ဘလော့ လိပ်စာသစ်သို့ ပြောင်းရွှေ့ခြင်း

(၂၀၀၇) ခုနှစ်မှစ၍ ဘလော့စာမျက်နှာအား ဖွင့်လှစ်ခဲ့ရာ ဖတ်ရှုအားပေးကြသော စာဖတ်ပရိသတ်အပေါင်းအား အထူးပင် ကျေးဇူးတင်ရှိပါသည်။

ယခုအခါတွင် ဘလော့ကို ဖွင့်ရန် အချိန်ကြာမြင့်မှုများ ရှိနေကြောင်း၊ စာဖတ်သူအချို့မှ အကြောင်းကြားလာပါသဖြင့် www.khinmamamyo.info တွင် စာမျက်နှာသစ်ကို ဖွင့်လှစ်ထားပါသည်။

စာမျက်နှာသစ်တွင် အချို့သော စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ဆောင်ပါးများနှင့် ရသစာစုများ (နှစ်ရာကျော်ခန့်)ကိုလည်း ကဏ္ဍများခွဲ၍ ပြန်လည်ဖော်ပြထားပါသည်။


ယခုဘလော့စာမျက်နှာကို ဆက်လက်ထားရှိထားမည်ဖြစ်သော်လည်း ယနေ့မှစ၍ ပို့စ်အသစ်များ ထပ်မံ တင်တော့မည် မဟုတ်ပါကြောင်းနှင့် ပို့စ်အသစ်များကို စာမျက်နှာသစ်တွင်သာ တင်တော့မည်ဖြစ်ပါကြောင်း လေးစားစွာ အသိပေး အကြောင်းကြားပါသည်။


စာမျက်နှာသစ်သို့ အလည်လာရောက်ပါရန်ကိုလဲ လှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါသည်။


လေးစားစွာဖြင့်



ခင်မမမျိုး (၁၇၊ ၁၀၊ ၂၀၁၁)

www.khinmamamyo.info

ရေးမိရေးရာ

Friday, February 8, 2008

ရေးမိရေးရာ

အခုတလော ကျွန်မအလုပ်တွေ အရမ်းများတာပဲ။ လုပ်ကို လုပ်ရမယ့် ကိစ္စတွေကတမျိုး၊ လုပ်သင့်တဲ့ကိစ္စတွေကတမျိုး၊ လုပ်ဖို့လိုအပ်တယ်ထင်တဲ့ ကိစ္စတွေကတမျိုး၊ လုပ်ချင်တဲ့ ကိစ္စတွေက တမျိုးနဲ့ အချိန်ဆိုတာများ ငှားလို့ရရင် ငှားသုံးချင်မိတယ်။ တကယ်ပဲ။

အလုပ်ရယ်၊ ကျောင်းရယ်၊ ကလေးရယ်၊ နိုင်ငံရေးရယ်၊ စာရေးတဲ့ ၀ါသနာရယ်ကို မျှမျှတတဖြစ်အောင် ခွဲသုံးနေရတာဆိုတော့ ဟိုနားလစ်ဟင်း၊ ဒီနားလစ်ဟင်းတာလေးတွေ ရှိနေရတာ စိတ်မကောင်းဖြစ်မိတယ်။ ဒါပေမယ့်လဲ မတတ်နိုင်တော့ဘူး။ အခုတောင် တနေ့အိပ်ချိန် (၆)နာရီကို မနည်းရအောင် လုပ်နေရတယ်။

နံနက် (၅)နာရီဆို အိပ်ယာထ၊ တရားထိုင်၊စာလေးနဲနဲဖတ်၊ (၆)နာရီခွဲတာနဲ့ နံနက်စာစား၊ (၇)နာရီဆို သားလေးကို နံနက်စာကျွေး၊ အ၀တ်လဲပေးပြီးတာနဲ့ (၇)နာရီခွဲဆို ကားပေါ်ရောက်၊သားကို nursery ပို့၊ အလုပ်ထဲရောက်ရင် (၉)နာရီနီးပါးဖြစ်နေပြီ။ Traffic တွေကလဲ ရုံးချိန်၊ ကျောင်းချိန်တွေဆို သိပ်ဆိုးမဟုတ်လား။ ဒါတောင် တော်သေးတယ်။ ကျောင်းရော၊ အလုပ်ရောက တနေရာထဲမှာ ဖြစ်နေလို့။ မဟုတ်ရင်။ တနေရာနဲ့တနေရာ ကူးနေရတာနဲ့ပဲ လမ်းမှာ အသက်ထွက်နိုင်တယ်။အဲလိုနဲ့ အိမ်ပြန်ရောက်ချိန်က (၇)နာရီ။ သားကို ညစာကျွေး၊ ကိုယ်တိုင်လဲ စားပြီးချိန်က (၈)နာရီကျော်။ ဒါတောင် ချက်စားတာမဟုတ်ပဲ ရှိတဲ့ဟာ oven ထဲ ပစ်ထည့်စားနေလို့။ ချက်များစားနေရရင် မိုးတောင် လင်းကုန်မလားပဲ။ ပြီးရင် သားကို သိပ်ရပြန်တာနဲ့ ကွန်ပျူတာရှေ့ထိုင်မိချိန်ဟာ ကိုးနာရီ အစောဆုံး။ အဲလိုအချိန်မှာ ဖုန်းလာလိုက်လို့ သားပြန်နိုးသွားရင်တော့ ကမ္ဘာကို ပျက်ကုန်ရော။ ဒီလိုနဲ့ပဲ လုပ်ရမှာတွေ၊ လုပ်သင့်တာတွေလုပ်၊ ဖတ်ရမှာတွေ ဖတ်ရင်းနဲ့ ပြီးရင် အချိန်က (၁၁)နာရီနား ရောက်ရောက်သွားရော။ အိပ်ချင်ချင်၊ မအိပ်ချင်ချင်၊ စိပ်ပုတီးစိပ်ပြီးတာနဲ့ အတင်းထိုးအိပ်ရတော့တာပဲ။ တကယ်တော့လဲ ခန္ဓာက နားချင်နေပါပြီ၊ စိတ်ဆောင်လို့သာ။ အိပ်ချလိုက်တော့လဲ ပျော်သွားတာပါပဲ။

စနေ၊ တနင်္ဂနွေကျတော့လဲ၊ ဒီလိုပါပဲ၊ လုပ်စရာတွေ က တန်းစီနေပြန်ရော။ ဘယ်တော့မှ မပြီးနိုင်တဲ့ အိမ်အလုပ်ဆိုတာက ရှိသေးတယ်မဟုတ်လား။ သားကလဲ တနှစ်နီးပြီဆိုတော့ ဆော့လိုက်တာဆိုတာ။ ဆရာ၊ ဆရာမများ၊ လုပ်ဖော်ကိုင်ဖက်များ၊ သူငယ်ချင်းများ ၀ိုင်းဝန်းပေးထားကြတဲ့ ခြင်း(၃)ခြင်းအပြည့် အရုပ်များစွာဟာ ကျွန်မရဲ့ ဧည့်ခန်းတခန်း၊ အိပ်ခန်း (၂)ခန်းသာ ရှိတဲ့ တိုက်ခန်းလေးကို ခြေချစရာနေရာမရှိအောင် နေရာယူကြပါတော့တယ်။ ဒါတောင် လေးဘက်တွားမို့လို့။ လမ်းနည်းနည်းစ လျှောက်နေပြီဆိုတော့ မကြာခင် လမ်းလျှောက်လိုက်၊ ပြေးလိုက်စလုပ်တဲ့အခါ ကျွန်မအိမ်ပေါ်က ဆင်းပြေးရတော့မယ် ထင်ပါရဲ့။ မိဘကျေးဇူးဆိုတာ ကိုယ်တိုင်မိဘဖြစ်တော့မှ သိတယ်တဲ့။ ဟုတ်လိုက်လေနော်။ ကျွန်မတော့ လုံးချာလည်လိုက်နေတော့တာပဲ။

အလုပ်ရှုပ်ပါတယ်ဆိုမှ စိတ်အခန့်မသင့်စရာတွေကလဲ ရှိရသေး။ ကျွန်မလုပ်နေတဲ့ သုတေသနတခုက result တွေက ကျွန်မကို အတော်စိတ်အနှောင့်အယှက်ပေးနေပြန်ရော။ Military Expenditures ရဲ့ Economic Growth အပေါ် သက်ရောက်မှုတွေကို cross-sectional countries analysis လုပ်နေတဲ့ အပိုင်းမှာပေါ့။ Estimation results တွေက positive impact ဖြစ်နေတယ်။ တကယ်တော့ positive impact များတာကို literature review မှာကတည်းက သိပြီးသားပါ။ ဒါကို argue လုပ်ချင်လို့ကို ဖွံ့ဖြိုးဆဲနိုင်ငံတွေကို တမင်ရွေးပြီး၊ simulation လုပ်ကြည့်တာပေါ့။ results တွေကိုင်ပြီး၊ မကျေမနပ်ဖြစ်နေတဲ့ ကျွန်မကို ပါမောက္ခက ပြောတယ်။ positive လား၊ negative လား သိချင်လို့ model ဆွဲပြီး၊ econometric estimation လုပ်တာပဲ။ အခုအဖြေသိရပြီ။ ဘာကို မကျေနပ်နေတာလဲ။ သုတေသနနယ်ပယ်ရောက်ရင် biased မရှိရဘူးလေတဲ့။ ထားပါတော့လေ။ အားလုံးက growth rate ကိုပဲ မူတည်တွက်နေတာကိုး။ Economic Growth variables တွေတင်မကပဲ Human Development variables တွေနဲ့ တခါထပ်ပြီး လုပ်ကြည့်ဦးမယ်။

အရေးထဲ Departmental seminar တခုမှာ which comes first, Democracy or Economic Development? : Comparative analysis of India and China ခေါင်းစဉ်နဲ့ ပြောတဲ့တယောက်က သူ့ဟာသူ တရုတ်အကြောင်း၊ ကုလားအကြောင်း ပြောတာတင်မဟုတ်ပဲ နှစ်ခုကြားက မြန်မာအကြောင်းလေးပါ ထည့်ပြောရင်း၊ မြန်မာတွေ ဒီမိုကရေစီအရေး လုပ်နေတာကပဲ မှားနေသလိုလို ထည့်ပြောသွားသေးတယ်။ မကြာခင်လေးတင်ကပဲ ကျောင်းထဲမှာ campaign လုပ်၊ ဟောပြောပွဲလုပ်ထားတဲ့ ကျွန်မမျက်နှာကို လှမ်းလှမ်းကြည့်ပြီး၊ ပြောသွားတာပါရှင်။ ဘယ်ရမလဲ။ကျွန်မလဲ India Democracy ထဲက flaws ဖြစ်နေတာတွေထောက်ပြ၊ တရုတ်ရဲ့ Economic Liberalization လေးတွေ ပြန်ထပြန်မေးလုပ်ပြီးပြောရတာပေါ့။ ဒါပေမယ့် အချိန်က သိပ်မရလိုက်ဘူး။ seminar ဆိုတော့လဲ အမေး၊ အဖြေအချိန်မှာ ကိုယ်ပြောချင်တာတွေချည်း သွားပြောနေလို့မှ မရတာ။

နောက်ဆုံးတော့ စိတ်ထဲမှာ ဘယ်လိုမှ နေလို့မရတာနဲ့ တညနေမှာ သူငယ်ချင်းတယောက်ကို ကလေးလာထိန်းခိုင်းပြီး၊ သူ့ကို စပိန်စားသောက်ဆိုင်တခုမှာ ချိန်းပြီးတော့ကို ပိုက်ဆံအကုန်ခံပြီး၊ ပြန်argue လုပ်ရတော့တယ်။ ဒီမိုကရေစီနိုင်ငံဆိုတာကလဲ ဒီမိုကရေစီနိုင်ငံလို့ ကြေငြာထားရုံနဲ့မှ မပြီးတာ။ ဒီမိုကရေစီ ကျင့်စဉ်တွေ အများကြီး ကျင့်သုံးရတာလေ။ အဲဒီမှာ အားနည်းချက်တွေ ရှိတာပဲ။ ကမ္ဘာပေါ်မှာ ပြီးပြည့်စုံကောင်းမွန်တဲ့နိုင်ငံရေး စနစ်ဆိုတာတော့ လုံးဝမပေါ်ပေါက်သေးဘူး။ ဒါပေမယ့် အားလုံးထဲမှာမှ ဒီမိုကရေစီက အကောင်းဆုံးပဲ ဖြစ်နေတယ်ဆိုတာ လက်တွေ့မို့ တကမ္ဘာလုံးက တိုင်းပြည်တွေ ဒီစနစ်ကို အကောင်အထည်ဖော်ကြရတာ။ ပြီးတော့ ဈေးကွက်စီးပွားရေးအပိုင်း၊ ဖွံ့ဖြိုးရေးဆိုင်ရာ စီးပွားရေးပညာရှင်တွေက ဈေးကွက်စီးပွားရေးစနစ်အောင်မြင်စွာ ကျင့်သုံးဖို့လိုအပ်မယ့် pre-conditions တွေ ကို ဖော်ထုတ်ခဲ့ကြတယ်။ တရုတ်ပြည်မှာက အဲဒီအချက်တွေကိုရှိတယ်။ မြန်မာပြည်မှာက မရှိဘူး။ ပြီးတော့ တရုတ်ခေါင်းဆောင်တွေနဲ့ မြန်မာအုပ်ချုပ်သူတွေ ကွာတာက အများကြီး၊ တရုတ်ခေါင်းဆောင်တွေက ဘာပဲပြောပြော political ideology တခုကို အခြေခံကြတာ။ တိုင်းပြည်ကို တိုးတက်ချင်စိတ်တော့ ရှိတယ်။ မြန်မာအုပ်ချုပ်သူတွေက ငါ့သား၊ ငါ့မယား၊ ငါ့ဆွေမျိုးအတွက် ခိုးဖို့ကလွဲရင် ဘာစိတ်ဓာတ်မှ ရှိတာမဟုတ်ဘူး။ မတူတဲ့အချက်တွေကို သေချာကို ပြောပြလိုက်ရတယ်။ နောက်ဆုံးတော့လဲ သူကသူပြောလိုက်မိတာကို တောင်းပန်ပါတယ်။ ရှင်းလိုက်တော့လဲ ပြီးသွားတာပေါ့။ ကျွန်မက အတင်းသွားပြောတာမျိုး မဟုတ်ပါဘူး။ သူလဲပဲ ပညာရှင် တယောက်ပဲဥစ္စာ။ ငါနဲ့မတူ၊ ငါ့ရန်သူစိတ်မထားပါဘူး။ သူလဲမြန်မာပြည်ရဲ့ အခြေအနေတစေ့တစောင်း သိသွားတယ်။ စာတမ်းတခုခု တူတူရေးရအောင်တဲ့။ မဆိုးပါဘူး။“ မြန်မာပြည်ကို စီးပွားရေးပိတ်ဆို့နေတာမှားတယ်။ စီးပွားရေးဖွံ့ဖြိုးအောင် အရင်လုပ်ရမယ်။ ပြီးရင် အလိုလိုနေရင်း နိုင်ငံရေးစနစ်က ပြောင်းသွားမှာပဲ”လို့ ဆိုနေသူတွေ ရှိနေတာဆိုတော့ စာတမ်းလေးတခုရေးပြီး ပြန် argue လုပ်နိုင်ရင်တော့ ကောင်းတာပေါ့။

အင်း။ Debate တွေကတော့ အမျိုးမျိုး ဖြစ်မှာပါပဲလေ။ ပညာရပ်တခုထဲမှာတောင် mainstream economistတွေ၊ political economist တွေ၊ Development economist တွေအမြင်တမျိုးစီတွေနဲ့ ရေးကြ၊ ဆွေးနွေးကြဖြစ်နေတာ။ Background တမျိုးစီကဆို ပိုဆိုးတော့မှာပေါ့။ နိုင်ငံရေး ဌာနဘက်မှာလဲ Human Rightsသမားတွေနဲ့ national security ဘက်တွေနဲ့ နောင်ဂျိန်ချနေလေရဲ့။ ဘယ်ဟာက ပို အရေးကြီးလဲ ဆိုပြီးတော့။ ဘာပဲဖြစ်ဖြစ်၊ မတူတဲ့ အမြင်တွေကို ဒီလိုစကားတွေ၊ စာတွေနဲ့ ညှိနှိုင်းကြ၊ ဆွေးနွေးကြ၊ ပြောဆိုကြတာက လူ့ယဉ်ကျေးတွေရဲ့ အလုပ်ပဲ မဟုတ်လား။ တဘက်ကဆွေးနွေးလာရင် ဘာပြန်ပြောရမှန်းမသိလို့ သေနတ်ကြီးတွေပြပြီး အတင်းပါးစပ်ပိတ်တာတွေကသာ လူရိုင်းတွေရဲ့ အလုပ်။ ဟုတ်တယ်ဟုတ်။

ခင်မမမျိုး (၈၊၂၊၂၀၀၈)

  © Blogger templates Newspaper II by Ourblogtemplates.com 2008

Back to TOP