ဘလော့ လိပ်စာသစ်သို့ ပြောင်းရွှေ့ခြင်း

(၂၀၀၇) ခုနှစ်မှစ၍ ဘလော့စာမျက်နှာအား ဖွင့်လှစ်ခဲ့ရာ ဖတ်ရှုအားပေးကြသော စာဖတ်ပရိသတ်အပေါင်းအား အထူးပင် ကျေးဇူးတင်ရှိပါသည်။

ယခုအခါတွင် ဘလော့ကို ဖွင့်ရန် အချိန်ကြာမြင့်မှုများ ရှိနေကြောင်း၊ စာဖတ်သူအချို့မှ အကြောင်းကြားလာပါသဖြင့် www.khinmamamyo.info တွင် စာမျက်နှာသစ်ကို ဖွင့်လှစ်ထားပါသည်။

စာမျက်နှာသစ်တွင် အချို့သော စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ဆောင်ပါးများနှင့် ရသစာစုများ (နှစ်ရာကျော်ခန့်)ကိုလည်း ကဏ္ဍများခွဲ၍ ပြန်လည်ဖော်ပြထားပါသည်။


ယခုဘလော့စာမျက်နှာကို ဆက်လက်ထားရှိထားမည်ဖြစ်သော်လည်း ယနေ့မှစ၍ ပို့စ်အသစ်များ ထပ်မံ တင်တော့မည် မဟုတ်ပါကြောင်းနှင့် ပို့စ်အသစ်များကို စာမျက်နှာသစ်တွင်သာ တင်တော့မည်ဖြစ်ပါကြောင်း လေးစားစွာ အသိပေး အကြောင်းကြားပါသည်။


စာမျက်နှာသစ်သို့ အလည်လာရောက်ပါရန်ကိုလဲ လှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါသည်။


လေးစားစွာဖြင့်



ခင်မမမျိုး (၁၇၊ ၁၀၊ ၂၀၁၁)

www.khinmamamyo.info

လုပ်စရာဆက်လုပ်

Saturday, December 1, 2007

မျှော်လဲမျှော်၊ လုပ်စရာရှိတာလဲလုပ်

စက်တင်ဘာတော်လှန်ရေးပြီးသည့်နောက်ပိုင်း၊ ကုလသမဂ္ဂကိုယ်စားလှယ် ဂမ်ဘာရီ မြန်မာပြည်သို့ နှစ်ကြိမ်သွားရောက်ပြီး နောက်ပိုင်း ကာလတလျှောက် တွေ့ဆုံဆွေးနွေးပွဲ ဆိုသော စကားလုံးများသည် မြန်မာနိုင်ငံရေး၏ အရေးအပါဆုံးစကားလုံးအဖြစ် ထိပ်ဆုံးမှ နေရာရောက်လာသည်။ နအဖမှလည်း ဆက်သွယ်ရေးကိုယ်စားလှယ် ခန့်အပ်ခြင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခြင်း၊ အင်အယ်ဒီခေါင်းဆောင်ပိုင်းများအား တွေ့ဆုံပေးခြင်းများ ပြုလုပ်လာသည့်အခါ တွေ့ဆုံဆွေးနွေးပွဲ ပေါ်ပေါက်လာတော့မည် ဟူသော မျှော်လင့်ချက်ရောင်ခြည်တခုပေါ်ထွန်းလာခဲ့ကြသည်။

တွေ့ဆုံဆွေးနွေးပွဲ မျှော်လင့်ချက်များသည် ယခုမှ ကောက်ခါငင်ခါ ပေါ်လာခြင်းတော့မဟုတ်။ (၁၉၈၈) နောက်ပိုင်း မြန်မာ့နိုင်ငံရေးသည် တွေ့ဆုံဆွေးနွေးပွဲဆီရောက်လိုက်၊ လူထုတိုက်ပွဲဆီရောက်လိုက်နှင့် သံသရာစက်ဝန်း တပတ်လည်သကဲ့သို့ ဖြစ်နေသည်။ နအဖဖက်မှလည်း လူထုအရှိန်ကောင်းလာလျှင် အကြမ်းဖက်ဖြိုခွဲလိုက်၊ နောက်ဆက်တွဲတွင် တွေ့ဆုံဆွေးနွေးပွဲစကားပစ်လိုက်၊ ဖမ်းလိုက်၊ လွှတ်လိုက်နှင့် ချော့တခါ၊ ခြောက်တလှည့်နှင့် ကလေးများကို ကစားနေသကဲ့သို့ ပြုမူနေသည်။ မိမိတို့ အတိုက်အခံများအားလုံး သူတို့ ကစားကွက်တွင် မယောင်သွားစေရန် အလွန်ပင် အရေးကြီးလှသည်။

စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးသည် သတင်းမီဒီယာများ၊ ဘလော့ဂါများ၏ အစွမ်းကြောင့် ကမ္ဘာကြီးတခုလုံးသို့ ပျံ့နှံ့သွားခဲ့သည်။ နိုင်ငံတကာက အာရုံစိုက်ခံခဲ့ရသည်။ စီးပွားရေးပိတ်ဆို့မှုများ ယခင်ကထက်စာလျှင် ပိုမိုထိရောက်မှု ရှိသွားသည်။ ဗိုလ်သန်းရွှေ၏ ကုလားထိုင် အနည်းငယ် လှုပ်လာသည်။ ဤအခြေအနေတွင် နိုင်ငံတကာ၏ အရှိန်၊ ပြည်တွင်း၏ အရှိန်ကို လျှော့ချရန် တနည်းသာ ရှိသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးရန် ကမ်းလှမ်းမှု။ ထိုနည်းကို နအဖတို့ အပြေးအလွှား အသုံးချလိုက်ကြသည်။ နိုင်ငံတကာမှ ယုံစားပြီး အမှန်တကယ် မျှော်လင့်ချက်နှင့် သွားတော့ နအဖဆက်ဆံရေးက မည်သို့ ပြောင်းလာသနည်း။ ကမ္ဘာ့ကုလသမဂ္ဂကိုပင် အရေးဂရု မပြုမှန်း ဂမ်ဘာရီပြည်မ၀င်ခင်ကတည်းက ဌာနေကိုယ်စားလှယ်ကို denounce လုပ်ခြင်းဖြင့် ကြိုတင် message ပေးထားပြီး ဖြစ်သည်။ ဂမ်ဘာရီဝင်သည်။ ဗိုလ်သန်းရွှေ အတွေ့မခံ။ နောက်ဆုံးဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ပေးသည်။ သံတမန်ရေးရာအရ အောင်ပွဲတခုမို့ ဂမ်ဘာရီပျော်ပျော်ကြီး ပြန်ထွက်သည်။ အန်တီစုကိုယ်စား statement ထုတ်ပေးသည်။ အခြေအနေမှန်နှင့် ကိုက်ညီစွာ ထွက်ပေါ်လာသည့် ထိုကမ်းလှမ်းချက်ကို နအဖမည်သို့ တုန့်ပြန်ခဲ့သနည်း။ အကြောင်းအမျိုးမျိုးပြကာ အပြစ်ရှာသည်။ ပုံကြီးချဲ့သည်။ တိုင်းရင်းသားအဖွဲ့များနှင့် လှည့်တိုက်သည်။ ဖျက်မြင်းများမွေးပြီး ပွဲဖျက်ခိုင်းသည်။

ဤနေရာတွင်ပင် နအဖသဘောထားက လယ်ပြင်မှာ ဆင်သွားသလို ပေါ်နေပါပြီ။ နအဖတွေ့ဆုံဆွေးနွေးရေးလမ်းပေါ် မျက်စပစ်လာခြင်းသည် စီးပွားရေးပိတ်ဆို့မှုများ တင်းကြပ်လာချိန်၊ တကမ္ဘာလုံးမှ အာရုံစိုက်လာချိန်တွင် ဖြစ်ပေါ်လာခဲ့ခြင်းသာ ဖြစ်သည်။ အမှန်တကယ် စစ်မှန်သော စိတ်ထားဖြင့် ကမ်းလှမ်းခဲ့ခြင်းသာ မှန်လျှင် ယခုဆိုလျှင် တွေ့ဆုံဆွေးနွေးပွဲက စတင်နေလောက်ပြီဖြစ်သည်။ လတ်တလောအာဆီယံ၏ လုပ်ဆောင်ချက်များကလည်း၊ နအဖတွေ့ဆုံရေးလမ်းပေါ် စလှမ်းခဲ့သည်ထားဦး၊ ပြန်ဆုတ်ရန် အားမာန်များ ဖြည့်တင်းပေးလိုက်ပြီဖြစ်သည်။ ကုလသမဂ္ဂတွင် မဲခွဲရာ၌ အိမ်နီးချင်းနိုင်ငံအများစုသည် ကန့်ကွက်မဲ (သို့မဟုတ်) ကြားနေမဲကိုသာ ပေးသွားခဲ့ကြသည်ကို ထောက်ရှုခြင်းအားဖြင့် မြန်မာ့အရေးသည် မြန်မာတို့၏ အရေးသာဖြစ်ကြောင်း သိမြင်နိုင်ပါသည်။

ယင်းသို့သော အခြေအနေတွင် တွေ့ဆုံဆွေးနွေးပွဲသည် ဖြစ်ချင်လဲ ဖြစ်လာမည်။ ဖြစ်ချင်မှလဲ ဖြစ်လာတော့မည်။ ဖြစ်လာမည်ဆိုပါက လှိုက်လှဲစွာ ကြိုဆိုပါသည်။ သို့ပေမယ့် သေချာသည်ကတော့ နအဖသည် သူတို့ လုပ်စရာရှိသည်ကိုတော့ အင်တိုက်အားတိုက် ဆက်လုပ်နေ ကြခြင်းဖြစ်သည်။ လမ်းပြမြေပုံကို မလွှတ်စတမ်း ဆက်လက်အကောင် အထည်ဖော်နေကြခြင်းသာ ဖြစ်သည်။

ကျွန်ုပ်တို့ကကော ဘာဆက်လုပ်မည်နည်း။ တွေ့ဆုံဆွေးနွေးပွဲကို ထိုင်မျှော်နေမည်လော။ တွေ့ဆုံဆွေးနွေးပွဲဖြစ်ရန် တွန်းအားပေးပေးပါလို့ နိုင်ငံတကာကို တိုက်တွန်းနေမည်လော။ ဒီမိုကရေစီအရေးကို တော်လှန်ရေးတရပ် အမြင်ဖြင့် ကြည့်၍ တိုက်ပွဲသဏ္ဍာန်မျိုးစုံကို ဆက်လက်အားဖြည့် အကောင်အထည်ဖော်ကြမည်လော။

မည်သို့ဆိုစေ၊ ”မျှော်လဲမျှော်ရင်း လုပ်စရာရှိတာလဲ ဆက်လုပ်ကြပါရန်” လေးနက်စွာ တိုက်တွန်းအပ်ပါသည်။ သံသရာစက်ဝန်းထဲတွင် ဆက်လက်လည်ပတ်မနေစေရန် အခြေအနေနှင့် အချိန်အခါက တောင်းဆိုနေပါပြီ။ အနှစ်နှစ်ဆယ် မြန်မာပြည်သည် ဖက်ဆစ်နအဖလက်အောက်တွင် ချုံးချုံးကျနေခဲ့ပါပြီ။ မြန်မာလူမျိုးများတစတစ ပျောက်ကွယ်ပြီး အိမ်နီးချင်းလူမျိုးတစု၏ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမျိုးရေးဝါးမျိုမှုများကို ကြောက်မက်ဖွယ် ခံနေရပါပြီ။ မြန်မာပြည်၏ အနာဂတ်အတွက် စစ်အာဏာရှင် စနစ်ကို အပြီးတိုင် တိုက်ဖျက်ကြပါစို့။

(1/12/2007)

  © Blogger templates Newspaper II by Ourblogtemplates.com 2008

Back to TOP