ဘလော့ လိပ်စာသစ်သို့ ပြောင်းရွှေ့ခြင်း

(၂၀၀၇) ခုနှစ်မှစ၍ ဘလော့စာမျက်နှာအား ဖွင့်လှစ်ခဲ့ရာ ဖတ်ရှုအားပေးကြသော စာဖတ်ပရိသတ်အပေါင်းအား အထူးပင် ကျေးဇူးတင်ရှိပါသည်။

ယခုအခါတွင် ဘလော့ကို ဖွင့်ရန် အချိန်ကြာမြင့်မှုများ ရှိနေကြောင်း၊ စာဖတ်သူအချို့မှ အကြောင်းကြားလာပါသဖြင့် www.khinmamamyo.info တွင် စာမျက်နှာသစ်ကို ဖွင့်လှစ်ထားပါသည်။

စာမျက်နှာသစ်တွင် အချို့သော စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ဆောင်ပါးများနှင့် ရသစာစုများ (နှစ်ရာကျော်ခန့်)ကိုလည်း ကဏ္ဍများခွဲ၍ ပြန်လည်ဖော်ပြထားပါသည်။


ယခုဘလော့စာမျက်နှာကို ဆက်လက်ထားရှိထားမည်ဖြစ်သော်လည်း ယနေ့မှစ၍ ပို့စ်အသစ်များ ထပ်မံ တင်တော့မည် မဟုတ်ပါကြောင်းနှင့် ပို့စ်အသစ်များကို စာမျက်နှာသစ်တွင်သာ တင်တော့မည်ဖြစ်ပါကြောင်း လေးစားစွာ အသိပေး အကြောင်းကြားပါသည်။


စာမျက်နှာသစ်သို့ အလည်လာရောက်ပါရန်ကိုလဲ လှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါသည်။


လေးစားစွာဖြင့်



ခင်မမမျိုး (၁၇၊ ၁၀၊ ၂၀၁၁)

www.khinmamamyo.info

Why market economy fails in Burma

Monday, February 11, 2008

မြန်မာပြည်မှာ ဈေးကွက်စီးပွားရေးစနစ် ဘာကြောင့် မအောင်မြင်ရတာလဲ

မြန်မာပြည်မှာ ဈေးကွက်စီးပွားရေးစနစ် ကျင့်သုံးနေတာ အနှစ်နှစ်ဆယ်နီးနေပြီ။ အခုထိမအောင်မြင်သေးဘူး။ စီးပွားရေးအဆောက်အအုံတခုလုံးက ဖရိုဖရဲဖြစ်နေတယ်။ နိုင်ငံအကြီးအကဲဆိုသူတွေက မြို့တကာလှည့်ပြီး နိုင်ငံတော်ရဲ့ ဦးတည်ချက် (၁၂)ရပ် နဲ့ အညီတို့၊ ခေတ်မှီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်တို့ ဆိုတဲ့ စကားလုံးတွေကို ခါးဝတ်ဘောင်းဘီလို ထည်လဲ ပြောနေတယ်။ ဈေးကွက်စီးပွားရေးစနစ်ပီပြင်စွာ ဖြစ်ပေါ်လာရေးဆိုတဲ့ စကားလုံးကလဲ တီဗွီတွေမှာ၊ သီချင်းခွေတွေမှာ၊ သတင်းစာတွေမှာ၊ ဂျာနယ်တွေမှာ နေ့တိုင်းမှာကို ပါနေတယ်။ နှစ်ပေါင်းများစွာ ရှိနေပြီ။ ဘာလို့ မအောင်မြင်ရလဲ။

အဖြေက ရှင်းပါတယ်။ ဈေးကွက်စီးပွားရေးစနစ်ဆိုတဲ့ သစ်ပင်တပင်ရှင်သန်နိုင်အောင် စိုက်ပျိုးနိုင်မယ့် အရည်အချင်း နအဖမှာ မရှိလို့ပါပဲ။ သစ်ပင်တပင် ရှင်သန်ဖို့ဆိုတာက အဲဒီသစ်ပင် ရှင်သန်နိုင်မယ့် ရေခံမြေခံကို ရှာဖွေဖန်တီးပြီး မျိုးစေ့ချနိုင်မှ၊ အပင်ရှင်သန်အောင်လဲ လိုအပ်တဲ့ မြေသြဇာထည့်နိုင်မှ၊ ရေလောင်းပေါင်းသင်နိုင်မှ အပင်ရှင်သန်မှာပါ။ ဒီလိုပါပဲ။ ဈေးကွက်စီးပွားရေးစနစ် အောင်မြင်ဖို့မှာလဲ preconditions၊ facilitations တွေ ရှိရပါလိမ့်မယ်။

ပထမတချက်က ဘဏ်လုပ်ငန်း၊ အာမခံလုပ်ငန်းများအပေါ် ယုံကြည်မှုလိုအပ်ပါတယ်။ မြန်မာပြည်က ဘဏ်လုပ်ငန်းတွေရဲ့ နောက်ကွယ်မှာ စစ်ဗိုလ်ချုပ်တွေ၊ ဘိန်းရာဇာတွေက ကြိုးကိုင်လှုပ်ရှားနေကြတာပါ။ လုပ်ငန်းကိစ္စတွေအတွက်သာ မလွှဲမရှောင်သာ အသုံးပြုနေရပေမယ့်၊ စိတ်ချယုံကြည်စွာ သုံးနေကြရတာတော့ မဟုတ်ပါ။ နည်းနည်းများလှုပ်တယ်ကြားတာနဲ့ ဘဏ်တွေရှေ့မှာ ၀ိုင်းအုံပြီး ငွေလာထုတ်ကြတဲ့ လူအုပ်ကြီးတွေက နည်းမှ မနည်းတာပဲ။ ဒါကို ကြည့်တာနဲ့တင် ဒီအချက်မှာ အားနည်းနေတာ သေချာနေပြီ။

နောက်တချက်က တရားဥပဒေစိုးမိုးရေးပါ။ စီးပွားရေးဆိုင်ရာမှုခင်းတွေဖြစ်လာတဲ့အခါ မှန်မှန်ကန်ကန် စီရင်ဖို့ပါ။ မြန်မာပြည်မှာက ငွေများငွေနိုင်၊ လူကြီးများများနဲ့ သိသူနိုင်ဆိုတဲ့ အခြေအနေမျိုးတွေ ဖြစ်နေတယ်။ တရားသူကြီးတွေကလဲ လာဘ်စားကြတယ်။ စစ်ဗိုလ်တွေကလဲ ယူနီဖောင်းဝတ်အာဏာကို အငှားလိုက်ကြသေးတယ်။ စီးပွားရေးစာချုပ်တွေချုပ်ရင် တဘက်လူကို ကြိုချောက်ထားဖို့ ယူနီဖောင်းဝတ်တွေကို ခဏငှားပြီး ဘေးမှာ လိုက်ထိုင်ခိုင်းတာမျိုးတွေပေါ့။

နောက်တချက်က monopolistic control ဆိုတဲ့ တဦးတည်းကနေ ဈေးကွက်ကို ချုပ်ကိုင်ထားတာ မဟုတ်ပဲ ဈေးကွက်အတွင်းမှာ အပြိုင်အဆိုင်တွေ ဖြစ်နေဖို့ လိုပါတယ်။ မြန်မာပြည်မှာက ဈေးကွက်တော်တော်များများကို ဗိုလ်ချုပ်တွေရဲ့ အမည်ခံသူဌေးတွေရယ်၊ ဦးပိုင်ရယ်၊ ငြိမ်းအဖွဲ့တွေရယ်က လက်ဝါးကြီးအုပ်ထားကြတယ်။ ဈေးကွက်စီးပွားရေးဆိုတာက competitiveness အပေါ်မှာ အခြေခံပါတယ်။ ဒီလို လက်ဝါးကြီးအုပ်လိုက်တာနဲ့ စနစ်ပျက်တာပါပဲ။ ဘယ်လိုမှ မအောင်မြင်နိုင်ပါဘူး။

နောက်တချက်ကတော့ သတင်းအချက်အလက်နဲ့ ဆိုင်ပါတယ်။ စီးပွားရေးသတင်းအချက်အလက်တွေကို ကန့်သတ်မှုကင်းစွာ၊ ဘက်လိုက်မှုကင်းစွာ ရရှိနိုင်မှုပါ။ မြန်မာပြည်မှာက ဒီလိုရိုးသားမှုတွေ မရှိဘူး။ အရပ်စကားနဲ့ဆိုရရင်တော့ ဂွင်စီးပွားရေးတွေ ဖြစ်နေတယ်။ ဂွင်ဝင်မှ၊ ဂွင်ရှိမှ၊ ခုတ်နိုင်မှ၊ လှီးနိုင်မှ ဆိုတာမျိုးတွေ ဖြစ်နေတယ်။ အဲဒီဂွင်ဆိုတာကဘာလဲ။ နအဖဘက်လူတွေနဲ့ ရင်းနှီးပတ်သက်မှုကို ပြောတာပါ။ ဒါတွေမရှိပဲ ဘယ်လိုမှ စီးပွားရေးလုပ်လို့ မရပါဘူး။

နောက်တချက်ကတော့ အုပ်ချုပ်သူအစိုးရရဲ့ ရိုးသားမှုပါ။ ဒီအချက်က အရေးကြီးဆုံးဖြစ်ပါတယ်။ ဒီမိုကရေစီနိုင်ငံတခုမှာ စီးပွားရေးသမားတယောက် ပါတီကို donate လုပ်တဲ့ စတာလင်ပေါင် (၇၅၀) တန် ချက် လက်မှတ်ကို declare မလုပ်မိလို့ ၀န်ကြီးတယောက် ရာထူးက နှုတ်ထွက်ပေးရပါတယ်။ ကဲ- မြန်မာပြည်မှာ ဒီလို ကိုယ်ကျိုးရှာမှုအတွက်သာ ရာထူးက ထွက်ရမယ်ဆိုရင် အစိုးရတဖွဲ့လုံးတယောက်တောင် ကျန်ပါတော့မလား။

နောက်တချက်က ငွေကြေးဈေးနှုန်းတည်ငြိမ်မှုပါ။ မြန်မာပြည်မှာက အစိုးရဈေးတောင် တရားဝင်နှစ်မျိုးဖြစ်နေပါတယ်။ ငွေကြေးဖောင်းပွနှုန်းကလဲ အရမ်းကို မြင့်နေပါတယ်။ ကျပ်ငွေကို စိတ်မချလို့ တရုတ်နယ်စပ်ကုန်သွယ်ရေးတွေမှာ တရုတ်ငွေကြေးနဲ့ပဲ စကားပြောကြပါတော့တယ်။ (၁၉၉၉) တ၀ိုက်ကတည်းက မူဆယ်၊ မန္တလေးက ကုန်သည်တွေ တရုတ်ပိုက်ဆံပဲ သုံးနေကြပါတော့တယ်။ မြန်မာပြည်ငွေကြေးက အဲဒီလောက်ကို အခြေအနေဆိုးပါတယ်။ နိုင်ငံတကာ ကုန်သွယ်မှုအတွက် စိတ်မချရတဲ့ ငွေကြေးစနစ်ရှိနေတဲ့ နိုင်ငံတနိုင်ငံရဲ့ စီးပွားရေးဟာ ဘယ်လိုအောင်မြင်ပါတော့မလဲ။

ဒီအချက်တွေကို လေ့လာကြည့်မယ်ဆိုရင် ရွှေသမင် ဘယ်ကထွက်၊ မင်းကြီးတာကထွက် ဆိုသလိုပဲ မြန်မာပြည်မှာ ဈေးကွက်စီးပွားရေးမအောင်မြင်တာ၊ မြန်မာ့စီးပွားရေး ခြွတ်ချုံကျနေရတာတွေဟာ ရှိသင့်တဲ့ preconditions တွေကို နအဖက မဖန်တီးပေးနိုင်လို့၊ မှန်မှန်ကန်ကန် အုပ်ချုပ်မှု မလုပ်နိုင်လို့ဆိုတာ ထင်ရှားနေပါတယ်။ ဒါကို အမေရိကန်က စီးပွားရေး ပိတ်ဆို့လို့ဆိုပြီး၊ ညောင်ဦးကမ်းပါးပြိုတာကို စမာနဂိုလ်က နွားမပေါင်ကျိုးတဲ့ ဇာတ်ခင်းနေကြရင်တော့ ဈေးကွက်စီးပွားရေးတင်မအောင်မြင်တာမဟုတ်ပဲ၊ မြန်မာ့စီးပွားရေးအဆောက်အအုံကြီးပါပြိုလဲပြီး၊ တရုတ်လက်အောက်ခံ ကျွန်ဘ၀ကို မသိမသာ ရောက်သွားတော့မှာ အသေအချာပဲ။

ခင်မမမျိုး (၁၀၊၂၊၂၀၀၈)

  © Blogger templates Newspaper II by Ourblogtemplates.com 2008

Back to TOP