ဘလော့ လိပ်စာသစ်သို့ ပြောင်းရွှေ့ခြင်း

(၂၀၀၇) ခုနှစ်မှစ၍ ဘလော့စာမျက်နှာအား ဖွင့်လှစ်ခဲ့ရာ ဖတ်ရှုအားပေးကြသော စာဖတ်ပရိသတ်အပေါင်းအား အထူးပင် ကျေးဇူးတင်ရှိပါသည်။

ယခုအခါတွင် ဘလော့ကို ဖွင့်ရန် အချိန်ကြာမြင့်မှုများ ရှိနေကြောင်း၊ စာဖတ်သူအချို့မှ အကြောင်းကြားလာပါသဖြင့် www.khinmamamyo.info တွင် စာမျက်နှာသစ်ကို ဖွင့်လှစ်ထားပါသည်။

စာမျက်နှာသစ်တွင် အချို့သော စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ဆောင်ပါးများနှင့် ရသစာစုများ (နှစ်ရာကျော်ခန့်)ကိုလည်း ကဏ္ဍများခွဲ၍ ပြန်လည်ဖော်ပြထားပါသည်။


ယခုဘလော့စာမျက်နှာကို ဆက်လက်ထားရှိထားမည်ဖြစ်သော်လည်း ယနေ့မှစ၍ ပို့စ်အသစ်များ ထပ်မံ တင်တော့မည် မဟုတ်ပါကြောင်းနှင့် ပို့စ်အသစ်များကို စာမျက်နှာသစ်တွင်သာ တင်တော့မည်ဖြစ်ပါကြောင်း လေးစားစွာ အသိပေး အကြောင်းကြားပါသည်။


စာမျက်နှာသစ်သို့ အလည်လာရောက်ပါရန်ကိုလဲ လှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါသည်။


လေးစားစွာဖြင့်



ခင်မမမျိုး (၁၇၊ ၁၀၊ ၂၀၁၁)

www.khinmamamyo.info

သားသမီးများနှင့် ဆက်ဆံရာဝယ်

Saturday, January 24, 2009

သားသမီးများနှင့် ဆက်ဆံရာဝယ်


ဒီနေ့ညနေသွားတက်ဖြစ်တဲ့ Parenting skills workshop လေးထဲက သားသမီးများနဲ့ ဆက်ဆံရာမှာ အရေးကြီးတဲ့ အချက်အလက်များနဲ့ ဥပမာပြမေးခွန်းလေးတွေဟာ အဖိုးတန်လွန်းလို့၊ ကိုယ့်လိုပဲ သားသမီးရှိတဲ့ မိဘများအတွက် မျှဝေပေးပါတယ်။


သင်တန်းနည်းပြက ကလေးငယ်လေးတွေနဲ့ ဆက်ဆံရာမှာ sensitivity, give and take, reassurance ဆိုတဲ့ အချက်သုံးချက်ကို ဂရုစိုက်ရမယ် ဆိုပါတယ်။


() sensitivity ဆိုတာက ကလေးငယ်လေးတွေရဲ့ လိုအပ်ချက်လေးကို သတိထားမိနေတာ၊ အတူတူပျော်ရွှင်ဖွယ် လုပ်ငန်းဆောင်တာတွေလုပ်တာနဲ့ တယောက်နဲ့တယောက်ရဲ့ ဘ၀ကမ္ဘာလေးတွေကို မျှဝေတာ ဖြစ်ပါတယ်။ ကျွန်မတို့ လူကြီးတွေက တခါတလေ ကလေးငယ်လေးတွေ ဘယ်လိုတွေးတယ်ဆိုတာကို ထည့်မစဉ်းစားတတ်ကြပါဘူး။ ကိုယ်ဖြစ်စေ ချင်တာတွေ၊ ကိုယ်လုပ်စေချင်တာတွေကိုသာ အတင်းအကြပ် တွန်းအား ပေးတတ်ကြပါတယ်။ ကလေးငယ်လေးတွေက မေးလာတဲ့ မေးခွန်းတွေကိုလဲ ဂရုတစိုက် ပြန်ဖြေဖို့ အားနည်းတတ်ကြသလို သူတို့ပြောတာလေးတွေကိုလဲ ကိုယ့်ရဲ့ စိတ်နဲ့နှိုင်းပြီး ပြန်ပြောတတ်ကြပါတယ်။


အောက်က မေးခွန်းလေး တချို့ကို ဖြေကြည့်ပါနော်။ သင်တန်းမှာ ဖြေခဲ့ရတဲ့ မေးခွန်းလေးကို ဘာသာပြန်ပေးတာပါ။


() တကယ်လို့ သင့်ကလေးက သူ့ကုတင်အောက်မှာ monster ရှိတယ်လို့ ပြောရင် သင်ဘယ်လို ပြန်ပြောမှာလဲ။

(က) ကုတင်အောက်က monster ကို ဘာမှစိတ်ပူစရာမရှိဘူး။ တကယ်စိတ်ပူရမှာက အိမ်ထဲကို သူခိုးရောက်လာမှာပဲ စိတ်ပူရမှာ။

() ဘာတွေလျှောက်ပြောနေတာလဲ။ အသုံးမကျတာတွေ တွေးမနေနဲ့။ ရှိစရာလား။

() ဟုတ်လား။ ဒါဆို မေမေတို့ monster လိုက်ရှာရအောင်။


မိဘတယောက် အရွေးချယ်သင့်ဆုံးအဖြေကတော့ () ဖြစ်ပါတယ်။ နှစ်ယောက်စလုံးအတွက် ပျော်စရာ ဂိမ်းလေးတခုဖြစ်လာနိုင်ပါတယ်။


() သင်အပြင်မှာ ကလေးနဲ့တူတူ လမ်းလျှောက်နေတုန်း ကလေးက ကောင်းကင်ကို ထိုးပြပြီး၊ spaceship ကြီးရှိတယ်လို့ ပြောလာရင် သင်ဘာပြန်ပြောမှာလဲ။


(က) ဟယ်ဟုတ်လား။ ကမ္ဘာတွေအချင်းချင်းတိုက်တဲ့ စစ်ကြီး ဖြစ်နေပြီလားမသိဘူး။

() လျှောက်ပြောမနေနဲ့။ အဲဒါတွေက တီဗွီထဲမှာပဲရှိတာ။ အပြင်မှာ တကယ်မရှိဘူး။

() (သူနဲ့ ဆက်ကစားဖို့ ကြိုးစားမယ်) ဟုတ်လား။ ဘယ်ကရောက်လာတာလဲ။


မိဘတွေ ဖြေသင့်တဲ့ အဖြေကတော့ () ဖြစ်ပါတယ်။ ကလေးလေးတွေက ပုံပြင်ပြောတာ ၀ါသနာပါပါတယ်။ တချို့ မိဘတွေက လုပ်ကြံပြောတတ်သွားမှာကို စိုးရိမ်ပြီး၊ ဟန့်တားတတ်ကြတယ်။ အရွယ်ရောက်လာတဲ့အခါမှာ အလိုလိုနားလည်သွားမှာစိုးလို့ ပူပင်စရာမလိုပါဘူး။ သူတို့ရဲ့ ဥာဏ်ရည် တိုးတက်မှုအတွက်၊ တီထွင်စဉ်းစားဥာဏ် ပေါ်လာအောင် အကူအညီပေးသင့်ပါတယ်။


အဓိကကတော့ ကလေးတွေရဲ့ လိုအပ်ချက်ကို သတိပြုမိနေရပါမယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကိုယ်တွေ့ အဖြစ်အပျက်လေး တခုရှိပါတယ်။ ကျွန်မအမေက အရာတော်တော်များများမှာ ကျွန်မလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးပေမယ့်၊ ကျွန်မလိုချင်တာတခုနဲ့က မကိုက်ညီဖူး ဖြစ်နေခဲ့ဘူးတယ်။ မေမေက ထမင်း၊ ဟင်းကို တခါမှ ချက်ဖူးတာမဟုတ်ဖူး။ ဒီတော့ ကျွန်မက အိမ်က အဖွားတို့ရဲ့လက်ရာတွေ၊ အိမ်ဖော်လက်ရာတွေပဲ စားရတယ်။ ငယ်ငယ်တုန်းကတော့ လိုချင်ရင်တဇွတ်ထိုး ဖြစ်တတ်တဲ့ ကျွန်မဟာ ဒီကိစ္စအပေါ်မှာလဲ ဇွတ်တရွတ်ဖြစ်နေခဲ့တယ်။ မေမေ့လက်ရာစားချင်တယ်။ ဒါပေမယ့် ကျွန်မကလဲ တိုက်ရိုက်ဖွင့်မပြောဘူး။ ဒါတွေစားရတာ ရိုးနေပြီလို့ပဲ မသိမသာပြောတယ်။ သူငယ်ချင်းတွေကို သူတို့အမေတွေက ဘာတွေချက်ကျွေးတယ်ဆိုပြီး ပြောတယ်။ ဒီတော့ မေမေက ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေ ခေါ်သွားပါလေရော။ ကျွန်မပြောတဲ့ ဟင်းမျိုးတွေပါပဲ။ မရရအောင်ကို ရှာဖွေကျွေးမွေးတယ်။ ဆေးရုံက နမ့်စ်တွေကိုတောင် ချက်ခိုင်းလိုက်သေးတယ်။ ချိုင့်ကြီးချိုင့်ငယ် အသွယ်သွယ်နဲ့။ ဘယ်လိုပဲဖြစ်ဖြစ် စိတ်တိုင်းကိုမကျဘူး။ ကျွန်မကလဲ မပွင့်လင်းဘူး။ မေမေကလဲ သဘောမပေါက်ဘူး။ ဒါကို ကျွန်မကလဲ နည်းမျိုးစုံနဲ့ ဂျီတိုက်တယ်။ စားသောက်ဆိုင်တွေမှာ ဟင်းဆယ်မျိုးလောက်မှာပြီး တို့ကနန်း၊ ဆိတ်ကနန်း စားတာမျိုးလဲလုပ်ရဲ့။ ကိစ္စမရှိဘူး။ မေမေ့နာမည်နဲ့ ထားထားပစ်ခဲ့တာဆိုတော့ ဒီလောက်ဖြုန်းရလားဆိုပြီး ပြောများပြောမလားပေါ့။ အဲလိုပြောလာရင်တော့ “မဖြုန်းစေချင်ရင် မေမေချက်ကျွေး” ဆိုပြီး ပြန်ချွဲမယ်ပေါ့။ ဒါကို မေမေက မေးလဲတခါမှ မမေးဘူး။ သိပ်ခက်တာပဲ။


အဲဒီပြဿနာက ဘယ်တော့မှ ပြီးသွားလဲဆို ကျွန်မဆေးကျောင်း ဒုတိယနှစ်မှာ တနေ့မေမေ မန္တလေးရောက်လာတယ်။ အဲဒီတုန်းက ကျွန်မက ကျောင်းနားက မင်္ဂလာဈေးအပေါ်ထပ် ကွန်ဒိုတိုက်ခန်းမှာ နေတယ်။ ညနေဘက်ဆိုရင် တပည့်တွေအိမ်သွား စာသင်ပေးနေတော့ ကျွန်မစားရေးသောက်ရေးက မပူရတာမို့ အိမ်မှာအဖော်မခေါ်ထားဘူး။ တယောက်တည်း အေးအေးဆေးဆေးနေချင်လို့ကို အိပ်ခန်းသုံးခန်းရှိပေမယ့် သူငယ်ချင်းတွေနဲ့တောင် ရှယ်ယာ လုပ်မနေဘူး။ မေမေခဏလာလည်တော့ သားအမိနှစ်ယောက် တူတူစားရအောင်ဆိုပြီး တပည့်တွေဆီမှာ မစားတော့ဘူး။ ကျွန်မပြန်မလာခင် မေမေက အနီးတ၀ိုက်ဆိုင်တွေဆီက သွားဝယ်ထားပေးတယ်။ အဲဒီနေ့ညနေကတော့ ကျွန်မဘာဖြစ်တယ်မသိဘူး။ မေမေ့အတွက်ပေးထားတဲ့ တိုက်ခန်းသော့အပိုကိုပါ ယောင်နနနဲ့ ကောက်ထည့်သွားခဲ့မိတယ်။ မေမေကလဲ ထွက်လို့မရတော့ ကျွန်မပြန်လာရင် ဆာနေမှာပဲဆိုပြီး၊ အဆင်သင့်အိမ်မှာရှိတာလေးကို သူတတ်သလို စီမံထားလေရဲ့။ အိမ်ပြန်ရောက်တော့မှ မေမေအခန်းထဲ ပိတ်မိနေတာ သိတော့တယ်။ ကျွန်မဆိုတာကလဲ ဆက်သွယ်ဖို့ ဖုန်းနံပါတ်လေးတောင် ပေးထားခဲ့တဲ့သူ မဟုတ်ဘူး။ အဲလိုနဲ့ အိမ်ပြန်ရောက်တော့ စားစရာ ကြက်ဥပြုတ်လေးကတော့ အဆင်သင့်ပဲ။ (အဲဒီကြက်ဥလဲ ကြက်ဥကို ဟင်းချက်တတ်လို့၊ ကြော်တတ်လို့ အိမ်မှာရှိနေတယ် မထင်ကြပါနဲ့။ ခေါက်ဆွဲပြုတ်ထဲ ထည့်ဖောက်သောက်ဖို့ ၀ယ်ထားတာလေးပါ)။ ဘာပဲပြောပြော အဲဒီနေ့က ကျွန်မတော်တော်ပျော်သွားတယ်။ ကြက်ဥပြုတ်အခွံကို တူတူထိုင်ခွာနေကြရင်း ကျွန်မတို့ သားအမိကြားက တံတိုင်းတခု ပြိုကျသွားသလိုပဲ။


တခါတလေ မိဘနဲ့သားသမီးကြားမှာ ဘာမဟုတ်တာလေးတွေနဲ့ အဲလိုလေးတွေ ရှိတတ်တယ်။ ခရီးသွားချင်တယ်ဆိုတိုင်း ပိုက်ဆံအုပ်တွေပဲ ပေးနေတဲ့ မိဘကို စိတ်ကောက်တဲ့ သူငယ်ချင်းတယောက်လဲ ရှိဖူးတယ်။ အမှန်တော့ သူသွားချင်တာက ရန်ကုန်ကနေ သန်လျင်လောက်ပဲဖြစ်ဖြစ် မိဘတွေနဲ့ တူတူသွားဖူးချင်တာ။ သူပြောလိုက်တိုင်း သူငယ်ချင်းတွေနဲ့ပဲသွား၊ ဘယ်ကားယူသွားဆိုပြီး၊ ငွေစက္ကူတွေပဲ အုပ်လိုက်ထုတ်ပေးနေတဲ့ မိဘကို သူအရမ်းပေါက်ကွဲနေခဲ့တယ်။ ဒီနေ့ ညနေသင်တန်းမှာ ဆွေးနွေးကြတော့ သားသမီးတွေရဲ့ လိုအင်ဆန္ဒလေးတွေကို သတိမူမိတတ်ဖို့ အရေးကြီးတယ်ဆိုတဲ့ အချက်ပေါ်မှာ ဒီကိစ္စလေးတွေကို ကျွန်မပြောပြဖြစ်ခဲ့တယ်။


၂။ Give and Take ဆိုတာကကျတော့ မိဘနဲ့ ကလေးနဲ့အကြား အလဲအလှယ်တခု၊ ညှိနှိုင်းမှုတခု လုပ်ကြတာမျိုးပါ။ လူကြီးတွေက ကလေးငယ်တွေကို တဘက်သတ်အနိုင်ကျင့်တတ်ကြပါတယ်။ “စာကျက်ရမယ်” လို့ ခြိမ်းချောက်ပြောဆိုတတ်ကြတယ်။ စာရရင် ဘာလုပ်ပေးမယ် ဆိုတာမျိုးကို ကျတော့ ပြောလေ့မရှိတတ်ကြဘူး။ ချီးမွမ်းပြောဆိုဖို့ကျတော့လဲ မေ့နေတတ်ကြတယ်။ အမှန်တော့ “တော်လိုက်တာ” ဆိုတဲ့ ချီးမွမ်းစကားလုံးလေးတခုဟာ ကလေးငယ်လေးတွေသာမက လူကြီးတွေအတွက်ပါ လိုအပ်တဲ့ အသုံးအနှုံးတခုပါ။ လူတွေရဲ့ ဘ၀များစွာကို ပြောင်းလဲသွားစေနိုင်ပါတယ်။


အောက်က ဥပမာလေးကို ဖြေကြည့်ရအောင်ပါ။

() သင့်ကလေးက တီဗွီက သူကြိုက်တဲ့ အစီအစဉ်လေးကို ကြည့်ချင်တယ်လို့ ပြောလာရင် ဘာပြန်ပြောမလဲ။

(က) ညနေစာကို ကောင်းကောင်းစားရင်၊ သားကြည့်ချင်တာ ကြည့်ရမှာပေါ့။

() သားအခန်းကို သန့်သန့်ရှင်းရှင်းလေး တပတ်ထားရင်တော့ ဒီအခွင့်အရေးရနိုင်မှာပါ။

() တနေ့လုံးသားကိစ္စနဲ့ချည်းပဲ၊ မေမေအလုပ်ရှုပ်နေတာ။ မေမေကြိုက်တာလေး ကြည့်ပါရစေဦး။ မေမေ့အလှည့်ရောက်ပြီ။


မိဘတွေအနေနဲ့ ရွေးသင့်တာက အဖြေ (က) ကို ဖြစ်ပါတယ်။ ဒီဥပမာလေးနဲ့ ဆိုရင်တော့ လွယ်တယ်ထင်ရပေမယ့် တကယ်တမ်းကျတော့ ကလေးတွေနဲ့ ပြိုင်လုနေတတ်တဲ့ မိဘတွေအများကြီး ရှိပါတယ်။ တကယ်ကိုပါ။ ကလေးတွေနဲ့ တီဗွီချယ်နယ်ထိုင်လုနေတဲ့ လူကြီးတွေအများကြီးကို တွေ့ဖူးပါတယ်။ အရေးကြီးဆုံးကတော့ ကလေးတွေရဲ့ စိတ်ကို နားလည်ပြီး အပေးအယူလုပ်တတ်ဖို့ပါပဲ။


မြန်မာပြည်တုန်းက ကျွန်မက စာသင်တော့ တပည့်ပေါင်းများစွာနဲ့ သူတို့ရဲ့ မိဘပေါင်းများစွာကို တွေ့ဖူးပါတယ်။ ကလေးတွေကို အပေးအယူ မလုပ်တတ်ကြပါဘူး။ နံနက် ခုနစ်နာရီကနေ ညဆယ့်နှစ်နာရီအထိ စာဖတ်၊ စာသင်နေရတဲ့ ကလေးတယောက်ရဲ့ ဘ၀ကို မစာနာတတ်ကြပါဘူး။ မြန်မာပြည်မှာက ဆေးနဲ့ စက်မှုဆိုတာကို ကလေးတွေထက် မိဘတွေက ပိုရူးသွပ်နေကြပါတယ်။ ဆေးကျောင်းနဲ့ စက်မှုကို မရောက်ရင်ပဲ လူတယောက်ရဲ့ ဘ၀တခုလုံး မြောင်းထဲရောက်သွားမတတ် ပြောဆိုပြုမူနေကြပါတယ်။ ကလေးတွေကို အမှတ်များအောင် အတင်းဖိအား ပေးနေကြပါတော့တယ်။ ကလေးဆိုတာက သူ့စိတ်ဝင်စားမှုနဲ့သူ၊ သူ့ဥာဏ်ရည်နဲ့သူပါ။ တကယ်တော့ ကမ္ဘာလောကကြိးမှာ ဆရာဝန်နဲ့ အင်ဂျင်နီယာတွေပဲ လိုအပ်တာမဟုတ်ပါဘူး။ ဒီလိုရူးသွပ်မှုရဲ့ ရလာဒ်ကတော့ ဆရာဝန်မလုပ်သော ဆရာဝန်ဘွဲ့ရများနဲ့ အင်ဂျင်နီယာမလုပ်သော အင်ဂျင်နီယာပေါင်းများစွာ ပေါ်ထွက်နေခြင်းပါပဲ။ သူတို့ဘ၀ရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေကို ဖြုန်းပစ်ရုံသာမက၊ တကယ် အရည်အချင်းရှိပြီး အမှတ်အနည်းငယ် ကပ်လွဲသွားတဲ့ ဆရာဝန်ဘ၀ကို တကယ်လိုချင်သူတွေရဲ့ အခွင့်အလမ်းတွေကိုပါ လျော့ကျသွားစေနိုင်ပါတယ်။ ပိုပြီးဆိုးတာက ဒီလို ဆရာဝန်မလုပ်တဲ့ ဆရာဝန်တွေ၊ အင်ဂျင်နီယာမလုပ်တဲ့ အင်ဂျင်နီယာတွေဟာ တခြားဘာသာရပ်တွေမှာသာ စိတ်ဝင်စားရာ လုပ်ခွင့်ရခဲ့ရင်၊ ရလာနိုင်မယ့် လူ့စွမ်းအား အရင်းအမြစ်တွေကိုပါ ဆုံးရှုံးသွားနိုင်တာပါပဲ။ ပညာရပ် တွေကို သင်ယူပြီး၊ အသုံးမပြုတာဟာ ပတ္တမြားကျောက်လေးတွေကို မြေကြီးတွင်းတူးပြီး မြှုပ်ပစ်နေတာနဲ့ အတူတူပါပဲ။


ဒါပေမယ့် ကျွန်မမိဘများအပါအ၀င် မြန်မာပြည်က မိဘအများစုကတော့ ဒီဆရာဝန်၊ အင်ဂျင်နီယာဆိုတာကြီးကို အတော်ပဲ ရူးသွပ်ခုံမင်ကြပါတယ်။ ကလေးတွေနဲ့ အပေးအယူ မရှိတော့ပါဘူး။ မိဘတွန်းအားတွေများလွန်းလို့ မိဘနဲ့ သားသမီးကြား ဘယ်လိုမှ ညှိယူလို့ မရနိုင်တော့တဲ့ ပဋ္ဋိပက္ခလေးတွေ အများကြီးကို ဆရာမတယောက်အနေနဲ့ တွေ့မြင်ခဲ့ရဖူးပါတယ်။ ကြားကနေ ညှိနှိုင်းဖို့ ကြိုးစားပေးခဲ့ရတာလဲ အများကြီးပါပဲ။ အောင်မြင်တာလဲရှိ၊ မအောင်မြင်တာလဲ ရှိပါတယ်။ ကလေးမလေး တယောက်ဆိုရင် ၀ါသနာပါတာက ပန်းချီပါ။ ပန်းချီပုံလေးတွေ တခါတလေ ဆွဲလေ့ရှိတယ်။ ဒါကို လုပ်ငန်းရှင်မိဘက လုံးဝအသိအမှတ် မပြုပါဘူး။ သူတို့မိတ်ဆွေ သားသမီးတွေ အားလုံးက ဆေးကျောင်းမှာမို့ ဆေးကျောင်းပဲ ၀င်စေချင်တယ်တဲ့။ စာသင်တဲ့ အတွေ့အကြုံများအရ ဒီကလေးမ ဆေးကျောင်းဝင်မယ့် အမှတ်ရမှာ မဟုတ်ဘူးဆိုတာ ကျွန်မသိနေတယ်။ ဒါပေမယ့် သူ့မိဘတွေကျေနပ်အောင် စက်မှုတော့ဝင်အောင် ကြိုးစားပေးပါမယ်ဆိုပြီး ကျွန်မတာဝန်ယူ စာပြပေးတယ်။ ဆယ်တန်းဖြေပြီးရင် ပန်းချီပြပွဲတွေ လိုက်ပို့ပေးမယ်ဆိုပြီး စည်းရုံးတယ်။ အချိန်ဇယားတွေ ဆွဲပေးထားတာမှာ တပတ်တခါလောက် အေးအေးဆေးဆေး သူဆွဲချင်တာလေးတွေ ဆွဲနိုင်အောင် ကိုယ်ပိုင် အချိန်တချို့ လျှော့ထားပေးတယ်။ သူဆွဲထားတဲ့ ပုံလေးတွေကို ချီးကျူးပေးတယ်။ လောကမှာ ဆရာဝန်စာရေးဆရာမ၊ အင်ဂျင်နီယာ ကဗျာဆရာ၊ စီးပွားရေးလုပ်ငန်းရှင် အနုပညာသည်တွေလဲ အများကြီးရှိနေတာ၊ ၀ါသနာနဲ့ အသက်မွေးဝမ်းကျောင်းတွေကို တွဲစပ်လုပ်လို့ရတာတွေကို ပြောပြပေးတယ်။ အားလုံး ချောချောမွေ့မွေ့ပါပဲ။ ပြဿနာကတော့ သူ့အဖေကြီးကြောင့် ဖြစ်ရတာ။ စာမေးပွဲဖြေခါနီး တရက် သူဆွဲထားတဲ့ ပန်းချီပုံလေးတွေ တွေ့သွားပြီး၊ ဖြဲဆုတ်လွှင့်ပစ် သောင်းကျန်းပါရောတဲ့။ နောက်ဆုံးဘာဖြစ်လဲ။ ကလေးမက နောက်ဆုံးနေ့ဘာသာကို တမင်ကိုခြစ်ချခဲ့တယ်။ မိဘကို အရွဲ့တိုက်ပစ်လိုက်တာလေ။ ကျွန်မကိုလာပြောတဲ့ ကလေးကိုကြည့်ပြီး ကျွန်မသူ့ကိုဆူရမလား၊ သူ့အဖေကို သွားဆူရမလား မစဉ်းစားတတ်နိုင်ခဲ့အောင်ပဲ။ သိပ်တင်းကြပ်လွန်းတဲ့ အိမ်မှာမနေနိုင်ပဲ အဲဒီညီမလေး စောစောစီးစီး အိမ်ထောင်ကျသွားတယ်။ ယောက်ျားနောက်ကို လိုက်ပြေးသွားတာ။ တချိန်မှာ ပန်းချီဆရာမလေး ဖြစ်မဖြစ်မသိတော့ဘူး။ သိတာကတော့ ပန်းချီဆရာမလောင်းလျာ၊ အင်ဂျင်နီယာလောင်းလျာ ကျောင်းသူတယောက်ရဲ့ ဘ၀ အလဟဿဖြစ်သွားခဲ့တယ်။ မိဘတွေဟာ သားသမီးတွေနဲ့ အပေးအယူ လုပ်ရမယ်ဆိုတာကို ဒီနေ့သင်တန်းမှာ ဆွေးနွေးကြတော့ ဒီဥပမာလေးကို ကျွန်မပြောပြဖြစ်ခဲ့တယ်။


၃။ Reassurance ဆိုတာကတော့ စိတ်ညစ်နေတဲ့၊ နာကျင်မှုခံစားနေရတဲ့၊ စိတ်ရှုပ်ထွေးနေတဲ့ ကလေးတယောက်ကို ဘယ်လောက်ထိ နှစ်သိမ့်မှုပေးနိုင်မလဲ၊ ကူညီထောက်မမှုပေးနိုင်မလဲ ဆိုတာပါ။ မိဘတွေဟာ သားသမီးတွေအတွက် အဖော်ကောင်းဖြစ်ရပါမယ်။ နားလည်မှုပေးနိုင်ရပါမယ်။ မျှဝေခံစားပေးနိုင်ရပါမယ်။ အောက်က မေးခွန်းလေးတွေကို ဖြေကြည့်ပါ။


() သင့်ကလေး ချော်လဲပြီး၊ တစုံတရာထိခိုက်မှုမရှိပါပဲ ငိုကြွေးနေလျှင် သင်ဘာကိုလုပ်မည်နည်း။


(က) ဒီလောက်တောင် နမော်နမဲ့နိုင်ရလား။ ချော်မလဲပါစေနဲ့ ပြောထားတယ်မလား။

() ကလေးဆန်မနေစမ်းနဲ့။ နာတာလဲ မဟုတ်ပဲ ဟန်ဆောင်နေတယ်။ အလကားကောင်လေး။

() သားနာသွားလား။ မေမေ magic cream လေးလိမ်းပေးမယ်နော်။ ဘယ်နားလဲ။ ပလာစတာ ကပ်ပေးရမလား။


မိဘများအနေနဲ့ အဖြေ ()ကို ရွေးသင့်ပါတယ်။ ကလေးလေးတွေက ဂရုစိုက်ခံချင်တယ်ဆိုတာကို သတိပြုရပါမယ်။ ဒီနေရာမှာ တချို့က ပြောတတ်ပါတယ်။ ဟန်ဆောင်ချော်လဲပြနေရင်ရောတဲ့။ အဲလိုအပြုအမူမျိုးဆိုရင်တော့ ကိုင်တွယ်ရမယ့် ပုံစံက တမျိုးပါ။ တကယ်ချော်လဲမိပြီး၊ ငိုမဲ့မဲ့လေးဖြစ်လာတာဆိုရင်တော့ ဂရုစိုက်ပြပေးတာ အကောင်းဆုံးပါပဲ။ အပြင်ပန်းမှာ မထိခိုက်သွားပေမယ့် ချော်လဲတာကို စိတ်ထဲက လန့်သွားတာမျိုးကော မဖြစ်နိုင်ဘူးလား။ နောက်တခုကြည့်ရအောင်ပါ။


() သင့်ကလေး စိတ်ရှုပ်ထွေးပုံပေါက်နေလျှင် သင်ဘာလုပ်မည်နည်း။


(က) စကားပြောကြည်ပြီး ဘာတွေဖြစ်နေလဲ၊ ဘာတွေခံစားနေရလဲ ဆိုတာ သိအောင်လုပ်မယ်

() ဂရုမစိုက်ပဲ ပစ်ထားလိုက်မယ်

() ဘယ်လိုမျက်နှာဖြစ်နေတာလဲ။ အချိုးကိုပြင်စမ်း။ အလုပ်ရှုပ်ရတဲ့အထိ သူကတမျိုးလို့ ပြောမယ်


ဒီလိုမေးလာရင်တော့ လူတိုင်းက အဖြေ (က) ကိုရွေးကြမှာပဲ။ ဒါပေမယ့် တကယ်လက်တွေ့မှာ ()နဲ့ ()တွေ လုပ်နေလေ့ရှိကြပါတယ်။


ကျွန်မတို့ ဘ၀မှာ မိဘ၊ ဆရာတွေ ပြောခဲ့တဲ့ စကားတွေက အနည်းနဲ့အများ လွှမ်းမိုးမှုတွေ ရှိတတ်ကြပါတယ်။ ကိုယ်လေးစား အထင်ကြီးတဲ့လူတွေက ပြောလိုက်တဲ့ အမှတ်မထင် စကားလေးတွေဟာ မိမိကိုယ်ကိုယုံကြည်မှုကို အများကြီး ထိခိုက်စေနိုင်ပါတယ်။ ပြန်စဉ်းစား ကြည့်လိုက်ပါ။ မိဘ၊ ဆရာတွေ ပြောခဲ့တဲ့ အနုတ်စကားတွေ၊ ဝေဖန်ချက်တွေကို ကျွန်မတို့ ထူးထူးခြားခြား မှတ်မိနေတတ်ကြပါတယ်။ ကျွန်မငယ်ငယ်က ပုံဆွဲမတော်ဘူး။ ကြိုးစားဆွဲကြည့်ပါတယ်။ လေး၊ ငါးပုံကို ဆွဲပြီး ဆရာမကို ပြပါတယ်။ ဒါပေမယ့် ဆရာမက လုံးဝအကောင်းမပြောဖူး။ တသက်လုံး ပုံဆွဲတတ်တော့မယ် မထင်ပါဘူး လို့ မှတ်ချက်ပေးတယ်။ ဘာလို့လဲမသိဘူး။ အဲဒီကတည်းက အခုအချိန်ထိ ပုံဆွဲရမှာ ကြောက်နေတုန်းပဲ။ ပုံဆွဲတော့မယ်လုပ်တိုင်း ကျွန်မစိတ်ထဲမှာ အဲဒီတုန်းက စကားလုံးတွေက ပေါ်ပေါ်လာတယ်။


တခါက အရမ်းထင်ရှားကျော်ကြားတဲ့ ဗေဒင်ဆရာကြီးတယောက်ကလဲ ကျွန်မကို ဟောဖူးတယ်။ ”သမီးဘ၀မှာ မရည်ရွယ်ပဲ လူသတ်မှုတခုခု ဖြစ်သွားလိမ့်မယ်။ သူစိမ်းယောက်ျားတယောက်နဲ့ တမိုးအောက်မှာ ဘယ်တော့မှမနေပါနဲ့”တဲ့။ အဲဒီတုန်းကတော့ “တသက်လုံးအိမ်ထောင် မပြုရတော့ဘူးလား အဘရယ်” လို့ ပြန်နောက်လိုက်မိသေးတယ်။ သူက ပြန်ပြောတယ်။ “သေကွဲမဟုတ်ရင် ရှင်ကွဲတွေချည်းပဲ ပါတဲ့ဇာတာ”တဲ့။ ဘ၀မှာ တိုက်ဆိုင်သလိုမျိုးလေးတွေ ကြုံလာခဲ့ပေမယ့်၊ ကျွန်မက အဲလိုမျိုးတွေ သိပ်အယုံအကြည် မရှိတတ်ဘူး။ ကျွန်မအိမ်က ခေါ်သွားလို့သာ မေးဖြစ်သွားတာ။ ဒါပေမယ့် ဘ၀အနာဂတ်အတွက် စီမံကိန်းတွေဆွဲရင် အဲဒီစကားဟာ မသိမသာ ကျွန်မအတွေးထဲ ရောက်လာတတ်တာတော့ အမှန်ပဲ။ စကားလုံးတွေဟာ လူတွေရဲ့ အနာဂတ်ဘ၀ကို တခါတရံ ခြယ်လှယ်တတ်တယ် ဆိုတဲ့အကြောင်း ဥပမာအနေနဲ့ ဆိုလိုတာပါ။ အပြင်လူတွေရဲ့ စကားလေးတွေကတောင် မဆီမဆိုင် အတွေးထဲ ရောက်စေတတ်သေးရင် မိဘတွေရဲ့ စကားတွေဟာ ဘယ်လောက်ထိ သက်ရောက်စေနိုင်မလဲဆိုတာ သိသာပါတယ်။ အထူးသဖြင့် အားငယ်နေတဲ့အချိန်၊ ၀မ်းနည်းနေတဲ့အချိန်တွေမှာဆို ပိုဆိုးပါတယ်။ reassure လုပ်ကို လုပ်ပေးရပါတယ်။ နှစ်သိမ့်မှု ပေးရပါတယ်။


မိဘနဲ့ သားသမီးကြား မဟုတ်ပေမယ့် ဒါနဲ့ပတ်သက်ပြီး ကျွန်မမှာ အတွေ့အကြုံလေး တခုရှိခဲ့ဖူးပါတယ်။ ကျွန်မဂိုက်အနေနဲ့ စာသင်စတုန်းက ဆယ့်ခုနစ်နှစ် မပြည့်ခင်အချိန်ဆိုတော့ ကိုယ်ကလဲ ကလေးစိတ် သိပ်မကုန်ပါဘူး။ ကိုယ်တောင်ဒီစာကို ရသေးရင် သူကဘာလို့မရရမှာလဲ ဆိုပြီး တဘက်သတ်ကလဲ တွေးတတ်သေးတယ်။ ဒီလောက်ရှင်းပြနေတာကို ဘာလို့နားမလည်နိုင်တာလဲ ဆိုပြီး၊ ဒေါသကလဲ ထွက်တတ်သေးတယ်။ တရက်တော့ ကလေးတယောက်က လပတ်စာမေးပွဲမှာ သင်္ချာဂုဏ်ထူးမပါဘူး။ စိတ်ဆိုးလိုက်တာဆိုတာ မပြောပါနဲ့တော့။ ကျွန်မတော်တော်ကို ဆူပစ်လိုက်မိတယ်။ ကလေးမျက်ရည်တွေကျပြီး ရှိုက်ကြီးတငင် ထိုင်ငိုတော့မှ လွန်သွားပြီ သတိထားလိုက်မိတာပါ။ တကယ်တော့ ကျွန်မနဲ့ မတွေ့ခင်ကတည်းက သူအရမ်းဝမ်းနည်းနေပါတယ်။ တခန်းလုံးမှာ သူတယောက်တည်း ဂုဏ်ထူးမပါတာပါ။ တကယ်ဆို ကျွန်မလုပ်သင့်တာက အားပေးပြီး၊ နောက်ဒီလိုမဖြစ်အောင် အားနည်းချက်တွေကို အဖြေပြန်ရှာသင့်တာပါ။ တကယ်တော့ မကြိုးစားတဲ့ ကလေးလဲမဟုတ်ပါ။ သူ့မျက်နှာကိုကြည့်ပြီး၊ သူ့အရိပ်အကဲကို ကျွန်မသိတတ်ခဲ့ဖို့ကောင်းပါတယ်။ အဲဒီတုန်းက သူကျွန်မကို ဘယ်လောက်များ စိတ်နာသွားမယ် မသိဘူး။ ကျွန်မ ဂရုဏာဒေါသော ပြောလိုက်မိတဲ့ စကားတွေကလဲ သူ့ဘ၀မှာ ဘယ်လောက်ထိများ ရိုက်ခတ်သွားခဲ့မယ် မသိဘူး။ ဒီအဖြစ်အပျက်ဟာ နောက်ပိုင်းကျွန်မကို အမြဲအမှတ်ရနေစေခဲ့ပါတယ်။ ကလေးတယောက်ကို အပြစ်ရှိတဲ့အခါ မဆူရဘူး၊ ပြစ်ဒဏ်မပေးရဘူးလို့ ကျွန်မဆိုလိုတာမဟုတ်ပါဘူး။ အချိန်အခါကို ကြည့်ပြီး၊ လိုက်လျောညီထွေ ဆက်ဆံဖို့ လိုတယ်ဆိုတာကိုပါပဲ။ အထူးသဖြင့်တော့ ၀မ်းနည်းအားငယ်နေချိန်မှာ ပြစ်တင်ဝေဖန်ခြင်း လုံးဝမလုပ်သင့်ပါဘူး။ တရက်၊ နှစ်ရက်နေမှ သူ့အခြေအနေကို ကြည့်ပြီး၊ အမှားကို သင်ခန်းစာယူဖို့ ပြောပြတာ လုပ်သင့်ရင်လုပ်ရမှာပါ။ တရက်၊ နှစ်ရက်လေးစောင့်လိုက်ရလို့ ဘာမှ ဖြစ်မသွားပါဘူး။ အဓိကအရေးကြီးတာကတော့ ကလေးရဲ့ အရိပ်အကဲကို သတိပြုမိဖို့ပါပဲ။ သူဘာတွေ ခံစားနေရတယ်၊ ဘယ်လိုအခက်အခဲတွေ ရှိနေတယ်ဆိုတာ သိရရင်၊ အားပေးထောက်ကူမှုတွေနဲ့ ဘ၀လမ်းကြောင်းကို ပဲ့ပြင်ထိန်းသိမ်းပေးနိုင်ပါလိမ့်မယ်။


အခု ဒီဆောင်းပါးလေးကို ကျွန်မဒီနေ့ သင်တန်းမှာ သိခဲ့ရတဲ့ အချက်လေးသုံးချက်ပေါ်မှာ ကျွန်မဆွေးနွေးခဲ့တဲ့ ဥပမာလေးတွေပါ ထည့်သွင်းပြီး၊ ရှိခဲ့ဖူးတဲ့ အတွေ့အကြုံလေးတွေနဲ့ မျှဝေခံစားတာပါ။ ကျွန်မဟာ child psychologist တယောက်မဟုတ်ပါဘူး။ ဒီကဏ္ဍနဲ့ ပတ်သက်ပြီး ကျွမ်းကျင်သူ ပညာရှင်တယောက်လဲ မဟုတ်ပါဘူး။ မိဘတို့ သိသင့်တတ်သင့်တာ လေးတွေကို လေ့လာသင်ယူနေတဲ့ မိခင်တယောက်သာ ဖြစ်ပါတယ်။ တချို့သော မိဘများအတွက် တစုံတရာ အကျိုးရှိစေမယ်ထင်လို့ မျှဝေပေးခြင်းသာဖြစ်ပါတယ်။ ဒါကြောင့် အမှားအယွင်းလေးတွေ၊ သဘောထား မတိုက်ဆိုင်တာလေးတွေရှိရင် ပြန်လည်မျှဝေ၊ ထောက်ပြပြောဆိုပေးကြဖို့ လေးစားစွာ တိုက်တွန်းအပ်ပါတယ်။


ခင်မမမျိုး (၂၃၊ ၁၊ ၂၀၀၉)

  © Blogger templates Newspaper II by Ourblogtemplates.com 2008

Back to TOP