ဘလော့ လိပ်စာသစ်သို့ ပြောင်းရွှေ့ခြင်း

(၂၀၀၇) ခုနှစ်မှစ၍ ဘလော့စာမျက်နှာအား ဖွင့်လှစ်ခဲ့ရာ ဖတ်ရှုအားပေးကြသော စာဖတ်ပရိသတ်အပေါင်းအား အထူးပင် ကျေးဇူးတင်ရှိပါသည်။

ယခုအခါတွင် ဘလော့ကို ဖွင့်ရန် အချိန်ကြာမြင့်မှုများ ရှိနေကြောင်း၊ စာဖတ်သူအချို့မှ အကြောင်းကြားလာပါသဖြင့် www.khinmamamyo.info တွင် စာမျက်နှာသစ်ကို ဖွင့်လှစ်ထားပါသည်။

စာမျက်နှာသစ်တွင် အချို့သော စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ဆောင်ပါးများနှင့် ရသစာစုများ (နှစ်ရာကျော်ခန့်)ကိုလည်း ကဏ္ဍများခွဲ၍ ပြန်လည်ဖော်ပြထားပါသည်။


ယခုဘလော့စာမျက်နှာကို ဆက်လက်ထားရှိထားမည်ဖြစ်သော်လည်း ယနေ့မှစ၍ ပို့စ်အသစ်များ ထပ်မံ တင်တော့မည် မဟုတ်ပါကြောင်းနှင့် ပို့စ်အသစ်များကို စာမျက်နှာသစ်တွင်သာ တင်တော့မည်ဖြစ်ပါကြောင်း လေးစားစွာ အသိပေး အကြောင်းကြားပါသည်။


စာမျက်နှာသစ်သို့ အလည်လာရောက်ပါရန်ကိုလဲ လှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါသည်။


လေးစားစွာဖြင့်



ခင်မမမျိုး (၁၇၊ ၁၀၊ ၂၀၁၁)

www.khinmamamyo.info

နိုင်ငံရေးဆိုတာ (အပိုင်း -၆)

Sunday, February 24, 2008

နိုင်ငံရေးဆိုတာ (အပိုင်း -၆)

အခန်း (၂)

နိုင်ငံရေးနှင့် တရားဥပဒေစိုးမိုးရေး

ရိုးရှင်း၍ ရှေးကျသော လူ့အဖွဲ့အစည်းငယ်များမှသည် ကြီးမားဆန်းကျယ် ရှုပ်ထွေးလှသော လူ့အဖွဲ့အစည်းများအထိ မည်သည့် လူ့အဖွဲ့အစည်းတွင်မဆို တ၇ားဥပဒေစိုးမိုးရေးသည် အရေးကြီးပါသည်။ တရားဥပဒေစိုးမိုးခြင်း ဆိုရာတွင် လူတဦးချင်းအလိုက်၊ လူအုပ်စုချင်းအလိုက် တဦးကို တဦး ထိခိုက်နစ်နာစေခြင်း ကင်းစွာဖြင့် ငြိမ်းချမ်းစွာ အတူတကွ ယှဉ်တွဲနေထိုင်ခြင်း၊ ပြုမူပြောဆိုခြင်း ပါဝင်လေသည်။

ယင်းသို့ဥပဒေများ ချမှတ်ခြင်းနှင့် လူတဦးချင်းစီ၏ လေးစားလိုက်နာခြင်း မည်မျှအရေးကြီးပုံကို မော်တော်ယာဉ်မောင်းနှင်ခြင်းဆိုင်ရာ ဥပဒေစည်းကမ်းများအား ဥပမာ ထား၍ လေ့လာကြည့်ကြပါစို့။

သန်းပေါင်းများစွာသော လူအများသည် မော်တော်ယာဉ်များကို မောင်းနှင်ကြသည်။ မော်တော်ယာဉ်အား မောင်းနှင်လိုက်ခြင်းဖြင့် ထိုသူ၏ ပါဝါသည် ပင်ကိုယ်စွမ်းရည်ထက် ပို၍ ကြီးမားသွားပါသည်။ ကားမောင်းသူတိုင်းသည် မိမိကိုယ်တိုင်သော်လည်းကောင်း၊ လူအများကိုသော်လည်းကောင်း၊ အသက်အန္တရာယ်ဖြစ်စေနိုင်သည့် တန်ဆာပလာကို ကိုင်ဆောင်ထားသူများ ဖြစ်ပါသည်။

သို့ရာတွင် သန်းပေါင်းများစွာသော လူအများသည် သူတပါး၏ အသက်အန္တရာယ်ကိုလည်း မထိခိုက်၊ မိမိ၏ အသက်အန္တရာယ်ကိုလဲ ရန်မရှာပဲ မော်တော်ယာဉ်များကိုလဲ ကြီးမားလှသော ပျက်စီးမှုများ မဖြစ်စေပဲ မောင်းနှင်နေကြပါသည်။ တနာရီလျှင် မိုင် (၄၀)နှုန်းဖြင့် မျက်နှာချင်းဆိုင်မောင်းနှင်လာသော ကားနှစ်စီး ထိပ်တိုက်ဆုံမိပါက မလွဲမသွေ ယာဉ်မောင်းနှစ်ဦးစလုံး အသက်ဆုံးရှုံးမည် ဖြစ်လေသည်။ သို့ပေမယ့် ထိုသို့သော မတော်တဆ ထိခိုက်မှုများကား ဖြစ်ခဲလှပါသည်။

အဘယ်ကြောင့်နည်း။

ယာဉ်မောင်းနှစ်ဦးလုံးသည် အလွန်ပင်ကောင်းမွန်၍ ကြင်နာတတ်သော နှလုံးသား ပိုင်ရှင်များ ဖြစ်၍လား။ လူအချင်းချင်း မသတ်ဖြတ်ပါဟု သစ္စာဆိုထားသူများ ဖြစ်၍လား။ သို့တည်းမဟုတ်က ထိုသူတို့သည် အလွန်ပင် သွက်လက်မြန်ဆန်၍ အန္တရာယ်ကို ချက်ချင်းရှောင်နိုင်သူများဖြစ်၍လား။ သို့မဟုတ်က ထိုသူတို့သည် အလွန်တရာ ကံကောင်းသူများ ဖြစ်၍လား။ သို့တည်းမဟုတ်က ထိုသူတို့သည် သေခြင်းတရားကို လွန်မင်းစွာ ကြောက်နေသူများ ဖြစ်၍လား။

မဟုတ်ပါ။ တခုမှ မဟုတ်ပါ။

လက်တွေ့တွင်ကား ထိုသူတို့သည် တဦးနှင့်တဦး ရှိနေသည်ကိုပင် ထည့်သွင်းစရာမလိုပဲ ကြောက်ရွံ့ခြင်းကင်းစွာ ဖြတ်သွားနိုင် ကြပါသည်။ အဘယ်ကြောင့်ဆိုသော် သက်ဆိုင်ရာနိုင်ငံအလိုက် ချမှတ်ထားသော ယာဉ်စည်းကမ်း ဥပဒေမျညးကို လိုက်နာရ၍ ဖြစ်လေသည်။ ဥပဒေများ၊ လုပ်ထုံးများကို လိုက်နာခြင်းဖြင့် အသက်အန္တရာယ်ပင် ဖြစ်စေလောက်သည့် မော်တော်ယာဉ်မောင်းနှင်ခြင်းသည် သူတို့အတွက် ထမင်းစား၊ ရေသောက်သကဲ့သို့ ကြောက်ရွံ့ခြင်းကင်းစွာပင် သဘာဝအတိုင်း လုပ်ကိုင်နိုင်နေခြင်းဖြစ်သည်။

မော်တော်ယာဉ်ဖြင့် ခရီးသွားပါက ခြေကျင်လျှောက်ခြင်းထက် အဆပေါင်းများစွာ ပို၍ ခရီးရောက်စေပါသည်။ ယင်းမှာ မော်တော်ကား ပိုင်ဆိုင်နိုင်ရုံတခုတည်းဖြင့် ရရှိနိုင်သည့် အခွင့်အရေး မဟုတ်ပါ။ မော်တော်ယာဉ်အား မည်သို့ဘေးအန္တရာယ်ကင်းအောင် မောင်းနှင်ရမည်လဲဆိုသည့် ဥပဒေစည်းကမ်းအား လိုက်နာနိုင်မှုပေါ်တွင် များစွာ မူတည်ပါသည်။

စည်းစနစ်များ၊ လုပ်ထုံးလုပ်နည်းများသည် မြို့ကြီးများတွင် နေထိုင်သည့် မော်တော်ယာဉ်မောင်းနှင်သူများတွင်သာ တီထွင်ထားသည့်အရာမဟုတ်ပါ။ ဥပမာအားဖြင့် နူရာခေါ် ယူဂန်ဒါနိုင်ငံနှင့် ဆူဒန်နိုင်ငံနယ်စပ်တလျှောက် နိုင်းမြစ်ဝှမ်းအနီး နေထိုင်သူ လူမျိုးစုများကို လေ့လာကြည့်ပါ။ (၂၀)ရာစု အစောပိုင်းကာလတွင်မှာမှ ထိုလူမျိုးစုများကို မနုဿဗေဒပညာရှင်များက သိပ္ပံနည်းကျ ရှာဖွေတွေ့ရှိခဲ့ကြသည်။ ခန့်မှန်းလူဦးရေ နှစ်သန်းခန့်ရှိသည်ဟု ဆိုထားပါသည်။ ထိုသူတို့သည် အလွန်ရိုးရှင်းအေးချမ်းစွာ နေထိုင်သူများ ဖြစ်ကြသည်။ ယနေ့ခေတ်အမြင်နှင့်ဆိုလျှင် အလွန်ရှေးကျသော လူများဟု ဆိုရပေမည်။

သူတို့သည် ကျွဲ၊နွားကျောင်းခြင်းနှင့် ကောက်ပဲသီးနှံစိုက်ပျိုးခြင်းတွင်သာ ဘ၀ကို နစ်မြှုပ်ထားကြပြီး၊ သူတို့အား အုပ်ချုပ်သည့် ထင်သာမြင်သာသော အစိုးရ ဟူ၍မရှိပါ။ သို့ပေမယ့် ထိုသူတို့တွင် ဥပဒေများ၊ လိုက်နာရမည့် စည်းကမ်းနည်းလမ်းများ ရှိပါသည်။ တဦးနှင့်တဦး အငြင်းပွားမှုများ ရှိသော်လည်း ထိုဥပဒေစည်းကမ်းများသည် နူရာလူမျိုးစုများအကြား ငြိမ်းချမ်းစွာ အတူတကွ ယှဉ်တွဲနေထိုင်နိုင်ရေးကို အထောက်အကူုပြုလေသည်။ ပမာဆိုရသော် နူရာလူမျိုးတဦးသည် အခြားနူရာတဦးအား သတ်မိကောင်း သတ်မိပေလိမ့်မည်။ သို့ရာတွင် ထိုသို့သော ကြီးမားလှသည့် အမှုအခင်းများ ဖြစ်ပွားပါက ဖြစ်ပွားသည့် မိသားစုအချင်းချင်း (သို့မဟုတ်) မိသားစုအုပ်စုအချင်းချင်း စစ်ပွဲများ ဖြစ်ပွားလေ့ရှိသဖြင့် နူရာအချင်းချင်း အမှုကြီး မဖြစ်အောင် ရှောင်ကြဉ်ကြလေသည်။

သို့ဖြစ်ရာ သမိုင်းပညာရှင်များနှင့် မနုဿဗေဒပညာရှင်များက မည်သည့်အချိန်၊ မည်သည့်နေရာတွင်ပင် ဖြစ်လေင့်စေကာမူ တရားဥပဒေ၊ စည်းကမ်းနည်းလမ်းများ မရှိသော လူ့အဖွဲ့အစည်းသည် မတည်ရှိနိုင်ကြောင်း၊ လူအဖွဲ့အစည်းတိုင်းတွင် အတူတကွ ယှဉ်တွဲနေထိုင်နိုင်ရေးဆိုင်ရာ အပြုအမူများနှင့် လုပ်ထုံးများရှိကြောင်း အဆိုရှိကြလေသည်။

(ဆက်လက်ဖော်ပြပါမည်)

ခင်မမမျိုး (၈၊၉၊ ၂၀၀၇)

  © Blogger templates Newspaper II by Ourblogtemplates.com 2008

Back to TOP