ကုလားထိုင်
အခုတလော ငယ်ငယ်တုန်းက ကုလားထိုင်နဲ့ပတ်သက်ပြီး ဖြစ်ခဲ့ဖူးတဲ့ အဖြစ်အပျက်လေးကို သွားသတိရနေမိတတ်တယ်။ အဖြစ်က ဒီလိုပါ။
ကျွန်မတို့အိမ်မှာ ကြီးမားခန့်ထည်လှတဲ့ လှုပ်ကုလားထိုင်ကြီး တခုရှိတယ်ရှင့်။ ကျွန်းသားနဲ့ လုပ်ထားတာမို့ လှပ၀င့်ထည်လိုက်တာလဲ မပြောပါနဲ့တော့။ အဲဒီကုလားထိုင်ကြီးမှာ ထိုင်လေ့ရှိတာကတော့ အိမ်ရဲ့အကြီးအကဲ ကျွန်မအဖိုးပါ။ အဲဒီကုလားထိုင်ကြီးပေါ်ထိုင်နေတဲ့ ဖိုးဖိုးကို မြင်ရတာလဲ ခန့်ခန့်ထည်ထည်ကြီး။ ဒါနဲ့ ကျွန်မလဲ ထိုင်ကြည့်ချင်စိတ် ပေါက်လာတယ်။ ကလေးဆိုတော့ တိုက်ရိုက်တော့ ဘယ်ပြောပါ့မလဲ။
အဲ- တနေ့တော့ ကျွန်မစိတ်ထဲ တိတ်တိတ်လေးပေါ်နေတဲ့ အတွေးကို အကောင်အထည်ဖော်ဖို့ ဖြစ်လာတယ်။ အိမ်နားက ကျွန်မသူငယ်ချင်းကို အိမ်ခေါ်ကစားနေတုန်း ဖိုးဖိုးက အပြင်ထွက်သွားပါလေရော။ အဖော်လဲကောင်းတာမို့ ဖိုးဖိုးမရှိတုန်း ကုလားထိုင်ကြီးပေါ် တက်ထိုင်မယ်ပေါ့။ လမ်းလျှောက်ထွက်ရင်း ကျွန်မတို့အတွက် ပေါက်စီလဲ ၀ယ်ခဲ့မယ်ဆိုတော့ ဖိုးဖိုးက အပြင်မှာ အနည်းဆုံး တနာရီလောက်တော့ ကြာမှာပဲလို့ တွက်လိုက်မိတယ်။
အဲလိုနဲ့ ထိုင်ခါနီးတော့ သူငယ်ချင်းက ပြောတယ်။ သူ့ကို အရင်ပေးထိုင်တဲ့။ သူက ဆယ်မိနစ်ပဲ ထိုင်မယ်တဲ့။ ထိုင်ကြည့်ချင်လို့ပါတဲ့။ ကုလားထိုင်သဘောသဘာဝကို မသိသေးတော့ ကျွန်မကလဲ ပေးထိုင်တာပေါ့။ အမယ်လေး- လှုပ်ကုလားထိုင်ကြီးဆိုတော့ လှုပ်တောင်လှုပ်ပေးလိုက်သေးတယ်။ ပိုဇိမ်ကျအောင်လို့။
ဒါပေမယ့် အဲဒီတော့မှ ခက်တော့တာပဲရှင့်။ ဆယ်မိနစ်လောက်ကြာလို့ သူ့ကိုဆင်းဖို့ပြောတော့ သူကပြောတယ်။ နင်က အမြဲထိုင်လို့ရတာပဲ။ ငါက ခဏလေးထိုင်ရတာတဲ့။ ဘယ်လိုပြောပြောကလဲမရ။ အဲဒါနဲ့ ကျွန်မတို့ နှစ်ယောက် ရန်ဖြစ်ငြင်းခုံကြပါလေရော။ သူကပြောတယ်။ “နင်နဲ့ တသက်လုံးတူတူ မကစားတော့ဘူးတဲ့”။ ကျွန်မကလဲပြောတယ်။ “ဆယ်မိနစ်ပဲ ထိုင်မယ်ဆိုပြီး သဘောတူပြီးမှ ကတိမတည်တဲ့ နင့်လိုလူမျိုးကို သူငယ်ချင်းမတော်ဘူး။ ခြံရိပ်တောင် လာမနင်းနဲ့”လို့။ ဒီတုန်းက ကလေးတွေဆိုတော့ အပြောအဆိုကလဲ မတတ်ကြဘူးလေနော်။ စိတ်ထားတွေကလဲ မရင့်ကျက်သေးဘူး။ အရွယ်ရောက်လာတော့ အဲလိုတွေမဖြစ်အောင် တတ်နိုင်သမျှ သတိထားရတော့တယ်။ တော်ကြာသူများတွေက သူငယ်နာမစင်သေးဘူးတို့၊ သူငယ်ပြန်နေပြီလား မသိဘူးတို့ ထင်ကုန်ကြမှာစိုးလို့။ ဒီလိုနဲ့ ကုလားထိုင်တလုံးမှာ ခဏထိုင်ရဖို့အရေး အကြောင်းပြုပြီး ကျွန်မတို့ သူငယ်ချင်း နှစ်ယောက်ကွဲပါလေရော။
ဖိုးဖိုးပြန်ရောက်လာတော့ အာပြဲနဲ့ ငိုနေတဲ့ ကျွန်မကို တော်တော်ချော့လိုက်ရတယ်ရှင့်။ ကျွန်မစိတ်ဆိုးနေရင် ဖိုးဖိုးကလွဲလို့ ဘယ်သူမှ အနားကပ်ရဲတာ မဟုတ်ဘူး။ ဖိုးဖိုးကိုကျတော့ အကပ်ခံတယ်။ ဒီလိုနဲ့ ဖိုးဖိုးရဲ့ အစွမ်းအစရယ်၊ ပေါက်စီတွေရဲ့ ဆွဲဆောင်အားတွေရယ်ကြောင့် (ဆက်ပြီး မူနေရင် ပေါက်စီတွေ အေးသွားမှာစိုးလို့) ကျွန်မတယောက် အငိုတိတ်ပါတော့တယ်။
အငိုတွေတိတ်ပြီး နောက်နှစ်ရက်လောက်နေတော့ ဖိုးဖိုးက သူ့ကုလားထိုင်ကြီးပေါ်မှာ ကျွန်မကိုတင်ထားပြီး၊ လှုပ်ပေးရင်းစကားတွေ အများကြီးပြောတယ်။
“ဒီကုလားထိုင်မှာက အိမ်ရဲ့အကြီးအကဲတွေ ထိုင်ကြတာ မြေးလေးရဲ့။ ဟော- အခု၊ ငါ့မြေးထိုင်နေပြီ။ အဲလိုထိုင်လိုက်တာနဲ့ မြေးလေးက အိမ်ရဲ့အကြီးအကဲ တကယ်ပဲ ဖြစ်သွားလား။ အိမ်မှာရှိတဲ့ လူတွေကကော အိမ်ရဲ့အကြီးအကဲပါလို့ မြေးလေးကို အသိအမှတ်ပြုသလားတဲ့။
“ဘယ်ဖြစ်မှာလဲ ဖိုးဖိုးရဲ့။ သမီးက ကလေးပဲ” လို့ပြန်ပြောတော့
“ကလေးဆိုတာထက် မြေးလေးမှာ ဒီကုလားထိုင်မှာ ထိုင်ပြီး၊ သူတို့ကို သြဇာပေးနိုင်မယ့် အရည်အချင်း မရှိသေးတာက ပိုအရေးကြီးတယ်။ မြေးလေးဘ၀တလျှောက်မှာ ကုလားထိုင်ပေါင်းများစွာကို တွေ့ရလိမ့်မယ်။ အဲဒီအခါကျရင် ပိုင်ရှင်မရှိတုန်း ခိုးကြောင်ခိုးဝှက် ထိုင်ဖို့စိတ်ကူးတာထက်၊ ကုလားထိုင်တလုံးကို မထိုင်ခင် ထိုင်ဖို့အရည်အချင်း ကိုယ့်မှာရှိပြီလား၊ ကိုယ်နဲ့တန်ပြီလားဆိုတာ အရင်တွေး။ ကိုယ့်မှာအဲလို အရည်အချင်းရှိတယ်ထင်ရင်၊ ဒီကုလားထိုင်နဲ့ တန်တယ်ထင်ရင်လဲ အဲဒီကုလားထိုင်ကို ထိုင်လို့မရရအောင် ကြိုးစားလုပ်။ တကယ်အရည်အချင်းရှိတဲ့လူကို ဘယ်သူကမှ ဆွဲမချဘူး။ အခုဟိုနေ့က မြေးလေးတို့ ဖြစ်သွားတာကြည့်စမ်း။ ပိုင်ရှင်က အဝေးရောက်နေတုန်းမှာ သူ့ကုလားထိုင်ကိုလဲ ကိုယ်နဲ့မဆိုင်ပဲထိုင်ဖို့ လုပ်ကြသေးတယ်။ သူထိုင်မယ်၊ ငါထိုင်မယ်နဲ့လဲ ငြင်းကြ၊ ရန်ဖြစ်ကြသေးတယ်။ အဲဒါမျိုးဟာ အရည်အချင်းရှိတဲ့လူတွေရဲ့ အလုပ်မဟုတ်ဘူး။ ဒီကုလားထိုင်မှာ ထိုင်ချင်ရင် ဒီကုလားထိုင်နဲ့ တန်အောင်၊ မြေးလေးထိုင်တာကို အိမ်ကလူတွေက လက်ခံလာနိုင်အောင် အရင်ကြိုးစားရမယ်မြေးလေး။ မဟုတ်ရင် ပလ္လင်ပေါ်မျောက်တက်သလိုပဲ လူတွေထင်တာ ခံရလိမ့်မယ်”တဲ့။
ဖိုးဖိုးစကားတွေဟာ ကလေးတယောက်အတွက် အရမ်းမြင့်တဲ့ စကားလုံးလေးတွေ ဖြစ်မှာပါပဲ။ ဒါပေမယ့် ကျွန်မက ဖိုးဖိုးလက်ပေါ်မှာ ကြီးပြီး၊ ဖိုးဖိုးစကားလုံးတွေကို စိတ်ထဲစွဲနေအောင် လိုက်မှတ်နေ တတ်တာကြောင့် တချို့စကားတွေကို အလွတ်ရ မှတ်မိနေတတ်ပါတယ်။ မမှတ်မိမှတ်မိအောင်လဲ တချို့စကားတွေကို ချရေးပြီး အလွတ်ပြန်ကျက်ထားတတ်တယ်။ ဖိုးဖိုးစကားတွေဟာ ကျွန်မရဲ့ လူမှုရေး၊ စီးပွားရေး၊ ပညာရေး အရာများစွာမှာ အကျိုးရှိခဲ့တာချည်းပဲ။ ဖိုးဖိုးဟာ ကျွန်မအတွက်တော့ ကောင်းကင်ကြီး တခုပါ။ ဖိုးဖိုးနဲ့ ပတ်သက်တဲ့ အရာရာဟာ ကျွန်မအတွက် အမှတ်တရတွေချည်းပဲ။ ဒီအဖြစ်အပျက်နဲ့ ပတ်သက်လို့ကတော့ ပိုဆိုးတာပေါ့ရှင်။ ရင်ထဲမှာ စူးနစ်စေခဲ့တဲ့ အဖြစ်အပျက်တခုပါ။အိမ်နီးချင်းသူငယ်ချင်းတယောက် ဆုံးရှုံးခဲ့တဲ့ အဖြစ်အပျက်တခုလဲ ဖြစ်နေတာကိုးနော်။ ဖိုးဖိုးဆုံးသွားပြီး နောက်ပိုင်းမှာလဲ အဲဒီကုလားထိုင်ကြီး မြင်တိုင်း ကျွန်မဒါတွေကို သတိရနေမိတတ်တယ်။
ဘ၀မှာ ကျွန်မထိုင်ခဲ့တဲ့ ကုလားထိုင်များစွာ ရှိခဲ့ဖူးပါပြီ။ ဒါပေမယ့် ဖိုးဖိုးဆိုခဲ့တဲ့အတိုင်း ကုလားထိုင်နဲ့ တန်တဲ့ အရည်အချင်းကိုရပြီးမှ ကျွန်မဒီကုလားထိုင်တွေကို ထိုင်ဖို့ကြိုးစားခဲ့ပါတယ်။ ထိုင်ပြီးရင်လဲ အဲဒီကုလားထိုင်မှာ ထိုင်နေလို့ လုပ်ရမယ့် အလုပ်တွေကို ကြိုးစားလုပ်ကိုင်ခဲ့ပါတယ်။ ကျွန်မနဲ့ မတန်တဲ့ ကုလားထိုင်ဆိုရင်လဲ ဘယ်တော့မှ ထိုင်ဖို့ကြိုးစားမှာ မဟုတ်သလို၊ ထိုင်ပြီးသားကုလားထိုင်ရဲ့ အလုပ်တွေကို မလုပ်နိုင်တော့တဲ့ အခါမှာလဲ ကုလားထိုင်ပေါ်ကနေ အမြန်ဆုံး ပြေးဆင်းမှာပဲ။ တကယ်တော့ ကုလားထိုင်ဆိုတာ ဒီကုလားထိုင်ပေါ်မှာ ထိုင်ဖို့ တန်တဲ့လူတွေအတွက်ပဲ ဖြစ်သင့်ပါတယ်။
ခင်မမမျိုး (၂၅၊ ၁၊ ၂၀၀၉)