ဘလော့ လိပ်စာသစ်သို့ ပြောင်းရွှေ့ခြင်း

(၂၀၀၇) ခုနှစ်မှစ၍ ဘလော့စာမျက်နှာအား ဖွင့်လှစ်ခဲ့ရာ ဖတ်ရှုအားပေးကြသော စာဖတ်ပရိသတ်အပေါင်းအား အထူးပင် ကျေးဇူးတင်ရှိပါသည်။

ယခုအခါတွင် ဘလော့ကို ဖွင့်ရန် အချိန်ကြာမြင့်မှုများ ရှိနေကြောင်း၊ စာဖတ်သူအချို့မှ အကြောင်းကြားလာပါသဖြင့် www.khinmamamyo.info တွင် စာမျက်နှာသစ်ကို ဖွင့်လှစ်ထားပါသည်။

စာမျက်နှာသစ်တွင် အချို့သော စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ဆောင်ပါးများနှင့် ရသစာစုများ (နှစ်ရာကျော်ခန့်)ကိုလည်း ကဏ္ဍများခွဲ၍ ပြန်လည်ဖော်ပြထားပါသည်။


ယခုဘလော့စာမျက်နှာကို ဆက်လက်ထားရှိထားမည်ဖြစ်သော်လည်း ယနေ့မှစ၍ ပို့စ်အသစ်များ ထပ်မံ တင်တော့မည် မဟုတ်ပါကြောင်းနှင့် ပို့စ်အသစ်များကို စာမျက်နှာသစ်တွင်သာ တင်တော့မည်ဖြစ်ပါကြောင်း လေးစားစွာ အသိပေး အကြောင်းကြားပါသည်။


စာမျက်နှာသစ်သို့ အလည်လာရောက်ပါရန်ကိုလဲ လှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါသည်။


လေးစားစွာဖြင့်



ခင်မမမျိုး (၁၇၊ ၁၀၊ ၂၀၁၁)

www.khinmamamyo.info

Economic sanctions on Gems Trade

Wednesday, December 19, 2007

စီးပွားရေးပိတ်ဆို့မှုနှင့် မြန်မာ့ကျောက်မျက်ရတနာ

ကျောက်မျက်ရတနာများမှ ရရှိသော ၀င်ငွေများဟာ နအဖစစ်အုပ်စုနဲ့ အပေါင်းအပါများရဲ့ အရေးပါသော ၀င်ငွေတခု ဖြစ်ပါတယ်။ ၂၀၀၆ခုနှစ်၊ စက်တင်ဘာလမှ ၂၀၀၇ခုနှစ် မတ်လအတွင်း မြန်မာနိုင်ငံမှ တင်ပို့တဲ့ ကျောက်မျက်ရတနာများရဲ့တန်ဖိုးဟာ အမေရိကန်ဒေါ်လာ (၂၉၆.၉) သန်း ရှိပါတယ်။ ရေနံနဲ့သဘာဝဓာတ်ငွေ့တန်ဖိုးက ၂.၁၆ ဘီလီယံဖြစ်ပြီး၊ ကျွန်းသစ်တန်ဖိုးက (၅၁၉)သန်းဖြစ်တဲ့အတွက် တတိယနေရာမှာ ရှိနေပါတယ်။

နအဖစစ်အုပ်စုဟာ (၁၉၈၈) ခု၊ အာဏာသိမ်းယူပြီး နောက်ပိုင်းကတည်းက မြန်မာ့သယံဇာတ ကျောက်မျက်ရတနာများကို နည်းမျိုးစုံနဲ့ တိုးမြှင့် ထုတ်လုပ်လာကြရာမှာ ၁၉၈၈ခုနှစ်မှာ Gems Blocks (၈)ခုပဲ ရှိရာက၊ (၂၀၀၅)ခုနှစ်မှာ (၆၃၅)ခုဖြစ်လာပါတယ်။ ထုတ်လုပ်မှုပိုင်းမှာကြည့်မယ်ဆိုရင်လဲ ၁၉၈၈ခုနှစ်မှာ (၁၂၆၀၀၀) ကရက်သာ ရှိခဲ့ပြီး၊ (၂၀၀၅)ခုနှစ်မှာကျတော့ (၆၁၂၃၂၀၀၀) ကရက်အထိထုတ်လုပ်မှု ရှိပါတယ်။ ကျောက်စိမ်းဈေးကွက်ကို ကြည့်မယ်ဆိုရင်လဲ (၁၉၈၈)ခုမှာ Jade Blocks (၃)ခုပဲ ရှိရာက (၂၀၀၅)ခုနှစ်မှာ (၁၂၀၂) ဖြစ်လာပါတယ်။ ထုတ်လုပ်မှုပိုင်းမှာလဲ ၁၉၈၈ခုနှစ်က ကျောက်စိမ်းထုတ်လုပ်တင်ပို့မှုဟာ (၁၃၀၀၀၀)ကီလိုသာ ရှိခဲ့ပေမယ့် (၂၀၀၅)ခုနှစ် ထုတ်လုပ်တင်ပို့မှုဟာ (၁၈၄၉၇၀၀၀)ကီလိုဖြစ်ပါတယ်။

ဒီလိုသယံဇာတပစ္စည်းတွေ တိုးမြှင့်ထုတ်လုပ်ရောင်းချနိုင်မှုဟာ တိုင်းပြည်ရဲ့ဝင်ငွေ တိုးတက်မှုဖြစ်တဲ့အတွက် သာမန်ကြည့်မယ်ဆိုရင်တော့ ၀မ်းမြောက်စရာပါ။ နည်းပညာတိုးတက်မှု၊နိုင်ငံတော်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရဲ့ လက္ခဏာတခုပါ။ ဒါပေမယ့် ၀မ်းနည်းစရာကောင်းတာက နိုင်ငံတော်စီးပွားရေး ဖွံ့ဖြိုးမှုဖြစ်မလာပဲ စစ်ဗိုလ်ချုပ်ကြီးများနဲ့ အပေါင်းအပါးတစုတို့ရဲ့ ချမ်းသာကြွယ်ဝမှုကိုသာ ဖြစ်လာစေခဲ့ပါတယ်။

ကျန်းမာရေးကဏ္ဍတိုးတက်မှုမှာ ကြည့်မယ်ဆိုရင် ၅နှစ်အောက် ကလေးငယ်များ သေဆုံးမှုဟာ (၁၉၉၅)ခုနှစ်မှာ လူတထောင်မှာ(၁၃၀)ရှိပြီး၊ (၂၀၀၅)ခုနှစ်မှာ (၁၀၅)ယောက်ဖြစ်ပါတယ်။ အိမ်နီးချင်းနိုင်ငံအများစုက အယောက် (၂၀)၊ ခန့်သာ ရှိပါတော့တယ်။ ဒီတိုင်းတာမှုဟာ နိုင်ငံတနိုင်ငံရဲ့ ကျန်းမာရေးအဆင့်အတန်းကို ဖော်ညွန်းတဲ့ အရေးပါသော ပြယုဂ်တခုပါ။ ဒါကိုကြည့်ခြင်းအားဖြင့်တင် နအဖစစ်အုပ်စုဟာ ကျန်းမာရေး ကဏ္ဍတိုးတက်ရေးကို ဦးစားပေးမလုပ်ဆောင်ခဲ့ကြောင်း သိသာထင်ရှားနေပါတယ်။

ပညာရေးကဏ္ဍကို ကြည့်မယ်ဆိုရင်လဲ secondary school enrollment ratio ဟာ (၁၉၉၅) ခုနှစ်မှာ (၃၈) % သာ ရှိပြီး ၊ (၂၀၀၅)ခုနှစ်ကျတော့လဲ (၄၀)% ပဲ ရှိနေပါတယ်။ ဒီလိုအချိန်မှာ ဒေသတွင်း ပျမ်းမျှ ရာခိုင်နှုန်းဟာ (၈၀)ကျော်ဖြစ်ပါတယ်။

ငွေကြေးဖောင်းပွမှုနှုန်းမှာဆိုရင်လဲ ၁၉၈၈ခု Implicit GDP Deflator ဟာ ၁၆၁.၇ ဖြစ်ပြီး၊ ဆယ်နှစ်အတွင်း (၁၉၉၉) ခုမှာတင် (၁၄၄၉.၄) ကို တိုးသွားခဲ့ပါတယ်။ နိုင်ငံရဲ့ကြွေးမြီဟာ ၁၉၈၈ခုနှစ်မှာ အမေရိကန်ဒေါ်လာ (၄၄၃၁) သန်းဖြစ်ပြီး၊ (၂၀၀၅) ခုနှစ်မှာ (၅.၂) ဘီလီယံဖြစ်ပါတယ်။

(၁၉၉၄)ခုနှစ်ကနေ (၂၀၀၄)ခုနှစ်အကြားကိန်းဂဏန်းများအရ အစိုးရရဲ့ ဘဏ္ဍာရေးခွဲဝေသုံးစွဲမှုဟာ ပညာရေးနဲ့ ကျန်းမာရေးကဏ္ဍမှာ (၅)ရာခိုင်နှုန်းသာ ရှိခဲ့ပြီး၊ ကာကွယ်ရေးနဲ့ စစ်လက်နက်ကဏ္ဍတွေမှာ (၂၂)ရာခိုင်နှုန်းဖြစ်ပါတယ်။

ဒါတွေကို ကြည့်ခြင်းအားဖြင့် မြန်မာ့သယံဇာတထွက်ကုန်များအား တင်ပို့ ရောင်းချခြင်းမှရတဲ့ တိုင်းပြည်ဝင်ငွေတွေဟာ ပြည်သူလူထုအပေါ် ဘာအကျိုးဖြစ်ထွန်းစေမှုမှ မရှိစေခဲ့ကြောင်း ထင်ရှားလှပါတယ်။

မြန်မာ့ကျောက်မျက်ရတနာဈေးကွက်ကို နိုင်ငံတော်ပိုင် Myanmar Gems Enterprise မှ ချုပ်ကိုင်ထားပြီး၊ private gems trading ကုမ္ပဏီများကတော့ (၁၀၀၀) ကျော်ခန့် ရှိပါတယ်။ ဒီကုမ္ပဏီများကို ပိုင်ဆိုင်သူအများစုဟာ နအဖဗိုလ်ချုပ်ဆွေမျိုးများ၊ ငြိမ်းအဖွဲ့အစည်းများနဲ့ အပေါင်းအပါ စီးပွားရေး လုပ်ငန်းရှင်တချို့သာ ဖြစ်ပါတယ်။ ဒါကြောင့် အမေရိကန်နဲ့ ဥရောပနိုင်ငံများရဲ့ မြန်မာ့ကျောက်မျက်ရတနာတင်ပို့ရောင်းချမှု အပေါ် စီးပွားရေးပိတ်ဆို့မှုများဟာ ပြည်သူလူထုကို မထိခိုက်ပဲ နအဖစစ်အုပ်စုများအပေါ်သာ တိုက်ရိုက်ထိခိုက်မှု ရှိမှာဖြစ်ပါတယ်။

တခုပဲ ရှိပါတယ်။ ကျောက်မျက်ရတနာဈေးကွက်ဟာ တခြား commodities တွေဖြစ်တဲ့ clothing & Textiles လို၊ အချိုရည်ပစ္စည်းလို ဈေးကွက်တွေနဲ့တော့ မတူညီခြားနားမှု ရှိနေပါတယ်။ တခြားကုန်ပစ္စည်းတွေက ကမ္ဘာ့ဈေးကွက်ကို တိုက်ရိုက်ထိခိုက်မှု သိပ်မရှိပေမယ့် ဒီဈေးကွက်ကျတော့ global supply fluctuations ဖြစ်နိုင်ပါတယ်။ (၁၉၉၉) ခုနှစ်တုန်းက မိုးကုတ်ကျောက်တွင်းများကို နိုင်ငံခြားသားများ access လုပ်ခွင့် တရားဝင်ပိတ်လိုက်တဲ့အခါတုန်းက ထိုင်းနိုင်ငံရဲ့ ပတ္တမြားဈေးကွက်ကို အကြီးအကျယ် ထိခိုက်သွားခဲ့ပါတယ်။ မြန်မာ့ပတ္တမြားတွေရဲ့ (၉၀)ရာခိုင်နှုန်းဟာ ထိုင်းဈေးကွက်ကိုသွားပြီးမှ ကမ္ဘာကို ပျံ့နှံ့ရောက်ရှိပါတယ်။ Global Ruby Supply ရဲ့ ကိုးဆယ်ရာခိုင်နှုန်းကျော်ဟာ မြန်မာနိုင်ငံက ဖြစ်ပါတယ်။ ဒီအတွက်ကြောင့် ဒီလိုပေါ်လစီမျိုးဟာ အချိန်တိုအတွင်းမှာ၊ အထိရောက်ဆုံးလုပ်နိုင်မှသာ အောင်မြင်နိုင်မှာ ဖြစ်ပါတယ်။ Long-run မှာဆိုရင်တော့ price တွေ အရမ်းတက်သွားပြီး၊ dealer တွေကလဲ alternative နည်းမျိုးစုံကို ရှာဖွေလာမှာဖြစ်ပါတယ်။ global market demand ကို မေ့ထားလို့ မရပါဘူး။ မျက်ဖြူဆိုက်လေ၊ ဆရာကြိုက်လေအခြေအနေမျိုး ဖြစ်သွားနိုင်ပြီး၊ နအဖတွေ အောက်လမ်းနည်းနဲ့ ပိုမိုကြွယ်ဝသွားနိုင်ပါတယ်။

ဒါကြောင့် အချိန်တိုတွင်းမှာ ထိရောက်တဲ့ measures တွေ လုပ်နိုင်မှသာ နအဖစစ်အုပ်စုကို ထိခိုက်မှု ရှိမှာဖြစ်ပါတယ်။ ဥရောပတိုက်အတွင်းမှာပဲ ဂျာမနီနိုင်ငံကို တရားဝင်တင်သွင်းနေမှုဟာ နှစ်စဉ်ယူရိုသန်းပေါင်းများစွာ ရှိနေပါတယ်။ မြန်မာ့ ကျောက်မျက်တွေ အ၀င်များတဲ့ နိုင်ငံတိုင်းမှာ ကျောက်မျက်ရတနာဈေးကွက် လေ့လာစောင့်ကြည့်ရေးအဖွဲ့တွေ ဖွဲ့စည်းပြီး အဲဒီ နိုင်ငံရဲ့ သက်ဆိုင်ရာတွေကို သတင်းပေးပို့၊ ပူးပေါင်းဆောင်ရွက်ဖို့ လိုတယ်လို့ မြင်ပါတယ်။ မဟုတ်ရင် ရွှေသမင်ဘယ်ကထွက်ကိန်းနဲ့ စစ်အုပ်စုကို မထိခိုက်ပဲ Global Market ကိုပဲ ထိခိုက်နေတာမျိုး၊ နိုင်ငံတကာ မှောင်ခိုဂိုဏ်းတွေ ပိုမိုကြီးထွားလာတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။

ခြုံငုံပြောရရင်တော့ ကျောက်မျက်ရတနာ sanction ဟာ စစ်အုပ်စုအပေါ် ထိရောက်မှုရှိပါတယ်။ အမေရိကန်အပြင် အီးယူပါဖြစ်တဲ့အတွက် ထိရောက်မှုအား ကြီးပါလိမ့်မယ်။ ပေါ်လစီမှန်ပေမယ့် တကယ်ထိရောက်အောင် အရှိန်မြှင့်လုပ်ဖို့ လိုပါလိမ့်မယ်။ ဒီအတွက် မြန်မာအတိုက်အခံများကလဲ မျက်စိဖွင့်၊ နားစွင့်ပြီး ယိုပေါက်တွေ၊ လမ်းကြောင်းတွေကို စုံစမ်းဖော်ထုတ်ပေးဖို့ လိုပါလိမ့်မယ်။

(18/12/2007)

  © Blogger templates Newspaper II by Ourblogtemplates.com 2008

Back to TOP