ဘယ်တော့မှ၊ ဘယ်တော့မှ အားမလျှော့ပါနဲ့
တနင်္ဂနွေနေ့ဆိုတာက ကျွန်မအတွက်တော့ အတော်တန်ဖိုးရှိတဲ့နေ့ပါ။ တပတ်လုံးစောစော အိပ်ယာထသမျှ ဒီနေ့ရောက်ရင် ကျွန်မ နံနက် (၁၀)နာရီအထိ အိပ်လေ့ရှိတယ်။ မချက်တတ်၊ ချက်တတ်နဲ့ တတ်သမျှ၊ မှတ်သမျှ အစားအစာလေးတွေ လုပ်စားလေ့ရှိတယ်။ ဥရောပစာတွေ ပိုလုပ်ဖြစ်တာ များပါတယ်။ ပြင်ဆင်ရတာ လွယ်တာကိုး။ ပြီးတော့ အနံ့လဲ သိပ်မထွက်ဘူး။ ချက်တုန်းပြုတ်တုန်းမှာ အနံ့ထွက်တဲ့ အစားအစာတွေက စားလို့ကောင်းပေမယ့် အနံ့ကြီး ကျန်နေတတ်တာ စိတ်ညစ်ဖို့ကောင်းတယ်။ အရမ်းအေးတဲ့မြို့မို့ ပြတင်းပေါက်တွေ ဖွင့်လို့ကလဲ မဖြစ်။
ဒီလိုနဲ့ပဲ roast lunch တခု လုပ်စားအပြီး၊ အ၀တ်လျှော်၊ မီးပူတိုက်နဲ့ ရှုပ်နေတုန်း သူငယ်ချင်းတယောက်ဆီက ဖုန်းလာတယ်။ ညနေကျရင် community center မှာ coffee evening ရှိတယ်တဲ့။ အထူးအစီအစဉ်အနေနဲ့ center မှာ အင်္ဂါနေ့တိုင်းဖွင့်နေတဲ့ ကိတ်မုန့်ဖုတ်နည်းသင်တန်းသူတွေရဲ့ cheesecake မျိုးစုံနဲ့ ဧည့်ခံမှာ ဆိုပဲ။ နည်းနည်းတော့ စိတ်ဝင်စားသွားတယ်။ cheesecake က ကျွန်မ favorite လေ။ သားလေးမွေးပြီးစ ဆေးရုံမှာတုန်းကဆို နေ့လည်နေ့ခင်း နားနေချိန်တောင် ကျွန်မမှာ အမြဲသတိနဲ့ နားရတယ်။ နေ့လည်လာကျွေးတဲ့ tea နဲ့ cheesecake ကို လွတ်သွားမှာ စိုးလို့။ အဲဒီလို ငတ်ကြီးကျတဲ့ ကျွန်မ ဘယ်နေနိုင်မလဲရှင်။ လုပ်စရာတွေလုပ်၊ သားလေးကို snack ကျွေးပြီးတာနဲ့ ကော်ဖီညနေခင်းလေးဆီ ပြေးရတော့တာပေါ့။
center က လမ်းထိပ်လေးတင်ပါ။ community တွေတိုင်းမှာ အဲလို နေရာလေးတွေ ထားပေးထားတာ သိပ်ဟန်ကျတာပါ။ တရပ်တည်းသားတွေ တွေ့ဆုံရင်းနှီးလို့ ရတဲ့အပြင် သူ့အစုလေးတွေနဲ့သူ စိတ်အားသန်ရာ ဆွေးနွေးကြ၊ တွေ့ဆုံကြနဲ့ သိပ်ပျော်ဖို့ ကောင်းတာပဲ။ သင်တန်းတိုလေးတွေလဲ ရှိတယ်လေ။ First Aid တို့၊ child care တို့၊ creative writing စတာတို့ပေါ့။ တလတခါလဲ မဂ္ဂဇင်းလေးတွေ စုထုတ်ကြတယ်။ radio station အသေးလေးလဲ ရှိတယ်လေ။ ကိုယ့်အရပ်ထဲက ကိစ္စတွေ ဦးစားပေး လွှင့်တာပေါ့။ အားလုံးက volunteer တွေနဲ့ချည်းပဲ။
အဲလိုနဲ့ cheesecake ကို ငတ်ပြီး ရောက်သွားတဲ့ ကျွန်မအတွက်တော့ ဒီနေ့က cheesecake အမျိုးမျိုးကို အားရပါးရ ညစာလွတ် စားပစ်ခဲ့ရရုံမကပဲ မိတ်ဆွေတဦးပါ ထပ်ရခဲ့တယ်။ သားလေးကို play area မှာ သွားထားတော့ သူကလဲ သူ့မြေးမလေးကို လာထားတာနဲ့ ကြုံသွားလို့ စကားဆက်ပြောဖြစ်တာ။ သူက ကျွန်မတို့ တက္ကသိုလ်မှာ စက်တင်ဘာကျရင် မဟာဝိဇ္ဖာလာတက်မယ်ပြောတော့ ကျွန်မက ပထမနောက်နေတယ်ထင်တာ။ မဟုတ်ဘူးရှင့်။ စကားတွေဆက်ပြောမှပဲ တကယ်မှန်း သိရတော့တယ်။ သူက ရေနံကုမ္ပဏီတခုက ပင်စင်ယူထားတဲ့ အင်ဂျင်နီယာတယောက်။ ဒါပေမယ့် သမိုင်းကို သိပ်စိတ်ဝင်စားတာဆိုပဲ။ အလုပ်သဘောသဘာဝအရ offshore မှာ နေရတာများတော့ အလုပ်နားချိန်ဆို သမိုင်းကြောင်း စာအုပ်တွေ ဖတ်ဖြစ်တယ်တဲ့။ ဒါနဲ့ ပင်စင်လဲ ယူပြီး ရော၊ အဝေးသင်တက္ကသိုလ်ကနေ သမိုင်းဘွဲ့ ထပ်တက်တာ (၆)နှစ်လဲ ကြာရော၊ အသက် (၇၀) ကျော်မှာ သမိုင်းဂုဏ်ထူးဘွဲ့ ရရောတဲ့။ အောင်မယ်လေး။ ဂုဏ်ထူးဘွဲ့ကို ပထမတန်းကနေ အောင်တာဆိုပဲ။ ဒါကြောင့် အခု မဟာဘွဲ့ ထပ်တက်မှာတဲ့။ ပြီးရင် ပါရဂူဘွဲ့ ထပ်တက်ဦးမယ်။ သမိုင်းကျမ်းတွေ ပြုစုမယ်ဆိုပဲ။ တကယ်လို့များ သူသာ အသက် (၇၅)မှာ ပါရဂူဘွဲ့ရပြီး၊ အသက် (၉၀) အထိသာ အသက်ရှင်မယ်ဆိုရင် သမိုင်းသုတေသနတွေ (၁၅)နှစ် တောင် လုပ်နိုင်ဦးမှာတဲ့။
ကျွန်မလေ သူနဲ့စကားပြောရင်း အားတွေ တက်လာလိုက်တာ။ ငယ်ငယ်တုန်းက သင်ဖူးတဲ့ မြန်မာရာဇ၀င်ထဲက ဦးကျည်ပွေ့ကို သတိသွားရမိတယ်။ လောကမှာ အရာအားလုံးကို မျှော်လင့်ချက်နဲ့ ယုံကြည်ချက်က ဦးဆောင်နိုင်တယ် ဆိုတာကို လက်ခံလိုက်မိတယ်။ တကယ်ဆို လူတော်တော်များများက ကိုယ်ဖြစ်ချင်တဲ့ ဆန္ဒတွေကို အခက်အခဲ နဲနဲ တွေ့တာနဲ့ စွန့်လွှတ်ပစ်တတ်ကြတယ်။ အသက်အရွယ် နဲနဲရလာတာနဲ့ မေ့ပစ်တတ်ကြတယ်။ ဒါပေမယ့် လောကမှ အားမလျှော့မချင်း၊ ဖြစ်နိုင်သေးတယ်ဆိုတာကို သက်သေပြနိုင်သူတယောက်ကို ကျွန်မထပ်တွေ့ခဲ့ရတာမို့ ကျွန်မအတွက်တော့ အင်မတန် တန်ဖိုးရှိတဲ့ ညနေလေးပါပဲ။ အဲ- raspberry cheesecake နဲ့ lemon cheesecake လေးတွေ ကောင်းတာလဲ ပါတော့ ပါတာပေါ့။ ဟဲဟဲ--။