မြစ်တစ်စင်း (အပိုင်း- ၇)
(၁၄)
“ညီမလေး၊ မောနေပြီလား။ ရော့- ရေသောက်လိုက်ဦး”
မမောဘူးလို့ ဟန်ဆောင်ပြောချင်ပေမယ့် မောနေတာ သိသာနေသည်မို့ သူပေးသော ရေဗူးကိုပင် ဆွဲယူမောပစ်ရသည်။ တောင်တက်ခရီးကြမ်းတခုက ဒီလိုသွားဖြစ်မို့ သူမဘ၀တလျှောက် အိပ်မက်ထဲပင် ထည့်မမက်ဖူးခဲ့ပါ။ သို့ပေမယ့်လဲလေ၊ ချစ်သူနှင့် အတူသွားရသည့် ခရီးလမ်းမို့ လူပမ်း၊ စိတ်နွမ်းအဖြစ်သို့ လုံးဝမရောက်ပါ။ ချစ်သူရဲ့ ဂရုစိုက်မှု၊တောင်ဂမူအတက်များ၊ လျောစောက်များတွင် ဖေးမကူတွဲမှုတို့သည် ပျော်စရာ၊ ကြည်နူးဖွယ်ရာများ အဖြစ်သို့ပင် ပြောင်းလဲသွားလေသည်။
“ကိုဇော်ဝင်း၊ ကျွန်မတို့လဲ ပါသေးတယ်လေ။ သိပ်မျက်နှာလိုက်လွန်းနေပြီနော်”
သူမနောက်မှပါလာသော အစ်ကို့သူငယ်ချင်းများက လှမ်းနောက်သည်။ ဒီဇင်ဘာ ကျောင်းပိတ်ရက်အပြီး၊ ကျောင်းပြန်အဖွင့်တွင် အစ်ကိုဆွဲခန့်ကျောင်းဆရာအဖြစ် လုပ်နေသော တောင်ပေါ်ရွာလေးသို့ အလည်လိုက်သွားနေကြခြင်းပါ။
အောက်တိုဘာ (၂၁) ရက်တွင် တောင်ကြီးသို့ ပြန်ရောက်သော သူမသည် အမှတ်မထင် လူတယောက်ကို စိတ်ဝင်စားခဲ့ပြီး၊ ဒီဇင်ဘာ (၂၆) ရက်တွင် ချစ်သူတယောက်ရရှိခဲ့ခြင်းကတော့ ထူးဆန်းလှစွာသော ကံကြမ္မာ၏ ဖန်တီးပေးမှုပင် ဖြစ်ခဲ့သည်။ နာမည်ပင် မသိလိုက်ရသော လူတယောက်သည် တိုက်ဆိုင်စွာပင် သူမတောင်ကြီးမှာ ဆက်သွယ်ရမည့် လူတယောက်ဖြစ်နေခဲ့ပါသည်။ အစိုးရ ကျောင်းဆရာများမရှိသော လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် တောင်ပေါ်ရွာကလေးတွင် ရွာမှခန့်သော ဆွဲခန့် ကျောင်းဆရာလေးလုပ်နေသည့် သူ့အား တပတ်တကြိမ်ပင် တွေ့ခွင့်ရခဲ့ပြီး သူပြောပြသည့် ရှစ်လေးလုံးအကြောင်းများ၊ လွတ်လပ်ရေးရပြီး နောက်ပိုင်း ကာလ ကျောင်းသားလှုပ်ရှားမှုသမိုင်းများ၊ ဒီမိုကရေစီတိုက်ပွဲဝင်သူရဲကောင်းများ၊ စစ်အစိုးရ အကျဉ်းထောင်များနှင့် ထောက်လှမ်းရေးစခန်းများမှ ငရဲခန်းများ စသည်တို့ကို မယုံနိုင်လောက်အောင်ပင် ကြားသိခဲ့ရသည်။ သူပေးဖတ်သည့် လျှို့ဝှက်သိမ်းဆည်းထားသော ရှစ်လေးလုံးကာလစာစောင်များကိုလည်း ခိုးကြောင်ခိုးဝှက် ဖတ်ခဲ့ရသည်။ သူသင်ပြသော မြေအောက်လှုပ်ရှားမှု သင်ခန်းစာများကိုလည်း တလေးတစား နာယူဖြစ်ခဲ့ပါသည်။
အပတ်စဉ်စနေနေ့တိုင်း သူပြန်လာမည့်အချိန်တွင် ကားဂိတ်တွင် သွားစောင့်ရင်း သူရောက်လာသည်နှင့် သူအရမ်းကြိုက်သည့် ငါးရှဥ့်ခြောက်စပ်ဟင်းနှင့် အခြားစားဖွယ်ရာများကို စားသောက်ဆိုင်မှာ ၀င်ဝယ်ကာ သူပိုင်ဆိုင်သည့် ပျဉ်ထောင်အိမ်ငယ်လေးမှ စားပွဲဝိုင်းလေးမှာ အတူထမင်းစားကြ၊ အခါးရေ (ရေနွေးကြမ်း) သောက်ပြီး၊ နိုင်ငံရေးစကားများပြောကြ၊ သူမအသိမိတ်ဆွေများအကြား စည်းရုံးရေး အကြောင်းများ ပြောကြနှင့်၊ ညနေစောင်းတော့ သူ့ရပ်ကွက်ထဲမှ ရှမ်းစားသောက်ဆိုင်လေးတွင် ဟင်းထုပ်၊ ငါးထမင်းနယ်၊ တိုဖူးသုပ်များ အတူသွားစားကြပြီးမှ သူမပြန်ဖြစ်လေသည်။
နောက်တနေ့နံနက်တွင်လဲ နံနက်စောစောထလေ့မရှိသော သူမသည် နံနက်အစောကြီး နိုးနေခဲ့ပြီး သူ့ကို ကားဂိတ်သို့ လိုက်ပို့ပေးတတ်စမြဲ။ ကားမထွက်ခင် သူနှင့် အတူစားရသည့် ရှမ်းခေါက်ဆွဲ အရသာကို သူမနှစ်သက်နေတတ်ခဲ့ပြီကိုး။ ဒီလိုနှင့် ရင်းနှီးမှုမြန်ခဲ့သော သူမတို့နှစ်ယောက် တယောက်ကို တယောက် နားလည်မှုတွေနဲ့အတူ ချစ်သူတွေ ဖြစ်ခဲ့ကြပါသည်။
သူ့အားချစ်သူအဖြစ် ရွေးချယ်ခဲ့သည့်အကြောင်း သူငယ်ချင်းများအား ဖွင့်ပြောသည့် အခါမှာတော့ အားလုံးက စိုးရိမ်တကြီး တားဆီးပိတ်ပင်ကြပါသည်။ နိုင်ငံရေးသမားတဲ့၊ မရှိဆင်းရဲသားတဲ့၊ အလုပ်အကိုင်ပင် အခြေတကျမရှိတဲ့ ရွာဆွဲခန့် ကျောင်းဆရာတဲ့၊ သူမထက်အသက်ပိုကြီးတယ်တဲ့၊ စသဖြင့် သူ့အားအပုပ်ချပြောကြ၊ သူမအား စိတ်ကူးမယဉ်ဖို့ ပြောကြနှင့်။ သို့ပေမယ့်လဲ ထိုနိုင်ငံရေးသမားဆိုသည်မှာ သူမအတွက်တော့ ဂုဏ်ပုဒ်တခုပင် ဖြစ်ပါသည်။
သူမချစ်သူလေးသည် အာဏာတွေ၊ ရာထူးတွေ၊ အခွင့်အရေးတွေကို မက်မော၍ နိုင်ငံရေးလုပ်နေသူမဟုတ်၊ ခါတော်မှီနိုင်ငံရေးသမားလဲမဟုတ်ပဲ ပြည်သူလူထု၏ ဘ၀ဆင်းရဲတွေကို တွေ့မြင်ပြီး လူထုဘက်မှ ရပ်တည်နေသူဖြစ်သည်။ ဆင်းရဲကျပ်တည်းလှသော အဖိနှိပ်ခံ ပြည်သူများအကြောင်းပြောရင်း ၀ဲတက်လာသော ယောက်ျားသား တယောက်ရဲ့ မျက်ရည်စနောက်ကွယ်က ရင်တွင်းခံစားချက်ကို သူမမြင်တတ်ပါသည်လေ။ ရှစ်လေးလုံးအရေးတော်ပုံကာလက စစ်တပ်မှ သေနတ်နှင့်ပစ်စဉ် သူ့ဘေးမှ ဒဏ်ရာရသူကို ဆွဲကူရင်း သွေးတို့စွန်းပေခဲ့သည့် ပင်နီတိုက်ပုံလေးကို အမှတ်တရသိမ်းထားဆဲ ကျောင်းသားတော်လှန်ရေးသမား၊ “အပြင်မှာလွှင့်ထူလို့မရသေးပေမယ့် တိုက်ပွဲဝင်ခွပ်ဒေါင်းအလံကို ရင်ထဲမှာ အမြဲလွှင့်ထူထားတယ်။ ဒီအလံနဲ့ ယုံကြည်ချက်ကို ဘယ်အရာကမှ လာနှဲ့လို့မရဘူး” လို့ ကြွေးကြော်ထားတဲ့ ရဲရဲတောက်ယောက်ျား။ ဒီလိုလူတယောက်ရဲ့ ချစ်သူဖြစ်ရခြင်းဟာ ဘယ်လောက်ဂုဏ်ယူဖို့ ကောင်းလိုက်ပါသလဲ။
ပြီးတော့ မရှိဆင်းရဲသားဆိုသည့် သူမချစ်သူလေးသည် ကျောက်မျက်ပိုင်းဆိုင်ရာများကို ကျွမ်းကျင်စွာတတ်မြောက်ထားသူဖြစ်ပြီး၊ မိုင်းရှူးကျောက်ဈေးကွက်ထဲဝင်လျှင်ဖြစ်စေ၊ စစ်အစိုးရနှင့် တွဲစပ်လုပ်နေသော ကျောက်ကွက်များတွင် အလုပ်လုပ်လျှင်ဖြစ်စေ ကြီးပွားတိုးတက်နိုင်ပါလျက် သူယုံကြည်ရာဘ၀တွင် နေထိုင်နေသူုဖြစ်သည်။ တလလျှင် လစာအနည်းငယ်နှင့် ရွာထဲနေစဉ် စားစရိတ်ငြိမ်းခံစားခွင့်ကိုသာရသော သူ့အား မြို့ပေါ်တွင် အလုပ်လုပ်ရန် သူမပြောကြည့်ဖူးလေသည်။
“အခုအစ်ကိုလုပ်နေတဲ့ ရွာလေးက အရမ်းခေါင်တယ်ညီမလေး။ ဘယ်အစိုးရခန့်ဆရာမှမလာဘူး။ ရွာကကျောင်းလေးမှာ ကျောင်းသား သုံးဆယ့်တစ်ယောက်ရှိတယ်။ လူသုံးဆယ့်တစ်ယောက်ရဲ့ ပညာမျက်စိကို ဘာနဲ့တန်ဖိုးဖြတ်မလဲညီမလေး။ ပြီးတော့အစ်ကိုဟာ တော်လှန်ရေးသမားပါ။ တော်လှန်ရေးသမားတယောက်ဟာ လူထုထဲမှာ နေရတယ်။ လူထုနဲ့ တသားတည်းရှိနေရတယ်။ လူထုတော်လှန်ရေးဆိုပြီး လူထုနဲ့ကင်းကွာနေတာဟာ စစ်မြေပြင်ကို စွန့်ခွာထွက်ပြေးနေတာနဲ့ အတူတူပဲ” ဆိုတဲ့ စကားသံလေးကို သူထံမှ ပြန်ကြားပြီးသည့်အဆုံး သူမရင်ထဲမှ ချစ်စိတ်တွင် လေးစားမြတ်နိုးစိတ်တို့ပါ တွဲခိုသွားခဲ့ရပါသည်။
“အစ်ကို၊ ရွာရောက်ရင် ဘာကျွေးမှာလဲ”
”ရွာထဲမှာ တိုဖူးသုတ်ဆိုင်လေးတဆိုင်ပဲရှိတယ်ညီမလေးရဲ့။ အဲဒီမှာ ညီမလေးစိတ်တိုင်းကျစား။ မ၀သေးရင် ဘယ်အိမ်မှာ သွားစားစားရတယ်”
“အယ်- မစားပါဘူး။ ရှက်စရာကြီး”
သူမဖျတ်ခနဲပြန်ပြောတော့ သူက သဘောကျစွာရယ်လေသည်။
“သူ့ကိုပစ်မထားနဲ့နော်ညီမလေး။ အဲဒီဆိုင်က ပအိုဝ့်မလေးက အရမ်းချောတာ”
“တိုင်းရင်းသားစည်းလုံးညီညွတ်ရေးဆိုပြီးတော့ပဲ စိတ်ဖြေရတော့မှာပေါ့အစ်မရယ်”
“အမယ်။ ငါ့ညီမလေးကလဲ အပြောကောင်းပဲ။ ကိုဇော်ဝင်းတို့ ဘယ်လိုများ ရှာတွေ့သွားတယ်မသိဘူး”
အစ်ကို့သူငယ်ချင်းအစ်မကြီးတယောက်က၀င်ပြောသည်။ ရိုးသားပွင့်လင်းသူများမို့ ဒီနေ့မှ တွေ့ပေမယ့် ညီအစ်မများပမာ ရင်းနှီးသွားရသည်။ သူမသူငယ်ချင်းများသည် အစ်ကို့သူငယ်ချင်းများဖြစ်မလာပေမယ့် အစ်ကို့သူငယ်ချင်းများကတော့ သူမနှင့် ရင်းနှီးသူများ ဖြစ်လာရပေမည်။ တချိန်တွင် လိုအပ်လာပါ အစ်ကို့ဘ၀ထဲသို့ သူမ၀င်ရမည်မဟုတ်ပါလား။ ပြီးတော့ ထိုအစ်မကြီးများသည် ရှစ်လေးလုံးကာလကတည်းက အစ်ကိုနှင့် လုပ်ဖော်ကိုင်ဖက်များဖြစ်လေသည်။ ဆယ်စုနှစ်တခုကြာသည်အထိ အပြန်အလှန်သစ္စာရှိစွာ၊ ခင်မင်ရင်းနှီးသောမိတ်ဆွေကောင်းများ ရဖို့ဆိုတာ ခက်ခဲပါဘိခြင်း။ တူညီသောစိတ်ဓာတ်၊ ခိုင်မာသောယုံကြည်ချက်၊ ဖြူစင်ရိုးသားသော စေတနာနှင့် ဖြောင့်မတ်ပွင့်လင်းသော ဆက်ဆံရေးတို့ကြောင့်ပင် ဖြစ်ပေလိမ့်မည်။
ရှစ်လေးလုံးနှစ်ပတ်လည်နေ့တိုင်း သူတို့တတွေ အမြဲဆုံကြတာ၊ ကုသိုလ်ကောင်းမှုတွေလုပ်ပြီး ကျဆုံးသွားသူတွေကို အမျှဝေတာလေးတွေ သိရတော့ သူမရင်ထဲ လှပ်ခနဲပင်ဖြစ်သွားသည်။ အို- ဒီလိုလူမျိုးတွေရဲ့ စိတ်ဓာတ်ခွန်အားတွေ ပေါင်းစည်းသွားနိုင်တဲ့ တနေ့ဟာ တော်လှန်ရေးအောင်ပွဲရတဲ့နေ့ပဲ ဖြစ်မှာပါ။
သူမစိတ်ထဲ တွေးတောနေမိသည်။
(ဆက်လက်ဖော်ပြပါမည်)
ခင်မမမျိုး
part 2
part 3
part 4
part 5
part 6