ဘလော့ လိပ်စာသစ်သို့ ပြောင်းရွှေ့ခြင်း

(၂၀၀၇) ခုနှစ်မှစ၍ ဘလော့စာမျက်နှာအား ဖွင့်လှစ်ခဲ့ရာ ဖတ်ရှုအားပေးကြသော စာဖတ်ပရိသတ်အပေါင်းအား အထူးပင် ကျေးဇူးတင်ရှိပါသည်။

ယခုအခါတွင် ဘလော့ကို ဖွင့်ရန် အချိန်ကြာမြင့်မှုများ ရှိနေကြောင်း၊ စာဖတ်သူအချို့မှ အကြောင်းကြားလာပါသဖြင့် www.khinmamamyo.info တွင် စာမျက်နှာသစ်ကို ဖွင့်လှစ်ထားပါသည်။

စာမျက်နှာသစ်တွင် အချို့သော စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ဆောင်ပါးများနှင့် ရသစာစုများ (နှစ်ရာကျော်ခန့်)ကိုလည်း ကဏ္ဍများခွဲ၍ ပြန်လည်ဖော်ပြထားပါသည်။


ယခုဘလော့စာမျက်နှာကို ဆက်လက်ထားရှိထားမည်ဖြစ်သော်လည်း ယနေ့မှစ၍ ပို့စ်အသစ်များ ထပ်မံ တင်တော့မည် မဟုတ်ပါကြောင်းနှင့် ပို့စ်အသစ်များကို စာမျက်နှာသစ်တွင်သာ တင်တော့မည်ဖြစ်ပါကြောင်း လေးစားစွာ အသိပေး အကြောင်းကြားပါသည်။


စာမျက်နှာသစ်သို့ အလည်လာရောက်ပါရန်ကိုလဲ လှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါသည်။


လေးစားစွာဖြင့်



ခင်မမမျိုး (၁၇၊ ၁၀၊ ၂၀၁၁)

www.khinmamamyo.info

နိုင်ငံရေးဆိုတာ (အပိုင်း - ၇)

Sunday, February 24, 2008

နိုင်ငံရေးဆိုတာ (အပိုင်း-၇)

သို့ဆိုလျှင် ဥပဒေစိုးမိုးရေးဟူသည် မည်သို့ မည်ပုံ ပေါ်ပေါက်၍ မည်သို့ ထိန်းသိမ်းရမည်နည်း။ အဆိုပါမေးခွန်းများနှင့် ပတ်သက်၍ အဖြစ်အပျက်အားလုံးကို ခြုံငုံဖြေဆိုနိုင်သော တိကျသည့် အဖြေမရှိပါ။ ဖြေဆိုရန် လွယ်ကူသော မေးခွန်းများလည်း မဟုတ်ပါ။ သို့ရာတွင် ရှေးယခင်ကာလများ၌ကား ရိုးရှင်းသော လူ့ဘောင်အဖွဲ့အစည်းများတွင် အသိဥာဏ်၊ ဥပဒေစိုးမိုးရေးနှင့် ဓလေ့ထုံးတမ်းအစဉ်အလာများကို တပုံစံတည်းဟု ယူဆခဲ့ကြပုံပေါ်ပါသည်။

လူသားများသည် လူအများစု ပြုမူဆောင်ရွက်သည့်အတိုင်း ပြုမူရှင်သန်ခဲ့ကြပြီး၊ ထိုလူအများသည်လည်း သူတို့၏ မိဘများ၊ ဘိုးဘွားအစဉ်အဆက်က ပြုမူနေထိုင်ခဲ့ကြသည့်အတိုင်း ရှင်သန် ရပ်တည်နေကြခြင်း ဖြစ်ရာ၊ အဆိုပါ ဘိုးဘွားအစဉ်အလာဆိုသည်များမှာလဲ ယင်းတို့ယုံကြည်ရာ၊ ဘုရား၊ နတ်ဘုရား၊ ရိုးရာနတ်များမှ လူသားတို့အား ပြုမူဆောင်ရွက်စေလိုသည့် အနေအထိုင်၊ အပြုအမူများမှ ဆင်းသက်လာခြင်းပင်ဖြစ်သည်။

သို့ဖြစ်ရာ အဆိုပါဓလေ့ထုံးတမ်းစဉ်လာများကို ဆန့်ကျင်သူများ၊ သွေဖည်နေထိုင်သူများသည် ပြစ်ဒဏ်ခံရခြင်း၊ အသတ်ခံရခြင်း၊ ထွက်ပြေးနေရခြင်း၊ ရူးသွပ်သူများဟု သတ်မှတ်ခံရခြင်း၊ စုန်းကဝေ၊ မှော်ဆရာများဟု ထင်ယောင်ထင်မှားခံရခြင်း စသည်များနှင့် ကြုံကြရလေသည်။ ထိုသူများအပေါ် မည်သို့ ဆက်ဆံပြုမူသည်ဖြစ်စေ၊ အကျိုးဆက်မှာကား ဓလေ့ထုံးတမ်းစဉ်လာများကို ထိန်းသိမ်းစောင့်ရှောက်ခြင်း ဟု ယူဆခဲ့ကြလေသည်။

မည်သို့ပင် ဖြစ်စေ နှစ်ဆယ်ရာစု နှောင်းပိုင်းကာလ လူ့ဘောင်ရပ်တည်မှုသည်ကား ဓလေ့ထုံးတမ်းစဉ်လာများတွင် အခြေမပြုတော့ပါ။ တခါတရံတွင် ဓလေ့ထုံးတမ်းစဉ်လာများသည် လူအများ မသိစိတ်တွင် ပိုမို၍ အင်အားကြီးမားသယောင် ထင်ရသော်လည်း လူအဖွဲ့အစည်းများ၏ ပြုမူနေထိုင်မှုသည်ကား ဓလေ့ထုံးတမ်းများတွင် အခြေမပြုတော့ပဲ တရားဥပဒေတွင် ပိုမို၍ အခြေပြုလာပါသည်။

စိုစွတ်သော မြေပေါ်မှ ခြောက်သွေ့သော မြေပေါ်သို့ နွားများကို ကျောင်းသော နူရာလူမျိုးတယောက်အတွက် သူ၏ အပြုအမူမှာ လုပ်ရိုးလုပ်စဉ်ဖြစ်ပြီး၊ တခြားနူရာလူမျိုးများအား ထည့်သွင်းစဉ်းစားရန် လုံးဝမလိုအပ်ပါ။ သို့ရာတွင် အဝေးပြေးကားလမ်းမကြီးတွင် မောင်းနှင်နေသော ယနေ့ခေတ် ယာဉ်မောင်းသူတယောက်အတွက်ကား သူ၏အပြုအမူအတွက် ဆင်ခြင်တုံတရား ရှိရမှုသည် နွားကျောင်းနေသော နူရာတယောက်ထက် ပိုမိုသာလွန်ပါသည်။ ခေတ်သစ်ယာဉ်မောင်းတယောက်သည် ၄င်း၏ အပြုအမူလုပ်ရပ်အတွက် စဉ်းစားတွေးခေါ်လုပ်ကိုင်ရခြင်းမှာ သူ၏ဘိုးဘွားများချမှတ်ခဲ့သော ထုံးတမ်းစဉ်လာ များကြောင့် မဟုတ်ပါ။ ဥပဒေပြုအဖွဲ့အစည်းတခုမှ ချမှတ်ထားသော၊ အစိုးရမှ ခန့်အပ်ထားသည့် ရဲတပ်ဖွဲ့မှ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်မှု ရှိသော အဝေးပြေးလမ်းမ ကားမောင်းခြင်းဆိုင်ရာ ဥပဒေတရပ်ကို လိုက်နာကာ ယာဉ်မောင်းရခြင်းသာ ဖြစ်ပါသည်။

သို့ရာတွင် ယာဉ်မောင်းအများစု ယာဉ်ကို ဆင်ဆင်ခြင်ခြင် မောင်းနှင်ခြင်းမှာ လိုက်နာရမည့် ဥပဒေတခုတည်းကြောင့်ပင်မဟုတ်ပါ။ ၄င်းတို့ကြောင့် အခြားသူများ သေဆုံးခြင်း၊ ထိခိုက်ဒဏ်ရာရခြင်းများ မဖြစ်စေလိုသောကြာင့်၊ ပိုမို တိကျစွာ ဆိုရပါလျှင် ၄င်းတို့၏ မော်တော်ယာဉ်အား မပျက်စီးစေလိုသောကြောင့်ပင် ဖြစ်သည်။

အကယ်၍ ယာဉ်မတော်တဆဖြစ်မှု ဖြစ်ပွားပါက ထိုမတော်တဆဖြစ်မှုအား ယာဉ်စည်းကမ်းဖောက်ဖျက်မှုကြောင့် ဟု သတ်မှတ်ခြင်း၊ ပြစ်မှုကျူးလွန်သူအတွက် ဆုံးရှုံးနစ်နာမှုအများအပြား ဖြစ်စေခြင်းဖြင့် ဥပဒေသည် ယာဉ်မောင်းများ၏ မိမိကိုယ်ကျိုးအတွက် လိုက်နာစောင့်ထိန်းမှုကို အားပေးသည်။

(ဆက်လက်ဖော်ပြပါမည်)

ခင်မမမျိုး (၂၃၊၁၊ ၂၀၀၈)

  © Blogger templates Newspaper II by Ourblogtemplates.com 2008

Back to TOP