မြစ်တစ်စင်း (အပိုင်း- ၆)
(၁၁)
“ညီမလေး၊ ဘယ်လဲ။ ဟဲဟိုးပဲလား”
မင်္ဂလာဒုံလေဆိပ်တွင် တာဝန်ကျနေသူ အက်စ်ဘီ (special branch) မှ အစ်မကြီးတဦးကမေးသည်။ ရန်ကုန်- ဟဲဟိုးခရီးစဉ်များ၊ အခြားခရီးစဉ်များ မြောက်မြားစွာကို သွားလာနေသော သူမနှင့် မျက်မှန်းတန်းမိနေသူ တယောက်။
“ဟုတ်တယ်အစ်မ။ ဟဲဟိုးပဲ။ ရန်ကုန်သင်တန်းပြီးသွားပြီဆိုတော့ အပြီးပြန်မှာ။ အလုပ်ကိစ္စတွေလဲ သူငယ်ချင်းတွေနဲ့ လွှဲထားခဲ့တယ်။ တလတခါ သွားလိုက်လာလိုက်တွေတော့ ပြီးသွားပြီပေါ့။ အလုပ်ရှိမှပဲ လာဖြစ်တော့မယ်”
ရန်ကုန်ကွန်ပျူတာသင်တန်းတနှစ်ကျော်ကာလအတွင်း စိတ်မချနိုင်သူ မေမေနှင့်ဖွားဖွားတို့အား တလတခါ ပြန်တွေ့နေရသည်မို့ ရန်ကုန်- ဟဲဟိုးခရီးစဉ်သည် သူမအတွက်တော့ အလွတ်ပင်ရနေပေပြီ။ တနာရီဆယ်မိနစ်ခန့်သာရှိသော လေယာဉ်ခရီးစဉ်လေးအား ခေါက်တုန့်ခေါက်ပြန်သွားရင်း လေယာဉ်တစီးသာအပိုင်ရှိရင် နေ့တိုင်းသွားနိုင်မှာပဲဟု စိတ်ကူးယဉ်ကြည့်မိသေးသည်။
“အစ်မတောင် ပရိုမိုးရှင်းနဲ့တောင်ကြီးပြောင်းရမယ်သိလား။ အတော်ပဲ။ ညီမလေးလို နယ်ခံရှိနေတော့”
“ဟာ၊ ဟုတ်လားအစ်မ။ ကျွန်မနယ်ရောက်လာရင်တော့ ဘာမှစိတ်မပူနဲ့။ အားလုံးအဆင်ပြေစေရမယ်။ ခဏလေးနော်အစ်မ။ လိပ်စာကတ်တခါတည်းပေးထားခဲ့မယ်”
“ကျေးဇူးပဲနော်ညီမလေး။ ရောက်ရင်အစ်မဆက်သွယ်လိုက်မယ်”
“ကျေးဇူးတင်စရာမလိုပါဘူးအစ်မရယ်။ အချင်းချင်းတွေပဲ။ ကဲ- ကျွန်မ၀င်တော့မယ်နော်”
ပြောရင်းနှင့် သူမရင်ထဲမှပေါ်လာသော ရယ်ချင်စိတ်ကို မနည်းထိန်းချုပ်ထားခဲ့ရသည်။ အချင်းချင်းဟု ပြောနေသော သူမလက်တွင်ကိုင်ထားသည် အိတ်ထဲတွင်ရှိနေသော စာရွက်တချို့၊ စာအုပ်တချို့ကိုသာ မြင်သွားလျှင် ထိုအစ်မဘယ်လိုနေမည်မသိ။
“အခု ကျွန်မပြန်လာတာရိုးရိုးမဟုတ်ဘူး။ လိုအပ်ရင်နိုင်ငံရေးလှုပ်ရှားမှုထဲမှာ ပါဝင်ဖို့ပြန်လာတာ”
ဒီစကားကိုတော့ သူမရင်ထဲမှာပဲ သိမ်းထားလိုက်ပါသည်။ ဘယ်သူမှ သိလို့မဖြစ်ပါ။ မေမေ့ကိုပင် အသိပေးလို့မဖြစ်။ ဘယ်သူနှင့် ဆက်သွယ်ရမည်ကို ရန်ကုန်မိတ်ဆွေမှ ပြောပြထားသည်မို့ ထိုလူကိုပင် တွေ့အောင်ရှာရပေမည်။
“ကဲသွားညီမလေး။ နောက်ပြန်ဆုံကြသေးတာပေါ့”
ထိုအစ်မကပြောရင်း စောင့်ဆိုင်းနားနေခန်းအထိ လိုက်ပို့ပေးသည်။
(၁၂)
“ညီမလေးထတော့လေ။ လေယာဉ်ဆိုက်နေပြီ”
သူမလက်အားဆုပ်ကိုင်လိုက်သော အထိအတွေ့နှင့် အသံသဲ့သဲ့ကြောင့် သူမရုတ်တရက် လန့်နိုးသွားသည်။
“ ဟင်၊ မြွေတွေရော၊ မြွေတွေရော”
“ညီမလေး အိပ်မက်ယောင်နေပြီထင်တယ်”
သူမလက်အား ခပ်ဆတ်ဆတ်လှုပ်ရမ်းလိုက်တော့မှ သူမသတိဝင်လာရသည်။ ပြုံးကြည့်နေသော လေယာဉ်မယ်အား တွေ့သဖြင့် ရှက်ကိုးရှက်ကန်း ပြန်ပြံုးပြမိသည်။ လေယာဉ်ပေါ်တွင် ခေတ္တအိပ်မောကျသွားဟန်တူသည်။ သို့ပေမယ့် မြင်မက်ရသော အိပ်မက်က အထူးအဆန်း။ မြွေတွေအများကြီးရှိနေသော တွင်းတွင်းအား ခုန်ကျော်ဖြတ်ကူးရန် ကြိုးစားနေဆဲ တဘက်တွင်ရှိနေသော လူတယောက်က လက်ကမ်းပေးနေလေသည်။ မျက်နှာကို မမြင်ရပေမယ့် ညာဘက်လက်တံတောင်ဆစ်နှင့် မနီးမဝေးတွင် ရှိနေသော အမှတ်တခုကတော့ သူမအာရုံထဲ တွဲခိုလာခဲ့သည်။ ဒီလိုပါပဲ။ သွေးလေချောက်ချားမက်တတ်သည်ပေါ့။ သူမအိတ်ထဲတွင်က နိုင်ငံရေးနှင့် ပတ်သက်သော စာရွက်တချို့ပါလာသည်ကိုး။ ပထမဦးဆုံး လက်ဝယ်ကိုင်ပြီး ခရီးသွားရတာဆိုတော့ သူမ နည်းနည်းတော့ ကြောက်မိသလိုလို။
နယ်လေဆိပ်ဖြစ်သော ဟဲဟိုးလေဆိပ်လေးတွင်တော့ အခက်အခဲက မရှိလှပါ။ တာဝန်ကျအားလုံးများနှင့်ကလည်း သိနေပြီးသားဆိုတော့ သူမကိုယ့်အိတ်ကိုပင် ကိုယ်တိုင်ဆွဲရန်မလို။ သူတို့ကတောင် ကူညီဆွဲပေးလိုက်သေးသည်။
ဒရိုင်ဘာဦးထွန်းခွင့်ယူထားပြီး၊ မေမေကလဲ သွားစရာရှိနေ၍ လူနာတယောက်၏ အမျိုးဖြစ်သူအား အကြိုလွှတ်လိုက်မည်ဟု မေမေ့ဆီက ဖုန်းရထားသဖြင့် လာကြိုမည့် လူစိမ်းအား လိုက်ရှာမိသည်။ လေဆိပ်အဆောက်အအုံရှေ့တွင်ကား လူအများ ၀ိုင်းအုံနေပါသည်။ ခရီးဆိုက်လာမည့်သူကို ၀မ်းသာအားရ စောင့်ဆိုင်းကြိုတတ်ကြသည်မှာ မြန်မာ့ ဓလေ့တမျိုးပင် ဖြစ်သည်ကိုး။
“အို- ဘယ်လိုပါလိမ့်”
ဝိုင်းအုံနေသော လူအများကြားမှ လူတယောက်နှင့် မျက်ဝန်းချင်း ဆုံမိစဉ်ခဏ သူမရုတ်တရက်ရင်ခုန်သွားသည်။ ထိုလူ သူမအနီး ရောက်လာသည်အထိ သူမမှာ ရင်အခုန်မရပ်သေး။ အနီးလာပြီး သူမနာမည်မေးတော့မှ မေမေလွှတ်လိုက်သည့်သူမှန်း သတိပြုလိုက်မိသည်။ သူမအိတ်အားဆွဲပြီး ကားရပ်ထားရာဆီသို့ သွားနေသည့် ထိုသူအား ကျောပြင်မှနေ၍ သူမကြည့်နေမိသည်။ စိတ်ထဲတွင် ဘယ်လိုဖြစ်နေသည်မသိ။ မမြင်ဖူးသည့်လူတယောက်၊ မသိသေးသည့် လူတယောက်အား ရင်ခုန်မိသွားခြင်းအတွက် သူမကိုယ်သူမ စိတ်တိုမိသည်။ မဖြစ်သင့်။ လုံးဝမဖြစ်သင့်ပါ။ ယောက်ျားများစွာနှင့် အလုပ်သဘောအရ၊ လူမှုရေးအရ ဆက်ဆံပြောဆိုနေရသော သူမသည် အမည်ပင် မသိသေးသူတယောက်နှင့် မျက်လုံးချင်းဆုံမိသည်နှင့် ရင်ခုန်ရလောက်အောင် ဖြစ်ခဲ့ရသည်ကို လုံးဝမကျေနပ်။ သူမကိုယ်သူမ ရင့်ကျက်ပြီးသားဟု လွဲမှားစွာ အထင်ကြီးနေခဲ့လေသည်။ သြော်- တကယ်တမ်းကျတော့ အချစ်နဲ့တွေ့ရင် ဘယ်သူမှ မရင့်ကျက်နိုင်ကြပါလား။
“မြတ်စွာဘုရား။ ငါဘာတွေတွေးနေမိပါလိမ့်။ အချစ်ဆိုတဲ့စကားလုံးက ဘာကြောင့် ငါ့ခေါင်းထဲ ပေါ်လာရတာလဲ”
သူမကိုယ်သူမတီးတိုးပြောနေမိလေသည်။
“လာ-ညီမလေး။ ကားပေါ်တက်”
ထိုသူက ကားနောက်ခန်းတံခါးအား ဖွင့်ပေးသည်။
“ရပါတယ်အစ်ကို။ ရှေ့မှာပဲစီးမယ်”
ဒရိုင်ဘာနှင့်ဆိုလျှင် နောက်ခန်းမှာပဲ စီးရတာပေမယ့် သူကကျတော့ ခဏကားလာမောင်းပေးသည်ပဲလေ။ အကူအညီလာပေးသူကို ဒီလိုမလုပ်သင့်။ ပြီးတော့ သူနှင့်အတူတူ ယှဉ်တွဲပြီး ကားစီးချင်စိတ်ကလဲ ပေါ်လာလေသည်။
ပြောပြောဆိုဆိုနှင့် ကားရှေ့ခန်းသို့ သူမတက်ထိုင်လိုက်ပါသည်။ ကားကို ကျင်လည်စွာ မောင်းနေသော သူ့အား မသိမသာ ကြည့်နေမိရင်း သူမရင်ထဲမှ ရင်ခုန်သံစည်းချက်များ ကို သူမပြန်ကြားနေရလေသည်။ သူငယ်ချင်းများသူတို့ချစ်သူများအား အဖြစ်သည်းနေခြင်းကို စာနာတတ်မိလာခဲ့ပြီ။
“သီချင်းနားထောင်မလား ညီမလေး”
သူမခေါင်းညိတ်ပြတော့ သူက ကက်ဆက်ခွေလေးအား သွင်းလိုက်သည်။
“ဒီဘ၀မှာမင်းနဲ့တူတူမပေါင်းရပေမယ့်လံ နောင်ဘ၀ဆိုတာ ရှိခဲ့ရင် တောင်းဆုပြုတယ်လေ။ တူတူယှဉ်ကာ ပေါင်းကြရစေသား---”
သီချင်းသံထွက်လာလာချင်း စတော့ခလုပ်ကို သူမဆောင့်ပိတ်လိုက်မိသည်။ ဘာမှန်းလဲမသိ။ စကတည်းက ကွဲတဲ့သီချင်းကြီး။
စိတ်လိုက်မာန်ပါလုပ်လိုက်သော သူမသည် သူလှမ်းကြည့်တော့မှ မှားသွားပြီမှန်းသိလိုက်သည်။ ယောက်ျားတယောက်ရှေ့တွင် ဤမျှ ကိုးရို့ကားရာ ဖြစ်မနေသင့်ဘူးမဟုတ်ပါလား။ ပြီးတော့ ထိုသူသည် ဘယ်သူမှန်းပင် သူမမှာ သိသေးသည်မဟုတ်။ ခက်သည်က သူမကို ကြည့်သော ထိုသူ၏ မျက်ဝန်းလေးများသည် သိမ်မွေ့နူးညံ့လွန်းနေခြင်းပင်ဖြစ်သည်။ သူမကကော မည်သို့ပြန်ကြည့်နေခဲ့မိပါသလဲ။ သူမ မသိပါဘူးလေ။
“ဘာမှမဟုတ်ပါဘူးအစ်ကို။ သီချင်းတွေက ခဏခဏ နားထောင်နေရတော့ ရိုးနေလို့ပါ”
မလုံမလဲနှင့် ဖြေရှင်းချက်ထုတ်လိုက်မိသည်။ သူမကိုယ်သူမလဲ ဒေါသထွက်၍ မဆုံး။ ဒေါသတင်မဟုတ်။ မဆုံးသည်ကတော့ ခရီးပါဖြစ်နေသည်။ ခရီး မဆုံးခင် ရွှေညောင်အလွန်၌ ကားဘီးပေါက်သွားသောကြောင့်ဖြစ်သည်။
“ဟာ။ ဆောရီးပဲနော်။ ကျွန်တော် ချက်ကင်မလုပ်ခဲ့မိဘူး”
“ရပါတယ်ရှင်။ အစ်ကိုက လာကူညီတာပဲဥစ္စာ။ ဒရိုင်ဘာမှမဟုတ်တာ”
“ခဏထိုင်နေနော်။ ကျွန်တော်ဘီးလဲလိုက်ဦးမယ်”
“ကျွန်မပါဆင်းမှာပေါ့”
သူမပြောရင်း၊ ထိုသူနှင့်အတူ ကားပေါ်မှ ဆင်းလိုက်သည်။ ဘာတွေလုပ်နေမှန်း သူမကိုယ်သူမပင် မသိတော့။ သူမသိသည်ကတော့ ထိုသူနှင့်အတူ ကားဘီးအတူတူ လဲနေခြင်းသာ ဖြစ်သည်။
“ရပြီညီမလေး၊ ကားပေါ်တက်တော့”
ထိုသူလက်ရမ်းပြောဆိုလိုက်သည်ကို အမှတ်တမဲ့ ကြည့်မိစဉ်ခဏ။
“မြတ်စွာဘုရား”
သူမအလန့်တကြား ရေရွတ်လိုက်မိပါသည်။ သူ့အားကြည့်ပြီး ဘုရားတလိုက်သည်မို့ ကြောင်တက်တက်ဖြစ်သွားသော သူ့အား ဂရုမစိုက်မိ။ သိချင်သည်ကိုသာ ဆက်တိုက် မေးလိုက်မိသည်။ အရေးထဲ မဖြစ်စဖူး စကားက ထစ်နေပြန်သေးသည်။
“အစ်ကို။ လက်- လက်”
ထိုသူက သူ့လက်အား ပြန်ငုံ့ကြည့်ပါသည်။
“ဟို-ဟိုလေ။ လက်ကအမှတ်က မွေးရာပါလား”
“ဟုတ်တယ်ညီမလေး။ ဘာဖြစ်လို့လဲဟင်”
သူကကြောင်တောင်တောင်နှင့် သူ့လက်အား ပြန်ငုံ့ကြည့်ရင်း ပြန်မေးတော့မှ သူမသတိဝင်လာသည်။
အိပ်မက်ထဲမှအမှတ်နှင့် အပြင်က အမှတ် တပုံစံတည်း တူနေတာကို သွားပြောပြလို့မဖြစ်။
ဒီလိုအူကြောင်ကြောင် အလုပ်မျိုးတော့ သူမလုပ်မည်မဟုတ်။
“ဘာမှမဖြစ်ပါဘူးအစ်ကို။ ရုတ်တရက် သတိထားလိုက်မိလို့ပါ။ ကဲ- သွားကြရအောင်နော်။ အိမ်မှာ ဖွားဖွားတို့တွေ မျှော်နေလောက်ပြီ”
ပြောရင်းဆိုရင်း သူမကားပေါ်သို့ ပြန်တက်လိုက်ပါသည်။ ဒီလိုကိစ္စများအား အယုံအကြည်မရှိပေမယ့် ကြုံဆုံလာရသော တိုက်ဆိုင်မှုလေးများကတော့ အံ့သြဖွယ်ကောင်းပါသည်။ ဘာပဲဖြစ်ဖြစ် အချိန်က အဖြေပေးလာမှာပါလေ။
သူမတွေးရင်း သက်ပြင်းမောတခုကို ချလိုက်မိပါသည်။
“တချိန်ချိန်မှာ ပြောခွင့်ကြုံခဲ့ရင်တော့ ဒီနေ့လေးအကြောင်း အစ်ကို့ကို ပြန်ပြောပြဖြစ်မှာပါလေ”
သူမရင်ထဲက တီးတိုးစကားသံရယ်ပါ။
(ဆက်လက်ဖော်ပြပါမည်)
ခင်မမမျိုး