယ်မှာ မူကြိုစတက်တော့ တောင်ကြီးက ဒေါ်ကြီး၊ ဒေါ်ငယ် မူကြိုမှာ တက်ပါတယ်။ ငယ်ဘ၀ကို မမှတ်မိတော့ပေမယ့် အရွယ်ရောက်ချိန်မှာ ဆရာမကြီးတို့ထံကို အလည်အပတ် သွားရောက်ခဲ့တာကိုတော့ မှတ်မိပါသေးတယ်။ မှတ်မှတ်ရရ ဆယ်တန်းအောင်ပြီးစကာပါ။ ပညာရေးရဲ့ အဆင့်တဆင့်ကို ဖြတ်ကျော်ပြီးသွားချိန်မှာ ဆရာမကြီးတို့ရဲ့ ဂုဏ်ကျေးဇူးကို အောက်မေ့ပြီး၊ သွားကန်တော့ဖြစ်ပါတယ်။ ဆရာမကြီး ဒေါ်ငယ်နဲ့ပဲ တွေ့ရပါတယ်။ ဆရာမကြီး ဒေါ်ကြီးကတော့ ဆုံးသွားပြီလို့ သိရတယ်။ အခုတော့ ဒေါ်ငယ်လဲ ဆုံးသွားပြီ ကြားရတယ်။ ဆရာမကြီးတို့က မူကြိုကျောင်းလေးတင်မက မိဘမဲ့ကလေးငယ်လေးတွေကို ပြုစုပျိုးထောင်ပေးပါတယ်။ တောင်ကြီးမှာ ဆရာမကြီးတို့ရဲ့ တပည့်ဟောင်းလေးတွေ လက်ညှိုးထိုးမလွဲ များပြားလှပါတယ်။ မိဘမဲ့ကလေးငယ် အများအပြားလဲ ဆရာမကြီးတို့လက်ထဲမှာ လူလားမြောက်ခဲ့ပါတယ်။


ဆရာမကြီးတို့က ခရစ်ယာန်ဘာသာဝင်တွေပါ။ စန္ဒယားတီးတာလဲ သိပ်တော်တာပဲတဲ့။ အိမ်က ပြောတာတော့ ငယ်ငယ်တုန်းကဆို ကျွန်မက ကျောင်းသွားရတာကို သိပ်စိတ်ဆိုးဆိုပဲ။ ဒါကြောင့် ကျောင်းရောက်ရင် ဆရာမကြီးတို့က ချီသွားပြီး၊ ဆရာမကြီး ဒေါ်ပန်းရွှေရဲ့ ပေါင်ပေါ်မှာ တင်ပြီး စန္ဒယားတီးပြရတယ် ပြောတယ်။ ကျွန်မကတော့ မမှတ်မိတော့ပါဘူး။ ဒါပေမယ့် စန္ဒယားနဲ့နီးတဲ့ ၀န်းကျင်မှာ ကြီးပြင်းခဲ့တာမဟုတ်ပဲ၊ စန္ဒယားသံကို အတော်ခုံမင် စွဲလမ်းနေတာကတော့ အဲဒီတုန်းက မျိုးစေ့ကြောင့်ပဲ ထင်ပါတယ်။ ဆယ်တန်းပြီးတုန်းက မေမေ့ဆီခွင့်ပန်ပြီး စန္ဒယားအတီးသင်ခဲ့သေးတယ်။ ကျွန်မလက်ချောင်းလေးတွေက ပုတိုတိုလေးတွေမို့လို့ သိပ်မကိုက်ညီတာနဲ့ သင်တာရပ်လိုက်ရတယ်။ ဒါပေမယ့် ရှေးဟောင်းဂီတ စန္ဒယားသံတွေကို ခုံမင်နေဆဲပဲ။ တခါက ကျွန်မသူငယ်ချင်းတယောက်က ဘာစီဒီခွေတွေရှိလဲဆိုပြီး အိမ်က စီဒီတွေကို စပ်စပ်စုစုကြည့်တယ်။ ပြီးတော့ သူ့မှတ်ချက်က “ငါပေါင်းနေတာ လူငယ်တယောက်နဲ့လား၊ အဖွားကြီးပေါက်စ တယောက်နဲ့လားဆိုတာ မသိတော့ဘူး” တဲ့။ ကျွန်မကလဲ ကျွန်မပါပဲလေ။ ကျွန်မ၀ယ်ပြီး သိမ်းထားတဲ့ စီဒီလေးတွေက Mozart, Beethoven, Tchaikovsky တို့တွေရဲ့ စန္ဒယားသံစဉ်လေးတွေ ဖြစ်နေတာကိုး။ ဘာပဲပြောပြော ကျွန်မရဲ့ အတွင်းစိတ်ထဲမှာ ဂီတ၀ိညာဉ်လေး ရှင်သန်လာအောင် မျိုးစေ့ချပေးခဲ့တဲ့ ဆရာမကြီးတို့ကို အမြဲတမ်း ကျေးဇူးတင်နေမှာပါပဲ။ ဂီတဆိုတာ လူတယောက်ရဲ့ စိတ်တွေကို အေးချမ်းစေပါတယ်။


ဆရာမကြီးတို့နဲ့ ပတ်သက်ပြီး နောက်တခု မှတ်မှတ်ထင်ထင်ဖြစ်နေတာကတော့ မိဘမဲ့ ကလေးလေးတွေ ကိစ္စပါ။ ဆရာမကြီး ဒေါ်မြတ်ရွှေနဲ့တွေ့တုန်းက မိဘမဲ့ကလေးတွေရဲ့ ဘ၀လေးတွေ၊ သူတို့ရဲ့ စိတ်ခံစားမှုလေးတွေ၊ လိုအပ်ချက်လေးတွေကို သေချာရှင်းပြပါတယ်။ လူအား၊ ငွေအား တဘက်တလမ်းကနေ မိဘမဲ့ကလေးလေးတွေ အမိုးအကာအောက်မှာ နေထိုင်ရရေး၊ ပညာသင်ကြားခွင့်ရရေး ကြိုးပမ်းတာဟာ လူ့လောကကြီးကို ဘယ်လောက်အလှဆင်ပေးနိုင်လဲ ဆိုတာလေးတွေကို ကြင်နာမှုရှိတဲ့ မျက်နှာပေါ်မှာ နူးညံ့တဲ့ အပြုံးလေး ဆင်မြန်းပြီး ပြောပြခဲ့တယ်။ တချိန်ဘ၀မှာ အောင်မြင်ရင် မိဘမဲ့ကလေးတွေရဲ့ အကျိုးအတွက် တဘက်တလမ်းကနေ လုပ်ပါလို့လဲ ပြောတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ။ ဟိုလွန်ခဲ့တဲ့ ရှစ်နှစ်လောက်တုန်းက တောင်ပေါ်ဘုရားလေးမှာ ချစ်သူနဲ့ အနာဂတ်ဘ၀လေးတွေအကြောင်း ပြောကြစဉ်တုန်းကလဲ သူကပြောဖူးတယ်။ နှစ်ကိုယ်တူဘ၀ တည်ဆောက်ပြီးတဲ့အခါ ငွေအနည်းအကျဉ်းလေးစုပြီး၊ တောင်ကြီး ဘုရားဖြူဘက်မှာ ခြံဝိုင်းလေးတခု ၀ယ်ထားရအောင်တဲ့။ ဘာလုပ်ဖို့လဲမေးတော့ အသက်တွေကြီးလာလို့ မိသားစုတာဝန်တွေ မရှိတော့တဲ့အခါ မိဘမဲ့ကလေးလေးတွေကို မွေးစားပြီး ပြုစုစောင့်ရှောက်ဖို့တဲ့။ အခုလက်ရှိမှာ ကျတော့ တတ်နိုင်တဲ့ ငွေအားလေးတွေနဲ့ သူများတွေလုပ်တာမှာ အနည်းအကျဉ်း ပါဝင်နိုင်နေပေမယ့်၊ လူအားတော့ စိုက်မထုတ်နိုင်သေးဘူး။ ဘ၀ရဲ့ ဆန္ဒလေးတွေထဲမှာတော့ တခုအပါအ၀င်ပေါ့လေ။ တချိန်ချိန်မှာတော့ မိဘမဲ့ဂေဟာ သေးသေးလေးတခုလောက် လုပ်ချင်ပါသေးတယ်။


ဘယ်လိုပဲဖြစ်ဖြစ် ဆရာမကြီး ဒေါ်ကြီးဒေါ်ငယ်ကျောင်းက ဆရာမကြီးတို့ရဲ့ ပုံရိပ်လေးတွေဟာ ကျွန်မနှလုံးသားမှာတော့ ထင်ကျန်ရစ်နေဆဲပါပဲ။ လူဖြစ်ရတဲ့ ခဏတာ ဘ၀မှာ လူပေါင်းများစွာကို ကြင်နာမှုအရိပ်တွေ ပေးသွားခဲ့တဲ့ ဆရာမကြီးတို့ရဲ့ မေတ္တာ၊ စေတနာတွေကို ဆရာမကြီးတို့ သင်ပေးခဲ့လို့ တတ်မြောက်ခဲ့ရတဲ့ ကကြီး၊ ခခွေး စကားလုံးလေးတွေကို အသုံးပြုပြီး ဒီပို့စ်လေးနဲ့ မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါတယ်။


ခင်မမမျိုး (၂၂၊ ၁၊ ၂၀၀၉)

  © Blogger templates Newspaper II by Ourblogtemplates.com 2008

Back to TOP