မြစ်တစင်း (အပိုင်း-၅)
(၁၀)
”ရေတွေတက်လာတဲ့အချိန်က ညသန်းခေါင်ကြီး။ ဘာမှ ယူချိန်မရဘူး။ လူတွေတောင် မနည်းကိုယ်လွတ်ရုန်းကြရတာ။ ဒါတောင် မလွတ်တဲ့လူတွေ အများကြီး။ မဆယ်ရသေးတဲ့ အလောင်းတွေ အခုထိမျောနေတုန်း”
ရေကြီးသည့် အကြောင်းကို ရွာသားတဦးက ပြောပြနေငည်။ သူမတို့ ရောက်နေသည့်နေရာကား ဝေါမြို့နယ်အတွင်းမှ ရွာငယ်လေးတခု။ ဝေါရေဘေးဒဏ် ခံနေကြရသော ပြည်သူများအတွက် ဆန်အိတ်နှင့် အ၀တ်အစားများ လာရောက်လှူဒါန်းကြခြင်းဖြစ်သည်။ အုပ်ချုပ်သူများထံလှူလျှင် ပြည်သူများထံမရောက်ပဲ မင်းဘဏ္ဍာဖြစ်သွားမည်ကို စိုးရိမ်၍ ကိုယ်ထူကိုယ်ထ လော်ရီကားကြီးများဖြင့် ရွာစဉ်လှည့် လှူနေကြခြင်းပါ။ ပဲခူး-ဝေါကားလမ်းမကား ချိုင့်ခွက်များဖြင့် ပြည့်နှက်လျက်။ ရေဒဏ်ကြောင့် ကျိုးကျသွားသော ရထားလမ်းတံတားငယ်လေးတခုနှင့် ရထားစက်ခေါင်းမှာ သူမတို့ရောက်ချိန်အထိ ရှိနေဆဲ။ ကားလမ်းပေါ်မှ လှမ်းမြင်နေရသည်။ လူတွေဘယ်လောက်များ ထိခိုက်သည်မသိ။ သတင်းအမှောင်ချထားသည့် တိုင်းပြည်မို့ ဘာဆိုဘာမှ သိခွင့်မရပါ။ သူမတို့တတွေတောင် နီးစပ်သူ မြို့ခံများဆီမှ ကြားရ၍ ကတိုက်ကရိုက် စီစဉ်ကြရခြင်းပါ။
ရွာသား၏စကားများကို နားထောင်ရင်း သူမကျေနပ်နေမိသည်။ တကယ်လိုအပ်သည့်နေရာတွင် ဖြည့်ဆည်းပေးသည့် ကုသိုလ်လုပ်ငန်းတခု၍ ပါဝင်ခွင့်ရခဲ့ပြီ။ ရန်ကုန်ရောက်နေဆဲမို့ တော်ပါသေးရဲ့။
မငယ်နှင့် ဆုံတွေ့ပြီးနောက်ပိုင်း စစ်တပ်နှင့် ပတ်သက်သော အဖွဲ့အစည်းများ၏ လုပ်ငန်းတာဝန်များကို ဆောင်ရွက်လိုစိတ်က အားနည်းလာသည်။ စိတ်အားထက်သန်မှု မရှိတော့။ တစုံတခုသော အဖြေမထွက်မီ ကြားနေလိုက်တာက ကောင်းမည်ဆိုသော စိတ်ဖြင့် ရန်ကုန်သို့ ရောက်လာခဲ့သည်။ မေမေနှင့်တော့ အတိုက်အခံ အတော်ပြောယူရသည်ပေါ့။
အင်္ဂလန်မှ အဝေးသင်အဖြစ်ပေးသော ကွန်ပျူတာ ဒီပလိုမာတက်ရန်၊ စပ်တူလုပ်ထားသော လုပ်ငန်းတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဦးစီးရန် ပြောလိုက်မှ အဆင်ပြေသွားသည်။ တိတ်တဆိတ်ဆက်သွယ်ရမည့်သူများ ရှိသဖြင့် ရန်ကုန်ဆွေမျိုးများနှင့်လဲ သူမမနေဖြစ်။ ကိုယ့်ဘာသာကို ဌားနေလိုက်သည်။ မြို့ကြီးများတွင် မပျော်၊ နယ်မှာပဲပျော်တတ်သူမို့ အိမ်ဝယ်ပေးပါလားလို့တော့ မေမေ့အား မပူဆာရဲ။ တော်ကြာ ကိုယ့်စကားနှင့်ကိုယ် ရန်ကုန်တွင်ပင် အခြေစိုက်နေနေရဦးမည်။ ရန်ကုန်တွင် မနေချင်၍ ဆေးကျောင်းကိုပင် မန္တလေးတက်ရန် တာစူထားသည်။ ထိုဆေးကျောင်းကလဲ ဘယ်တော့မှ ဖွင့်မည်မသိ။ ၉၆ ကျောင်းသားအရေးအခင်း ဖြစ်ပြီးကတည်းက ပိတ်ထားသည်။
ဘာပဲပြောပြော ရန်ကုန်သို့ ထွက်လာလိုက်ပြီး ရန်ကုန်အသိုင်းအ၀ိုင်းများနှင့်လဲ ခပ်ကင်းကင်းကိုယ့်ဘာသာ ကိုယ်နေလိုက်သဖြင့် အသိုင်းအ၀ိုင်းများနှင့် ဝေးသွားသည်တော့ အမှန်။ တောင်ကြီးတွင်နေသော မငယ်သူငယ်ချင်း အစ်ကိုကြီးတောက်ပေးလိုက်သော လိပ်စာများနှင့် လူများကို သာ သူမတွေ့ဆုံခဲ့သည်။ အလုပ်တဘက်၊ ကျောင်းတဘက်၊ ၀ါသနာပါသော စာသင်ကြားခြင်း (study Guide) ကတဘက်နှင့် သူမမှာလဲ နားချိန်မရခဲ့။ ကွန်ပျူတာပညာရပ်ကို ၀ါသနာမပါပဲ တခြားအကြောင်းပြချက်အတွက် သင်နေရသည်ဖြစ်သော်လဲ မည်သည့်အတတ်ပညာမဆို တချိန်တွင် အသက်မွေးဝမ်းကျောင်း ဖြစ်လာနိုင်သည်ဟူသော ခံယူချက်ဖြင့် သူမကြိုးစားလေ့လာသင်ယူခဲ့သည်။ ပေးဆပ်ထားသည့် အချိန်ကိုတော့ အလဟဿ အဖြစ်မခံနိုင်ပါ။
ဘာလိုလိုနှင့် လများအတန်ငယ်ကြာလာတော့ သူမသိချင်သည်များကို သိခွင့်ရလာသည်. ကျေးရွာများတွင် လူသတ်သည်ဆိုသည်ကို ဟုတ်မဟုတ်လေ့လာခဲ့သော သူမသည် ရန်ကုန်မြို့လယ်ခေ့င် ဆူးလေဘုရားရှေ့ လူသတ်ပွဲအကြောင်းကိုပါ ကြားလာရသည်။ ဆေးရုံကြီးရှေ့ လူသတ်ပွဲအကြောင်းကိုလဲ သိခွင့်ရခဲ့ပြီ။ တံတားဖြူအား တံတားနီအဖြစ် ဘာကြောင့် ခေါ်ကြသည်ကို လဲ သိလိုက်ရပြီ။ အစ်ကိုကြီးတယောက် ဖွက်၍ သိမ်းထားသော ဓာတ်ပုံများနှင့် ရှစ်လေးလုံးစာစောင်အချို့ကိုလဲ ဖတ်ခွင့်ရခဲ့သည်။
ထိုအစ်ကိုကြီးနှင့် ဆုံရသည်ကို သူမမည်သို့မျှမမေ့။ သူမစေ့စေ့ပေါက်ပေါက် မေးမှုများအား သံသယ ရှိလာ၍ထင့်။ “ညည်းက အမ်အိုင်ပလား“ဟုမေးသည်။ သူမကလဲ သွက်လက်စွာပင် “အခုတော့ on the margin ပဲ ရှိသေးတယ်။ အစ်ကိုတို့ ပြောတာတွေ၊ အထောက်အထားတွေ မခိုင်လုံရင်၊ အစ်ကိုတို့ လုပ်တာတွေ မဟုတ်ရင်တော့ ကျွန်မ အမ်အိုင်ထဲ တကယ်ဝင်သွားမှာ” ဟု ပြောလိုက်သည်။ သည်လောက် ပွင့်ပွင့်လင်းလင်းပြောလိုက်တော့လဲ ယုံသွားပုံရသည်။ အဖိုးမဖြတ်နိုင်သော သမိုင်းအထောက်အထားများကို သူမမြင်ခွင့်ရခဲ့ပါသည်။ သူမလဲ မယုံ၍ မရတော့။ သူမတချိန်က ဆူပူသူ အဖျက်သမားများဟု ခေါ်ဝေါ်သမုတ်ခဲ့သူများသည် သူမနှင့် အရင်းနှီးဆုံး အစ်ကို၊ အစ်မများ ဖြစ်လာခဲ့လေပြီ။ နောက်ဆုံး ”တလှေတည်းစီး၊ တခရီးတည်းသွား“ ဆိုသကဲ့သို့ ရေဘေးကယ်ဆယ်ရေးထဲတွင်ပင် သူမပါလာခဲ့ပြီ မဟုတ်ပါလား။
တလှေတည်းစီး၊ တခရီးတည်းသွားဆိုသည်ကတော့ အတော်မှန်သည်။ ယခုရွာလေးသို့လာရာတွင် လော်ရီကားပေါ်မှ ဆန်အိတ်များပေါ်တွင် ထိုင်ကြရင်း နိုင်ငံရေး အကျဉ်းသားဟောင်း အစ်ကိုကြီးတယောက်ပြောပြသည့် ထောင်တွင်း အတွေ့အကြုံများအား နားထောင်ခွင့်ရခဲ့သည်. ရွာသို့ရောက်တော့လဲ ကားလမ်းမဘေးမှ ရွာသည် ရေကြီးနေ၍ သူမတို့အား လှေလှော်၍ လာကြိုခဲ့လေသည်။ ရွာဘုန်းကြီးကျောင်းသို့ရောက်ပြီး ယခုသူမတို့ ထိုင်နေသော နေရာကား ကျောင်းအပေါ်ထပ်ဖြစ်သည်။ ကျောင်းအောက်ထပ်ကား ရေမြှုပ်နေပါသည်။ ကြံကြံဖန်ဖန်ကြုံခဲ့ရသော အတွေ့အကြုံသစ်တခု။
”တာတွေကလဲ ကျိုးတာမြန်လိုက်တာနော်“
အတူပါသူသူအစ်မတယောက်၏ မှတ်ချက်ချသံကြောင့် ရုပ်မြင်သံကြား ဥာဏ်စမ်းပဟေဠိပြိုင်ပွဲများတွင် တပ်မတော်အစိုးရလက်ထက်၌ ဆည်မြောင်းတာတမံ ဘယ်နှစ်ခု ပြီးစီးကြောင်း၊ မည်မျှတိုးတက်ဖွံ့ဖြိုးလာကြောင်း ဖြေခဲ့ဖူးသည်ကို သွားသတိရလိုက်မိသည်။ တက်တက်စင်အောင် လွဲနေပါပကော။
ရိုးသားသော ရွာသားကတော့ သူကြားထားသည်များကို ဆက်ပြောလေသည်။
”ကျိုးမှာပေါ့။ နတ်ကိုင်တာကိုး။ စစ်သားတွေက နတ်မြွေကို သတ်မိတာ။ နတ်မြွေက သာမညဘုန်းဘုန်းကို အိပ်မက်ပေးတာ်။ ”မီးနဲ့ဆေးရမလား၊ ရေနဲ့ဆေးရမလား”ဆိုပြီး။ ဘုန်းဘုန်းက အိပ်မက်ထဲမှမီးနဲ့ဆိုပိုဆိုးမယ်။ ရေနဲ့တေးလို့ မိန့်လိုက်တာတဲ့။ ညတွင်းချင်း တာတွေ ကျိုးကုန်တာ”
သူမနှင့် သူမဘေးတွင် ထိုင်နေသော ကိုသက်တို့ တယောက်မျက်နှာတယောက် ကြည့်မိကြသည်။ အားလုံးလဲ ရေငုံနှုတ်ပိတ်။ ဘာဆက်ပြောရမည်မသိ။ နေရင်းထိုင်ရင်း သူမညဆရာတော်အပြစ်ဖြစ်နေပြီ။ အကြောင်းအရာတခုဖြစ်လျှင် ဘာကြောင့်လဲ မတွေးပဲ ထင်ရာမြင်ရာ လျှောက်ပြောသူများကို အလွန်ပင် စိတ်ကုန်မိသည်။ ထိုသူများက လျှောက်ပြောသည်ကိုရိုးသားသူများက အမှန်ထင်နေကြလေသည်။ သည်လိုကိစ္စတွေ ရှိသည်မရှိသည်ကိုတော့ သူမမငြင်းလို။ နိုင်ငံတော်အကြီးအကဲ ဆိုသူများမှာလဲ ထိုကိစ္စများနှင့်သာ အချိန်ကုန်နေကြလေသည်။ ရှေးဟောင်းဘုရားများအားထီးတင်လျှင် အာဏာမြဲမည်ဆိုသော အခါပေးများကြောင့် ဘုရားများအားလိုက်လံမွမ်းမံပြုပြင်ခြင်း၊ ထီးတော်တင်ခြင်းများ လုပ်နေကြသည်မှာ သူမမျက်မြင်ကိုယ်တွေ့။
မည်သို့ဆိုစေ၊ ယခုရေကြီးသည့်ကိစ္စကတော့ တာတမံများ ပြီးစလွယ် ပြုလုပ်ထား၍ဖြစ်သည်။ စစ်တပ်မှ ပြီးစလွယ် လုပ်ထားသည့် အကြောင်းများကိုတော့ သူမမျက်မြင်တွေ့သိခဲ့ပြီါ် ဖြစ်သည်။ သူမတို့ ရှမ်းပြည်န်ာတောင်ပိုင်းရထားလမ်းသည် ရွှေညောင်ဘူတာတွေင် အဆုံးသတ်ပြီး ရွှေညောင်သည် မြို့တော်တောင်ကြီးနှင့် (၁၂)မိုင်ခန့်သာ ဝေးသည်။ (၁၅)မိနစ်တကြိမ်ထွက်သော လိုင်းကားများ၊ တက္ကစီများနှင့် သူ့ဘာသာသူ လမ်းပန်းဆက်သွယ်ရေးကောင်းပြီးသား။ နေသားတကျဖြစ်ပြီးသား။
ထိုသို့ ရှိနေပါလျက် တောင်ကြီး၊ ရွှေညောင်ရထားလမ်းဆိုသည်ကို အကောင်အထည် ဖော်ကြတော့သည်။ တလအတွင်း ပြီးရမည့် စီမံကိန်း၊ ပေါ်တာဆွဲပြီး စေခိုင်းခံရသူ အနီးအနား ရွာသားများက နောက်တော့ ပြန်ပြောပြကြသည်. အမြန်ပြီးအောင် ရထားလမ်းအောက်ထဲတံင် ငှက်ပျောတုံးတချို့ ထည့်ထားသည် ဟူ၍။ မငယ်သူငယ်ချင်းဖြစ်သူမှ ဤကိစ္စကု ပြန်ပြောစဉ်ကဆိုလျှင် ရထားလမ်းဖွင့်ပွဲ၌ အသင်းတခုကို ကိုယ်စားပြုတက်ခဲ့ပြီး၊ ပထမဆုံးရထားအား တာဝန်ရှိသူများနှင့်အတူ လိုက်ပါစီးနင်းခဲ့သည့် သူမတယောက် အလွန်ပင် ခေါင်းကျိမ်းသွားခဲ့သည်။ မြတ်စွာဘုရား။ ကံကြီးပေလို့။ ယင်းနောက်ပိုင်း ထိုရထားလမ်းအား ဆက်လဲ မသုံးကြတော့ပါ။ စစ်မဟာ ဗျူဟာ ပိုင်းမှကြည့်လျှင်တော့ သုံးသုံး၊ မသုံးသုံး ရထားလမ်းများသည် အလွန်ပင် အသုံးဝင်ပါသည်။ ရိုးမပတ်ရထားလမ်း စီမံကိန်းမှာလည်း ထိုနည်း၎င်းပင်။
“အဲဒီညကလေ၊ အမေ့မေတ္တာဆိုတာကို တကယ် တွေ့လိုက်ရတဲ့ညပဲ“
ရွာမှဦးကြီးတယောက်ပြောသည့် စကားကို ကြားတော့မှ လွင့်မျောနေသည့်စိတ်တို့ သတိဝင်လာသည်။
”ဘယ်လိုဖြစ်လို့လဲအဘ”
ကိုသက်က စိတ်ဝင်တစားဝင်မေးသည်။
“ရွာက ကလေးအမေတယောက်လေ။ ရေတွေတက်လာတဲ့အချိန်မှာ ပြေးရင်လွတ်ရက်သားနဲ့ လသားကလေးလေးကို မရရအောင် ကယ်တာ။ ရေလဲ သေချာကူးတတ်တာ မဟုတ်ဘူး။ နောက်ဆုံး သစ်ပင်အမြင့်ပေါ်ရောက်နေတဲ့ ငါ့ကို ကလေးလှမ်းပေးပြီး ရေထဲ မြှုပ်သွားတာ။ ငါလဲ လှမ်းဆွဲလို့ မမှီလိုက်ဘူး“
ကြားရသူများအားလုံး အို၊အယ်ဖြစ်ကုန်ကြသည်။ သားသမီးအတွက် အသက်စွန့်ရဲသော အမေတယောက်၏ စိတ်ဓာတ်နှင့် မေတ္တာတရား။ စွန့်လွှတ်အနစ်နာခံရဲသော သတ္တိ။ ကလေးပေါင်းထောင်နှင့်ချီ၍ မွေးပေးခဲ့ဖူးသော ဆရာဝန်မေမေကတော့ ပြောဖူးသည်။
“ယောက်ျားတွေဟာ သူတို့ကိုယ်သူတို့ မိန်းမတွေထက် ပိုသတ္တိရှိတယ်၊ မြင့်မြတ်တယ်လို့ ယူဆပြောဆိုတတ်ကြတယ်။ ဒါပေမယ့် သူတို့တွေဟာ မိန်းမတွေရဲ့ သတ္တိရှိမှု၊ မြင့်မြတ်မှုကြောင့် လူဖြစ်ခွင့် ရခဲ့ကြတယ်ဆိုတာ မတွေးမိကြဘူး။ မွေးခန်းထဲ ရောက်လာတဲ့ မိခင်လောင်းတချို့ဆိုရင် ဖွင့်ကို ပြောကြတာသမီး။ ဒေါက်တာရယ်-ကလေးအသက်ရှင်ရင်ပြီးရောကပါတဲ့။ တချို့လဲ ပြောသာမေပြောတာ။ ကလေးကိုပဲ ဦးစားပေးမှန်းသိသာနေတယ်။ မမြင်ရသေးတဲ့ ကလေးလေးကိုတောင် ဒီလောက်မေတ္တာထားရင် တသက်လုံး ရင်အုပ်မကွာ စောင့်ရှောက်ရတဲ့ မိခင်တွေဆိုရင် ဘယ်လိုနေမလဲ။ စဉ်းစားသာကြည့်။ မိခင်တယောက်ရဲ့ အသက်စွန့်ရဲတဲ့ မေတ္တာတရားနဲ့ မြင့်မြတ်မှု၊ သတ္တိရှိမှုကို ဘယ်သူတွေက ယှဉ်နိုင်မှာတဲ့လဲ။ ဒါကြောင့်မိန်းမတွေကို မြင်ရင် ဒီအတိုင်း ကြည့်မနေရဘူး။ မိခင်လောင်းတွေ၊ မိခင်တွေပါလားလို့ လေးစားသမှုနဲ့ ကြည့်ရမယ်သမီး။ အမျိုးသမီးတွေလိုအပ်တာဆိုရင် တတ်နိုင်သမျှ ကူညီပေးရမယ်“
မေမေ့စကားကို မြေ၀ယ်မကျ နားထောင်သူ သူမသည် စစ်တပ်က မိန်းကလေးများကို မုဒိမ်းကျင့်သည် ဆိုသည်ကို အစပြု စိတ်ဝင်စားရာက နိုင်ငံတော်အုပ်ချုပ်သူများကို တော်လှန်နေသူများနှင့် ပေါင်းဖက်မိနေပြီ ဆိုသည်ကိုတော့ မေမေသိဦးမည်မဟုတ်။ သူ့သမီး ကွန်ပျူတာသင်တန်းတက်နေသည်ဟုသာ ထင်ပေလိမ့်မည်။ တနေ့နေ့ သူမအားလုံးကို သိရချိန်မှာတော့ မေမေ့ကိုလဲ သက်သေ သာဓကများဖြင့် ပြောပြဖြစ်ပါလိမ့်မည်။
“အဘ၊ ကလေးလေးကောဟင်။ စောင့်ရှောက်မယ့်လူရှိရဲ့လား“
“ဆွေမျိုးတွေ ဟိုဘက်ရွာမှာ ရှိတယ် တူမကြီးရဲ့”
”တော်သေးတာပေါ့။ သနားစရာကောင်းလိုက်တာ“
သူမတီးတိုးရေရွတ်မိသည်။ လသားအရွယ်မှာ သူ့အတွက် အသက်စွန့်သွားသော အမေဖြစ်သူအား မှတ်မိသိရှိလိုက်မည်ပင် မဟုတ်ပါတကား။
“ဒါနဲ့အဘ။ ဒီဒေသမှာ စစ်တပ်တွေ ဒီလောက်များတာ။ ဖြစ်ဖြစ်ချင်းရေဘေးကယ်ဆယ်ရေး မလာကြဘူးလား“
သူမရုတ်တရက်အမေးကို မည်သူမျှမဖြေကြ။ အမေးခံရသူကလဲ ကြောင်ကြည့်နေသည်။ ရှေ့ပိုင်းတွင် စကားအရမ်းပြောသော ဦးလေးမှာလဲ ရွာလူကြီးအား ကွက်ကြည့်ကွက်ကြည့် ဖြစ်နေတော့မှ သူမအနည်းငယ် လောသွားမှန်းသတိထားလိုက်မိသည်။ ဘယ်သူမှမလာလို့သာ ဒီလို ဖြစ်နေတာပေါ့။ ဖွင့်ပြောရန်ပင် မလိုသည့်ကိစ္စ။
ကိုယ်တွေ့ဆိုတော့ သူမလဲ ရိပ်မိခဲ့ပါပြီ။ နိုင်ငံတော် ဖွံ့ဖြိုးရေး၊ ပြည်သူအကျိုးပြုရေး အော်နေသော ကြံ့ခိုင်ရေးများလဲ တယောက်မှ ပေါ်မလာကြ။ တကယ်ဆို အဖြူအစိမ်းများဝတ်ပြီး ပြေးလာကြပါတော့လား။ လူတွေ ဒီလောက် ဒုက္ခရောက်နေကြသည်ကိုး။
“ကဲ-ဆန်အိတ်တွေ သယ်လို့ပြီးသွားကြပြီဆိုတော့ နောက်တနေရာ ရှေ့ဆက်ကြဦးစို့“
အခြေအနေကို ၀င်ထိန်းသည့်အနေဖြင့် အစ်ကိုကြီးတယောက်က ပြောလိုက်တော့ သူမတို့အားလုံး ထိုင်ရာမှ ထလိုက်ကြပါသည်။