ဘလော့ လိပ်စာသစ်သို့ ပြောင်းရွှေ့ခြင်း

(၂၀၀၇) ခုနှစ်မှစ၍ ဘလော့စာမျက်နှာအား ဖွင့်လှစ်ခဲ့ရာ ဖတ်ရှုအားပေးကြသော စာဖတ်ပရိသတ်အပေါင်းအား အထူးပင် ကျေးဇူးတင်ရှိပါသည်။

ယခုအခါတွင် ဘလော့ကို ဖွင့်ရန် အချိန်ကြာမြင့်မှုများ ရှိနေကြောင်း၊ စာဖတ်သူအချို့မှ အကြောင်းကြားလာပါသဖြင့် www.khinmamamyo.info တွင် စာမျက်နှာသစ်ကို ဖွင့်လှစ်ထားပါသည်။

စာမျက်နှာသစ်တွင် အချို့သော စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ဆောင်ပါးများနှင့် ရသစာစုများ (နှစ်ရာကျော်ခန့်)ကိုလည်း ကဏ္ဍများခွဲ၍ ပြန်လည်ဖော်ပြထားပါသည်။


ယခုဘလော့စာမျက်နှာကို ဆက်လက်ထားရှိထားမည်ဖြစ်သော်လည်း ယနေ့မှစ၍ ပို့စ်အသစ်များ ထပ်မံ တင်တော့မည် မဟုတ်ပါကြောင်းနှင့် ပို့စ်အသစ်များကို စာမျက်နှာသစ်တွင်သာ တင်တော့မည်ဖြစ်ပါကြောင်း လေးစားစွာ အသိပေး အကြောင်းကြားပါသည်။


စာမျက်နှာသစ်သို့ အလည်လာရောက်ပါရန်ကိုလဲ လှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါသည်။


လေးစားစွာဖြင့်



ခင်မမမျိုး (၁၇၊ ၁၀၊ ၂၀၁၁)

www.khinmamamyo.info

From 92 years old

Thursday, November 29, 2007

(၉၂)နှစ်ပြည့်မှသည်

ဘ၀တသက်တာတလျှောက်

အမှန်တရားကို

ဆုပ်ကိုင်ရင်း

အများကောင်းကျိုး၊

စာပေအကျိုးကိုသာ

မဖောက်မပြန်

ဇွဲစိတ်မှန်ဖြင့်

ဆောင်သယ်ပိုးခဲ့သည့်

အဖွားမာအား

ဤဘလော့မှနေ၍

ရိုသေညွတ်ကျိုး

လက်စုံမိုးကာ

ကန်တော့ပါ၏။

(၉၂)နှစ်ပြည့်မှသည်

သက်ရာကျော်ထိ

ကျန်းမာချမ်းသာစွာ

နေထိုင်ရင်း

လူထုအကျိုး

ဆက်လက်သယ်ပိုးနိုင်ပါစေ။

စကားတခွန်း

အပြုံးလေးတစဖြင့်

အဖွားအား

လေးစားမြတ်နိုးသော

သားသမီး၊ မြေးမြစ်များကို

ခွန်အားများ

ပေးဝေနိုင်ပါစေ။

ခင်မမမျိုး (၂၉၊၁၁၊၂၀၀၇)

အပြည့်အစုံဖတ်ချင်ရင်..>>>

Games

Wednesday, November 28, 2007

Game များကစားခြင်း

သူငယ်ချင်းသစ်တွေရတဲ့အခါတိုင်း ကျွန်မကစားတတ်တဲ့ game လေးတခု ရှိတယ်။ အဲဒါကတော့ Divide a dollar Game လို့ခေါ်တဲ့ Negotiation game လေးတခုပါ။ dollar game ဆိုပေမယ့် ယူကေမှာက စတာလင်ပေါင်သုံးတာကြောင့် pound game လို့ ဆိုရတော့မှာပါပဲ။

ကစားပုံကတော့ စတာလင်ပေါင်ဆယ်တန်တရွက်ကို ထုတ်ပြီး ခွဲဝေခိုင်းတာပါ။ ကျွန်မက mediator လုပ်ပြီး၊ ကစားမယ့် player 1 နဲ့ player 2 က သူတို့ရဲ့ demand ကို စာရွက်လေးပေါ်မှာလျှို့ဝှက်ရေးပြီး ကျွန်မကိုပေးရပါတယ်။ demand ကို ၁ ကနေ ၁၀ အတွင်း ဘယ်ဂဏန်းကိုမဆို ရွေးနိုင်ပါတယ်။

Bargaining protocol ကတော့ နှစ်ယောက်ရေးထားတဲ့ တန်ဖိုးစုစုပေါင်းဟာ ၁၀ ထက် မကျော်ရင် သူတို့ရေးထားတဲ့ demand အတိုင်း ခွဲဝေယူလို့ရပါတယ်။ ၁၀ ကျော်သွားရင်တော့ ဘယ်သူမှ ဘာမှ မရပါဘူး။

စာဖတ်သူများကတော့ ပြောမှာပဲ။ လွယ်လွယ်လေး။ တယောက်တ၀က်စီ ၅ လို့ ရေးမှာပေါ့။ ဘာထူးဆန်းလို့လဲ ဆိုပြီးတော့လေ။

ဒါပေမယ့် ထူးတယ်ရှင့်။ ကျွန်မစမ်းသပ်ဖူးတာ အကြိမ်ကြိမ် အခါခါရှိပြီ။ မှတ်မှတ်ရရ၊ တခါပဲ ကျွန်မအိတ်ထဲက ပိုက်ဆံထွက်ဖူးသေးတယ်။ ဘာလို့လဲ။ အဖြေကတော့ လူတွေဟာ လောဘသားတွေချည်းပဲမဟုတ်ဘူးလားရှင်။ ဘာပဲဖြစ်ဖြစ် အများဆုံးကိုတော့ လိုချင်ကြတာပဲမဟုတ်လား။

တခါကလဲ ကျွန်မမိတ်ဆွေတယောက်နဲ့ lab ထဲမှာ Investment game တခု ကစားကြည့်ဖူးတယ်။ လူအယောက် (၃၀)ကို ကွန်ပျူတာတလုံးစီပေးပြီး၊ နှစ်ယောက်တတွဲနဲ့ random ကစားခိုင်းတာပါ။ ကိုယ်နဲ့ ဘယ်သူတွဲကျတယ်ဆိုတာ မသိနိုင်ပါဘူး။ တကြိမ်ပြီးတာနဲ့ computer program ကအတွဲသစ်ထပ်တွဲပေးပါတယ်။ ဒီကစားပွဲမှာ တယောက်က investment decision ချတဲ့လူ၊ နောက်တယောက်က response လုပ်တဲ့လူ။ decision ချသူက Invest or Non-Invest နှစ်ခုကို ရွေးရပါတယ်။ Non-Invest ရွေးရင် နှစ်မှတ်ရမှာ ဖြစ်ပြီး၊ တဘက်လူက ဘာမှ လုပ်စရာ မလိုတော့ဘူး။ Invest ရွေးရင်တော့ အမှတ် (၁၀)ပေါ်မှာ response လုပ်မယ့်သူက (၁၀)မှတ်လုံး Keep လုပ်မှာလား၊ share နဲ့ (၅)မှတ်ဆီ ခွဲယူမှာလား ဆုံးဖြတ်ရတယ်။ Keep လုပ်လိုက်ရင်တော့ မူလ decision maker က သုညပဲရတယ်။ ဘာတွေ့တယ် ထင်ပါသလဲ။ Invest ကို ရွေးလိုက်သူတိုင်းဟာ အမှတ် သုညတွေပဲ ရတော့တယ်။ တဘက်က share မလုပ်ပဲ အကုန် Keep လုပ်လိုက်တာချည်းပဲ။ နှစ်ပွဲသုံးပွဲလဲပြီးရော၊ decision-maker တွေက Invest မလုပ်တော့ဘူးရှင့်။ Non-Invest ပဲ ရွေးပြီး ရတဲ့ နှစ်မှတ်ကိုပဲ ယူလိုက်ကြတော့တယ်။ လူတွေရဲ့ Behavior ဟာ စိတ်ဝင်စားစရာပဲနော်။

ကဲ-ဒီလို ဖြစ်သွားသူတွေ Invest ဖြစ်လာအောင် ဘယ်လို incentive တွေပေးမလဲ။ ကျွန်မထပ်ဆော့ကြည့်ရဦးမှာမို့ အဖြေရလာတဲ့အခါ ပြောပြဦးမယ်နော်။ ဒီအထဲကနေ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ သင်ခန်းစာတွေ အများကြီးယူစရာ ရှိပါတယ်။ ယူတတ်သလို ယူကြပါ။ အသေးစိတ်ကို စိတ်ဝင်စားရင်တော့ Game Theory ကို လေ့လာကြည့်ပါ။ ကစားစရာတွေ အများကြီးပဲ။ Ratification game, prisoners’ dilemma game, entry deterrence game, Cournot oligopoly game ။ အများကြီးပဲရှင့်။ စိတ်ပြေလက်ပျောက်လဲဖြစ်၊ ပညာလဲ ရတာမို့ အကျိုးရှိမယ်ထင်ပါတယ်။ ကစားကြည့်ပါ။

ခင်မမမျိုး (၂၈၊၁၁၊၂၀၀၇)

အပြည့်အစုံဖတ်ချင်ရင်..>>>

A River (part-4)

Sunday, November 25, 2007


မြစ်တစင်း (အပိုင်း-၄)

(၉)

”သမီးရယ်၊ ဘယ်ပျောက်နေရတာလဲ။ မေမေဟိုတယ်ကို ဖုန်းဆက်ကြည့်သေးတယ်။ သမီးမလာဘူးတဲ့”

နောက်တနေ့နံနက် အိမ်သို့ ပြန်ရောက်ရောက်ခြင်း မေမေကလှမ်းပြောသည်။ စိတ်လဲ အလွန်ပူနေပုံရသည်။ မေမေ့အား သူမပြုံုးပြလိုက်သည်။ လူတယောက် စိတ်ရှုပ်ထွေးနေလျှင်၊ စိတ်တိုနေလျှင်၊ စိတ်ပူနေလျှင် ပထမဆုံးစရမည့် ဆက်ဆံရေးမှာ အပြုံးတခု ဟူ၍ စာအုပ်ထဲတွင် ဖတ်ဖူးသည်။ တခါတလေ ကိုယ်ပြုံးပြသည့် မျက်နှာက စပ်ဖြဲဖြဲကြီး ဖြစ်နေလျှင် လူရိုက်ပေါက်တိုးနိုင်သည်။ ဘာပဲဖြစ်ဖြစ် မေမေကတော့ ပြုံးပြလျှင် အလွန် သဘောကျလေသည်။

”ပြုံးမနေပါနဲ့သမီးရယ်၊ မေမေတကယ် စိတ်ပုသွားတာ။ ဘယ်တွေသွားနေတာလဲ“

“သမီး ကမ္ဘာသစ်တခုကို တွေ့ခဲ့တယ် မေမေ“

သူမ၀င့်ကြွားစွာပြောတော့ မေမေကပြုံးသည်။ စကားပြောလျှင် ကမ္ဘာနှင့်ချီ၍ ပြောတတ်သည့် သူ့သမီး အကြောင်းကို နောကြေနေပုံရသည်။ သူမကလဲ သူမပင်ဖြစ်သည်။ သူမသုံးနှစ်၊ လေးနှစ်လောက်မှစ၍ အိမ်သို့ဧည့်သည်လာလျှင် မားဂရက်သက်ချာအကြောင်း၊ မားကိုးစ်အကြောင်း၊ အစ္စရေး၊ ပါလက်စတိုင်းအကြောင်း၊ စစ်အေးတိုက်ပွဲများအကြောင်း ပြော၍ ဧည့်ခံတတ်ကြောင်း လူကြီးများက ပြန်ပြောပြဖူးသည်။ သိပ်တော့မဆန်းပါ။ သူမ၏ ပထမငါးနှစ်အရွယ်ကို နိုင်ငံရေး၊ ဥပဒေရေး၊ စစ်ရေးများအကြောင်းကိုသာ ပုံပြင်အဖြစ်ပြောပြတတ်သည့် အဖိုးဖြစ်သူနှင့် ကြီးပြင်းခဲ့ရသည်ကိုး။

“ကမ္ဘာနဲ့ချီပြီူ မပြောပါနဲ့ သမီးရယ်။ မေမေမသိချင်ပါဘူး။ မေမေသိတာ မေမေ့သမီးလေးပဲ။ သမီးလိုချင်တာအကုန်ပြော။ မေမေလုပ်ပေးမယ်။ အဲလိုမျိုးတော့ မထွက်သွားရဘူး။ ဟုတ်ပြီနော်သမီး။ သမီးပျောက်နေတော့ အားလုံးစိုးရိမ်သွားကြတာ။ သမီးဖွားဖွားကဆို သမီးကို မတွေ့ရင် မေမေပါပြန်မလာရဘူးလို့ အမိန့်ထုတ်ထားတာ”

စိုးရိမ်တကြီးပြောနေသော မေမေ့အား သနားသွားသည်။ လိုချင်တာ ဘာမဆို လုပ်ပေးနေသည်ပဲလေ။ မေမေလုံးဝလျှော့မပေးသည်က တနေရာပဲရှိသည်။ ပညာရေး၊ တနှစ်တွင် (၃၆၅)ရက်၊ တရက်တွင် (၂၄)နာရီရှိသည်ကိုပင် မကျေနပ်နိုင်ပဲ အချိန်မလောက်ဟု ဆိုတတ်သော မေမေသည် သူမ၏ ဆုပေးပွဲများအတွက်တော့ အချိန်ကိုရအောင် ဖန်တီးပေးလေသည်။ ပညာကို တန်ဖိုးထားသော စိတ်ကို ငယ်စဉ်မှစ၍ သွင်းထားပေးသည်။

မှတ်မှတ်ရရ။ သူမတို့ ဆယ်တန်းဖြေစဉ်က စပေါ့များ အလွန်ခေတ်စားသည်။ အများနှင့်ဆိုတော့ သူမလဲ စိတ်ဝင်စားသည်ပေါ့။ နိုင်ငံခြားမှ မြန်မာသံရုံးစပေါ့ဆိုလျှင် တိုးသည်ကများသည်။ ဖုန်းဆက်ပေးသူများလဲရှိသည်။ သူမဖုန်းကိုင်ခွင့်မရ။ ဖုန်းကြိုးကိုပင် ဖြုတ်ထားသည်။ စပေါ့ဆိုး၍ ဂုဏ်ထူးများခြင်းကို လက်မခံနိုင်ဟုဆိုသည်။ ပညာနှင့် ပတ်သက်လျှင်တော့ လုံးဝအလိုမလိုက်၊ ကျန်တာတော့ လုပ်ချင်တာ အကုန်လုပ်၊ လိုချင်တာ အကုန်တောင်း၍ ရသည်။

“ကဲသမီး။ ဦးကံကို ဖုန်းဆက်လိုက်။ သူလာခေါ်ပြီး ကားတွေ လိုက်ပြလိမ့်မယ်။ သမီးကားတော့ သူလာယူသွားပြီ။ သမီးဖြစ်ချင်တာ မေမေလုပ်ပေးတယ်နော်“

“သမီးမလိုချင်တော့ဘူးမေမေရဲ့။ ကားက အရေးမကြီးပါဘူး“

“မြတ်စွာဘုရား“

သူမစကားကြားတော့ မေမေက အံ့သြစွာ ဘုရားတသည်။

“သမီးဘာဖြစ်လာတာလဲ“

သူမမျက်နှာပေါ်မှ လေးနက်မှုကို မေမေရိပ်မိသွားသည်။

“တကယ်ပြောတာမေမေရဲ့။ သမီးလေ ကမ္ဘာသစ်တခုကို တကယ်တွေ့ခဲ့တာ။ မနေ့ညက သမီးလေ သူပုန်မိသားစုနဲ့ တူတူစား၊ တူတူအိပ်ခဲ့တာ။ သဘောကောင်းပြီး ရိုးသားလိုက်ကြတာ မေမေရယ်။ သမီးကြားဖူးသလို မဟုတ်ပါဘူး“

“သမီး”

မေမေက စိုးရိမ်တကြီးနှင့် ရေရွတ်သည်။ ဘာဆက်ပြောရမည်မသိပဲ ရပ်သွားပုံပေါ်သည်။

“ဟုတ်တယ်မေမေ။ သမီးကြားဖူးတော့ သူတို့တွေက အရမ်းဆိုးတာဆို။ သမီးတို့ကသာ ရန်သူတွေဆိုပြီး ကြောက်နေကြတာ။ တကယ်က ရွာတွေမှာ ကြောက်နေရတဲ့ လူတွေကိုသူတို့က ကူညီပေးနေတာ မေမေရဲ့။ စစ်တပ်ကလေ၊ လူလဲသတ်တယ်။ ရွာလဲမီးရှို့တယ်၊ မုဒိမ်းလဲ ကျင့်တယ်တဲ့”

“ဟဲ့ ဘာတွေပြောနေတာလဲ။ မေမေ မကြားဖူးပါဘူး။ မဖြစ်နိုင်တာပဲကွယ်“

“သမီးလဲ မယုံသေးပါဘူးမေမေရဲ့။ ကြားတာကိုပြောတာ။ ဟုတ်မဟုတ် စုံစမ်းကြည့်ဦးမယ်လေ“

“အို-သမီးအလုပ်မှ မဟုတ်တာ“

“မေမေပြောဖူးတော့ အမှန်တရားကို မြတ်နိုးရမယ်ဆို“

“ဒါက“

သူ့စကားနှင့် သူမို့ မေမေငြိမ်သွားသည်။

“သမီးရယ်။ မှန်ဆိုတာ ကြည့်တဲ့ ရှုထောင့်ပေါ် မူတည်သေးတယ်လေ။ ဘေးစောင်းကြည့်လဲတမျိုး၊ တည့်တည့်ကြည့်လဲတမျိုး“

“ဒါပေမယ့် ပြဒါးသုတ်ထားတဲ့ဘက်မှာ ဆွဲထားတဲ့ပုံကို ကြည့်နေမိတာမျိုးလဲ ဖြစ်နိုင်တယ်လေ မေမေ။ အဲဒါဆို တပုံတည်း ထွက်နေမှာပေါ့“

“တော်စမ်းသမီး။ စကားတတ်တိုင်း လျှောက်ပြောမနေနဲ့။ ကိုယ်မသိတဲ့အကြောင်းကို ငြင်းခုံရတာ အဓိပ္ပာယ် မရှိဘူး“

“အဲဒါကြောင့် သိအောင်စုံစမ်းလေ့လာရမယ်လို့ ပြောတာပေါ့မေမေ“

“သမီးရယ်။ ကဲ-သိပြီးတော့ ဟုတ်နေပြီထားပါတော့။ သမီးက ဘာလုပ်မလို့လဲ“

“ဟုတ်ရင်တော့ အမှန်ဘက်က ရပ်တည်ရမှာပေါ့မေမေ။ သမီးမှာတော့ စင်ပေါ်မှာတုန်းက ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်သော တပ်မတော်လို့ ရွတ်ခဲ့ရတာ။ ဘုရား-ဘုရား။ လူသတ်၊ မုဒိမ်းကျင့်တယ်ဆိုတာများ တကယ်ဖြစ်နေရင် ရှက်ဖို့ကောင်းလိုက်တာ။ နောက်ကွယ်မှာ တကယ်သိတဲ့လူတွေက ဘယ်လောက်ဝိုင်းဟားနေကြမလဲ၊ ဘယ်လောက် အမြင်ကပ်နေကြမလဲ မသိဘူး“

“သမီး၊ စကားကို ကြည့်ပြောကွယ်။ မေမေစိုးရိမ်လာပြီ။ လူသတ်၊ မုဒိမ်းကျင့်တာတော့ မေမေမသိဘူး။ နိုင်ငံရေးသမားတွေကို ဖမ်းတာတော့ မေမေသိတယ်။ သမီးစကားတွေက ဘောင်ကျော်နေပြီကွယ်။ သမီးရဲ့စိတ်ဓာတ်ကို မေမေနားလည်ပါတယ်။ ဒါပေမယ့် ဟုတ်နေပြီး၊ သမီးက သူပုန်လုပ်တော့ရော၊ ဒီလောက်အင်အားများတဲ့စစ်တပ်ကို နိုင်နိုင်မှာတဲ့လား“

“မေမေရယ်။ မဖြစ်နိုင်ဘူးဆိုတာ မဖြစ်ချင်သူတွေရဲ့ အဘိဓာန်မှာပဲရှိတာပါ။ ပန်းတိုင်ရောက်အောင် ဘယ်လိုအတားအဆီး ရှိပါစေ၊ ကျော်လွှားရဲတဲ့ သတ္တိရှိရမယ်ဆို။ မေမေပဲပြောခဲ့ပြီးတော့။ လူဆိုတာ မြစ်တစင်းလို ကျင့်ရမယ်။ သမုဒ္ဒရာထဲ စီးဝင်မယ့် မြစ်တစင်းဟာ ဘယ်လောက်ပဲ တောင်တွေ၊ ချောက်တွေ ရှိပါစေ၊ ကျော်ဖြတ်စီးဆင်းတာပဲဆို”

“တော်ပါတော့ သမီးရယ်။ မေမေ့စကားတွေနဲ့ မေမေ့ကို ပြန်ပြောမနေနဲ့။ သမီးပြောနေတာနဲ့ မေမေပြောဖို့တောင်မေ့နေတယ်။ အင်ဒိုနီးရှားမှာ လူငယ်ညီလာခံတက်ဖို့ စာရင်းမှာ သမီးကို ထည့်ထားတယ်တဲ့။ ညကကြားလာတယ်“

“မြတ်စွာဘုရား“

ဒီတခါ ဘုရားတရသည်ကတော့ သူမဖြစ်သည်။ ပြောလို့မှ မဆုံးသေး။ ကိုးရို့ကားယားတွေက ပေါ်လာပြန်ပြီ။ လူသတ်၊ မုဒိမ်းကျင့်ကိစ္စတွေ စုံစမ်းပါမည်ဆိုမှ သူမစုံစမ်းမည့် အဖွဲ့ကလွှတ်သော ညီလာခံကို အဲဒီအဖွဲ့တွေကို ကိုယ်စားပြုတက်ရမည်ဆိုပါလား။

“နောက်မှ ပြောကြရအောင် မေမေရယ်နော်။ အခုသမီးလဲ ဆာလှပြီ။ သမီးတို့နှစ်ယောက် နံနက်စာ တူတူမစားရတာ ကြာပြီမေမေရဲ့။ ဖက်ထုတ်ကြော်သွားစားရအောင်“

သူမပြောပြောဆိုဆိုနှင့် စကားဖြတ်ပြီး အခန်းထဲ ၀င်လိုက်ရသည်။ အတွေးပေါင်းများစွာနှင့် ခေါင်းထဲမှာ ရှုပ်နေသည်ကတော့ အမှန်။ ရှေ့လထဲမှာ ဒေါ်စုကို denounce လုပ်သည့် လူထုစည်းဝေးပွဲ ရှိသည်။ သူမအား အခမ်းအနားမှူးဖြစ်စေ၊ အဆိုတင်သွင်းသူဖြစ်စေ၊ ထောက်ခံသူဖြစ်စေ တခုခုတော့ လုပ်ခိုင်းကြမှာ သေချာသည်။ နယ်မြေဆိုင်ရာ တိုင်းမှူကလေဲ အရပ်ပုသူ၊ သူမကလဲ အရပ်ပုသူဖြစ်၍ စကားပြော စင်ပေါ်မှ မိုက်ခွက်ကို မှီစေရန် ခွေးခြေခုံပုလေးတောင် ရိုက်ထားကြသတဲ့။ စိတ်ညစ်သည်။ သူမလေ့လာမှုတောင် မစရသေး။ မငယ်ဆီမှ ဆက်သွယ်ရမည့် လူများလိပ်စာကပါလာသည်။ သူတို့ကကော လက်ခံကြပါ့မလား။ သူမကို သတင်းလာယူသည်ထင်လျှင် ခက်ပေဦးမည်။ သူမ၏ အဆက်အသွယ်၊ အဆက်အနွယ်တွေအရ ဒီလိုသေးငယ်လှတဲ့ အောက်ခြေအလုပ်လောက်ကို လုပ်မည်မဟုတ်ကြောင်းကိုတော့ သေချာရှင်းပြရမည်။ ဘာပဲပြောပြော အကြောင်းတခုခု မသေချာသေးခင်၊ ဘယ်သူမှားသည်၊ ဘယ်သူမှန်သည်ကို မသိသေးခင်တော့ ကြားနေလိုက်တာပဲကောင်းသည်။ ဘာလုပ်ရင်ကောင်းမလဲ။

“သမီးရေ၊ မြန်မြန်လုပ်နော်။ ပြီးရင် မေမေသွားစရာရှိသေးတယ်“

မေမေ့စကားသံကြောင့် တွေးလက်စအတွေးတို့ကို ဖျောက်ပြီး ရေချိုးခန်းထဲသို့သာ သူမ၀င်လိုက်ပါတော့သည်။

(၂၃.၄.၂၀၀၇)


အပြည့်အစုံဖတ်ချင်ရင်..>>>

A River (part-3)

မြစ်တစ်စင်း (၃)

(၆)

ရွှေရတုတပ်မတော်နေ့ အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲ။ အမျိုးသားဇာတ်ရုံ။

“ယခုပြိုင်ပွဲဝင်ဖို့ အလည့်ကျသူကတော့ ရှမ်းပြည်နယ် တောင်ပိုင်းမှ -----ဖြစ်ပါတယ်”

အခမ်းအနားမှူးဖြစ်သူ တာမွေမြို့နယ် ကြံ့ခိုင်ရေးအသင်း အတွင်းရေးမှူးမှ ကြေငြာပြီးသည့်အဆုံး သူမစင်ပေါ်သို့ တက်သွားလိုက်သည်။ မဲလိပ်အားနှိုက်ပြီး အစီအစဉ် ကြေငြာသူထံသို့ ပေးလိုက်သည်။

“မ----ဟောပြောမယ့် ခေါင်းစဉ်ကတော့ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့လက်ထက် နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲ တိုးတက်မှုများ ဖြစ်ပါတယ်“

ခေါင်းစဉ်အား ကြေငြာပြီးသည့်နောက် သူမပရိသတ်ကို မျက်နှာမူလိုက်သည်။

အားပါးပါး-မျက်ဝန်းထဲသို့ စူးဝင်သွားသည့် အစိမ်းရောင်များ၊ ရှေ့ဆုံးတွင်ကား န၀တအတွင်းရေးမှူး(၁)၊ (၂) နှင့် ၀န်ကြီးများ ထိုင်နေသည်။ ပြီးတော့ ဗဟိုအဆင့် ပြိုင်ပွဲဝင် ပြည်နယ်နှင့် တိုင်း (၁၆)ခု (ရှမ်းပြည်နယ်အား ရှမ်းတောင်၊ ရှမ်းရှေ့၊ ရှမ်းမြောက်ဟူ၍ ခွဲထားသည်) များနှင့် မိဘဆွေမျိုးများ၊ ဖိတ်ကြားထားသူများ၊ နောက်တွင်ကား အဖြူ၊ အစိမ်းဝတ်စုံနှင့် အသင်းဝင်များလား၊ ကျောင်းသားများလားတော့ မသဲကွဲ။ သူမလို အသင်း ထဲ တခါမှ မ၀င်ဘူးသူကိုတောင်မှ ကျောင်းအဆင့်၊ မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ ပြည်နယ်အဆင့် ဇကာတင် ပြိုင်ပွဲများဝင်ရန် ဆိုပြီး တံဆိပ်အတင်းတပ်ပေးထားသည် ဆိုတော့ နားထောင်ရန် ပရိသတ်များမှာလဲ ကျောင်းသားများအား တံဆိပ်တပ်ပေးထားခြင်း ဖြစ်နိုင်ပါသည်။ အပေါ်မှ ထပ်ခိုးမြင့်တွင်တော့ တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းများ ရှိနေသည်။

“အားလုံးမင်္ဂလာပါရှင်။ ပြည်သူတို့ရဲ့ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်စောင့်ရှောက်တဲ့ တပ်မတော်ဟာဆိုရင်----“

န၀တလက်ထက် အကြောင်းမစခင် တပ်မတော်ရာဇ၀င်နှင့် အစပျိုးလိုက်သည်။

အကဲဖြတ်များအားတလှည့်၊ နိုင်ငံတော်အုပ်ချုပ်နေသူများအား တလှည့်ကြည့်လိုက်၊ ဆက်ပြောလိုက်နှင့် (၁၅)မိနစ် အချိန်သည် မည်သို့ ကုန်သွားသည်မသိ။ အသက် (၁၅)နှစ်အရွယ်တွင် နိုင်ငံတော်အုပ်ချုပ်နေသူများရှေ့၌ နိုင်ငံရေးစကားပြောရသည်မို့ ဂုဏ်ယူလို့မဆုံး။

ပွဲပြီးသွားလျှင်ကား နိုင်ငံတော်ညစာစားပွဲတက်ရမည်။ မည်သူ့ပေါ်တွင်မှ မှီခို၍ မဟုတ်။ ကိုယ့်အစွမ်းအစနှင့်ကိုယ်။ ဖိတ်စာပေါ်တွင် သူမနာမည်ကို ရေးထားသည်။ နောက်ဆက်တွဲ မိသားစုဝင် အနေနှင့် မဟုတ်။ မေမေက ပြောဖူးသည်။ “လဟာအေးချမ်းပါတယ်။ သူ့အလင်းရောင်ကလဲ အလင်းပေးထာပဲ။ဒါပေမယ့် မေမေမွေးထားတဲ့ သမီးကိုတော့ နေမင်းပဲ ဖြစ်စေချင်တယ်။ သူများအလင်းရောင်ပေါ်မှာ မှီမနေစေချင်ဘူး“ ဟူ၍။ သည်ပွဲသည် သူမ၏ ကိုယ်ပိုင်အစွမ်းအစဖြင့် ပထမဦးဆုံး ဗဟိုအဆင့်သို့ တက်လှမ်းခဲ့သည့်ပွဲ။ အသင်း၏ ပထမဦးဆုံး ကျင်းပသော ပွဲဖြစ်သဖြင့် သောသောညံစည်ကားနေခဲ့သည်။ သူမတို့ ပြိုင်ပွဲဝင်များကိုလဲ သဲသဲလှုပ် ဖူးဖူးမှုတ်ထားကြသောကာလ။ လူအများကြားတွင် စိတ်လှုပ်ရှားမှုနှင့် သူမပျော်ရွှင်နေပါသည်။ မရည်ရွယ်ပဲ ရောက်ဖြစ်ခဲ့သည်ကိုး။

(၇)

သူမဘ၀တွင် စစ်ရေး၊ နိုင်ငံရေးများကို မည်သို့စ၍ စိတ်ဝင်စားနေသည်ကို မသိ။ သူမမှတ်မိသည်ကတော့ မူလတန်းအရွယ်တွင်လဲ တခြားကလေးများနှင့်အတူ မကစားဖြစ်။ ညဘက်ဆိုလျှင် (၈)နာရီတွင် တီဗွီမှလာသော ပြည်တွင်းသတင်းများအား နားထောင်လိုက်၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ညီလာခံ ဆိုသည်များကို ကြည့်လိုက်။ (၈)နာရီ (၁၅)မိနစ်တွင်လာသော နိုင်ငံခြားသတင်းများအား နားထောင်လိုက်၊ နောက်နေ့တွင် ကျောင်း၌ သူငယ်ချင်းများအားမုန့်ကျွေး၍ သူမပြောသည်ကို နားထောင်ခိုင်းလိုက် လုပ်နေခဲ့ခြင်းကိုသာ ဖြစ်သည်။ အသိုင်းအ၀ိုင်းကြောင့်ဆိုရအောင်ကလဲ အခြားသူမထက်ပို၍ ထဲထဲဝင်ဝင် ပတ်သက်သူများ၏ သားသမီးများတောင် သူမပြော၍သာ ကလေးဘာဝ နားထောင်နေရခြင်းသာဖြစ်သည်။ မည်သို့ဆိုစေ သူမမူလတန်းကာလတလျှောက် တညမျှ သတင်းနားထောင်ခြင်း မပျက်ခဲ့တာကိုတော့ မှတ်မိနေပါသေးသည်။ သူမလေးတန်းရောက်တော့ ရှစ်လေးလုံး အရေးအခင်းဆိုတာကြီး ဖြစ်သည်။ ကျောင်းပိတ်ထားချိန်ကာလကို အခွင့်ကောင်းယူပြီး အိမ်တွင်ရှိနေသော သတင်းစာပုံကြီးအား ထမ်းမေ့ဟင်းမေ့ ဖတ်ခဲ့သည်။ သူမအဖိုးသိမ်းထားခဲ့သော သတင်းစာဖြတ်ပိုင်းအဟောင်းများကလည်း အလွန်ပင် စိတ်ဝင်စားဖွယ် ကောင်းပါသည်။ လွတ်လပ်ရေးရပြီးကာစ သတင်းစာများမှ သတင်းအတိုအထွာများ ဖြတ်ထောက်သိမ်းဆည်းထားသည်များလဲ ရှိသည်။ အရေးအခင်းကာလ ကျောင်းပိတ်ထားစဉ် တလျှောက်လုံး ထိုအရာများနှင့် သူမအချိန်ကုန်နေခဲ့သည်။ ရှစ်လေးလုံး ဆန္ဒပြသံများ မြို့ထဲ ကြားနေရပေမယ့် ဆူပူနေကြသည် ဟူ၍သာ သူမထင်ထားသည်။ အရေးအခင်းပြီးတော့ တီဗွီမှာ သတင်းစာ ရှင်းလင်းပွဲမျိုးစုံအား ကြားရသည်။ အချို့နာမည်များဆိုလျှင် သူမအလွတ်ရနေခဲ့ပြီ။ ရဲကျော်သူ၊ တင်မောင်သန်း၊ ပြည်ပြေးစိန်ဝင်း၊ မင်းကိုနိုင်၊ မိုးသီးဇွန်၊ ကိုကိုဦးစသည်ဖြင့်။ တီဗွီမှာ ဗိုလ်မှူးသန်းထွန်းဆိုသူက ပြည်တွင်းသောင်းကျန်းမှုသမိုင်းဆိုပြီး သမိုင်းကြောင်းရှင်းလင်းပွဲများ လုပ်တော့လဲ သူမမှာ မှတ်စုလေးတကိုင်ကိုင်နှင့် ကြည့်လို့မဆုံး။ တကုပ်ကုပ်၊ ဟိုမှတ်ဒီမှတ်နှင့် နောက်ဆုံးမည်သည့် တိုက်ပွဲ မည်သည့် နေရာမှာဖြစ်၍ မည်သည့်ရက်စွဲတွင် ဖြစ်ခဲ့သည် ဆိုသည်များကိုပါ သိလာချိန်ကျတော့ ကျောင်းမှ ဆရာမများက သတိပြုမိလာကြသည်။ ဒီကြားထဲ သူမစိတ်ထဲမရှင်းလင်းသည့် ကိစ္စတခုအား ကျောင်းမှာ ပြောမိခြင်းကြောင့် သူမအားနိုင်ငံရေး ပြောသည်ဆိုပြီး ကျောင်းအုပ်ကြီးမှ ခေါ်တွေ့သည့် ကိစ္စတခုတော့ဖြစ်လိုက်သေးသည်။ အဓိကကတော့ ဖယ်ဒရယ်ကိစ္စ။ လွတ်လပ်ရေးရပြီးစကာလ အပြောများနှင့် ကျောင်းမှ သမိုင်းသင်ရိုးတွင် ဖယ်ဒရယ်နှင့် ပတ်သက်၍ ပြောထားသည်များ တချို့တို့ ကွဲပြားမှု ရှိနေတာ သတိပြုမိသည်မို့ သူငယ်ချင်းများအား ပြောမိခြင်းပါ။ မိဘများ၊ဆရာများ ပြူးပြူးပျာပျာဖြစ်သွားသဖြင့် ဘာမှန်းမသိပေမယ့် ဆက်တော့ စပ်မစုဖြစ်ခဲ့တော့။

ဘာပဲဖြစ်ဖြစ် သမိုင်းဆရာမများအား စပ်စပ်စုစုသွားလုပ်နေကျမို့ နောက်ဆုံးတချို့ ဆရာမများက သင်ရိုးထဲက စာမဟုတ်လျှင် တခြားစာတွေ လာမမေးပါနဲ့ ဟုပြောလွှတ်ကြလေသည်။ အလယ်တန်းကာလတလျှောက် သမိုင်းဘာသာအချိန်သည် သူမအတွက် အပျင်းဆုံး အချိန်ဖြစ်သည်။ ပြဌာန်းစာအုပ်၏ နောက်ကွယ်မှ အသေးစိတ် အချက်များကို သူမသိနေပြီးသာ ဖြစ်နေသည်ကိုး။

သည်လိုနှင့် တပ်မတော်ဆိုင်ရာ စာစီစာကုံး၊ ကဗျာပြိုင်ပွဲများ၊ ဥာဏ်စမ်းပြိုင်ပွဲများ၊ ကျပန်းပြိုင်ပွဲများလုပ်လာတော့ သူမအား ကျောင်းများ၊ ရုံးများကို ကိုယ်စားပြု ယှဉ်ပြိုင်ခိုင်းကြတော့သည်။

နွေရာသီဆိုလျှင်လဲ တက်လိုက်ရသည့် သင်တန်းများမှာ အစုံအလင်၊စာရင်းကိုင်သင်တန်း၊ စီမံခန့်ခွဲရေးသင်တန်း၊ လက်နှိပ်စက်သင်တန်း၊ ကွန်ပျူတာသင်တန်း၊ လူထုဟောပြောနည်း၊ ဗုဒ္ဓ ဘာသာ ယဉ်ကျေးမှုသင်တန်းများစသည်ဖြင့်။ ကျောင်းက နံရံကပ်စာစောင် လုပ်တာတွေမှာလဲ သူမပါသည်။ မြို့န်ာပြန်ကြားရေးရုံးမှာလဲ သူမခြေရာတွေ ထပ်နေပြီ။ ဘာပဲလုပ်လုပ် တခုမဟုတ် တခုနေရာမှ သူမပါသည်။ တခါတရံများဆိုလျှင် စာသင်ချိန်တွင်လဲ သူမမရှိ၊ စာသင်ချိန်မှာ ပြင်ပစာအုပ်များ ဖတ်နေလျှင်လဲ ဆရာမများက မဆူမငေါက်ရဲကြ။ ဆရာမတယောက်ကပြောသည်။ “ရှင်တို့က နိုင်ငံတော်ကလေးတွေ၊ မထိရဲပါဘူး“တဲ့။ ဘာပဲပြောပြော လုပ်ပိုင်ခွင့် အာဏာကိုတော့ သူမအလွန်ပင် နှစ်သက်တတ်လာခဲ့လေပြီ။

“သမီးတော်တော် စာဖတ်အားကောင်းတာပဲ။ စာနယ်ဇင်းက စာအုပ်တွေ သမီးဆီမှာ အကုန်ရှိလား“

ညစာစားပွဲမသွားခင် ယူနီဖောင်းနှင့် ဗိုလ်မှူးတဦးက မေးလာသည်။

“အကုန်တော့ မရှိပါဘူးဗိုလ်မှူး။ တချို့စာအုပ်တွေက ပြန်ဆက်ရုံးက ငှားဖတ်တာ“

“သြော်-ဒီလူတွေ၊ အပိုင်ပေးထားရမှာကိုး။ သမီးတို့က မျိုးဆက်သစ်တွေလေ။ လိုအပ်တာတွေကို ဦးတို့က ပံ့ပိုးပေးရမှာပေါ့။ ကိစ္စမရှိပါဘူး။ ဦးပို့ပေးလိုက်မယ်။ ဦးနာမည်က ----။ စစ်မဟာဗျူဟာက။ သမီးသိတယ်မလား။ စစ်မဟာဗျူဟာကို“

“ဟုတ်ကဲ့၊ သမီးသိပါတယ်ဦး“

“ဒါနဲ့၊ သမီးက အခုကိုးတန်းနော်။ ဆယ်တန်းအောင်ပြီးရင် ဘာလုပ်မယ် စိတ်ကူးလဲ“

“ဆရာဝန်လုပ်မယ်သီး။ ပြီးတော့ စီးပွားရေး လုပ်ငန်းရှင် ဖြစ်ချင်တာ။ FMI လို company ကြီး တခု ထောင်ချင်တယ်“

“IRလဲကောင်းတာပါပဲ သမီးရဲ့။ ဘာပဲဖြစ်ဖြစ် တက္ကသိုလ် မဖွင့်ခင် ရုံးတခုခုမှာ လုပ်အားပေး ၀င်လုပ်ဖို့ တိုက်တွန်းချင်တယ်။ လုပ်ငန်းတွေ နားလည်အောင်ပေါ့။ ဦးထပ်ပြီး ဆက်သွယ်ပါမယ်။ ကဲ- ဦးသွားလိုက်ဦးမယ်။ စာအုပ်တွေ ပို့ပေးလိုက်မယ်“

ပြောပြောဆိုဆိုနှင့် ထွက်သီားတော့ လိပ်စာလှမ်းပေးရန်ပင် အချိန်မရ။ ပြီးမှ သူမဘာသာ ပြန်တွေးပြီး ရယ်မိလေသည်။ နိုင်ငံတခုလုံး၏ အုပ်ချုပ်ရေး ယန္တရား တခုလုံး၏ နောက်ကွယ်မှ လည်ပတ်နေသော စစ်မဟာဗျူဟာမှ အရာရှိတယောက်အား သူမက လိမ်စာ သွားပေးနေလေသည်။ သူတို့အတွက် သိချင်လျှင် အလွယ်လေးပင် မဟုတ်လား။ သိပ်မကြာခင်မှာတော့ ရုံးတရုံးမှ စာအုပ်ထုပ်ကြီးများ သူမအိမ်သို့ ဆိုက်ဆိုက်မြိုက်မြိုက် လာပို့ပေးသွားလေသည်။

“သမီးပြောသွားတာတွေကောင်းတယ်။ အချက်အလက်စုံတယ်။ သမီးနိုင်ငံရေးကို စိတ်ဝင်စားလား“

ညစာစားရင်း သူမဘေးတွင် ထိုင်နေသူ ၀န်ကြီးတယောက်က မေးလာသည်။

“စာဖတ်ရတာ ၀ါသနာပါပါတယ် ဘဘ။ ဖတ်ရင်းနဲ့ စိတ်ဝင်စားလာတာပါ။ ပြောသာပြောရတယ်။ နိုင်ငံရေးဆိုတာ ဘာလဲဆိုတာ သမီးနားမလည်သေးပါဘူး“

“ဘဘရေးထားတဲ့ ဆည်းပူးလေ့လာ၊ နိုင်ငံရေးသိပ္ပံပညာ စာအုပ်ရှိတယ်။ သမီးတို့ ပြည်နယ်ရုံးကို ပို့ခိုင်းလိုက်မယ်။ စားစား၊သမီး။ ဘဘကလဲ အစားဆို သိပ်ကြိုက်တာ“

ပြောပြောဆိုဆိုနှင့် သူမပန်းကန်ထဲသို့ ပုစွန်ထုတ်တကောင် ထည့်ပေးပြီး၊ သူ့ပန်းကန်ထဲသို့ပါ တကောင်ထည့်၍ ပလုတ်ပလောင်း စားနေသည်မို့ သူမပင် ဘာပြန်ပြောရမည်မသိ။

(၈)

“မဖြစ်နိုင်ပါဘူး။ သူတို့တွေ အဲလိုလုပ်မှာ မဟုတ်ပါဘူး“

အတိတ်သို့ ပြန်တွေးရင်း၊ အတိတ်အရိပ်များကို မြင်ယောင်ရင်း ပါးစပ်က အလိုလို ရေရွတ်မိသည်။

ဘေးတွင် အိပ်နေသော မငယ်တယောက် အသံကြောင့် နိုးသွားသည်။

“မမျိုး၊ အိပ်မပျော်ဖူးလားဟင်“

“ဒီလိုပဲ၊ ဟိုစဉ်းစား၊ ဒီစဉ်းစားနဲ့“

“မငယ်တို့မှာလဲ စောင်အပိုကမရှိ။ ဒီလိုပဲ လုံးထွေးအိပ်ကြတာ။ မမျိုးကို အားနာလိုက်တာ“

သူများအိမ်သို့ အားမနာ၊ လျှာမကျိုးလိုက်အိပ်သော သူမအား အိမ်ရှင်ကပင် ပြန်အားနာနေပြန်ပါသည်။ သည်လိုရိုးသားသူ တယောက်က လိမ်ပြောသည်မှာလဲ မဖြစ်နိုင်ပြန်။ သူမသိသည်က ဂုဏ်ထူးများဖို့၊ အဖွဲ့အစည်းများ၊ ရုံးများတွင် ၀င်ထွက်စွားလာရေး လွယ်ကူဖို့၊ လုပ်ပိုင်ခွင့်အာဏာရှိဖို့၊ စီးပွားရေးလုပ်ငန်းများ အောင်မြင်ပြီး လုပ်ငန်းရှင်ဖြစ်ရန်များသာ ဖြစ်သည်မို့ မငယ်ပြောသည်ကိုလဲ မယုံ၍ မဖြစ်ပြန်။ စိတ်ရှုပ်ရှုပ်နှင့် သာ ခေါင်းကုပ်နေမိတော့သည်။

(ဆက်လက်ဖော်ပြပါမည်)

၁၄၊ ၄၊ ၂၀၀၇

/

အပြည့်အစုံဖတ်ချင်ရင်..>>>

A River (part-2)

မြစ်တစ်စင်း (အပိုင်း -၂)

(၄)

မငယ်အမေရောက်လာတော့ အမှောင်ထုက ကြီးစိုးနေလေပြီ။ ကျွတ်ကျွတ်အိတ်နှင့် ဆွဲလာသော ဆန်အိတ်လေးမှာ အလွန်ပင် သေးငယ်လှပါသည်။ လက်လှုပ်မှ ပါးစပ်လှုပ်ရသည့် ဘ၀ဆိုတာကို လက်တွေ့မြင်လိုက်ရတော့ အိမ်မှာ ဂျီကျပြီး ထမင်းရှိရက်နှင့် အပြင်မှာ သွားစား၍ အလဟဿ ဖြစ်ခဲ့ရသည့် ထမင်းနပ်ပေါင်းများစွာကို သွားသတိရမိသည်။

“မမျိုးရေ၊ ထမင်းအိုးတည်လိုက်ဦးမယ်နော်။ ဟင်းကတော့လေ၊ မငယ်ညနေက ၀ယ်လာတဲ့ ပဲပုတ်ပြားပဲ ရှိတယ်။ မီးကင်ပြီး ဆီလေးနဲနဲ ဆမ်းထားတယ်။ မမျိုးမြစ်ရဲ့လားဟင်“

မရှိသည့်ကြားမှ ဧည့်သည်အပေါ် တာဝန်ကျေပြွန်လှသော ရိုးသားလှသည့် စေတနာကို အသိအမှတ်ပြုမိသည်။ အပေါ်ယံသကာဆန်းထားသည့် စေတနာမဟုတ်။ ရယူလိုစိတ်မပါ။ ရင်ထဲကလာသည့် စေတနာစစ်စစ်ရယ်ပါ။

ထမင်းအိုးကျက်တော့ ဖယောင်းတိုင်မီးလေးထွန်းပြီး ထမင်းဝိုင်းဖွဲ့ကြသည်။ ကလေးငယ်လေးများက အလုအယက် စားနေကြသည်။ ဆာလောင်လှပြီကိုး။ မငယ်အမေက မြန်မာစကား သိပ်မပြောတတ်။သူ့ပန်းကန်ထဲသို့ ဟင်းမထည့်ပဲ သူမပန်းကန်ထဲသို့သာ ထည့်ပေးနေသည်။ ထမင်းအိုးအား မေးငေါ့ပြီး မငယ်အားမေးနေသည်။ ထမင်းမလောက်မှာ စိုးရိမ်နေပုံရသည်။ သူမမြိုမကျပါ။ အလိုလိုနေရင်း မျက်ရည်ဝဲလာမိသည်။ ဟင်းမကောင်း၍ မဟုတ်ပါ။ စေတနာကို ခံစားမိ၍သာ ဖြစ်သည်။

သူမဘ၀တွင် ငယ်စဉ်မှစ၍ တက်ရောက်ခဲ့ရသော ညစာစားပွဲများကို သတိရမိသည်။ အနက်ရောင်တိုက်ပုံများ၊ ပိုးပုဆိုးမား၊ လွန်းရာချိတ်လုံခြည်များ၊ စိန်ရွှေရတနာများ၊ အပြုံးတုများ၊ ဂုဏ်တုဂုဏ်ပြိုင်များ၊ ကားများ၊ ခန်းမများ။ ထိုအရာများ ဘာတခုမှ မရှိပါ။ သို့ပေမယ့် မြေကြီးပေါ်မှ ထမင်းဝိုင်းလေးသည် အလွန်ပင် ခမ်းနားထည်ဝါလှပါသည်။ ဖြူစင်ရိုးသားသည့် စေတနာကို ဂုဏ်ပကာသနများက ယှဉ်နိုင်ပါမည်တဲ့လား။ ရပခစစ်တိုင်းဌာနချုပ်အတွင်းရှိ သံလွင်ခန်းမတွင် ယူနန်ကိုယ်စားလှယ်များနှင့် ညစာသုံးဆောင်နေသော မေမေသိသွားရင်တော့ သူမကို ဘာပြောမည်မသိ။ သို့ပေမယ့် မေမေ့ထမင်းဝိုင်းထက် သူမထမင်းဝိုင်းက ပိုအရသာရှိကြောင်းကိုတော့ သူမသေချာပြောရဲ ပါသည်လေ။

(၅)

ထမင်းစားပြီးချိန်ရောက်တော့ ဖယောင်းတိုင်မီးကလဲ ကုန်လုလုဖြစ်နေပြီ။ တဲအိမ်လေးထဲတွင် စစ်သုံးအခင်းလေးခင်းနေပြီမို့ မငယ်အမေနှင့် ကလေးများ အိပ်ကြတော့မည်ဟု တပ်အပ်သိလိုက်သည်။ သည်နေရာလေးသည်ပင် အိပ်ခန်း၊ သည်နေရာလေးသည်ပင် ထမင်းစားခန်း၊ သည်နေရာလေးသည်ပင် ဧည့်ခန်းအဖြစ် အကြိမ်ကြိမ်ပြောင်းလဲလို့နေပါသည်။ မီးဖိုဆိုသည်ကတော့ အိမ်အပြင်ဘက်မှာ။ ထင်းချောင်းအနည်းငယ်၊ ရေတိုင်ကီငယ်လေး တခုနှင့် လုံလောက်နေလေသည်။ အနည်းငယ် လှမ်းသည့်နေရာမှာတော့ တရံကာ အိမ်သာလေးရှိသည်။ မြို့နှင့် မိုင်အနည်းငယ်မျှသာ လှမ်းပြီး လျှပ်စစ်မီး မရှိသည်ကိုတေ့ သူမဒေါသထွက်မိသည်။

ကျောင်းသားများ မည်သို့စာကျက်ပါမည်နည်း။ စိတ်ရှုပ်ရှုပ်နှင့် မငယ်ပန်းကန်ဆေးရာ နေရာသို့ ထွက်လာလိုက်သည်။

“မမျိုးမလာနဲ့။ ချော်လဲလိမ့်မယ်။ အမှောင်ကြီးထဲမှာ“

“လရောင်လေးရှိပါတယ် မငယ်ရဲ့။ မငယ်နက်ဖြန် အလုပ်မရှိဘူး မဟုတ်လား။ မမျိုးတို့ အပြင်မှာ စကားပြောကြရအောင်လေ“

ကြုံတုန်းစပ်စုသွားမည်ဟု စိတ်ကူးလိုက်သည်။ ဆေးလိပ်ခုံတခုမှာ ဖက်ရွေးသူဆိုပေမယ့် အချို့သော အကြောင်းအရာများကို သူမထက် ပိုသိပုံပေါ်သည်။ ပြီးတော့ မငယ်အစ်ကိုကလဲ သူပုန် (မငယ်အခေါ် တော်လှန်ရေးသမား) ဆိုတော့ စိတ်ဝင်စားစရာပင် မဟုတ်လား။ သူမကြားဖူးသည်ကတော့ သူပုန်များသည် အလွန်ကြမ်းတမ်းပြီး ကြောက်စရာကောင်းသည်။ သူပုန်မိသားစုများသည်လဲ ထိုနည်းနှယ်နှယ်ပင်။ ကျူပင်ခုတ်၊ ကျူငုတ်မကျန် ရှင်းပစ်ရမည့် ရန်သူများဖြစ်သည် ဟူ၍။

“မငယ်ဘယ်နှစ်တန်းထိ ကျောင်းနေဖူးလဲဟင်“

“ကိုးတန်းထိ နေဖူးတယ် မမျိုး။ အစ်ကိုကကျောင်းထားပေးတယ်လေ“

“မငယ်က တိုင်းရင်းသားပေမယ့် မြန်မာစကားကျွမ်းတယ်နော်“

“အမေကရှမ်း၊ အဖေက ဗမာလေ မမျိုးရဲ့”

“ကိုးတန်းထိရောက်နေပြီ။ ဘာလို့ကျောင်းထွက်လိုက်တာလဲ။ ဆယ်တန်းအောင်ရင် ကျောင်းဆရာမလုပ်လို့ ရတယ်လေ“

“မထူးပါဘူး မမျိုးရယ်။ လခကပိုတောင်နည်းဦးမှာ။ ပြီးတော့ မငယ်တို့က တနေ့လုပ်မှ တနေ့စားရတဲ့ဘ၀“

“ဒါနဲ့ မငယ်အစ်ကိုက ဘာလို့ အဲဒီထဲဝင်သွားရတာလဲ“

“တောင်ပေါ်သွားရင်း ဗမာစစ်တပ်က မုဒိမ်းကျင့်ခံရတဲ့ ကောင်မလေးတွေကို တွေ့ခဲ့လို့တဲ့“

မြတ်စွာဘုရား။ သူမဘာဆက်ပြောရမည် မသိပဲဖြစ်သွားသည်။ နန္ဒာတို့ အိမ်မှာ အလုပ်လုပ်နေသည်မို့ သူမအသိုင်းအ၀ိုင်းကို မသိပဲနေမည်မဟုတ်။ သိရက်နှင့် ပြောတာဆိုတော့ အကြောင်းတော့ ရှိရမည်။ မဟုတ်ပဲနှင့်တော့ ပြောမည်မထင်။ ယုံရမည်လား၊ မယုံရဘူးလား သူမဝေခွဲမရ ဖြစ်နေသည်။

“မငယ်တကယ်ပြောတာလား“

“တကယ်ပေါ့မမျိုးရယ်။ ဗမာစစ်တပ်ဆိုရင် အရမ်းကြောက်ကြရတာ။ မငယ်တို့က မြို့နဲ့နီးလို့ တော်သေးတယ်။ တခြားနေရာတွေဆို ဗမာစစ်တပ်လာရင် ရှိသမျှ ယောက်ျားတွေ အကုန်ပုန်းကြရတယ်။ ပေါ်တာဆွဲမှာစိုးလို့။ မိန်းမတွေလဲ ဘာထူးလဲ။ အပျိုမရှောင်၊ အအိုမရှောင် ဒုက္ခပေးတတ်တယ်။ ရှမ်းစစ်သားတွေ ရှိနေလို့ တော်သေးတာပေါ့။ သူတို့က သူပုန်တွေ မဟုတ်ပါဘူး မမျိုးရယ်။ ဖိနှိပ်ခံရလို့ ပုန်ကန်လာကြတဲ့ တော်လှန်ရေး သမားတွေပါ။ မမျိုးလဲ မမျိုးအိမ်ထဲကို ၀င်လာပြီး မဟုတ်တာလာလုပ်ရင် ပြန်ချမှာပဲ မဟုတ်လား“

“သေချာတာပေါ့။ ထိရဲလာထိကြည့်ပါလား“

လွှတ်ခနဲပြောလိုက်ပြီးမှ သူမဟကားသည် သူပုန်အားပေးစကားဖြစ်သွားပြီကို သတိရလိုက်သည်။ သူမနှင့် ခင်မင်ရင်းနှီးနေသာ သူမက “ဘဘ“ ဟူ၍ တလေးတစား ခေါ်ဝေါ်ပြောဆိုနေရသော စစ်အရာရှိကြီးများရှေ့တွင် သွားပြောလျှင် ဘယ်လိုနေမည်မသိ။ တကယ်တော့ သူမသည် တပ်မတော်ဆိုသည်ကို အလွန်ယုံကြည်လေးစားခဲ့သူ။ ဆွေမျိုးအသိုင်းအ၀ိုင်းများကလဲ စစ်တပ်ထဲက ဖြစ်ရင်ဖြစ်၊ မဟုတ်ရင်လဲ စစ်တပ်နှင့်၊ ပြည်ထဲရေးနှင့် တနည်းမဟုတ် တနည်းပတ်သက်နေသည်မို့ ယူနီဖောင်းဝတ်များနှင့် လက်ပွန်းတတီးဖြစ်နေသူ။ သို့ပေမယ့် သူမတွင် အကျင့်ကောင်းလေးများတော့ ရှိပါသည်။ ထိုသည်ကား ရှာဖွေစူးစမ်းလိုစိတ်။ ပြီးတော့ မိန်းမများကို အနိုင်ကျင့် စော်ကားတတ်သူများကို အလွန်တရာ ရွံရှာ မုန်းတီးတတ်သောစိတ်။

“မငယ်၊ ဒီကိစ္စတွေက အမှန်ဆိုရင် ဘာလို့ မတိုင်ကြတာလဲ။ ရဲစခန်းမှာ အမှုဖွင့်ပေါ့“

“မမျိုးရယ်။ ရဲလဲ စစ်တပ်ဆိုရင် ကြောက်ရတာပဲ မဟုတ်လား“

မငယ်ပြန်ပြောမှ တွေးမိသည်။ ဟုတ်သည်ပဲ။ ရဲတွေမှာ မည်သည့်အာဏာမှ ရှိသည်မဟုတ်။ စစ်သားများဝေးလို့ ပတ်သက်နေသူဆိုရင်တောင် ရဲရဲကြည့်ရဲသည်မဟုတ်။ အချို့သူမသူငယ်ချင်းများ လိုင်စင်မရှိပဲ ကားမောင်းနေပေမယ့် ကားဒက်စ်ဘုတ်ပေါ်တွင် စစ်တပ်ဦးထုပ်တင်ထားသည်မို့ ယာဉ်တိုက်မှု ဖြစ်ရင်တောင် ဘာမှမပြောရဲကြ။

“မမျိုးအကြောင်း၊ မနန္ဒာပြောဖူးတယ်။ အိမ်ကကားမောင်းသမား သူ့မိန်းမကို ရိုက်တာကိုမြင်ပြီး ကားမောင်းသမားကို အလုပ်ထုတ်ပစ်တယ်ဆို“

“ဟုတ်တယ်။ သူ့မိန်းမကို ခဏခဏရိုက်တယ်လေ။ ဆဲဆိုလိုက်တာလဲ မပြောပါနဲ့တော့။ အဲဒါနဲ့ ရပ်ကွက်ရုံးခေါ်သွားလိုက်တယ်။ သူ့မိန်းမကလဲ မပေါင်းချင်တော့ဘူး။ လုပ်ကိုင်မစားတတ်လို့သာ သည်းခံနေရတာ။ နောက်ဆုံးသူတို့ ကွဲသွားကြရော။ ယောက်ျားကို အလုပ်ထုတ်လိုက်ပြီး မိန်းမကို သူငယ်ချင်းဆိုင်မှာ အလုပ်သွင်းပေးလိုက်တယ်။ ပြီးရော။ မမျိုးက မိန်းမတွေကို အော်ဟစ်ပြောဆိုတာ၊ အနိုင်ကျင့်နေတာ၊ ခွဲခြားဆက်ဆံနေတာ မြင်ရင်မရဘူး။ လမ်းသွားရင်းတွေ့ရင်တောင် မဆီမဆိုင် ဘေးကနေပြီး ဒေါသဖြစ်နေတာ“

“မမျိုးရယ်၊ အဲလိုဆိုရင် စစ်တပ်က မုဒိမ်းကျင့်ခံရ၊ စော်ကားခံနေရတဲ့ မိန်းကလေးတွေ အတွက်ရော၊ မမျိုးဘယ်လိုရပ်တည်မှာလဲ“

“ဟင်“

အာမေဋ္ဋိတ်သံနှင့်အတူ သူမသက်ပြင်းချမိသည်။ မျက်ဝန်းထဲတွင်တော့ သူမအပေါ် ကြင်နာစွာ ကောင်းကောင်းမွန်မွန် ဆက်ဆံတတ်သော “ဘဘ“များကို မြင်ယောင်မိသည်။ ယုံရခက်၊ မယုံရခက်။ တခုခုတော့လွဲနေပြီ။ အပေါ်ယံလှပြီး အင်ဂျင်စုတ်နေသော သူမကားကို မဆီမဆိုင် သတိရလိုက်မိသည်။

“မငယ်။ မမျိုးအဲဒီအကြောင်းတွေ သိချင်တယ်။ ပြောပြပေးနိုင်သူတွေနဲ့ ဆက်သွယ်ပေးပါလား။ မမျိုးကို စိတ်ချပါ။ ဘယ်သူမှ မထိခိုက်စေရဘူး“

ဘာလိုလိုနှင့် သူမသည် ဆန့်ကျင်ဘက် နယ်မြေထဲသို့ ခြေလှမ်းတလှမ်း စတင်ဝင်ရောက်ခဲ့မိလေပြီ။

ထိုညက သူမတညလုံး အိပ်မပျော်နိုင်ခဲ့ပါ။ စကားလုံးအသစ်အဆန်းများ၊ အဖြစ်အပျက်သစ်များကြောင့် မေမေနှင့် စိတ်ကောက်နေသည်မှာပင် ဘယ်သို့ရောက်သွားပြီမသိ။

ကားသစ်တစီးဆိုသည်ကိုလဲ မတွေးမိ။ တွေးမိသည်ကား----။

(ဆက်လက်ဖော်ပြပါမည်)

(၄၊၄၊၂၀၀၇)

အပြည့်အစုံဖတ်ချင်ရင်..>>>

A River (part-1)

မြစ်တစ်စင်း (အပိုင်း-၁)

လူတစ်ယောက်ဘ၀မှာ မရေတွက်နိုင်သော နေ့ရက်များစွာ ရှိပါတယ်။ တချို့နေ့ရက်တွေဟာ ရယ်မောပျော်ရွှင်ဖွယ်ရာတွေ ဖြစ်စေတတ်သလို၊ တချို့နေ့တွေကျတော့လဲ ၀မ်းနည်းဖွယ်ရာ၊ စိတ်ညစ်ညူးဖွယ်ရာတွေနဲ့ ပြည့်နှက်နေတတ်တယ်။ ဒါပေမယ့် နေ့ရက်တရက်ရဲ့ အဖြစ်အပျက် တွေ့ကြုံမှုတခုတည်းနဲ့ ကံကြမ္မာအပြောင်းအလဲတခု ဖြစ်လာမယ်လို့တော့ သူမ မထင်ခဲ့ဖူးတာ အမှန်ပဲ၊ တကယ်ကြုံလာတဲ့အခါကျတော့------။

တကယ်တော့ အဲဒီနေ့ဟာ သမရိုးကျ နေ့ရက်တွေလိုပဲ အစပျိုးခဲ့တာပါ။ ဆယ်တန်းအောင်ပြီးတဲ့နောက် နှစ်ပေါင်းများစွာ ပိတ်နေတဲ့ တက္ကသိုလ်တွေ ပြန်ဖွင့်မယ့်ရက်ကို စိတ်မရှည်စွာစောင့်ရင်း ကွန်ပျူတာနဲ့ စီမံခန့်ခွဲရေးသင်တန်းတွေ တဘက်ကတက်ပြီး ကိုယ်ပိုင်လုပ်ငန်းငယ်လေးတွေ အစပျိုးလုပ်ကိုင်နေဆဲ ကာလတခုမှာပေါ့၊ အချိန်ဆိုတာကို ငွေနဲ့ချိန်ဆက် တိုင်းတာပြီး ဆယ်ကျော်သက် ပီသစွာ လုပ်ရဲကိုင်ရဲ ဇတ်ဇာတ်ကြဲ ကာလ။

(၁)

မေမေ့ကား ခြံထဲဝင်လာခဲ့သော အချိန်သည် သူမတယောက် သူမကားကို စိတ်ရှိလက်ရှိ ကြိမ်းမောင်းပြီး မည်သို့ဖျက်ဆီးပစ်ရမည်လဲ စဉ်းစားနေခဲ့ချိန်မှာ ဖြစ်သည်။

“ဘာဖြစ်နေတာလဲ သမီးရယ်။ ကားနဲ့စကားပြောနေတယ်ဆိုတာ လူကြားလို့ မကောင်းပါဘူး“

မေမေ့အလန့်တကြား ပြောသံကြောင့် စိတ်ဆိုးနေသောသူမပင် ရယ်ချင်စိတ်ဝင်လာရသည်။

“ကားတစီး မြန်မြန်လဲပေးတော့မေမေ၊ သမီးဒီကားကို စိတ်ကုန်နေပြီ။ လုံးဝမစီးနိုင်တော့ဘူး“

“သမီးလိုချင်တယ်ဆိုလို့ အသစ်လဲပေးထားတာ ငါးလပဲရှိသေးတယ်လေ“

“အလိမ်ခံရတာကိုးမေမေရဲ့။ အပေါ်ယံလှလို့ လိုချင်တာ။ အင်ဂျင်ကအစုတ်ကြီး“

“ဒီလောက်တော့လဲ မဟုတ်ပါဘူး သမီးရယ်။ စက်ပဲဥစ္စာ။ တခါတလေ ပျက်မှာပေါ့။ ဘာဖြစ်လာလို့လဲ သမီး“

“ဘာဖြစ်ရမှာလဲမေမေ။ ဒီနေ့ Andyဆိုတဲ့ ပြင်သစ်ဧည့်သည်လာတယ်မေမေ။ မနန်းမိတ်ဆွေ။ သူက Tour လုပ်ငန်းကို ညောင်ရွှေ၊ အင်းလေးချဲ့ဖို့ရယ်၊ အင်းထဲက Textiles တွေ export လုပ်ဖို့ရယ်ကို သမီးတို့နဲ့ ရှယ်ယာလုပ်ချင်တာလေ။ အဲဒါ သူ့ကို ဟဲဟိုးလေဆိပ်မှာ သွားကြိုပြီး ညောင်ရွှေလိုက်ပို့ပေးတာ။ ဒီကားကြီးက လမ်းမှာ ပျက်ပါလေရော။ ကိုယ်နဲ့တွဲလုပ်မယ့် businessman တယောက်ရှေ့မှာ ဘယ်လောက်သိက္ခာကျလဲ“

“ကဲ၊ ဟုတ်ပါပြီ။ ဒါဆို မေမေဘယ်တော့ လဲပေးရမလဲ“

“အခု“

“အခုတော့ မလုပ်ပါနဲ့ သမီးရယ်။ ဒီနေ့ည ယူနန်က ကိုယ်စားလှယ်တွေ ရောက်နေလို့ ဧည့်ခံပွဲရှိတယ်။ မေမေခဏပဲ အချိန်ရတယ်“

မေမေက ပြောပြောဆိုဆို အိမ်ထဲဝင်သွားသည်မို့ လိုချင်လျှင် အခုချက်ချင်း ဖြစ်တတ်သူ၊ သူမတယောက် စိတ်တိုသွားရသည်။ စိတ်တိုရသည့်ကြားထဲ ပြဿနာကားကို မြင်နေရသည်က ပိုဆိုးသည်။

“ဦးထွန်း၊ သမီးအပြင်သွားမယ်“

သူမ၏ ကျယ်လောင်သော အော်ခေါ်သံကြောင့် ကားဒရိုင်ဘာ ဦးထွန်းတယောက် အပြေးအလွှား ရောက်လာသည်။

“ဦးဝင်းကို သွားပြောလိုက်။ သမီး အဲဒီကားကို လိုချင်တယ်။ ကားပေါ်ကဆင်းပြီး သမီးကားပေါ် တက်ထိုင်နေ။ ကားချင်းလဲမယ်လို့“

မေမေ့ကားအား မလိမ့်တပတ်ယူသွားမည် ကြံစည်နေသည်မို့ ဦးထွန်းတယောက် လန့်သွားသည်။

“မလုပ်ပါနဲ့သမီးရယ်။ မိုးမီးလောင်လိမ့်မယ်။ ဒီကားနဲ့ပဲသွားပါ။ မပျက်စေရဘူး၊ ဦးအာမခံတယ်“

“သမီးမစီးချင်ဘူးလို့ပြောနေတယ်။ ပြောပြီးသားစကားဘယ်တော့မှ မပြင်ဘူး၊ ရှုပ်တယ်။ ဒီကားကို ခြံပြင်သွားရပ်ထားလိုက်။ သမီးလဲ တက္ကဆီနဲ့ပဲ သွားမယ်“

ဦးထွန်းက ဘာပြောရမည်မသိပဲ ခေါင်းတကုန်ကုတ်။ သူမကလဲ မမြင်ချင်ဘူးဆိုလျှင် အခုချက်ချင်း မမြင်ရမှ ကျေနပ်တတ်သူ။

“ကားကို ခြံပြင်ထုတ်လိုက်ပါဆို။ သမီး မမြင်ချင်တော့ဘူး၊ မထုတ်ချင်လဲ မီးခြစ်ခဏပေး“

“ဘာလုပ်မလို့လဲဟင်“

ဦးထွန်းက အူကြောင်ကြောင်နှင့်မေးသည်။ ကားနှင့်မီးခြစ် ဘာဆိုင်လဲ တွေးနေပုံပေါ်သည်။

“ဆီတိုင်ကီထဲ ထည့်မလို့ဦးရေ၊ မိုးမီးလောင်တယ်ဆိုတာ ဘာလဲပြမလို့“

“မလုပ်ပါနဲ့ သမီးရယ်။ အခုပဲ သွားထားလိုက်ပါ့မယ်။ သမီးဘာလိုချင်သေးလဲ“

“ဘာမှမလိုချင်ဘူး၊ သမီးလဲ သွားတော့မယ်။ မေမေမေးရင်ပြောလိုက်။ ကားမလဲပေးမချင်း ပြန်မလာဘူး။ သမီးတောင်ကြီး ဟိုတယ်မှာ ရှိမယ်လို့“

ပြောပြောဆိုဆိုနှင့် ခြံထဲမှ ထွက်လာခဲ့သည်။ စိတ်တိုနေဆဲ ကာလမို့ စကားဆက်ပြောနေလဲ အဆင်ပြေမည်မဟုတ်။

(၂)

“တောင်ကြီးဟိုတယ်ကို ဘယ်လောက်လဲဦးလေး“

တက္ကဆီသမားကို ဈေးမေးပြီးမှ သတိဝင်လာသည်။ ပိုက်ဆံအိတ်မေ့ကျန်ခဲ့ပြီ။ ကိုယ့်စကားနှင့်ကိုယ်ဆိုတော့ ပြန်ဝင်လို့လဲမကောင်း။

“မငှားတော့ဘူးနော်။ ပိုက်ဆံပါမလာလို့“

တက္ကဆီသမားက အူကြောင်ကြောင်နှင့် ကြည့်ပြီး မောင်းထွက်သွားသည်။ ဘယ်လိုထင်မည်မသိ။ သူဘယ်လိုထင်ထင်က အရေးမကြီး၊ အရေးကြီးသည်က ပိုက်ဆံမရှိပဲ ဘယ်သို့သွားရပါမည်နည်း၊ မေမေကတော့ သူမတရက်လောက် စိတ်ကောက်ပြလိုက်သည်နှင့် ၀ယ်ပေးမည် သေချာသည်။ မ၀ယ်ပေးခင် နေရမည့်နေရာက ပြဿနာ။

စိတ်ညစ်ညစ်နှင့် မြို့ထဲသို့ လျှောက်ထွက်သွားလိုက်သည်။ တခါတလေ ကားမပါလာတုန်း ပတ်ဝန်းကျင်အား စူးစမ်းလိုက်ဦးမည်။ ဆယ်တန်းမအောင်ခင်ကလဲ ကျောင်းနှင့်အိမ်၊ အိမ်နှင့်ကျောင်းသွားလာရင်း၊ ဂုဏ်ထူးများဖို့ကို အပြိုင်အဆိုင်ကြိုးစားရ၊ ဆယ်တန်းအောင်ပြန်တော့လဲ သင်တန်းများ၊ အလုပ်များနှင့် အချိန်ကုန်နေသည်မို့ ကိုယ့်အသိုင်းအ၀ိုင်းမှလွဲ၍ ဘာမှ သိပ်သိသည်မဟုတ်။ စာဖတ်ဝါသနာပါသည်မို့ စာတွေ့သိသည်များပဲရှိသည်။ အချိန်ရတုန်း လျှောက်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။ ညမှောင်လာရင်တော့ သူငယ်ချင်းနန္ဒာအိမ်မှာ အကျိုးအကြောင်းပြောပြီး သွားအိပ်ရမည်။

“မမျိုးဘယ်သွားမလို့လဲ“

မြို့မဈေးထဲမှ ပအိုဝ့်တိုင်းရင်းသား ဈေုးရောင်းသူများကို စကားပြောနေဆဲ နှုတ်ဆက်စကားသံကြောင့် နောက်သို့ လှည့်ကြည့်မိသည်။ သူငယ်ချင်းနန္ဒာ၏ ဆေးလိပ်ခုံတွင် ဖက်ရွေးသူ မငယ်အား တွေ့လိုက်တော့ ၀မ်းသာသွားရသည်။ နန္ဒာဆီရောက်တိုင်း တွေ့နေကျဆိုတော့ ရင်းနှီးနေသည်. မငယ်၏ ခေါပုတ်ကြော်အရသာကလဲ တော်တော်ကောင်းသည်လေ။

“ဘာရယ်မဟုတ်ပါဘူး၊ ပျင်းပျင်းနဲ့လျှောက်လည်နေတာ။ ဒါနဲ့ မငယ်ကကော ဒီနေ့ အလုပ်မသွားဘူးလား“

“ဒီနေ့အလုပ်မရှိဘူး။ မနန္ဒာတို့ ပင်းဒယဆင်းသွားကြတယ်။ နက်ဖြန်မှ ပြန်လာကြမှာ“

“ဘာရယ်“

မငယ်က အမှတ်တမဲ့ပြောပေမယ့် သူမအတွက်ကတော့ မိုးကြိုးပစ်သလို ဖြစ်သွားသည်။ ရင်းရင်းနှီးနှီး သူငယ်ချင်းဆိုလို့လဲ နန္ဒာတယောက်ထဲရှိသည်။ ကျန်သူများထံ သွားအိပ်လို့မဖြစ်။ မျက်နှာကို မည်သို့ထားပြီး ပြောရပါမည်လဲ။

“ဘာဖြစ်လို့လဲဟင်“

သူမ“သိသိသာသာ ပျက်ယွင်းသွားသော အမူအရာကြောင့် မငယ်က အလန့်တကြား မေးသည်။ မထူးတော့ပြီမို့ အကျိုးအကြောင်းပြောပြတော့ သဘောကျစွာ ရယ်လေသည်။

“မငယ်နဲ့လိုက်ခဲ့မယ်လေ၊ ဖြစ်လား၊ တညတည်းပါ။ နက်ဖြန်နံနက်ဆို သေချာတယ်။ ကားသစ်တစီးလဲပြီးသားဖြစ်နေမှာပါ“

“မငယ်တို့က အရမ်းဆင်းရဲတယ်။ မငယ်တို့အိမ်မှာ မမျိုးနေနိုင်ပါ့မလားစိတ်ပူတယ်“

“ဘာမှ စိတ်မပူနဲ့။ မမျိုးဆီမှာ အဆင့်အတန်း ခွဲတဲ့စိတ်မရှိဘူး။ ကိုယ့်ဟာကို မအားလို့သာ အရင်တုန်းက လာမလည်ဖြစ်တာပါ“

ဒီလိုနှင့် သူမသည် မငယ်နေထိုင်ရာ တောင်ကြီးမြို့နှင့် (၁၆)မိုင်ခန့်ဝေးသည့် ရွာငယ်လေးသို့ လိုင်းကားတတန်၊ ထော်လာဂျီတတန်၊ ခြေကျင်တလှည့်နှင့် မထင်မှတ်ပဲ ရောက်ရှိသွားခဲ့ပါသည်။

ရွာငယ်လေးဆီရောက်တော့ မှောင်ရိပ်က သန်းနေလေပြီ။

“မြို့နဲ့ဘာမှမှ မဝေးတာ။ ဘာလို့လမ်းပန်းဆက်သွယ်ရေး ဒီလောက်ခက်ရတာလဲ“

“ဒီနယ်မြေက မြို့နဲ့နီးပေမယ့် အဖြူရောင်နယ်မြေပီပီသသမဖြစ်သေးဘူးလေ“

မငယ်ပြောတော့မှ ကျောချမ်းသွားသည်။ ဒီလိုဆို သောင်းကျန်းသူတွေ ရှိနိုင်သည်ပေါ့။

“ဒါဆို သူပုန်တွေရှိတာပေါ့“

“သူပုန်မဟုတ်ပါဘူး မမျိုးရယ်။ တော်လှန်ရေးသမားတွေပါ။ မငယ်အစ်ကိုလဲ သူတို့ထဲက တစ်ယောက်ပဲလေ“

“ဆောရီးနော်“

အမှတ်မထင်ထွက်သွားမိသည့် စကားအတွက် နောင်တရမိသည်။ အိမ်ရှင်ကို ဧည့်သည်မစော်ကားရ ဆိုသော စကားရှိသည် မဟုတ်ပါလား။

(၃)

“မမျိုးခဏထိုင်ဦးနော်“

မြေစိုက်ထရံကာ တဲလေးထဲမှ ကြမ်းခင်းကွပ်ပျစ်လေးအား လက်ညှိုးထိုးရင်းပြောသည်။ မငယ်၏ မောင်လေး၊ ညီမလေးများက ဧည့်စိမ်းအား ပြူးတူးပြဲတဲ ကြည့်နေကြသည်။

“မငယ်မိဘတွေကော“

“အဖေက လက်ဖက်ခူးအဖွဲ့နဲ့ တောင်ပေါ်လိုက်သွားတယ်။ အမေက မြို့ပေါ်မှာ ပန်းရံလုပ်နေတာ။ တော်တော်ကြာ ပြန်လာတော့မှာပါ။ မမျိုးဆာပြီလားဟင်။ အမေပြန်လာမှ ဆန်ပါလာမှာမို့ စောင့်ဦးနော်“

မငယ်အား အားမနာရန်ပြောပြီး နာရီကို ကြည့်မိသည်။ ည(၇)နာရီတောင် ရှိနေပြီပဲ။ ကလေးငယ်လေး၏ ငိုသံကြောင့် လှည့်ကြည့်လိုက်မိပြန်သည်။ ငိုနေသော သုံးနှစ်အရွယ် ကလေးငယလေးလက်ထဲသို့ ကျိုးကျေနေသော ဘီစကစ်ထုတ်လေးထည့်ပေးရင်း ချော့နေသော ခုနစ်နှစ်၊ ရှစ်နှစ်အရွယ် ကလေးငယ်လေးက တယောက်၊ သူမဘေးတွင်ရှိနေသော ရေအိုးထဲမှ ရေကို တဂွပ်ဂွပ်သောက်နေသော ဆယ်နှစ် ကျော်အရွယ် ကလေးငယ်လေးက တယောက်။ သူမရင်ထဲတွင် အမျိုးအမည်မသိသော ဝေဒနာတရပ်ကို ခံစားလိုက်ရသည်။

အို-

သူတို့တွေ ဆာကြောပေါ့။ ဆန်အိတ်လေးဝယ်ပြီး ပြန်လာမယ့် အမေကို စောင့်ရင်း၊ ဆာလောင်နေကြတဲ့ ကလေးငယ်လေးတွေပါလား၊ သည်လို ညပေါင်းများစွာကို သူတို့ ဘယ်လောက်ထိ ကျော်ဖြတ်ခဲ့ကြပြီးပြီလဲ။ ဘယ်လောက်ကြာတဲ့အထိ ဖြတ်ကျော်ကြရဦးမှာလဲ။

(ဆက်လက်ဖော်ပြပါမည်)

၃၀၊၃၊၂၀၀၇

အပြည့်အစုံဖတ်ချင်ရင်..>>>

Health and Wealth

Friday, November 23, 2007

Health and Wealth

(၂၀၀၁) ခုနှစ်မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) ကနေ ကျန်းမာရေးနဲ့ ဓနကြွယ်ဝမှုကြားမှာ ဆက်စပ်နေတဲ့ အကြောင်းအကျိုးတရား (causal effects)များ ရှိတယ်ဆိုတာကို အတိအလင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

တကယ်တော့ ကျန်းမာရေးဟာ လာဘ်ကြီးတပါးဆိုသလိုပဲ နိုင်ငံတော်ရဲ့ ကျန်းမာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်မှုဟာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်စေနိုင်သလို၊ စီးပွားရေးတိုးတက်မှုကနေတဆင့်လဲ ပိုမိုကောင်းမွန်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းတွေကို အကောင်အထည်ဖော်နိုင်မှာဖြစ်လို့ ဒီအချက်နှစ်ချက်ဟာ တိုက်ရိုက်ဆက်စပ်နေတဲ့ အကြောင်းတရားနှစ်ခုဖြစ်ပါတယ်။ အပြန်အလှန်အနေနဲ့ အမှီသဟဲ ပြုနေကြပါတယ်။ ကျန်းမာရေးကဏ္ဍမှာ ဆုတ်ယုတ်ပျက်စီးနေတဲ့ နိုင်ငံတနိုင်ငံရဲ့စီးပွားရေးကို ဘယ်လိုမှ တိုးတက်အောင် မလုပ်နိုင်သလို အကျိုးဆက်အဖြစ် ပိုမိုဆိုးဝါးတဲ့ ယိုယွင်းပျက်စီးမှုကိုသာ ဦးတည်သွားမှာဖြစ်ပါတယ်။

Individual level အနေနဲ့ကြည့်မယ်ဆိုရင်လဲ ၀င်ငွေများပြားမှုဟာ အစားအစာပြည့်စုံမှု၊ နေအိမ်တိုက်တာကောင်းမွန်မှုနဲ့ ရောဂါမဖြစ်ခင် ကြိုတင်တားဆီးနိုင်မှုအပါအ၀င် preventive public health measures တွေကို ပိုမိုအကောင်အထည်ဖော်နိုင်မှာဖြစ်ပါတယ်။ အကျိုးဆက်အဖြစ် health and wealth အပြင် အခြား third factors တွေ ဖြစ်တဲ့ education လို အခန်းကဏ္ဍတွေအပေါ်မှာလဲ များစွာသော အကျိုးသက်ရောက်မှု ရှိစေပါတယ်။

(၂၀၀၁) ခုနှစ်မှာ ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဘောဂဗေဒပညာရှင် Bhargova ဆိုသူက ကျန်းမာရေးကောင်းမွန်မှု၊ ၀င်ငွေများပြားမှုနဲ့ ဓနကြွယ်ဝတိုးတက်မှုတွေကြားက ဆက်စပ်နေတဲ့ အကြောင်းတရားတွေကို လေ့လာဖော်ထုတ်ခဲ့ပါတယ်။ သူ့ရဲ့တွေ့ရှိချက်တွေအရ ကျန်းမာသော လုပ်သားများဟာ တခြားလုပ်သားများထက်စာရင် ပိုမိုကောင်းမွန်သော လုပ်အားကို ထုတ်လုပ်ပေးနိုင်ပါတယ်။ ဒီအတွက်ကြောင့် ကျန်းမာရေးနဲ့ ကလေးသူငယ်တွေရဲ့ nutrition ဆိုင်ရာတွေမှာ ရင်းနှီးမြှုပ်နှံမှု အများအပြားလုပ်ပေးရမယ်လို့ ဆိုထားပါတယ်။

ကျန်းမာရေးနဲ့ ဓနကြွယ်ဝမှုကြားက နောက်တခုဆက်နွယ်မှုကတော့ ပညာရေးပဲ ဖြစ်ပါတယ်။ ကျန်းမာတဲ့ကလေးသူငယ်တွေဟာ ကျောင်းတက်မှန်တဲ့အတွက် cognitive development ဖြစ်လာပြီး၊ Life expectancy လဲတက်တဲ့အတွက်ကြောင့် တိုင်းပြည်တပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို များစွာ အထောက်အကူ ပြုလာနိုင်ပါတယ်။

အရှင်းလင်းဆုံးအခြေအနေကို ဥပမာပေးရရင် အာရှအရှေ့ပိုင်းကို ပေးရပါလိမ့်မယ်။ ၁၉၆၀ ခုနှစ်က ဒီဒေသရဲ့ Life expectancy ဟာ (၃၉)နှစ်ဖြစ်ပြီး၊ (၁၉၉၀) ခုနှစ်ကျတော့ (၆၇)နှစ်ကို တိုးသွားခဲ့ပါတယ်။ ဒီလိုပဲ working age people (15-64) အရေအတွက်နဲ့ မှီခိုလူဦးရေ (below 15 & over 65) ကြားက အချိုးဟာလဲ ၁.၃ ကနေ ၂.၁ ကို တိုးသွားခဲ့ပါတယ်။ ဒီလို Labor supply တက်လာမှုဟာ ထုတ်လုပ်မှုစွမ်းအားကိုလဲ တက်စေခဲ့ပါတယ်။ ဒါ့အပြင် retirement saving ကလဲ longevity နဲ့အတူ တက်လာခဲ့ပါတယ်။ အာရှအရှေ့ပိုင်းရဲ့ မယုံကြည်စရာကောင်းလောက်တဲ့ အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေမှာ ဒီလို factor inputs များက အဓိက နေရာကနေ ပါဝင်ခဲ့တာပါ။

ကျန်းမာရေးကဏ္ဍရဲ့ ဓနကြွယ်ဝမှု အပေါ်မှာ သက်ရောက်နိုင်တဲ့ impact ကို အာဖရိကတိုက် HIV/AIDS ပြဿနာနဲ့ ဥပမာပေးနိုင်ပါသေးတယ်။ (၁၉၆၀) ခုနှစ်မှာ အာဖရိကတိုက်ရဲ့ Life expectancy က ၄၀နှစ်ဖြစ်ပါတယ်။ (၁၉၉၀)ခုနှစ်မှာ ၅၀ ကို တိုးသွားခဲ့ပေမယ့် ၂၀၀၁ခုနှစ်လဲရောက်ရော (၄၆)နှစ်ကို ပြန်ကျသွားပါတယ်။ ဘာကြောင့်ပါလဲ။ အဖြေကရှင်းပါတယ်။ HIV/AIDS ကြောင့်ပါ။ တကမ္ဘာလုံးကို ပျံ့နှံ့ခဲ့တဲ့ ရောဂါပိုး ဖြစ်ပေမယ့် ရောဂါကို လျစ်လျူရှုမှု၊ ကွန်ဒုံးသုံးစွဲမှုကို resist လုပ်မှု၊ ရောဂါပိုးကူးစက်ခံရသူများကို discriminate လုပ်မှုတွေအပြင် ကြီးစွာသော ဆေးကုသစရိတ်တွေ ထပ်လောင်းလိုက်တဲ့အခါ အာဖရိကတိုက်ဟာ ဒီရောဂါဆိုးရဲ့ တိုက်ခိုက်မှုကို ကြီးမားစွာ ခံလိုက်ရပါတော့တယ်။

ဒီရောဂါဆိုးရဲ့ စီးပွားရေးဆိုင်ရာ ဆိုးကျိုးသက်ရောက်မှုတွေကလဲ အရမ်းကြီးမားလှပါတယ်။ တခြားရောဂါတွေနဲ့ မတူတဲ့အချက်က တခြားရောဂါအများအပြားက အသက်အရွယ်ကြီးသူများနဲ့ ကလေးသူငယ်များကိုသာ ပိုမိုထိခိုက်မှု ရှိစေပြီး၊ ဒီရောဂါကျတော့ working age တွေကို ပိုမိုထိခိုက်စေတဲ့ အချက်ပါပဲ။ ပြီးတော့ ဒီရောဂါက all sectors of economy ကို ထိခိုက်စေပါတယ်။ တခြား malaria တို့လို rural areas တွေကို ပိုမို ထိခိုက်စေတာမျိုး မဟုတ်ပါ။ ဒီအတွက်ကြောင့် ထုတ်လုပ်မှုစွမ်းအားတွေ ကျဆင်းလာတဲ့အပြင် saving rates တွေကလဲကျလာ၊ orphans လေးတွေကို စောင့်ရှောက်ရတဲ့စရိတ်ကလဲ ပိုမိုကြီးမားလာပါတယ်။ ဒီအချက်ဟာ တိုင်းပြည်တခုလုံးရဲ့ economic infrastructure ကို အကြီးအကျယ် ထိခိုက်လာစေပါတော့တယ်။

နောက်ဆုံးအာဖရိကနိုင်ငံအများစုဟာ palliative care နဲ့ opportunistic infections တွေကို treatment လုပ်ပေးနိုင်တဲ့ အဆင့်ပဲ ရှိပါတော့တယ်။ Benin မှာဆိုရင် retroviral drug အတွက် ကုန်ကျစရိတ်ဟာ အရမ်းကြီးမားပြီး တနှစ်အတွက် ကုန်ကျစရိတ်ဟာ တနှစ်ဝင်ငွေထက် (၆)ဆ ကြီးမားပါတယ်။

အခုဖော်ပြတဲ့ ဥပမာလေးတွေကို ကြည့်ခြင်းအားဖြင့် ကျန်းမာရေးနဲ့ ဓနကြွယ်ဝမှု၊ ၀င်ငွေတိုးတက်မှု၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုတွေကြားက ဆက်စပ်မှုတွေကို တွေ့မြင်နိုင်ပါတယ်။ Human capital investment ဟာ စီးပွားရေးဖွံ့ဖြိုးမှုရဲ့ အရေးကြီးသော သော့ချက်ဖြစ်လာတဲ့ (၂၁)ရာစုကြီးမှာ Human Resources Development ရဲ့ အဓိကအချက်ကြီးနှစ်ခုဖြစ်တဲ့ ကျန်းမာရေးနဲ့ ပညာရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်မှုဟာ နိုင်ငံတိုင်း ဦးစားပေးဆောင်ရွက်ရမယ့် ရည်မှန်းချက်များဖြစ်သင့်ပါကြောင်း ရေးသားလိုက်ရပါတယ်။ “Health for All” ဆိုတဲ့ Goal ကို အောင်မြင်စွာအကောင်အထည်ဖော်ရာမှာလိုအပ်တဲ့ ပေါ်လစီများအကြောင်းကို နောက်ပိုင်းဆောင်းပါးများမှာ ဆက်လက်ဖော်ပြသွားပါမယ်။

ခင်မမမျိုး (၂၃၊၁၁၊ ၂၀၀၇)

ရည်ညွှန်း။ ။

Bhargova, A., Jamisn, D.Y., Lau, J.L. and Murray, C.J.L. (2001) Modeling the effects of health on economic growth, Journal of Health Economics, 20, 423-440

World Health Organization, Commission on Macroeconomics & Health (2001) Macroeconomics & Health: Investing in Health for Economic Development, Geneva: WHO

Fox, M.P., Rosen, S., MacLeod, W.B., Wasunna, M., Bii, M, Foglia, G. and Simon, J.L. (2004) The impact of HIV/AIDS on labor productivity in Kenya, Tropical Medicine and International Health, 9(3), 318-324

အပြည့်အစုံဖတ်ချင်ရင်..>>>

Warning to Dictators!

အာဏာရှင်သို့ သတိပေးချက်

ဘာတွေဖြစ်နေပြီလဲ

ဘာတွေဖြစ်ကုန်ပြီလဲ

ဂီတပွဲတခုကကိုတောင်

အကြောက်တရားကင်းမဲ့စွာ

ပျော်ရွှင်ချမ်းမြေ့စွာ

ကျင်းပနိုင်ခွင့်

မြန်မာပြည်မှာ

မရှိတော့ပါလား။

”မြရိပ်ညိုက

စတိတ်ရှိုးလာ

ပရိတ်သတ်တွေကို

အာဏာပိုင်တွေက

ဝိုင်းရိုက်လို့ပါ”တဲ့

မဖုံးနိုင်၊ မဖိနိုင်

ပေါ်ထွက်လာသော

သတင်းစကား

ကမ္ဘာကြီးပေါ်မှာ

ဒီလိုအဖြစ်မျိုး

ကြားဖူးကြရဲ့လားကွယ်ရို့။

လောကရဲ့ဓမ္မတာ

”ဖိရင်ကြွ၊

ထိရင်ချ” ဆိုတဲ့

သဘောတရားကို

မျက်ကွယ်ပြု

ဒင်းတို့လျစ်လျူ

ရှုရက်လေရော့သလား၊

အာဏာကိုဗန်းပြလို့

အစွယ်တရမ်းရမ်း

သွားဖြဲနေကြတာ

အကြိမ်ပေါင်းများခဲ့ပြီ။

နအဖစစ်အာဏာရှင်တို့ရေ-

အစွယ်ဆိုတာ

ပြကောင်းတိုင်း

ပြလို့ရတာမဟုတ်၊

အကြောက်တရားဆိုတာ

နေရာတိုင်းမှာ

သုံးလို့ရတာမဟုတ်၊

ဒီအတိုင်းသာ

မိုက်လမ်းဆက်ထွင်ရင်တော့

အာဏာစွယ်ကို

ရိုက်ချိုးမယ့်

အကြောက်တရားမဲ့

ပြည်သူလူထုကြီးကိုသာ

ခင်ဗျားတို့ရင်ဆိုင်ရလိမ့်မယ်

အချိန်မနှောင်းခင်

တွေ့ဆုံဆွေးနွေးကြပေရော့။

(၂၃၊၁၁၊၂၀၀၇)

အပြည့်အစုံဖတ်ချင်ရင်..>>>

Writing essays (part-2)

Saturday, November 17, 2007

အက်ဆေးများရေးသားခြင်း (အပိုင်း-၂)

မေးခွန်းများ၏သဘောသဘာဝ

အက်ဆေးတပုဒ်ရေးသားရာမှာ မေးခွန်းရဲ့ ဆိုလိုရင်းကို နားလည်ဖို့ အလွန်ကို အရေးကြည့်ပါတယ်။ ဘာမေးလဲဆိုတာကို သေသေချာချာသိနိုင်ဖို့ မေးခွန်းထဲက စကားလုံးတွေကို တိတိကျကျစစ်ဆေးဖို့ လိုပါတယ်။ ဒါမှလဲ ဆီလျော်တဲ့ အဖြေကို အလွယ်တကူ ပြင်ဆင်လေ့လာနိုင်မှာပါ။ မေးခွန်းရဲ့နောက်ကွယ်က သဘောတရားတွေကိုလဲ သေချာ ဖော်ထုတ်နိုင်ဖို့ လိုအပ်လှပါတယ်။ မေးခွန်းနဲ့ဆက်စပ်တဲ့ အကြောင်းအရာဟာ ယေဘုယျပြောရင်လုံလောက်သလား၊ သုတေသနပြုချက်တွေပါ ထည့်ဖို့လိုလားဆိုတာ သေချာစဉ်းစားရပါမယ်။ ကိုယ်ပိုင်အတွေးအခေါ်တွေ၊ အတွေ့အကြုံတွေ ထည့်ရင် အကျိုးရှိမှာလား၊ ဒါမှမဟုတ် တခြားလူတွေရဲ့ သုတေသနပြုချက်တွေကို ထည့်သွင်းရမှာလား ဆိုတာကိုရင် ဆုံးဖြတ်ဖို့ လိုအပ်ပါတယ်။ ဘာသာရပ်တခုချင်းစီအလိုက် ဌာနဆိုင်ရာ သတ်မှတ်ချက်တွေကို လိုက်နာဖို့လဲလိုအပ်ပါတယ်။

အခုဒီစာကို မရေးမီအချိန်က ကျွန်မလက်ထဲမှာ ပထမနှစ်ကျောင်းသားတယောက်ရဲ့ အက်ဆေးလေးတပုဒ်ရောက်နေပါတယ်။ ဘယ်လိုအမှတ်ပေးရမှန်း မသိတော့လို့ အိမ်ယူလာပြီး ထပ်ဖတ်ဖြစ်နေတာပါ။ အက်ဆေးက microeconomics နဲ့ ဆိုင်ပါတယ်။ အက်ဆေးမေးခွန်းက လူတွေဟာ ဘယ်လိုအခြေအနေမျိုးမှာ အာမခံထားတယ်၊ ဘယ်လိုအာမခံမျိုးကို ၀ယ်ယူသုံးစွဲလေ့ရှိတယ်ဆိုတာကို မေးထားတာပါ။ ဒီနေရာမှာ ဘာသာရပ်ဆိုင်ရာလိုအပ်ချက်အရ equation တွေ၊ model တွေ ပါရပါမယ်။ များသောအားဖြင့် စီးပွားရေးပညာအက်ဆေးတပုဒ်မှာ equation, model or diagram, application သုံးမျိုးကို လျော်ညီအောင် ထည့်သွင်းနိုင်မှု လိုအပ်လှပါတယ်။ အခုသူရေးထားတာက အာမခံဘယ်နှစ်မျိုးရှိတယ်၊ သူက ဘယ်လိုအာမခံတွေကို ၀ယ်တယ်၊ သူ့မိဘဆွေမျိုးတွေက ဘာတွေဝယ်တယ်၊ ဘယ်လိုစဉ်းစားဆုံးဖြတ်ကြတယ် ဆိုတာတွေကို ပုံပြင်လေးတပုဒ်လို ပြန်ရေးထားတာပါ။ ဖတ်လို့ကောင်းပါတယ်။ အဲ-ဒါပေမယ့်------။ ဘာပဲဖြစ်ဖြစ် ကျောင်းမှာအက်ဆေးတွေရေးရရင် ကျောင်းကချမှတ်ထားတဲ့ Guideline, ဌာနဆိုင်ရာ Guideline တွေ ဖတ်ပြီးမှ မေးခွန်းတခုရဲ့ ဖြေဆိုပုံ ဖြေဆိုနည်းကို စဉ်းစားဖို့ အကြံပေးလိုပါတယ်။

မေးခွန်းထဲက အရေးအပါဆုံး စာလုံးလေးတွေအကြောင်း ဆက်ကြရအောင်ပါ။ အက်ဆေးတပုဒ်ကို စမရေးခင် မေးခွန်းထဲမှာပါတဲ့ ဒီစာလုံးလေးတွေကို အရင်ရှာပြီးရေးတာဟာ အဖြေရဲ့ style & structure ကို ထိထိမိမိ အကျိုးသက်ရောက်မှု ရှိစေပါတယ်။

University of North London က Sandra Ashman & Phyllis Creme တို့က အက်ဆေးမေးခွန်းတွေမှာ ပါလေ့ရှိတဲ့ အရေးအကြီးဆုံး စာလုံးလေးတွေကို အခုလို ထုတ်နှုတ်ပြထားပါတယ်။

  • Compare (ဒီစာလုံးပါတဲ့အခါ similarities & differences တွေကို ရှာကြံရေးသားပြီး၊ conclusion တွင် မည်သည်ကို ပို၍ prefer ဖြစ်သည်ကို ထည့်သွင်းရန်)
  • Contrast (ဒီစာလုံးပါတဲ့အခါ အတိုက်အခံဘက်မှ စဉ်းစားပြီး differences များကို ဦးစားပေးဖော်ပြရန်)
  • Criticize ( မေးခွန်းနှင့်စပ်ဆိုင်သော သီအိုရီကိုဖြစ်စေ၊ အချက်အလက်များကိုဖြစ်စေ judge လုပ်ရန်၊ လိုအပ်သည့် evidence များ၊ reasoning များကို ထည့်သွင်းဆွေးနွေးရန်)
  • Define (စကားလုံး၊ စကားစု၏ အဓိပ္ပာယ်ကို တိကျစွာ ဖော်ပြရန်၊ အသုံးများသော definitions များကိုပါ ထည့်သွင်း၍ examine လုပ်ရန်)
  • Describe (အသေးစိတ်အကြောင်းအရာများကို ဖော်ပြရန်၊ လိုအပ်လျှင် ပုံများပါထည့်ရန်)
  • Discuss (arguments များကို သေချာစွာ examine လုပ်၍ debate လုပ်ရန်၊ for and against ကို reasons များပေး၍ ဖော်ပြရန်၊ implications များ examine လုပ်ရန်
  • Evaluate (ဆက်စပ်သော အကြောင်းအရာ၏ အသုံးဝင်မှု၊ မှန်ကန်မှုများကို appraisal လုပ်ရန်၊ personal opinion အနည်းငယ် ထည့်နိုင်သည်)
  • Explain (အကြောင်းအရာများကို ရိုးရှင်းစွာ တင်ပြရန်)
  • Illustrate (figures & Diagrams များကို အသုံးပြု၍ တင်ပြရန်)
  • Interpret (အကြောင်းအရာ၏ အဓိပ္ပာယ်ကို မိမိ ကိုယ်ပိုင် သုံးသပ်မှုနှင့်တွဲ၍ သေချာစွာရှင်းလင်းဖော်ပြရန်)
  • Justify ( decisions များ၊ conclusions များအတွက် ပြည့်စုံလုံလောက်သော grounds များထည့်သွင်းဖော်ပြရန်၊ အဓိက objections များကို ရေးသားဖော်ပြရန်)
  • Outline (အဓိကကျသော features များ၊ အခြေခံကျသော principles များကို ဖော်ပြရန်၊ အသေးစိတ်အချက်အလက်များကို ထည့်သွင်းခြင်းမပြုရန်)
  • Relate (အကြောင်းအရာများအကြား ဆက်စပ်မှုများကို ဖော်ထုတ်ရန်)
  • Review (သေချာစွာ survey လုပ်ရန်)
  • State (အတိုချုံးရိုးရှင်းစွာရေးရန်)
  • Summarize (အဓိကအကျဆုံးအချက်များကိုသာရေးရန်၊ examples များလုံးဝထည့်သွင်းခြင်း မပြုရန်)
  • Trace (topic နှင့်သက်ဆိုင်သော မူလအစ၊ သမိုင်းကြောင်းကို ရှာဖွေပြုစုရန်)

ဒီစကားလုံးလေးတွေက အက်ဆေးမေးခွန်းတွေမှာ ပါလေ့ပါထရှိတာလေးတွေပါ။ ဒါလေးတွေကိုကြည့်လိုက်တာနဲ့ စာစစ်သူ ဘာကို လိုချင်တယ်၊ မျှော်မှန်းတယ်ဆိုတာ မှန်းဆနိုင်ပါတယ်။

နောက်တချက်က question ရဲ့ scope ပါ။ မေးခွန်းကို ဖြေဖို့ အစိတ်အပိုင်း ဘယ်နှစ်ခုလိုတယ်၊ ဘယ်အပိုင်းကို ပိုအလေးထားရမယ်ဆိုတာသိမှ လိုအပ်တဲ့ references တွေစုဆောင်းဖို့နဲ့ ရေးဖို့ အချိန်မှီတတ်ပါတယ်။ တခါတရံမှာ အကြောင်းအရာတခုနောက်လိုက်ရင်း မျောပါသွားတတ်ပါတယ်။ အချိန်မှီ အနားပြန်သတ်ဖို့ လိုအပ်ပါတယ်။ ကျွန်မကိုယ်တိုင်မျောသွားဖူးလို့ပါ။ ရေးရမယ့် အကြောင်းအရာက economic development နဲ့ Democratization ဆက်စပ်မှုအကြောင်း၊ reference တွေရှာရင်း မျောပါသွားတာက Democratization ရဲ့ တခြားလိုအပ်ချက်တွေဖြစ်တဲ့ CivilှSociety တို့၊ State & Political institutions တို့၊ political culture & ideas တို့ဆီကိုပါ။ ဖတ်ကောင်းကောင်းနဲ့ article တခုဖတ်လိုက်၊ သူက ညွှန်းတဲ့ article တခုဆက်ဖတ်လိုက်နဲ့ ဘယ်တော့မှ အရှိန်သတ်သွားလဲဆိုရင် အက်ဆေးတင်ခါနီး တရက်အလိုမှပါ။ နောက်ကျတယ်ဆိုတာကိုလဲ ကိုယ့်ရာဇ၀င်မှာ မပါချင်လေတော့ မိုးလင်းပေါက်ထိုင်လိုက်ရတော့တာပါပဲ။ scope ကို တခါတည်းပိုင်းဖြတ်၊ ဖတ်ရမယ့် reference list ကို တခါတည်း ချရေးလုပ်ထားတာအကောင်းဆုံးပါပဲ။

လိုအပ်တဲ့ materials တွေ collection လုပ်တာနဲ့၊ အက်ဆေး outline ဆွဲတာတွေဆိုင်ရာများကို နောက်ပိုင်းဆောင်းပါးများမှာ ဆက်လက်ဖော်ပြသွားပါမယ်။

(ဆက်လက်ဖော်ပြပါမည်)

ခင်မမမျိုး

အပြည့်အစုံဖတ်ချင်ရင်..>>>

concerning with Dialogue

တွေ့ဆုံဆွေးနွေးပွဲနှင့်ပတ်သက်၍

ကျွန်မမြင်မိတဲ့ အချက်တွေကတော့

(၁) လက်ရှိစီးပွားရေးပိတ်ဆို့မှုတွေဟာ နအဖကို တစတစ ထိနေပြီ။ ဒီအတွက် သူတို့ဘက်က တခုခု လုပ်ဖို့လိုမှာ ဖြစ်တဲ့အတွက် တွေ့ဆုံဆွေးနွေးရေးလမ်းပေါ်တက်မှာပဲ။ ဒါဟာလဲ ကျွန်မတို့ အတိုက်အခံတွေဘက်က လိုချင်တဲ့ အချက်ပဲ။ ဖိအားမပေးပဲ၊ အင်အားချိန်ခွင်လျှာမညှိပဲ တွေ့ဆုံဆွေးနွေးပွဲလမ်းပေါ်ကို ရောက်လာမှာမဟုတ်ဘူး။

(၂)ဒါပေမယ့် တခုသတိထားရမှာက အရှုံးထဲကနေတောင် အမြတ်ရအောင် ထုတ်ပြီး အရှုံးအနိုင်ကို တပတ်လှည့်ပစ်တတ်လေ့ရှိတဲ့ နအဖအကျင့်ပဲ။ နအဖဟာ တွေ့ဆုံဆွေးနွေးပွဲကို အမြတ်မထုတ်သွားနိုင်ဖို့ အရေးကြီးတယ်။

(၃) နအဖဟာ တွေ့ဆုံဆွေးနွေးပွဲကို ဒေါ်အောင်ဆန်းစုကြည်နဲ့၊ အင်အယ်ဒီနဲ့ တိုင်းရင်းသားများနဲ့ တွေ့ဆုံပွဲ ဆိုတာထက် အမျိုးသားပြန်လည်သင့်မြတ်ရေးတွေ့ဆုံပွဲဆိုပြီး၊ ငြိမ်းအဖွဲ့တွေကိုအဓိကထား ပွဲထုတ်လာနိုင်တယ်။ ဒီပွဲမှာ ဖယ်ဒရယ်မူကိစ္စကို ကြိုတင်ညှိနှိုင်းပယ်ဖျက်ပြီး၊ လက်ရှိညောင်နှစ်ပင်ညီလာခံမှာ ချထားတဲ့ အချက်တွေကိုပဲ တိုင်းရင်းသားတွေကို တင်ပြဆွေးနွေးစေတာတွေ လုပ်လာနိုင်တယ်။ ဒီမိုကရေစီရေးကိုလဲ နအဖအကောင်အထည်ဖော်နေတဲ့ ဒီမိုကရေစီလမ်းကြောင်းဆိုတာကြီးကိုပင် ထည့်သွင်းပြောလာနိုင်တယ်။ ငြိမ်းအဖွဲ့တွေအားလုံးနဲ့ အယ်အယ်ဒီတခုတည်းနဲ့ဆိုရင် အရည်အတွက်အရ အင်အယ်ဒီဘက်မှာ အားနည်းနေပြီ။ ဒါကို သတိထားရမယ်။

(၄) ဒီလိုမဖြစ်အောင် ကျွန်မတို့ ဘယ်လိုကာကွယ်နိုင်မလဲ။ တောင်းဆိုနိုင်မလဲ။ ကျွန်မတို့ ၀ိုင်းဝန်းစဉ်းစားကြည့်ရအောင်။

(၅) တွေ့ဆုံဆွေးနွေးရေးကို နိုင်ငံတကာက စောင့်ကြည့်မှုနဲ့ဆိုတာကို နအဖလက်ခံမလား။ ဒီအချက်က အရေးကြီးတယ်။ အခုနောက်ဆုံးတခေါက် ဂမ်ဘာရီခရီးစဉ်ကို ကြည့်ရင် နအဖဟာ နိုင်ငံတကာပါဝင်ပတ်သက်မှုကို နေရာမပေးတော့တာ သိသာနေတယ်။ ပြည်တွင်းတံခါးပိတ်အစည်းအဝေးဆိုတာမျိုးလုပ်လာနိုင်တယ်။

(၆) အခုနောက်ပိုင်း အင်အယ်ဒီကို နည်းနည်းနေရာပေးလာတယ်။ အင်အယ်ဒီအခန်းကဏ္ဍကို နည်းနည်းမြှင့်ရင်မြှင့်မယ်။ အကောင်းဘက်ကမြင်နိုင်သလို အဆိုးဘက်ကကြည့်ရင်လဲ ရိုက်ချဖို့ စင်ပေါ်တင်တာမျိုးဖြစ်လာနိုင်တာကို ထည့်စဉ်းစားသင့်တယ်။ နောက်တချက်က အင်အယ်ဒီနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်နေရာထားပြီး ဆွေးနွေးမှာလဲ။ ၉၀ ရွေးကောက်ပွဲအနိုင်ရပါတီအနေနဲ့လား။ အတိုက်အခံပါတီအနေနဲ့လား။ ဒီကိစ္စ အစကတည်းက ရှင်းဖို့လိုမယ်။

(၇) တွေ့ဆုံဆွေးနွေးပွဲစရင် ဒေါ်အောင်ဆန်းစုကြည်ဆိုထားသလို timebound အရေးကြီးတယ်။ ဒါပေမယ့်တနှစ်လား၊ နှစ်နှစ်လား။ နအဖအကြံအတိုင်းဆိုရင် ၂၀၀၉ခုနှစ်မှာ ကြံ့ဖွတ်အားကိုးနဲ့ ရွေးကောက်ပွဲလုပ်မယ်။ တွေ့ဆုံဆွေးနွေးတာနဲ့ ဒီ လမ်းပြမြေပုံကြီးကို ရပ်ထားမှာလား။ ဆက်သွားနေမှာလား။ ရပ်ထားပြီး တွေ့ဆုံမှ အဓိပ္ပာယ်ရှိမယ်။

(၈) တွေ့ဆုံဆွေးနွေးပွဲကိုပဲ ထိုင်စောင့်နေလို့တော့ ရမယ်မထင်ပါ။ တဘက်ကနေ တွေ့ဆုံဆွေးနွေးမယ်လို့မျှားပြီး၊ (၂၀၀၉) ပွဲသိမ်းနွှဲရင် ခက်ကုန်မယ်။ ဒီနေရာမှာ ပြည်သူက သူတို့လက်ကိုင်တုတ်တွေကို ဘယ်မဲပေးမလဲလို့ ဆိုစရာရှိတယ်။ ဟုတ်ပါတယ်။ ၉၀ ရလာဘ်ကို သူတို့လဲ ဖြုံနေဆဲပါ။ ဒါပေမယ့် ၉၀ တုန်းကလို တရားမျှတစွာ ထပ်ကျင်းပပြီး၊ နအဖဟာ အရှုံးဘွဲ့ယူမှာ မဟုတ်ပါ။ ဆင်ကြံကြံမှာပါပဲ။

(၉) ဒီလိုတွေမဖြစ်အောင် အချိန်မှီ လုပ်စရာရှိတာ ဆက်လုပ်ကြမှဖြစ်မယ်၊ လူထုတိုက်ပွဲလမ်းစဉ်မှတပါး တခြားမရှိပါ။ တွေ့ဆုံနေစဉ်ကာလမှာလဲ အတိုက်အခံအင်အားကို ဆက်ပြနေဖို့ လိုမှာပါပဲ။ ပြည်သူလူထုကြီး စုစုစည်းစည်းရပ်တည်ပြနေမှု လိုအပ်တာပါပဲ။

16/11/2007

အပြည့်အစုံဖတ်ချင်ရင်..>>>

  © Blogger templates Newspaper II by Ourblogtemplates.com 2008

Back to TOP